သူတော်ဝိညာဉ် ကျင့်စဉ်
Vol. 50 Ch. 676
တုံးမူထျန်ကတော့ လီဖူချန်းတို့ကို ကြည့်ပြီး စိတ်ဓာတ် အကြီးအကျယ် ကျနေခဲ့ပါပြီ ။ ရန်ချင်းဟူ နဲ့ လီဖူချန်း နှစ်ယောက်စလုံးက တကယ်ကို အကောင်းကြိုက်တဲ့ သူတွေပါပဲ ။ သူတို့က တကယ်ကို ထိပ်တန်း အဖိုးတန် အရင်းအမြစ်တွေကလွဲလို့ တခြားဟာတွေကို လက်ဖျားနဲ့တောင် မတို့ပါဘူး ။ ဒါပေမဲ့ အဲသည် အဖိုးတန် အရင်းအမြစ်တွေ ဆိုတာက မိုးကြိုးဂိုဏ်း အနေနဲ့ နှစ်ပေါင်း မရေမတွက်နိုင်အောင် စုဆောင်းထားရတဲ့ အရာတွေ ဖြစ်ပါတယ် ။ တကယ်လို့ သူ့အနေနဲ့သာ တစ်နေ့ သည်လိုဖြစ်လာမယ် ဆိုတာ ကြိုသိခဲ့ရင်တော့ သူဟာ သည်ရတနာတွေကို အကုန် သုံးပစ်လိုက်မှာပါပဲ ။ အဲသည်ထဲမှာမှ အဆိုးဆုံးကတော့ မိုးကြိုးသားရဲဟာ သူတို့ကို စွန့်ခွာပြီး ထွက်သွားတာပါပဲ ။ မိုးကြိုးသားရဲ ဆိုတာက သူတို့ဂိုဏ်းရဲ့ လာဘ်ကောင် ဖြစ်တဲ့အပြင် အထွတ်အမြတ် သားရဲ တစ်ကောင်လည်း ဖြစ်ပါတယ် ။ မိုးကြိုးဂိုဏ်းအနေနဲ့ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ရဲ့ ပထမတန်းစား ဂိုဏ်းအဖွဲ့အစည်းတစ်ခု အဖြစ် ရပ်တည်နေနိုင်တာဟာ မိုးကြိုးသားရဲကြောင့် ဆိုရင်လည်း မမှားပါဘူး ။ မဟုတ်ရင်တော့ သူတို့ဂိုဏ်းဟာ အစောကြီးကတည်း လမ်းစဉ်လေးသွယ် အင်ပိုင်ယာရဲ့ လက်အောက်ကို ကျရောက်နေလောက်ပါပြီ ။ လမ်းစဉ်လေးသွယ် အင်ပိုင်ယာဆိုတာက လူတစ်ရာ ပါဝင်လို့ရတဲ့ ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာတစ်ခု ရှိပြီး အဲဒါက ဘယ်လို လူမျိုးကိုမဆို သတ်ဖြတ်ပစ်နိုင်တယ်လို့ သတင်းကြီးပါတယ် ။ အဲသည်သတင်းကတော့ လမ်းစဉ်လေးသွယ် ဧကရာဇ်က လူတစ်ရာ ပါတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ တစ်ခုကို သုံးပြီး ဒဏ်ရာရနေတဲ့ အဆင့်နိမ့် မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးကို သတ်ဖြတ်လိုက်တာစပြီး ထွက်ပေါ်လာတော့တာပါပဲ ။ အဲသည်အချိန်တည်းက စပြီး လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်က လူတွေဟာ လမ်းစဉ်လေးသွယ် အင်ပိုင်ယာကို အကြောက်ပြီး ကြောက်နေရတော့တာပါပဲ ။ " ဟူး…… ကျေးဇူးပြု ပြီး သည်နှစ်ယောက်က လမ်းစဉ်လေးသွယ် အင်ပိုင်ယာကိုလည်း ပြသနာ ရှာပေးပါစေကွာ " တုံးမူထျန်က လီဖူချန်းတို့ နှစ်ယောက်ကို ကြည့်နေရင်းနဲ့ စိတ်ထဲကနေ ဆုတောင်းလိုက်မိပါတယ် ။ …… အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် သုံးပင်ရဲ့ အစွမ်းက တကယ်ကို အံ့သြစရာပါပဲ ။ အဲဒါတွေက လီဖူချန်းရဲ့ စိတ်ဝိညာဉ် ဆင့်ကဲပြောင်းလဲမှုကို သိသိသာသာကြီး ဖြစ်ပေါ်စေပါတယ် ။ အဲသည်အတွက် အစောပိုင်းတုန်းက ၅ရာခိုင်နှုန်းသာ အနီရောင်ဖျော့ဖျော့ဘက်ကို သန်းနေတဲ့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ဟာ အခုဆိုရင် ၁၀ ရာခိုင်နှုန်းအထိ သန်းသွားခဲ့ပါပြီ ။ ပြီးတော့ အဲဒါက လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုကိုလည်း အများကြီး ထက်မြက်လာစေပါတယ် ။ သည်မတိုင်ခင်တုန်းကဆိုရင် လီဖူချန်းဟာ အကြောင်းအရာ တစ်ခုကို တွေးလိုက်ပြီ ဆိုတာနဲ့ သူ့ရဲ့ စိတ်နယ်ပယ်မှာ ခရမ်းရောင် လျှပ်စီးတွေ တောက်လာလေ့ ရှိပါတယ် ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့ စိတ်နယ်ပယ်မှာ ပေါက်ကွဲသံ တစ်ခုပါ ထပ်တိုးလာခဲ့ပါပြီ ။ အဲဒါက အဆက်မပြတ်ကို ထွက်ပေါ်နေတဲ့အတွက် မသိရင်တော့ ပဲ့တင်သံ ရိုက်ခတ်နေသလိုပါပဲ ။ " စိတ်ဝိညာဉ်ဆေးပင် …… ငါ စိတ်ဝိညာဉ်ဆေးပင်တွေ ထပ်ပြီးရမှ ဖြစ်မယ် " လီဖူချန်းက သူ့ရဲ့ စိတ်နယ်ပယ်ထဲကို ကြည့်ပြီး အားမလို ၊ အားမရနဲ့ ရေရွတ်လိုက်ပါတယ် ။ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်တွေရဲ့ သက်ရောက်မှုက သိပ်ပြီး မကောင်းလှပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ သူ့အနေနဲ့ လုံလောက်တဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ဆေးပင်တွေကို ရမယ်ဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ်ဟာ အနီရောင်ဖျော့ဖျော့ဘက်ကို ၁၅ ရာခိုင်နှုန်းလောက်အထိ ပြောင်းလဲသွားလိမ့်မယ်လို့ ယုံကြည်နေမိပါတယ် ။ အပိုတွေ ပြောလွန်းနေတာတော့ မဟုတ်ပါဘူး ။ သူ့ရဲ့ အခုလက်ရှိ စိတ်ဝိညာဉ်ဟာ ဆင့်ကဲပြောင်းလဲ တိုးတက်ဖို့အတွက်ဆိုရင် အတော်လေး ခက်ခဲသွားခဲ့ပါပြီ ။ တကယ်လို့ သူ့အနေနဲ့ ပြင်ပ အကူအညီတွေကိုသာ မယူဘူး ဆိုရင်တော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ အနီရောင်ဖျော့ဖျော့ဘက်ကို အပြည့်အဝ ပြောင်းလဲဖို့အတွက် ဘယ်လောက်အထိ စောင့်ရမယ် မသိပါဘူး ။ အဲသည်အတွက် သူ့အနေနဲ့ စိတ်ဝိညာဉ် ဆေးပင်တွေကို စားနိုင်သလောက် စားထားနိုင်မှ တော်ကာကျပါလိမ့်မယ် ။ စိတ်ဝိညာဉ်ဆေးပင်တွေက ဘယ်လို ဘေးထွက်ဆိုးကျိး ရှိတယ်ပဲပြောပြော သူ့အနေနဲ့ သူ့ရဲ့ စိတ်ဝိညာဉ်ကို အနီရောင်ဖျော့ဖျော့ဘက်ကို အပြည့်အဝ ပြောင်းလဲလိုက်နိုင်မယ် ဆိုရင်တော့ အရာရာဟာ တန်သွားခဲ့ပါပြီ ။ အနီရောင် စိတ်ဝိညာဉ်က သေမျိုးတွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး ။ လီဖူချန်းက အဲဒါကို ၁၀ရာခိုင်နှုန်းသော အနီဖျော့ရောင် စိတ်ဝိညာဉ်ကနေပြီး ခံစားမိနေပါတယ် ။ တကယ်လို့သာ သူ့ရဲ့ စိတ်ဝိညာဉ်က ခရမ်းရောင်ကနေ အနီဖျော့ရောင်အဖြစ်ကို ပြောင်းလဲသွားပြီ ဆိုရင် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲကို မသိပါဘူး ။ " ဘုံခုနစ်ဆင့် ကောင်းကင်ဓားအင်းကွက် တစ်ခုလုံးကို နားလည်ဖို့ဆိုတာက သိပ်မဖြစ်နိုင်သေးဘူး ။ ဒါပေမဲ့ အခု ငါ့အနေနဲ့ ကောင်းကင် အဆင့်မြင့် ဓားကွက် တစ်ကွက်လောက် အရင် စမ်းထွင်ကြည့်လို့ ရနေတာပဲ '" ရန်ချင်းဟူက သူမရဲ့ အစစ်အမှန် စိတ်ဝိညာဉ် အားနည်းချက်ကြောင့် ကောင်းကင်အဆင့်မြင့် သိုင်းပညာကို အပြည့်အဝ အသုံးမပြုနိုင်ပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ ခြားနားပါတယ် ။သူ့ရဲ့ စိတ်ဝိညာဉ်က အင်မတန်မှကို အစွမ်းထက်တဲ့အတွက် သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကလည်း အင်မတန် အားကောင်းမှာ အသေအချာပါပဲ ။ သူက သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ မဟာဧကရာဇ်တွေထက် သန်မာလိမ့်မယ်လို့ မပြောရဲပါဘူး ။ ဒါပေမဲ့လည်း သူ့အနေနဲ့ သေချာတာ တစ်ခုကတော့ သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ မဟာ ဧကရာဇ်တွေထက် အားနည်းစရာ မရှိပါဘူး ။ အဲဒါက အကြို-သူတော်စင် နယ်ပယ်လောက်ကို ရှိလောက်ပါတယ် ။ အခုဆိုရင် သူဟာ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းအပြင် ကောင်းကင် အလယ်အလတ် အဆင့် ဓားကွက် ခြောက်ကွက်ကိုပါ ပိုင်ဆိုင်ထားပြီးပါပြီ ။ အဲဒါတွေကတော့ ကြယ်ကြွေ ၊ အညှာအတာမဲ့ မျောလွင့်မီးလျှံ ၊ လောင်ကျွမ်းခြင်းဓား ၊ ကောင်းကင်စက်ကွင်း ဓားအကာအကွယ် ၊ လေနတ်ဘုရားရဲ့ဒေါသ နဲ့ မတည်မြဲခြင်းဓားတို့ပါပဲ ။ အဲသည်ထဲမှာမှ အညှာအတာမဲ့ မျောလွင့်မီးလျှံ ၊ လောင်ကျွမ်းခြင်းဓား နဲ့ လေနတ်ဘုရားရဲ့ဒေါသ တို့ဟာ တခြား ဥပဒေသတွေနဲ့ ပေါင်းစပ်ထားပြီး ကြယ်ကြွေ ၊ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်နဲ့ မတည်မြဲခြင်းဓားတို့က ဓားတာအို ဥပဒေသ သီးသန့် ဓားကွက်တွေ ဖြစ်ပါတယ် ။ ဓားတာအို ဥပဒေသ သီးသန့်ကို အခြေခံတဲ့ ဓားကွက်တွေဟာ အဆင့်မြှင့်တင်ဖို့ ခက်ခဲပေမယ့် သည်တစ်ကြိမ်မှာတော့ လီဖူချန်းက အဲသည်ဓားကွက်တွေကို အရင် အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ အဲသည် ဓားတာအို ဥပဒေသ သီးသန့် အခြေခံထားတဲ့ ဓားကွက်တွေထဲကမှ သူပထမဆုံး အဆင့်မြှင့်တင်ဖို့ ရွေးလိုက်တာကတော့ ကြယ်ကြွေပါပဲ ။ ကြယ်ကြွေဓားကွက်ရဲ့ ပြင်းထန်မှု ၊ ရိုးရှင်းမှု ၊ သတ်ဖြတ်အားကောင်းမှုတွေကိုတော့ သံသယ ရှိနေစရာ မရှိပါဘူး ။ အဲဒါက ရိုးရှင်းပြီး အားကောင်းတဲ့ ဓားတာအိုအတွက် တကယ်ကို အံဝင်ခွင်ကျ ဖြစ်လွန်းလှပါတယ် ။ …… လီဖူချန်းနဲ့ ယှဉ်မယ် ဆိုရင်တော့ ရန်ချင်းဟူဟာ မိုးကြိုးဂိုဏ်းကနေပြီး ပိုအကျိုးအမြတ် ရခဲ့တယ်လို့ ဆိုရပါမယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်ပြန်ဆေးပင်က သူမရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို အများကြီး သန်မာလာစေလို့ပါပဲ ။ အရင်တုန်းကဆိုရင် သူမက သူမရဲ့ ကောင်းကင်အဆင့်မြင့် ဓားမော့သိုင်းအစွမ်းကို သုံးဆယ် ရာခိုင်နှုန်းကနေ လေးဆယ် ရာခိုင်နှုန်း အထိသာ အသုံးပြုနိုင်ပေမယ့် အခုအချိန်မှာတော့ ငါးယ် ရာခိုင်နှုန်းကနေ ခြောက်ဆယ် ရာခိုင်နှုန်းအထိ အသုံးပြုနိုင်စွမ်း ရှိလာခဲ့ပါပြီ ။ တကယ်လို့ ရန်ချင်းဟူနဲ့ လီဖူချန်းတို့သာ ထိပ်တိုက် ရင်ဆိုင်ကြမယ် ဆိုရင်တော့ လီဖူချန်းဟာ ဒဏ်ရာ မရဘဲနဲ့ တိုက်ပွဲကို အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူူး ။ ဒါပေမဲ့လည်း လီဖူချန်းမှာက ဝှက်ဖဲတွေ အများကြီး ရှိတဲ့အတွက် သူသေ၊ကိုယ်သေ တိုက်ပွဲမှာဆိုရင်တော့ ရန်ချင်းဟူက သူမအနေနဲ့ အနိုင်ရလိမ့်မယ်လို့ အာမ မခံရဲပါဘူး ။ " အင်း…… အခုက သူတော်ဝိညာဉ် ကျင့်စဉ်ကို ကျင့်ရမယ့် အချိန်ပဲ " ရန်ချင်းဟူက ပြန်လည်ဝင်စားခြင်း လျှို့ဝှက်နည်းစနစ်အပြင် သူတော်ဝိညာဉ် ကျင့်စဉ်ကိုပါ ရထားတယ် ဆိုတာကို ဘယ်သူကမှ မသိပါဘူး ။ သူတော်ဝိညာဉ် ကျင့်စဉ် ဆိုတာက အစစ်အမှန် စိတ်ဝိညာဉ်ကို အားဖြည့်ပေးပြီး သူတော်စင် လိပ်ပြာ တစ်ခု ဖြစ်အောင် ပြောင်းလဲပေးနိုင်ပါတယ် ။ သူတော်စင် လိပ်ပြာ ဆိုတာကတော့ သူတော်စင် နယ်ပယ်က ကျင့်ကြံသူ တစ်ဦးရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ခေါ်တာပါပဲ ။ တကယ်လို့ ရန်ချင်းဟူက သူမရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို သူတော်စင် လိပ်ပြာဖြစ်အောင် ပြောင်းလဲလိုက်နိုင်မယ် ဆိုရင် သူတော်စင် ဖြစ်လာတာနဲ့ တစ်ပြိုင်နက် သူမရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က ပိုသန်မာလာမှာ ဖြစ်ပါတယ် ။ ပြီးတော့ သူတော်စင် လိပ်ပြာမှာက အားသာချက် တစ်ခု ရှိပါသေးတယ် ။ အဲဒါကတော့ သူတော်စင် နယ်ပယ်ကို တက်ရောက်နိုင်ဖို့အတွက် ပိုလွယ်ကူ ချောမွေ့စေတာပါပဲ ။ ဒါပေမဲ့လည်း သူတော်ဝိညာဉ် ကျင့်စဉ်ကို ကျင့်ကြံဖို့ ဆိုတာက တစ်ကြိမ် ၊တစ်ခါ လူပြန်ဝင်စားဖို့ လိုအပ်ပါတယ် ။ အဲဒါကြောင့်ပဲ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေဟာ သည်ကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် နောက်တွန့် နေခဲ့ကြတာပါ ။ အဲသည်ထက် ပိုဆိုးတာက လူပြန်ဝင်စားတဲ့ ကျင့်ကြံသူတွေဟာ သူတော်ဝိညာဉ် ကျင့်စဉ်ကို လူပြန်ဝင်စားပြီးချင်းချင်းမှာ မကျင့်ကြံနိုင်ပါဘူး ။ တကယ်လို့ အစစ်အမှန် စိတ်ဝိညာဉ်က လုံလောက်တဲ့ အခြေအနေ တစ်ခုအထိ သန်မာမှု မရှိဘဲ သူတော်ဝိညာဉ် ကျင့်စဉ်ကို အတင်း ဖိအားပေး ကျင့်ကြံမယ် ဆိုရင် အစစ်အမှန် စိတ်ဝိညာဉ်ဟာ ပျက်ဆီး သွားနိုင်ပါတယ် ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရန်ချင်းဟူဟာ သည်ကျင့်စဉ်ကို အတင်းဖိအားပေးပြီး တစ်ကြိမ် ကျင့်ကြံခဲ့မိတဲ့အတွက် ပေးဆပ်မှု ကြီးကြီးမားမား ပေးခဲ့ရပြီးပါပြီ ။ ဒါကြောင့်မို့လည်း သူမရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ သန်မာမှု ရှိသင့်သလောက် မရှိဘဲ ဖြစ်နေခဲ့တာပါ ။ ဘယ်လိုပဲဖြစ်ဖြစ် ။ သူမက ပြန်လည်ဝင်စားသူ တစ်ဦးပဲ မဟုတ်ပါလား ။ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင် ပြန်လည်ဝင်စားနိုင်သူ တစ်ဦးရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ ဘယ်လိုမှ အားနည်းနေစရာ အကြောင်း မရှိပါဘူး ။ " ဟူး…… ဒါက အလုပ်ဖြစ်သားပဲ " အချိန် တစ်ခုအထိ ကျင့်ကြံပြီးတဲ့ နောက်မှာတော့ ရန်ချင်းဟူဟာ သက်ပြင်းတစ်ချက်ချပြီး မျက်လုံး ဖွင့်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမရဲ့ လက်ရှိ အစစ်အမှန် စိတ်ဝိညာဉ်ဟာ သူတော်ဝိညာဉ် ကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် လုံလောက်မက လုံလောက်သွားခဲ့ပါပြီ ။ သူတော်ဝိညာဉ် ကျင့်စဉ်မှာက စုစုပေါင်း အဆင့်လေးဆင့် ရှိပါတယ် ။ ပထမ အဆင့်မှာတော့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ သာမန် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေနဲ့ ယှဉ်နိုင်မှာဖြစ်ပြီး ဒုတိယ အဆင့်မှာက အဆင့်မြင့် ဧကရာဇ်တွေနဲ့ ယှဉ်နိုင်မှာပါ ။ တတိယ အဆင့်မှာကတော့ ကျင့်ကြံသူရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ မဟာ ဧကရာဇ်တွေနဲ့ ယှဉ်နိုင်မှာ ဖြစ်ပြီး စတုတ္ထ အဆင့်မှာ ဆိုရင်တော့ သူတော်စင်တွေနဲ့တောင် ယှဉ်လို့ ရနိုင်ပါတယ် ။ သူတော်ဝိညာဉ် ကျင့်စဉ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဆိုရင်တော့ ကျင့်စဉ်ရဲ့ စတုတ္ထအဆင့်ကို ကျင့်ကြံအောင်မြင်သွားပြီးပြီ ဆိုရင် အဲဒါက အစစ်အမှန် စိတ်ဝိညာဉ်ကို သူတော်စင် လိပ်ပြာ အဖြစ် ပြောင်းလဲပေးနိုင်ရုံမက စိတ်ဝိညာဉ်ကိုပါ မီးခိုးရောင် အဖြစ်ကနေ အစိမ်းရောင် ဖြစ်အောင် ဆင့်ကဲ ပြောင်းလဲပေးနိုင်ပါတယ်တဲ့ ။ သူတော်စင်လိပ်ပြာ ဖြစ်ပေါ်လာပြီ ဆိုရင်တော့ သူတော်စင် ဖြစ်ဖို့ဟာ သိပ်မခက်ခဲတော့ပါဘူး ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ သူတော်စင် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့ ဆိုတာက အင်မတန် ခက်ခဲပြီး မဟာ ဧကရာဇ် တစ်ရာမှာ ဆယ်ယောက်သာ တက်လှမ်းနိုင်တယ် ဆိုတာပါပဲ ။ ဒါပေမဲ့လည်း အဲသည်ကိစ္စရဲ့ အဓိက အချက်ကတော့ ကောင်းကင် အဆင့်မြင့် ကျင့်စဉ်တွေရဲ့ ရှားပါးမှုကြောင့်လည်း ဖြစ်ပါတယ် ။ ကောင်းကင် အဆင့်မြင့် ကျင့်စဉ်တွေ မရှိဘဲနဲ့တော့ ကြယ်၉ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ သူတော်စင် တစ်ပါး ဖြစ်ဖို့အတွက် မလွယ်ကူလှပါဘူး ။ ရန်ချင်းဟူက တစ်ချိန်က သူတော်စင်ဝိညာဉ် ကုန်းမြေတိုက်မှာ နေခဲ့ဖူးသူ ဖြစ်တဲ့အတွက် သည်အချက်ကို သေသေချာချာ ရှင်းရှင်းလင်းလင်းကြီး သိပါတယ် ။ ဒါပေမဲ့လည်း ကျင့်ကြံသူ တစ်ယောက်က ကောင်းကင် အဆင့်မြင့် ကျင့်စဉ် တစ်ခုကို ရရင်တောင်မှ ပါရမီ သိပ်မပါဘူး ဆိုရင် အလွန်ဆုံးရောက်မှ အကြို-သူတော်စင် အဆင့်ပါပဲ ။ သူတော်စင် နယ်ပယ်ဆိုတာက ချိုးဖောက် ဝင်ရောက်နိုင်ဖို့အတွက် အဲသည်လောက်ကို ခက်ခဲလွန်းလှတာပါ ။ သည်လိုဖြစ်ရတာရဲ့ အဓိက အကြောင်းအရင်းကတော့ သူတော်စင် စိတ်ဝိညာဉ် နဲ့ သူတော်စင် လိပ်ပြာတို့ကြောင့်ပါပဲ ။ တကယ်လို့သာ ကျင့်ကြံသူ တစ်ဦးရဲ့ စိတ်ဝိညာဉ် နဲ့ အစစ်အမှန် စိတ်ဝိညာဉ်တို့က သူတော်စင် စိတ်ဝိညာဉ် နဲ့ သူတော်စင် လိပ်ပြာ အဖြစ်ကို မပြောင်းလဲနိုင်ဘူး ဆိုရင်တော့ အဲသည်ကျင့်ကြံသူဟာ အကြို-သူတော်စင် အဆင့်ထက် ပိုရောက်ဖို့ရာ အကြောင်း မရှိပါဘူး ။ စိတ်ဝိညာဉ် နဲ့ အစစ်အမှန် စိတ်ဝိညာဉ်တို့ကို သူတော်စင် စိတ်ဝိညာဉ် နဲ့ သူတော်စင် လိပ်ပြာတို့အဖြစ် ပြောင်းလဲအောင် လုပ်ဖို့ ဆိုတာကလည်း လူတစ်ဦးရဲ့ ပင်ကို ပါရမီ အပေါ်မှာ မူတည်နေပါသေးတယ် ။ တကယ်လို့သာ ကြယ်၉ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ဦးက ကောင်းကင် အဆင့်မြင့် ကျင့်စဉ်ကို အဆင့် အမြင့်ဆုံး အထိ ကျင့်ကြံနိုင်ခဲ့မယ် ဆိုရင်တော့ အချိန် ကြာလာတာနဲ့အမျှ အဲသည် ကျင့်ကြံသူရဲ့ စိတ်ဝိညာဉ် နဲ့ အစစ်အမှန် စိတ်ဝိညာဉ်တို့ဟာ သူတော်စင် စိတ်ဝိညာဉ် နဲ့ သူတော်စင် လိပ်ပြာ အဖြစ်ကို ပြောင်းလဲသွားမှာပါပဲ ။ သည်နေရာမှာကတော့ ပင်ကို ပါရမီ အပေါ် မူတည်ပြီး ပြောင်းလဲမှုနှုန်းဟာ ကွာခြားသွားလေ့ ရှိပါတယ် ။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ကံကြမ္မာကလည်း အဲသည်အချက်ကို ခြွင်းချက် ဖြစ်စေနိုင်တာပါပဲ ။ ဥပမာအားဖြင့် သူတော်ဝိညာဉ် ကျင့်စဉ်လို ကောင်းကင်အလိုကို ဆန့်ကျင်နိုင်တဲ့ ကျင့်စဉ် တစ်ခု ရသွားတာမျိုးပေါ့ ။ ဒါမှမဟုတ် စိတ်ဝိညာဉ် နဲ့ အစစ်အမှန် စိတ်ဝိညာဉ်တို့ကို ပြောင်းလဲ ပေးနိုင်တဲ့ ဆေးပင် တစ်ပင် ရသွားတာမျိုးလည်း ဖြစ်နိုင်တာပါပဲ ။ ဒါမှမဟုတ် သူတော်စင် ဝိညာဉ် တစ်ခုကို စားမိလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ သည်သုံးမျိုးစလုံးက ကြုံတွေ့နိုင်ဖို့ အင်မတန် ခဲယဉ်းလွန်းလှတဲ့အတွက် သိပ်ပြီး ဖြစ်နိုင်စရာ အကြောင်း မရှိပါဘူး ။ အထူးသဖြင့် နောက်ဆုံး တစ်ခုဆိုရင် ပိုလို့တောင် မဖြစ်နိုင်ပါသေးတယ် ။ သည်လိုနဲ့ပဲ အချိန်တွေဟာ တဖြည်းဖြည်း ကုန်ဆုံး သွားခဲ့ပါပြီ ။ဒါပေမဲ့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကတော့ ဘယ်ကိုမှ မသွားဘဲ မိုးကြိုးတိမ်ဂိုဏ်းထဲမှာ ကျင့်ကြံနေဆဲပါပဲ ။ တံုံးမူထျန်ကလည်း သူတို့နှစ်ယောက်ကို နှင်မထုတ်ရဲတဲ့အတွက် မသိချင်ယောင် ဆောင်ပြီးသာ နေနေပါတော့တယ် ။
***