အပိုင်း-၆၈၂
Vol. 50 Ch. 682
အရာအားလုံးက ဓားပဲ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် ၁၂ပင်က လီဖူချန်းအတွက် အတော်လေး အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ် ။ အခုဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ်ဟာ အနီဖျော့ဖျော့ဘက်ကို ၂၇ ရာခိုင်နှုန်းအထိ သန်းနေခဲ့ပါပြီ ။ အထွတ်အထိပ် အဆင့် စိတ်ဝိညာဉ် ဆေးပင်ကို မရခဲ့တာကတော့ လီဖူချန်းအတွက် အတော်လေး စိတ်မကောင်းစရာပါပဲ ။ စိတ်ဝိညာဉ်တောင်ကြား သခင်က စိတ်ဝိညာဉ် ဆေးပင်တွေရဲ့ ပေါက်ရောက်မှုကို ထိန်းချုပ်ထားနိုင်တာ အသိသာကြီးပါပဲ ။ လီဖူချန်းက ဆေးပင်ကို မခူးယူနိုင်သေးသရွေ့ လိပ်ပြာတောင်ကြား သခင်က ဆေးပင်တွေရဲ့ ပေါက်ရောက်ရာ နေရာကို အတွေး တစ်ချက်တည်းနဲ့ ပြောင်းပစ်နိုင်ပုံလည်း ရပါတယ် ။
" အင်း…… အခုဆိုရင် ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဓားအင်းကွက်ကို ဆက်လေ့လာလို့ ရပြီ " လီဖူချန်းက သူ့အနေနဲ့ အချိန်တိုအတွင်းမှာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်မယ်လို့ မမျှော်လင့်ထားပါဘူး ။အဲသည်အတွက် သူက ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ တတိယ ချိပ်ပိတ်စည်း အလွှာကို ဖယ်နိုင်ဖို့ပဲ အာရုံ ထားလာခဲ့ပါတယ် ။ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ တတိယ ချိပ်ပိတ်စည်း အလွှာကို ဖယ်ပြီးသွားပြီဆိုရင် ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ ကောင်းကင် အဆင့်မြင့် ဓားတစ်လက် ဖြစ်လာမှာ ဖြစ်ပြီး ကောင်းကင် အဆင့်မြင့် ဓားသိုင်းကိုလည်း ပေးလာမှာ ဖြစ်ပါတယ် ။ အဲဒါဆိုရင်တော့ သူဟာ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်တို့လို အထွတ်အထိပ် အဆင့် ဧကရာဇ်တွေကို ယှဉ်နိုင်လောက်ပါပြီ ။
၉၅ ရာခိုင်နှုန်း…… ၉၆ ရာခိုင်နှုန်း…… ၉၇ ရာခိုင်နှုန်း …… ၉၈ ရာခိုင်နှုန်း…… သည်လိုနဲ့ပဲ အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါတယ် ။ မျက်စိတစ်မှှိတ် အတွင်းမှာပဲ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ နှစ်ယောက် လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ကို ရောက်ရှိလာခဲ့တာကလည်း နှစ်ဝက် ရှိလာခဲ့ပါပြီ ။ သမုဒ္ဒရာကြီးက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့အတွက် သူတို့နှစ်ယောက်ဟာ အသင့် မဖြစ်မချင်း လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်က ထွက်သွားဖို့ စိတ်ကူး မရှိပါဘူး ။
" ၉၉ ရာခိုင်နှုန်း …… နောက်ထပ် ခြေတစ်လှမ်းပဲ " လီဖူချန်းက သက်ပြင်း ချလိုက်ပါတယ် ။ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဓားအင်းကွက်က သူထင်ထားတာထက်တောင် နားလည်ရ ခက်ခဲတယ်လို့ ဆိုရမှာပါပဲ ။ သူက အနီဖျော့ရောင်ဘက်ကို ၂၇ ရာခိုင်နှုန်း သန်းနေတဲ့ စိတ်ဝိညာဉ်နဲ့ ဆိုရင် ဓားအင်းကွက်ကို အချိန်တို အတွင်းမှာ နားလည် သဘောပေါက်နိုင်လောက်တယ်လို့ ထင်ခဲ့ပေမယ့်လည်း တကယ့် တကယ်တမ်းမှာတော့ သူထင်သလို မဖြစ်လာခဲ့ပါဘူး ။ " စိတ်ပျက်မနေနဲ့ ။ မင်းရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်နဲ့ဆိုရင် ကောင်းကင် အဆင့်မြင့် ရတနာဓားကို ရရင်တောင်မှ အဲသည်ဓားကို အပြည့်အဝ အသုံးပြုနိုင်မှာ မဟုတ်ဘူး ။ ဒါပေမဲ့ ဓားအင်းကွက်တွေ အပေါ်မှာ နားလည်မှု နက်ရှိုင်းသွားပြီ ဆိုရင်တော့ အရာအားလုံးဟာ ခြားနားသွားနိုင်တယ် ။ ပြီးတော့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ တတိယ ချိပ်ပိတ်စည်းအလွှာက ဓားအင်းကွက်ကို အပြည့်အဝ နားလည် သဘောပေါက်နိုင်မယ် ဆိုရင် အဲဒါက တစ်နေ့မှာ မင်းအတွက် အကျိုး ရှိလာလိမ့်မယ် " ရုတ်တရက် ဆိုသလိုပဲ ဓားဝိညာဉ်ရဲ့ အသံက လီဖူချန်းရဲ့ နားထဲကို တိုးဝင်လာခဲ့ပါတယ် ။
" ဟုတ်ကဲ့ပါ ……ဆရာကြီး " လီဖူချန်းကလည်း ခေါင်းညိတ်လိုက်ပါတယ် ။ ဓားအင်းကွက် ဆိုတာက ဓားတာအိုရဲ့ အနှစ်သာရကို ဖမ်းဆုပ်နိုင်ဖို့အတွက် အနီးစပ်ဆုံး နည်းလမ်းပါပဲ ။ ဓားသိုင်းတွေ ဆိုတာကတော့ ဓားတာအိုကို အသုံးပြုဖို့ ရေးဆွဲထားတဲ့ နည်းစနစ်တွေပဲ ဖြစ်ပါတယ် ။
"ဟူး……နောက်ဆုံးတော့ ဝိညာဉ်ပြန် ကျင့်စဉ်ရဲ့ ဒုတိယ အဆင့်ကို ရောက်သွားပြီ " လီဖူချန်းတစ်ယောက် သူ့ရဲ့ အချိန်တွေကို ဘုံခုနစ်ဆင့် ဓားအင်းကွက် တစ်ခုတည်းပေါ်မှာပဲ အာရုံ စိုက်ထားချိန်မှာတော့ ရန်ချင်းဟူဟာ ဝိညာဉ်ပြန် ကျင့်စဉ်ရဲ့ ဒုတိယ အဆင့်ကို ရောက်သွားခဲ့ပါပြီ ။ အခုချိန်မှာတော့ သူမရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ အဆင့်မြင့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေနဲ့ ယှဉ်လို့ ရနေခဲ့ပါပြီ ။ အခုဆိုရင် သူမက မဟူရာ ဓားမော့ရဲ့ ပွဲသိမ်း တိုက်ကွက်ကိုလည်း အပြည့်အဝ ထုတ်သုံးနိုင်စွမ်း ရှိနေခဲ့ပါပြီ ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ မဟူရာ ဓားမော့ရဲ့ ပွဲသိမ်း တိုက်ကွက်က သာမန် မဟူရာ ဓားမော့ ဓားကွက်ထက် သုံးဆ ပိုအစွမ်းထက်တယ် ဆိုတာပါပဲ ။
***** ၉၉.၁ ရာခိုင်နှုန်း …… ၉၉.၃ ရာခိုင်နှုန်း……… ၉၉.၇ ရာခိုင်နှုန်း…… ၉၉.၉ ရာခိုင်နှုန်း …… နောက်ထပ် သုံးလအကြာမှာတော့ လီဖူချန်းရဲ့ ဓားအင်းကွက် အပေါ် နားလည်မှုဟာ အကန့်အသတ် အထိ ရောက်သွားခဲ့ပါပြီ ။ သူက တံခါးကို ဖွင့်ပြီး တစ်ဖက်ကို လှမ်းဝင်နိုင်ဖို့ပဲ လိုတော့တာပါ ။ ချွင်……ချွင်……ချွင်…… ရွှီး…… တစ်နေ့မှာတော့ ရုတ်တရက် ဆိုသလို ဖြစ်တည်လာတဲ့ ဓားအလင်းတန်း တစ်ခုနဲ့အတူ ခမ်းနားထည်ဝါလှတဲ့ ဓားတာအို တစ်ခုဟာ ကောင်းကင်ကနေ ဆင်းသက်လာပြီး ကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံ သွားပါတယ် ။ ရန်ချင်းဟူက အဲသည် ဓားတာအိုကို မခံစားမိဘဲ မနေပါဘူး ။ သူမက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အထိတ်တလန့် ရေရွတ်လိုက်ပါတယ်။ " ဒါက ပုံမှန်မဟုတ်တဲ့ ဓားတာအိုပဲ "
ပုံမှန် မဟုတ်တဲ့ ဓားတာအို ဆိုတာက ဓားတာအိုကို အင်မတန် မြင့်မားတဲ့ အဆင့်တစ်ခုအထိ နားလည်သဘောပေါက်သွားမှ ဖြစ်လာတတ်တဲ့ အရာမျိုးပါ ။ ပြောကျတာကတော့ ဧကရာဇ် တစ်ပါးက သူတော်စင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်သွားနိုင်ပြီ ဆိုရင် ကောင်းကင်ပေါ်မှာ ပုံမှန် မဟုတ်တဲ့ မဟာတာအို ဖြစ်စဉ်တစ်ခု ပေါ်လာတတ်ပါတယ်တဲ့ ။ တကယ်လို့ ရေတာအို ကျင့်ကြံသူ ဆိုရင်တော့ ပုံမှန် မဟုတ်တဲ့ ရေတာအို ဖြစ်စဉ်တစ်ခု ပေါ်လာမှာ ဖြစ်ပြီး မီးတာအို ကျင့်ကြံသူ ဆိုရင်တော့ ပုံမှန် မဟုတ်တဲ့ မီးတာအို ဖြစ်စဉ်တစ်ခု ပေါ်လာမှာ ဖြစ်ပါတယ် ။ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေအတွက် ပုံမှန်မဟုတ်တဲ့ မဟာတာအို ဖြစ်စဉ်က တကယ်ကို ရှားပါးလေ့ ရှိပြီး မူလပင်လယ် နယ်ပယ် ဘုရင်တွေအတွက် ဆိုရင်တော့ အဲသည်ကိစ္စဟာ ရှေးဟောင်း ကျမ်းစာတွေထဲမှာတောင် မဖော်ပြထားပါဘူး ။
" ဒါ လီဖူချန်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ် " ရန်ချင်းဟူက သည်ဖြစ်စဉ်ဟာ ဘယ်လို ဖြစ်လာသလဲ ဆိုတာကို တိတိကျကျ မသိပါဘူး ။ ဒါပေမဲ့ သည်ဖြစ်စဉ်ကို ဖြစ်ပေါ်စေတဲ့ လက်သည် တရားခံဟာ လီဖူချန်း ဆိုတာကိုတော့ သူမက ကောင်းကောင်းကြီး သိပါတယ် ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ လူတစ်ယောက်က ကောင်းကင် အဆင့်မြင့် ဓားသိုင်းရဲ့ အနှစ်သာရကို ဖမ်းဆုပ်လိုက်နိုင်တယ် ဆိုရင်တောင်မှ သည်လို ပုံမှန်မဟုတ်တဲ့ ဓားတာအို ဖြစ်စဉ်ကို မဖြစ်ပေါ်စေနိုင်ဘူး ဆိုတာပါပဲ ။
" ဓားအင်းကွက် …… ဒါက ဓားတာအိုရဲ့ အခြေခံပဲ ။ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ တတိယ ချိပ်ပိတ်စည်း အလွှာက ဓားတာအိုရဲ့ အနှစ်သာရနဲ့ အတော်လေး နီးစပ်နေပြီ " လီဖူချန်းက သူ့ရဲ့ လက်ရှိ ဓားတာအိုလမ်းကြောင်းဟာ အင်မတန် ရှင်းလင်းနေပြီး သူ့ရဲ့ ဓားနှလုံးသားကလည်း နောက်ထပ် အဆင့်တစ်ခုကို ရောက်သွားပြီလို့ ခံစားနေရပါတယ် ။
" တတိယ ချိပ်ပိတ်စည်းအလွှာက ဓားအင်းကွက်ကို အသုံးပြုလိုက်ရင် ဘာတွေ ဖြစ်လာမလဲ မသိဘူး " အတွေးဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက ဓားအင်းကွက် တစ်ခုကို ရေးဆွဲလိုက်ပြီး သူ့ရဲ့ အရှေ့မှာ ရှိနေတဲ့ တောင်အပေါ်ကို ဖြန့်ချလိုက်ပါတော့တယ် ။
ချွမ်...။
အဲသည်နောက်မှာတော့ တောင်ကြီးဟာ ဓားတစ်လက် အဖြစ်ကို အလျင်အမြန် ပြောင်းလဲသွားခဲ့ပါပြီ ။ ဓားကနေ ထွက်ပေါ်နေတဲ့ ဓားချီ အငွေ့အသက်တွေကလည်း တိမ်တွေထဲအထိတောင် တိုးဝင်တော့မလိုပါပဲ ။
အဲသည်နောက်မှာတော့ လီဖူချန်းက ဓားအင်းကွက် တစ်ခုကို ထပ်ရေးဆွဲပြီး မြစ်တစ်စင်းထဲ ပစ်ချလိုက်ပြန်ပါတယ် ။ တောင်ကြီးတုန်းက အတိုင်းပါပဲ ။ အဲသည် မြစ်ဟာလည်း စီးဆင်းနေတဲ့ ဧရာမ ရေဓားကြီး တစ်လက် အဖြစ်ကို ပြောင်းသွားပြီး ဓားချီတွေကို ထုတ်လွှတ်လာပြန်ပါတယ် ။
အဲသည်နောက်မှာတော့ လီဖူချန်းက လေကို ဓားအဖြစ် ၊ မြက်ပင်ကို ဓားအဖြစ် ပြောင်းလဲလိုက်ပြန်ပါတယ် ။ လောကပေါ်မှာက ဓားအဖြစ် အသုံးမချနိုင်တဲ့ အရာ ဘာမှ မရှိပါဘူး။
" အရာအားလုံးက ဓားပဲ " လီဖူချန်းက တစ်ခုခုကို နားလည်သွားခဲ့ပါတယ် ။ ဘုံခုနစ်ဆင့်ဓားရဲ့ တတိယ ချိပ်ပိတ်စည်းအလွှာက ဓားအင်းကွက် အရာအားလုံးကို ဓားအဖြစ် အသုံးပြုနိုင်တယ်လို့ သင်ပြ ပေးထားတဲ့ အရာပါပဲ ။ အရာအားလုံးက ဓားပဲ ဆိုတာက ပုံသဏ္ဍာန် ပြောင်းလဲသွားရုံတင်ကို ဆိုလိုတာ မဟုတ်ပါဘူး ။ အဲဒါက အနှစ်သာရကို ဆိုလိုတာပါ ။ တကယ်လို့ ပုံသဏ္ဍာန် ပြောင်းလဲသွားရုံတင် ဆိုရင်တော့ ဓားသမား အားလုံးက အဲဒါကို လုပ်နိုင်ပါတယ် ။
" သွား " လီဖူချန်းက လက်ညှိုး ညွှန်လိုက်တဲ့ အခါမှာတော့ မြက်ပင် တစ်ပင်ဟာ ကောင်းကင်ယံဆီကို ထိုးတက်သွားခဲ့ပါပြီ ။
ရွှမ်း...။
အဲသည်နောက်မှာတော့ မြက်ပင်က ဓားတစ်လက် အဖြစ်ကို ပြောင်းသွားပြီး မိုးမြေ ဥပဒေသကို နှစ်ပိုင်း ခွဲပစ်လိုက်ပါတယ် ။ သည်ဓားမှာက ကောင်းကင် အဆင့်မြင့် ဓားသိုင်းတစ်ခုရဲ့ တန်ခိုးအစွမ်းတွေ ပါနေတယ် ဆိုတာကတော့ အသိသာကြီးပါပဲ ။
" အိုး…… ငါ့မှာ မူလဘူတဓား ရှိတာပဲ " ရုတ်တရက် ဆိုသလိုပဲ လီဖူချန်းက အတွေး တစ်ခု ရလာခဲ့ပါတယ် ။ ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ မူလဘူတဓားဟာ လီဖူချန်းရဲ့ ကျင့်ကြံခြင်းလမ်းစဉ် အစပိုင်းမှာတော့ အတော်လေး အသုံးဝင်ခဲ့တယ်လို့ ဆိုရမှာပါပဲ ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ ကျင့်ကြံခြင်း နဲ့ တန်ခိုးစွမ်းအားတွေက တဖြည်းဖြည်း မြင့်လာတဲ့ အခါမှာတော့ မူလဘူတဓားဟာ အသုံး မဝင်လာတော့ပါဘူး ။ ဒါကြောင့်လည်း လီဖူချန်းက နောက်ပိုင်းမှာ မူလဘူတဓားကို မသုံးတော့တာပါ ။ ပြီးတော့ မူလဘူတဓားတွေကို အစွမ်း မြှင့်တင်ပေးနိုင်တဲ့ အရာကလည်း ကြေးဝါ ဓားအဆီအနှစ် တစ်ခုတည်းသာ ရှိတာ မဟုတ်ပါလား ။ ငွေဓား အဆီအနှစ်ကလည်း မူလဘူတ ဓားတွေကို အစွမ်း မြှင့်တင်ပေးနိုင်ပေမယ့် ပြသနာက အဲဒါဟာ မပြည့်စုံပါဘူး ။ အဲဒါကလည်း လီဖူချန်းအနေနဲ့ မူလဘူတဓားကို မသုံးဖြစ်တော့တဲ့ အကြောင်းအရင်း တစ်ခု ဖြစ်ပါတယ် ။ ဒါပေမဲ့ အခု နောက်ဆုံးမှာတော့ မူလဘူတဓားဟာ ပြန်လည် အသုံးတော်ခံဖို့ အကြောင်း ဖန်လာခဲ့ပါပြီ ။
ချွင်……ချွင်……ချွင်……ချွင်……။
မြောက်များလှတဲ့ မူလဘူတဓားချီတွေဟာ လီဖူချန်းရဲ့ ခေါင်းပေါ်မှာ ဖြစ်တည်လာခဲ့ပါပြီ ။ ဒါပေမဲ့လည်း သည်ဓားချီတွေက သာမန် ဓားချီတွေသာသာပါပဲ ။ ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ် ဆိုတာက မူလပင်လယ် နယ်ပယ် ဘုရင်တွေရဲ့ အစွမ်းကို ဘယ်လိုမှ မမြှင့်တင်ပေးနိုင်ပါဘူး ။ လီဖူချန်းလိုလူကို ဆိုရင်တော့ ပြောကိုပြောမနေပါနဲ့တော့ ။ မူလဘူတဓားမှာ ရှိတဲ့ တစ်ခုတည်းသော အားသာချက်ကတော့ အရေအတွက်ပဲ ဖြစ်ပါတယ် ။
" ဓားအင်းကွက် " လီဖူချန်းက စိတ်ထဲကနေ တစ်ချက် တွေးလိုက်တဲ့ နောက်မှာတော့ ပုံပန်းသဏ္ဍာန် မရှိတဲ့ ဓားအင်းကွက် တစ်ခုဟာ မူလဘူတဓားချီတွေနဲ့ ရောနှောသွားခဲ့ပါပြီ ။ တစ်ဆက်တည်းမှာပဲ အဲသည်ဓားချီတွေဟာ အဆ ရာနဲ့ချီပြီး အစွမ်း ထက်သွားခဲ့ပါတယ် ။ သည်ဓားချီတွေက ကောင်းကင် အဆင့်မြင့် ရတနာ ဓားတွေနဲ့ ဆင်တူနေပြီး ကြောက်စရာ ကောင်းလှတဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကိုလည်း ပေးစွမ်းနေပါသေးတယ် ။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ သူတို့တွေက ကမ္ဘာလောကကြီး တစ်ခုလုံးကို မွှေနှောက်ဖျက်ဆီးဖို့ စောင့်နေတဲ့ မုန်တိုင်းကြီး တစ်ခုလိုပါပဲ ။
မူလဘူတဓားဆိုတာက အသက်ဓာတ်ဓားအပေါ်မှာ မူတည်ပြီး ကျင့်ကြံရတာ ဖြစ်ပါတယ် ။အသက်ဓာတ်ဓားက ပိုပြီး အစွမ်းထက်လာလေလေ သိုလှောင်ထားနိုင်တဲ့ ဓားချီ အရေအတွက်က ပိုများလေလေပါပဲ ။ သည်ဘက်နှစ်တွေမှာဆိုရင် လီဖူချန်းက မူလဘူတဓားကို လုံးဝ မကျင့်ကြံခဲ့ပါဘူး ။ ဒါပေမဲ့လည်း သူ့ရဲ့ အသက်ဓာတ်ဓားကတော့ သူ့ရဲ့ ကျင့်ကြံမှုကိုလိုက်ပြီး အစွမ်းထက်သထက် ထက်လာခဲ့ပါတယ် ။ အခုဆိုရင် လီဖူချန်းရဲ့ အသက်ဓာတ်ဓားဟာ အလွန်အမင်း အစွမ်းထက်နေခဲ့ပြီ ဖြစ်ပြီး မူလဘူတဓားချီပေါင်း တစ်သန်းကိုတောင် သိုလှောင်နိုင်စွမ်း ရှိနေခဲ့ပါပြီ ။
ကောင်းကင်အဆင့်မြင့် ဓားချီ တစ်သန်း……။
ကောင်းကင် အဆင့်မြင့် ဓားချီပေါင်း တစ်သန်းဆိုတဲ့ အရေအတွက်ကို မှန်းဆသာ ကြည့်လိုက်ပါတော့ ။ အဲဒါက တကယ်ကို ကြောက်စရာ ကောင်းလှတဲ့ အရေအတွက် တစ်ခုပါပဲ ။ အဲသည် ဓားချီပေါင်း တစ်သန်းနဲ့သာ ဆိုရင် လီဖူချန်းဟာ မဟာ ဧကရာဇ် တစ်ပါးကိုတောင် ယှဉ်နိုင်နေလောက်ပါပြီ ။
" ပြန်ဝင်ခဲ့ " မူလဘူတဓားချီတွေရဲ့ အခြေအနေကို ကျေနပ် နှစ်သိမ့်သွားတဲ့ နောက်မှာတော့ လီဖူချန်းက ဓားချီတွေ အကုန်လုံးကို ပြန်ရုတ်သိမ်း လိုက်ပါတယ် ။ တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင် တစ်ခုလုံးကို စိုးမိုးထားတဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကလည်း ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို ပျောက်ကွယ် သွားခဲ့ပါပြီ ။ အဲသည်နောက်မှာတော့ လီဖူချန်းရဲ့ အာရုံတွေဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားဘက်ကို ပြန်ရောက်သွားပါတယ် ။
အမှန်အတိုင်း ပြောရမယ် ဆိုရင် အစောပိုင်းက ပုံမှန်မဟုတ်တဲ့ ဓားတာအို ဖြစ်စဉ်ဟာ လီဖူချန်းကြောင့် မဟုတ်ပါဘူး ။ အဲဒါက ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ တတိယ ချိပ်ပိတ်စည်းအလွှာကို ဖယ်ရှားပစ်လိုက်နိုင်တာကြောင့် ဓားဟာ ကောင်းကင် အဆင့်နိမ့် ဓားအဖြစ်ကနေ ကောင်းကင် အဆင့်မြင့် ဓားအဖြစ်ကို ပြောင်းလဲသွားလို့ပဲ ဖြစ်ပါတယ် ။ ကောင်းကင် အဆင့်မြင့် ဓားဆိုတာက လီဖူချန်း ထင်ထားတာထက် အများကြီး ပိုကြောက်စရာ ကောင်းပါတယ် ။ ဓားရဲ့ အလင်းတန်း ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် မိုးမြေ ဥပဒေသနဲ့ တခြား ဥပဒေသတွေဟာ ဓားတာအိုအတွက် သီးသန့် နေရာတစ်ခု ဖယ်ပေးရတာပါပဲ ။ ဒါကြောင့်လည်း အစောပိုင်းက ပုံမှန် မဟုတ်တဲ့ ဖြစ်စဉ်ဟာ ဖြစ်ပေါ်လာခဲ့တာပါ ။ တခြားတစ်နည်းနဲ့ ပြောရမယ် ဆိုရင်တော့ ကောင်းကင် အဆင့်မြင့် ရတနာ ဓားတွေမှာက သူတို့ရဲ့ ကိုယ်ပိုင် နယ်နိမိတ် စက်ကွင်းတွေ ရှိပါတယ် ။ အဲသည် စက်ကွင်းထဲမှာက အကြွင်းမဲ့ ဓားတာအိုကလွဲပြီး တခြား ဘယ်အရာကိုမှ လက်မခံပါဘူး ။
ဘုံခုနစ်ဆင့်ဓားကို ကောက်ကိုင်လိုက်တဲ့ အချိန်မှာတော့ အချက်အလက် တစ်ချို့ဟာ လီဖူချန်းရဲ့ ခေါင်းထဲကို စီးဝင်လာခဲ့ပါတယ် ။ " ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်း ။ ကောင်းကင် အဆင့်မြင့် ဓားသိုင်း ဖြစ်ပြီး ………"
အချက်အလက်တွေကို ဖတ်ပြီးတဲ့ အချိန်မှာတော့ လီဖူချန်းဟာ ဝမ်းသာရလွန်းလို့ မျက်ရည်တောင် ကျမိတော့မလိုပါပဲ ။ နောက်ဆုံးမှာတော့ သူက ပြီးပြည့်စုံတဲ့ ကောင်းကင် အဆင့်မြင့် ဓားသိုင်းကို ရခဲ့ပြီ မဟုတ်ပါလား ။
ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်း ……။
သည်ဓားသိုင်းကတော့ ဟင်းလင်းပြင် တာအိုကို အခြေခံတဲ့ ဓားသိုင်းပါပဲ ။ အဲဒါက ဘာမှ မရှိတဲ့ လေဟာနယ် ဟင်းလင်းပြင်ကို ဓားတစ်လက် အဖြစ်ပြောင်းပြီး သတ်ဖြတ်နိုင်ပါတယ် ။ သည်ဓားသိုင်းကိုသာ အဆုံးစွန်အထိ တတ်မြောက်သွားခဲ့မယ် ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နေကိုမဆို ဓားတစ်ကမ်းနဲ့ လှမ်းပြီး သတ်ရုံပါပဲ ။
" နောက်ဆုံးတော့ မင်းက တတိယ ချိပ်ပိတ်စည်းကို ဖယ်နိုင်လိုက်ပြီပေါ့ ။ ကောင်းတယ် ... ကောင်းတယ် ။ ဒါပေမဲ့ ငါ့ဆီမှာ မင်းအတွက် သတင်းဆိုး တစ်ခု ရှိတယ် ။ တတိယ ချိပ်ပိတ်စည်းအလွှာ ပျက်သွားတော့ ငါ့ရဲ့ တည်ရှိမှုက ကမ္ဘာကြီး တစ်ခုလုံးကို ပျံနှံ့သွားတယ် ။ ပြီးတော့ ငါ့ရဲ့ တည်ရှိမှုကို အကြွင်းမဲ့ သူတော်စင် တချို့ကလည်း သတိပြုမိသွားပြီ ။ အခုလောလောဆယ်မှာတော့ သူတို့က ငါ့ကို လာရှာဦးမှာ မဟုတ်ဘူး ။ ဒါပေမဲ့ သိပ်မကြာခင်မှာတော့ သူတို့ ရောက်လာလိမ့်မယ် " ရုတ်တရက် ဆိုသလိုပဲ ဓားဝိညာဉ်ရဲ့ အသံက လီဖူချန်းရဲ့ နားထဲကို တိုးဝင်လာခဲ့ပါတယ် ။
" ဆရာကြီး …… ကောင်းကင် အဆင့်မြင့် ရတနာ ဓားတွေက သူတို့ရဲ့ တည်ရှိမှုကို အလိုအလျောက် ထုတ်လွှတ်တတ်တာလား " လီဖူချန်းက ကောင်းကင် အဆင့်မြင့် ရတနာ ဓားတွေနဲ့ ပတ်သက်ပြီး သိပ်နားမလည်ပါဘူး ။ ဓားဝိညာဉ်က ဂုဏ်ယူဝံ့ကြွားတဲ့ လေသံနဲ့ ရယ်လိုက်ပြီး ပြန်ပြောလာခဲ့ပါတယ် ။
" ဟား……ဟား…… ကောင်းကင် အဆင့်မြင့် ရတနာ ဓားတိုင်းတော့ ဘယ်လုပ်နိုင်မလဲကွ ။ ငါ့လို အစွမ်းထက်တဲ့ ရတနာဓားတချို့ကပဲ အဲသည်လို လုပ်နိုင်တာ " " ဆရာကြီး ဒါဆိုရင် ကောင်းကင် အထွတ်အထိပ်အဆင့်က ရတနာ ဓားတွေကကော " " မင်းတစ်နေ့ အဲသည်အဆင့်ကို ရောက်ရင် အလိုလို သိလာမှာပေါ့ "