← Chapters

(စာစဉ်- ၄၉ ) အကြို-အရှင်သခင် အဆင့် မိစ္ဆာသားရဲ

Vol. 49 Ch. 666

(စာစဉ်- ၄၉ ) အကြို-အရှင်သခင် အဆင့် မိစ္ဆာသားရဲ

Vol. 49 Ch. 666

ဟူး……ဟူး……ဟူး……

အရှေ့ပင်လယ်ရဲ့ ကောင်းကင်ထက်မှာတော့ ပုံပန်းသဏ္ဍာန် အတိအကျ မရှိဘဲ ကိုယ်ပျောက်နေကြတဲ့ လူနှစ်ယောက်ဟာ ပျံသန်းနေကြပါတယ် ။

အဲသည်လူနှစ်ယောက်ကတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့က လွဲပြီး တခြားသူ မရှိပါဘူး ။

ဟူးကွေးထျင်းကျင် မန္တာန် ဆိုတာက လူတစ်ယောက်ရဲ့ ချီအရှိန်အဝါတွေကို မှေးမှိန်သွားစေပြီး အာရုံခံရ ခက်ခဲအောင် ပြုလုပ်ပေးနိုင်ပါတယ် ။အဲသည်အတွက် မဟာ ဧကရာဇ်တွေက သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို သုံးပြီး လီဖူချန်းတို့ကို ရှာရင်တောင်မှ လွယ်လွယ်နဲ့ တွေ့နိုင်မှာ မဟုတ်ပါဘူး ။ ပြီးတော့ ကိုယ်ပျောက် မန္တာန်ကလည်း သူတို့ကို သက်ရှိတွေရဲ့ မြင်ကွင်းကနေ ပျောက်ကွက်နေအောင် ပြုလုပ်ပေးပါသေးတယ် ။

သည်မန္တာန် နှစ်ခုကို အတူတကွ သုံးလိုက်တဲ့ အခါမှာဆိုရင် နေဝန်းပြာ ဧကရာဇ်က သူတို့ကို ဘယ်လိုမှ ရှာတွေ့မှာ မဟုတ်ဘူးလို့ လီဖူချန်းက လုံးဝ ယုံကြည်ပါတယ် ။ ဒါပေမဲ့လည်း ဝိညာဉ် ဧကရာဇ်က သူတို့ကို ရှာတွေ့နိုင်မလား ဆိုတဲ့ အပေါ်မှာတော့ လီဖူချန်းက ယတိပြတ် အာမ မခံရဲပါဘူူး ။

ဘယ်လိုပဲ ဖြစ်ဖြစ် ။ ဝိညာဉ် ဧကရာဇ် ဆိုတာက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ရဲ့ အလျှို့ဝှက်ဆုံး မဟာ ဧကရာဇ် မဟုတ်ပါလား ။

သူ့ဆီမှာက ဘယ်သူမှ မခန့်မှန်းနိုင်တဲ့ ခြေရာကောက် နည်းစနစ်တွေ ရှိရင် ရှိနေလောက်မှာပါ ။

" အင်း …… ငါက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်မှာ နောက်ထပ် ဆယ်နှစ်လောက် နေရဦးမယ် ထင်နေခဲ့တာ "

လီဖူချန်းက အရှေ့ပင်လယ်ရဲ့ ကမ်းခြေဘက်ကို နောက်ပြန် ကြည့်လိုက်ရင်းနဲ့ တီးတိုး ရေရွတ်လိုက်ပါတယ် ။

အရှေ့ယူနီကွန်းတိုက် ၊ ရောင်စဉ် ခုနစ်ဖြာ ကုန်းမြေတိုက် ၊ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက် ………

အခုဆိုရင် သူက ကုန်းမြေတိုက် သုံးခုမှာတောင် ကျင်လည်ခဲ့ ပြီးပါပြီ ။ ကြည့်ရတာတော့ သူက နေရာ တစ်ခုမှာ အငြိမ်မနေဘဲ ကမ္ဘာလောကကြီး တစ်ခုလုံးကို  လျှောက်သွားရမယ့် ခြေသလုံးအိမ်တိုင် ကံဇာတာ ပါလာပုံပါပဲ ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လက်ရှိ သူနဲ့ အသင့်တော်ဆုံး နေရာဟာ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ပါပဲ ။

သူက သည်နေရာမှာ နေပြီး ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို အေးအေးဆေးဆေး တက်လှမ်း နိုင်ပါတယ် ။ ဒါပေမဲ့လည်း အခုတော့ သူဟာ လှုပ်ရှား ရုန်းကန်ရပါတော့မယ် ။

သူ့အနေနဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို တက်လှမ်းနိုင်ဖို့အတွက် ဘယ်လောက်အထိ စောင့်ရဦးမယ် မသိပါဘူး ။

အရိုးသားဆုံး ပြောရမယ် ဆိုရင်တော့ လီဖူချန်းက သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာ ဝိညာဉ် ဧကရာဇ်နဲ့ တွေ့ဆုံပြီးကတည်းက သည်ကုန်းမြေတိုက်မှာ သိပ်ကြာကြာ နေရတော့မှာ မဟုတ်ဘူးလို့  ခံစားမိနေခဲ့တာပါ ။

ဘာဖြစ်လို့လဲ ဆိုတော့ အဲသည်တုန်းက ဝိညာဉ် ဧကရာဇ်က သူ့ရဲ့ စိတ်ဝိညာဉ် အရည်အသွေးကို မြင်နိုင်တဲ့ ပုံနဲ့ ကြည့်သွားခဲ့တာ မဟုတ်ပါလား ။

ရန်ချင်းဟူကတော့ လီဖူချန်းကို အားပေးရှာပါတယ် ။

" လီဖူချန်း …… ငါတို့နှစ်ယောက်ရဲ့ အရည်အချင်းနဲ့ ဆိုရင် ပင်လယ် ၊ သမုဒ္ဒရာတွေကို ဖြတ်ပျံရတာက အရမ်းကြီး အန္တရာယ် မများလောက်ဘူူး ။ တကယ်လို့ အဆင့်မြင့် ကုန်းမြေတိုက် တစ်ခုကို ရှာတွေ့ပြီ ဆိုရင် ငါတို့က အချိန် သုံးနှစ်လောက်နဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်လို့ ရတယ် "

လီဖူချန်းက ခေါင်းခါလိုက်ပြီး

" အဆင့်မြင့် ကုန်းမြေတိုက် တစ်ခုကို ရှာရတာက ဘယ်လိုလုပ်ပြီး အဲလောက် လွယ်မှာလဲ ။ ဒါပေမဲ့ ငါတို့နှစ်ယောက်က သည်အထိ ရောက်လာပြီးမှတော့ အကောင်းဆုံး လုပ်ရတော့မှာပေါ့ "

လီဖူချန်းက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်က ထွက်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီး အနည်းငယ် စိတ်ပျက်နေရုံပဲ ရှိတာပါ ။ သူက သူ့ရဲ့ အနာဂတ်ကိုတော့ လုံးဝ စိတ်မပူပါဘူး ။

ကျင့်ကြံခြင်း လမ်းစဉ် ဆိုတာက ဆူး၊ငြောင့်၊ခလုတ်တွေနဲ့ ပြည့်နှက်နေတဲ့ လမ်းတစ်ခုပါပဲ ။ တကယ်လို့ လူတစ်ယောက်က ပန်းခင်းတဲ့ လမ်းကိုပဲ လျှောက်နေမယ်ဆိုရင် အဲသည်လူဟာ ပျက်ဆီး သွားပါလိမ့်မယ် ။

ဓားတစ်လက် ဆိုတာက ဘယ်လောက်ပဲ ထက်တယ်ပြောပြော မသုံးတော့တာ ကြာပြီ ဆိုရင် သံချေး တက်တာ သဘာဝပါပဲ ။

တကယ်လို့ လီဖူချန်းက ရွှေရောင် လက်ဖွဲ့အဆောင် ရှိတယ်ဆိုပြီး သာမန် ဘဝမှာသာ ပျောက်မွေ့နေမယ် ဆိုရင် သူဟာ အခုအချိန်မှာ တိုက်ပွဲဝိညာဉ် နယ်ပယ်ကိုတောင် ရောက်ဦးမှာ မဟုတ်ပါဘူး ။

ဘယ်လိုပဲ ဖြစ်ဖြစ် ။ လူဆိုတာက ဖိအားတွေ ရှိနေမှသာ အရည်အသွေးကောင်းတွေ ထွက်ပေါ်လာတတ်တာ မဟုတ်ပါလား ။

***

ဝုန်း……

ပင်လယ်ကြီးထဲက လှိုင်းလုံးကြီး တစ်လုံးဟာ ရုတ်တရက် ထွက်ပေါ်လာပြီး မီတာ တစ်ထောင် အထိကို မြှင့်တက်လာခဲ့ပါတယ် ။

" မကောင်းတော့ဘူး "

သည်လှိုင်းလုံးကြီးက ဘာလဲ ဆိုတာကိုတော့ လီဖူချန်း အနေနဲ့ ရေရေရာရာ မသိပါဘူး ။ ဒါပေမဲ့လည်း သူက ခံစားချက် လုံးဝ မကောင်းတဲ့အတွက် ဓားအရွေ့ကို သုံးပြီး ပိုမြင့်တဲ့ နေရာကို တက်သွားခဲ့ပါတယ် ။

" ဓားမော့ အရွေ့ "

ရန်ချင်းဟူကလည်း သူနဲ့ ကပ်လျက် လိုက်ပါလာပြီးသားပါပဲ ။

သူတို့ရဲ့အောက် ပင်လယ်ထဲမှာတော့ ဧရာမ လက်တံကြီး တစ်ခုဟာ ရေထဲကနေပြီး ထွက်ပေါ်နေခဲ့ပါပြီ ။ အဲသည် လက်တံကြီးပေါ်မှာ ရှိနေတဲ့ စုပ်ခွက်ကြီးတွေကလည်း တစ်ခုကို သုံးမိုင်လောက် အထိကို ကြီးမားပါတယ် ။

တကယ်လို့ သူတို့ နှစ်ယောက်ကသာ အချိန်မီ မရှောင်လိုက်နိုင်ဘူး ဆိုရင်တော့ သူတို့ဟာ သည်စုပ်ခွက်ကြီးတွေရဲ့ စုပ်ယူခြင်းကို ခံရပြီး အသက် ပျောက်သွားမှာ အသေအချာပါပဲ ။

လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ မျက်နှာ ပျက်နေခဲ့ကြပါပြီ ။

အထူးသဖြင့်ကတော့ လီဖူချန်းပါပဲ ။ သူက ဝိညာဉ် ဧကရာဇ်ထက် ပိုကြောက်စရာကောင်းတဲ့ အန္တရာယ် အငွေ့အသက်ကို ရနေတာ မဟုတ်ပါလား ။

ဝိညာဉ် ဧကရာဇ် ဆိုတာက မဟာ ဧကရာဇ်တွေ ကြားထဲမှာတောင်မှ ထိပ်ဆုံးက ရပ်တည်နေသူပါ ။ အခု အန္တရာယ်က ဝိညာဉ် ဧကရာဇ်ထက် ပိုဆိုးနေတယ် ဆိုမှတော့ အဲသည် အန္တရာယ် အရင်းအမြစ်ဟာ ဘယ်လောက်အထိ ကြောက်စရာ ကောင်းနေသလဲ ဆိုတာ ခန့်မှန်းလို့ ရနေပါပြီ ။

" သ……သည်ချီအရှိန်အဝါ …… ဒါ……ဒါက မိစ္ဆာသားရဲ အရှင်သခင် တစ်ပါးရဲ့ ချီအရှိန်အဝါ "

ရန်ချင်းဟူက သူမရဲ့ တုန်ယင်နေတဲ့ အသံကို မထိန်းနိုင်တော့ပါဘူး ။

သူမက မိစ္ဆာသားရဲ အရှင်သခင်တွေကို ကြုံခဲ့ဖူးပါတယ် ။အဲသည်အတွက် သူမက မိစ္ဆာသားရဲ အရှင်သခင်တွေရဲ့ အမူအကျင့်တွေနဲ့ ချီအရှိန်အဝါတွေကို ကောင်းကောင်းကြီး ရင်းနှီးပါတယ် ။

လူသားတွေပဲ ဖြစ်ဖြစ် ဒါမှမဟုတ် မိစ္ဆာသားရဲတွေပဲ ဖြစ်ဖြစ်ပါလေ ။ သူတို့က သူတော်စင် နယ်ပယ် နဲ့ အရှင်သခင် နယ်ပယ်ကို ရောက်သွားပြီ ဆိုရင် ဥပဒေသ စွမ်းအားတွေကို သူတို့ရဲ့ မျိုးဆက်သွေးနဲ့ ပေါင်းစပ်လိုက်လို့ ရပါတယ် ။

အဲသည်အတွက်ကြောင့်လည်း မိစ္ဆာသားရဲ အရှင်ခင်တွေ နဲ့ သူတော်စင်တွေဟာ ကြောက်မက်ဖွယ် ကောင်းတဲ့ ချီအရှိန်အဝါတွေကို ထုတ်လွှတ်နိုင်ကြတာပါ ။

" မဟုတ်ဘူး …… မဟုတ်သေးဘူး ။ အဲဒါက အကြို-အရှင်သခင် အဆင့်ပဲ ရှိသေးတာ ။ တကယ်လို့ အဲဒါက မိစ္ဆာသားရဲ အရှင်သခင် ဆိုရင် အစောပိုင်းက တိုက်ခိုက်မှုကို ငါတို့ ဘယ်လိုမှ ရှောင်နိုင်မှာ မဟုတ်ဘူး "

ရန်ချင်းဟူ ဆက်ပြောလိုက်ပြန်ပါတယ် ။

မိစ္ဆာသားရဲ အရှင်သခင်တွေ ဆိုတာက မခန့်မှန်းနိုင်အောင် အစွမ်းထက်တဲ့ တည်ရှိမှုတွေပါပဲ ။ တကယ်လို့ မိစ္ဆာသားရဲ အရှင်သခင် တစ်ပါးကသာ သူတို့ကို ချောင်းမြောင်း တိုက်ခိုက်မယ် ဆိုရင် သူတို့ဟာ အဲဒါကို ဘယ်လိုမှ ရှောင်တိမ်းနိုင်စရာ အကြောင်း မရှိပါဘူး ။

သူတို့လို မူလပင်လယ် နယ်ပယ် ဘုရင်တွေကို မပြောပါနဲ့ ။ မဟာ ဧကရာဇ်တွေတောင်မှ အဲသည် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်စရာ အကြောင်း မရှိပါဘူး ။

" ဒါ……ဒါကြီးက "

အောက်ကို ငုံ့ကြည့်လိုက်မိတဲ့ အခါမှာတော့ လီဖူချန်းတို့ နှစ်ယောက်စလုံးရဲ့ မျက်လုံးတွေဟာ ပြူ းကျယ် သွားခဲ့ပါပြီ ။

သူတို့ရဲ့အောက် ပင်လယ်ထဲမှာတော့ ကြောက်စရာ ကောင်းလှတဲ့ ရေဘဝဲကြီး တစ်ကောင် ရှိနေပြီး အဲသည်ကောင်ကြီးရဲ့ ဦးခေါင်းကတောင်   မိုင်တစ်ထောင် နီးပါးအထိ ရှိနေပါတယ် ။ ပြီးတော့ သူ့ရဲ့ လက်တံတွေ အားလုံးကလည်း အနည်းဆုံး မိုင်ရှစ်ရာပါပဲ ။

ရေဘဝဲကြီးရဲ့ အရေပြားကတော့ အနက်ရောင်မှာ ရွှေရောင်အနည်းငယ် ရောနေပြီး အဲဒါက မြင်ရသူတိုင်းကို ရင်ထဲ ၊ အသည်းထဲကနေ ကြောက်လန့်သွားစေနိုင်စွမ်းတဲ့ ခံစားမှုမျိုးကို ပေးစွမ်းနေပါတယ် ။

" ရှီးခုံးထွယ် ရေဘဝဲ "

ရန်ချင်းဟူက ရေဘဝဲကြီးကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး ရေဘဝဲကြီးရဲ့ ဇစ်မြစ်ကို သိသွားခဲ့ပါပြီ ။

သည်ရေဘဝဲကြီးက အကြို-အရှင်သခင် အဆင့် မိစ္ဆာသားရုဲဖြစ်တဲ့ ရှီးခုံးထွယ် ရေဘဝဲပါပဲ ။

( note - ရှီးခုံးထွယ် = ဟင်းလင်းပြင် စုပ်ယူသူ )

ရှီးခုံးထွယ် ရေဘဝဲတွေရဲ့ မျိုးဆက်သွေးက အကန့်အသတ် ရှိပါတယ် ။ သည်ရေဘဝဲတွေက မိစ္ဆာသားရဲ အရှင်သခင်တွေထဲမှာ သိပ်ပြီး အဆင့် မရှိလှပါဘူး ။ ဒါပေမဲ့လည်း မိစ္ဆာသားရဲ အရှင်သခင်တွေ ဆိုတာက မယုံနိုင်စရာ ကောင်းလှတဲ့ အစွမ်းတွေကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ် ။ ဒဏ္ဍာရီတွေထဲက အရ ဆိုရင်တော့ ရှီးခုံးထွယ် ရေဘဝဲ တစ်ကောင်ဟာ မိစ္ဆာသားရဲ အရှင်သခင် အဆင့်ကို တက်လှမ်းသွားပြီဆိုရင် လက်တံတွေပေါ်မှာ ရှိတဲ့ စုပ်ခွက်တွေနဲ့ အရာရာကို စုပ်ယူနိုင်ပါတယ်တဲ့ ။

ရှီခုံးထွယ် ရေဘဝရဲ့ စုပ်ခွက်တွေထဲမှာ စုပ်ယူခံလိုက်ရပြီ ဆိုရင်တော့ အသက်ရှင်လျက် ပြန်ထွက်လာဖို့ စဉ်းကို မစဉ်းစားပါနဲ့တော့ ။ ဘာဖြစ်လို့လဲဆိုတော့ ရှီးခုံးထွယ် ရေဘဝဲရဲ့ စုပ်ခွက်တွေက စုပ်ယူလိုက်တဲ့ အရာမှန်သမျှကို ဗလာ၊နတ္ထိ အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိလု့ိပါပဲ ။

" ဒါ့ကြောင့်ကိုး "

လီဖူချန်းက သူ့ရဲ့ ကိုယ်ပျောက်မန္တာန်နဲ့ ဟူးကွေးထျင်းကျင် မန္တာန် အလုပ် မလုပ်တော့တဲ့ အပေါ်မှာ ထူးပြီး မအံ့သြတော့ပါဘူး ။

တစ်ဖက်ရန်သူက အကြို- အရှင်သခင် အဆင့် မိစ္ဆာသားရဲ ဖြစ်နေမှတော့ သူ့ရဲ့ မန္တာန်တွေအပေါ် ထိုးဖောက်ပြီး ကြည့်မြင်နိုင်မှာပါပဲ ။

" မင်းတို့နှစ်ယောက်စလုံးက မဆိုးဘူး ။ ငါ့ရဲ့ ဝိညာဉ် အစေခံ လုပ်ကြပါလား ။ ငါက မင်းတို့ကို ကျင့်ကြံခြင်း လမ်းစဉ်ရဲ့ ထိပ်ဆုံးကို ရောက်အောင် ဦးဆောင် ခေါ်ပေးသွားမယ် "

စကားသံ အဆုံးမှာတော့ လူတစ်ယောက်ဟာ ရှီးခုံးထွယ် ရေဘဝရဲ့ ဦးခေါင်းပေါ်မှာ ပေါ်လာခဲ့ပါတယ် ။ အဲသည်လူကတော့ ဝိညာဉ် ဧကရာဇ်ကလွဲပြီး တခြားသူ မရှိပါဘူး ။

" အဲဒါက သူ့ရဲ့ ဝိညာဉ်ကိုယ်ပွားပဲ ။ သူ့ရဲ့ ခန္ဓာကိုယ် အစစ် မဟုတ်ဘူး "

ရန်ချင်းဟူက လီဖူချန်းကို လှမ်းပြီး ပြောလိုက်ပါယ် ။

" အင်း "

လီဖူချန်းကလည်း အဲသည် အချက်ကို သတိထားမိတာပါပဲ ။

ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်က ကောလာဟလတွေအရ ဆိုရင်တော့ ဝိညာဉ် ဧကရာဇ်ဟာ မိစ္ဆာသားရဲ အရှင်သခင် နှစ်ပါးကို ထိန်းချုပ်နိုင်ပါတယ်တဲ့ ။ ကြည့်ရတာတော့ အဲသည် ကောလာဟလတွေက အခြေအမြစ် မရှိဘဲ ထွက်လာတဲ့ပုံ မရပါဘူး ။

ဝိညာဉ် ဧကရာဇ်က ဝိညာဉ် မိစ္ဆာသားရဲ အရှင်သခင် နှစ်ပါးကို မထိန်းချုပ် နိုင်ပေမယ့် အကြို-အရှင်သခင် အဆင့် မိစ္ဆာသားရဲ နှစ်ကောင်ကိုတော့ ထိန်းချုပ်နိုင်လောက်ပါတယ် ။

အဆင့်ချင်း တူတယ် ဆိုရင် မိစ္ဆာသားရဲတွေက လူတွေထက် ပိုသန်မာတာ သဘာဝပါပဲ ။ အဲသည်အတွက် အကြို-အရှင်သခင် အဆင့် မိစ္ဆာသားရဲ တစ်ကောင်က အကြို-သူတော်စင် နယ်ပယ်က လူသားကျင့်ကြံသူထက် ပိုပြီး အစွမ်းထက်ပါတယ် ။

" ပုံမှန်ဆိုရင် ငါက အလောင်းအစား လုပ်ရတာကို မကြိုက်ဘူး ။ ဒါပေမဲ့လည်း အခုတော့ မလုပ်မဖြစ် လုပ်ရတော့မယ် "

လီဖူချန်းက ရန်ချင်းဟူကို လှမ်းပြောလိုက်ပါတယ် ။

" ဘာအလောင်းအစားလဲ "

ရန်ချင်းဟူကတော့ လီဖူချန်းရဲ့ စကားထဲကနေပြီး မကောင်းတဲ့ ခံစားချက်တွေ ရနေသလိုပါပဲ ။

" နောက်ကျရင် သိရမှာပေါ့ "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက ရန်ချင်းဟူကို ဘယ်ဘက်လက်နဲ့ လှမ်းဆွဲလိုက်ပြီး ညာဘက်လက်နဲ့ တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားကို ထုတ်ယူလိုက်ပါတယ် ။

အဲသည်နောက်မှာတော့ ကောင်းကင်ပေါ်ကနေ အလင်းတန်းကြီး တစ်ခု ကျဆင်းလာပြီး လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကို သယ်ဆောင်သွားခဲ့ပါပြီ ။

" ပြန်လာခဲ့စမ်း "

ဝိညာဉ် ဧကရာဇ်က သွေးရူးသွေးတန်းနဲ့ ရှီးခုံးထွယ် ရေဘဝဲကို စုပ်ယူဖို့ အမိန့်ပေးလိုက်ပေမယ့်လည်း အချိန် မမီတော့ပါဘူး ။

လီဖူချန်းတို့ နှစ်ယောက်ကတော့ သူတို့နေရာကနေပြီး ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့ပါပြီ ။

" ဟင်း "

ဝိညာဉ် ဧကရာဇ်က မကျေမချမ်းနဲ့ သက်ပြင်းချရုံပဲ တတ်နိုင်ပါတော့တယ် ။ သူက လီဖူချန်းဆီမှာ တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြား ရှိနေလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ခဲ့ မိပါဘူး ။

………

ခရက်……ခရက်……ခရက်……

အဲသည်အချိန်မှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ ပင်လယ်ပြင်ကျယ်ကြီးရဲ့ တစ်နေရာမှာ ဟင်းလင်းပြင် တုန်ခါမှုလှိုင်းတွေနဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ် ။

" ဝေါ့ "

" ဝေါ့ "

သူတို့နှစ်ယောက် ပြန်ပေါ်လာတာနဲ့ ပထမဦးဆုံး လုပ်တဲ့ အလုပ်ကတော့ သွေးတွေကို ပြိုင်တူ အန်ထုတ်နေတာပါပဲ ။  ပြီးတော့ သူတို့ရဲ့ ချီအရှိန်အဝါတွေကလည်း နဂိုမူလကထက် အများကြီး အားနည်းနေကြပါပြီ ။

" လီဖူချန်း …… နင်သုံးလိုက်တာ တည်နေရာရွှေ့ပြောင်း ဘုတ်ပြားလား "

ရန်ချင်းဟူက သွေးအန်ပြီးပြီးချင်းမှာပဲ မေးလာခဲ့ပါတယ် ။

" အင်း "

လီဖူချန်းကလည်း နှုတ်ခမ်းပေါ်မှာ ကျန်နေတဲ့ သွေးတွေကို လက်ခုံနဲ့ သုတ်ရင်း ပြန်ဖြေလိုက်ပါတယ် ။

လီဖူချန်းက တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားဟာ သူ့ကို ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက် ဒါမှမဟုတ် အရှေ့ယူနီကွန်း ကုန်းမြေတိုက်ကို ပြန်ခေါ်သွားနိုင်မလား ဆိုတာကို စမ်းချင်နေတာ ကြာပါပြီ ။ ဒါပေမဲ့လည်း သူက တကယ့် လက်တွေ့မှာတော့ မစမ်းသပ်ရဲခဲ့ပါဘူး ။

တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းအား ဆိုတာက နေရာလပ် စွမ်းအား ဖြစ်တဲ့အတွက် တစ်ခုခု မှားသွားခဲ့မယ် ဆိုရင် အလောင်းတောင် ကျန်မှာ မဟုတ်ပါဘူး ။

ဒါပေမဲ့လည်း ကြည့်ရတာကတော့ သည်တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားဟာ သူ့ကို ရောင်စဉ် ခုနစ်ဖြာ ကုန်းမြေတိုက် ဒါမှမဟုတ် အရှေ့ယူနီကွန်းတိုက်ကို ပြန်ပို့ပေးနိုင်ပုံပါပဲ ။

ဒါပေမဲ့လည်း လီဖူချန်းက လူအပိုတစ်ယောက် ခေါ်လာခဲ့တဲ့အပြင် သွားရမယ့် ခရီးကလည်း ဝေးလွန်းလှတဲ့အတွက် တည်နေရာ ရွှေ့ပြောင်း စင်မြင့်က လမ်းခရီး တစ်ထောင့်တစ်နေရာ အထိပဲ ပို့ဆောင်ပေးနိုင်ခဲ့ပုံ ရပါတယ် ။

" တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားတွေ ဆိုတာက ကုန်းမြေတိုက် တစ်ခုကို ရောက်အောင် ပို့ပေးနိုငိတယ် ။ ဒါပေမဲ့ နင့်ရဲ့ တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားက အဆင့်နိမ့် အမျိုးအစားပဲ ။ စွမ်းအင်ကန်ထဲက စွမ်းအားတွေက ငါတို့ နှစ်ယောက်ကို တည်နေရာ ရွှေ့ပြောင်း ပေးဖို့ မလုံလောက်ဘူး "

ရန်ချင်းဟူက ပြောလာခဲ့ပါတယ် ။

တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားတွေ ဆိုတာက သူတော်စင် ဝိညာဉ် ကုန်းမြေတိုက်မှာတောင်မှ အတော်လေး ရှားပါးလွန်းလှတဲ့ အရာတွေပါပဲ ။ ဒါပေမဲ့ လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆိုရင်တော့ မဝယ်နိုင်ဘဲ မရှိပါဘူး ။

***

All Chapters