လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်
Vol. 50 Ch. 672
ကံကောင်းထောက်မစွာနဲ့ပဲ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ ရှေးဟောင်းကြယ်စင် ပင်လယ်ပြင်ကနေပြီး ထွက်ပြေး လွတ်မြောက်လာခဲ့ကြပါတယ် ။ ဒါပေမဲ့လည်း သူတို့က ထွက်ပြေးနေတာကို မရပ်တန့်ရဲသေးပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ မိစ္ဆာသားရဲ အရှင်သခင်ရဲ့ ချီစွမ်းအင်လှိုင်းတွေက မိုင်းသန်းပေါင်းများစွာ ဝေးတဲ့အထိ ဂယက် ထနေဆဲမလို့ပါပဲ ။ သူတို့နှစ်ယောက် ပြေးနေတဲ့ တစ်လျှောက်မှာဆိုရင် သမုဒ္ဒရာ ရေပြင်တွေဟာ လှိုင်းတံပိုး အထပ်ထပ်ထပြီး မုန်တိုင်း ထန်နေပါသေးတယ် ။ နောက်ဆုံးမှာတော့ လီဖူချန်းဟာ မိစ္ဆာသားရဲ အရှင်သခင် တစ်ပါးဟာ ဘယ်လောက်အထိ ကြောက်စရာ ကောင်းသလဲ ဆိုတာကို မျက်ဝါးထင်ထင် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးသွားခဲ့ပါပြီ ။ " ဒါက သမုဒ္ဒရာပဲ ။ ကုန်းမြေတိုက်ကြီးတွေရဲ့ အသိစိတ်အာရုံ ကန့်သတ်ချက် မရှိတဲ့ နေရာတွေမှာ သည်လို အန္တရာယ်မျိုးက ဘာမှ မထူးဆန်းဘူး ။ ကံကောင်းပြီ ဆိုရင် မူလပင်လယ် နယ်ပယ် ဘုရင် တစ်ပါးတောင်မှ သမုဒ္ဒရာကို ဖြတ်ပြီး တစ်ဖက်ကမ်းက ကုန်းမြေတိုက် တစ်ခုစီကို ရောက်နိုင်တယ် ။ တကယ်လို့ ကံများ မကောင်းဘူး ဆိုရင်တော့ မဟာ ဧကရာဇ် တစ်ပါးတောင်မှ အသက်ရှင်ဖို့ အခွင့်အရေး မရှိဘူး " ရန်ချင်းဟူက ရုတ်တရက် မှတ်ချက် ပေးလာခဲ့ပါတယ် ။ လီဖူချန်းက " ဒါဆိုရင် ကုန်းမြေတိုက်တွေ ဆိုတာက လူသားတွေအတွက် သဘာဝ တရားက ပေးထားတဲ့ ခံတပ်တွေပေါ့ " ရန်ချင်းဟူက ခေါင်းညိတ်လိုက်ပြီး " အင်း …… အဲသည်လိုပဲ ဆိုရမှာပေါ့ " " ကဲ…… ဆက်သွားကြရအောင် " လီဖူချန်းတို့ နှစ်ယောက်က ရှေးဟောင်းကြယ်စင် မြို့တော်ရဲ့ အကာအကွယ် မရှိတဲ့ အရပ်မှာ အချိန်ကြာကြာ မနားနေရဲပါဘူး ။ သူတို့က သွေးမိစ္ဆာ မဟာ ဧကရာဇ် ၊ လက်လေးဖက် မဟာ ဧကရာဇ်တို့နဲ့ ရန်စ ရှိထားတာ မဟုတ်ပါလား ။ တကယ်လို့ သူတို့နှစ်ယောက်သာ မဟာ ဧကရာဇ် နှစ်ပါးရဲ့ ပစ်မှတ် စက်ကွင်းထဲကို ရောက်သွားခဲ့မယ် ဆိုရင်တော့ တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားကို မသုံးမဖြစ် သုံးရဦးမှာပါပဲ ။ အဲဒါဆိုရင်တော့ သူတို့နှစ်ယောက်ဟာ သွေးချီ အရင်းအမြစ် လျော့ပါးတဲ့ ပြသနာနဲ့ နောက်တစ်ကြိမ် ကြုံရနိုင်ပြီး အတွင်းဒဏ်ရာ အပြင်းအထန် ပြန်ရသွားနိုင်ပါတယ် ။ အဲသည်နောက်မှာတော့ သူတို့နှစ်ယောက်ဟာ သမုဒ္ဒရာထဲမှာ ခုနစ်ရက်တိတိ မနားမနေ ပျံသန်းပြီး ထွက်ပြေးခဲ့ကြပါတယ် ။ လမ်းတစ်လျှောက်မှာတော့ သူတို့နှစ်ယောက်ဟာ မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးနဲ့မှတောင် မကြုံခဲ့ရပါဘူး ။ ကြည့်ရတာတော့ အနီးအနီး ပင်လယ်တွေက မိစ္ဆာသားရဲ ဧကရာဇ်တွေဟာ ရှေးဟောင်းကြယ်စင် မြို့တော်ကို ရောက်နေကြပြီး ပြန်မလာနိုင်သေးကြပုံပါပဲ ။ " ရန်ချင်းဟူ …… အရှေ့ဘက်မှာ ကုန်းမြေတိုက် တစ်ခု ရှိနေတဲ့ပုံပဲ " လီဖူချန်းက သူတို့ရဲ့ သမုဒ္ဒရာ ခရီးစဉ် တစ်လျှောက်မှာ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို မိုင်ပေါင်း တစ်သောင်းကျော်အထိ ဖြန့်ကြက်ထားခဲ့တာပါ ။ အဲသည်အတွက် တစ်နေ့မှာတော့ သူဟာ မမြင်ရတဲ့ အကာအကွယ် တစ်ခုက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ကာဆီးထားတာကို အာရုံ ခံမိလိုက်ပါတယ် ။ သည်အကာအကွယ်က ကိုယ်ပိုင် အသိစိတ် ရှိနေသလိုပါပဲ ။ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ် အာရုံက အဲသည် အကာအကွယ်ကို လုံးဝ မထိုးဖောက်နိုင်ပါဘူး ။ တကယ်လို့ လီဖူချန်း ထင်တာသာ မမှားဘူး ဆိုရင်တော့ အဲဒါက ကုန်းမြေတိုက် အသိစိတ်ပဲ ဖြစ်ရပါမယ် ။ " သည်ဟာပဲ " နေ့တစ်ဝက် အကြာမှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ အကာအကွယ် အစပ်နားကို ရောက်ရှိ လာခဲ့ကြပါပြီ ။ သည်ပင်လယ် ကမ်းခြေမှာတော့ မိစ္ဆာသားရဲတွေရဲ့ အငွေ့အသက်ဟာ ကင်းစင်နေပြီး ကုန်းမြေတိုက် တစ်ခုနဲ့ သက်ဆိုင်တဲ့ ချီအရှိန်အဝါ တစ်ခုကလည်း ရှိနေပါတယ် ။ " သေချာပြီ ။ ဒါက အလယ်အလတ် အဆင့် ကုန်းမြေတိုက် တစ်ခုပဲ " အခုမှပဲ လီဖူချန်းတို့ နှစ်ယောက်ဟာ သက်ပြင်း ချနိုင်ပါတော့တယ် ။ သည်လို အပြောကျယ်တဲ့ သမုဒ္ဒရာကြီးထဲမှာက ကုန်းမြေတိုက် တစ်ခုကို ရှာတွေ့ဖို့ ဆိုတာဟာ လုံးဝ မလွယ်ကူတဲ့ ကိစ္စ တစ်ရပ်ပါပဲ ။ အလယ်အလတ် အဆင့် ကုန်းမြေတိုက် တစ်ခုကို ရှာတွေ့ဖို့ ဆိုတာကတော့ ပိုလို့တောင် ဆိုးပါသေးတယ် ။ ဒါပေမဲ့လည်း အခုတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ သိပ်တောင် အားမစိုက်ထုတ်လိုက်ရဘဲ အလယ်အလတ် အဆင့် ကုန်းမြေတိုက် တစ်ခုကို ရှာဖွေ တွေ့ရှိ သွားခဲ့ပါပြီ ။ " အာ……ဒါက သာမန် အလယ်အလတ် အဆင့် ကုန်းမြေတိုက်ပါလား " လီဖူချန်းက သေသေချာချာ အာရုံ ခံလိုက်ပြီးတဲ့ နောက်မှာတော့ နည်းနည်း စိတ်ပျက် သွားခဲ့ပါတယ် ။ ဒါပေမဲ့ သေချာ စဉ်းစားကြည့်မယ် ဆိုရင်တော့ ဒါကလည်း ဖြစ်သင့် ဖြစ်ထိုက်တာပါပဲ ။ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်လို အလယ်အလတ် အဆင့် ကုန်းမြေတိုက်တွေထဲမှာ ထိပ်တန်း ဖြစ်တဲ့ ကုန်းမြေတိုက် တစ်ခုကို ရှာတွေ့ဖို့ ဆိုတာက ဘယ်လိုလုပ်ပြီး သည်လောက်အထိ လွယ်ကူပါ့မလဲ ။ " ရန်ချင်းဟူ …… သည်ကုန်းမြေတိုက်ကို နည်းနည်းပါးပါး လေ့လာကြည့်ကြရအောင် " " အင်း " အဲသည်နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ ကုန်းမြေတိုက်ရဲ့ နယ်နိမိတ်ထဲကို ဝင်သွားခဲ့ကြပါပြီ ။ ကုန်းမြေတိုက် အသိစိတ်က လိပ်ပြာ အသိစိတ်အာရုံနဲ့ ထောက်လှမ်းတာကို ခွင့်မပြုထားပေမယ့် လူသားတွေ ဝင်ရောက်တာကိုတော့ မတားဆီးထားပါဘူး ။ … ချွင်……ချွင်……ချွင်…… ထန်……ထန်…… ဘန်း……ဘန်း……ဘန်း…… မျက်စိ တစ်ဆုံးအထိ ကျယ်ပြန့် ၊ ပြန့်ပြူ းလှတဲ့ မြက်ခင်းပြင် တစ်ခုရဲ့ အလယ်မှာတော့ ကြီးမားလှတဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလျက် ရှိနေပါတယ် ။ သည်တိုက်ပွဲကို ဝင်ရောက် တိုက်ခိုက်နေသူတွေထဲက တစ်ဖက်ကတော့ အနက်ရောင် ကင်းခြေများပုံကို ရေးဆွဲထားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ထားကြပြီး ကျန်တစ်ဖက်ကတော့ နောက်ကျောမှာ အစိမ်းရောင် ဝါးပင်ပုံကို ရေးဆွဲထားတဲ့ ဝတ်စုံဖြူတွေကို ဝတ်ဆင်ထားကြပါတယ် ။ မြင်ရသလောက် ဆိုရင်တော့ သည်တိုက်ပွဲက လုံးဝ ဘက်မမျှပါဘူး ။ ဒါက လုံးဝ တစ်ဖက်စောင်းနင်း တိုက်ပွဲကြီးပါပဲ ။ တိုက်ပွဲမြေပြင် အနှံ့မှာ ဆိုရင်လည်း လဲကျသေဆုံးနေကြတဲ့ ဝတ်စုံဖြူ တွေဟာ တောင်ပုံ၊ရာပုံ ရှိနေပါတယ် ။ " မဟူရာ ကင်းခြေများ ဘုရင် ………မင်းက အကောက်ဉာဏ် သုံးပြီး ငါတို့ရဲ့ ဝါးစိမ်း အစည်းအရုံးက ဘုရင် တစ်ဒါဇင်ကျော်ကို သတ်ခဲ့တယ် ။ သည်ရန်ကြွေးက ငါတို့နှစ်ဖွဲ့ထဲက တစ်ဖွဲ့ မရှိတော့မချင်း ပြီးသွားမှာ မဟုတ်ဘူးကွ " အဖြူ ရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မူလပင်လယ် နယ်ပယ် အဆင့်၇ ဘုရင်တစ်ပါးက သူနဲ့ တိုက်ခိုက်နေတဲ့ တစ်ဖက်က အနက်ရောင် ဝတ်စုံဝတ် မူလပင်လယ် နယ်ပယ် အဆင့်၇ ဘုရင်ကို နာနာကြည်းကြည်း လှမ်းပြောလိုက်ပါတယ် ။ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဘုရင်က နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး " ဘာရန်ကြွေးတွေ ပြောနေတာလဲ ။ သည်နေ့ပြီးရင် မင်းတို့ ဝါးစိမ်း အစည်းအရုံးက လောကပေါ်မှာ ရှိတော့မှာမှ မဟုတ်တာ " မဟူရာ ကင်းမြီးကောက်ဂိုဏ်းရဲ့ အစွမ်းဟာ နဂိုကတည်းကမှ ဝါးစိမ်း အစည်းအရုံးထက် သာနေခဲ့တာပါ ။ အခုလို ဝါးစိမ်းအစည်းအရုံးရဲ့ မူလပင်လယ် နယ်ပယ် ဘုရင် တစ်ဒါဇင်ကျော်ကို အလစ်ချောင်း သုတ်သင်ပြီးတဲ့ အခါမှာတော့ ဝါးစိမ်း အစည်းအရုံးနဲ့ မဟူရာ ကင်းမြီးကောက် ဂိုဏ်းဟာ ယှဉ်နေစရာကို မလိုတော့ပါဘူး ။ " သတ် " " သည်ကောင်တွေကို တစ်ယောက်မှ အရှင် မထားနဲ့ဟေ့ " " ကျူ ပင်ခုတ် ကျူ ငုတ် မကျန်ကွ " " ကျား " " ယား " " အား…… အီး ……" ဘန်း……ဘန်း……ဘန်း…… ဒုန်း……ဒုန်း…… ဝုန်း…… သည်လိုနဲ့ပဲ တိုက်ပွဲဟာ နာရီပေါင်းများစွာ ကြာသွားခဲ့ပါပြီ ။ အစတုန်းက လူပေါင်း သုံးထောင်ကျော် ရှိတဲ့ ဝါးစိမ်း အစည်းအရုံး အဖွဲ့ဝင်တွေဟာလည်း တစ်ထောင်နီးပါးလောက်သာ ကျန်ပါတော့တယ် ။ တခြားတစ်ဖက်မှာတော့ မဟူရာ ကင်းမြီးကောက်ဂိုဏ်းဟာ အဖွဲ့ဝင် အရေအတွက် သုံးထောင်အောက်ကို မလျော့သေးပါဘူး ။ သည်လိုနဲ့ ဝါးစိမ်း အစည်းအရုံး တစ်ခုလုံး အမြစ်ပြတ် သုတ်သင် ရှင်းလင်းခံရတော့မယ့် အချိန်မှာပဲ လူရိပ် နှစ်ရိပ်ဟာ တိုက်ပွဲ ဖြစ်ပေါ်ရာ မြက်ခင်းပြင်ဘက်ကို ပျံသန်း လာပါတော့တယ် ။ အဲသည် လူရိပ် နှစ်ရိပ်ကတော့ လီဖူချန်း နဲ့ ရန်ချင်းဟူကလွဲပြီး တခြား မရှိပါဘူး ။ " ဒါက တိုက်ပွဲ မြေပြင်ကွ ။ မင်းတို့နှစ်ယောက် ဒါလေးတောင် နားမလည်ဘူးလား ။ တခြားလမ်းကြောင်းကို ရွေးကြစမ်း " မဟူရာ ကင်းခြေများ ဂိုဏ်းက ဘုရင်တစ်ပါးက တိုက်ပွဲ စက်ကွင်းထဲကနေ ခုန်ထွက်လာပြီး လီဖူချန်းတို့ နှစ်ယောက်ကို အော်ငေါက် လိုက်ပါတယ် ။ " သွားစမ်း " ရန်ချင်းဟူရဲ့ တုံ့ပြန်မှုကတော့ စကား တစ်ခွန်းတည်းပါပဲ ။ ဘန်း…… ဒါပေမဲ့ သူမရဲ့ စကား ဆုံးတာနဲ့ တစ်ပြိုင်နက် ချီအရှိန်အဝါ တစ်ခုက ထွက်ပေါ်လာပြီး တစ်ဖက်လူကို ရိုက်ထုတ် ပစ်လိုက်ပါတယ် ။ အဲသည် ချီအရှိန်အဝါကတော့ မူလပင်လယ် နယ်ပယ် အထွတ်အထိပ် အဆင့် ဘုရင် တစ်ပါးမှသာ ပိုင်ဆိုင်နိုင်တဲ့ ချီအရှိန်အဝါပါပဲ ။ " အ……အထွတ်……အထွတ်အထိပ် အဆင့်လား " မဟူရာ ကင်းခြေများ ဘုရင် နဲ့ ဝါးစိမ်း ဘုရင်တို့ရဲ့ မျက်လုံးတွေဟာ ပြူ းကျယ် သွားခဲ့ပါပြီ ။ မဟူရာ ကင်းခြေများဂိုဏ်း နဲ့ ဝါးစိမ်း အစည်းအရုံး ဆိုတာက လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာ ဒုတိယတန်းစား အဖွဲ့အစည်း သာသာပဲ ရှိတာပါ ။ ပြီးတော့ သူတို့ကလည်း အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင် အဆင့်မှာပဲ ရှိပါတယ် ။ မူလပင်လယ် နယ်ပယ် အထွတ်အထိပ် အဆင့်မှာ ရှိတဲ့ ဘုရင်တွေ ဆိုတာက ပထမတန်းစား ဂိုဏ်းအဖွဲ့အစည်းတွေမှာမှ ရှိတတ်တဲ့ အရာမျိုးပါ ။ ဒါပေမဲ့လည်း သူတို့ဟာ လီဖူချန်း နဲ့ ရန်ချင်းဟူတို့လို ငယ်ရွယ်တဲ့ အထွတ်အထိပ် အဆင့် ဘုရင်တွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ မကြားဖူးပါဘူး ။ မဟူရာ ကင်းမြီးကောက် ဘုရင် နဲ့ ဝါးစိမ်း ဘုရင်တို့က အထွတ်အထိပ် အဆင့် ဘုရင်တစ်ပါးဟာ ဘယ်လောက်အထိ ကြောက်စရာ ကောင်းသလဲ ဆိုတာကို ကောင်းကောင်းကြီး သိထားသူတွေပါ ။ တစ်ခါက ဆိုရင် အထွတ်အထိပ် အဆင့် ဘုရင်တစ်ပါးဟာ အဆင့်မြင့် ဘုရင် တစ်ပါးကို တစ်ကွက်တည်းနဲ့ သတ်ဖြတ်ပစ်လိုက်ပြီး လမ်းစဉ်လေးသွယ် ကုန်းမြေတိုက် တစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားအောင် ပြုလုပ်ဖူးပါတယ် ။ အဲသည်အတွက် သူတို့က လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကို မလေးမစား မပြုဝံ့ပါဘူး ။ ဘယ်လောက်ပဲ အားနည်းတယ် ဆိုပါစေဦး ။ အထွတ်အထိပ် အဆင့် ဘုရင် ဆိုတာက အထွတ်အထိပ် အဆင့် ဘုရင် ဖြစ်နေဦးမှာပါပဲ ။ အဲသည်နောက်မှာတော့ မဟူရာဂိုဏ်း နဲ့ ဝါးစိမ်း အစည်းအရုံးတို့ဟာ ရွေးချယ်စရာ မရှိဘဲ တိုက်ပွဲကို ခေတ္တခဏ ရပ်လိုက်ပြီး လီဖူချန်းတို့ နှစ်ယောက်အတွက် လမ်းဖယ် ပေးလိုက်ကြပါတယ် ။ " ကျုပ်တို့က ကြီးမြတ်တဲ့ ဘုရင်နှစ်ပါးကို ရန်စသလို ဖြစ်သွားခဲ့မိပါတယ် ။ ကျေးဇူးပြု ပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ " မဟူရာ ကင်းခြေများ ဘုရင်က အတော်လေးကို အရိပ်အကဲ နားလည်သူပါပဲ ။ သူက တစ်ဖက်လူတွေရဲ့ အဆင့်ကို သိလိုက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး တောင်းပန်လိုက်ပါသေးတယ် ။ လီဖူချန်းက ပြုံးလိုက်ပြီး " ခင်ဗျားက မဆိုးဘူး ။ ခင်ဗျား နဲ့ ဟိုလူ သည်ကို ခဏလောက် လာခဲ့ပါလား " လီဖူချန်း ရည်ညွှန်းတဲ့ ' ခင်ဗျား နဲ့ ဟိုလူ ' ဆိုတာကတော့ မဟူရာ ကင်းမြီးကောက် ဘုရင် နဲ့ ဝါးစိမ်း ဘုရင်တို့က လွဲပြီး တခြား မရှိပါဘူး ။ လီဖူချန်းရဲ့ စကား အဆုံးမှာတော့ မဟူရာ ကင်းမြီးကောက် ဘုရင်ဟာ မျက်နှာ ပျက်သွားခဲ့ပါပြီ ။ သူက တစ်ဖက်လူတွေကို မျက်နှာသာ ပေးခဲ့ပေမယ့် တစ်ဖက်ကတော့ ထပ်ပြီး ကန်းတက် နေတာ မဟုတ်ပါလား ။ " ကျုပ်တို့က ကြီးမြတ်တဲ့ ဘုရင် နှစ်ပါးကို လမ်းဖယ်ပေးထား ပြီးပါပြီ ။ အဲသည်အတွက် ဘုရင် နှစ်ပါး အနေနဲ့ သည်နေရာကနေ အမြန် သွားသင့်နေပါပြီ " မဟူရာ ကင်းမြီးကောက် ဘုရင်က သူ့ရဲ့ ဒေါသတွေကို ထိန်းချုပ်လိုက်ပြီး လှမ်းပြောလိုက်ပါတယ် ။ " ဟင်း… ဒါဆိုရင်လည်း ရွေးချယ်စရာ မရှိတော့ဘူးပဲ " စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက ခေါင်းတခါခါ လုပ်လိုက်ပြီး မဟူရာ ကင်းမြီးကောက် ဘုရင် နဲ့ ဝါးစိမ်း ဘုရင်တို့ကို အဝေးကနေ လှမ်းဆွဲလိုက်ပါတော့တယ် ။ အဲသည်နောက်မှာတော့ ထူးဆန်းလှတဲ့ ဆွဲငင်အား တစ်ခုဟာ မဟူရာ ကင်းမြီးကောက် ဘုရင် နဲ့ ဝါးစိမ်း ဘုရင်တို့ကို လီဖူချန်းဆီ ဆွဲခေါ်သွားခဲ့ပါပြီ ။ " ရမ်းကားလိုက်တာ …… အခုချက်ချင်း ငါတို့ရဲ့ ဂိုဏ်းချုပ်ကြီးကို လွှတ်လိုက်စမ်း " မဟူရာ ကင်းမြီးကောက်ဂိုဏ်းက လူတွေက သူတို့ရဲ့ ဂိုဏ်းချုပ် အဖမ်းခံလိုက်ရတာကို လုံးဝ ငြိမ်ပြီး ကြည့်မနေနိုင်ကြပါဘူး ။ အဲသည်အတွက် သူတို့က ဘုရင် ၁၈ပါး ပါဝင်တဲ့ ဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာတစ်ခုကို ခင်းကျင်းလိုက်ပြီး လီဖူချန်းကို တိုက်ခိုက်လာကြပါတယ် ။ " ဟင်း…… သည်လူတွေကတော့ " လီဖူချန်းက ဘာမှ မတတ်နိုင်တဲ့ဟန်နဲ့ တီးတိုး ရေရွတ်လိုက်ပြီး ညာဘက် လက်ညှိုးကို ကွေးကာ တောက်ထုတ် လိုက်ပါတယ် ။ ဝုန်း…… ဝုန်း…… အဲသည်နောက်မှာတော့ ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာဟာ တစ်စစီ ပျက်စီးသွားပြီး လူတွေဟာလည်း လွင့်ထွက်ကုန်ပါတော့တယ် ။ " သည်……သည်လို …… တန်ခိုးအစွမ်းက… " အစတုန်းကတော့ ဝါးစိမ်း အစည်းအရုံးက ဘုရင်တွေဟာ လီဖူချန်းကို တိုက်ခိုက်ကြဦးမလို့ပါပဲ ။ ဒါပေမဲ့လည်း အခုတော့ သူတို့ထဲက ဘယ်သူကမှ မလှုပ်ရှားဝံ့တော့ပါဘူး ။ လက်လေးတစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့တင် သူတို့ရဲ့ အစည်းအရုံး ခေါင်းဆောင် နဲ့ မဟူရာ ကင်းမြီးကောက် ဘုရင်တို့ကို ဆွဲခေါ်နိုင်သူ ။ လက်လေး တစ်ချက် တောက်လိုက်ရုံနဲ့တင် မဟူရာ ကင်းမြီးကောက်ဂိုဏ်းရဲ့ ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာကို ပျက်စီးစေနိုင်သူ ။ ဒါက နောက်စရာ လုံးဝ မဟုတ်ပါဘူး ။ သည်လို တန်ခိုးအစွမ်းမျိုး ဆိုတာက သူတိုု့ မှန်းဆနိုင်တာထက် အများကြီး သာလွန်ပါတယ် ။ " အားလုံး ရပ်ကြစမ်း ။ သည်က သခင်လေးက မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးကွ " မဟူရာ ကင်းမြီးကောက် ဘုရင် နဲ့ ဝါးစိမ်း ဘုရင်တို့က လီဖူချန်းဟာလည်း ရန်ချင်းဟူလိုပဲ မူလပင်လယ် နယ်ပယ် အထွတ်အထိပ် အဆင့် ဘုရင်တစ်ပါး ဆိုတာကို နားလည် သိရှိသွားခဲ့ကြပါပြီ ။ ပြီးတော့ လီဖူချန်းက အထွတ်အထိပ် အဆင့် ဘုရင်တွေထဲမှာတောင်မှ ထိပ်ဆုံးမှာ ရပ်တည်နေသူ ဖြစ်လောက်ပါတယ် ။ " ကျုပ်က သည်အတိုင်း မေးခွန်းလေး နည်းနည်းပါးပါးပဲ မေးချင်တာပါ ။ သိပ်ပြီးလည်း မစိုးရိမ်ကြပါနဲ့ " လီဖူချန်းက ထုံးစံအတိုင်း ခပ်ပြုံးပြုံးနဲ့ပါပဲ ။ " သခင်လေးက ကျုပ်တို့ကို ဘာများ မေးချင်တာလဲ မသိဘူး ။ ကျုပ်တို့ သိတာဆိုရင် သခင်လေးကို မခြွင်းမချန် အကုန်အစင် ပြောပြပါမယ် " ဝါးစိမ်း ဘုရင်က လီဖူချန်းကို လက်နှစ်ဖက် ဆုပ်ကာ အရိုအသေ ပေးရင်းနဲ့ ကတိစကား ပြောကြားလိုက်ပါတယ် ။ လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး " ဟုတ်ပြီ ။ ဒါဆိုရင် ကျုပ်စပြီး မေးတော့မယ် ။ သည်ကုန်းမြေတိုက် နာမည်က ဘာလဲ ။ သည်ကုန်းမြေတိုက်မှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ ။ သည်ကုန်းမြေတိုက်ရဲ့ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်က ဘယ်သူလဲ " သူတို့နှစ်ယောက်က သည်ကုန်းမြေတိုက်ကို အခုမှ စရောက်တာ ဖြစ်တဲ့အတွက် သည်နေရာနဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ မသိသေးပါဘူး ။ အဲသည်အတွက် သူတို့ဟာ တစ်စုံတစ်ယောက်ကို ရှာပြီး သည်ကုန်းမြေတိုက် အကြောင်းကို မေးရပါမယ် ။ " သခင်လေးက လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်က မဟုတ်ဘူးလား " နောက်ဆုံးမှာတော့ ဝါးစိမ်း ဘုရင်က သဘောပေါက်သွားခဲ့ပါပြီ ။ သူတို့က လီဖူချန်း နဲ့ ရန်ချင်းဟူ အကြောင်းကို မကြားဖူးတာလည်း ဘာမှ မထူးဆန်းပါဘူး ။ သူတို့က လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ကမှ မဟုတ်တာကိုး ။ လီဖူချန်းတို့ နှစ်ယောက်က သမုဒ္ဒရာကို ဖြတ်ပြီး သည်ကုန်းမြေတိုက်ကို ရောက်လာတဲ့ အကြောင်းကို သိလိုက်ရတဲ့ အခါမှာတော့ မဟူရာ ကင်းမြီးကောက် ဘုရင် နဲ့ ဝါးစိမ်း ဘုရင်တို့ဟာ ပိုပြီး ကြောက်လန့် သွားကြပါတယ် ။ သမုဒ္ဒရာကို ဖြတ်လာနိုင်တဲ့ ဘုရင်တွေ ဆိုတာက လုံးဝ သာမန် မဟုတ်ပါဘူး ။ သူတို့က အနိမ့်ဆုံး အနေနဲ့ အကြို-ဧကရာဇ် အဆင့်မှာ ရှိနေရပါမယ် ။ မဟူရာ ကင်းမြီးကောက် ဘုရင်က စကားပြောဖို့ အခွင့်ကောင်းကို ရယူလိုက်ပြီး " သခင်လေး…… သည်ကုန်းမြေတိုက်က လမ်းစဉ်းလေးသွယ် ကုန်းမြေတိုက်လို့ ခေါ်ပြီး စတုရန်းပုံ ရှိပါတယ် ။ သည်ကုန်းမြေတိုက်မှာတော့ ဂိုဏ်းအဖွဲ့အစည်းတွေကို ထိပ်တန်း ၊ ပထမတန်းစား ၊ ဒုတိယတန်းစား ၊ တတိယတန်းစား ဆိုပြီး အစဉ်လိုက် ခွဲခြားထားပါတယ် ။ သည်ကုန်းမြေတိုက်ရဲ့ ထိပ်တန်း အဆင့် အဖွဲ့အစည်းကတော့ တစ်ခုတည်း ရှိပြီး အဲဒါ လမ်းစဉ်လေးသွယ် အင်ပိုင်ယာပါ ။ ပထမတန်းစား အဖွဲ့အစည်းတွေက လေးခု ၊ ဒုတိယတန်းစား အဖွဲ့အစည်းတွေက တစ်ဒါဇင်ကျော် နဲ့ တတိယတန်းစား အဖွဲ့အစည်းတွေကတော့ တစ်ရာနီးပါး ရှိပါတယ် ။ အဆင့်သတ်မှတ်ချက် မရှိတဲ့ ဂိုဏ်းအဖွဲ့အစည်းတွေကတော့ ရေတွက်လို့ကို မရပါဘူး ။ ကျုပ်ရဲ့ မဟူရာ ကင်းမြီးကောက်ဂိုဏ်း နဲ့ ဝါးစိမ်း အစည်းအရုံးတို့ကတော့ ဒုတိယတန်းစား အဆင့်ပဲ ရှိပါတယ် ။ ပြီးတော့ သည်ကုန်းမြေတိုက်မှာက မဟာ ဘုရင် ဆယ်ပါး ရှိပြီး သူတို့အားလုံးက မူလပင်လယ် နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေပါပြီ " " လမ်းစဉ်လေးသွယ် အင်ပိုင်ယာ ဟုတ်လား …… သည်ကုန်းမြေတိုက်မှာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကော မရှိဘူးလား " ရန်ချင်းဟူက လှမ်းမေးလိုက်ပါတယ် ။ ဝါးစိမ်း ဘုရင်က ခေါင်းခါလိုက်ပြီး " လမ်းစဉ်လေးသွယ် အင်ပိုင်ယာရဲ့ အရှင်သခင်က လမ်းစဉ်လေးသွယ် သိုင်းဧကရာဇ်လို့ ခေါ်တယ် ။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကတော့ မူလပင်လယ် နယ်ပယ် အထွတ်အထိပ် အဆင့်ပဲ ။ ဒါပေမဲ့ သူက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေကိုတောင် ယှဉ်နိုင်တယ် ။ ဒါကြောင့်သူ့ကို လူတွေက လမ်းစဉ်လေးသွယ် သိုင်းဧကရာဇ်လို့ ခေါ်ကြတာ " " အဲလိုကိုး " လီဖူချန်းက အခုမှ သဘောပေါက်ပါတော့တယ် ။
***