အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ် ဆေးပင်
Vol. 50 Ch. 679
" ရပ်လိုက်တော့ …… ငါအရှုံးပေးတယ် ။ မင်းလိုချင်တာကို ပြော " နောက်ဆုံးမှာတော့ လမ်းစဉ်လေးသွယ် ဧကရာဇ်ဟာ ရွေးချယ်စရာ မရှိဘဲ အရှုံး ပေးလိုက်ရပါပြီ ။ အကြွင်းမဲ့ တန်ခိုးစွမ်းအားရဲ့ ရှေ့မှောက်မှာတော့ သူဟာလည်း အညံ့ ခံရမှာပါပဲ ။ လီဖူချန်းက ယဉ်ကျေးသိမ်မွေ့တဲ့ လူငယ်တစ်ယောက်ရဲ့ လေသံနဲ့ သူလိုချင်တာကို ပြန်ပြောလိုက်ပါတယ် ။ " ဧကရာဇ်မင်း ခင်ဗျား…… ကျွန်တော်က သိပ်ပြီး များများစားစား မလိုချင်ပါဘူး ။ ကျွန်တော်က ဧကရာဇ်မင်း စုဆောင်းထားတဲ့ ရတနာ ရင်းမြစ်ပစ္စည်းတွေထဲက နည်းနည်းပါးပါးလောက်ကို အလဲအလှယ် လုပ်ချင်ရုံလေးပါ " ပထမတန်းစား ဂိုဏ်းအဖွဲ့အစည်း လေးခုကနေ ရလာခဲ့တဲ့ အရင်းအမြစ် ပစ္စည်းတွေတောင်မှ ထိပ်တန်း အဆင့်မှာ ရှိနေမှတော့ လမ်းစဉ်လေးသွယ် အင်ပိုင်ယာရဲ့ ရင်းမြစ်ပစ္စည်းတွေဆိုရင် နောက်ထပ် အဆင့်တစ်ခုမှာ ရှိနေမှာ အသေအချာပါပဲ ။ ဒါကြောင့်လည်း လီဖူချန်းက လမ်းစဉ်လေးသွယ် အင်ပိုင်ယာကို လာဖို့ အာသီသ ရှိနေခဲ့တာပါ ။ " အာ…… စောစောက ပြောပါလားကွာ ။ အဲသည်လောက် ကိစ္စနဲ့ဆိုရင် ငါတို့တွေ တိုက်နေစရာကို မလိုဘူးလေ " လီဖူချန်းရဲ့ လာရင်း ရည်ရွယ်ချက်ကို သိလိုက်ရမှပဲ လမ်းစဉ်လေးသွယ် ဧကရာဇ်ဟာ သက်ပြင်း ချနိုင်ပါတော့တယ် ။ လီဖူချန်းက ပြုံးလိုက်ပြီး " တကယ်လို့ ကျွန်တော်က သည်ကိစ္စကို အစကတည်းက ပြောလိုက်ရင် ဧကရာဇ်မင်းက လက်ခံမှာ သေချာရဲ့လား " " ဒါ…… ဒါကတော့ " လီဖူချန်းရဲ့ စကား အဆုံးမှာတော့ လမ်းစဉ်လေးသွယ် ဧကရာဇ်ဟာ ငြိမ်ကျ သွားခဲ့ပါပြီ ။ ဟုတ်တော့လည်း ဟုတ်တာပါပဲ ။ တကယ်လို့သာ လီဖူချန်း အစကတည်းက ရင်းမြစ်ပစ္စည်းတွေ အလဲအလှယ် လုပ်ချင်တယ်လို့ ပြောလာရင် သူက လက်ခံမှာ မဟုတ်ပါဘူး ။ အဲဒါဆိုရင် တိုက်ပွဲက ဖြစ်ဦးမှာပါပဲ ။ " ငါ့နောက်လိုက်ခဲ့ " လမ်းစဉ်လေးသွယ် ဧကရာဇ်က ဘာမှ ဆက်ပြီး မပြောတော့ပါဘူး ။ သူက လီဖူချန်းတို့ကို ရတနာ ခန်းမ ရှိရာဆီကိုသာဦးဆောင်သွားပါတော့တယ် ။ …… လမ်းစဉ်လေးသွယ် အင်ပိုင်ယာရဲ့ ရတနာ ခန်းမကတော့ တကယ်ကို အံ့သြစရာပါပဲ ။ သည်ရတနာ ခန်းမရဲ့ အရွယ်အစားကို ပထမတန်းစား ဂိုဏ်းအဖွဲ့အစည်း လေးခုက ရတနာ ခန်းမတွေ ပေါင်းလိုက်ရင်တောင်မှ မမီပါဘူး ။ ပြီးတော့ ရတနာ ခန်းမထဲမှာ စုဆောင်းထားတဲ့ ရင်းမြစ် ပစ္စည်းတွေကလည်း လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကို ကျေနပ် နှစ်သိမ့်မှု ပေးစွမ်း နိုင်ပါတယ် ။ " သည်ဝိညာဉ်ပြန် ဆေးပင် နှစ်ပင်နဲ့ဆိုရင် ငါတော့ သူတော်ဝိညာဉ် ကျင့်စဉ်ရဲ့ ပထမ အဆင့်ကို ရောက်အောင် အေးအေးဆေးဆေး ကျင့်နိုင်ပြီ " ရန်ချင်းဟူရဲ့ မျက်လုံးတွေကတော့ တောက်ပနေတာပါပဲ ။ သူမရဲ့ မျက်လုံးတွေက မတောက်ပလို့လည်း မကောင်းပါဘူး ။ သည်လမ်းစဉ်လေးသွယ် အင်ပိုင်ယာရဲ့ ရတနာ ခန်းမထဲမှာက ဝိညာဉ်ပြန်ဆေးပင် နှစ်ပင်တောင် ရှိနေတာ မဟုတ်ပါလား ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ ယှဉ်ရင်တော့ ရန်ချင်းဟူ ရခဲ့တာဟာ အသေးအမွှားလေးလို့ပဲ ဆိုရပါမယ် ။ လီဖူချန်းက လမ်းစဉ်လေးသွယ် ရတနာခန်းမကနေပြီး အဆင့်မြင့် စိတ်ဝိညာဉ်ဆေးပင် ၁၅ပင်ျတာင် ရခဲ့တာပါ ။ ပြီးတော့ အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပင်လည်း ရခဲ့ပါသေးတယ် ။ စိတ်ဝိညာဉ် ဆေးပင်တွေကိုလည်း တခြား ဆေးပင်တွေလိုပဲ အဆင့်နိမ့် ၊ အလယ်အလတ် အဆင့် ၊ အဆင့်မြင့်နဲ့ အထွတ်အထိပ် အဆင့်ဆိုပြီး ခွဲခြားထားပါတယ် ။ အဆင့်နိမ့် စိတ်ဝိညာဉ် ဆေးပင်ဆိုတာက မြေကမ္ဘာ အဆင့်နိမ့် ဆေးပင်ပါပဲ ။ အလယ်အလတ် အဆင့် စိတ်ဝိညာဉ် ဆေးပင်ကတော့ မြေကမ္ဘာ အဆင့်မြင့် ဆေးပင်နဲ့ ညီမျှပါတယ် ။ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်ကတော့ ကောင်းကင် အဆင့်နိမ့် ဆေးပင်နဲ့ ညီမျှပြီး အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ် ဆေးပင်ကတော့ ကောင်းကင် အဆင့်မြင့် ဆေးပင်နဲ့ ညီမျှပါတယ် ။ လီဖူချန်းက သူ့ဘဝမှာ ကောင်းကင် အဆင့်မြင့် ဆေးပင်ကို တစ်ခါမှ မတွေ့ဖူးပါဘူး ။ ပြောကျတာကတော့ ကောင်းကင် အဆင့်မြင့် ဆေးပင်တွေက သူတော်စင်တွေ အတွက်ပါ အသုံးဝင်ပါတယ်တဲ့ ။ " ဧကရာဇ်မင်း …… ကျွန်တော် တစ်ခုလောက် မေးပါရစေ ။ စိတ်ဝိညာဉ် ဆေးပင်တွေကို ဘယ်နေရာမှာများ ရှာတွေ့နိုင်မလဲဗျ " စိတ်ဝိညာဉ် ဆေးပင်တွေကို သိမ်းဆည်း အပြီးမှာတော့ လီဖူချန်းက လမ်းစဉ်လေးသွယ် ဧကရာဇ်ကို လှမ်းမေးလိုက်ပါတယ် ။ လမ်းစဉ်လေးသွယ် ဧကရာဇ်က လီဖူချန်းကို မလိမ်ညာဝံ့ပါဘူး ။ အဲသည်အတွက် သူက အမှန်အတိုင်းပဲ ပြောလိုက်ပါတယ် ။ " လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာက လိပ်ပြာတောင်ကြား ဆိုတဲ့ နေရာတစ်ခု ရှိတယ် ။ လိပ်ပြာတောင်ကြားမှာ မြူ နှင်းတွေ ကျလာပြီဆိုရင် အဲဒါက စိတ်ဝိညာဉ်ဆေးပင် တစ်ပင် ပေါ်လာပြီဆိုတဲ့ အဓိပါ္ပယ်ပဲ ။ ဒါပေမဲ့ လိပ်ပြာတောင်ကြားက အင်မတန် အန္တရာယ် များတယ်လို့ ကျော်ကြားတယ် ။ လိပ်ပြာတောင်ကြားရဲ့ အတွင်းပိုင်းထဲကို ဝင်သွားမိတဲ့ လူတိုင်းက ဘယ်တော့မှ ပြန်မထွက်လာတော့ဘူး " " လိပ်ပြာတောင်ကြားတဲ့လား " လီဖူချန်းက လိပ်ပြာတောင်ကြားဆိုတဲ့ နာမည်ကို သေသေချာချာ မှတ်သားထားလိုက်ပါတယ် ။ တစ်နေ့ အခွင့်အရေး ရှိရင်တော့ သူ့အနေနဲ့ လိပ်ပြာတောင်ကြားကို တစ်ချက်လောက် သွားကြည့်သင့်ရင် ကြည့်ရမှာပါပဲ ။ " ဟင်း…… ငါက အစောကြီးကတည်းက အပြင်လောကကို ထွက်သင့်တာ " မိစ္ဆာခွေး အသွင်ကို ပြောင်းထားတဲ့ မိုးကြိုးသားရဲကတော့ ရတနာခန်းမကို လျှောက်ပတ် ကြည့်နေရင်းနဲ့ နောင်တ အတော်လေး ရနေပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ လမ်းစဉ်လေးသွယ် ရတနာ ခန်းမထဲမှာက မိစ္ဆာသားရဲ မျိုးဆက်သွေးကို အားကောင်းစေတဲ့ ဆေးပင်တွေ အများကြီး ရှိနေတာ မဟုတ်ပါလား ။ မိုးကြိုးတိမ်ဂိုဏ်း သူနေစဉ်တုန်းက တုံးမူထျန်ဟာ သူ့ကို ထိပ်တန်း အရင်းအမြစ်တွေ ရှာဖွေပြီး ကျွေးမွေးခဲ့ပေမယ့်လည်း အရေအတွက်ကော ၊ အရည်အသွေးကောက လမ်းစဉ်လေးသွယ် ရတနာ ခန်းမနဲ့ လုံးဝ မယှဉ်နိုင်ပါဘူး ။ ရန်ချင်းဟူကတော့ မိုးကြိုးသားရဲကို နှစ်သိမ့်ပေးနေပါတယ် ။ "နင် အခုလည်း နောက်မကျသေးပါဘူး ။ လမ်းစဉ်လေးသွယ် အင်ပိုင်ယာက ဘုရင်အဆင့်မှာပဲ ရှိတာ ။ တခြား ကုန်းမြေတိုက်တွေမှာ ဆိုရင် ဧကရာဇ် အဆင့် အဖွဲ့အစည်းတွေနဲ့ သူတော်စင် အင့် အဖွဲ့အစည်းတွေတောင် ရှိသေးတယ် ။ အဲသည်မှာဆိုရင် ကောင်းကင်အဆင့် ဆေးပင်တွေ ပုံနေတာပဲ " ရန်ချင်းဟူက မိုးကြိုးသားရဲကို ဆယ်နှစ်အတွင်းမှာ မိစ္ဆာသားရဲ အရှင်သခင် ဖြစ်စေရမယ်လို့ အာမခံခဲ့တာဟာ အပို ပြောတာ လုံးဝ မဟုတ်ပါဘူး ။ သူမ သိထားသလောက် ဆိုရင်တော့ လောကပေါ်မှာက မိစ္ဆာသားရဲတွေကို သိသိသာသာကြီး တိုးတက်ပြောင်းလဲစေနိုင်တဲ့ ရင်းမြစ်ပစ္စည်း တချို့ ရှိပါတယ် ။ တကယ်လို့ အဲသည် ရင်းမြစ်ပစ္စည်းတွေထဲက တစ်ခုလောက်ကိုသာ ရှာတွေ့နိုင်မယ်ဆိုရင် မိုးကြိုးသားရဲရဲ့ အရွယ်ရောက်နှုန်းဟာ တစ်ဝက်လောက်ကို မြန်သွားနိုင်ပါတယ် ။ လမ်းစဉ်လေးသွယ် အင်ပိုင်ယာရဲ့ နန်းမြို့တော်ထဲက ပြန်ထွက်လာ အပြီးမှာတော့ လီဖူချန်းတို့ သုံးယောက်ဟာ မိုးကြိုးတိမ်ဂိုဏ်းကို မပြန်တော့ပါဘူး ။ သူတို့က တောင်တန်း တစ်ခုကို ရှာဖွေလိုက်ပြီး အဲသည်မှာပဲ ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။ ၁၅ ရာခိုင်နှုန်း …… ၁၆ ရာခိုင်နှုန်း…… အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် ၁၅ပင်လုံးကို စားပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ဟာ အနီဖျော့ဖျော့ဘက်ကို ၁၈ ရာခိုင်နှုန်းအထိ သန်းသွားခဲ့ပါပြီ ။ " စိတ်ဝိညာဉ် ဆေးပင်တွေရဲ့ သက်ရောက်မှုက တဖြည်းဖြည်း လျော့နေတာပဲ " ဒါကို လီဖူချန်းက မကျေနပ်နိုငိပါဘူး ။ အရင်တစ်ခေါက်တုန်းက ဆိုရင် သူက သူ့ရဲ့ စိတ်ဝိညာဉ် ၁၀ ရာခိုင်နှုန်းကနေ ၁၄ရာခိုင်နှုန်းအထိ ပြောင်းဖို့ကို အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် ၁၁ ပင်သာ အသုံးပြုခဲ့တာပါ ။ အခုတော့ သူက အဆင့်မြင့် စိတ်ဝိညာဉ် ၁၅ပင် အသုံးပြုတာတောင်မှ သူ့ရဲ့ စိတ်ဝိညာဉ် ပြောင်းလဲမှုဟာ ၁၄ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်း အထိပဲ ရှိပါတယ် ။ " အင်း…… အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ် ဆေးပင်ရဲ့ သက်ရောက်မှုကကော ဘယ်လို ရှိမလဲ မသိဘူး " စဉ်းစားနေရင်းနဲ့ လီဖူချန်းက အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ် ဆေးပင်ကို ထုတ်ယူပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်ပါတယ် ။ အချိန်အတော်လေး အကြာမှာတော့ လီဖူချန်းရဲ့ မျက်လုံးတွေဟာ ပြန်ဖွင့်လာခဲ့ပါပြီ ။ သူ့ရဲ့ မျက်နှာပေါ်က အပြုံးကလည်း နားရွက်တောင် တက်ချိတ်တော့မလိုပါပဲ ။ " ဒါမှ အထွတ်အထိပ် အဆင့် ဆေးပင်ကွ " ပြုံးနေရုံတင် မကပါဘူး ။လီဖူချန်းက လက်သီးလက်မောင်းတောင် တန်းပြီး ကြုံးဝါးလိုက်ပါသေးတယ် ။ အထွတ်အထိပ် အဆင့် ဆေးပင်က အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် ၁၅ပင်ထက်ကို နှစ်ဆ ပိုအစွမ်း ထက်နေတာ မဟုတ်ပါလား ။ မဟုတ်သေးပါဘူး ။ နှစ်ဆထက်ကို နည်းနည်းလေး ကျော်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ အခုဆိုရင် လီဖူချန်းရဲ့ စိတ်ဝိညာဉ်ဟာ အနီဖျော့ဖျော့ဘက်ကို ၂၅ ရာခိုင်နှုန်းအထိ ပြောင်းလဲ သွားခဲ့ပါပြီ ။ လီဖူချန်းက အတွေး တစ်ခုကို တွေးလိုက်တာနဲ့ နောက်ဆက်တွေ အကျိုးအကြောင်း ပြသနာတွေဟာ သူ့ရဲ့ စိတ်ထဲမှာ အလိုလို ပေါ်လာပါတယ် ။ သူက အခုဆိုရင် လောကပေါ်မှာ သူမဖြေရှင်းနိုင်တဲ့ ပြသနာ မရှိတော့ဘူးလို့တောင် ခံစားလာမိတဲ့ အထိပါပဲ ။ ***** သုံးရက် ကြာပြီးနောက် …… နေရာကတော့ တောင်တန်းတစ်ခုရဲ့ ကောင်းကင်ထက်မှာ ဖြစ်ပါတယ် ။ " ကြယ်ကြွေ " လီဖူချန်းက ကောင်းကင်ထက်မှာ ရပ်နေရင်းနဲ့ လက်ညှိုး နဲ့ လက်ခလယ်ကို ပူးပြီး တောင်တစ်လုံးကို ချိန်ရွယ်လိုက်ပါတယ် ။ ရွှီး…… အဲသည်နောက်မှာတော့ တောင်ထိပ်ဟာ ပေါက်ထွက်သွားပြီး ဖုန်မှုန့် အဖြစ်ကို ပြောင်းသွားခဲ့ပါပြီ ။ " မဟုတ်သေးဘူး …… မဟုတ်သေးဘူး …… တစ်ခုခု လိုနေသေးတယ် " ဓားကွက်က လီဖူချန်း ထင်ထားတာထက် အများကြီး ပိုအစွမ်း ထက်လာတာတော့ အမှန်ပါပဲ ။ ဒါပေမဲ့ ပြီးပြည့်စုံပြီလို့ သူမခံစားရသေးပါဘူး ။ အထူးသဖြင့် အမြန်နှုန်းဟာ လိုအပ်မှု ရှိနေသေးတယ်လို့ သူခံစားမိနေပါတယ် ။ အမှန်ဆိုရင် သူ့ရဲ့ ဓားချက်က အချိန်နဲ့နေရာ စည်းမျဉ်းအပေါ်ကိုပါ သက်ရောက်မှု ရှိနေရမှာပါ ။ *** တစ်ပတ် ကြာပြီးနောက် …… နေရာကတော့ ရန်ချင်းဟူ တံခါးပိတ် ကျင့်ကြံနေတဲ့ နေရာ ဖြစ်ပါတယ် ။ ရွှီး…… သိပ်သည်းလှတဲ့ ဓားမော့ ဆန္ဒ တစ်ခုဟာ ရွှီးခနဲ ဆိုတဲ့ အသံနဲ့အတူ ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့ပါပြီ ။ အဲသည်နောက်မှာတော့ ရန်ချင်းဟူကပါ ကောင်းကင်ပေါ်ကို ခုန်တက် လိုက်ပါသွားပြီး တောင်တစ်လုံးကို ခုတ်ချလိုက်ပါတယ် ။ ဓားချက်က အသံလုံးဝ ထွက်မလာသလို သူ့ရဲ့ တည်ရှိမှုကိုလည်း လုံးဝ မပြသပါဘူး ။ ဒါပေမဲ့ ဓားချက်ရဲ့ လမ်းကြောင်းမှာ ရှိသမျှ အရာဝတ္ထုတွေဟာ နှစ်ပိုင်း ပြတ်ကုန်ပါတယ် ။ဓားချက်က ဘယ်လောက်အထိ ထက်မြက်သလဲ ဆိုရင် သည်နေရာမှာ ရှိနေတဲ့ မိုးမြေ ဥပဒေသတောင်မှ ဓားချက်ကြောင့် နှစ်ပိုင်း ပြတ်ထွက်သွားရတဲ့ အထိပါပဲ ။ မိုးကြိုးသားရဲကတော့ သည်မြင်ကွင်းကို မြင်ပြီး ကျောရိုးထဲကတောင် အေးစိမ့်သွားသလို ခံစားလိုက်ရပါတယ် ။ တကယ်လို့သာ သူ့အနေနဲ့ သည်ဓားမော့ကို ခုခံရမယ် ဆိုရင် ဘယ်လိုမှ ခုခံနိုင်စရာ အကြောင်း မရှိပါဘူး ။ သည်ဓားမော့က သူ့ရဲ့ မိစ္ဆာသားရဲ ဝိညာဉ်ကိုတောင် နှစ်ပိုင်း ပြတ်သွားစေလောက်ပါတယ် ။ " ဟား…ဟား…… နောက်ဆုံးတော့ ငါက မဟူရာ ဓားမော့ရဲ့ အစွမ်းကို အပြည့်အဝ ထုတ်သုံးနိုင်ပြီပဲ " ရန်ချင်းဟူက ဝမ်းသာအားရ ရေရွတ်လိုက်ပါတယ် ။ အခုဆိုရင် ဝိညာဉ်ပြန် ကျင့်စဉ်က ပထမ အဆင့်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် သူမရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ သာမန် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေနဲ့ ယှဉ်လို့ ရသွားပါပြီ ။ အဲသည်အတွက် သူမအနေနဲ့ မဟူရာ ဓားမော့ကို အပြည့်အဝ မသုံးနိုင်မှာကို ပူနေစရာ မလိုတော့ပါဘူး ။ ဒါပေမဲ့ သူမက မဟူရာ ဓားမော့သိုင်းရဲ့ ပွဲသိမ်းဓားကွက်ဖြစ်တဲ့ တာအိုကို ရှာဖွေခြင်းကိုတော့ အပြည့်အဝ အသုံးချနိုင်ဖို့ အနည်းငယ် လိုအပ်နေဆဲပါပဲ ။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ။ တာအိုကို ရှာဖွေခြင်း ဓားကွက် ဆိုတာက ကောင်းကင် အထွတ်အထိပ် အဆင့်နဲ့တောင် ညီမျှနေပြီ မဟုတ်ပါလား ။ ရွှီး…… ရန်ချင်းဟူရဲ့ ဓားမော့ သိုင်းကွက်နဲ့ မရှေးမနှောင်းမှာပဲ ဓားဆန္ဒ တစ်ခုဟာ မိုင်အနည်းငယ် အကွာကနေပြီး ကောင်းကင်ပေါ်ကို ထိုးတက်လာပြန်ပါတယ် ။ အဲသည်ဓားဆန္ဒကတော့ အချိန်နဲ့နေရာ စည်းမျဉ်း ဥပဒေသကိုတောင် တုန်ခါသွားစေသလိုပါပဲ ။ " ကောင်းလိုက်တဲ့ ဓားဆန္ဒ " ရန်ချင်းဟူက သည်ဓားဆန္ဒကို မချီးကျူ းဘဲ မနေနိုင်ပါဘူး ။ " ရန်ချင်းဟူ…… ငါတို့နှစ်ယောက် လက်ရည် စမ်းကြရအောင် " သိပ်မကြာခင်မှာပဲ လီဖူချန်းဟာ ရန်ချင်းဟူရဲ့ မြင်ကွင်းထဲမှာ ပေါ်လာခဲ့ပါတယ် ။ အချိန် တစ်ပတ်ကျော် သေသေချာချာ ဆင်ခြင်သုံးသပ် အပြီးမှာတော့ လီဖူချန်းဟာ ကြယ်ကြွေ ဓားကွက်ကို ကောင်းကင် အဆင့်မြင့် ဓားကွက် အဆင့်ဖြစ်အောင် မြှင့်တင် သွားခဲ့ပါပြီ ။ သူက အခုဆိုရင် လက်တွေ့ တိုက်ခိုက်တဲ့ အတွေ့အကြုံကိုပဲ လိုတော့တာပါ ။ " ဟုတ်ပြီလေ " ရန်ချင်းဟူကလည်း မငြင်းပါဘူး ။ စကားဆုံးတာနဲ့ တစ်ပြိုင်နက် သူမက သူမရဲ့ အနက်ရောင် ဓားမော့ကို မြှောက်လိုက်ပြီး " မဟူရာ ဓားမော့-ရွက်လွှင့်ခြင်း" ကို ထုတ်သုံးလိုက်ပါတော့တယ် ။ အရင်တုန်းကထက် စာရင်တော့ ရန်ချင်းဟူရဲ့ " မဟူရာ ဓားမော့-ရွက်လွှင့်ခြင်း"ဟာ အဆပေါင်းများစွာ တိုးတက်လာခဲ့ပါပြီ ။ လေဟာနယ် ဟင်းလင်းပြင်ထဲမှာ ဆိုရင်လည်း ချီစွမ်းအင် လှိုင်းတွေဟာ အထပ်ထပ် ထနေတာပါပဲ ။ သည်ချီစွမ်းအင်လှိုင်းတွေက လေထုထဲမှာ ဖြစ်တည်လာရုံတင် မကပါဘူး။ အဲဒါတွေက မိုးမြေ ဥပဒေသ နဲ့ စွမ်းအင်တွေရဲ့ သရုပ်သကန်ကိုလည်း ပြသလာပါသေးတယ် ။ ဓားမော့ရဲ့ ထိပ်ဖျားကလည်း ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ်ထားပြီး အရာအားလုံးကို ကန့်သတ် ထားပြန်ပါတယ် ။ ရန်ချင်းဟူရဲ့ ဓားမော့က ကြောက်စရာ ကောင်းလွန်းလှပေမယ့်လည်း လီဖူချန်းကတော့ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပါပဲ ။ " ကောင်းလိုက်တဲ့ ဓားကွက် " သူက ပြုံးပြီး ရန်ချင်းဟူရဲ့ ဓားမော့ကို လှမ်းတောင် ချီးကျုူ းလိုက်ပါသေးတယ် ။ ရွှမ်း…… အဲသည်နောက်မှာတော့ ဓားအလင်းတန်း တစ်ခုက ဖျတ်ခနဲ ထွက်ပေါ်လာပြီး အချိန်နဲ့နေရာ စည်းမျဉ်း ဥပဒေသကို တွန့်လိမ်သွားစေခဲ့ပါပြီ ။ ထင်……ထင်……ထင်…… ထန်……ထန်…… ရန်ချင်းဟူရဲ့ ဓားမော့ နဲ့ လီဖူချန်းရဲ့ ဓားက ဘယ်သူ့ ဘယ်သူကိုမှ အနိုင် မယူနိုင်ကြပါဘူး ။ သူတို့နှစ်ယောက်က တကယ်ကို လက်ရည် ညီမျှတဲ့ သူတွေပါပဲ ။ မိုးကြိုးသားရဲကတော့ အတော်ဝေးဝေးကနေ တိုက်ပွဲကို ကြည့်ရင်း လီဖူချန်းတို့ နှစ်ယောက်ကို ကြောက်သထက် ကြောက်လာခဲ့ပါတယ် ။ " မိုးကြိုး ချပ်ဝတ်တန်ဆာ " ဘာကြောင့်မှန်းတော့ မသိပါဘူး ။ ဒါပေမဲ့ မိုးကြိုးသားရဲက အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်တဲ့အတွက် သူ့ရဲ့ မွေးရာပါ စွမ်းရည်ကို အလျင်အမြန် ထုတ်သုံးလိုက်ပါတယ် ။ ဂျိန်း……ဂျိန်း……ဂျိန်း…… အဲသည်နောက်မှာတော့ မိုးကြိုး ချပ်ဝတ်တန်ဆာ တစ်ခုဟာ မိုးကြိုးသားရဲရဲ့ ကိုယ်ပေါ်မှာ ဖြစ်တည်လာခဲ့ပါပြီ ။ ဒါပေမဲ့လည်း မိုးကြိုးချပ်ဝတ်တန်ဆာဟာ အချိန်ကြာကြာ မခံခဲ့ပါဘူး ။ ခရက်……ခရက်……ခရက်…… ဘန်း…… အက်ကွဲရာတွေ ဖြစ်ပေါ်လာပြီးတဲ့ နောက်မှာတော့ မိုးကြိုးချပ်ဝတ်တန်ဆာဟာ ပေါက်ကွဲပြီး ပျောက်ကွယ်သွားခဲ့ပါပြီ ။ ဝေါ့…… မိုးကြိုးသားရဲကလည်း သွေးတစ်လုတ် အန်လိုက်ရပြီး အဝေးကို လွင့်ထွက်သွားပြန်ပါတယ် ။ ဘန်း……ဘန်း……ဘန်း…… အဲသည်နောက်မှာတော့ တောင်တန်းကြီး တစ်ခုလုံးဟာ ပေါက်ကွဲသွားပြီး ဖုန်မှုန့်တွေ အဖြစ်ကို ပြောင်းလဲသွားပါတော့တယ် ။ သည်ဖြစ်ရပ်ကို ဖြစ်ပေါ်စေတဲ့ လက်သည်ကတော့ လီဖူချန်း နဲ့ ရန်ချင်းဟူက လွဲပြီး တခြား မရှိပါဘူး ။ သူတို့ရဲ့ ဓားမော့ နဲ့ ဓားတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုကနေ ဖြာထွက်လာတဲ့ စွမ်းအင်လှိုင်းတွေက ပတ်ဝန်းကျင် တစ်ခုလုံးကို ကမ္ဘာ ပျက်သွားသလို့ဖြစ်သွားစေခဲ့တာ ဖြစ်ပါတယ် ။ " ကောင်းလိုက်တဲ့ ဓားသိုင်း " အခြေအနေတွေ ပြန်တည်ငြိမ်သွားတဲ့ နောက်မှာတော့ ရန်ချင်းဟူက လီဖူချန်းကို လှမ်းပြီး ချီးကျူ းလိုက်ပါတယ် ။ " ဒါပေမဲ့ ငါ့ရဲ့ ဓားသိုင်းက မင်းရဲ့ မဟူရာ ဓားမော့ကို မယှဉ်နိုင်ပါဘူး " လီဖူချန်းကလည်း ရန်ချင်းဟူကို ပြန်ပြီး ချီးကျူ းလိုက်ပါတယ် ။ သူပြောတာက အမှန်ပါပဲ ။ တကယ်လို့သာ ဓားသိုင်း ပြိုင်ပွဲကို ရှေ့ဆက်တိုးမယ် ဆိုရင် သူဟာ ရန်ချင်းဟူကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး ။ သူ့ဆီမှာက ကောင်းကင် အဆင့်မြင့် ဓားကွက် ဆိုလို့ " ကြယ်ကြွေ " တစ်ကွက်သာ ရှိတာ မဟုတ်ပါလား ။ ဒါပေမဲ့လည်း သူက အစောပိုင်းက ဓားကွက်ထဲမှာ ဓားနှလုံးသားရဲ့ စွမ်းအားကို ထည့်မသုံးခဲ့ပါဘူး ။ တကယ်လို့သာ သူ့အနေနဲ့ ဓားနှလုံးသား အစွမ်းကို ထည့်သုံးခဲ့မယ် ဆိုရင် ရလဒ်ဟာ ပြောင်းကောင်း ပြောင်းသွားနိုင်ပါတယ် ။
***