← Chapters

(စာစဉ်- ၄၉) ခိုင်စူ နတ်ဆိုးမြွေ

Vol. 49 Ch. 667

(စာစဉ်- ၄၉) ခိုင်စူ နတ်ဆိုးမြွေ

Vol. 49 Ch. 667

စွမ်းအင် မလုံလောက်ဘဲ တည်နေရာ ရွှေ့ပြောင်းလိုက်တဲ့အတွက်  တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားက လီဖူချန်းတို့ နှစ်ယောက်ကို အတွင်းဒဏ် ရစေရုံသာမက သူတို့ရဲ့ သွေးချီအရင်းအမြစ်ကိုပါ ထိခိုက်ခဲ့ပါတယ် ။

အဲသည်အတွက် သူတို့က အရင်လို ရက်ဆက် မပျံသန်းနိုင်တော့ပါဘူး ။ နေ့တစ်ဝက်လောက် ပျံသန်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်း အပေါ်ကို ဆင်းသက်လိုက်ရပါတယ် ။

အဲဒါက မိုင်တစ်ထောင် ပတ်လည်လောက်သာရှိတဲ့ ကျွန်းငယ်လေး တစ်ခုပါပဲ ။

မိုင်တစ်ထောင်ပတ်လည် ဆိုတာက သာမန်လူတွေအတွက် ကျယ်ကောင်း ကျယ်ပါလိမ့်မယ် ။ ဒါပေမဲ့ လီဖူချန်းတို့လို အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ အဖို့ကတော့ အဲဒါက ဘယ်လောက်မှ မရှိပါဘူး ။

အဆုံးမဲ့ သမုဒ္ဒရာ နဲ့ ယှဉ်မယ် ဆိုရင်လည်း မိုင်တစ်ထောင် ပတ်လည်ဆိုတာက တစ်ကယ့််ကို အစက်လေး တစ်စက် သာသာပဲ ရှိပါတယ် ။

အချက်အလက်နဲ့ ပြောရမယ် ဆိုရင်လည်း သည်လို ကျွန်းငယ်လေးတွေ ဆိုတာက အဆုံးမဲ့ သမုဒ္ဒရာထဲမှာ သိပ်ကြာကြာ ခံမှာ မဟုတ်ပါဘူး ။

နှစ်အနည်းငယ်လောက် ကြာပြီဆိုရင် လှိုင်းလုံးကြီးတွေက သည်လိုကျွန်းတွေကို တိုက်စားသွားမှာပါပဲ ။ ဒါမှမဟုတ် ပင်လယ်သားရဲကြီးတွေက ဖျက်ဆီးသွားတာလည်း ဖြစ်နိုင်ပါတယ် ။

လီဖူချန်းက ဝင်္ကပါ အစီအရင်တွေကို မကျွမ်းကျင်ပါဘူး ။ ဒါပေမဲ့ သူက ဂါထာ ၊ မန္တရားတွေကိုတော့ တော်တော်လေး ကျွမ်းကျင်ပါတယ် ။

အဲသည်အတွက် သူက ဗာဂျရာ မန္တာန်ကို ရွတ်ဆိုပြီး ကျွန်းတစ်ခုလုံးကို ရွှေရောင် အလင်းတန်း တစ်ခုနဲ့ လွှမ်းခြုံစေလိုက်ပါတယ် ။

" ရပြီ "

သိပ်မကြာခင်မှာတော့ ရွှေရောင် အလင်းတန်းဟာ ပြန်ပျောက်သွားပြီး ကျွန်းတစ်ခုလုံးဟာ ပုံမှန် အနေအထားအတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ ။

သည်မန္တာန်က ကျွန်းကို အပြင်ဘက်ကနေ ကြည့်လိုက်ရင် ဘာမှ ပြောင်းလဲမှု မရှိအောင် အကာအရံ တစ်ခု ချထားပေးနိုင်တဲ့ မန္တာန်ပါပဲ ။

အဲသည်နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ ကျွန်းပေါ်က တောင်ထွတ် တစ်ခုပေါ်မှာ ထိုင်ပြီး သူတို့ရဲ့ ဒဏ်ရာတွေ ပြန်လည်ကောင်းမွန်လာအောင် ကုသကြပါတယ် ။

ဒါပေမဲ့လည်း ရက်အနည်းငယ် ကြာတဲ့အထိ သူတို့ရဲ့ ဒဏ်ရာက ပြန်လည်ကောင်းမွန်လာခြင်း မရှိပါဘူး ။

သွေးချီ အရင်းအမြစ်က သူတို့ ထင်ထားတာထက်တောင်မှ ပြန်လည်ကောင်းမွန်ဖို့ ခက်နေပါတယ် ။ သည်ပုံစံအတိုင်း ဆိုရင်တော့ မိုးကြိုးကပ်ဘေး ဆေးပင် ဒါမှမဟုတ် မိုးကြိုးကပ်ဘေး ဆေးရည်ကို ရရင်ရပါပဲ ။ မဟုတ်လို့ကတော့ သူတို့ရဲ့ သွေးချီအရင်းအမြစ်ဟာ အချိန်တိုအတွင်း ပြန်လည် ပြည့်ဝလာဖို့ လုံးဝ မဖြစ်နိုင်ပါဘူး ။

ဘန်း……ဘန်း……ဘန်း……

ပေါက်ကွဲသံတွေနဲ့ အတူ ရွှေရောင် အလင်းတန်း အကာကွယ် တစ်ခုဟာ ကျွန်းရဲ့ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာပြန်ပါတယ် ။ ကြည့်ရတာကတော့ မိစ္ဆာသားရဲ ဘုရင် တချို့ဟာ ကျွန်းပေါ်ကို တက်ရောက်ဖို့ ကြိုးစားနေပုံပါပဲ ။

" ရန်ချင်းဟူ…… သွားကြစို့ "

မိစ္ဆာသားရဲ ဘုရင်တွေကို သတ်ဖြတ်ဖို့ ဆိုတာက  သူတို့အတွက် အလွယ်လေး ဖြစ်ပေမယ့် လီဖူချန်းက မသတ်ဖြတ်ချင်ပါဘူူး ။

ပင်လယ် ၊ သမုဒ္ဒရာထဲမှာက မိစ္ဆာသားရဲ ဘုရင်တွေဟာ နေရာအလိုက် အပိုင်စား ရကြပါတယ် ။ ပြီးတော့ သူတို့ရဲ့ အထက်မှာလည်း ဆိုင်ရာ၊ဆိုင်ရာ မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးစီ ရှိကြပါသေးတယ် ။ တကယ်လို့ သူက မိစ္ဆာသားရဲ ဘုရင်တွေကို သတ်မိလိုက်မယ်ဆိုရင် သူတို့ရဲ့ အထက်က မိစ္ဆာသားရဲ ဧကရာဇ်က သူ့ကို လာပြီး ပြသနာ ရှာမှာ အသေအချာပါပဲ ။ ဒါက လုံးဝ မထိုက်တန်ပါဘူး ။

အဲသည်နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ ကောင်းကင်ပေါ်ကို ပျံတက်ပြီး ပျောက်ကွယ်သွားပါတော့တယ် ။

***

သမုဒ္ဒရာကြီးက ကြီးမား ကျယ်ပြန့်လွန်းလှတဲ့အတွက် လီဖူချန်းတို့ နှစ်ယောက်ဟာ သူတို့ရဲ့ ဦးတည်ရာ အရပ်ကို သေသေချာချာ မသိမြင်ကြတော့ပါဘူး ။

သူတို့က အစမှာ ရောင်စဉ် ခုနစ်ဖြာ ကုန်းမြေတိုက်ကို ဦးတည်နေပေမယ့်လည်း အခုတော့ သူတို့ဟာ ဘယ်ကို ဦးတည်လို့ ဦးတည်နေမှန်း မသိတဲ့အထိ ဝေဝါးနေခဲ့ကြပါပြီ ။

" မင်းက မြစ်ကမ်းနံဘေးမှာ လမ်းလျှောက်နေသရွေ့ မင်းရဲ့ ဖိနပ်တွေက ရေစိုနေမှာပဲ "

ဒါကတော့ ရှေးလူကြီးတွေ ပြောနေကျ ဆိုရိုးစကား တစ်ခွန်းပဲ ဖြစ်ပါတယ် ။

အခု သမုဒ္ဒရာထဲမှာ ပျံသန်းနေကြတဲ့ လူနှစ်ယောက်အတွက်ကလည်း အဲသည်လိုပါပဲ ။သူတို့အနေနဲ့ သည်ကျယ်ပြောလှတဲ့ သမုဒ္ဒရာထဲမှာ ပျံသန်းနေသရွေ့ တစ်ချိန်မဟုတ် တစ်ချိန်မှာ မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးနဲ့ ကြုံရမှာပါပဲ ။

ဂျိန်း……ဒလိန်း……လိန်း …… ဂျိန်း……

ဝေါ……ဝေါ……ဝေါ……

သည်လိုနဲ့ပဲ တစ်နေ့မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ ပင်လယ်ပြင် ရေလက်ကြား တစ်ခုကို ဖြတ်ပြီး ပံျသန်းချိန်မှာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ မုန်တိုင်း တစ်ခုနဲ့ ကြုံကြရပါတော့တယ် ။သည်နေရာမှာက အားကောင်းလွန်းတဲ့ လေပြင်းတွေနဲ့ ပြင်းထန်းလွန်းလှတဲ့ မိုးကြိုးတွေ ဆက်တိုက် ပစ်ခတ်နေတဲ့အတွက် မသိရင် ကမ္ဘာ ပျက်နေသလိုပါပဲ ။

" အဲဒါက မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးပဲ "

ရန်ချင်းဟူရဲ့ မျက်နှာက လေးနက် တည်ကြည် သွားခဲ့ပါပြီ ။

ပင်လယ် ၊ သမုဒ္ဒရာတွေရဲ့ အတွင်းပိုင်းကို ရောက်ပြီဆိုရင် အခြေအနေတွေဟာ ကမ်းခြေဘက်နဲ့ လုံးဝ မတူတော့ပါဘူး ။

ပင်လယ် ၊ သမုဒ္ဒရာတွေရဲ့ အတွင်းပိုင်းမှာ ဆိုရင် ရာသီဥတုက ရုတ်တရက် ပြောင်းလဲသွားနိုင်ပါတယ် ။

ပင်လယ် ၊ သမုဒ္ဒရာတွေရဲ့ အတွင်းပိုင်းမှာက ချီစက်ကွင်းလေး အနည်းငယ် ထုတ်လိုက်ရင်တောင်မှ မုန်တိုင်းကြီး တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ ။

ပင်လယ် ၊ သမုဒ္ဒရာ ကမ်းခြေဘက်က ရေပိုင်နက်တွေကတော့ ကုန်းမြေတိုက် စွမ်းအားတွေနဲ့ ဆက်နွှယ်နေတဲ့အတွက် ရာသီဥတု အခြေအနေဟာ အလွယ်တကူ မပြောင်းလဲနိုင်ပါဘူး ။

ဒါကြောင့်လည်း အရှေ့ပင်လယ်မှာ ရှီးခုံးထွယ် ရေဘဝဲ ပေါ်လာတုန်းက ပတ်ဝန်းကျင် ရာသီဥတု အခြေအနေဟာ မပြောင်းလဲဘဲ ရှိနေခဲ့တာပါ ။

" ဟား……ဟား……… လူသားနှစ်ယောက်ပါလား ။ ကောင်းတယ် ……ကောင်းတယ် ။ ငါလည်း လူသား မစားရတာ အတော်လေး ကြာနေပြီကွ ။ မင်းတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုက ငါ့ရဲ့ စံနှုန်းကို မမီပေမယ့် ငါအတတ်နိုင်ဆုံး သည်းခံပြီး စားပေးပါ့မယ် "

မုန်တိုင်းရဲ့ အတွင်းထဲမှာတော့ အနီရောင် နဲ့ အနက်ရောင် ကြေးခွံတွေ ရောစပ်ထားတဲ့ ပင်လယ်မြွေကြီးတစ်ကောင် ပေါ်လာခဲ့ပါပြီ ။ သည်မြွေကြီးရဲ့ ခန္ဓာကိုယ် အရှည်အလျားကတော့ အနည်းဆုံး မိုင်လေးရာပါပဲ ။

မိစ္ဆာသားရဲတွေက ယေဘုယျအားဖြင့် ဆိုရင် သူတို့ရဲ့ နဂိုမူလ ပုံစံကိုပဲ နှစ်ခြိုက်ကြပါတယ် ။ သူတို့က လူယောင် ဖန်ဆင်းနိုင်စွမ်း ရှိနေရင်တောင်မှ မလိုအပ်ဘဲ လူသားအသွင်ကို မပြောင်းကြပါဘူး ။

" လီဖူချန်း…… သတိထား ……အဲဒါက ခိုင်စူ နတ်ဆိုးမြွေပဲ ။ သည်မြွေက အလယ်အလတ် မိစ္ဆာသားရဲ ဧကရာဇ် အဆင့်ပဲ ရှိတယ် ဆိုပေမယ့် သူ့ရဲ့ အဆိပ်က အင်မတန် ပြင်းတယ် ။ မဟာ ဧကရာဇ်တွေတောင်မှ သူ့ရဲ့ အဆိပ် မိသွားရင် အသက်အန္တရာယ် မကင်းဘူး "

ရန်ချင်းဟူက လီဖူချန်းကို လှမ်းပြီး သတိပေးလိုက်ပါတယ် ။

" အင်း "

လီဖူချန်းက ပင်လယ်သားရဲတွေနဲ့ ပတ်သက်ပြီး သိပ်မသိပါဘူး ။ ဒါပေမဲ့ သူက ရန်ချင်းဟူဟာ သူ့ထက်ပိုပြီး ဗဟုသုတ အများကြီး ရှိတယ် ဆိုတာကို သိပါတယ် ။

" ဓားအရွေ့ "

" ဓားမော့အရွေ့ "

အဲသည်နောက်မှာတော့ ဓားအလင်းတန်း တစ်ခု နဲ့ ဓားမော့ အလင်းတန်း တစ်ခု ပေါ်လာပြီး လီဖူချန်းတို့ နှစ်ယောက်ဟာ မိုင်နှစ်ရာကျော်ကို ရုတ်ချည်း နေရာ ပြောင်းရွှေ့ သွားခဲ့ကြပါပြီ ။

" ဟမ့် …… သည်လို ပြေးလို့ လွတ်မယ် ထင်နေတာလား "

ဒါပေမဲ့လည်း ခိုင်စူ နတ်ဆိုးမြွေက ကြီးမားလွန်းလှတဲ့အတွက် မိုင်နှစ်ရာဆိုတဲ့ အကွာအဝေးက လီဖူချန်းတို့အတွက် လုံလောက်ခြင်း မရှိခဲ့ပါဘူး ။

အဲသည်အတွက် သူက အမြီးနဲ့ လီဖူချန်းတို့ကို လှမ်းရိုက်လိုက်ပါတယ် ။ တစ်ချိန်တည်းမှာပဲ ပုံမှန် မဟုတ်တဲ့ စွမ်းအားတစ်ခုကလည်း လေဟာနယ် ဟင်းလင်းပြင်ကို ဖိနှိပ်ထားခဲ့ပါသေးတယ် ။

" သွားစမ်း "

သေရေး၊ရှင်ရေးနဲ့ ကြုံရတဲ့ အခါမှာတော့ လီဖူချန်းဟာ သူ့ရဲ့ သွေးချီအရင်းအမြစ်ကို ဂရု မစိုက်နိုင်တော့ပါဘူး ။ သူက တန်ခိုးစွမ်းအားလက်ကို အသုံးပြု ပြီး ခိုင်စူ နတ်ဆိုးမြွေရဲ့ အမြီးကို ပြန်ရိုက်လိုက်ပါတယ် ။

ဝုန်း ……

" ဝေါ့ "

နားပင်းလုမတတ် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သွေးစိမ်းရှင်ရှင် အန်ပြီး လွင့်ထွက်သွားခဲ့ပါပြီ ။

ခိုင်စူ နတ်ဆိုးမြွေက အလယ်အလတ် မိစ္ဆာသားရဲ ဧကရာဇ် အဆင့် ဆိုပေမယ့် သူ့ရဲ့ အစွမ်းက အဆင့်မြင့် လူသား ဧကရာဇ်တွေနဲ့ ညီမျှပါတယ် ။ အဲသည်အတွက် လီဖူချန်းက သူ့ရဲ့ အထွတ်အထိပ် အချိန်အခါမှာ ရှိနေရင်တောင်မှ ခိုင်စူ နတ်ဆိုးမြွေရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး ။ အခုလို ဒဏ်ရာရနေတဲ့ အခြေအနေမှာ ဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့ ။

" မဟူရာ ဓားမော့ ၊ ကံကြမ္မာ အလှည့်အပြောင်း "

လီဖူချန်း တစ်ယောက် အခြေအနေ မဟန်ဘူးဆိုတာ သိလိုက်တာနဲ့ တစ်ပြိုင်နက် ရန်ချင်းဟူက သူမရဲ့ ဓားမော့ကို ဆွဲထုတ်ပြီး တိုက်ပွဲထဲ ဝင်လာခဲ့ပါတယ် ။

ရွှမ်း……

ခိုင်စူ နတ်ဆိုးမြွေရဲ့ အမြီးက မပျက်စီး နိုင်သလောက်ပါပဲ ။ ဒါပေမဲ့ ရန်ချင်းဟူရဲ့ ဓားမော့ကတော့ အမြီးပေါ်မှာ ကြီးမားလှတဲ့ ဓားဒဏ်ရာကြီး တစ်ခု ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

ပတ်ဝန်းကျင် ရေပြင် တစ်ခုလုံးဟာလည်း သွေးတွေနဲ့ နီရဲသွားခဲ့ပါပြီ ။

" သွေးအရိပ် "

ခိုင်စူ နတ်ဆိုးမြွေက ခန္ဓာကိုယ်ကို ဆက်ခနဲ လှုပ်လိုက်ပြီး သူ့ရဲ့ တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပါတယ် ။

အဲသည်နောက်မှာတော့ အစောပိုင်းက သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်သွားတဲ့ သွေးတွေဟာ စုစည်းသွားပြီး  သွေးရောင်သန်းနေတဲ့ နောက်ထပ် ခိုင်စူ နတ်ဆိုးမြွေ တစ်ကောင် အဖြစ် ပြောင်းလဲ သွားစေခဲ့ပါပြီ ။

သည်ခိုင်စူ နတ်ဆိုးမြွေကတော့ နဂိုမူလကထက် ပိုကြမ်းတမ်း ရက်စက်မယ့်ပုံ ပေါ်နေပြီး သူ့ရဲ့ ခန္ဓာကိုယ်ကလည်း အနီရောင် ရောင်ခြည်စက်ကွင်း တစ်ခုကို ထုတ်လွှတ်နေပါသေးတယ် ။

ရန်ချင်းဟူရဲ့ ချီအကာအကွယ် နဲ့ ဓားမော့ ဆန္ဒတို့က အနီရောင် ရောင်ခြည်စက်ကွင်းနဲ့ ထိမိတဲ့အခါမှာ ဆိုရင်လည်း ' ရှဲ ' ဆိုတဲ့ တိုက်စားသံတစ်ခု ထွက်ပေါ်လာပါသေးတယ် ။

" ရွှေချပ်ဝတ်တန်ဆာ ရေနတ်ဘုရား မန္တာန် "

ဝုန်း……

အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ကီလိုဂရမ် သန်းနဲ့ချီတဲ့ ပင်လယ်ရေတွေဟာ ထကြွလာပြီး ရွှေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတဲ့ ရေဘီလူးကြီး တစ်ကောင် အဖြစ်ကို ပြောင်းသွားခဲ့ပါပြီ ။ ပြီးတာနဲ့ တစ်ပြိုင်နက် ရေဘီလူးကြီးက သူ့လက်ထဲက ဓားမကြီးနဲ့ ခိုင်စူ နတ်ဆိုးမြွေကို ခုတ်ပိုင်းပစ်လိုက်ပါတယ် ။

ရွှေချပ်ဝတ်တန်ဆာ ရေနတ်ဘုရား မန္တာန် ……

သည်မန္တာန်ကတော့ အလယ်အလတ်တန်းစား မန္တာန် တစ်ပုဒ်ပါပဲ ။ လက်ရှိ လီဖူချန်းရဲ့ ဂါထာ၊မန္တရား ပညာရပ် အပေါ် ကျွမ်းကျင်မှုက ဂါထာ၊မန္တရား သိုင်းဧကရာဇ်ကို မီနေပြီ ဖြစ်တဲ့အတွက် အလယ်အလတ် အဆင့် ဧကရာဇ်တွေကို ကောင်းကောင်းကြီး ယှဉ်နိုင်နေပါပြီ ။

အထူးသဖြင့်  ရွှေချပ်ဝတ်တန်ဆာ ရေနတ်ဘုရား မန္တာန်ရဲ့ ပထမဆုံး တိုက်ခိုက်မှုက အဆင့်မြင့် ဧကရာဇ်တွေရဲ့ အသက် အန္တရာယ်ကိုတောင်မှ ခြိမ်းခြောက် နိုင်ပါတယ် ။

ဒါပေမဲ့လည်း လီဖူချန်းက သည်ရွှေချပ်ဝတ်တန်ဆာ ရေနတ်ဘုရား မန္တာန်ဟာ ခိုင်စူ နတ်ဆိုးမြွေကို အနိုင်ယူနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး ။ သူက ဒါကို အချိန်အနည်းငယ် ဆွဲပေးနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်သုံးခဲ့တာပါ ။

အဲသည်အတွက် သူက  ရွှေချပ်ဝတ်တန်ဆာ ရေနတ်ဘုရား မန္တာန်ကို ထုတ်သုံးပြီးတာနဲ့ တစ်ပြိုင်နက် ရန်ချင်းဟူကို ထွက်ပြေးဖို့အတွက် လှမ်းပြီး အချက်ပြလိုက်ပါတယ် ။

ဘန်း……

ခိုင်စူ နတ်ဆိုးမြွေရဲ့ နဂိုမူလ ခန္ဓာကိုယ်ဟာ  ရွှေချပ်ဝတ်တန်ဆာ ရေနတ်ဘုရား မန္တာန်ရဲ့ လက်ချင်ကြောင့် စုတ်ပြဲ သွားခဲ့ပါပြီ ။ဒါပေမဲ့လည်း ဘေးမှာ ရှိနေတဲ့ သွေးရောင် ခိုင်စူ နတ်ဆိုးမြွေကတော့ ဘာမှ မဖြစ်သွားခဲ့ပါဘူး ။

လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကတော့ သည်အဖြစ်အပျက်ကို အခွင့်ကောင်းယူပြီး ရုတ်ချည်း နေရာပြောင်းရွှေ့ သွားကြပါတယ် ။

ဒါပေမဲ့လည်း ခိုင်စူ နတ်ဆိုးမြွေက သူတို့ကို လက်လွှတ်မခံပါဘူး ။

သူက စူးရှစွာ တစ်ချက် အော်လိုက်ပြီး သွေးရောင် ခိုင်စူ နတ်ဆိုးမြွေကို ဖောက်ခွဲပစ်လိုက်ပါတယ် ။

အဲသည်နောက်မှာတော့ သွေးရောင် ခိုင်စူ နတ်ဆိုးမြွေဟာ သွေးတိမ်တိုက်ကြီး တစ်ခုအဖြစ် ပြောင်းပြီး လီဖူချန်းတို့နောက်ကို အမီ လိုက်ပါတော့တယ် ။

" အဆိပ် …… အဲဒါက အဆိပ်ပဲ "

လီဖူချန်းက သူ့ရဲ့ ဓားစွမ်းအင်ဟာ အဆိပ်နဲ့ ထိတွေ့နေမိပြီ ဆိုတာကို ခံစားမိလိုက်ပါတယ် ။

" လီဖူချန်း …… အဆိပ်ကို ဂရု စိုက်မနေနဲ့ ။ လွတ်အောင် အရင်ပြေး "

ရန်ချင်းဟူကလည်း အဆိပ်ကို ခံစားမိတာပါပဲ ။

ဒါပေမဲ့ သူတို့အနေနဲ့ လက်ရှိမှာ အဲဒါကို အရေးလုပ်နေဖို့ အချိန် မရှိပါဘူး ။

သည်လိုနဲ့ပဲ နေ့ဝက်လောက် မနားမနေ ပြေးပြီးတဲ့ နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ ခိုင်စူ နတ်ဆိုးမြွေရဲ့ အမဲလိုက်ခြင်းကနေ လွတ်ကင်းသွားခဲ့ပါပြီ ။

" အလယ်အလတ်တန်းစား မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးက ငါတို့ကို သည်လို သနားစရာကောင်းတဲ့ အခြေအနေကို ရောက်အောင် လုပ်နိုင်တယ်တဲ့ ။ ဒါက တကယ့်ကို မယုံချင်စရာပဲ ။ နောက်ထပ် သည်လို မိစ္ဆာသားရဲ ဧကရာဇ်တွေ ဘယ်နှစ်ပါးတောင် တွေ့ရဦးမလဲ မသိဘူး "

လီဖူချန်းက ညည်းတွားလိုက်ပါတယ် ။ ဒါက သူ့အတွက် သမုဒ္ဒရာကြီးဟာ ဘယ်လောက်အထိ ကြမ်းတမ်း ရက်စက်တယ် ဆိုတာကို ပထမဆုံးအကြိမ် နဖူးတွေ့၊ဒူးတွေ့ ကြုံရခြင်းပါပဲ ။

ရန်ချင်းဟူက ပြုံးလိုက်ပြီး

" ပင်လယ် ၊ သမုဒ္ဒရာထဲမှာ ရှိတဲ့ မိစ္ဆာသားရဲ ဧကရာဇ်တွေက နင်ခန့်မှန်းနိုင်တာထက် ပိုများတယ် ။ လူတချို့ကတော့ မိစ္ဆာသားရဲ ဧကရာဇ်တွေရဲ့ အရေအတွက်က လူသား ဧကရာဇ်တွေထင် အနည်းဆုံး အဆ တစ်ရာ ပိုများလိမ့်မယ်လို့ တွက်ချက်ကြတယ် ။ ကံကောင်းတာကတော့ မိစ္ဆာသားရဲ အရှင်သခင် အရေအတွက်က လူသား သူတော်စင်တွေထက် ဆယ်ဆလောက်ပဲ ရှိတာပဲ ။ ပြီးတော့ လူသားသူတော်စင်တွေက အစွမ်း ထက်လွန်းတဲ့အတွက် သူတော်စင် တစ်ပါးကို မိစ္ဆာသား အရှင်သခင် နှစ်ဆယ်လောက်နဲ့ ယှဉ်လို့ရတယ် ။ မဟုတ်လို့ကတော့ မိစ္ဆာသားရဲ မျိုးနွယ်က လူသားမျိုးနွယ်နဲ့ အတူယှဉ်တွဲ နေထိုင်ဖို့ မရွေးချယ်ဘဲ လန်စွတ်ချင်း လွင်ပြင်ကို အုပ်စိုးနေလောက်ပြီ "

" အင်း "

လီဖူချန်းက ခေါင်းညိတ်လိုက်ပါတယ် ။ မျိုးနွယ်တွေရဲ့ ခွန်အားက သူတော်စင်တွေ နဲ့ အရှင်သခင်တွေပေါ်မှာ မှီခိုနေတယ် ဆိုတာက အမှန်ပါပဲ ။ ဧကရာဇ်တွေရဲ့ အရေအတွက်က ဘယ်လောက်ပဲများများ အဲဒါက သက်ဆိုင်ရာ မျိုးနွယ်တွေ အပေါ်မှာ သိပ်ပြီး သက်ရောက်မှု သိပ်မရှိပါဘူး ။

" မိစ္ဆာသားရဲတွေက အရှင်သခင် အဆင့်ကို တက်လှမ်းသွားပြီ ဆိုရင် သူတို့ရဲ့ မျိုးဆက်သွေးက ဆင့်ကဲ ပြောင်းလဲသွားလေ့ ရှိတယ် ။ လူသားတွေကတော့ သူတော်စင် နယ်ပယ်ကို တက်လှမ်းနိုင်ပြီ ဆိုရင် သူတို့ အသက်ဓာတ်က သိသိသာသာကြီး ပြောင်းလဲသွားတယ် ။ ဒါကြောင့်လည်း သူတို့ကို သူတော်စင်တွေလို့ ခေါ်ကြပြီး ကျန်တဲ့ လူတွေကိုတော့ သေမျိုးတွေလို့ ခေါ်ကြတာပဲ ။ အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင် အားအနည်းဆုံးလို့ ခေါ်ရမယ့် သူတော်စင် တစ်ပါးကတောင်မှ ဧကရာဇ်တွေထက် အဆပေါင်း မယှဉ်သာလောက်အောင် အစွမ်းထက်တယ် ။ လူသားတွေရဲ့ သမိုင်းတစ်လျှောက်မှာ ဆိုရင်လည်း ဧကရာဇ် တစ်ပါးက သူတော်စင် တစ်ပါးကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်တယ် ဆိုတာ တစ်ခါမှ မရှိဖူးဘူး ။ တကယ်ကို တစ်ခါလေးတောင် မရှိဖူးဘူး "

ရန်ချင်းဟူက ဆက်ပြီး ရှင်းပြလာပြန်ပါတယ် ။

သူမက အရင်ဘဝက မဟာ ဧကရီ တစ်ပါး ဖြစ်ခဲ့ဖူးပြီး သူတော်စင် နယ်ပယ်ကို လှမ်းတက်ဖို့အတွက်တောင်မှ အင်မတန် နီးစပ်ခဲ့သူပါ ။

အဲသည်အတွက် သူမက မဟာ ဧကရာဇ်တွေနဲ့ သူတော်စင်တွေ ကြားထဲက ခြားနားမှုကို မသိဘဲ  မနေပါဘူး ။

မဟာ ဧကရာဇ်တွေဟာ သူတော်စင်တွေ ဖြစ်ဖို့အတွက် ခြေလှမ်း တစ်လှမ်းလောက်သာ လိုတယ် ဆိုပေမယ့် အဲသည် ခြေတစ်လှမ်းကို ကောင်းကင်ဘုံကို လှမ်းတက်ရသလိုပါပဲ ။

ဒါပေမဲ့ သူမက အဲသည် ခြေလှမ်းကို လှမ်းနိုင်ပြီ ဆိုရင်တော့ နဂါးမုဂ်ဝကို ခုန်ဝင်သွားနိုင်တဲ့ ရွှေဝါငါးကြင်းလေး တစ်ကောင်လို ဖြစ်သွားမှာပါပဲ ။ အဲဒါဆိုရင်တော့ သူမက ကမ္ဘာလောကကြီး တစ်ခုလုံး အနှံ့ကို သူမ စိတ်ရှိသလို သွားလာ လှုပ်ရှား နိုင်ပါပြီ ။

( note : တရုတ်တွေရဲ့ ဒဏ္ဍာရီတွေ အရ ဆိုရင်တော့ ရွှေဝါ ငါးကြင်းတစ်ကောင်ဟာ နဂါးမုဂ်ဝထဲကို ဝင်သွားနိုင်ပြီ ဆိုရင် နဂါး တစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ် ။)

***

All Chapters