(စာစဉ်- ၄၉ ) ဝိညာဉ် အစေခံ
Vol. 49 Ch. 665
ဝိညာဉ် ဧကရာဇ် နဲ့ နေဝန်းပြာ ဧကရာဇ်တို့ရဲ့ ရန်ကြောင့် လီဖူချန်းတို့ နှစ်ယောက်ဟာ ဒေါသ ပုဆိန် ချောက်ကမ်းပါးထဲမှာ ဆက်ပြီး မနေဝံ့ကြတော့ပါဘူး ။ အဲသည်အတွက် သူတို့နှစ်ယောက်က ချောက်ကမ်းပါးထဲကနေပြီး အမြန် ပြန်ထွက်ကြပါတော့တယ် ။
လမ်းတစ်ဝက်ကို အရောက်မှာတော့ လီဖူချန်းက ရန်ချင်းဟူကို သူနဲ့အတူ မျောလွင့်ကောင်းကင်တောင်ကို လိုက်ခဲ့ဖို့ ဖိတ်ခေါ် လိုက်ပါတယ် ။
"ရန်ချင်းဟူ …… ငါတို့နှစ်ယောက်စလုံးက ဝိညာဉ် ဧကရာဇ် နဲ့ နေဝန်းပြာ ဧကရာဇ်တို့ရဲ့ ပစ်မှတ်ထားတာကို ခံနေရပြီ ။ တကယ်လို့ နင်အဆင်ပြေမယ် ဆိုရင် ငါတို့နှစ်ယောက် မျောလွင့်ကောင်းကင်တောင်ကို အတူတူ သွားကြရအောင် "
ရန်ချင်းဟူက လီဖူချန်းရဲ့ ဖိတ်ခေါ်မှုကို လက်မခံပါဘူး ။
" လီဖူချန်း ငါတို့နှစ်ယောက်စလုံး မျောလွင့်ကောင်းကင်တောင်ကို သွားလို့ မဖြစ်ဘူး ။ အဆွေး ဧကရာဇ်က တန်ခိုးအစွမ်း ထက်တာ မှန်တယ် ။ ဒါပေမဲ့ သူတစ်ယောက်တည်းက ဘယ်လိုလုပ်ပြီး ဝိညာဉ် ဧကရာဇ်နဲ့ နေဝန်းပြာ ဧကရာဇ်ကို အန်တုနိုင်မှာလဲ "
" အင်း …… အဲဒါတော့ ဟုတ်တယ် "
တစ်ချက် စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ရန်ချင်းဟူပြောတာ မှန်တယ်လို့ ခံစားလိုက်မိပါတယ် ။
တကယ်လို့ သူတို့ကို ပစ်မှတ်ထားနေတဲ့ လူက နေဝန်းပြာ ဧကရာဇ် တစ်ယောက်တည်းဆိုရင် မျောလွင့်ကောင်းကင်တောင်က သူတို့ကို ကာကွယ်ပေးကောင်း ကာကွယ်ပေးနိုင်ပါမယ် ။ ဒါပေမဲ့ ဝိညာဉ် ဧကရာဇ်ပါ ပါလာပြီ ဆိုရင်တော့ မျောလွင့်ကောင်းကင်တောင်ဟာ ဘာမှ တတ်နိုင်တော့မှာ မဟုတ်ပါဘူး ။
ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်မှာက ဝိညာဉ် ဧကရာဇ် တစ်ဦးတည်းနဲ့တင် မဟာ ဧကရာဇ် နှစ်ပါး ဒါမှမဟုတ် သုံးပါးလောက်ကို ယှဉ်လို့ ရနေတာ မဟုတ်ပါလား ။ ဒါတောင်မှ အကြမ်းဖျင်း ခန့်မှန်းထားတာပဲ ရှိပါသေးတယ် ။ တကယ့်တကယ် တိုက်ကြပြီ ဆိုရင်တော့ ဝိညာဉ် ဧကရာဇ်ဟာ မဟာ ဧကရာဇ် လေးပါးလောက်နဲ့တောင် ယှဉ်ရင် ယှဉ်လို့ ရနေမှာပါ ။
လီဖူချန်းက စဉ်းစားနေရင်းနဲ့ အကြံတစ်ခု ရသွားတဲ့အတွက် ရန်ချင်းဟူကို လှမ်းပြောလိုက်ပါတယ် ။
" ရန်ချင်းဟူ ……မင်းပြောတဲ့အတိုင်းဆို လန်စွတ်ချင်း လွင်ပြင်ရဲ့ မြေမျက်နှာသွင်ပြင် အများစုကို ပင်လယ် ၊ သမုဒ္ဒရာတွေက ကြီးစိုးထားတာပေါ့ "
ရန်ချင်းဟူက ခေါင်းညိတ်လိုက်ပြီး
" အင်း "
" လန်စွတ်ချင်း လွင်ပြင်ရဲ့ ၉၀ရာခိုင်နှုန်းက ပင်လယ် ၊ သမုဒ္ဒရာတွေနဲ့ ဖွဲ့စည်းထားတာ ။ အဲသည်တော့ ငါတို့ အခု ပင်လယ် ၊ သမုဒ္ဒရာထဲကို ဆင်းတာ အကောင်းဆုံး ရွေးချယ်မှုပဲ ။ တကယ်လို့ ငါတို့ နောက်ကျသွားရင် အခြေအနေတွေက ပိုဆိုးလာနိုင်တယ် ။ နင်က ဝိညာဉ် ဧကရာဇ်ရဲ့ အကြောင်းကို ဘာမှ မသိသေးဘူး ။ ငါသိထားသလောက် ဆိုရင်တော့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ မဟာ ဧကရာဇ်တွေထဲက တစ်ယောက်တောင်မှ သူ့ရဲ့ ဝိညာဉ် အစေခံ ဖြစ်နေပြီ "
" ဟုတ်လို့လား …… ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ "
လီဖူချန်းက ရန်ချင်းဟူ ပြောတာကို ဘယ်လိုမှ မယုံနိုင်ပါဘူး ။
ရန်ချင်းဟူက ခေါင်းတခါခါနဲ့ ဆက်ပြီး ပြောလာပြန်ပါတယ် ။
" လီဖူချန်း…… နင်က သူတော်စင် ဝိညာဉ် ကုန်းမြေတိုက်ကို မရောက်ဖူးတော့ ဝိညာဉ် ဧကရာဇ်ရဲ့ နောက်ခံကို သိမှာမဟုတ်ဘူး ။ ငါ့အထင် ပြောရမယ် ဆိုရင် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်က လူတွေကလည်း ဝိညာဉ် ဧကရာဇ်ရဲ့ နောက်ခံကို သိကြမှာ မဟုတ်ဘူး ။ သူတော်စင်ဝိညာဉ် ကုန်းမြေတိုက်က အမျိုးအစား ရာနဲ့ချီတဲ့ တာအိုတွေ စုဝေးတဲ့ နေရာပဲ ။ အဲသည် တာအိုတွေထဲက တစ်မျိုးက ဝိညာဉ် တာအိုလို့ခေါ်ပြီး ဝိညာဉ်တာအိုကို ကျင့်ကြံကြတဲ့ လူတွေက ရှင်းလင် ပိုးမွှားတွေကို မွေးမြူ ကြတယ် ။ ရှင်းလင် ပိုးမွှားတွေက မွေးမြူ ဖို့ဆိုရင် စိတ်ဝိညာဉ် စွမ်းအားတွေကို မကျွေးလို့ကို မရဘူး ။ သည်တော့ ဝိညာဉ်ဧကရာဇ်က သေချာပေါက် ဝိညာဉ်တာအိုကို ကျင့်ကြံသူပဲ ။ ဝိညာဉ်တာအို ကျင့်ကြံသူတွေက နင်မှန်းနိုင်တာထက်ကို ပိုကြောက်စရာ ကောင်းပြီး သူတို့ရဲ့ စွမ်းရည်တွေထဲက တစ်ခုက လူတွေကို ဝိညာဉ် အစေခံအဖြစ် ပြောင်းပြီး ထိန်းချုပ်နိုင်တာပဲ ။ ငါ့အထင် ပြောရရင်တော့ ဝိညာဉ် ဧကရာဇ်က နင့်ကို ပြန်လည်ဝင်စားတဲ့ သူထင်ပြီး ပစ်မှတ်ထားနေတာ နေမယ် "
လီဖူချန်းက ရန်ချင်းဟူ ပြောတာကို ငြင်းလည်း မငြင်းသလို ၊ ဝန်လည်း ဝန်မခံပါဘူး ။
သူက ဝိညာဉ် ဧကရာဇ် သူ့အပေါ် ဘာဖြစ်လို့ မျက်စိကျနေသလဲ ဆိုတာကို ကောင်းကောင်းကြီး ခန့်မှန်းနိုင်ပါတယ် ။ အဲဒါက အားကောင်းလွန်းလှတဲ့ သူ့ရဲ့ စိတ်ဝိညာဉ်ကြောင့်ပါပဲ ။ ဝိညာဉ် ဧကရာဇ်က လီဖူချန်းကို ပြန်လည်ဝင်စားတဲ့သူလို့ သံသယရှိပြီး လိုက်ဖမ်းနေတာ မဟုတ်ပါဘူး ။
ဒါပေမဲ့လည်း ပြန်လည်ဝင်စားသူတွေ ဖြစ်ဖြစ် ဒါမှမဟုတ် စိတ်ဝိညာဉ် အားကောင်းသူတွေ ဖြစ်ဖြစ် ။ ဝိညာဉ် ဧကရာဇ်ကတော့ နှစ်မျိုးစလုံးကို ပစ်မှတ်ထားမှာပါပဲ ။
ဘယ်လိုပဲ စဉ်းစားပါစေ ။ သည်နှစ်မျိုးလုံးက ခန့်မှန်းရခက်တဲ့ အလားအလာတွေပို ပိုင်ဆိုင်ထားတာ မဟုတ်ပါလား ။
သည်လိုလူမျိုးတွေကိုသာ ဝိညာဉ် အစေခံအဖြစ် ပြောင်းလဲလိုက်နိုင်မယ် ဆိုရင် အဲဒါက ဝိညာဉ် ဧကရာဇ်အတွက် အကျိုးအမြတ် အများကြီး ရသွားပါလိမ့်မယ် ။
" ဒါဆိုလည်း အချိန်ဆွဲမနေနဲ့စို့ ။ ဝိညာဉ် ဧကရာဇ်က သည်လောက်အထိ အန္တရာယ် များနေမှတော့ ပင်လယ် ၊ သမုဒ္ဒရာထဲကိုပဲ အမြန် သွားကြရအောင် "
လီဖူချန်းက ဆုံးဖြတ်ချက် ချတာ ပြတ်သားတဲ့ လူတစ်ယောက်ပါပဲ ။ အဲသည်အတွက် သူက ပင်လယ် ၊ သမုဒ္ဒရာထဲကို ဆင်းဖို့အတွက် ချက်ချက်း သဘောတူလိုက်ပါတယ် ။
" အင်း "
ရန်ချင်းဟူကလည်း ခေါင်းညိတ်လိုက်ပါတယ် ။
***
အဲသည်အချိန်မှာတော့ ဝိညာဉ် ဧကရာဇ်နဲ့ နေဝန်းပြာ ဧကရာဇ်တို့ဟာ အကျိုးအပဲ့ နယ်မြေထဲကနေပြီး သနားစဖွယ် ပုံစံတွေနဲ့ ထွက်လာနိုင်ခဲ့ကြပါပြီ ။
အထူးသဖြင့်ကတော့ နေဝန်းပြာ ဧကရာဇ်ပါပဲ ။ သူ့ရဲ့ ချီအရှိန်အဝါတွေဟာ မူလကထက်ကို အဆပေါင်းများစွာ အားနည်းနေခဲ့ပါပြီ ။
" လခွီးပဲ…… သည်ပုဆိန် အစောင့်အရှောက် ဝိညာဉ်က ဘာလို့ အလကားနေရင်း ရန်လိုနေရတာလဲ "
နေဝန်းပြာ ဧကရာဇ်က မချိတင်ကဲ ရေရွတ်လိုက်ပါတယ် ။ သူ့ရဲ့ ပုံစံကို ကြည့်ရတာက အခုထက်ထိ အကြောက်တရား ပြယ်သေးပုံ မရပါဘူး ။
သူက အကျိုးအပဲ့ နယ်မြေထဲမှာ အသက်ပျောက်လုနီးပါး ဖြစ်ခဲ့တာပါ ။
သူက မဟာ ဧကရာဇ်တစ်ပါး ဖြစ်အောင် ကြိုးကြိုးစားစား ကျင့်ကြံခဲ့တာဟာ အလကားနေရင်း အသေခံဖို့ မဟုတ်ပါဘူး ။
" နေဝန်းပြာ …… ကြည့်ရတာ မင်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတဲ့ပုံပါလား "
ဝိညာဉ်ဧကရာဇ်က ထူးဆန်းတဲ့ အကြည့်တွေနဲ့ နေဝန်းပြာ ဧကရာဇ်ကို လှမ်းကြည့်လာခဲ့ပါတယ် ။
" ဝိညာဉ် ဧကရာဇ် …… ခင်ဗျားက ဘာအဓိပါ္ပယ်နဲ့ ပြောတာလဲ "
" ဘာအဓိပါ္ပယ်မှ မဟုတ်ပါဘူး ။ ငါက သည်အတိုင်း နောက်လိုက် အသစ် တစ်ယောက် လိုချင်နေတာလေ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဝိညာဉ် ဧကရာဇ်က နေဝန်းပြာ ဧကရာဇ် အနားကို ရောက်လာပြီး လည်ပင်းကို ဖမ်းညှစ်လိုက်ပါတယ် ။
" ဝိညာဉ် ဧကရာဇ် …… ခင်ဗျားက ကျုပ်ကို သည်လိုလုပ်လို့ ရမယ် ထင်နေတာလား "
" သွားစမ်း "
နေဝန်းပြာ ဧကရာဇ်ကလည်း မခေပါဘူး ။ သူက သူ့ရဲ့ နေဝန်းပြာ ချီအတွင်းအားတွေကို စုစည်းလိုက်ပြီး ဝိညာဉ် ဧကရာဇ်ရဲ့ ရင်ဘတ်ကို ဒေါသတကြီး ရိုက်ထည့်လိုက်ပါတယ် ။
ဘန်း……
" အား "
ဘန်းဆိုတဲ့ အသံကြီးနဲ့အတူ ဝိညာဉ် ဧကရာဇ်ဟာ အဝေးကို လွင့်ထွက်သွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း အသံနက်ကြီးနဲ့ အားရပါးရ အော်ဟစ်လိုက်သူကတော့ နေဝန်းပြာ ဧကရာဇ်ပဲ ဖြစ်ပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ သူက သူ့ရဲ့ စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းဟာ ဆွဲဆုတ်ခံလိုက်ရတယ်လို့ ခံစားလိုက်မိလို့ပါပဲ ။
သူ့ရဲ့ ခံစားချက်က လုံးဝ မမှားပါဘူး ။
အဝေးတစ်နေရာမှာတော့ ဝိညာဉ် ဧကရာဇ်ဟာ မီးခိုးရောင် စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုကို လက်ထဲမှာ ကိုင်ထားခဲ့ပါပြီ ။
စိတ်ဝိညာဉ် ဆိုတာက ကမ္ဘာပေါ်က အဆန်းကြယ်၊အလျှို့ဝှက်ဆုံး အရာတွေထဲက တစ်ခုပါပဲ ။ အဲသည်အတွက် တစ်ဖက်လူက ဝိညာဉ် တာအို ကျင့်ကြံသူ မဟုတ်ဘဲနဲ့ စိတ်ဝိညာဉ်ကို ထိဖို့ ဆိုတာက လုံးဝ မဖြစ်နိုင်ပါဘူး ။
" ဝိညာဉ် ဧကရာဇ်…… ခင်……ခင်ဗျား …… "
နေဝန်းပြာ ဧကရာဇ်က အတော်လေး ကြောက်ရွံ့နေခဲ့ပါပြီ ။
ဝိညာဉ် ဧကရာဇ်က တစ်ချက် ရယ်လိုက်ပြီး
" နေဝန်းပြာ …… အရမ်းလည်း ကြောက်မနေပါနဲ့ကွာ ။ ငါ့ရဲ့ ဝိညာဉ် အစေခံ ဖြစ်ရတဲ့အတွက် မင်းအနေနဲ့ ဂုဏ်တောင် ယူရဦးမှာကွ ။ မင်းသိလား…… လဝန်းနီ ဧကရာဇ်ကလည်း ငါ့ရဲ့ ဝိညာဉ် အစေခံ ဖြစ်ပြီးနေပြီကွ "
" ဝိညာဉ် အစေခံလား "
နေဝန်းပြာ ဧကရာဇ်က အာတောင် ခြောက်ကပ်လာသလိုပါပဲ ။
သူက " ဝိညာဉ် အစေခံ "ဆိုတဲ့ အရာကို တစ်ခါမှ မကြားဖူးပါဘူး ။ ဒါပေမဲ့လည်း " အစေခံ "ဆိုတဲ့ စကားလုံး ပါနေမှတော့ အဲဒါဟာ ဘယ်လိုမှ ကောင်းတဲ့အရာ မဖြစ်နိုင်တာ သိသာလွန်းမက သိသာနေခဲ့ပါပြီ ။
" အမှန်အတိုင်း ပြောရမယ် ဆိုရင် တကယ်လို့များ မင်းအခုလို ဒဏ်ရာ အပြင်းအထန် မရခဲ့ရင်တော့ မင်းကို ဝိညာဉ် အစေခံဖြစ်အောင် လုပ်ဖို့ ငါအတော်လေး အားစိုက်ရမှာကွ ။ ဒါပေမဲ့ အခုကတော့ …… ဟီး…ဟီး…ဟီး "
ဝိညာဉ် ဧကရာဇ်က တဟီးဟီး ရယ်နေရင်းနဲ့ အစိမ်းရောင် အလင်းတန်း တစ်ခုကို လက်ကနေ ထုတ်လိုက်ပြီး မီးခိုးရောင် ဝိညာဉ်အပိုင်းအစပေါ်မှာ အင်းကွက်တစ်ခုကို ရေးဆွဲနေပါတော့တယ် ။
အဲဒါကတော့ ဝိညာဉ် အင်းကွက် ဖြစ်ပြီး အဲဒါကို ပစ်မှတ်ရဲ့ စိတ်ဝိညာဉ်ပေါ်မှာ ရေးဆွဲလိုက်ပြီဆိုရင် ပစ်မှတ်ဟာ ချက်ချင်း ဝိညာဉ် အစေခံ ဖြစ်လာမှာပဲ ဖြစ်ပါတယ် ။
ဟုတ်ပါတယ် ။ တစ်ဖက်လူကို ဝိညာဉ် အစေခံအဖြစ် ပြောင်းရတာက သည်နည်းလမ်း တစ်ခုတင် မကဘဲ အများကြီး ရှိပါသေးတယ် ။ တစ်ဖက် ပစ်မှတ်ရဲ့ စိတ်ဝိညာဉ်ထဲမှာ ဝိညာဉ်မျိုးစေ့တစ်ခု တိတ်တဆိတ် ထားလိုက်ပြီး ဝိညာဉ်အစေခံအဖြစ် ပြောင်းလို့ရတဲ့ နည်းလမ်းမျိုးလည်း ရှိပေမယ့် အဲဒါက အချိန် ကြာလွန်းတဲ့အတွက် ဝိညာဉ် ဧကရာဇ် အနေနဲ့ စိတ်မဝင်စားပါဘူး ။
ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာ သူကြောက်ရမယ့်လူ မရှိမှတော့ သူ့အနေနဲ့ ဘာဖြစ်လို့ ဝိညာဉ်မျိုးစေ့ ထားတဲ့ နည်းလမ်းကို ရွေးနေရဦးမှာလဲ ။
တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်ပေါ်မှာ ဝိညာဉ် အင်းကွက် ရေးဆွဲတာက ပိုပြီး မြန်သလို ပိုပြီးလည်း သက်ရောက်မှု ရှိပါတယ် ။
ဝိညာဉ် အင်းကွက်ကို ရေးဆွဲပြီးတဲ့ နောက်မှာတော့ ဝိညာဉ် ဧကရာဇ်ဟာ မီးခိုးရောင် စိတ်ဝိညာဉ် အပိုင်းအစကို လွှတ်ပေးလိုက်ပါတယ် ။
မီးခိုးရောင် စိတ်ဝိညာဉ် အပိုင်းအစကလည်း အသိုက်ကို ပြန်တဲ့ ပျံလွှားငှက် တစ်ကောင်လိုပါပဲ ။ အဲဒါက ဝိညာဉ် ဧကရာဇ် လွှတ်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် နေဝန်းပြာ ဧကရာဇ်ရဲ့ ပင်မ စိတ်ဝိညာဉ်ဆီကို ပြေးဝင်သွားပြီး ပေါင်းစပ်သွားခဲ့ပါပြီ ။
" မလုပ်နဲ့ "
နေဝန်းပြာ ဧကရာဇ်ကတော့ သွေးရူးသွေးတန်း အော်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။
ဘုန်း……
အဲသည်နောက်မှာတော့ နေဝန်းဧကရာဇ်ဟာ မျက်ဖြူ ဆိုက်ပြီး အနောက်ကို လှန်ကျသွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ သူဟာ မျက်လုံးပွင့်ပြီး ပြန်ထလာခဲ့ပါတယ် ။
" သခင့်ကို ဂါဝရ ပြုပါတယ် "
မျက်လုံးပွင့်ပွင့်ချင်းမှာ နေဝန်းပြာ ဧကရာဇ် လုပ်တာကတော့ ဒူးတစ်ဖက် ထောက်လိုက်ပြီး အရိုအသေ ပေးတာပါပဲ ။
အခုအချိန် သူ့ရဲ့ စိတ်ထဲမှာတော့ ဝိညာဉ် ဧကရာဇ်ကို သစ္စာ စောင့်သိရုံကလွဲပြီး ဘာမှ မသိတော့ပါဘူး ။
ဝိညာဉ် ဧကရာဇ်က ကျေနပ်စွာနဲ့ ခေါင်းတညိတ်ညိတ် လုပ်ပြီး နေဝန်းပြာ ဧကရာဇ်ကို ထခွင့် ပြုလိုက်ပါတယ် ။
" ထလို့ရပြီ "
" ကျေးဇူးတင်ပါတယ် …… သခင် "
အဲသည်နောက်မှာတော့ ဝိညာဉ် ဧကရာဇ်ဟာ နေဝန်းပြာ ဧကရာဇ်ကို အရေးမစိုက်တော့ပါဘူး ။ အခုအချိန်က လီဖူချန်းကို ရှာရမယ့် အချိန်ပါပဲ ။
ဒါပေမဲ့လည်း အချိန် အတန်ကြာတဲ့အထိ သူဟာ လီဖူချန်းရဲ့ အရိပ်အယောင်ကိုတောင် အာရုံ မခံမိပါဘူး ။
ကြည့်ရတာတော့ လီဖူချန်းက ဒေါသပုဆိန် ချောက်ကမ်းပါးထဲကနေ ထွက်သွားတာပဲ ဖြစ်ရပါမယ် ။
" ကောင်းကင် ခရီးသည်……အခုချက်ချင်း သူ့ကို ရှာပြီး လိုက်ဖမ်းစမ်း "
အဲသည်အတွက် ဝိညာဉ် ဧကရာဇ်က သူ့ရဲ့ တခြား ဝိညာဉ်အစေခံ တစ်ယောက်ဆီကို လီဖူချန်းရဲ့ သတင်းအချက်အလက်တွေ ပေးပို့လိုက်ပြီး လိုက်ဖမ်းဖို့ အမိန့်ပေးလိုက်ပါတယ် ။
" ဟုတ်ကဲ့ပါ …… သခင် "
စကားသံ ဆုံးတဲ့နောက်မှာတော့ မျောလွင့်ကောင်းကင်တောင်ရဲ့ အထက် တိမ်ပင်လယ်ထဲမှာ ရှိနေတဲ့ လူရိပ်တစ်ရိပ်ဟာ အလင်းတန်း တစ်ခုအသွင် ပြောင်းပြီး ပျောက်ကွယ်သွားခဲ့ပါပြီ ။
တကယ်လို့ လီဖူချန်းသာ သည်နေရာမှာ ရှိနေလို့ကတော့ သူဟာ ကောင်းကင် ခရီးသည်လို့ ခေါ်တဲ့ လူကို မသိဘဲ နေမှာ မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ အဲသည်လူက မျောလွင့်ကောင်းကင်တောင်ရဲ့ တိုက်ရိုက် မျိုးဆက် အကြီးအကဲတွေထဲက တစ်ယောက်ဖြစ်တဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၈ ထျန်းခုံး သိုင်းဧကရာဇ် ဖြစ်နေလို့ပါပဲ ။
***
ငွေနှင်းမှုန် မြို့တော် ………
သည်မြို့ကတော့ ဒေါသပုဆိန် ချောက်ကမ်းပါးနဲ့ အနီးကပ်ဆုံးမှာ တည်ရှိနေတဲ့ စီရင်စု မြို့တော်တစ်ခု ဖြစ်ပါတယ် ။
ချွင် ……
စူးရှတောက်ပလှတဲ့ အလင်းတန်းကြီး တစ်ခုနဲ့အတူ လူရိပ်တစ်ရိပ်ဟာ စီရင်စုမြို့တော်ရဲ့ တည်နေရာ ရွှေ့ပြောင်း စင်မြင့်ထက်မှာ ပေါ်လာခဲ့ပါပြီ ။ အဲသည်လူကတော့ ထျန်းခုံး သိုင်းဧကရာဇ်ကလွဲပြီး တခြားလူ မရှိပါဘူး ။
အဲသည်နောက်မှာတော့ သူဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ထုတ်လွှတ်လိုက်ပြီး ငွေနှင်းမှုန် မြို့တော်ရဲ့ ဝင်္ကပါ အစီအရင်တွေ အားလုံးကို ထိန်းချုပ်ထားလိုက်ပါတယ် ။
သူ့ရဲ့ အကြံကတော့ လုံးဝ ရေပက်မဝင်အောင် စေ့စပ်လွန်းလှတယ်လို့ ဆိုရပါမယ် ။
လီဖူချန်းက ဝိညာဉ် ဧကရာဇ်ရဲ့ ရန်ကို ကြောက်လို့ မျောလွင့်ကောင်းကင်တောင်ကို ပြန်မယ် ဆိုရင် သေချာပေါက် တည်နေရာ ရွှေ့ပြောင်း စင်မြင့်ကို သုံးရမှာပါပဲ ။ မျောလွင့်ကောင်းကင်တောင်ကို တည်နေရာ ရွှေ့ပြောင်းပေးနိုင်တဲ့ စင်မြင့်ကလည်း သည်အနီးအနား တစ်ဝိုက်မှာ ငွေနှင်းမှုန်မြို့တော် တစ်ခုတည်း ရှိပါတယ် ။
တကယ်လို့ လီဖူချန်းသာ ငွေနှင်းမှုန် မြို့တော်ထဲကို ဝင်လာလို့ကတော့ ဘယ်နည်းနဲ့မှာ ပြန်ထွက်သွားနိုင်စရာ အကြောင်းရှိမှာ မဟုတ်ပါဘူး ။
အဲသည်အချိန်မှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ နှစ်ယောက်ဟာ ငွေနှင်းမှုန် မြို့တော်နဲ့ မိုင်နှစ်သောင်းလောက် ကွာဝေးတဲ့ အရပ်တစ်ခုကို ရောက်ရှိနေခဲ့ပါပြီ ။
" ရန်ချင်းဟူ …… ငါတို့ တည်နေရာ ရွှေ့ပြောင်း စင်မြင့်တွေကို မသုံးဘဲ သည်အတိုင်း အရှေ့ပင်လယ်ကို သွားကြရင် မကောင်းဘူးလား "
လီဖူချန်းက ရုတ်တရက်ကြီး ရန်ချင်းဟူကို ပြောလာခဲ့ပါတယ် ။
တကယ်လို့ သူတို့က တည်နေရာ ရွှေ့ပြောင်း စင်မြင့်တွေကို အသုံးပြုမယ် ဆိုရင်တော့ မျောလွင့်ကောင်းကင်တောင်ကို ဖြတ်ကျော်သွားဖို့အတွက်တောင်မှ အချိန် ဘယ်လောက်မှ ယူရမှာ မဟုတ်ပါဘူး ။ ဒါပေမဲ့လည်း မျောလွင့်ကောင်းကင်တောင်ရဲ့ ထိပ်ပိုင်း အကြီးအကဲတွေထဲက တစ်ယောက်က ဝိညာဉ် ဧကရာဇ်ရဲ့ ဝိညာဉ် အစေခံ ဖြစ်နေမလား ဆိုတာကို လီဖူချန်းက စိုးရိမ်နေမိပါတယ် ။
" နင်ပြောတာ မဆိုးဘူး ။ မျောလွင့်ကောင်းကင်တောင်ရဲ့ ထိပ်ပိုင်း အကြီးအကဲတွေထဲမှာလည်း ဝိညာဉ် ဧကရာဇ်ရဲ့ ဝိညာဉ် အစေခံတွေ ရှိချင် ရှိနေမှာပဲ "
ရန်ချင်းဟူကလည်း လီဖူချန်း ပြောတာကို သဘောတူလိုက်ပါတယ် ။
သည်လိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ ငွေနှင်းမှုန် မြို့တော်ကို မဝင်တော့ဘဲ အရှေ့ပင်လယ်ဆီကို တိုက်ရိုက် ပျံသန်း သွားကြပါတော့တယ် ။
ထျန်းခုံး သိုင်းဧကရာဇ်ကတော့ လီဖူချန်းကို ငွေနှင်းမှုန် မြို့တော်မှာ ဇွဲနပဲ ကြီးစွာနဲ့ စောင့်ဆိုင်းနေဆဲပါပဲ ။ ဒါပေမဲ့လည်း အချိန် အကြာကြီး စောင့်ပြီးတဲ့အထိ သူဟာ လီဖူချန်းရဲ့ အရိပ်အယောင်ကို မတွေ့ရသေးပါဘူး ။ အဲသည်အတွက် နောက်ဆုံးမှာတော့ သူဟာ ဘာမှ မတတ်နိုင်တော့ဘဲ ဝိညာဉ် ဧကရာဇ်ကို သတင်း လှမ်းပို့လိုက်ရ ပ်တော့တယ် ။
ထျန်းခုံး သိုင်းဧကရာဇ်ရဲ့ သတင်းစကားကို ကြားပြီးတဲ့ နောက်မှာတော့ ဝိညာဉ် ဧကရာဇ်ရဲ မျက်လုံးတွေဟာ အေးစက်သွားခဲ့ပါပြီ ။
" ဟမ့် …… ငါက သည်ကလေးကို လျော့တွက်လိုက်မိပြီပဲ ။ သူက တကယ်ကို ဉာဏ်များလွန်းတယ် ။ သူက သာမန် ပါရမီရှင်ကို လုံးဝ မဟုတ်ဘူး "
သူ့ရဲ့ အမြင်မှာတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ဟာ သေချာပေါက် အရည်အသွေးကောင်း တစ်ခုပါပဲ ။ ပြီးတော့ သူက လီဖူချန်းဟာ ပြန်လည်ဝင်စားတဲ့ ကျင့်ကြံသူ တစ်ဦးလို့လည်း သံသယ ရှိမိနေပါသေးတယ် ။
ဒါပေမဲ့ ဒါတွေက သိပ်ပြီး အရေး မကြီးလှပါဘူး ။ လီဖူချန်းက ဘယ်အမျိုးအစားထဲကပဲဖြစ်ဖြစ် သူ့အတွက်တော့ အသုံးဝင်မှာ အသေအချာပါပဲ ။
" ကောင်စုတ်လေး …… တခြား နေရာတွေကို သွားရင်တော့ ငါမင်းကို ခဏ လွှတ်ထားပေးလိုက်မယ် ။ ဒါပေမဲ့ အရှေ့ပင်လယ်ကို သွားရင်တော့ ငါ့လက်ထဲ မိပြီလို့သာ မှတ်ပေတော့ "
ဝိညာဉ် ဧကရာဇ်က ထူးဆန်းတဲ့ အပြုံး တစ်ခုကို ပြုံးပြီး ကြိမ်းဝါးလိုက်ပါတယ် ။
………
ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်က ကြီးမားလွန်းလှတဲ့ ကုန်းမြေ တစ်ခုပါပဲ ။ အရှေ့ပင်လယ်က မျောလွင့်ကောင်းကင်တောင်နဲ့ နီးတယ် ဆိုရင်တောင်မှ လီဖူချန်းတို့ နှစ်ယောက်ဟာ အရှေ့ပင်လယ်ရဲ့ ကမ်းခြေကို ရောက်ဖို့အတွက် တစ်လကျော် အချိန် ယူခဲ့ရပါတယ် ။
အရှေ့ပင်လယ် ကမ်းခြေကို ရောက်လာတဲ့ အခါမှာလည်း လီဖူချန်းက စိတ်မအေးနိုင်သေးပါဘူး ။ အဲသည်အတွက် သူက ကိုယ်ပျောက် မန္တာန်နဲ့ ဟူးကွေးထျင်းကျင် မန္တာန်ကို ရွတ်ဆိုလိုက်ပြီး သူနဲ့ရန်ချင်းဟူ အပေါ်မှာ သုံးထားလိုက်ပါသေးတယ် ။
***