ကောင်းကင်မြွေ ဘုရားကျောင်း
Vol. 50 Ch. 677
ကြယ်ကြွေဓားကွက်က လီဖူချန်း နားလည် သဘောပေါက်ထားတဲ့ ဓားတာအိုနဲ့ တကယ်ကို ကိုက်ညီတဲ့ ဓားကွက်ပါပဲ ။ အဲဒါက ရိုးရှင်း ထိရောက်ပြီး တစ်ကွက်တည်းနဲ့ တစ်ဖက်လူကို အသေ သတ်ပစ်နိုင်တဲ့ ဓားကွက် ဖြစ်ပါတယ် ။ သည်ဓားကွက်မှာက ဘာထူထွေဆန်းပြားတဲ့ လှည့်ကွက်တွေနဲ့ အစွမ်းတွေ မပါဝင်ပါဘူး ။ ဒါမှမဟုတ် အရိုးရှင်းဆုံးကပဲ အဆန်းပြားဆုံး ဖြစ်နေတာလား မသိပါဘူး ။ ဓားတာအို နှလုံးသားကို မမွေးဖွားခင်တုန်းကနဲ့ သူ့ရဲ့ စိတ်ဝိညာဉ်က အနီဖျော့ဖျော့ဘက်ကို ဆယ်ရာခိုင်နှုန်းအထိ မသန်းခင်တုန်းက ဆိုရင် လီဖူချန်းအတွက် ကြယ်ကြွေ ဓားကွက်ကို ကောင်းကင် အဆင့်မြင့် ဓားကွက် အဆင့်ရောက်အောင် မြှင့်တင်နိုင်ဖို့ ဆိုတာက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စကြီး တစ်ခုပါပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် ။ ကောင်းကင် အဆင့်မြင့် ဓားကွက် နဲ့ ကောင်းကင် အလယ်အလတ် အဆင့် ဓားကွက်ကြားက ကွာဟမှု ဆိုတာက တကယ်ကို ကြီးမားလွန်းလှတာ မဟုတ်ပါလား ။ ကျင့်ကြံသူ တစ်ဦးက ကောင်းကင် အဆင့် သိုင်းပညာရပ်တွေကို နားလည် အသုံးပြုနိုင်ပြီ ဆိုရင် အဲဒါက မဟာတာအိုကို နားလည်ဖို့ ပထမ စမှတ်ကို ရောက်ပြီလို့ ဆိုရပါမယ် ။ ကောင်းကင်အဆင့် သိုင်းပညာတွေရဲ့ အဆင့်တွေက မြင့်လာလေလေ မဟာတာအို အပေါ် နားလည်မှုတွေကလည်း အသစ်အသစ်တွေ တိုးလာလေလေပါပဲ ။ ဒါပေမဲ့ ကောင်းကင် အဆင့် သိုင်းပညာတွေရဲ့ အဆင့်တွေကြားက ကွာဟမှုကတော့ ဘယ်လိုမှ ဖာထေးပေးလို့ မရပါဘူး ။ ဒါကြောင့်လည်း ရန်ချင်းဟူက တာအို နှလုံးသားကို မမွေးဖွားရသေးပေမယ့် သူမရဲ့ ဓားစွမ်းက လီဖူချန်းနဲ့ လက်ရည်တူ ဖြစ်နေတာပါ ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ ရန်ချင်းဟူရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က လုံလောက်တဲ့အထိ အစွမ်း မထက်သေးတဲ့အတွက် ကောင်းကင် အဆင့်မြင့် ဓားမော့သိုင်းရဲ့ အမြင့်ဆုံး အစွမ်းကို ထုတ်မပြနိုင်သေးဘူး ဆိုတာပါပဲ ။ မဟုတ်လို့ကတော့ လီဖူချန်းတောင်မှ ရန်ချင်းဟူရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ပါဘူး ။ " ကြယ် " " ကြွေ " သိုင်းပညာ တစ်ခုကို တီထွင်ဖို့ဆိုရင် ကိုယ်ပိုင် အယူအဆ နဲ့ ကိုယ်ပိုင် ပုံစံတစ်ခု ရှိဖို့ လိုပါတယ် ။ အဲသည်အတွက် လီဖူချန်းက ကြယ်ကြွေဓားကွက်ကို " ကြယ် " နဲ့ " ကြွေ " ဆိုပြီး နှစ်ပိုင်း ခွဲပစ်လိုက်ပါတယ် ။ ပထမ အပိုင်းဖြစ်တဲ့ " ကြယ် " ဆိုတာက မျက်စိတ် တစ်မှိတ် အတွင်းမှာ တောက်ပသွားပြီး အမြန်နှုန်းကို မြှင့်တင်ပေးပါတယ် ။ ဒုတိယ အပိုင်းဖြစ်တဲ့ " ကြွေ " ဆိုတာက သေမျိုးတွေနဲ့ မသက်ဆိုင်တဲ့ နေရာတစ်ခုကနေ ဆင်းသက်လာတယ် ဆိုတဲ့ အဓိပါ္ပယ်ကို ဆိုလိုပါတယ် ။ သေမျိုးတွေနဲ့ လုံးဝ ဆက်သွယ်မှု မရှိတော့ဘဲ ရိုးရှင်းမှု နဲ့ ပြင်းထန်မှုကို ကိုယ်စားပြုထားတဲ့ အရာ ဆိုရင်လည်း မမှားပါဘူး ။ " ရိုးရှင်းအောင် ဘယ်လို လုပ်မလဲ ။ ပြင်းထန်အောင်ကိုကော ဘယ်လို လုပ်ရမလဲ ။ မျက်စိ တစ်မှိတ် အချိန်တိုလေး အတွင်းမှာ ငါလိုချင်တဲ့ ဓားချက်မျိုး ထွက်လာအောင် ဘယ်လို လုပ်ရမလဲ " လီဖူချန်းက သူ့ရဲ့ ဓားကွက် တီထွင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး စဉ်းစားရလွန်းလို့ ရူးချင်သလိုလိုတောင် ဖြစ်နေခဲ့ပါပြီ ။ လီဖူချန်းနဲ့ ယှဉ်ရင်တော့ ရန်ချင်းဟူရဲ့ အခြေအနေဟာ အတော်လေး ချောမွေ့နေတယ်လို့ ဆိုရမှာပါပဲ ။ သူတော်ဝိညာဉ် ကျင့်စဉ်ကို လေ့ကျင့်ပြီးလို့ ရက်အနည်းငယ် အတွင်းမှာပဲ ရန်ချင်းဟူဟာ ပထမ အဆင့်ကို ရောက်လုနီးပါး ဖြစ်သွားခဲ့ပါတယ် ။ သူမက ပထမ အဆင့်ကို မရောက်သေးပေမယ့်လည်း အခုဆိုရင် သူမရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေကိုတောင် ယှဉ်လို့ ရနေခဲ့ပါပြီ ။ " ရှစ်ဆယ် ရာခိုင်နှုန်း " ရန်ချင်းဟူရဲ့ မျက်လုံးတွေကတော့ အရောင် တောက်နေတာပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ သူမက မဟူရာ ဓားမော့ ဓားသိုင်းကို ရှစ်ဆယ် ရာခိုင်နှုန်းအထိ ထုတ်သုံးနေနိုင်ခဲ့ပြီ မဟုတ်ပါလား ။ မဟူရာ ဓားမော့သိုင်းရဲ့ ရှစ်ဆယ် ရာခိုင်နှုန်း ဆိုတာက နောက်စရာ မဟုတ်ပါဘူး ။ တကယ်လို့သာ အဆင့်မြင့် ဧကရာဇ် တစ်ပါးက သတိလက်လွတ် နေနေမယ် ဆိုရင် ရန်ချင်းဟူက သူ့ကို ဒဏ်ရာ အပြင်းအထန် ရသွားအောင်တောင် လုပ်နိုင်ပါတယ် ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ မဟူရာ ဓားမော့သိုင်းမှာ ပါဝင်တဲ့ ဓားမော့တာအို ဥပဒေသနဲ့ ဓားမော့ ဆန္ဒဟာ နောက်ထပ် အဆင့်တစ်ခုမှာ ရောက်ရှိနေခဲ့ပါပြီ ။ ပြီးတော့ အဲသည်ဓားမော့သိုင်းထဲမှာက သီးခြား ခွဲထုတ်လို့မရတဲ့ သန့်စင်တဲ့ စွမ်းအင်တစ်ခု ပါဝင်နေပါသေးတယ် ။ တစ်ခြား တစ်နည်းနဲ့ ပြောရမယ် ဆိုရင်တော့ တစ်ဖက်ရန်သူရဲ့ ဥပဒေသ နဲ့ သိုင်းဆန္ဒအပေါ် နားလည်သဘောပေါက်မှုက လုံလောက်တဲ့ အဆင့်တစ်ခုမှာ မရှိဘူး ဆိုရင်တော့ အဲသည်လူဟာ ချီအတွင်းအား အဆ တစ်ထောင်မက ကောင်းနေလည်း မဟူရာ ဓားမော့ကို ခုခံနိုင်စရာ အကြောင်း မရှိပါဘူး ။ " ဟင်…… အဲသည်ကောင်မလေးက နောက်တစ်ကြိမ်း တိုးတက်သွားပြန်ပြီလား " ရန်ချင်းဟူနဲ့ မလှမ်းမကမ်းမှာ ခွေနေတဲ့ မိုးကြိုးသားရဲက ရန်ချင်းဟူကို တစ်ချက် လှမ်းကြည့်လိုက်ရင်းနဲ့ စိတ်ထဲကနေ တွေးလိုက်မိပါတယ် ။ မိုးကြိုးသားရဲက သူ့ရဲ့ နဂို ပုံသဏ္ဍာန် အရွယ်အစား အတိုင်း မရှိတော့ပါဘူူး ။ သူက သူ့ရဲ့ အရွယ်အစားကို အိမ်မွေးခွေး တစ်ကောင်သာသာ အထိ ချုုံ့ထားခဲ့ပြီးပါပြီ ။ ဒါပေမဲ့လည်း သူ့ရဲ့ ကိုယ်ကနေ ထွက်ပေါ်နေတဲ့ ချီအရှိန်အဝါတွေကတော့ ကြောက်စရာ ကောင်းနေဆဲပါပဲ ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အခု ရန်ချင်းဟူရဲ့ ကိုယ်ကနေ ထွက်ပေါ်နေတဲ့ ဓားမော့လှိုင်းတွေဟာ သူ့ကိုတောင်မှ အသွေးထဲ ၊ အသားထဲအထိ စိမ့်သွားစေပါတယ် ။ တစ်ချိန်ထဲမှာပဲ သူက ရန်ချင်းဟူအပေါ်မှာ ပိုပြီး ယုံကြည်မှု တိုးလာခဲ့ပါတယ် ။ သူ့ရဲ့ မျိုးဆက်သွေးကနေ အမွေဆက်ခံ ရရှိထားတဲ့ သတင်း အချက်အလက်တွေ အရ ဆိုရင်တော့ သူဟာ အသက် တစ်ထောင် မပြည့်မချင်း အရွယ် ရောက်ဦးမှာ မဟုတ်ပါဘူး ။ မိုးကြိုးသားရဲက သူဟာ မိုးကြိုးတိမ်ဂိုဏ်းကို ရောက်နေတာ နှစ်ပေါင်း ၆၀၀ ကျော်လောက်သာ ရှိသေးတယ် ဆိုတာကိုလည်း ကောင်းကောင်း မှတ်မိပါတယ် ။ အဲသည်အတွက် သူဟာ အရွယ်ရောက်ဖို့အတွက် နှစ်ပေါင်း ၃၀၀ ကျော် စောင့်ရပါဦးမယ် ။ သူက အထွတ်အမြတ် သားရဲတစ်ကောင် ဖြစ်တဲ့အတွက် သာမန် မိစ္ဆာသားရဲတွေထက် သက်တမ်း ပိုရှည်တယ် ဆိုပေမယ့်လည်း နှစ်ပေါင်း ၃၀၀ ကျော် ဆိုတာကြီးက တကယ်ကို စောင့်ရတာ ပျင်းစရာကြီးပါပဲ ။ ဒါပေမဲ့ အခုတော့ သူဟာ နှစ်ပေါင်း ၃၀၀ ကျော် စောင့်နေဖို့ မလိုတော့ပါဘူး ။ ရန်ချင်းဟူက သူမနောက်ကို လိုက်ခဲ့မယ် ဆိုရင် ဆယ်နှစ်အတွင်းမှာ မိစ္ဆာသားရဲ အရှင်သခင် ဖြစ်စေရမယ်လို့ အာမ ခံထားပြီးပြီ မဟုတ်ပါလား ။ ဒါပေမဲ့လည်း ဆယ်နှစ်အတွင်းမှာ မိစ္ဆာသားရဲ အရှင်သခင် ဖြစ်ဖို့ဆိုတာက ပန်းခင်းလမ်းကို လျှောက်ရမှာတော့ မဟုတ်ပါဘူး ။ အဲသည်အတွက် တစ်ခုခုကို ပြန်ပေးဆပ်ရမှာပါပဲ ။ ဒါကိုတော့ မိုးကြိုးသားရဲက ကောင်းကောင်းကြီး သိထားပြီး ပျော်ပျော်ကြီး ပေးဆပ်မှာ ဖြစ်ပါတယ် ။ …… မျက်စိတစ်မှိတ် အတွင်းမှာပဲ အချိန် နောက်ထပ်တစ်လ ကုန်ဆုံးသွားခဲ့ပြန်ပါပြီ ။ " မဟုတ်သေးဘူး .……သည်လို မဟုတ်သေးဘူူး ။ တစ်ခုခု လိုနေသေးတယ် " ့ကြယ်ကြွေ ဓားကွက်ကို အချိန်တိုလေး အတွင်းမှာ ကောင်းကင် အဆင့်မြင့် ဓားကွက် အဆင့်ရောက်အောင် မြှင့်တင်ရတာက လီဖူချန်း ထင်ထားတာထက်တောင်မှ ပိုပြီး ခဲယဉ်းပါသေးတယ် ။ အဲသည်လို ဖြစ်ရတာက လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှု လိုအပ်ချက်ကြောင့်တော့ မဟုတ်ပါဘူး ။ ကောင်းကင် အဆင့်မြင့် ဓားကွက်တစ်ခုကို တီထွင်နိုင်ဖို့ ဆိုတာက လုံလောက်တဲ့ အချိန်တစ်ခု ပေးကို ပေးရပါတယ် ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ မဟာ ဧကရာဇ် တစ်ပါးတောင်မှ သူတို့ရဲ့ ကိုယ်ပိုင် ကောင်းကင် အဆင့်မြင့် သိုင်းပညာ တစ်ခုကို တီထွင်နိုင်ဖို့အတွက် သေလုမတတ် ကြိုးစားရတယ် ဆိုတာပါပဲ ။ တကယ်လို့သာ ကောင်းကင် အဆင့့်မြင့် သိုင်းပညာတွေကို တီထွင်ရတာက သည်လောက်အထိ လွယ်နေလို့ကတော့ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်မှာ ရှိနေတဲ့ မဟာ ဧကရာဇ်တွေဟာ အခုထက် အများကြီး ရှိနေလောက်ပါပြီ ။ ယေဘုယျအားဖြင့် ဆိုရင်တော့ မဟာ ဧကရာဇ် အများစုဟာ သူတို့ရဲ့ အဆင့်ကို သူတို့ရဲ့ ဘိုးဘေးတွေဆီက အမွေ ဆက်ခံ ရရှိတဲ့ ပညာရပ်တွေကြောင့်သာ ရောက်ရှိနေခဲ့ကြတာပါ ။ အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ တကယ်လို့ လီဖူချန်းသာ အချိန်ပိုရခဲ့မယ် ဆိုရင် သူဟာ ကောင်းကင် အဆင့်မြင့် သိုင်းပညာကို တီထွင်နိုင်ဖို့အတွက် ၁၀၀ ရာခိုင်နှုန်း သေချာပါတယ် ။ ဒါပေမဲ့ ပြသနာက သူဟာ အဲသည်လောက်ကြီး အချိန် မပေးချင်တာပါပဲ ။ သူက ကောင်းကင် အဆင့်မြင့် သိုင်းပညာကို မြန်နိုင်သမျှ မြန်မြန် ရချင်နေတာပါ ။ " သည်အတိုင်း ဆိုရင်တော့ မဖြစ်သေးဘူး ။ ငါ့အနေနဲ့ စိတ်ဝိညာဉ် ဆေးပင်တွေကို ထပ်ပြီး အရှာထွက်မှ ရတော့မယ် " လီဖူချန်းက တကယ်လို့ သူ့ရဲ့ စိတ်ဝိညာဉ်ကသာ အနီဖျော့ဖျော့ဘက်ကို ၁၅ ရာခိုင်နှုန်းအထိ သန်းသွားမယ် ဆိုရင် ကြယ်ကြွေ ဓားကွက်ကို အဆင့် မြှင့်တင်ဖို့ရာဟာ ပိုလွယ်ကူ သွားလိမ့်မယ်လို့ ခံစားနေမိပါတယ် ။ သည်ကိစ္စအတွက် လိုအပ်တာကတော့ စိတ်ဝိညာဉ် ဆေးပင်တွေပါပဲ ။ သူ့ရဲ့ အတွေးကို ရန်ချင်းဟူကို ပြောပြလိုက်တဲ့ အခါမှာတော့ ရန်ချင်းဟူကလည်း တုံ့ဆိုင်းမနေဘဲ အားတက်သရော ပါဝင်လာခဲ့ပါတယ် ။ " နင်ဘယ်ကို သွားမှာလဲ ။ ငါလည်း လိုက်မယ် " လက်ရှိမှာဆိုရင် ရန်ချင်းဟူရဲ့ သူတော်ဝိညာဉ် ကျင့်စဉ်ဟာ ပထမ အဆင့်ကို ရောက်ခါနီးလေးမှာ ရပ်တန့်နေခဲ့ပါပြီ ။ ရန်ချင်းဟူက သူမအနေနဲ့ မိုးကြိုးတိမ်ဂိုဏ်းမှာ တံခါးပိတ် ကျင့်ကြံနေမယ် ဆိုရင်လည်း သူမရဲ့ ကျင့်စဉ်ဟာ ဆက်ပြီး တိုးတက်လာစရာ မရှိဘူးဆိုတာကို သိနေပါတယ် ။ အဲသည်အတွက် အပြင်လောကကို ထွက်ပြီး အခွင့်အရေး ရှာဖွေတာက အကောင်းဆုံး ရွေးချယ်မှုပါပဲ ။ " ငါ့ကိုလည်း ထည့်တွက်လိုက် " ဘေးနားမှာ ရှိနေတဲ့ မိုးကြိုးသားရဲကလည်း ပြောလာခဲ့ပါတယ် ။ သူက တိုက်ခိုက်ရတာကို နှစ်ခြိုက်တဲ့သူ ဖြစ်တဲ့အတွက် အခွင့်အရေးကို လုံးဝ လက်လွတ် မခံပါဘူး ။ " ဒါဆိုရင်လည်း ကောင်းကင်မြွေ ဘုရားကျောင်းကို သွားကြရအောင် " " ဟုတ်ပြီလေ " " အင်း " လီဖူချန်းက သည်အတောအတွင်းမှာ ကြယ်ကြွေဓားကွက်ကို အဆင့်မြှင့်တင်ဖို့ပဲ အားစိုက်နေခဲ့တာ မဟုတ်ပါဘူး ။ သူက ခေါင်းအရမ်း ရှုပ်နေတဲ့ အချိန်တွေမှာ ဆိုရင် စိတ်ပြေလက်ပျောက် အနေနဲ့ တုံးမူထျန်ကို သွားရှာပြီး လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်အကြောင်း မေးမြန်းခဲ့ပါသေးတယ် ။ အဲသည်အတွက် သူက မိုးကြိုးတိမ်ဂိုဏ်းရဲ့ အနီးနားမှာ ကောင်းကင်မြွေ ဘုရားကျောင်းဆိုတဲ့ အဖွဲ့အစည်း တစ်ခု ရှိနေတယ် ဆိုတာကို သိနေခဲ့တာပါ ။ …… ကောင်းကင်မြွေ ဘုရားကျောင်း …… သည်ဘုရားကျောင်းကတော့ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာရှိတဲ့ ပထမတန်းစား ဂိုဏ်းအဖွဲ့အစည်းတွေထဲက တစ်ခုပါပဲ ။ မိုးကြိုးတိမ်ဂိုဏ်းနဲ့ ယှဉ်ရင်တော့ ကောင်းကင်မြွေ ဘုရားကျောင်းဟာ အားနည်းပါတယ် ။ ဒါပေမဲ့ လုံုခြုံမှု အပိုင်းမှာတော့ မိုးကြိုးတိမ်ဂိုဏ်းလို ဂိုဏ်းမျိုး ဆယ်ဂိုဏ်းကတောင်မှ ကောင်းကင်မြွေ ဘုရားကျောင်းကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး ။ တခြားအရာတွေကို အသာထားပါဦး ။ကောင်းကင်မြွေ ဘုရားကျောင်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကတင်ပဲ အဆင့်၈ အနိမ့်စား အကာအကွယ် အစီအရင် ဖြစ်နေခဲ့ပါပြီ ။ အဲသည် ဝင်္ကပါ အကာအကွယ် အစီအရင်ကိုတော့ အဆင့်နိမ့် ဧကရာဇ်တွေတောင်မှ ဖျက်ဆီးနိုင်စရာ အကြောင်း မရှိပါဘူး ။ တကယ်လို့ ကောင်းကင်မြွေ ဘုရားကျောင်းက သူတို့ဟာ လုံခြုံမှုအပိုင်းမှာ ဒုတိယလို့ ကြေညာလိုက်မယ် ဆိုရင် ဘယ်သူကမှ ပထမလို့ ကြေညာရဲမှာ မဟုတ်ပါဘူး ။ ဒါပေမဲ့လည်း တစ်နေ့မှာတော့ လူသား နှစ်ယောက် နဲ့ သားရဲတစ်ကောင်ဟာ ကောင်းကင်မြွေ ဘုရားကျောင်းရဲ့ အကာအကွယ် အစီအရင် အပြင်ဘက်ကို ရောက်ရှိလာခဲ့ပါပြီ ။ " အကာအကွယ် ဝင်္ကပါ အစီအရင်ကို ငါတာဝန် ယူလိုက်မယ် " ဂျိန်း……ဂျိန်း……ဂျိန်း…… စကား အဆုံးမှာတော့ မိုးကြိုးသားရဲက သူ့ရဲ့ နဂိုမူလ အသွင်ကို ပြန်ပြောင်းလိုက်ပြီး မိုးကြိုးတွေနဲ့ ကောင်းကင်မြွေ ဘုရားကျောင်းကို ပစ်ချလိုက်ပါတယ် ။ ဒါပေမဲ့လည်း မိုးကြိုးတွေက ကောင်းကင်မြွေ ဘုရားကျောင်းဆီကို မရောက်သွားပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ မိုးကြိုးသားရဲထက် ပိုကြီးတဲ့ ဧရာမ မြွေကြီးတစ်ကောင်က ဝင်္ကပါ အစီအရင်ထဲက ပေါ်လာပြီး မိုးကြိုးတွေကို ဝါးမျို ပစ်လိုက်လို့ပါပဲ ။ တစ်ဆက်တည်းမှာပဲ သူက အမြီးနဲ့ မိုးကြိုးသားရဲကို ရိုက်လွှတ်လိုက်ပါသေးတယ် ။ ဘန်း…… ဝုန်း……ဝုန်း……ဝုန်း…… မိုးကြိုးသားရဲက သည်အမြီးရိုက်ချက် ထွက်လာလိမ့်မယ်လို့ ထင်မထားမိခဲ့တဲ့အတွက် လုံးဝ မခုခံလိုက်နိုင်ပါဘူး ။ အဲသည်အတွက် သူ့ရဲ့ ကြီးမားလှတဲ့ ကိုယ်လုံးကြီးက လွင့်ထွက်သွားပြီး အနားမှာ ရှိနေတဲ့ တောင်တန်းတွေ နဲ့ မြေပြင်ကို တုန်ခါသွားစေခဲ့ပါတယ် ။ " မင်းက သေချင်နေတာပဲ " မိုးကြိုးသားရဲက ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပါပြီ ။ အထူးသဖြင့် သူက ရန်ချင်းဟူ အရှေ့မှာ လုံးဝ သိက္ခာကျလို့ မရပါဘူး ။ အဲသည်အတွက် သူက သူ့ရဲ့ မွေးရာပါ စွမ်းရည်တွေ အသက်သွင်းလိုက်ပြီး မိုးကြိုးတိမ်တွေကို စုစည်းလိုက်ပါတယ် ။ ဂျိန်း……ဂျိန်း……ဂျိန်း…… အဲသည်နောက်မှာတော့ အရောင်သုံးမျိုး ရောစပ်နေတဲ့ မိုးကြိုးတွေဟာ ကောင်းကင်ပေါ်ကနေ အဆက်မပြတ် ဆင်းသက်လာပါတော့တယ် ။ ဘန်း……ဘန်း……ဘန်း…… မရေမတွက်နိုင်တဲ့ မိုးကြိုးတွေကို မြည်းစမ်းပြီးတဲ့ အခါမှာတော့ ကြောက်စရာ ကောင်းလှတဲ့ ဧရာမ မြွေကြီးဟာ ဒဏ်ရာတွေ စတင် ရလာခဲ့ပါပြီ ။ ဒါပေမဲ့လည်း အဲသည်ဒဏ်ရာတွေဟာ အလျင်အမြန်ပဲ ပြန်ကောင်းသွားခဲ့ပါတယ် ။ သည်ဧရာမမြွေကြီးက အသွေး၊အသားနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိတစ်ကောင် မဟုတ်ပါဘူး။ အဲဒါက ဝင်္ကပါ အကာအကွယ် အစီအရင်ကနေပြီး ဖြစ်တည်လာတဲ့ ပုံရိပ် တစ်ခုပဲ ဖြစ်ပါတယ် ။ အဲသည်အတွက် ဝင်္ကပါ အကာအကွယ် အစီအရင် မပျက်စီးသေးသရွေ့တော့ ဧရာမ မြွေကြီးဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူူး ။ ဝေါင်း …… မိုးကြိုးသားရဲကလည်း သူ့ရဲ့ အရှုံးကို လက်ခံဖို့ လုံးဝ စိတ်ကူး မရှိပါဘူး ။ အဲသည်အတွက် သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ဧရာမ မြွေကြီးနဲ့ ဆက်လက် တိုက်ပွဲ ဝင်နေပါတယ် ။ " ဘယ်သူတွေက သည်လောက် အတင့်ရဲပြီး ကောင်းကင်မြွေ ဘုရားကျောင်းကို လာတိုက်ရဲတာလဲ " စကားသံနဲ့အတူ လူတစ်စုဟာ ကောင်းကင်မြွေ ဘုရားကျောင်းထဲကနေပြီး ထွက်လာခဲ့ပါပြီ ။ အဲသည်လူစုကတော့ ကောင်းကင်မြွေ ဘုရားကျောင်း သခင် နဲ့ ဘုရားကျောင်းရဲ့ အကြီးအကဲတွေပါပဲ ။ လီဖူချန်းက အရှေ့ကို ထွက်ပြီး ပြန်ပြောလိုက်ပါတယ် ။ " ကျုပ်တို့က ကောင်းကင်မြွေ ဘုရားကျောင်းနဲ့ နည်းနည်းပါးပါး အလဲအလှယ် လုပ်ချင်လို့ပါ ။ အဲဒါကို ကျုပ်တို့ရဲ့ စီးတော်သားရဲက ရုတ်တရက် စိတ်ဖောက်ပြီး အကာအကွယ် ဝင်္ကပါ အစီအရင်ကို သွားတိုက်လိုက်ပါတယ် ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဦး " ကောင်းကင်မြွေ ဘုရားကျောင်းကလည်း သူတို့မာနနဲ့ သူတို့ပါပဲ ။ အဲသည်အတွက် သူတို့ကို သည်အတိုင်း အသားလွတ်ကြီး သွားစော်ကားလို့ မဖြစ်ပါဘူး ။ အဲသည်အတွက် လီဖူချန်းက သူတို့နဲ့ မျှတတဲ့ အလဲအလှယ်လုပ်ပြီး ကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းဖို့ ဆုံးဖြတ်ထားခဲ့ပါတယ် ။ တကယ်လို့ ကောင်းကင်မြွေ ဘုရားကျောင်းက သူ့ရဲ့ ကမ်းလှမ်းမှုကို လက်မခံရင်လည်း ကိစ္စတော့ သိပ်မရှိပါဘူး ။ သူ့အနေနဲ့ သူတို့ကို နဂါးမှန်းသိအောင် အမောက် ထောင်ပြလိုက်ရုံပါပဲ ။ " မင်းပြောတဲ့ စီးတော်သားရဲဆိုတာ ဘယ်သူ့ကို ပြောတာလဲ ။ မင်းအဘိုးလား " ဘန်း…… မိုးကြိုးသားရဲက ဧရာမ မြွေကြီးကို လက်ဝါးနဲ့ ပုတ်ထုတ်လိုက်ပြီး လီဖူချန်းကို ဒေါသတကြီး လှမ်းကြည့်လာခဲ့ပါတယ် ။ သူက သူ့ထက် သန်မာတဲ့ ရန်ချင်းဟူကိုပဲ ဦးညွှတ်ခဲ့တာပါ ။ ဒါကလည်း သူက ရန်ချင်းဟူရဲ့ ပါရမီ နဲ့ အလားအလာဟာ အတိုင်းအဆ မရှိဘူးလို့ ခံစားမိလို့ပါပဲ ။ ဒါပေမဲ့ အဲဒါက သူဟာ လီဖူချန်းကိုလည်း ဦးညွှတ်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ မိုးကြိုးသားရဲက လီဖူချန်း လှုပ်ရှားတာကို တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး ။ အဲသည်အတွက် သူက လီဖူချန်းရဲ့ ပါရမီ နဲ့ အလားအလာဟာ ရန်ချင်းဟူထက် အများကြီး နိမ့်ကျနေမယ်လို့ တွက်ထားခဲ့ပါတယ် ။ သူ့အမြင် ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ သူ့နဲ့ မိတ်ဆွေ ဖြစ်ရလို့ သေမယ်ဆိုရင်တောင် သေပျော်သင့်ပါပြီ ။ ဒါကို သည်ကောင်က သူ့ကို စီးတော် သားရဲလို့ ခေါ်ပြီး စော်ကားရဲတယ်တဲ့လား ။ သူက သည်လို ဘာမဟုတ်တဲ့ လူတစ်ယောက်ရဲ့ စော်ကားမှုကို လုံးဝ မခံနိုင်ပါဘူး ။ "ငါတို့ ကောင်းကင်မြွေ ဘုရားကျောင်းကို တိုက်ခိုက်သူ မှန်သမျှက သေလမ်းက လွဲပြီး တခြား ရွေးစရာ မရှိဘူး ။ ဒါပေမဲ့ ငါက မင်းတို့ကို အခွင့်အရေး တစ်ကြိမ် ပေးလိုက်မယ် ။ အခုချက်ချင်း အညံ့ခံကြစမ်း " ကောင်းကင်မြွေ ဘုရားကျောင်းရဲ့ အကြီးအကဲ တစ်ယောက်က အော်ပြောလာခဲ့ပါတယ် ။ " ကြည့်ရတာ ခင်ဗျားတို့က ညှိနှိုင်းဖို့ စိတ်ကူး မရှိဘူးနဲ့ တူတယ် ။ အင်းလေ…… ဒါဆိုရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ " တစ်ဖက်လူတွေက အလဲအလှယ် လုပ်ဖို့ စိတ်ကူး မရှိမှတော့ လီဖူချန်းက လေကုန် ခံမနေတော့ပါဘူး ။ သူက စကားဆုံးတာနဲ့ တစ်ပြိုင်နက် ညာဘက်လက်ကို ရှေ့ထုတ်ပြီး ဖိချလိုက်ပါတယ် ။ တစ်ခါတစ်ရံမှာက စကားနဲ့ ပြောနေတာထက် လက်နဲ့ ပြောတာက ပိုပြီး အသုံးဝင်တာ မဟုတ်ပါလား ။ ဟူး…… ရုတ်တရက် ဆိုသလိုပဲ အရွယ်အစား မိုင်သုံးထောင် ဝန်းကျင်လောက် ရှိတဲ့ ဧရာမ လက်ဝါးကြီး တစ်ခုဟာ ကောင်းကင်ကနေပြီး ကောင်းကင်မြွေ ဘုရားကျောင်းပေါ်ကို ပြုတ်ကျလာခဲ့ပါပြီ ။ ဘန်း…… အဲသည်နောက်မှာတော့ နားကွဲလုမတတ် ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ ကောင်းကင်မြွေ ဘုရားကျောင်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ဟာ တစ်စစီ ဖြစ်သွားပါတော့တယ် ။ အစောပိုင်းတုန်းက ကြောက်စရာ ကောင်းလှတဲ့ ဧရာမ မြွေကြီးကလည်း သည်လက်ဝါးရိုက်ချက်နဲ့ ပတ်သက်ပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။ ကောင်းကင်ပေါ်ကနေ ကျဆင်းလာတဲ့ ဧရာမ လက်ဝါးကြီးက သူ့ကိုတောင်မှ ဖုန်မှုန့်ဘဝ ရောက်သွားအောင် ဖိချေ ပစ်လိုက်ပါသေးတယ် ။
***