နေဝန်းပြာ ဧကရာဇ်
Vol. 49 Ch. 662
အသံပိုင်ရှင်ကတော့ လီဖူချန်းကလွဲပြီး တခြားသူ မရှိပါဘူး ။
ယင်ယန် ချိပ်ပိတ်စည်း တံဆိပ်တော်က တခြားသော တည်နေရာ ရွှေ့ပြောင်းခြင်း နည်းစနစ်တွေကို ကန့်သတ်နိုင်ရင် ကန့်သတ်နိုင်ပါမယ် ။ ဒါပေမဲ့ လီဖူချန်းလို အထူး နည်းစနစ်ဖြစ်တဲ့ ဓားအရွေ့ကို တတ်မြောက်ထားသူကို ကန့်သတ်ထားဖို့ကတော့ လုံးဝ မဖြစ်နိုင်ပါဘူး ။
လီဖူချန်းက ရန်ချင်းဟူကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် သည်ရန်ချင်းဟူဟာ သူသိကျွမ်းခဲ့တဲ့ ရန်ချင်းဟူ မဟုတ်တော့ဘူး ဆိုတာကို တန်းပြီး သိလိုက်ပါတယ် ။ သည်ရန်ချင်းဟူက အရင်ကလို ပြိုင်ဘက်ကင်း အလှနတ်မိမယ် ဖြစ်နေဆဲ ဖြစ်ပေမယ့် သူမရဲ့ စိတ်ဝိညာဉ်ကတော့ လုံးဝ မတူတော့ပါဘူး ။ ပြီးတော့ သူမရဲ့ ပင်ကိုစရိုက် ၊ စိတ်နေစိတ်ထားနဲ့ ချီအရှိန်အဝါကလည်း လုံးဝကို ပြောင်းလဲနေခဲ့ပါပြီ ။
ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်နဲ့ စိတ်နေစိတ်ထား ဆိုတာက မွေးကတည်းက သတ်မှတ်ထားပြီးသား ဖြစ်ပါတယ် ။ အဲဒါက အနည်းငယ် ပြောင်းလဲသွားတာမျိုး ရှိနိုင်ပေမယ့် လုံးလုံးလျားလျားကြီး ပြောင်းလဲဖို့ကတော့ လုံးဝ မဖြစ်နိုင်ပါဘူး ။ တကယ်လို့ ပြောင်းလဲသွားပြီ ဆိုရင်လည်း အဲဒါက ကျင့်ကြံရာမှာ ဖောက်ပြန်ပြီး ကိုယ်တွင်း စိတ်တစ္ဆေ မွေးဖွားလိုက်မိလို့ပဲ ဖြစ်ရပါမယ် ။
ဒါပေမဲ့ ရန်ချင်းဟူရဲ့ ကိစ္စမှာတော့ ကိုယ်တွင်း စိတ်တစ္ဆေကြောင့် မဟုတ်ဘူးဆိုတာ အသိသာကြီးပါပဲ ။
" နင်ကိုး "
ရန်ချင်းဟူကလည်း လီဖူချန်းကို မြင်လိုက်တဲ့အခါမှာ အတော်လေး အံ့အားသင့်မိသွားပါတယ် ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူမက လီဖူချန်းကို လုံးဝ အထင် မကြီးမိခဲ့ပါဘူး ။
လီဖူချန်းက အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးကို အုပ်စိုးပြီး ပြိုင်ဘက်ကင်း ပါရမီရှင်အဖြစ် ကျော်ကြားကောင်း ကျော်ကြားပါမယ် ။ဒါပေမဲ့ အရှေ့ယူနီကွန်း တိုက်ဆိုတာက သာမန် အဆင့်နိမ့် ကုန်းမြေတိုက်တစ်ခု သာသာပါပဲ ။
သည်ကမ္ဘာပေါ်မှာက အရှေ့ယူနီကွန်းတိုက်လို အဆင့်နိမ့် ကုန်းမြေတိုက်တွေက မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ် ။ လူတစ်ယောက်က အဆင့်နိမ့် ကုန်းမြေတိုက် တစ်ခုကို အုပ်စိုးနိုင်တယ် ဆိုရင်တောင်မှ အလယ်အလတ် အဆင့် ကုန်းမြေတိုက် တစ်ခုကို ရောက်လာခဲ့မယ်ဆိုရင် ဘာမှ ဟုတ်တော့မှာ မဟုတ်ပါဘူး ။
ဒါပေမဲ့လည်း အလယ်အလတ် အဆင့် ကုန်းမြေတိုက်ထဲမှာတောင် ထိပ်တန်းအဆင့်ရှိတဲ့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကို ရောက်လာတာတောင်မှ လီဖူချန်းကတော့ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်နေတုန်းပါပဲ ။
သူ့ရဲ့ ပင်ကိုပါရမီနဲ့ ထိုးထွင်းသိမြင်မှုက သူမနဲ့တောင် ယှဉ်နိုင်ပါတယ် ။ မဟုတ်သေးပါဘူး ။ လီဖူချန်းရဲ့ ပင်ကို ပါရမီနဲ့ ထိုးထွင်းသိမြင်မှုက သူမထက်တောင်မှ သာလွန်နေသေးတယ်လို့ ဆိုရပါမယ် ။
ဘယ်လိုပဲဖြစ်ဖြစ် သူမက မဟာ ဧကရာဇ် တစ်ပါးရဲ့ မှတ်ဉာဏ်တွေကို နိုးထ ထားနိုင်သူ မဟုတ်ပါလား ။
" မတွေ့တာကြာပြီ "
လီဖူချန်းက ရန်ချင်းဟူကို ပြုံးပြကာ နှုတ်ဆက်လိုက်ရင်းနဲ့ ညာဘက်လက်ကို ညှစ်ချလိုက်ပါတယ် ။
ဘန်း……
အဲသည်နောက်မှာတော့ မီးတောက်နီ ဥပဒေသ ပြောင်းလဲခြင်းဟာ ပေါက်ကွဲထွက်သွားပြီး မီးတောက်နီ သိုင်းဧကရာဇ်ကလည်း ဒဏ်ရာ အပြင်းအထန် ရသွားပါတော့တယ် ။
လီဖူချန်းရဲ့ ဓားတာအိုက အစွမ်းထက်တယ် ဆိုပေမယ့်လည်း သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားနဲ့တော့ အကွာကြီး ကွာခြားနေဆဲပါပဲ ။
ဘယ်လိုပဲဖြစ်ဖြစ် တန်ခိုးစွမ်းအားလက် ဆိုတာက ကောင်းကင် အလယ်အလတ် အဆင့် ခန္ဓာကိုယ် အပြင်အား ပညာရပ်ပဲ မဟုတ်ပါလား ။ ကောင်းကင် အလယ်အလတ် အဆင့် ခန္ဓာကိုယ် အပြင်အား ပညာရပ် ဆိုတာက ကောင်းကင် အဆင့်မြင့် ချီအတွင်းအား ပညာရပ်ကိုတောင် ယှဉ်လို့ ရနေပါပြီ ။
" မင်းက ဘယ်သူလဲ "
လေပြင်းဧကရာဇ်က ဒေါသတကြီးနဲ့ လီဖူချန်းကို လှမ်းမေးလိုက်ပါတယ် ။ တစ်ချိန်တည်းမှာပဲ သူက သူ့ရဲ့ လေအရိပ် ဥပဒေသ ပြောင်းလဲခြင်းကို လှံတစ်လက် အသွင် ပြောင်းလိုက်ပြီး လီဖူချန်းကို ထိုးချလိုက်ပါသေးတယ် ။
" သွားစမ်း "
ဖျောင်း……
ဒါပေမဲ့လည်း လှံတံကို လိုရာကို မရောက်ခဲ့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဧရာမ လက်ကြီး တစ်ဖက်က လှံတံကို ဖမ်းယူကာ ချိုးပစ်လိုက်လို့ပါပဲ ။
တန်ခိုးစွမ်းအားလက်ရဲ့ ရှေ့မှာတော့ ဥပဒေသ ပြောင်းလဲခြင်း လှံတံဟာ တိုဟူး တစ်တုံးထက်တောင်မှ ပျော့နေပါသေးတယ် ။
" သေစမ်း "
မိုးကြိုးပြာ ဥပဒေသ ပြောင်းလဲခြင်းက ဘယ်အချိန်ကတည်းကနေ ဘယ်လို လီဖူချန်းရဲ့ အနောက်ကို ရောက်နေတယ် မသိပါဘူး ။ သူက မိုးကြိုးလျှပ်စီးတွေ ရစ်သိုင်းနေတဲ့ လက်ဝါးကြီးနဲ့ လီဖူချန်းကို အားရပါးရ ရိုက်ချလာခဲ့ပါတယ် ။
" ဟမ့် …… ခင်ဗျားက ဘာတတ်နိုင်မှာမို့လဲ "
လီဖူချန်းက နောက်စေ့မှာ မျက်စိ ရှိနေသလိုပါပဲ ။ သူက အနောက်ကို လှည့်တောင် မကြည့်ဘဲနဲ့ လက်ဝါးရိုက်ချက် တစ်ချက် ပြန်ထုတ်လိုက်ပါတယ် ။
ဘန်း……
အဲသည်နောက်မှာတော့ ဧရာမ လက်ဝါးကြီး တစ်ခုက မိုးကြိုးပြာ ဥပဒေသ ပြောင်းလဲခြင်းရဲ့ လက်ဝါးကို တစ်စစီ ဖြစ်သွားအောင် ချေမွပစ်လိုက်ပါတော့တယ် ။
တန်ခိုးစွမ်းအား လက်ကို လက်ဝါးချင်း ယှဉ်ဖို့ ဆိုတာက အတော်လေး ရူးမိုက်ပြီး ကိုယ့်သေတွင်း ကိုယ်တူးတဲ့ လုပ်ရပ်ပါပဲ ။
" မ……မင်း……မင်း………"
" ဝေါ့ "
မိုးကြိုးပြာ သိုင်းဧကရာဇ်က စကားကိုတောင် ဆုံးအောင် မပြောနိုင်ပါဘူး ။ သူက နေရာမှာတင်ပဲ သွေးတွေ အန်ထုတ်နေရပါတော့တယ် ။
သူ့အတွက်ကတော့ ရန်ချင်းဟူကတောင် ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်နေပါပြီ ။ ဒါပေမဲ့ အခုပေါ်လာတဲ့ လီဖူချန်းက ရန်ချင်းဟူထက်တောင်မှ ပိုအစွမ်း ထက်နေပါသေးတယ် ။
ပြီးတော့ လီဖူချန်းက မူလပင်လယ် နယ်ပယ် အဆင့်၉မှာသာ ရှိနေသေးတာပါ ။ တကယ်လို့ သူသာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်သွားပြီဆိုရင် အဆင့်မြင့် ဧကရာဇ်တွေတောင်မှ သူ့ကို ယှဉ်နိုင်ပါဦးမလား မသိပါဘူး ။
" သည်နှစ်ယောက်က ဘယ်ကနေ ရောက်လာတာလဲကွာ "
လေပြင်းဧကရာဇ်ကလည်း အတော်လေး မျက်စိ၊မျက်နှာ ပျက်နေခဲ့ပါပြီ ။
ရန်ချင်းဟူရဲ့ ဖြစ်တည်မှုနဲ့တင် ခေါင်းကိုက်နေရပါတယ် ဆိုနေမှ ဘယ်ကနေ ဘယ်လိုလုပ်ပြီး ရန်ချင်းဟူထက် ပိုအစွမ်းထက်တဲ့ နောက်တစ်ယောက်က ပေါ်လာရတာလဲ ။
ဒါက တကယ့်ကို မေးခွန်း ထုတ်ချင်စရာပါပဲ ။
အပိုတွေ ပြောနေတာတော့ မဟုတ်ပါဘူး ။ တကယ်လို့ သည်နှစ်ယောက်သာ ကျင့်ကြံခြင်း လမ်းခုလတ်မှာ မသေဘဲ သည်ပုံစံအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ သူတို့က နောက်ထပ် ဝိညာဉ် ဧကရာဇ်တွေ ဖြစ်လာမှာ အသေအချာပါပဲ ။
" မဖြစ်ဘူး ။ သူတို့နှစ်ယောက်စလုံးကို မရရအောင် သတ်မှ ဖြစ်တော့မယ် "
အတွေးဆုံးတဲ့ နောက်မှာတော့ လေပြင်း ဧကရာဇ်က တံဆိပ်တော် တစ်ခုကို ချေမွလိုက်ပါတော့တယ် ။
***
လန်စွတ်ထိုက်ယန်မြို့ ……
သည်မြို့က နေဝန်းပြာ အင်ပိုင်ယာရဲ့ မြို့တော်ပါပဲ ။ ပြီးတော့ နေဝန်းပြာ ဧကရာဇ် နန်းစိုက်ရာ မြို့ဆိုရင်လည်း မမှားပါဘူူး ။
ဧကရာဇ် နန်းစိုက်ရာမြို့ ဖြစ်တဲ့အတွက် လန်စွတ်ထိုက်ယန် မြို့ဟာ အင်မတန်မှကို စည်ပင်ဝပြောပြီး တခြား ပြည်နယ်မြို့တော်တွေထက်ကိုလည်း အဆပေါင်းများစွာ ကြီးမားကျယ်ပြန့်ပါတယ် ။
နေဝန်းပြာ နန်းတော် ……
သည်နန်းတော်ကတော့ လန်စွတ်ထိုက်ယန်မြို့ရဲ့ အလယ်ဗဟို တည့်တည့်မှာ တည်ရှိနေတာပါ ။
နေဝန်းပြာ နန်းတော်ရဲ့ အပေါ်ဆုံး အထပ်ဖြစ်တဲ့ နေကိုးစင်း နန်းဆောင်မှာတော့ ကိုယ်ရောင်ကိုယ်ဝါတွေ ထွန်းလင်းတောက်ပနေတဲ့ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဟာ တရားထိုင်လျက် ရှိနေပါတယ် ။ အဲသည်လူကတော့ နေဝန်းပြာ ဧကရာဇ်ကလွဲပြီး တခြားလူ မရှိပါဘူး ။
" ဘန်း "
ရုတ်တရက် ဆိုသလိုပဲ နေကိုးစင်း နန်းဆောင်ရဲ့ နံရံမှာ ချိတ်ဆွဲထားတဲ့ တံဆိပ်တော် တစ်ခုဟာ ပေါက်ကွဲကာ တစ်စစီ ဖြစ်သွားခဲ့ပါပြီ ။
နေဝန်းပြာ ဧကရာဇ်က မျက်လုံးဖွင့်ပြီး တစ်ချက် ကြည့်လိုက်တဲ့ အခါမှာတော့ ပေါက်ကွဲသွားတဲ့ တံဆိပ်တော်ရဲ့ အပိုင်းအစတွေဟာ " အရေးကြီး "ဆိုတဲ့ စာလုံးကို ပုံဖော်လျက် ရှိနေတာကို တွေ့လိုက်ရပါတယ် ။
" လေပြင်း ဧကရာဇ်က ဘာဖြစ်လို့ တံဆိပ်တော်ကို အသုံးပြုလိုက်တာလဲ ။ သူက မဟာဧကရာဇ် တစ်ပါးနဲ့ ကြုံနေလို့များလား "
နေဝန်းပြာ ဧကရာဇ်က မျက်မှောင် ကြုတ်လိုက်မိပါပြီ ။
ဘာဖြစ်လို့လဲ ဆိုတော့ သည်"အရေးကြီး" ဆိုတဲ့ စာသားက သူကိုယ်တိုင် မဖြစ်မနေ ဝင်ပါရတော့မယ့် အခြေအနေမျိုးမှာမှ သုံးလေ့သုံးထ ရှိတဲ့ စကားဝှက် ဖြစ်နေလို့ပါပဲ ။
လေပြင်း ဧကရာဇ်က တော်ရုံတန်ရုံ ကိစ္စလောက်နဲ့တော့ တံဆိပ်တော်ကို အသက်သွင်းလိုက်မှာ မဟုတ်ပါဘူူး ။
" အင်း …… ငါကိုယ်တိုင် သွားကြည့်ရင်တော့ သိရမှာပဲလေ "
စကားဆုံးတဲ့ နောက်မှာတော့ နေဝန်းပြာ ဧကရာဇ်ဟာ နေကိုးစင်း နန်းဆောင်ထဲမှာ အထူးတည်ဆောက်ထားတဲ့ တည်နေရာ ရွှေ့ပြောင်း စင်မြင့်ပေါ်ကို တက်ပြီး ပျောက်ကွယ်သွားခဲ့ပါပြီ ။
အဲသည်နောက်မှာတော့ နေဝန်းပြာ ဧကရာဇ်ဟာ မျောလွင့်ကောင်းကင်တောင်ရဲ့ အာဏာစက်နဲ့ အနီးကပ်ဆုံး တည်ရှိတဲ့ နေဝန်းပြာ အင်ပိုင်ယာက မြို့တစ်မြို့ရဲ့ တည်နေရာ ရွှေ့ပြောင်း စင်မြင့်ပေါ်မှာ ပြန်ပေါ်လာခဲ့ပါတယ် ။
နေဝန်းပြာ ဧကရာဇ်က သူသည်ကို ရောက်လာတယ် ဆိုတာကို လူသိ မခံချင်ပါဘူူး ။ အဲသည်အတွက် သူက ဘယ်သူမှ သတိမထားမိခင်မှာပဲ အပြာရောင် နေတစ်စင်း အသွင်ကို ပြောင်းပြီး ဟင်းလင်းပြင်ထဲကို တိုးဝင် ပျောက်ကွယ် သွားပြန်ပါတယ် ။
အဲဒါကတော့ နေဝန်းပြာ ဧကရာဇ်ရဲ့ နာမည်ကျော် နေအရွေ့ နည်းစနစ်ပါပဲ ။
***
ဘုန်း……
ဘန်း…… ဘန်း……ဘန်း……
ဝုန်း……ဝုန်း……
ဒေါသပုဆိန် ချောက်ကမ်းပါးရဲ့ ဗဟိုချက်မ နယ်မြေ အပိုင်းအခြားထဲမှာတော့ ဧရာမ လက်ဝါးကြီး တစ်ဖက်ဟာ ယင်ကောင်တွေကို ရိုက်သလို တဘုန်းဘုန်း၊ တဘန်းဘန်းနဲ့ ရိုက်နေပါတယ် ။
လေပြင်း ဧကရာဇ်တို့ လူစုကတော့ ဧရာမ လက်ဝါးကြီးရဲ့ ရိုက်ချက်တွေကြောင့် ပျော့ခွေနေကြပါပြီ ။ သူတို့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းတွေဟာလည်း ရစရာကို မရှိတော့ပါဘူး ။
" ပြေး "
ဘာကြောင့်မှန်းတော့ မသိပါဘူး ။လီဖူချန်းက လေပြင်း ဧကရာဇ်တို့ကို အဆုံးသတ်မလို့ လုပ်နေရင်းမှာပဲ ရုတ်တရက်ကြီး လှည့်ပြီး ထွက်ပြေးသွားပါတော့တယ် ။
ဟူး……
ရန်ချင်းဟူရဲ့ လှုပ်ရှားမှုတွေကလည်း လျှပ်ပြက်သလိုပါပဲ ။ သူမက လီဖူချန်း စပြီး ပြေးပြီ ဆိုတာနဲ့ အနောက်ကနေ တစ္ဆေ တစ်ကောင်လို ကပ်လိုက်သွားခဲ့ပါတယ် ။
ကြည့်ရတာတော့ သူမကလည်း တစ်ခုခုကို အာရုံ ခံလိုက်မိတဲ့ ပုံပါပဲ ။
လီဖူချန်းကတော့ အရှေ့ကနေ ဦးဆောင် ပြေးနေရင်းနဲ့ ရန်ချင်းဟူကို လှမ်းပြီး အော်လာခဲ့ပါတယ် ။
" သည်အတိုင်း ပြေးနေလို့ မရဘူး ။ မင်းရဲ့ ကိုယ်ဖော့ပညာကို အစွမ်းကုန် ထုတ်ပြီးပြေး ။ ပြီးတော့ အတွင်းပိုင်းထဲကိုပြေး …… အတွင်းပိုင်းထဲကို ရောက်အောင်ပြေး "
အစောပိုင်းတုန်းက သူခံစားမိလိုက်တဲ့ အန္တရာယ် အငွေ့အသက်ဟာ တော်ရုံတန်ရုံ မဟုတ်ပါဘူး ။ အဲဒါက မဟာ ဧကရာဇ်တွေဆီကနေ ရတဲ့ အငွေ့အသက်တွေနဲ့ ဆင်တူနေပါတယ် ။ အဲဒါကြောင့်လည်း သူက ရန်ချင်းဟူကို ဒေါသပုဆိန် ချောက်ကမ်းပါးရဲ့ အတွင်းပိုင်းထဲကို ရောက်အောင် ပြေးဖို့ လှမ်းအော်လိုက်တာပါ ။
" ဓားအရွေ့ "
ရန်ချင်းဟူကို ပြောပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဓားအရွေ့ကို ထုတ်သုံးပြီး ဟင်းလင်းပြင်ထဲကို တိုးဝင် ပျောက်ကွယ်သွားပါတယ် ။ သူပြန်ပေါ်လာတဲ့ အချိန်မှာတော့ သူဟာ မူလနေရာနဲ့ မိုင်၂၀၀ကျော် အကွာအဝေးကို ရောက်နေခဲ့ပါပြီ ။
" ဓားမော့အရွေ့"
ရန်ချင်းဟူကလည်း လုံးဝ တုံ့ဆိုင်းမနေပါဘူး ။ သူမက ဓားမော့အရွေ့ကို သုံးပြီး လီဖူချန်းရဲ့ အနောက်ကို ကပ်လိုက်လာခဲ့ပါတယ် ။
သူမက ဓားမော့တာအို နှလုံးသားကို မမွေးဖွားရသေးဘူး ဆိုပေမယ့် သူမရဲ့ ဓားမော့တာအိုအပေါ် နားလည်သဘောပေါက်မှုက လီဖူချန်းထက်တောင်မှ သာပါသေးတယ် ။ အဲသည်အတွက် သူမရဲ့ ဓားမော့အရွေ့က လီဖူချန်းထက်တောင် မဆိုစလောက်ကလေး မြန်နေသလိုပါပဲ ။
မိုင်တစ်ထောင် …… မိုင်တစ်သောင်း ……
လီဖူချန်းနဲ့ ရန်ချင်းဟူတို့ဟာ မိုင်တစ်သောင်းကျော်အထိ ရုတ်ချည်း နေရာပြောင်းရွှေ့ပြီးတဲ့ နောက်မှာတော့ သည်နည်းစနစ်ကို ဆက်ပြီး အသုံးမပြုနိုင်ကြတော့ပါဘူး ။ ယခုအချိန်မှာတော့ သည်အကွာအဝေးက သူတို့အတတ်နိုင်ဆုံး သွားနိုင်တဲ့ အကွာအဝေးပါပဲ ။
ပြီးတော့ သည်နေရာမှာ ရှိနေတဲ့ ပုဆိန်တာအို ဥပဒေသတွေကတော့ အသားတွေကို ဆွဲဖြဲပစ်တော့မလားလို့တောင် ထင်ရတဲ့အထိ သိပ်သည်းနေခဲ့ပါပြီ ။
" ရန်ချင်းဟူ …… ငါတို့ သည်နေရာမှာ ခဏ နားကြရအောင် "
လေကွယ်ရာ နေရာ တစ်ခုကို အရောက်မှာတော့ လီဖူချန်းက ရန်ချင်းဟူကို ခဏနားဖို့အတွက် အဖော်ညှိလိုက်ပါတယ် ။
" အင်း "
ရန်ချင်းဟူကလည်း မငြင်းပါဘူး ။ သူတို့နှစ်ယောက်ရဲ့ ထွက်ပြေးနိုင်စွမ်း အကန့်အသတ်ဟာ ကျော်သင့်တာထက်တောင်မှ ကျော်လွန်နေခဲ့ပါပြီ ။ အဲသည်အတွက် သူတို့အနေနဲ့ ခဏလောက်တော့ အနားယူမှ ရပါမယ် ။
" ဆက်သွားကြစို့ "
" အင်း "
အချိန် ခေတ္တအနည်းငယ်လောက် အနားယူပြီးတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ သိပ်သည်းလှတဲ့ ပုဆိန်တာအို ဥပဒေသတွေကို အန်တုပြီး ခရီးဆက်ကြပြန်ပါတယ် ။
ကံကောင်းတာ တစ်ခုကတော့ သူတို့နှစ်ယောက်စလုံးဆီမှာ ဖူထုံ ဆေးပင် ရှိနေတာပါပဲ ။ အဲသည်အတွက် သူတို့က သိပ်သည်းလှတဲ့ ပုဆိန်တာအို ဥပဒေသတွေကို တောင့်ခံနိုင်ကြပါတယ် ။ တကယ်လို့ ဖူထုံ ဆေးပင်သာ မရှိလို့ကတော့ သူတို့နှစ်ယောက်ဟာ ဘယ်လိုမှ ရှေ့ဆက်ပြီး သွားနိုင်မှာ မဟုတ်ပါဘူး ။
သည်လိုနဲ့ပဲ လီဖူချန်းတို့နှစ်ယောက်ဟာ ဒေါသပုဆိန် ချောက်ကမ်းပါးရဲ့ အတွင်းပိုင်းကို ရောက်သထက် ရောက်လာခဲ့ကြပါပြီ ။
ခရက်……ခရက်……ခရက်……
သည်နေရာမှာကတော့ လေဟာနယ် ဟင်းလင်းပြင်တောင်မှ အချိန်မရွေး ကွဲထွက်သွားတော့မလိုပါပဲ ။
သည်နေရာမှာ ရှိနေတဲ့ ပုဆိန်တာအို ဥပဒေသတွေကလည်း လီဖူချန်းတို့ရဲ့ ကန့်သတ်ချက်ကို စတင်ပြီး စိမ်ခေါ်နေခဲ့ကြပါပြီ ။
လီဖူချန်းကတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို မရေမတွက်နိုင်တဲ့ ပုဆိန်တွေက ပိုင်းဖြတ်နေသလားလို့တောင် ခံစားနေရပါတယ် ။
" ကောင်းကင်စက်ကွင်း ဓားအကာအကွယ် "
ဒါပေမဲ့လည်း သူ့အနေနဲ့ ရှေ့ဆက်သွားဖို့ကလွဲပြီး တခြား ရွေးစရာလမ်း မရှိပါဘူး ။ အဲသည်အတွက် သူက ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကို ထုတ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ထားလိုက်ရပါတယ် ။
သူက ရန်ချင်းဟူရဲ့ အခြေအနေကို တစ်ချက် လှမ်းအကဲခတ်လိုက်တဲ့ အခါမှာတော့ ရန်ချင်းဟူကလည်း သူမရဲ့ ခန္ဓာကိုယ်ကို ဓားမေ့ာ ဆန္ဒတစ်ခုနဲ့ ကာကွယ်ထားနှင့် ပြီးနေပါပြီ ။
တိတိကျကျ ပြောရရင်တော့ အဲဒါက ဓားမော့ ဆန္ဒတစ်ခုနဲ့တောင် သိပ်မတူလှပါဘူး ။ အဲဒါက အနက်ရောင် ရောင်ခြည်စက်ကွင်း တစ်ခုနဲ့ ဆင်တူနေပြီး ပုဆိန်တာအို ဥပဒေသတွေက အဲသည် ရောင်ခြည်စက်ကွင်းနဲ့ ထိမိလိုက်တာနဲ့ တစ်ပြိုင်နက် တိတ်တဆိတ် ပျောက်ကွယ်ကုန်ပါတယ် ။
***
အဲသည်အချိန်မှာတော့ နေဝန်းပြာ ဧကရာဇ်ဟာ လေပြင်းဧကရာဇ်တို့ဆီကို ရောက်ရှိလာခဲ့ပါပြီ ။
" အရှင်မင်းကြီး "
လေပြင်းဧကရာဇ်တို့ သုံးယောက်က နေဝန်းပြာ ဧကရာဇ်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး လက်နှစ်ဖက် ဆုပ်က အရိုအသေ ပေးလိုက်ကြပါတယ် ။
" ဘာဖြစ်ကြတာလဲ "
နေဝန်းပြာ ဧကရာဇ်က မျက်မှောင်ကြုတ်နေရင်းနဲ့ လှမ်းမေးလာခဲ့ပါတယ် ။
" သည်လိုပါ …… အရှင်မင်းကြီး "
လေပြင်းဧကရာဇ်ကလည်း အရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်ပါတယ် ။
" အခု သူတို့နှစ်ယောက် ဘယ်ဘက်ကို ထွက်သွားကြတာလဲ "
လေပြင်းဧကရာဇ်ရဲ့ ရှင်းပြမှုကို နားထောင်ပြီးတဲ့ အခါမှာတော့ နေဝန်းပြာ ဧကရာဇ်ရဲ့ မျက်လုံးတွေဟာ အရောင် တောက်လာခဲ့ပါပြီ ။
ရန်ချင်းဟူပဲဖြစ်ဖြစ် ဒါမှမဟုတ် လီဖူချန်းပဲဖြစ်ဖြစ် ။ နှစ်ယောက်စလုံးဟာ လုံးဝ သာမန် မဟုတ်ပါဘူး ။
မူလပင်လယ် နယ်ပယ်မှာကတည်းက သည်လောက်အထိ အစွမ်းထက်နေမှတော့ သူတို့နှစ်ယောက်ဆီမှာက သေချာပေါက် လျှို့ဝှက်ချက်ကြီး ရှိနေပါပြီ ။
ဝီညာဉ် ဧကရာဇ် ငယ်ရွယ်စဉ် အချိန်တုန်းကလည်း သည်လို အစွမ်း ထက်ခဲ့တာပါပဲ ။
" အရှင်မင်းကြီး …… သူတို့က ဗဟိုချက်မ နယ်မြေ အပိုင်းအခြားရဲ့ အတွင်းပိုင်းထဲကို ထွက်သွားတာပါ "
မိုးကြိုးပြာ သိုင်းဧကရာဇ်က ပြန်ဖြေလိုက်ပါတယ် ။
" မင်းတို့အားလုံး အရင် ပြန်နှင့်ကြ "
စကားဆုံးတဲ့နောက်မှာတော့ နေဝန်းပြာ ဧကရာဇ်ဟာ သူ့ရဲ့ နေဝန်းပြာ ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး ပေတစ်သန်းကျော် ရှိတဲ့ အပြာရင့်ရောင် လူ့ဘီလူးကြီး တစ်ကောင်ကို ဖြစ်တည်စေလိုက်ပါပြီ ။ ပြီးတော့ အဲသည်လူ့ဘီလူကြီးရဲ့ ဦးခေါင်း အနောက်မှာ ဆိုရင်လည်း အပြာရောင် နေတစ်စင်း ထွန်းလင်း တောက်ပနေပါသေးတယ် ။
ရွှီး……
အဲသည်နောက်မှာတော့ နေဝန်းပြာ ဧကရာဇ်ဟာ ဟင်းလင်းပြင်ထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့ပါပြီ ။
ဒါပေမဲ့လည်း မိုင်တစ်သောင်းကျော်လောက် အရောက်မှာတော့ နေဝန်းပြာ ဧကရာဇ်ဟာ ပုဆိန်တာအို ဥပဒေသရဲ့ တွန်းထုတ်မှုကြောင့် ဟင်းလင်းပြင်ထဲကနေ ပြန်ထွက်ပေါ်လာရပါတယ် ။
သူက မဟာဧကရာဇ်တစ်ပါး ဖြစ်ကောင်း ဖြစ်ပါမယ် ။ ဒါပေမဲ့ သူနားလည် သဘောပေါက်ထားတဲ့ တာအို ဥပဒေသက ဒေါသပုဆိန် ချောက်ကမ်းပါးရဲ့ အတွင်းပိုင်းထဲမှာရှိတဲ့ ပုဆိန် တာအို ဥပဒေသထက်တော့ နိမ့်ကျနေဆဲပါပဲ ။
" ထပ်ကြီးစမ်း "
နေဝန်းပြာ ဧကရာဇ်က သူ့ရဲ့ နေဝန်းပြာ ဥပဒေသ ပြောင်းလဲခြင်းကို ထပ်ပြီး ကြီးစေလိုက်ပါတယ် ။
ပေတစ်သန်း …… ပေနှစ်သန်း …… ပေသုံးသန်း……
မျက်စိတစ်မှိတ် အတွင်းမှာပဲ အပြာရောင် လူ့ဘီလူးကြီးဟာ ပေပေါင်း ၅သန်းအထိ ကြီးမားသွားခဲ့ပါပြီ ။
ဆယ်ပေဆိုတာက ၃.၃မီတာ နီးပါးနဲ့ ညီမျှတဲ့အတွက် ပေပေါင်းငါးသန်း ဆိုတာက မိုင်ပေါင်း ၃၃၀၀ နီးပါးနဲ့ ညီမျှနေပါပြီ ။ အဲသည်အတွက် နေဝန်းပြာ ဧကရာဇ်ရဲ့ ဥပဒေသ ပြောင်းလဲခြင်းက မိစ္ဆာသားရဲဧကရာဇ် အများစုထက်တောင်မှ ဆယ်ဆကျော်လောက် ကြီးနေပြီလို့ ဆိုရပါမယ် ။
ဒါကတော့ ကျင့်ကြံသူတွေရဲ့ အားသာချက်ပါပဲ ။ သူတို့က ချီအတွင်းအားတွေ လုံလောက်နေသေးသရွေ့ကတော့ သူတို့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းကို ကြီးသထက် ကြီးအောင် လုပ်နိုင်ပါတယ် ။
ဒါပေမဲ့ သည်ကိစ္စမှာလည်း အားနည်းချက် မရှိတာတော့ မဟုတ်ပါဘူး ။ ဥပဒေသ ပြောင်းလဲခြင်းဟာ အရွယ်အစား ကြီးလာလေလေ တိုက်ခိုက်နိုင်စွမ်း ကျဆင်းလေလေပါပဲ ။ အဲသည်အတွက် ပုံမှန် အခြေအနေတွေမှာ ဆိုရင်တော့ ဧကရာဇ်တွေဟာ သူတို့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းကို သိပ်ပြီး အရွယ်အစား ကြီးအောင် ဖန်တီးလေ့ မရှိပါဘူး ။
ဒါပေမဲ့လည်း နေဝန်းပြာ ဧကရာဇ်ကတော့ သည်ကိစ္စနဲ့ ပတ်သက်ပြီး သိပ်ဂရု မစိုက်ပါဘူး ။ သူက မဟာ ဧကရာဇ်တစ်ပါး ဖြစ်တဲ့အတွက် သူ့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းကို အဆပေါင်းများစွာ ကြီးမားအောင် ဖန်တီးလိုက်ရင်တောင်မှ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အဆင့်မြင့် ဧကရာဇ်တစ်ပါး အဆင့်မှာ ရှိနေပါသေးတယ် ။
ပေပေါင်း ၅သန်း ဆိုတာက နေဝန်းပြာ ဧကရာဇ်ရဲ့ အကန့်အသတ် မဟုတ်သေးပါဘူး ။ အဲသည်အတွက် အပြာရောင် လူ့ဘီလူးကြီးက ဆက်လက်ပြီး ကြီးထွားနေဆဲပါပဲ ။
ပေဆယ်သန်း …… ပေသန်းနှစ်ဆယ် ……
အပြာရောင် လူ့ဘီလူးကြီးက ပေပေါင်း သန်းနှစ်ဆယ် အထိ ကြီးမားလာတော့မှပဲ နေဝန်းပြာ ဧကရာဇ်ဟာ သူ့ရဲ့ ချီအတွင်းအားတွေ ထိုးသွင်းနေတာကို ရပ်တန့်လိုက်ပါတော့တယ် ။
အကြိမ်ပေါင်းများစွာ ကြီးထွားစေခဲ့ရတဲ့အတွက် အပြာရောင် လူ့ဘီလူးကြီးဟာလည်း ထွင်းဖောက်မြင်ရလုမတတ် ဖျော့တော့နေတဲ့ အပြာနုရောင် လူ့ဘီလူးကြီး အဖြစ်ကို ပြောင်းသွားခဲ့ပါပြီ ။
" သည်လောက်ဆို ရပြီ "
အဲသည်နောက်မှာတော့ နေဝန်းပြာ ဧကရာဇ်ဟာ အခိုးအငွေ့တွေကို လက်နဲ့ ခါထုတ်လိုက်ပြီး အရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်ပါတော့တယ် ။
အရှေ့မှာ ရှိနေကြတဲ့ လီဖူချန်းနဲ့ ရန်ချင်းဟူကလည်း နေဝန်းပြာ ဧကရာဇ်ရဲ့ တည်ရှိမှုကို အာရုံ ခံမိလိုက်ကြပုံပါပဲ ။ အဲသည်အတွက် သူတို့နှစ်ယောက်က မတိုင်ပင်ဘဲနဲ့ အနောက်ကို လှည့်ကြည့်မိလိုက်ကြပါတယ် ။
" ဟင် …… အဲဒါဘာကြီးလဲ "
အနောက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာ သူတို့ရဲ့ မြင်ကွင်းထဲကို ပထမဆုံး ဝင်လာတာကတော့ အပြာဖျော့ဖျော့ ခြေထောက်ကြီး တစ်ဖက်ပါပဲ ။
သည်ခြေထောက်ကြီးက မိုင်ပေါင်း ရာနဲ့ချီ မြင့်နေတဲ့အတွက် သူတို့က ခြေထောက်ကြီးရဲ့ ပိုင်ရှင်ကိုတောင် မမြင်နိုင်ကြပါဘူး ။
***