( စာစဉ်- ၄၉ ) မိစ္ဆာသားရဲ မျိုးနွယ်ရဲ့ ဒုတိယမျိုးဆက် ဘိုးဘေး
Vol. 49 Ch. 669
ရှေးဟောင်း ကြယ်စင်မြို့တော်ကိုက အဓိကအားဖြင့် နယ်မြေ သုံးပိုင်း ပိုင်းခြား သတ်မှတ် ထားပါတယ် ။ အဲဒါတွေကတော့ အပြင်စည်း နယ်မြေ ၊ အတွင်းစည်း နယ်မြေနဲ့ ဗဟိုချက်မ နယ်မြေတို့ပါပဲ ။
လီဖူချန်းကတော့ ရှေးဟောင်း ကြယ်စင်မြို့တော်ရဲ့ အပြင်စည်း နယ်မြေမှာက မိစ္ဆာသားရဲ ဘုရင်တွေ နဲ့ မိစ္ဆာဘုရင်တွေ ပိုသက်ဝင် လှုပ်ရှားကြပြီး အတွင်းစည်း နယ်မြေမှာက မိစ္ဆာသားရဲ ဧကရာဇ်တွေ နဲ့ မိစ္ဆာ ဧကရာဇ်တွေ ပိုသက်ဝင် လှုပ်ရှားကြတာကို သတိ ပြုမိလိုက်ပါတယ် ။
ရှေးဟောင်း ကြယ်စင်မြို့တော်ထဲမှာ ဟိုဟိုသည်သည် လျှောက်သွားပြီး သတင်းစကား နည်းနည်းပါးပါး လိုက်မေးလိုက်တဲ့ အခါမှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ သည်မြို့နဲ့ ပတ်သက်တဲ့ စည်းမျဉ်း ၊ စည်းကမ်း တချို့ကို သိသွားခဲ့ကြပါပြီ ။
သည်ရှေးဟောင်း ကြယ်စင်မြို့တော်မှာက အပြင်ဘက်စည်း နယ်နိမိတ်ထဲကို ဝင်ဖို့အတွက် သတ်မှတ်ချက် မရှိပါဘူး ။ ဒါပေမဲ့ အတွင်းစည်း နယ်နိမိတ်ထဲကို ဝင်ဖို့အတွက် ဆိုရင်တော့ အဲသည်လူဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်ရင်ရောက် ဒါမှမဟုတ် အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကို ပိုင်ဆိုင်ထားကြောင်း ရှေးဟောင်း ကြယ်စင်မြို့တော်ကို သက်သေ ပြနိုင်ရပါမယ် ။
အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး သန်းတစ်ရာ ဆိုတဲ့ ပမာဏ ဆိုတာက မူလပင်လယ် နယ်ပယ် ဘုရင်တွေအတွက် မနည်းလှပါဘူး ။ အဲသည်လို ကြွယ်ဝချမ်းသာမှုမျိုး ဆိုတာက အကြို-ဧကရာဇ်တွေ နဲ့ တိုက်ခိုက်ရေး ဧကရာဇ်တွေမှသာ ပိုင်ဆိုင်နိုင်တဲ့ ပမာဏမျိုး ဖြစ်ပါတယ် ။
" ရန်ချင်းဟူ…… ငါတို့နှစ်ယောက် အပြင်ဘက်စည်း နယ်မြေထဲမှာ အရင် လျှောက်ပတ်ပြီး ကြည့်ရအောင် "
လီဖူချန်းက သည်အပြင်စည်း နယ်နိမိတ်ထဲမှာများ သွေးချီ အရင်းအမြစ်ကို ပြန်လည်ပြည့်တင်းစေတဲ့ ရှားပါး ရတနာ ပစ္စည်းတွေများ ရှိနေမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရန်ချင်းဟူကို အဖော် လှမ်းညှိလိုက်ပါတယ် ။
" အင်း.… ငါလည်း အဲသည်လို တွေးနေတာ "
ရန်ချင်းဟူကလည်း မငြင်းပါဘူး ။
ရှေးဟောင်း ကြယ်စင်မြို့တော်ရဲ့ အပြင်ဘက်စည်း နယ်နိမိတ် အတွင်းမှာတော့ ကုန်သွယ်ရေး ခန်းမ တစ်ခု ရှိနေပြီး များပြားလှတဲ့ မိစ္ဆာသားရဲ ဘုရင်တွေဟာ သူတု့ိရှေ့မှာ စားပွဲခုံငယ်လေးတွေချပြီး သူတို့ရဲ့ ရတနာ ပစ္စည်းတွေကို ရောင်းချဖို့ ကြိုးစားနေကြပါတယ် ။
သည်ရှေးဟောင်း ကြယ်စင်မြို့တော်မှာက လူသား ဘုရင်တွေ သိပ်မရှိဘူး ဆိုပေမယ့်လည်း အဲဒါက မိစ္ဆာသားရဲ မျိုးနွယ်တွေနဲ့ နှိုင်းယှဉ်တဲ့ အခါမှာပဲ ဖြစ်ပါတယ် ။ အဲသည်အတွက် သည်နေရာမှာ ရှိနေတဲ့ လူသား ဘုရင်တွေဟာ နှစ်ထောင် နီးပါးလောက်တော့ ရှိနေဆဲပါပဲ ။ ပြီးတော့ သူတို့အားလုံးဟာ မိစ္ဆာသားရဲ ဘုရင်တွေရဲ့ ဖောက်သည်တွေ ဖြစ်ကြပုံ ရပါတယ် ။
" ကျုပ်ဆီမှာ နှစ်တစ်သောင်း မဟူရာ ပုလဲ သုံးလုံးရှိတယ် ။ ပုလဲတစ်လုံးကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းနဲ့ ရမယ် ။ ဝယ်ချင်တဲ့ သူတွေ မြန်မြန်လေး လာကြ "
ကုန်သွယ်ရေး ခန်းမရဲ့ နေရာတစ်နေရာကို အရောက်မှာတော့ နှစ်တစ်သောင်း မဟူရာ ပုလဲသုံးလုံးကို လှည့်လည်ရောင်းချဖို့ ကြိုးစားနေတဲ့ မြင်းမျက်နှာပုံစံ လူကြီး တစ်ယောက်ကို လီဖူချန်းတို့ နှစ်ယောက် တွေ့လိုက်ရပါတယ် ။
" နှစ်တစ်သောင်း မဟူရာ ပုလဲပါလား "
ပုလဲ ဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ရန်ချင်းဟူရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားခဲ့ပါပြီ ။
ပုလဲ နဲ့ ကျောက်စိမ်း ဆိုတာက မိန်းကလေးတွေရဲ့ သည်းခြေကြိုက် ပစ္စည်းတွေပါပဲ ။
ဒါကိုတော့ မဟာ ဧကရီတစ်ပါး ဖြစ်တဲ့ ရန်ချင်းဟူလည်း လွန်ဆန်နိုင်ပုံ မရပါဘူး ။
" သူဌေး …… မဟူရာ ပုလဲ သုံးလုံးကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သန်းနဲ့ မရနိုင်ဘူး "
ရန်ချင်းဟူက မြင်းမျက်နှာနဲ့ လူကြီးဆီကို ချဉ်းကပ်သွားပြီး မေးလိုက်ပါတယ် ။
မြင်းမျက်နှာနဲ့ လူကြီးက ရန်ချင်းဟူ ပေးတဲ့ ဈေးနှုန်းကို လက်မခံပါဘူး ။
" နှစ်သန်းကတော့ နည်းလွန်းတယ် မိန်းကလေး ။ အနည်းဆုံးတော့ ၂.၈သန်း ပေးပါ "
" မရဘူး …… ကျွန်မကတော့ နှစ်သန်းပဲ ပေးနိုင်တယ် ။ ရှင်က မရောင်းနိုင်ဘူး ဆိုရင်လည်း ထားလိုက်ပါတော့ "
ရန်ချင်းဟူကလည်း ဘူးဆို ဖရုံ သီးတတ်သူ မဟုတ်ပါဘူး ။ အဲသည်အတွက် စကားဆုံးတာနဲ့ တစ်ပြိုင်နက် တန်းပြီး လှည့်ထွက်သွားပါတော့တယ် ။
" မိန်းကလေး …… မိန်းကလေး …… နှစ်သန်းခွဲပဲပေး ။ မဟုတ်ဘူး…… ၂.၃ သန်းပဲပေး ။ မဟုတ်သေးပါဘူး …… ၂.၁သန်း …… အနည်းဆုံးတော့ ၂.၁သန်း ပေးပါ မိန်းကလေး "
ရန်ချင်းဟူက ဈေးစကား တစ်ခွန်းပြောပြီးတာနဲ့ တန်းပြီး လှည့်ထွက်သွားတဲ့အတွက် မြင်းမျက်နှာနဲ့ လူကြီးက တင်းပြီး မခံနိုင်တော့ပါဘူး ။ သူက ရန်ချင်းဟူ နောက်ကို ကမန်းကတန်း လိုက်သွားပြီး သူထားပေးနိုင်တဲ့ အနိမ့်ဆုံး ဈေးနှုန်းကို ကမ်းလှမ်းလိုက်ပါတော့တယ် ။
" အင်း …… အဲဒါဆိုရင် ယူမယ် "
သည်လိုနဲ့ပဲ ရန်ချင်းဟူဟာ နှစ်တစ်သောင်း မဟူရာ ပုလဲ သုံးလုံးကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၂.၁ သန်းနဲ့ ဝယ်ယူ ရရှိသွားပါတော့တယ် ။
ကြည့်ရတာကတော့ ရန်ချင်းဟူက ရတနာ ပစ္စည်းတွေကို ဝယ်ယူတဲ့ နေရာမှာ အတော်လေး လူရည်လည်ပုံပါပဲ ။
" ဟီးဟီး …… ကျေးဇူးတင်ပါတယ် ……မိန်းကလေး "
ဘာကြောင့်မှန်းတော့ မသိပါဘူး ။ ဒါပေမဲ့ တစ်ဖက်က မြင်းမျက်နှာနဲ့ လူကြီးရဲ့ မျက်နှာကလည်း ပြုံးဖြဲနေတာပါပဲ ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သန်း ဆိုတာက သူသတ်မှတ်ထားတဲ့ ဈေးနှုန်းထက် နိမ့်ကျနေတယ် ဆိုပေမယ့်လည်း ရှေးဟောင်း ကြယ်စင်မြို့တော်ကို ရောင်းတာထက်တော့ အများကြီး သာပါသေးတယ် ။
ဘာဖြစ်လို့လဲဆိုတော့ ရှေးဟောင်း ကြယ်စင်မြို့တော်က နှစ်တစ်သောင်း မဟူရာပုလဲ တစ်လုံးကို အလယ်အလတ် ဝိညာဉ်ကျောက်တုံး ငါးသိန်းနဲ့သာ ဝယ်ယူတာ မဟုတ်ပါလား ။
အခု အပိုရတဲ့ အလယ်အလတ် ဝိညာဉ် ကျောက်တုံး ငါးသိန်းက သူ့လို မိစ္ဆာသားရဲ ဘုရင် တစ်ပါးကို အချိန်အတိုင်းအတာ တစ်ခုအထိ အေးအေးဆေးဆေး ကျင့်ကြံလို့ရအောင် အထောက်အပံ့ ပေးထားနိုင်ပါတယ် ။
" မီးကျောက်စိမ်း သန္တာကျောက် …… တစ်ခုကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ငါးသန်းနဲ့ ရမယ် "
" နှစ်တစ်ထောင် ရေစင် …… တစ်စက်ကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သုံးသန်း "
" ကောင်းကင်အက်ကွဲ ကျောက်တုံး …… တစ်တုံးကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သန်း "
***
ကုန်သွယ်ရေး ခန်းမထဲမှာတော့ သူတို့ရဲ့ ရတနာ ပစ္စည်းတွေကို လှည့်လည်ပြီး ရောင်းချနေကြတဲ့ သူတွေဟာ မနည်းလှပါဘူး ။ ပြီးတော့ သူတို့အားလုံးဟာလည်း လူယောင် ဖန်ဆင်းထားကြတဲ့ မိစ္ဆာသားရဲ ဘုရင်တွေချည်းပါပဲ ။
သူတို့အားလုံးက လူယောင် ဖန်ဆင်းထားကြတဲ့အတွက် အရင်လို ကြောက်စရာ မကောင်းတော့ပါဘူး ။ မသိရင်တော့ သူတို့ဟာ တကယ့်ကို ဈေးသည်ကြီးတွေလိုပါပဲ ။
အဲသည်မြင်ကွင်းကို မြင်နေရတာက လီဖူချန်းအတွက် အတော်လေး ထူးဆန်းလှတယ်လို့ ဆိုရပါမယ် ။
" ဗျို့……ဦးလေးကြီး ။ သည်နဂါးသွေး ရတနာ ပုလဲကို ခင်ဗျားက ဘယ်လောက်နဲ့ ရောင်းမှာလဲ "
တစ်နေရာကို အရောက်မှာတော့ စားပွဲခုံလေး တစ်ခုပေါ်မှာ တင်ထားတဲ့ သွေးရောင် ပုလဲလုံးလေး တစ်ခု မြင်လိုက်တဲ့အတွက် လီဖူချန်းက ဆိုင်ရှင် ထိပ်ပြောင် ဦးလေးကြီးကို လှမ်းမေးလိုက်ပါတယ် ။
သွေးရောင် ပုလဲလုံးရဲ့ အတွင်းမှာတော့ အနီရောင်ရင့်ရင့် အမျှင်တန်းလေး တစ်ခု ရှိနေပြီး မသိရင် နဂါးတစ်ကောင် ရေကူးခတ် နေသလိုပါပဲ ။
နဂါးသွေး ရတနာ ပုလဲ ……
သည်ပုလဲကတော့ ရှေးဟောင်း ရတနာ ပစ္စည်းတစ်မျိုး ဖြစ်ပြီး သွေးချီအရင်းမြစ်ကို အနည်းငယ် အားဖြည့်ပေးနိုင်ပါတယ် ။ သည်ပုလဲက မိုးကြိုးကပ်ဘေး ဆေးပင်လောက် အစွမ်းမထက် ပေမယ့်လည်း အနည်းဆုံးတော့ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်မှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ ရောင်းလို့ ရပါတယ် ။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ဆိုတာက အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်သန်းနဲ့ အတူတူပါပဲ ။
" အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ "
ထိပ်ပြောင် ဦးလေးကြီးက အိပ်နေတဲ့ မျက်လုံးကိုတောင် မဖွင့်လာခဲ့ပါဘူး ။
" ဦးလေးကြီး …… အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ဆိုတာက အရမ်း မလွန်လွန်းဘူးလား "
လီဖူချန်းက မျက်မှောင် ကြုတ်လိုက်မိပါတယ် ။
ယေဘုယျအားဖြင့် ဆိုရင် နဂါးသွေး ရတနာ ပုလဲတွေမှာက တကယ့် နဂါးသွေး ပါဝင်လေ့ မရှိပါဘူး ။ တကယ်လို့ နဂါးသွေး ပါနေတယ် ဆိုရင်တောင်မှပဲ အဲဒါက ဘယ်နဂါး အမျိုးအစားရဲ့ သွေးလဲ ဆိုတာကို ကြည့်ရပါဦးမယ် ။
တကယ့် အစစ်အမှန် နဂါးတစ်ကောင် နဲ့ ရေနဂါး တစ်ကောင်ကြားမှာ ရှိနေတဲ့ ကွာဟချက်က တကယ့်ကို အကွာကြီးပါပဲ ။
" ဘာလဲ …… မင်းက ဈေးမေးတုန်းက မေးပြီး အခုမှ မဝယ်ချင်တော့ဘူးလား "
နောက်ဆုံးမှာတော့ ထိပ်ပြောင် ဦးလေးကြီးရဲ့ မျက်လုံးတွေက ပွင့်လာခဲ့ပါပြီ ။ သူ့ရဲ့ မျက်လုံးတွေက သွေးရောင်သန်းပြီး နီရဲနေတဲ့အတွက် သူဟာ ကြမ်းတမ်းရက်စက်တဲ့ သွေးမျိုးဆက်ကနေ ဆင်းသက်လာတာ အသိသာကြီးပါပဲ ။
" အင်း …… ခင်ဗျားလိုချင်တဲ့ ဈေးနှုန်းက အရမ်း မြင့်လွန်းတယ် ။အဲသည်လောက်ကြီးတော့ ကျုပ်မတတ်နိုင်ဘူး "
စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ထွက်သွားဖို့ ပြင်လိုက်ပါတယ် ။
ဒါပေမဲ့လည်း ထိပ်ပြောင် ဦးလေးကြီးက လီဖူချန်းကို သွားခွင့်မပေးပါဘူး ။ သူက လီဖူချန်းရဲ့ အကျီ ၤ လက်စကို ဆွဲထားပြီး ခြိမ်းတောင် ခြိမ်းခြောက်လာပါသေးတယ် ။
" ဘယ်ကိုသွားမလို့လဲ……ငါ့ဆီမှာ ပစ္စည်းဈေးနှုန်း မေးပြီးရင် သေချာပေါက် ဝယ်ကို ဝယ်ရမယ် ဆိုတာ မင်းမသိဘူးလား "
" ဒါက ရှေးဟောင်း ကြယ်စင်မြို့တော်ပဲ ။ ခင်ဗျားက သည်နေရာမှာ ပြသနာ ရှာဖို့ ကြိုးစားနေတာလား "
လီဖူချန်းကလည်း တစ်ဖက်လူရဲ့ ခြိမ်းခြောက်မှုကို လုံးဝ ဂရု မစိုက်ပါဘူး ။
" ဟုတ်ပြီလေ ……ငါက ရှေးဟောင်း ကြယ်စင်မြို့တော်ထဲမှာတော့ ပြသနာ မရှာနိုင်ဘူး ။ ဒါပေမဲ့ မင်းကကော သည်မြို့ထဲမှာ တစ်သက်လုံး နေနိုင်မှာမို့လား "
" ကျုပ်ဘာသာကျုုပ် နေနိုင်နိုင် ၊ မနေနိုင်နိုင် ခင်ဗျားအပူ တစ်ပြားမှ မပါဘူး "
စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက အကျီ ၤ လက်စကို ပြန်ဆွဲယူပြီး ထွက်သွားပါတော့တယ် ။
" အဲသည်ကောင်လေးကတော့ သေချာပေါက် သေပြီ ။ သွေးမိစ္ဆာ ဘုရင်ရဲ့ အဖေက သွေးမိစ္ဆာ မဟာ ဧကရာဇ်ပဲ ။ သွေးမိစ္ဆာ မဟာ ဧကရာဇ်က သည်သမုဒ္ဒရာရဲ့ မိုင်သန်းတစ်ရာ ပတ်လည်မှာ စွမ်းအထက်ဆုံးလည်း ဟုတ်တယ် ။ ရှေးဟောင်း ကြယ်စင်မြို့တော်တောင်မှ သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို မလေးမစား မလုပ်ရဲဘူး "
" ငါ့အထင် ပြောရရင် အဲသည်ကောင်လေးက သွေးမိစ္ဆာဘုရင် ဘယ်သူလဲ ဆိုတာ မသိဘူး ထင်တယ် "
" အရင်တစ်ခေါက်တုန်းကလည်း လူသား ဘုရင် နှစ်ပါးနဲ့ သွေးမိစ္ဆာ ဘုရင်နဲ့ ပြသနာ တက်ကြတေယ် ။ သိပ်မကြာပါဘူး ။သူတို့နှစ်ယောက် ရှေးဟောင်း ကြယ်စင်မြို့တော် ထဲကနေ ထွက်သွားတာနဲ့ ချက်ချင်း သေသွားကြတာပဲ ။ သည်ကောင်လေးက နည်းနည်း ဦးနှောက် သုံးတတ်မယ် ဆိုရင်တော့ သူသည်တစ်သက်လုံး ရှေးဟောင်း ကြယ်စင်မြို့တော်ထဲကနေ ထွက်သွားလို့ မဖြစ်ဘူးဆိုတာ ရိပ်မိလောက်မှာပါ ။ တကယ်လို့ သူက အရဲစွန့်ပြီး ရှေးဟောင်း ကြယ်စင်မြို့တော် ထဲကနေ ထွက်ဖို့ ကြိုးစားမယ် ဆိုရင်တော့ သေချာပေါက် သေမှာပဲ "
လူယောင် ဖန်ဆင်းထားတဲ့ မိစ္ဆာသားရဲ ဘုရင်တွေကတော့ လီဖူချန်းကို ကြည့်ပြီး အချင်းချင်း တီးတိုး ပြောဆိုနေကြပါတယ် ။
" နင်က ကံကောင်းခြင်းတွေကို ပိုင်ဆိုင်ထားတာလား ဒါမှမဟုတ် ဂြိုဟ်ဆိုးတွေကိုပဲ ဆွဲဆောင်နေတာလား ဆိုတာကို ငါတကယ် မသိတော့ဘူး ။ နင်က အခုမှ ရှေးဟောင်း ကြယ်စင်မြို့တော်ကိုပဲ စရောက်သေးတယ် ။ ဒါပေမဲ့ မိစ္ဆာသားရဲ မျိုးနွယ်ထဲက မဟာ ဧကရာဇ် တစ်ပါးကို နင်က ရန်တောင် စလိုက်ပြီးပြီ "
ရန်ချင်းဟူကတော့ လီဖူချန်းကို ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းတယမ်းယမ်း လုပ်နေပါတယ် ။
လီဖူချန်းက မချိပြုံး ပြုံးလိုက်ပြီး
" မတတ်နိုင်ဘူးလေ ။ အဲသည် ထိပ်ပြောင်က ဒုတိယ မျိုးဆက် ဘိုးဘေး တစ်ယောက် ဖြစ်နေမယ်လို့ ဘယ်သူက ကြိုသိနိုင်မှာလဲ "
လူသားတွေမှာ ဒုတိယ မျိုးဆက် ဘိုးဘေးတွေ ရှိသလို မိစ္ဆာသားရဲတွေမှာလည်း ဒုတိယ မျိုးဆက် ဘိုးဘေးတွေ ရှိတာပါပဲ။
အခုမှတော့ သူ့အနေနဲ့ ဘာမှ မတတ်နိုင်ပါဘူး ။ဒါပေမဲ့ အစောပိုင်းက သူ့အနေနဲ့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကို သုံးပြီး နဂါးသွေး ရတနာ ပုလဲကို ဝယ်လိုက်မယ် ဆိုရင်တော့ သူဟာ မိစ္ဆာသားရဲတွေရဲ့ ပစ်မှတ်ထားခြင်းကို သေချာပေါက် ခံရဦးမှာပါပဲ ။
ဘယ်လိုပဲဖြစ်ဖြစ် ။ ကြွယ်ဝချမ်းသာခြင်း ဆိုတာက ပြသနာတွေ ဆောင်ကြဉ်း ယူဆောင် လာတတ်တာ သဘာဝပဲ မဟုတ်ပါလား ။
သည်လိုနဲ့ပဲ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ ရှေးဟောင်း ကြယ်စင်မြို့တော်ရဲ့ အပြင်စည်း နယ်နိမိတ်ထဲမှာ ရှိတဲ့ အဓိက ကုန်သွယ်ရေး ခန်းမ အတော်များများကို လှည့်ပတ် ကြည့်ရှုခဲ့ပြီး ကြပါပြီ ။
ဒါပေမဲ့လည်း အခုထက်ထိ သူတို့က သွေးချီ အရင်းအမြစ် ပြန်လည် ပြည့်တင်းစေတဲ့ ရတနာကို ရှာမတွေ့ကြသေးပါဘူး ။
" ကြည့်ရတာ ငါတို့က ရှေးဟောင်း ကြယ်စင်မြို့တော်နဲ့ပဲ အရောင်းအဝယ် လုပ်ရတော့မယ် ထင်တယ် "
တကယ်လို့ သူတို့ နှစ်ယောက်က အရူးတွေ ဆိုရင်တောင်မှပဲ ရှေးဟောင်း ကြယ်စင်မြို့တော်ဟာ ရတနာ ပစ္စည်းတွေကို မြင့်မားတဲ့ ဈေးနှုန်းနဲ့ ရောင်းမယ် ဆိုတာ သိနိုင်ပါတယ် ။ ဒါပေမဲ့ သူတို့ နှစ်ယောက်မှာ တခြား ရွေးချယ်စရာ မရှိတော့ပါဘူး ။
သူတို့နှစ်ယောက် ထင်ထားခဲ့သလိုပါပဲ ……
" နဂါးသွေး ရတနာ ပုလဲ ။ တစ်လုံးကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ် "
" မိုးကြိုးကပ်ဘေး ဆေးပင် ။ တစ်ပင်ကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်သန်း "
" ကောင်ကင်နဂါး သစ်သီး ။ တစ်လုံးကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးထောင် "
ရှေးဟောင်းကြယ်စင် မြို့တော်ရဲ့ အရင်းအမြစ် ခန်းမက ဆံဖြူ အဘွားအိုဆီကနေ ဈေးနှုန်းတွေကို ကြားလိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်စလုံးဟာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ကြပါပြီ ။
ဒါပေမဲ့လည်း သူတို့က တခြား ရွေးချယ်စရာ မရှိတဲ့အတွက် အံကျိတ်ပြီး တစ်ယောက်ကို မိုးကြိုးကပ်ဘေး ဆေးပင် တစ်ပင်စီ ဝယ်ခဲ့ကြရပါတယ် ။
သည်မိုးကြိုးကပ်ဘေး ဆေးပင်နဲ့ ဆိုရင်တော့ သူတို့ နှစ်ယောက်ဟာ အနားယူဖို့ နေရာ တစ်ခုကို ရှာပြီး အေးအေးဆေးဆေး ကျင့်ကြံလို့ ရပါပြီ ။
ရှေးဟောင်းကြယ်စင် မြို့တော်ရဲ့ အပြင်ဘက်စည်း နယ်နိမိတ်မှာတော့ တည်းခိုခန်းတွေကို ပထမတန်းစား ၊ ဒုတိယတန်းစား ၊ တတိယတန်းစား နဲ့ စတုတ္ထတန်းစား ဆိုပြီး အတန်းအစား လေးမျိုး ခွဲခြားထားပါတယ် ။
စတုတ္ထတန်းစား တည်းခိုခန်းတွေကတော့ အနားယူဖို့ နဲ့ ကျင့်ကြံဖို့ သက်သက်ပါပဲ ။ သူတို့က တစ်ရက်ကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာပဲ ကျသင့်ပါတယ် ။
တတိယတန်းစား တည်းခိုခန်းတွေကတော့ ကျင့်ကြံရေး ဝင်္ကပါ အစီအရင် တစ်ခုကို စီရင်ပေးထားပြီး အဲဒါက ရောင်စဉ် ခုနစ်ဖြာ ကုန်းမြေတိုက်ရဲ့ အခြေအနေနဲ့ ညီမျှပါတယ် ။ အဲသည် အမျိုးအစား တည်းခိုခန်းကတော့ တစ်ရက်ကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ငါးရာ ကျသင့်မှာပါ ။
ဒုတိယတန်းစား တည်းခိုခန်းတွေကတော့ တတိယတန်းစား တည်းခိုခန်းတွေထက် နည်းနည်း ပိုကောင်းတယ်လို့ ဆိုရပါမယ် ။ သည်တည်ခိုခန်းတွေမှာ စီရင်ထားတဲ့ ကျင့်ကြံခြင်း ဝင်္ကပါ အစီအရင်တွေက သက်တံနီဂိုဏ်းရဲ့ အတွင်းပိုင်းက အခြေအနေနဲ့ ညီမျှပြီး တစ်ရက်ကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သုံးထောင် ကျသင့်ပါတယ် ။
နောက်ဆုံး ပထမတန်းစား တည်းခိုခန်းတွေကတော့ ဧကရာဇ်ကောင်းကင် ကုန်းမြေက အခြေအနေနဲ့ မခြားနားပါဘူး ။ ဒါပေမဲ့လည်း သူတို့က တစ်ရက်ကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်း ကျသင့်ပါတယ် ။
လီဖူချန်းတို့ နှစ်ယောက်က ဒဏ်ရာ ရနေတဲ့သူတွေ ဖြစ်တဲ့အတွက် အပြင်ဘက်စည်း နယ်နိမိတ်မှာ ရှိတဲ့ တည်းခိုခန်းတွေကို သဘော မကျကြပါဘူး ။
အဲသည်အတွက် သူတို့က ရှေးဟောင်းကြယ်စင် မြို့တော်ကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာစီ ပြပြီး အတွင်းပိုင်း နယ်နိမိတ်ထဲကို ဝင်သွားကြပါတော့တယ် ။
ရှေးဟောင်းကြယ်စင် မြို့တော်ရဲ့ အတွင်းစည်း နယ်နိမိတ်ထဲက တည်းခိုခန်းတွေကိုလည်း ပထမတန်းစား ၊ ဒုတိယတန်းစား ၊ တတိယတန်းစား နဲ့ စတုတ္ထတန်းစား ဆိုပြီး အတန်းအစား လေးမျိုး ခွဲခြားထားတာပါပဲ ။
ဒါပေမဲ့ အတွင်းစည်း နယ်နိမိတ်ထဲက စတုတ္ထတန်းစား တည်းခိုခန်းမှာ ရှိတဲ့ ကျင့်ကြံခြင်းအပေါ် သက်ရောက်မှုက အပြင်ဘက်စည်း နယ်နိမိတ်ရဲ့ ပထမတန်းစား တည်းခိုခန်းထက်ကို ပိုကောင်းပါတယ် ။ နောက်ပြီးတစ်ရက်ကိုလည်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ကျသင့်ပါတယ် ။
ပြီးတော့ တတိယတန်းစား တည်းခိုခန်းတွေက တစ်ရက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်တုံး ၊ ဒုတိယတန်းစား တည်းခိုခန်းတွေက တစ်ရက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးတုံးနဲ့ ပထမတန်းစား တည်းခိုခန်းတွေက တစ်ရက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ဆိုပြီး အသီးသီး ကျသင့်မှာ ဖြစ်ပါတယ် ။
လီဖူချန်းတို့ နှစ်ယောက်က အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ရှိပေမယ့်လည်း အလဟသ မဖြုန်းတီးပစ်ချင်ပါဘူး ။ အဲသည်အတွက် သူတို့နှစ်ယောက်က တစ်ရက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးသာ ကျသင့်တဲ့ စတုတ္ထတန်းစား တည်းခိုခန်း တစ်ခုကို ရွေးချယ်လိုက်ကြပါတယ် ။
" သည်မှာရှိနေတဲ့ ကျင့်ကြံရေး သက်ရောက်မှုတွေက အတော်လေး ကောင်းတယ် ။ ဒါပေမဲ့ မိုးမြေ ဥပဒေသ စွမ်းအားကတော့ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်လောက် မနက်နဲဘူး "
အတွင်းစည်း နယ်နိမိတ်ရဲ့ စတုတ္ထတန်းစား တည်းခိခန်းအတွင်းကို အရောက်မှာတော့ လီဖူချန်းက တွေးလိုက်မိပါတယ် ။
ကျယ်ပြန့် ၊နက်နဲတဲ့ မိုးမြေတာအို ဥပဒေသ မရှိဘဲနဲ့တော့ သိုင်းတာအိုကို သုံးသပ်ဆင်ခြင်ဖို့က မလွယ်လှပါဘူး ။ သိုင်းတာအိုကို ကျင့်ကြံခြင်း ဆိုတာက မိုးမြေ ချီစွမ်းအားတွေကို စုပ်ယူရုံ သင်သက်မှ မဟုတ်တာ ။
လီဖူချန်း အမြင်မှာတော့ ရှေးဟောင်းကြယ်စင် မြို့တော်ရဲ့ တည်းခိုခန်း ပိုင်ရှင်တွေက မိစ္ဆာသားရဲ မျိုးနွယ်တွေအတွက် ရည်ရွယ်ပြီး တည်းခိုခန်းတွေ ဆောက်ထားပုံပါပဲ ။
မိစ္ဆာသားရဲတွေ ဆိုတာက ကိစ္စ အများကြီးကို နားလည်စရာ မလိုပါဘူး ။ သူတို့က ချီစွမ်းအားတွေကို စုပ်ယူပြီး သူတို့ရဲ့ မျိုးဆက်သွေးကို အဆင့်မြှင့်တင်နေရုံနဲ့တင် ရနေပါပြီ ။
***