← Chapters

( စာစဉ်- ၄၉ ) သွေးမိစ္ဆာ မဟာဧကရာဇ်

Vol. 49 Ch. 670

( စာစဉ်- ၄၉ ) သွေးမိစ္ဆာ မဟာဧကရာဇ်

Vol. 49 Ch. 670

မိုးကြိုးကပ်ဘေး ဆေးပင် တစ်ပင်က လီဖူချန်းရဲ့ သွေးချီ အရင်းအမြစ်ကို အပြည့်အဝ ပြန်လည် မဖြည့်တင်းပေးနိုင်ပါဘူး ။ ဒါပေမဲ့လည်း အဲဒါက ရှစ်ဆယ် ရာခိုင်နှုန်းအထိတော့ ပြန်လည် ကောင်းမွန်စေခဲ့ပါတယ် ။

အဲသည်နောက်မှာတော့ လီဖူချန်းက အချိန် ဖြုန်းမနေဘဲ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဓားအင်းကွက်ကို ဆက်ပြီး လေ့လာပြန်ပါတယ် ။

သည်မတိုင်ခင်တုန်းကတည်းက သူက ဓားအင်းကွက်ကို ကိုးဆယ် ရာခိုင်နှုန်းအထိ နားလည် သဘောပေါက်ခဲ့ ပြီးပါပြီ ။ တကယ်လို့သာ သူက တစ်ရာ ရာခိုင်နှုန်းအထိ နားလည် သဘောပေါက်သွားမယ် ဆိုရင် ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ သေချာပေါက် ကောင်းကင် အဆင့်မြင့် ရတနာဓား ဖြစ်သွားမှာ အသေအချာပါပဲ ။ ပြီးတော့ ကောင်းကင် အဆင့်မြင့် ဓားသိုင်းတစ်ခုလည်း ပါလာဦးမှာပါ ။ အဲသည်ကိစ္စက လီဖူချန်းရဲ့ လက်ရှိ အစွမ်းကို အနည်းဆုံး ဆယ်ဆအထိ ထိုးတက် သွားစေနိုင်ပါတယ် ။

တစ်လ ကြာပြီးနောက် …… နှစ်လ ကြာပြီးနောက် ……

လီဖူချန်းရဲ့ ဓားအင်းကွက် အပေါ် နားလည်မှုက ထင်သလောက်လည်း မမြန်လှပါဘူူး ။ နှစ်လ ကြာပြီးတာတောင်မှ သူက ဓားအင်းကွက်ကို ကိုးဆယ့်တစ် ရာခိုင်နှုန်း အထိပဲ နားလည် သဘောပေါက်ပါသေးတယ် ။

လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုနဲ့တောင်မှ တစ် ရာခိုင်နှုန်းပဲ တက်လာတယ် ဆိုမှတော့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဓားအင်းကွက်ဟာ ဘယ်လောက်အထိ ရှုပ်ထွေးပြီး ခက်ခဲ နက်နဲသလဲ ဆိုတာ ကောင်းကောင်းကြီး သိနေနိုင်ပါပြီ ။

လီဖူချန်းကတော့ သည်အတောအတွင်းမှာ ကိစ္စကြီး တစ်ရပ်ကို ကောင်းကောင်း နားလည်လိုက်ပါတယ် ။ အဲဒါကတော့ သူ့ရဲ့ စိတ်ဝိညာဉ်က အနီရောင်ဖျော့ဖျော့ဘက်ကို အပြည့်အဝ မပြောင်းသေးမချင်း သူ့အနေနဲ့ သည်ဓားအင်းကွက်ကို အချိန်တိုအတွင်းမှာ နားလည် သဘောပေါက်နိုင်မှာ မဟုတ်ဘူး ဆိုတာပါပဲ ။

***

ရှေးဟောင်းကြယ်စင် မြို့တော်ရဲ့ ဝင်္ကပါ အစီအရင်က မိုင်ပေါင်း ဆယ်သန်း အထိကို သက်ရောက်နိုင်ပါတယ် ။ အဲသည်အတွက် သည်အကွာအဝေး အတွင်းမှာတော့ သတ်ဖြတ်တာတွေကို လုံးဝ လုပ်လို့ရမှာ မဟုတ်ပါဘူး ။

သည်ပင်လယ် ရေပြင်ကိုလည်း ရှေးဟောင်းကြယ်စင် ပင်လယ်ရေပိုင်နက် အဖြစ် သိကြပါတယ် ။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သည်ရေပိုင်နက်က ငြိမ်းချမ်းမှု အပြည့်အဝ ရှိတဲ့ နေရာပါပဲ ။

ဒါကြောင့်လည်း လူသား ဘုရင်တွေနဲ့ လူသား ဧကရာဇ်က သည်ရေပိုင်နက် အတွင်းမှာ နှစ်ပေါက်အောင် နေပြီး အရင်းအမြစ်တွေကို ရှာဖွေစုဆောင်းလေ့ ရှိကြတာပါ ။

ရှေးဟောင်းကြယ်စင် ပင်လယ်ပြင်ရဲ့ ရေအောက်ကြမ်းပြင်  အနက်ရှိုင်းဆုံး နေရာတွေမှာတော့ သွေးလင်ဇီး ဆိုတဲ့ ဆေးပင် တစ်ပင် ပေါက်ရောက် တတ်ပါတယ် ။အဲသည် ဆေးပင်က မြေကမ္ဘာ အထွတ်အထိပ် အဆင့် ဆိုပေမယ့်လည်း ဆေးဖက် ဝင်လွန်းလှတဲ့အတွက် တန်ကြေးက သာမန် ကောင်းကင် အဆင့်နိမ့် ဆေးပင်တွေအောက် မလျော့ကျပါဘူး ။သည်သွေးလင်ဇီးရဲ့ လုပ်ဆောင်ပေးနိုင်စွမ်းတွေထဲက အကောင်းဆုံး တစ်ခုကတော့ သွေးချီ အရင်းအမြစ်တွေကို ပြန်လည် ပြည့်တင်းစေပြီး စိတ်ဝိညာဉ်ကို သန့်စင်ပေးတာပါပဲ ။

လီဖူချန်းက ကောင်းကင်နဂါး သစ်သီးကို ဝယ်ဖို့ မတတ်နိုင်ပါဘူး ။ အဲဒါက တစ်လုံးကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး သန်းသုံးရာတောင် ရှိတဲ့အတွက် ဈေးကြီးလွန်းလှပါတယ် ။ ပြီးတော့ လီဖူချန်းရဲ့ လက်ရှိ အခြေအနေက ကောင်းကင်နဂါး သစ်သီးကို မရှိမဖြစ် လိုအပ်နေတာလည်း မဟုတ်ပါဘူး ။ သူက ရှေးဟောင်းကြယ်စင် မြို့တော်ကနေ တော်တော်နဲ့ ထွက်ခွာဦးမှာ မဟုတ်တဲ့အတွက် သူ့ရဲ့ သွေးချီ အရင်းအမြစ် အပြည့်အဝ ပြန်ကောင်းလာဖို့အတွက် အချိန်တွေ အများကြီး ပေးနိုင်ပါသေးတယ် ။

သည်လိုနဲ့ သွေးလင်ဇီးဟာ လီဖူချန်းရဲ့ ပစ်မှတ် ဖြစ်လာတော့တာပါပဲ ။

သူ့ရဲ့ ထူးချွန်လွန်းလှတဲ့ လိပ်ပြာ အသိစိတ် အာရုံက လီဖူချန်းကို ရှေးဟောင်းကြယ်စင် ပင်လယ် ရေပိုင်နက်ထဲမှာ ငါးတစ်ကောင်လို လှုပ်ရှားစေနိုင်ဖို့အတွက် ကောင်းကောင်းကြီး အကူအညီ ပေးပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ။ အခု သူ့ရဲ့ လက်ရှိ လိပ်ပြာ အသိစိတ်အာရုံကို သာလွန်တဲ့သူတွေက မဟာ ဧကရာဇ်တွေသာ ရှိတာ မဟုတ်ပါလား ။

***

ရှေးဟောင်းကြယ်စင် ပင်လယ်ပြင်ရဲ့ ရေအောက် မီတာအနက် နှစ်သိန်းကျော်မှာတော့ လူတစ်ယောက်ဟာ လျင်မြန်စွာ လှုပ်ရှား သွားလာနေပါတယ် ။

အဲသည်လူကတော့ လီဖူချန်းကလွဲပြီး တစ်ခြား မရှိပါဘူး ။

" ငါ့ရဲ့ အမြန်နှုန်းက အရမ်း နှေးလွန်းတယ် ။ ကြည့်ရတာ ငါ့အနေနဲ့ ရေအရွေ့ နည်းစနစ် တစ်ခု တီထွင်ဖို့ လိုနေပြီပဲ "

လန်စွတ်ချင်း လွင်ပြင်ရဲ့ ကိုးဆယ် ရာခိုင်နှုန်းကိုက ပင်လယ် ရေတွေနဲ့ ဖုံးလွှမ်းနေတာပါ ။ အဲသည်အတွက် လီဖူချန်းက သူ့အနေနဲ့ ရေအရွေ့ နည်းစနစ် တစ်ခုကို တီထွင်ထားမယ် ဆိုရင် နောင်အခါမှာ ပိုပြီး အဆင်ပြေလိမ့်မယ်လို့ တွေးလိုက်မိပါတယ် ။

အဲသည်နောက် နာရီ အနည်းငယ် အကြာမှာတော့ လီဖူချန်းဟာ ထီးပုံသဏ္ဍာန် ရှိတဲ့ ဆေးပင်တစ်ပင် ရှိရာဆီကို ရောက်လာခဲ့ပါပြီ ။ အဲသည် ဆေးပင်ကတော့ တစ်ပင်လုံးကို သွေးနီရောင် သန်းနေပါသေးတယ် ။

လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး ။ အဲဒါက သေချာပေါက် သွေးလင်ဇီးပါပဲ ။

" လာစမ်း "

လီဖူချန်းက လက်တစ်ဖက်ကို  ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ သွေးလင်ဇီးဟာ လီဖူချန်းရဲ့ လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါပြီ ။

ပြီးတဲ့နောက်မှာတော့ သူက လိပ်ပြာ အသိစိတ် အာရုံကို ထပ်လွှတ်လိုက်ပြီး သည်ပတ်ဝန်းကျင် တစ်ဝိုက်မှာ နောက်ထပ် သွေးလင်ဇီးပင်တွေများ  ရှိလိုရှိငြား လေ့လာဆန်းစစ် လိုက်ပြန်ပါတယ် ။

" ဟင် ……ဒါက "

ရုတ်တရက် ဆိုသလိုပဲ လီဖူချန်းရဲ့ မျက်လုံးတွေဟာ အံ့သြမှုတွေနဲ့ အရောင် တောက်သွားခဲ့ပါပြီ ။

ဘာဖြစ်လို့လဲ ဆိုတော့ သူ နောက်ထပ် အာရုံခံလိုက်မိတဲ့ သွေးလင်ဇီးက သူသိထားတဲ့ သွေးလင်ဇီးနဲ့ လုံးဝ ခြားနားနေလို့ပါပဲ ။

အဲသည်သွေးလင်ဇီးက ထွင်းဖောက် မြင်ရလုမတတ် ကြည်လင်တောက်ပနေပြီး မသိရင် အနီရောင် သလင်းကျောက် တစ်လုံးလိုပါပဲ ။ပြီးတော့ အဲသည်ဆေးပင်ရဲ့ ပတ်ဝန်းကျင်မှာ ဆိုရင်လည်း သွေးရောင် နဂါးတွေနဲ့ ကျားတွေ မာန်ဖီနေတဲ့ ပုံရိပ်တွေ ရှိနေပါသေးတယ် ။

" သွေးလင်ဇီး သရဖူ "

လီဖူချန်းက အရူး တစ်ယောက် မဟုတ်ပါဘူး ။ တကယ်လု့ိ သူက ရူးနေတယ် ဆိုရင်တောင်မှပဲ သည်လင်ဇီးဟာ သွေးလင်ဇီး သရဖူ ဆိုတာကို သိနိုင်ပါသေးတယ် ။

ယေဘုယျအားဖြင့် ဆိုရင်တော့ သွေးလင်ဇီး တစ်ပင် ဖြစ်လာဖို့အတွက် ပင်လယ်အောက်ထဲမှာ နှစ်တစ်ထောင် အထိ အချိန်ပေးဖို့ လိုပါတယ် ။ ဒါပေမဲ့ သွေးလင်ဇီး သရဖူတွေကတော့ အဲသည်လို မဟုတ်ပါဘူး ။ သူတို့က ပင်လယ်ရေအောက်ထဲမှာ နှစ်တစ်သောင်းလောက် နေပြီးမှသာ ပေါက်လာကြတာပါ ။

တကယ်လို့ သာမန် သွေးလင်ဇီး တစ်ပင်က မြေကမ္ဘာ အထွတ်အထိပ် အဆင့် ဆေးပင်အဖြစ် သတ်မှတ်ခံရမယ် ဆိုရင် သွေးလင်ဇီး သရဖူကတော့ ကောင်းကင် အဆင့်နိမ့် ဒါမှမဟုတ် ကောင်းကင် အလယ်အလတ် အဆင့် ဆေးပင်အဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ် ။

သူ့ရဲ့ တန်ဖိုးက မိုးကြိုးကပ်ဘေး ဆေးပင်ထက်ကို အဆမတန် သာလွန်ပြီး ကောင်းကင်နဂါး ဆေးပင်နဲ့တောင် ယှဉ်လို့ ရနေပါပြီ ။

" ဓားအရွေ့ "

အဲသည်နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ချီအတွင်းအားတွေ ကုန်ခန်းမယ့် အရေးကိုတောင် ဂရုမစိုက်တော့ဘဲ ဓားအရွေ့ကို သုံးကာ သွေးလင်ဇီး သရဖူ ရှိရာဆီကို သွားလိုက်ပါတော့တယ် ။

ဒါပေမဲ့လည်း အဲသည် သွေးလင်ဇီး သရဖူကို အာရုံ ခံမိတာက လီဖူချန်း တစ်ယောက်တည်း မဟုတ်ပါဘူး ။

သွေးနီရောင် တောက်နေတဲ့ အရိပ် တစ်ခု နဲ့ လက်လေးဖက် ပါရှိတဲ့ အရိပ်တစ်ခုကလည်း အဲသည် သွေးလင်ဇီး သရဖူကို အာရုံ ခံမိတာပါပဲ ။

ဒါပေမဲ့လည်း လီဖူချန်းက သူတို့နှစ်ယောက်ထက်ကို သွေးလင်ဇီး သရဖူနဲ့ ဆယ်ဆမက ပိုနီးနေပါတယ် ။

အဲသည်အတွက် သိပ်မကြာခင်မှာတော့ လီဖူချန်းဟာ သွေးလင်ဇီး သရဖူ ရှိရာ ပင်လယ် ကြမ်းပြင်ဆီကို ရောက်သွားပြီး သွေးလင်ဇီး သရဖူ နုတ်ယူလိုက်ပါတော့တယ် ။ သွေးလင်ဇီး သရဖူ နုတ်ယူခံလိုက် ရတာနဲ့ တစ်ပြိုင်နက် မာန်ဖီနေတဲ့ နဂါးတွေနဲ့ ကျားတွေရဲ့ ပုံရိပ်တွေကလည်း ပျောက်သွားခဲ့ပါပြီ ။

" ဟေ့ကောင် …… အခုချက်ချင်း သွေးလင်ဇီး သရဖူကို ချထားလိုက်စမ်း "

လီဖူချန်းဆီကို ပထမဆုံး ရောက်လာတာကတော့ သွေးနီရောင် လူရိပ်ပါပဲ ။အဲသည်လူက ကိုယ်ရောင်ကိုယ်ဝါတွေ အတော်လေး တောက်ပနေပြီး သွေးမိစ္ဆာ ဘုရင်နဲ့လည်း အတော်လေး ဆင်တူပါတယ် ။

လုံးဝ ယုံမှား သံသယ ဝင်နေစရာ မလိုပါဘူူး ။ သည်လူက မိုင်သန်းတစ်ရာ ပတ်လည် အတွင်းမှာ အစွမ်း အထက်ဆုံး မိစ္ဆာသားရဲဆိုတဲ့ သွေးမိစ္ဆာ မဟာဧကရာဇ်ပဲ ဖြစ်ရပါမယ် ။

သွေးမိစ္ဆာ ဧကရာဇ်က လူတောင် မရောက်လာသေးပါဘူး ။ ဒါပေမဲ့ သူက သူ့ရဲ့ ချီအရှိန်အဝါနဲ့ လီဖူချန်းကို ဖိနှိပ်ထားခဲ့ ပြီးပါပြီ ။

တကယ်လို့ လီဖူချန်း နေရာမှာသာ တခြား မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါး ဆိုရင်တော့ အဲသည် ဘုရင်ဟာ လက်တစ်ချောင်းတောင် လှုပ်ဝံ့တော့မှာ မဟုတ်ပါဘူး ။

လီဖူချန်းက ဘာမှ ပြန်မပြောရသေးခင်မှာပဲ လက်လေးဖက်နဲ့ လူရိပ်ဟာ လီဖူချန်းအနားကို ရောက်လာပြန်ပါပြီ ။

" သွေးမိစ္ဆာ …… မင်းအဲဒါ ဘာလုပ်တာလဲ ။ ငါက မင်းထက်အရင် သွေးလင်ဇီး သရဖူကို တွေ့ထားတာကွ ။ ကိုယ့်အကြောင်း ကိုယ်သိပြီး သည်ကနေ မြန်မြန် ထွက်သွားစမ်း "

လက်လေးဖက် လူရိပ်ကတော့ လက်လေးဖက်နဲ့ မျက်လုံးလေးလုံး ရှိတဲ့ လူထွားကြီး တစ်ဦး ဖြစ်ပါတယ် ။ ဒါပေမဲ့ သူ့ကို ကြည့်ရတာက မိချောင်း တစ်ကောင်နဲ့ ပိုတူနေသလိုပါပဲ ။

သည်လူကတော့ သွေးမိစ္ဆာ ပင်လယ်နဲ့ ဘေးချင်းကပ်မှာ တည်ရှိနေတဲ့ လက်လေးဖက် ပင်လယ်ကို အစိုးရတဲ့ လက်လေးဖက် မဟာ ဧကရာဇ်ပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ တန်ခိုးအစွမ်းကလည်း သွေးမိစ္ဆာ မဟာ ဧကရာဇ်ထက် လုံးဝ မနိမ့်ကျပါဘူး ။

" လက်လေးဖက် …… သည်ရှေးဟောင်းကြယ်စင် ပင်လယ်က တစ်ချိန်တုန်းက ငါ့ရဲ့ ပိုင်နက် ဖြစ်ခဲ့တယ် ဆိုတာ မမေ့နဲ့ ။ ဒါက မင်းစကား ဝင်ပြောရမယ့် နေရာ မဟုတ်ဘူး  "

သွေးမိစ္ဆာ ဧကရာဇ်က ဒေါသတကြီးနဲ့ ပြန်ပြောလာခဲ့ပါတယ် ။

" ဟေ့ကောင် …… အတိတ် ဆိုတာကို အတိတ်မှာပဲထား ။ ငါတို့က အခု ပစ္စုပ္ပန် ကာလမှာ နေတာကွ "

လက်လေးဖက် မဟာ ဧကရာဇ်ကလည်း လုံးဝ အလျော့ပေးမယ့် ပုံမှာ မရှိပါဘူူး ။

" မင်းက ငါနဲ့ တိုက်ချင်တာလား "

စကား အဆုံးမှာတော့ သွေးမိစ္ဆာ မဟာ ဧကရာဇ်ဟာ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို ထုတ်ဖော် လာခဲ့ပါပြီ ။

" တိုက်ဆိုလည်း တိုက်ကြတာပေါ့ ။ မင်းကို ဘယ်သူက ကြောက်နေလို့လဲ "

လက်လေးဖက်း မဟာ ဧကရာဇ်ကကလည်း လုံးဝ အကြောက်တရား မရှိပါဘူး ။

မိစ္ဆာသားရဲတွေ ဆိုတာက အမြဲလိုလို တိုက်ခိုက်ဖို့ တာစူနေကြတာပါ ။ အဲသည်အတွက် သူဟာ တိုက်ခိုက်ဖို့ဆိုရင် ဘယ်တုန်းကမှ နောက်မတွန့်ပါဘူး ။

မိစ္ဆာသားရဲ မဟာ ဧကရာဇ် နှစ်ပါးက အချိန်အတော်ကြာ အကြည့် ပြိုင်နေပြီး နောက်မှာတော့ သွေးမိစ္ဆာ ဧကရာဇ်ဟာ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို ပြန်လည် ရုတ်သိမ်းလိုက်ပါတယ် ။

" သွေးလင်ဇီး သရဖူကို အရင် ယူပြီးမှ ဆက်ရှင်းကြရအောင် "

သွေးလင်ဇီး သရဖူက မိစ္ဆာသားရဲ မျိုးနွယ်တွေအတွက်  တန်ဖိုးဖြတ်မရတဲ့ ရတနာ တစ်ခုပါပဲ ။ အထူးသဖြင့် အဲသည်ဆေးပင်က သွေးမိစ္ဆာ မဟာဧကရာဇ်တို့လို မိစ္ဆာသားရဲ ဧကရာဇ်တွေကို မိစ္ဆာသားရဲ အရှင်သခင် အဆင့်ကို တက်လှမ်းနိုင်အောင် အခွင့်အလမ်း ပေးနိုင်ပါတယ် ။

" အေး …… ရတယ် "

လက်လေးဖက် မဟာ ဧကရာဇ်ကလည်း သဘောတူလိုက်ပါတယ် ။

နောက်ဆုံးမှာတော့ မိစ္ဆာသားရဲ ဧကရာဇ် နှစ်ဦးရဲ့ အာရုံတွေဟာ လီဖူချန်း အပေါ်ကို ကျရောက်လာခဲ့ပါပြီ ။

" လူသားကောင်လေး …… အဲသည် သွေးလင်ဇီး သရဖူနဲ့ မင်းရဲ့ သိုလှောင်အိတ်တွေကို ချထားခဲ့စမ်း ။ ပြီးရင် မင်းရဲ့ လက်နှစ်ဖက်ကို ဖြတ်ခဲ့ ။ ဒါဆိုရင် မင်း ရှေးဟောင်းကြယ်စင် မြို့တော်ကို ပြန်လို့ ရပြီ "

လက်လေးဖက် မဟာ ဧကရာဇ်က လူသားတွေအပေါ်မှာ ဘယ်တုန်းကမှ အမြင်ကြည်ရှိသူ မဟုတ်ပါဘူး ။

အဲသည်အတွက် သူက လီဖူချန်းကို လက်နှစ်ဖက် ဖြတ်ပြီး ချန်ထားခဲ့ဖို့ အမိန့်ပေးလိုက်ပါတယ် ။

ဒါပေမဲ့လည်း လီဖူချန်းက သူ့ရဲ့ အမိန့်ကို အရေးတောင် မလုပ်ပါဘူး ။ သူက မထီတရီ ပြုံးလိုက်ပြီး ပြန်တောင် ပြောလိုက်ပါသေးတယ် ။

" ဒါက ရှေးဟောင်းကြယ်စင် ပင်လယ်ပြင်လေ ။ ကျုပ်က ခင်ဗျားရဲ့ စကားကို ဘာလို့ နားထောင်ရမှာလဲ "

"  ရှေးဟောင်းကြယ်စင် ပင်လယ်ပြင်ထဲမှာ ရောက်နေလို့ ဆိုပြီး ငါတို့နှစ်ယောက်က မင်းကို မသတ်ရဲဘူး ထင်နေတာလား "

" ဟမ့် "

စကား အဆုံးမှာတော့ သွေးမိစ္ဆာ မဟာ ဧကရာဇ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လီဖူချန်းကို သတ်ဖြစ်ခြင်း ချီစွမ်းအင် လှိုင်းတွေနဲ့ ဖိနှိပ်လိုက်ပါတယ် ။

အကြို-အဆင့်၉ ဝင်္ကပါ အစီအရင်က အစွမ်းထက်ကောင်း ထက်ပါမယ် ။ ဒါပေမဲ့ အဲဒါက မဟာ ဧကရာဇ် တစ်ပါးကိုတော့ အပြည့်အဝ မဖိနှိပ်နိုင်ပါဘူး ။ သွေးမိစ္ဆာ မဟာ ဧကရာဇ်က သူ့တန်ခိုး အစွမ်းရဲ့ တစ်ရာပုံ တစ်ပုံပဲ ရှိနေရင်တောင်မှ လီဖူချန်းကို သတ်ဖို့အတွက် ယုံကြည်မှု အပြည့် ရှိပါတယ် ။

" သည်လောက်နဲ့များ …… သွားစမ်း "

လီဖူချန်းကလည်း သူ့အပေါ် ဖိနှိပ်မှုတွေကို ဘယ်တုန်းကမှ ခံခဲ့တဲ့လူ မဟုတ်ပါဘူး ။

သူက သူ့ရဲ့ ဓားဆန္ဒကို ထုတ်လိုက်ပြီး သွေးမိစ္ဆာ ဧကရာဇ်ရဲ့ ဖိနှိပ်မှုကို တန်ပြန်လိုက်ပါတယ် ။

" ခွေးမသား …… မင်းက သေချင်နေတာပဲ "

နောက်ဆုံးမှာတော့ သွေးမိစ္ဆာ မဟာ ဧကရာဇ်ရဲ့ ဒေါသတွေက ပေါက်ကွဲ ထွက်လာခဲ့ပါပြီ ။

သူက ညာဘက်လက်ကို ဆန့်တန်းလိုက်ပြီး လီဖူချန်းကို လှမ်းဆွဲကုတ်လိုက်ပါတယ် ။

ဝုန်း……

ဘန်း……ဘန်း……

ဒါပေမဲ့လည်း သွေးမိစ္ဆာ မဟာ ဧကရာဇ်က လီဖူချန်းကို ကောင်းကောင်း မတိုက်လိုက်ရပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိတဲ့ ခရမ်းရောင် မိုးကြိုး တစ်စင်းက သူနဲ့ သူ့ရဲ့ လက်သည်းချက်ကို မာန်ဟုန်ပြင်းစွာနဲ့ တိုက်ခိုက်လာလို့ပါပဲ ။

လီဖူချန်းဆီကို ရောက်တဲ့အခါမှာတော့ လက်သည်းချက်ရဲ့အား ၉၉ ရာခိုင်နှုန်းက ပျက်ပြယ်နေခဲ့ပါပြီ ။ သည် ၁ ရာခိုင်နှုန်းလောက်ကိုတော့ လီဖူချန်းက စာတောင် မဖွဲ့ပါဘူး ။

တစ်ဖက်မှာတော့ သွေးမိစ္ဆာ မဟာ ဧကရာဇ်ဟာ မိုးကြိုးဒဏ်ကြောင့် သနားစရာ ကောင်းတဲ့ အခြေအနေကို ရောက်နေခဲ့ပါပြီ ။

အကြို-အဆင့်၉ ဝင်္ကပါ အစီအရင် တစ်ခုက အကြို-အရှင်သခင် အဆင့် မိစ္ဆာသားရဲတွေကိုတောင် ကောင်းကောင်းကြီး ကိုင်တွယ်နိုင်ပါတယ် ။ သွေးမိစ္ဆာ မဟာ ဧကရာဇ်က ဒါကို ဂရုမစိုက်ဘဲ သတ်ဖြတ်ဖို့ ကြိုးစားတဲ့အတွက် တစ်ခုခုကိုတော့ ပြန်ပေးဆပ်ရမှာပါပဲ ။

" လခွီးပဲ …… သည်သောက်သုံးမကျတဲ့ ဝင်္ကပါ အစီအရင် "

သွေးမိစ္ဆာ မဟာ ဧကရာဇ်က ဒဏ်ရာ ရနေတဲ့ကြားက ဝင်္ကပါ အစီအရင်ကို လှမ်းပြီး ဆဲလိုက်ပါသေးတယ် ။

ပြီးတော့ သူက လီဖူချန်းဟာ သာမန် မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါး မဟုတ်ဘူး ဆိုတာကိုလည်း သတိ ပြုမိလိုက်ပါတယ် ။

လီဖူချန်းရဲ့ အစွမ်းက သေချာပေါက် လူသား ဧကရာဇ် အဆင့်မှာပါပဲ ။

" သွေးမိစ္ဆာ မင်းက အသက်ကြီးလာတော့ သိပ်ပြီး သုံးစားလို့ မရတော့ဘူးပဲ ။ သည်မှာ ကြည့်ထား ။ ငါဆုံးမပြမယ် "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လက်လေးဖက် မဟာ ဧကရာဇ်က သူ့ရဲ့ ပါးစပ်ကို ဟလိုက်ပြီး ပုံရိပ်ယောင် မြှားတစ်စင်းနဲ့ လီဖူချန်းကို တိုက်ခိုက်လိုက်ပါတယ် ။

သည်ဟာကတော့ သူ့ရဲ့ နာမည်ကျော် မိစ္ဆာ ဝိညာဉ် မြှားပါပဲ ။ ဒါက သူ့ရဲ့ မွေးရာပါ စွမ်းရည် ဖြစ်ပြီး မိစ္ဆာသားရဲ ဝိညာဉ်တွေ နဲ့ အစစ်အမှန် ဝိညာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ပါတယ် ။

လက်လေးဖက် မဟာ ဧကရာဇ်က သည်စွမ်းရည်နဲ့  ရှေးဟောင်းကြယ်စင် ပင်လယ်ပြင် တစ်ဝိုက်မှာ နာမည်ကျော်လာတာ ဆိုရင်လည်း မမှားပါဘူး ။ ရှေးဟောင်းကြယ်စင် မြို့တော်ရဲ့ ဝင်္ကပါ အစီအရင်က သူ့ကို ဖိနှိပ်ထားရင်တောင်မှပဲ သူဟာ သည်မိစ္ဆာဝိညာဉ်မြှားကို နဂိုမူလ အစွမ်းရဲ့ ဆယ်ရာခိုင်နှုန်းအထိ ရောက်အောင် ထုတ်သုံးနိုင်ပါသေးတယ် ။

***

All Chapters