← Chapters

(စာစဉ်- ၄၉ ) ပုဆိန် အစောင့်အရှောက် ဝိညာဉ်

Vol. 49 Ch. 664

(စာစဉ်- ၄၉ ) ပုဆိန် အစောင့်အရှောက် ဝိညာဉ်

Vol. 49 Ch. 664

" ရန်ချင်းဟူ …… ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာ သူတော်စင် ဝိညာဉ် ကုန်းမြေတိုက် ဒါမှမဟုတ် တခြား အဆင့်မြင့် ကုန်းမြေတိုက်တွေကို ဆက်သွယ်ထားတဲ့ တည်နေရာရွှေ့ပြောင်း စင်မြင့်တွေ မရှိဘူူးလား "

လီဖူချန်းက ရန်ချင်းဟူကို လှမ်းမေးလိုက်ပါတယ် ။

ရန်ချင်းဟူက လီဖူချန်းကို ' အ'ရန်ကော ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး

" တကယ်လို့ အဆင့်မြင့် ကုန်းမြေတိုက်တွေနဲ့ ဆက်သွယ်ထားတဲ့ တည်နေရာရွှေ့ပြောင်း စင်မြင့်တွေ ရှိနေမယ်ဆိုရင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေက သည်ကုန်းမြေတိုက်မှာ နေနေဦးမှာလား ။ အစောကြီးကတည်းက  ထွက်သွားတော့မှာပေါ့ ။ နင်ဒါလေးတောင် မစဉ်းစားနိုင်ဘူးလား "

" သြော်…… အင်း …… ဟုတ်သား "

ရန်ချင်းဟူရဲ့ အဆူအငေါက်ကို ခံလိုက်ရတဲ့ လီဖူချန်းကတော့ ဇက်ကလေး ပုဝင်သွားခဲ့ပါပြီ ။

ရန်ချင်းဟူ ဆူမယ်ရင်လည်း ဆူချင်စရာပါပဲ ။ လီဖူချန်းရဲ့ မေးခွန်းက ဘာမှ ထွေထွေထူးထူး မေးနေစရာကို မလိုပါဘူး ။

အဆင့်မြင့် ကုန်းမြေတိုက်ကြီးတွေ ဆိုတာက များပြားလှတဲ့ ကံကောင်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာပါ ။ တကယ်လို့ အဲသည် ကုန်းမြေတိုက်ကြီးတွေနဲ့ ဆက်သွယ်ထားတဲ့ တည်နေရာရွှေ့ပြောင်း စင်မြင့်တွေသာ ရှိနေလို့ကတော့ ဘယ်ဧကရာဇ်ကများ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာ အပေအတေခံပြီး နေနေဦးမှာတဲ့လဲ ။

အဲသည်နောက်မှာတော့ ရန်ချင်းဟူက ဆက်ပြောလာခဲ့ပြန်ပါတယ် ။

" အမှန်အတိုင်း ပြောရမယ် ဆိုရင် အဆင့်မြင့် ကုန်းမြေတိုက်ကြီးတွေဆီကို သွားဖို့က ပင်လယ် ၊သမုဒ္ဒရာကို ဖြတ်ပြီးသွားဖို့ တစ်နည်းပဲ ရှိတယ် ။အလယ်အလတ် အဆင့် ကုန်းမြေတိုက် တစ်ခုကနေ အဆင့်မြင့် ကုန်းမြေတိုက် တစ်ခုကို ဆက်သွယ်ပေးမယ့် တည်နေရာ ရွှေ့ပြောင်း စင်မြင့်တစ်ခု ဆောက်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ အဲဒါကို သူတော်စင်တွေလည်း တတ်နိုင်စရာ အကြောင်း မရှိဘူး "

" သဘောက မင်းအနေနဲ့ သူတော်စင် ဝိညာဉ် ကုန်းမြေတိုက်ကို ပြန်ဖို့လမ်း မရှာနိုင်တော့ဘူးပေါ့ "

လီဖူချန်းက ပြန်မေးလိုက်ပြန်ပါတယ် ။

ရန်ချင်းဟူက ခေတ္တခဏ နှုတ်ဆိတ်သွားပြီး အတန်ကြာမှ

" အင်း…… ဟုတ်တယ် ။ လန်စွတ်ချင်း လွင်ပြင်က မယုံနိုင်စရာ ကောင်းလောက်အောင် ကျယ်တယ်လေ ။ ငါက လန်စွတ်ချင်း လွင်ပြင်ထဲမှာ အဆင့်မြင့် ကုန်းမြေတိုက် ကိုးခု ရှိတယ် ဆိုတဲ့ အချက်ကိုပဲ သိတာ ။ အဲသည်ကုန်းမြေတိုက် ကိုးခုက ဘယ်နေရာမှာလဲ ဆိုတာကို ငါတိတိကျကျ မသိဘူး "

" သတိထား "

အဲသည်အချိန်မှာပဲ လီဖူချန်းက ရန်ချင်းဟူကို သတိပေးပြီး ဘေးဘက်ကို ခုန်ထွက်သွားခဲ့ပါတယ် ။

ရန်ချင်းဟူကလည်း ခေသူ မဟုတ်ပါဘူး ။ သူမကလည်း လီဖူချန်း ခုန်ထွက်သွားတာနဲ့ တစ်ပြိုင်နက် တခြားတစ်ဖက်ကို ခုန်ထွက်ပြီးသားပါပဲ ။

အခုအချိန်မှာ ဘယ်လိုပဲ ဖြစ်နေပါစေ ။ ရန်ချင်းဟူက တစ်ချိန်က မဟာ ဧကရီ တစ်ပါး ဖြစ်ခဲ့တာ မဟုတ်ပါလား ။ အဲသည်အတွက် သူမက အန္တရာယ် ကျရောက်ခါနီးလာပြီ ဆိုရင် အလိုလို ခံစားမိနေတတ်ပါတယ် ။

ခရက်……ခရက်……

လက်မတင်လေးပါပဲ ။ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ နှစ်ယောက် ခုန်ထွက်သွားပြီးပြီ ဆိုတာနဲ့ ချက်ချင်း ဆိုသလိုပဲ ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခုဟာ လေဟာနယ်ထဲမှာ ဖြစ်ပေါ်လာပြီး အနီးအနားက အရာ မှန်သမျှကို စုပ်ယူပါတော့တယ် ။

လီဖူချန်း နဲ့ ရန်ချင်းဟူတို့က အဝေးကို ရောက်သွားတာတောင်မှ အက်ကွဲကြောင်းကြီးက သူတို့ရဲ့ ဝိညာဉ်တွေကို စုပ်ယူဖို့ ကြိုးစားနေသလို ခံစားနေရပါတယ် ။

ရန်ချျင်းဟူကတော့ သည်နယ်မြေထဲမှာ လုံးဝ မနေရဲတော့ပါဘူူး ။ အဲသည်အတွက် သူမက လီဖူချန်းကို ဆော်သြလိုက်ပါတယ် ။

" လီဖူချန်း …… သည်နေရာက အရမ်း အန္တရာယ်များတယ် ။ ငါတို့ ထွက်ပေါက်ကို အမြန် ရှာကြရအောင် "

ယေဘုယျအားဖြင့် ဆိုရင်တော့ သူတော်စင်တွေမှပဲ ဟင်းလင်းပြင်တွေကို ခွဲဖြာနိုင်တာပါ ။ ဒါပေမဲ့လည်း သည်နေရာမှာကတော့ ပုဆိန်တာအို ဥပဒေသတွေကတောင်မှ ဟင်းလင်းပြင်တွေကို အက်ကွဲအောင် ပြုလုပ်နေနိုင်ပါတယ် ။

အဲသည်အဓိပါ္ပယ်ကတော့ သည်နေရာမှာ ရှိနေတဲ့ ပုဆိန် တာအို ဥပဒေသတွေက မဟာ ဧကရာဇ် တစ်ပါးကိုတောင်မှ ဒဏ်ရာ ရသွားအောင် ပြုလုပ်နိုင်တယ် ဆိုတာပါပဲ ။

သည်လိုနဲ့ လီဖူချန်းတို့ နှစ်ယောက်ဟာ သူတို့ရဲ့ အန္တရာယ်ကို အာရုံခံနိုင်တဲ့ အစွမ်းကို အားကိုးပြီး အကျိုးအပဲ့ နယ်မြေကို ကျော်ဖြတ်ကြပါတော့တယ် ။

***

အကျိုးအပဲ့ နယ်မြေရဲ့ အပြင်ဘက် မှုန်းမှိုင်းမှိုင်း ကမ္ဘာမှာတော့ နောက်ထပ် လူပုဂ္ဂိုလ် တစ်ဦး ရောက်ရှိနေခဲ့ပါပြီ ။

သည်လူက နေဝန်းပြာ ဧကရာဇ်လို ကြီးကျယ်ပြီး လွှမ်းမိုးနိုင်စွမ်း အားကောင်းတဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်မနေပါဘူး ။ ဒါပေမဲ့လည်း လေပြင်း ဧကရာဇ်နဲ့ တခြား ဧကရာဇ်တွေက သည်လူကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်တွေ တဆက်ဆက် တုန်ယင်ပြီး မျက်နှာတွေ ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ပါတယ် ။

တစ်ဆက်တည်းမှာပဲ သူတို့က " ဝိညာဉ် ဧကရာဇ်ကို နှုတ်ခွန်းဆက်သပါတယ် " ဆိုပြီး အဲသည်လူကို ပြိုင်တူ အရိုအသေ ပေးလိုက်ကြပါသေးတယ် ။

သည်လူကတော့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ နံပါတ်၁ ဝိညာဉ်ဧကရာဇ်ကလွဲပြီး တခြားလူ မရှိပါဘူး ။

သူတို့သုံးယောက်က ဝိညာဉ် ဧကရာဇ်ရဲ့ နောက်လိုက်တွေ မဟုတ်ပေမယ့်လည်း ဝိညာဉ် ဧကရာဇ်ကို အင်မတန်မှ ကြောက်ရွံ့ ရိုသေကြပါတယ် ။ သူတို့က လူအယောက် တစ်ရာရဲ့ သတ္တိ ရထားရင်တောင်မှ ဝိညာဉ် ဧကရာဇ်ကို မရိုမသေ မလုပ်ရဲပါဘူး ။

သူတို့ကို အသာ ထားပါဦး ။ မဟာ ဧကရာဇ် တစ်ပါး ဖြစ်တဲ့ နေဝန်းပြာ ဧကရာဇ် ကိုယ်တိုင်တောင်မှ ဝိညာဉ် ဧကရာဇ်ရှေ့မှာဆိုရင် မာန မထောင်လွှားရဲပါဘူး ။

ဝိညာဉ် ဧကရာဇ်က သူ့ကို အရိုအသေ ပေးနေတဲ့ လေပြင်း ဧကရာဇ်တို့ သုံးယောက်ကို အဖတ်မလုပ်ဘဲ လက်တစ်ဖက် ဝှေ့ယမ်းကာ အနက်ရောင် ပိုးမွှား တစ်အုပ်ကို ထုတ်လိုက်ပါတယ် ။

လေပြင်းဧကရာဇ်တို့ သုံးယောက်ကတော့ အနက်ရောင် ပိုးမွှားအုပ်ကို မြင်တာနဲ့ ကျောချမ်းနေခဲ့ပါပြီ ။

သည်အနက်ရောင် ပိုးမွှားတွေက ရှင်းလင် ပိုးမွှားတွေလို့ အမည်ရပြီး လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို စားသုံးနိုင်ပါတယ် ။

သူတို့တွေက ရှင်းလင် ပိုးမွှား တစ်ကောင်၊နှစ်ကောင်လောက် ဆိုရင်တော့ မကြောက်ပါဘူး ။ ဒါပေမဲ့လည်း ရှင်းလင် ပိုးမွှား ရာပိုင်း ၊ ဒါမှမဟုတ် ထောင်ပိုင်းက သူတို့ကို တိုက်ခိုက်လာပြီ ဆိုရင်တော့ သူတို့ဟာ သေချာပေါက် သေကြရမှာပါပဲ ။

အဲသည်အချိန်မှာတော့ နေဝန်းပြာ ဧကရာဇ်ဟာ အကျိုးအပဲ့ နယ်မြေ အစပ်နားမှာ နေပြီး လီဖူချန်း နဲ့ ရန်ချင်းဟူတို့ရဲ့ ခြေရာ၊လက်ရာတွေကို စေ့စေ့စပ်စပ် ရှာဖွေနေရင်း အလုပ်များနေပါတယ် ။

အဲသည်လို ရှာဖွေနေရင်းမှာပဲ သူက အနက်ရောင် ပိုးမွှားတစ်ကောင် ပျံသန်းသွားတာကို မျက်လုံးထောင့်ကနေ ရိပ်ခနဲ မြင်လိုက်ရပါတယ်

" ရှင်းလင် ပိုးမွှား "

နေဝန်းပြာ ဧကရာဇ်ရဲ့ မျက်ခုံးတွေက ပင့်တက် သွားခဲ့ပါပြီ ။

ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်မှာက ရှင်းလင် ပိုးမွှားတွေကို မွေးမြူ ထားသူဟာ တစ်ယောက်ပဲ ရှိပါတယ် ။ အဲသည်သူကတော့ ဝိညာဉ် ဧကရာဇ်ပါပဲ ။

" ဝိညာဉ် ဧကရာဇ် ဘယ်လိုဖြစ်ပြီး သည်နေရာကို ရောက်လာရတာလဲ "

နေဝန်းပြာ ဧကရာဇ်က ရှင်းလင် ပိုးမွှားတွေဟာ ဝိညာဉ် ဧကရာဇ်ရဲ့ ကိုယ်ပွားတွေလိုပဲ ဆိုတာကို သိပါတယ် ။ အဲဒါကြောင့်လည်း သူက လှမ်းပြီး မေးလိုက်တာပါ ။

" နေဝန်းပြာ …… မင်းကကော သည်မှာ ဘာလုပ် နေတာလဲ "

ဝိညာဉ် ဧကရာဇ်ရဲ့ အသံက ရှင်းလင် ပိုးမွှားဆီကနေပြီး ထွက်ပေါ်လာပါတယ် ။

နေဝန်းပြာ ဧကရာဇ်က အမှန်အတိုင်း မပြောရဲပါဘူး ။သူက တစ်ချက် ရယ်လိုက်ပြီး

" ဘာမှ မလုပ်ပါဘူးဗျာ ။ ကျုပ်က သည်မှာ ကံလေးဘာလေးများ ကောင်းမလားဆိုပြီး ဟိုဟိုသည်သည် လျှောက်ရှာကြည့် နေတာပါ "

"ဒေါသ ပုဆိန် ချောက်ကမ်းပါးမှာ မင်းအတွက် ဘာ ကံကောင်းစရာ ရှိလို့လဲ ။ အပိုတွေ လုပ်မနေနဲ့ ။ ငါက မျောလွင့်ကောင်းကင်တောင်က ကလေးကို လိုချင်တယ် ။ တကယ်လို့ မင်းငါ့ကို ကူပြီး ဖမ်းပေးမယ် ဆိုရင် ငါဝိညာဉ် ဧကရာဇ်က မင်းအပေါ် ကျေးဇူးကြွေး တစ်ခု တင်သွားပြီလို့ မှတ်လိုက် "

ဝိညာဉ် ဧကရာဇ်က အချိန်ဆွဲရတာကို သိပ်မကြိုက်ပုံပါပဲ ။ သူက လိုရင်းကို ပြောလာခဲ့ပါတယ် ။

" ကျေးဇူးကြွေး တစ်ခု ……ဟုတ်လား "

နေဝန်းပြာ ဧကရာဇ်က အစက ငြင်းဦးမလို့ပါပဲ ။ ဒါပေမဲ့လည်း အကြောင်းတစ်ခုကို စဉ်းစားလိုက်မိတဲ့ အခါမှာတော့ သူက ချက်ချင်း ခေါင်းညိတ် လိုက်ပါတယ် ။

" ဟုတ်ပြီလေ …… ကျုပ်သဘောတူတယ် "

ဝိညာဉ် ဧကရာဇ်ဆီမှာ ကျေးဇူးကြွေး တင်ဖို့ဆိုတာက လွယ်တာ မဟုတ်ပါဘူး ။ တကယ်လို့ သူက သည်အခွင့်အရေးကို မယူလိုက်ဘူးဆိုရင် တစ်သက်လုံး နောင်တ ရနေရပါလိမ့်မယ် ။

သဘောတူညီချက် ရပြီးတဲ့ နောက်မှာတော့ မဟာ ဧကရာဇ် နှစ်ပါးဟာ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကို အားကြိုးမာန်တက် ရှာဖွေကြပါတော့တယ် ။

………

ရွှမ်း……

လျှပ်တပြက် ထွက်ပေါ်လာတဲ့ ဘုံခုနစ်ဆင့် ဓားက အနက်ရောင် ပိုးမွှားလေး တစ်ကောင်ကို နှစ်ပိုင်း  ပိုင်းဖြတ်သွားခဲ့ပါပြီ ။

" ဟင် "

ဓားချက် ထုတ်ပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက သည်ပိုးမွှားနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်  ဆိုတာကို ခံစားလိုက်ရပါတယ် ။

ဘာဖြစ်လို့လဲ ဆိုတော့ သူ့ဓားချက်ကို မိသွားတဲ့ ပိုးမွှားက သေသွားပုံ မရလို့ပါပဲ ။ အဲဒါက အနက်ရောင် ချီစွမ်းအင် တစ်ခုအဖြစ် ပြောင်းသွားပြီး ချက်ချင်းဆိုသလို အကောင်းပကတိ ပြန်ဖြစ်သွားခဲ့ပါတယ် ။

" ရှင်းလင် ပိုးမွှား "

ရန်ချင်းဟူက ဗဟုသုတ ကြွယ်ဝသူ ဖြစ်တဲ့အတွက် ရှင်းလင်းပိုးမွှားကို မြင်တာနဲ့ တန်းပြီး မှတ်မိလိုက်ပါတယ် ။

" ရှင်းလင် ပိုးမွှား …… ဟုတ်လား "

လီဖူချန်း မကောင်းတဲ့ ခံစားချက် တစ်ခုကို ခံစား မိနေခဲ့ပါပြီ ။

ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာက ဝိညာဉ် ဧကရာဇ်ကလွဲပြီး ဘယ်သူမှ ရှင်းလင်း ပိုးမွှားကို မမွေးမြူ နိုင်ပါဘူး ။

ရန်ချင်းဟူက ရှင်းလင် ပိုးမွှားကို သတ်တဲ့နည်းကို လှမ်းပြောပြလာခဲ့ပါတယ် ။

" ရှင်းလင် ပိုးမွှားတွေက လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုနဲ့မှ သတ်လို့ရတာ "

စကားပြောနေရင်းနဲ့ပဲ ရန်ချင်းဟူက ဘယ်ဘက် မျက်လုံးထဲကနေပြီး အနက်ရောင် အလင်းတန်း တစ်ခုကို ရှင်းလင် ပိုးမွှားဆီ ပစ်လွှတ်လိုက်ပါတယ် ။

အနက်ရောင် အလင်းတန်းနဲ့ ထိတွေ့မိတဲ့ အခါမှာတော့ ရှင်းလင် ပိုးမွှားဟာ အစအန ရှာမရအောင်ကို ပျောက်ကွယ်သွားခဲ့ပါပြီ ။

" နေဝန်းပြာ …… ငါသူတို့ကို တွေ့ပြီ ။ ဒါပေမဲ့ သူတို့က မင်းနဲ့ ပိုနီးတယ် ။ ရှင်းလင် ပိုးမွှားနောက် လိုက်သွားလိုက် ။ သူမင်းကို လမ်းပြ ပေးလိမ့်မယ် "

တစ်ချိန်တည်းမှာပဲ ဝိညာဉ် ဧကရာဇ်ရဲ့ သတင်းစကားသံဟာ နေဝန်းပြာ ဧကရာဇ်ဆီ ရောက်လာခဲ့ပါတယ် ။

" ဟုတ်ပြီလေ "

စကားအဆုံးမှာတော့ နေဝန်းပြာ ဧကရာဇ်ဟာ ရှင်းလင် ပိုးမွှားနောက်ကို လိုက်သွားခဲ့ပါပြီ ။

အကျိုးအပဲ့ နယ်မြေရဲ့ အလယ်ဗဟို တစ်နေရာ……

သည်နေရာမှာက လက်ကိုင်ရိုး တပ်ထားတဲ့ ပုဆိန် အကျိုးအပဲ့ တစ်ခု ရှိနေပြီး အဲသည် ပုဆိန် အကျိုးအပဲ့ဟာ ရုတ်တရက် အသက်ဝင်လာသလို တဆက်ဆက် တုန်ခါလာခဲ့ပါတယ် ။ အဲသည်နောက်မှာတော့ ဆံပင်တွေ ဖွေးစွတ်အောင် ဖြူ နေတဲ့ အဘိုးအို တစ်ယောက်ဟာ ပုဆိန် အကျိုးအပဲ့ထဲကနေပြီး ထွက်လာခဲ့ပါပြီ ။

"သတ် "

ဆံဖြူ  အဘိုးအိုက အမိန့်ပေးလိုက်တဲ့ အခါမှာတော့ အကျိုးအပဲ့ နယ်မြေထဲမှာ ရှိနေတဲ့ ပုဆိန် တာအို ဥပဒေသတွေဟာ အရင်ကထက် အဆ တစ်ရာကျော်လောက် ပိုအားပြင်းလာခဲ့ပါတယ် ။

" ဘာတွေ ဖြစ်ကုန်တာလဲဟ "

နေဝန်းပြာ ဧကရာဇ်က အကျိုးအပဲ့ နယ်မြေထဲကို သိပ်ပြီးတောင် မဝင်ရသေးပါဘူး ။ ဒါပေမဲ့ ပုဆိန်တာအို ဥပဒေသတွေက ရုတ်တရက် ထဖောက်ပြီး သူ့ကို သဲကြီးမဲကြီး  ဝိုင်းတိုက်ခိုက်လာတာတဲ့အတွက် အလျင်အမြန် ခုန်ရှောင်လိုက်ရပါတယ် ။

သည်အကျိုးအပဲ့ နယ်မြေထဲက ပုဆိန်တာအို ဥပဒေသတွေက အတော်လေး ထူးဆန်းတယ်လို့ ဆိုရပါမယ် ။

ဘာဖြစ်လို့လဲ ဆိုတော့ သည်နယ်မြေရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ပုဆိန်တာအို ဥပဒေသတွေက အစီအစဉ်တကျ မရှိဘဲ ကျပန်း တိုက်ခိုက်တာပါ ။ ဒါပေမဲ့ သည်နယ်မြေထဲမှာ ရှိနေတဲ့ ပုဆိန်တာအို ဥပဒေသတွေရဲ့ တိုက်ခိုက်မှုကတော့ အတော်လေးကို စနစ် ကျနလွန်းပါတယ် ။ မသိရင် လူတစ်ယောက်က တိုက်ခိုက်နေသလိုပါပဲ ။

ရွှမ်း ……

ပုဆိန်တာအို ဥပဒေသတွေက အလွန်အမင်းကို သိပ်သည်းလာတဲ့ အခါမှာတော့ နေဝန်းပြာ ဧကရာဇ်လည်း မရှောင်နိုင်တော့ပါဘူး ။ သူ့ရဲ့ လက်တစ်ဖက်ဆိုရင် ပုဆိန်တာအို ဥပဒေသ တစ်ခုရဲ့ တိုက်ခိုက်မှုကြောင့် ပြတ်ထွက်တော့မလို့ပါပဲ ။

" ပုဆိန် အစောင့်အရှောက် ဝိညာဉ် နိုးလာပြီ "

ဝိညာဉ် ဧကရာဇ်ရဲ့ သတိပေးသံက နေဝန်းပြာ ဧကရာဇ်ရဲ့ နားထဲကို တိုးဝင်လာပြန်ပါတယ် ။

" ပုဆိန် အစောင့်အရှောက် ဝိညာဉ် နိုးလာတာလား "

ပုဆိန် အစောင့်အရှောက် ဝိညာဉ်ဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် နေဝန်းပြာ ဧကရာဇ်ဟာ မျက်နှာ အကြီးအကျယ် ပျက်သွားခဲ့ပါပြီ ။

အကျိုးအပဲ့ နယ်မြေမှာ တကယ် အန္တရာယ် အရှိဆုံးက  ပုဆိန် အစောင့်အရှောက် ဝိညာဉ်ပါပဲ ။ တကယ်လို့ ပုဆိန် အစောင့်အရှောက် ဝိညာဉ် မနိုးထသေးဘူး ဆိုရင်တော့ မဟာ ဧကရာဇ်တွေဟာ အကျိုးအပဲ့ နယ်မြေထဲမှာ စိတ်ကြိုက် သွားလာလှုပ်ရှားနိုင်ပါတယ် ။ ဒါပေမဲ့ ပုဆိန် အစောင့်အရှောက် ဝိညာဉ် နိုးထလာပြီ ဆိုရင်တော့ မဟာ ဧကရာဇ်တွေလည်း ပြေးရတော့တာပါပဲ ။

" အမြန် ပြေးတော့ "

လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကလည်း အန္တရာယ် ကပ်ဘေး တစ်ခု ကျရောက်လာတော့မယ် ဆိုတာကို အာရုံခံမိလိုက်ကြတဲ့အတွက် ထွက်ပြေးနေကြပါပြီ ။

ဒါပေမဲ့ သူတို့က ဘယ်လောက်မှ မပြေးလိုက်ရပါဘူူး ။ ဘာဖြစ်လို့လဲဆိုတော့ လေဟာနယ် ဟင်းလင်းပြင်ထဲကနေပြီး အနက်ရောင် အလင်းတန်းတွေဟာ သူတို့အပေါ်ကို ပိုက်ကွန်တစ်ခုသဖွယ် ယှက်သိုင်းပြီး ကျဆင်းလာလို့ပါပဲ ။

အဲသည်ပိုက်ကွန် ဆိုတာကလည်း ပုဆိန်တာအို ဥပဒေသ အမြောက်အများရဲ့ တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာ သိသာလွန်းလှပါတယ် ။

လက်ရှိ သူတို့နှစ်ယောက်ရဲ့ အဆင့်နဲ့ ဆိုရင်တော့ သည်လောက်များပြားလှတဲ့ ပုဆိန် တာအို ဥပဒေသတွေကို ရှောင်တိမ်းနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး ။

" ဟင်…… နေဦး …… ရပ်……ရပ် "

အနက်ရောင် ပိုက်ကွန်ကြီးက လီဖူချန်းတို့ အပေါ်ကို လွှမ်းခြုံသွားတော့မယ့် အချိန်မှာပဲ ပုဆိန် အစောင့်အရှောက် ဝိညာဉ်က တစ်စုံတစ်ခုကို အာရုံခံမိသွားတဲ့ ပုံနဲ့ ရပ်ဖို့ အမိန့်ပေးလိုက်ပါတယ် ။

" ဟုတ်တယ် …… သေချာတယ် ။အဲဒါ သူပဲ "

အဲသည်နောက်မှာတော့ ပုဆိန် အစောင့်အရှောက် ဝိညာဉ်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး ပုဆိန်တာအို ဥပဒေသတွေကို ပျက်ပြယ်စေလိုက်ပါပြီ ။

" ပြေး…… ပြေး "

လီဖူချန်းတို့ နှစ်ယောက်က ဘာတွေ ဘယ်လို ဖြစ်သွားတယ် ဆိုတာကို နားမလည်လိုက်ပါဘူး ။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်က ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ် ရှေ့ကိုဆက်ပြီး ပြေးရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည်ကြပါတယ် ။

သိပ်မကြာခင်မှာတော့ သူတို့နှစ်ယောက်ဟာ အကျိုးအပဲ့ နယ်မြေနဲ့ အလွန်ဝေးကွာတဲ့ အရပ်တစ်ခုကို ရောက်သွားခဲ့ကြပါပြီ ။

သူတို့အနေနဲ့ မရောက်ရင်လည်း မကောင်းတော့ပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ ပုဆိန်တာအို ဥပဒေသတွေက သူတို့ကို မတိုက်ခိုက်တဲ့အပြင် ရှောင်တောင် ရှောင်ပေးနေကြတာ မဟုတ်ပါလား ။

" နောက်ဆုံးတော့ ဒဏ္ဍာရီထဲက ဘုံခုနစ်ဆင့် ကောင်းကင်ဓား ဝိညာဉ်ကို ပြန်မြင်ဖူးပြီပေါ့ ။ ဒါက  သည်အဘိုးကြီးအတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ "

ပုဆိန် အစောင့်အရှောက် ဝိညာဉ်ကတော့ အဝေးကို ထွက်ပြေးသွားတဲ့ လီဖူချန်းတို့ နှစ်ယောက်ရဲ့ ကျောပြင်ကို ရီဝေနေတဲ့ မျက်လုံးအစုံနဲ့ ငေးကြည့်ရင်း ကျန်နေခဲ့ပါတယ် ။ ကြည့်ရတာတော့ သူက အတိတ်ကို လွမ်းဆွတ်တမ်းတ သတိရနေပုံပါပဲ ။

***

သည်လိုနဲ့ နောက်ဆုံးမှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ  ဘာအန္တရာယ် တစ်ခုမှ မတွေ့ဘဲ အကျိုးအပဲ့ နယ်မြေထဲကနေပြီး အောင်မြင်စွာ ထွက်ခွာ သွားနိုင်ကြပါပြီ ။

အခက်အခဲတွေ ကြုံပြီးသွားရင် ကံကောင်းတာကို ဆုလာဘ် အဖြစ် ပြန်ရတယ် ဆိုတဲ့ စကားဟာ မှားပုံ မရပါဘူး ။ အကျိုးအပဲ့ နယ်မြေထဲကနေ ထွက်ခွာပြီး သိပ်မကြာခင်မှာပဲ လီဖူချန်းဟာ သူရှာနေတဲ့ ခုနစ်စင်ကြယ် ဆေးပင်ကို ရှာဖွေ တွေ့ရှိသွားပါတော့တယ် ။

" နင်သည်အဆင့်အထိ ရောက်လာတာကလည်း သိပ်မထူးဆန်းပါဘူး ။ နင့်ရဲ့ ကံကြမ္မာက အတော်လေး ကောင်းနေတာကိုး "

ရန်ချင်းဟူကတော့ လီဖူချန်းရဲ့ ကံကောင်းမှုနဲ့ ပတ်သက်ပြီး ပြောစရာ စကား မဲ့နေခဲ့ပါပြီ ။

သူမက မဟာ ဧကရာဇ် တစ်ပါး ဖြစ်ခဲ့ဖူးတဲ့အတွက် ကံကောင်းခြင်း ဆိုတာက ကျင့်ကြံသူ တစ်ဦးအတွက် ဘယ်လောက် အရေးကြီးသလဲ ဆိုတာကို ကောင်းကောင်းကြီး သိထားပါတယ် ။

ကျင့်ကြံခြင်း လောကမှာက ကံကောင်းခြင်း ဆိုတာက မရှိမဖြစ် လိုအပ်တဲ့ အရာပါပဲ ။

ကျင့်ကြံသူ တစ်ယောက်က ဘယ်လောက်ပဲ ပင်ကိုပါရမီ ကောင်းတယ် ဆိုပါစေဦး ။ သူ့ရဲ့ ကံကြမ္မာက ဆိုးနေမယ် ဆိုရင် အဲသည် ကျင့်ကြံသူဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ ကျင့်ကြံခြင်း လောကထဲကနေ ပျောက်ကွယ်သွားရမှာပါပဲ ။

***

All Chapters