← Chapters

မိန်းမလှတစ်ယောက်ကို ရှင် မမြင်ဖူးဘူးလား…

Vol. 005 Ch. 429

မိန်းမလှတစ်ယောက်ကို ရှင် မမြင်ဖူးဘူးလား…

Vol. 005 Ch. 429

ကြယ်မင်းကျောင်း အပြင်ဘက် လမ်းမကြီးကား လွန်စွာ ကျယ်ပြီး မရေမတွက်နိုင်သော လူများနှင့် ပြည့်နှက်နေသည်။

ရီဖူရှင်းတို့အုပ်စု လမ်းတွင် လျှောက်နေရင်းက လူအုပ်ကြီးတစ်အုပ်က သူတို့ထံ ဦးတည်၍ လာနေသည်ကို မြင်ကြရသည်။ ထိုအထဲတွင် နှစ်ယောက်က ကြည့်ကောင်းကာ သိသာစွာ ထင်ရှားနေသည်ကို မြင်ရသည်။ ထိုအုပ်စုက ကြယ်မင်းကျောင်းထံသို့ လျှောက်သွား လိုက်ကြပြီး လမ်းမှလူများက သူတို့အကြောင်းကို တီးတိုး ပြောနေကြသည်။ ထိုလူများ၏ စကားများကို နားထောင်ပြီးနောက် ထိုနှစ်ယောက်မှာ ကြယ်မင်းကျောင်းမှ ပါရမီရှင်များ ဖြစ်ကြောင်း သိလိုက်ရသည်။

ထိပ်သီးကျောင်း သုံးကျောင်းမှ အကျော်ကြားဆုံး ပါရမီရှင်များက လူအများ၏ အာရုံစိုက်မှုကို ရရှိမည် ဖြစ်သည်။

သူတို့အုပ်စု ဖြတ်ကျော်သွားလျှင် လူအုပ်က စိတ်လှုပ်ရှားမှုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ မကြာမီ သူတို့က ရီဖူရှင်းတို့ရှေ့မှ ဖြတ်ကျော် သွားသည်။

“သူတို့က တော်တော် ဣန္ဒြေသိက္ခာရှိတဲ့ပုံပဲ…” ရီဖူရှင်းက ရေရွတ်သည်။ သို့ဆိုလျှင် သည်အရာက ထိပ်သီးကျောင်း သုံးကျောင်းက ပါရမီရှင်များ၏ ပုံစံများ ဖြစ်ရမည်...။

“ငါတို့ ဘယ်ကို သွားကြမလဲ…” လို့လန်ရွှီက ညင်သာစွာ ပြောသည်။

“ဒီအနားမှာ ဘယ်တည်းခိုခန်းက အကောင်းဆုံးလဲ မေးကြည့်… ငါတို့က အဲဒီမှာ အရင် တည်းခိုကြတာပေါ့…”

ရီဖူရှင်းက ပြန်ပြောသည်။

“အကောင်းဆုံး တည်းခိုခန်းလား…” လို့လန်ရွှီက ပြန်ပြောသည်။

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက နဂါးလိုဏ်ဂူတွင် တန်ဖိုးကြီး ပစ္စည်းများစွာ ထည့်သွင်း သိမ်းဆည်းထားသော လက်စွပ်တစ်ကွင်းအား ကောက်ရခဲ့သည်။ ထို့ကြောင့် သူက လက်ရှိတွင် ဆင်းရဲခြင်းမရှိရာ မိမိကိုယ်ကိုလည်း ဆင်းဆင်းရဲရဲ ဆက်ဆံမည် မဟုတ်ပေ။ မှန်သည်... တခြား အကြောင်းပြချက် များလည်း ရှိသေးသည်။ သူတို့က ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တွင် တန်ခိုးကျင့်ခြင်းက ပိုအကျိုးရှိပေသည်။ ထို့အပြင် သူတို့က အဆင့်မြင့် တည်းခိုခန်းများမှ ပိုမိုများပြားသော သတင်း အချက်အလက်များကို ရနိုင်သည်။

“ကောင်းပြီ…” လို့လန်ရွှီက ခေါင်းညိတ်သည်။ ထို့နောက် သူမက အနီးမှ လူများအား လိုက်လံ မေးမြန်းသည်။ မကြာမီ သူမက ပြန်လာကာ ရီဖူရှင်းကို ပြောသည်... “ဒီအနားမှာ အကောင်းဆုံး တည်းခိုခန်းက နတ်ဗိမာန်အိမ်တော်ပဲ… သူ့ပတ်ဝန်းကျင်က အရမ်း ကောင်းမွန်ပြီးတော့ စျေးလည်း အရမ်းကြီးတယ်...”

“ငါတို့က သဘာဝစွမ်းအင် ကျောက်တုံး မရှားဘူး… သွားကြရအောင်...” ရီဖူရှင်းက တဲ့တိုးပြောသည်။ လို့လန်ရွှီက ရှေ့မှ ထွက်သွားသော ရီဖူရှင်းအား ကြည့်သည်။ သည်အကောင်... အမှန်ပင် အမြဲတမ်း နှိမ့်ချကာ နေတတ်သည်...။ ငါတို့က အခုပဲ မိုးမြေကောင်းကင်မြို့ကို ရောက်တယ်... အခု ငါတို့က အကောင်းဆုံး တည်းခိုခန်းမှာ တည်းခိုကြတော့မယ်...။ သူက ဘယ်လောက်အထိ တတ်နိုင်မလဲ ကြည့်ရတာပေါ့...။

ကြယ်မင်းကျောင်း အနီးမှ အကောင်းဆုံး တည်းခိုခန်း ဖြစ်သည့်အလျောက် နတ်ဗိမာန်အဆောင်မှ ပတ်ဝန်းကျင်က ရီဖူရှင်း ထင်မှတ်ထားသည်ထက် များစွာ ကောင်းမွန်ပေသည်။ ရီဖူရှင်းက အိမ်တော်ကို လှမ်းကြည့်လျှင် ကန်ဘေးနားတွင် ဆောက်ထားသော သီးခြား အိမ်ကလေးများကို မြင်ရသည်။ သည်နေရာကား တိတ်ဆိတ်ကာ လှပပြီး သိပ်သည်းသော သဘာဝ စွမ်းအင်များဖြင့် ပြည့်နှက်နသည်။ သိသာစွာပင် သဘာဝစွမ်းအင် စုဆောင်းသော မှော်အစီအရင်များကို အိမ်တော်၌ ပြုလုပ်ထားဟန် ရသည်။ ထို့အပြင် နတ်ဗိမာန်အိမ်တော်က သဘာဝစွမ်းအင် ကျောက်တုံးများကို လက်မခံပေ။ နတ်ဗိမာန်အိမ်တော်တွင် တည်းခိုရန် တစ်စုံတစ်ယောက်က သိဒ္ဓိဝင်ပစ္စည်းများ သို့မဟုတ် ရတနာများကို ပေးရန် လိုအပ်ပေသည်။ သည်နေရာကား အမှန်ပင် အကောင်းဆုံး တည်းခိုခန်း ဖြစ်ပေသည်။

သို့သော်လည်း ရီဖူရှင်းက နတ်ဗိမာန်အိမ်တော်နှင့် သိပ်မဝေးသော တည်းခိုခန်း တစ်ခုဖြစ်သော နတ်သမီး တည်းခိုခန်းတွင် တည်းခိုကြသည်။ မည်သို့ဆိုစေ တန်ခိုးရှင်များက သာယာမှုကို လွန်စွာ တပ်မက်ခြင်းက မကောင်းမွန်သလို အနည်းငယ်သော ခက်ခဲမှုများကို ရင်ဆိုင်ရန် လိုအပ်ပေသည်။

နတ်သမီး တည်းခိုခန်းကား အလွန် ကောင်းမွန်သော နာမည်ဖြစ်သည်။ ထိုအခိုက်တွင် ရီဖူရှင်းတို့က နတ်သမီး တည်းခိုခန်း၌ နေရာချပြီးဖြစ်ကာ အိမ်ကလေးတစ်ခု၌ စကားပြောရင်းနဲ့ သောက်စား နေကြသည်။ သူတို့ ဘေးနားတွင်လည်း များစွာသော အိမ်ကလေးများကို မြင်ရသည်။

“ဒီနေရာက ပတ်ဝန်းကျင်က အရမ်း ကောင်းတာပဲ…”

ရီဖူရှင်းက တီးတိုး မှတ်ချက်ချသည်။

“နတ်ဗိမာန် အိမ်တော်နဲ့ယှဉ်ရင် ကွာဟချက်က အရမ်းကြီးတယ်...”

လို့လန်ရွှီက ပြောသည်။

“တန်ခိုးရှင်တွေ ဖြစ်တဲ့အလျောက် ငါတို့က အမူအကျင့်ကိုလည်း လေ့ကျင့်ရတယ်... ဂုဏ်ဒြပ်တွေကို သိပ်မမက်မောနဲ့...” ရီဖူရှင်းက လေးနက်စွာ ပြောသည်။

လို့လန်ရွှီက မှင်တက်သွားသည်။ ရီဖူရှင်း၏ လေးနက်သော အမူအရာကို မြင်လျှင် သူမက ခေါင်းညိတ်သည်...

“ကောင်းပြီ…”

လို့လန်ရွှီ၏အကြည့်ကို သတိထားမိလျှင် သူတို့က နတ်ဗိမာန် အိမ်တော်ကို သွားတုန်းက လှပသော မိန်းကလေး၏ ငေါ့တော့တော့ အကြည့်ကို ပြန်သတိရမိသည်။ သူ၏နှလုံးသား နာကျင်မှုကို ခံစားရကာ အနာဂတ်တွင် ထိုနတ်ဗိမာန် အိမ်တော်အား သူက ဝယ်ခွင့်ရလေမလား သူစဉ်းစားမိသည်။

“တိမ်ဖြူမြို့က သခင်လေးရဲ့ အဆင့်က အခု ထပ်တက်သွားပြန်ပြီ… အခုသူက ကောင်းကင်မြေရိုင်း အဆင့်ရဲ့ ထိပ်ဆုံး ဆယ်နေရာထဲကို ဝင်ရောက်သွားပြီ… ”

သူတို့ အဆောင်ထဲတွင် မနီးမဝေးတွင် ထိုင်နေသော တစ်ယောက်က ပြောလျှင် ရီဖူရှင်း၏ စိတ်အာရုံများ ပြန်လည်၍ လက်တွေ့ဘဝထဲကို ဝင်ရောက်လာသည်။ သူ၏မျက်လုံးများ အရောင်လက် သွားသည်။ သူက သည်နာမည်အား ကြားဖူးသည်မှာ ပထမဆုံး အကြိမ်မဟုတ်ပေ။ ထို့အပြင် ကောင်းကင်မြေရိုင်း အဆင့်က ဘာလဲ…။

မြေရိုင်းဒေသမြေပုံအရ တိမ်ဖြူမြို့ကား အနောက်ဘက်နယ်တွင် ရှိပြီး အရှေ့ဘက်နယ်နှင့် အလွန့်အလွန် ဝေးကွာပေသည်။ အဘယ်ကြောင့် တစ်စုံတစ်ယောက်က တိမ်ဖြူမြို့က သခင်လေးအကြောင်းကို ပြောရသနည်း...။

“ငါလည်း ကြားတယ်... သူ အသက်နှစ်ဆယ်မှာပဲ တော်ဝင်ကျဲနန်းတော်ကို ဝင်ရောက်ခဲ့တယ်... အခု သူက အဲဒီမှာ လေ့ကျင့်တာ နှစ်ငါးဆယ်ထက် မနည်းတော့ဘူး… အခု သူက ရှီအဆင့်ကို ရောက်နေပြီ… သူ့ပါရမီက တကယ်ပဲ ကောင်းလွန်းလှတယ်... နောက်နှစ် နည်းနည်းကြာရင် သူ့အဆင့်က ပိုတက်လာနိုင်တယ်... သူက ထိပ်ဆုံး သုံးနေရာကိုတောင်မှ စိန်ခေါ်နိုင်လောက်တယ်... ”

နောက်တစ်ယောက်က ပြောသည်။ မြို့စားလေးက သည်မျှ ငယ်ရွယ်သော အသက်ဖြင့် ကောင်းကင်မြေရိုင်း အဆင့်တစ်ဆယ်အတွင်း ဝင်ရောက်နိုင်သည်ကား အမှန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။

“တိမ်ဖြူမြို့က သခင်လေး အကြောင်းကို ပြောရင် ငါက ရုတ်တရက် နောက်တစ်ယောက်ကို သတိရတယ်... ကျူးကော့မိသားစုရဲ့ သခင်မလေးကို အခု ပြန်တွေ့ပြီတဲ့... သူမက တကယ်ပဲ အပြင်ဘက်မှာ လျှောက်သွားနေပြီး နောက်တစ်ယောက်ရဲ့ တပည့် ဖြစ်သွားခဲ့တယ်... အခု သူမက ကျူးကော့မိသားစုကို ပြန်ရောက်နေပြီ… ကောလာဟလတွေအရ တိမ်ဖြူမြို့စားနဲ့ ကျူးကော့မိသားစု ခေါင်းဆောင်တို့က အရမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်... သူတို့ မိသားစုနှစ်ခုသာ လက်ထပ်ဖြစ်ရင် နောက်ပိုင်း နာမည်ကျော် ပုံပြင်တစ်ပုဒ် ဖြစ်လာမှာပဲ…”

နောက်တစ်ယောက်က ပြောသည်... “ကျူးကော့မိသားစုက သခင်မလေးက အရမ်းလှပြီး ပါရမီမြင့်တယ်လို့ ငါကြားဖူးတယ်... သူမက တိမ်ဖြူမြို့က သခင်လေးနဲ့ လိုက်ဖက်မလား ငါသိချင်တယ်...”

ရီဖူရှင်းက တစ်စုံတစ်ယောက်က သူ၏ အစ်မနှစ်အကြောင်းကို ပြောနေသောအခါ သူက စိတ်ဝင်တစား နားထောင်နေမိသည်။ သို့သော်လည်း ထိုလူက အမှန်ပင် သူ၏အစ်မနှစ်နှင့် တခြားတစ်ယောက်အား တွဲပေးသောအခါ သူက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ် လိုက်သည်။ သူ၏အမြင်တွင်မူကား တိမ်ဖြူမြို့၏ သခင်လေးက သူ၏အစ်မနှစ်နှင့် မသင့်တော်ပေ...။

“ကောင်းကင်မြေရိုင်း အဆင့်ဆိုတာ ဘာလဲ မသိဘူးဗျ... ” ရီဖူရှင်းက သူ့ဘေးနားမှလူကို မေးသည်။

“မင်းက ကောင်းကင်မြေရိုင်း အဆင့်ဆိုတာကိုတောင် မသိဘူးလား…” ထိုလူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်... “မင်းက တခြားနေရာက လာတာလား…”

“ဟုတ်တယ်... ကျုပ်က မိုးမြေကောင်းကင်မြို့ကို လေ့ကျင့်ဖို့ ရောက်လာခဲ့တာ…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“အာ… ဟုတ်လား…” ထိုလူက ပြုံးကာ ခေါင်းညိတ်သည်... “ကောင်းကင်မြေရိုင်း အဆင့်က မြေရိုင်းဒေသမှာ နာမည်ကျော်ကြားတဲ့လူတွေရဲ့ အဆင့်ကိုစီထားတဲ့ မှန်ကန်ပြီး တိကျတဲ့ တရားဝင် အဆင့်ဇယားပဲ… အဲဒါက တန်ခိုးအဆင့်အလိုက် စီထားတာ မဟုတ်ဘူး… အဲဒီအစား… ပါရမီ၊ အသက်နဲ့ အရည်အချင်း စတဲ့ တခြားအချက်တွေကို စိစစ်ပြီး အဆင့်သတ်မှတ် ထားတာပဲ… အဆင့်ဝင်တဲ့လူတွေ အကုန်လုံးက အရမ်း နာမည် ကျော်ကြားတဲ့လူတွေပဲ… နောက်ဆုံး အဆင့်ကို ဝင်တဲ့လူတောင်မှ မြေရိုင်းဒေသမှာ အတော်ဆုံးထဲက တစ်ယောက်ပဲ…”

“ဒီလိုဆိုရင် ကောင်းကင်မြေရိုင်း အဆင့်က လုံးဝ တိကျတယ်လို့ ကျုပ်မယူဆဘူး…” ရီဖူရှင်းက ခံစားချက်ကင်းမဲ့စွာ ပြောသည်။ သူ့ရှေ့မှလူ၏အလိုအရ ကောင်းကင်မြေရိုင်း အဆင့်တွင် မြေရိုင်းဒေသ၏ အတော်ဆုံးလူများကို အဆင့်စီထားခြင်း ဖြစ်သည်။ ထိုအရာက အဆင့်ကို မှီခိုသည်ဆိုလျှင် ရှီတန်ခိုးရှင်များက မည်သည့်အခါမှ ထိပ်သီးဆယ်နေရာကို ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ထိုအရာက ထိုမြို့စားသခင်လေးက မည်မျှ ထူးချွန်သည်ကို သိနိုင်ပေသည်။

“မြေရိုင်းဒေသအဆင့် ရပ်တည်မှုက လိုအပ်ချက်တွေ များပြီး အသစ်တစ်ဖန် စိစစ်မှုလုပ်တဲ့အခါလည်း မှန်ကန်တဲ့ သုံးသပ်မှုတွေ အများကြီး လုပ်ရတယ်... ဘာလို့ မင်းက သူ့ရဲ့ တိကျမှုကို သံသယ ဝင်နေရတာလဲ…” ထိုလူက ပြုံးလျက်မေးသည်။

“မြေရိုင်းဒေသက ကျယ်ပြောပြီး အဆုံးအစမဲ့တယ်... လူမသိတဲ့ စွမ်းအားမြင့် တန်ခိုးရှင်တွေ၊ မိမိကိုယ်ကို နှိမ့်ချပြီး နေတဲ့လူတွေ အများကြီး ရှိမှာပဲ… ဒါကြောင့် အဲဒါက လုံလောက်တဲ့ တိကျမှု မရှိဘူး…” ရီဖူရှင်းက ပြန်ပြောသည်။

“မင်းပြောတာ ဟုတ်တယ်... ဒါပေမဲ့ လူတွေက မင်းကို မသိရင် မင်းက ဘယ်လိုလုပ် အဆင့်ထဲ ဝင်နိုင်ပါ့မလဲ…” ထိုလူက မေးသည်။

“ကောင်းကင်မြေရိုင်း အဆင့်က ငါတို့နဲ့ အရမ်းဝေးလွန်းတယ်... ငါတို့က မိုးမြေကောင်းကင်မြို့က ပါရမီရှင်တွေ အကြောင်းကို ဘာလို့ မပြောကြတာလဲ… အခု ထိပ်သီးကျောင်း သုံးကျောင်းရဲ့ စာမေးပွဲက မကြာခင် စတော့မယ်... ဒီတစ်ခါ ပါရမီရှင် ဘယ်နှယောက်လောက်က ပေါ်လာမလဲ မသိဘူး…” အဆောင်ထဲမှ တစ်ယောက်က ပြောသည်။

“ထိပ်သီးကျောင်း သုံးကျောင်းမှာ သေချာပေါက် ကျော်ကြားလာမယ့် တစ်ယောက်ကို ငါသိတယ်...”

“ဘယ်သူလဲ…”

“အနောက်တောင်ရဲ့ နဂါးသခင်လေး…”

ဒီနှစ်အစပိုင်းမှာပဲ သူက ကြယ်မင်းကျောင်းကို ဝင်ပြီး လေ့ကျင့်ခဲ့တယ်... အခု သူ့ရဲ့အရည်အချင်းကို ပြသမယ့်အချိန် ရောက်ပြီ…”

အနောက်တောင်မှ လူများ၏ နဂါးသွေးများက မည်မျှ သန့်စင်သည်ကို တွေးကာ လူအများအပြားက သဘောတူစွာဖြင့် ခေါင်းညိတ်ကြသည်။ ထိုစဉ်က ထိုနဂါးသခင်က မည်မျှ အားကောင်းခဲ့သနည်း...။ ကံမကောင်းစွာပင် သူက သေဆုံးခဲ့သည်။ ယခု သူ၏သားက သူ၏ခြေရာအတိုင်း လိုက်လာသည်။ ထို့အပြင် သေဆုံးသွားသော သူ၏အဖေအပြင် နဂါးသခင်လေးတွင် လွန်စွာ အားကောင်းသော ဦးလေး တစ်ယောက်လည်း ရှိသေးသည်။

“အနောက်တောင်က နဂါးသခင်လေးနဲ့စာရင် ကျုပ်က အဲဒီမိန်းကလေးတွေက ဘယ်သူနဲ့ အဆုံးသတ်သွားမလဲ ဆိုတာကို ကျုပ်က စိတ်ဝင်စားတယ်...” တစ်ယောက်က ပြုံးလျက် ပြောသည်။

“မင်းက အဲဒါနဲ့ပတ်သက်ပြီး အိပ်မက်မက်မနေနဲ့...”

သူတို့အုပ်စုက အေးအေးလူလူ စကား ပြောနေကြသော်လည်း ရီဖူရှင်းက သူတို့ပြောနေသော စကားအများစုကို နားလည်ခြင်း မရှိပေ။ သူတို့စကားဝိုင်းထဲတွင် လူအများအပြား ပါဝင်သည်။ သို့သော် ရီဖူရှင်းက မိုးမြေကောင်းကင်မြို့နှင့် ပတ်သက်၍ မရင်းနှီးသေးပေ။ ထိပ်သီးကျောင်း သုံးကျောင်းအပြင် သူက ဘာမှ မသိပေ။

“လို့လန်...” နောက်ပိုင်း ငါတို့ အပြင်ကို တစ်ခေါက် ထွက်မယ်... မင်းက ဒီနေရာက ကလန်တွေနဲ့ မိသားစုတွေအကြောင်း၊ အရေးပါတဲ့နေရာတွေ အကြောင်းကို သိရအောင် စုံစမ်းတဲ့တာဝန်ကို ယူလိုက်..."

ရီဖူရှင်းက လို့လန်ရွှီကို ပြောသည်။ သူမသိလိုက်မီတွင်ပင် ရီဖူရှင်းကား လို့လန်ရွှီကို ထိုကိစ္စများ လုပ်ဆောင်စေရန် အသားကျနေပြီ ဖြစ်သည်။ လို့လန်ရွှီကလည်း တိတ်ဆိတ်စွာပင် ရီဖူရှင်း ခိုင်းသမျှကို တာဝန်ကျေပွန်စွာ လုပ်ဆောင်လျက်ရှိသည်။ ဤသို့ဖြင့် ရီဖူရှင်းက ထိုကိစ္စများကို စိုးရိမ်ပူပန်နေစရာ မလိုတော့ပေ။

“ကောင်းပြီ...” လို့လန်ရွှီက ခေါင်းညိတ်သည်။ သူတို့ စားသောက်ပြီးနောက် ရီဖူရှင်းတို့က တည်းခိုခန်းမှ အပြင်ဘက်ကို ထွက်လာကြကာ လမ်းမပေါ်တွင် အေးအေးဆေးဆေး လမ်းလျှောက်ကြသည်။ တခြားတစ်ဖက်တွင် လို့လန်ရွှီက သတင်း အချက်အလက်များ စုံစမ်းရာတွင် အလုပ်များနေသည်။ ရုတ်တရက် သူတို့က အဝေးမှ နဂါးတစ်ကောင် အော်သံကို ကြားကြရသည်။ လူအများအပြားက ဘေးကို ပြေးကာ ဖယ်ပေးနေကြသည်။ ရီဖူရှင်းက နောက်လှည့်ကြည့်လျှင် သူ့ရှေ့တွင် လူတစ်စုကို မြင်ရသည်။ ထိုနေရာမှ ရေခဲနဂါးတစ်ကောင်က သူတို့ထံသို့ ပြေးလာနေသည်။ နဂါး၏ဘေးနားတွင်လည်း များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များကို တွေ့ရသည်။

“မိုးမြေကောင်းကင်မြို့က လူတွေက ဒီလိုပဲ လူတွေ အာရုံစိုက်ခံရတာကို သဘောကျကြတာလား…”

ရီဖူရှင်းက ဆွံ့အသွားသည်။ နဂါးဦးချို၏ ဘေးနားတွင်ကား အသက် ဆယ့်သုံးနှစ်ခန့်အရွယ် မိန်းကလေး တစ်ယောက်က ရပ်နေသည်။ သူမက ကျာပွတ်တစ်ချောင်းကို အသုံးပြုကာ နဂါးအား ရိုက်နှက်ခြင်းဖြင့် သူ့အား အဆက်မပြတ် အော်ဟစ်စေသည်။

“အဲဒီကလေးမှာ ဒီလောက်တောင် လူတွေအများကြီး ရှိတယ်...” ရီဖူရှင်းက နဂါးပေါ်မှ မိန်းကလေးအား ကြည့်ကာ ရေရွတ်သည်။ ရေခဲနဂါးက ရီဖူရှင်းတို့ရှေ့မှ ဖြတ်သွားရင်းက မိန်းကလေးက ရီဖူရှင်းကို ကြည့်ကာ မေးသည်... “ရှင်က ဘာကို ကြည့်နေတာလဲ… ရှင်က မိန်းမလှကို မမြင်ဖူးဘူးလား…”

“... ” ရီဖူရှင်းကား လုံးဝ မှင်တက်နေသည်။ နဂါးပေါ်တွင် ရပ်နေသော မိန်းကလေးအား ကြည့်ကာ သူက စိတ်မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။ ၁၃နှစ် ၁၄နှစ်ခန့်သာ ရှိသေးသော မိန်းကလေးက သူ့အား ထိုသို့ မေးခွန်း မေးလိုက်သည်လား...။ ထိုအရာက အမှန်ပင် မထင်မှတ်သော မေးခွန်းပင်...။

“ရှင်က ဘယ်လိုလုပ် ရယ်နိုင်ရတာလဲ…” ရီဖူရှင်းက ရယ်မောနေသည်ကို မြင်လျှင် မိန်းကလေးက ရေခဲနဂါးကို ရပ်ခိုင်းလိုက်သည်။ သူမ၏ကျာပွတ်ကို ရီဖူရှင်းထံသို့ ညွှန်ပြကာ သူမက ပြောသည်...”

“တစ်ယောက်ယောက်... သူ့ကို ခေါ်လာခဲ့စမ်း… “အာ…” ရီဖူရှင်း ထိတ်လန့်သွားသည်။ နဂါးဘေးမှ တန်ခိုးရှင်တစ်ယောက်က မိန်းကလေးကို ပြောသည်... “သခင်မလေး… ဒါက မသင့်တော်ပါဘူး…”

“ငါပြောတာ မကြားဘူးလား…" မိန်းကလေးက ဒေါသတကြီး အော်သည်။ ထို့နောက်တွင် လူတစ်ယောက်က လျှောက်လာကာ ရီဖူရှင်းကို ပြောသည်... “ဆရာ... ကျုပ်တို့နဲ့ လိုက်ခဲ့လို့ရမလား…

ကျုပ်က ဘာမှ မလုပ်သေးဘူး... ဟုတ်တယ်မလား…” ထိုလူ၏စကားကို ကြားကာ ရီဖူရှင်းက မျက်မှောင်ကြုတ် သွားသည်။

“ကျုပ် သိပါတယ်... ဒါပေမဲ့ သခင်မလေးက အရမ်း စိတ်ဆိုးနေတယ် ... ဆရာရဲ့ ဘေးကင်းမှုကို အာမခံပါတယ်...” ထိုလူက ပြောသည်။ ရီဖူရှင်းက ဆွံ့အသွားသည်။ သူတို့၏ အပြုအမူက သိပ်မဆိုးသော်လည်း အခြေအနေကား… သူ့ရှေ့မှ လူအုပ်ကို ကြည့်ကာ ရီဖူရှင်းက ပြောသည်... “ကျုပ်က ငြင်းလို့ရမယ် မထင်ဘူး… ဟုတ်တယ်မလား…”

“ကျုပ်စိတ်မကောင်းပါဘူး… ”

ရှေ့ဆုံးမှ လူက မသက်မသာ ပြုံးကာ သူ၏လက်ကို ဆုပ်ကိုင်၍ ပြောသည်။ သူက ထိုမိန်းကလေးအား ထိန်းနိုင်ပုံ မရပေ။ မိန်းကလေးအား သူမ၏အမေမှ လွဲ၍ ထိန်းချုပ်နိုင်သူ မရှိပေ။

ယူချင်းနှင့် ရီဝူချင်းတို့၏ အမူအရာများက အေးစက် သွားကြသည်။ သို့သော် ရီဖူရှင်းက နောက်လှည့်ကာ ပြောသည်...

“မင်းတို့ ကိုယ့်အလုပ်ကို ဆက်လုပ်လိုက်ကြ... ငါသူတို့နဲ့ လိုက်သွားလိုက်မယ်...”

“အခုလို ပူးပေါင်းပေးတာ ကျေးဇူးတင်ပါတယ်...” ထိုလူက ရီဖူရှင်းကို ပြောသည်။ ထို့နောက် ရီဖူရှင်းက သူတို့အုပ်စုထဲကို လိုက်ပါသွားသည်။ မိန်းကလေးက ရီဖူရှင်းအား စိတ်ကျေနပ်ဟန်ဖြင့် ကြည့်သည်။ ထိုနောက် သူမက ရေခဲနဂါးအား ရှေ့ကို ဆက်သွားစေသည်။

***

All Chapters