မဟာ ဧကရာဇ် တစ်ပါးနဲ့ တိုက်ခိုက်ခြင်း
Vol. 50 Ch. 683
ဂျိန်း…… လှိုင်းတံပိုး ထန်နေတဲ့ သမုဒ္ဒရာရဲ့ အထက်မှာတော့ မိုးကြိုးတစ်စင်းဟာ အရှိန်အဟုန် အပြည့်နဲ့ သွားလာ လှုပ်ရှားနေပါတယ် ။ အဲသည်မိုးကြိုးကတော့ မိုးကြိုးသားရဲကလွဲပြီး တခြား မရှိပါဘူး ။ လက်ရှိမှာတော့ မိုးကြိုးသားရဲက သူ့ကိုယ်သူ ပေနှစ်ဆယ်ကျော်လောက် ရှိတဲ့ မိစ္ဆာခွေးတစ်ကောင်အဖြစ် ဖန်ဆင်းထားပြီး ကျောထက်မှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူကို သယ်ဆောင်ထားပါတယ် ။ " မိုးကြိုးသားရဲကို ပိုင်ဆိုင်ထားရတာက မဆိုးဘူးပဲ ။ သူက မိုးကြိုးကိုတောင် ထိန်းချုပ်ပြီး စီးနှင်နိုင်တာပဲ " လီဖူချန်းက ချီးကျူးလိုက်ပါတယ် ။ ခရီးသွားလာတဲ့ အပိုင်းမှာတော့ လီဖူချန်းဟာ မိုးကြိုးသားရဲကို ဘယ်လိုမှ မမီပါဘူး ။ သူ့ရဲ့ ရုတ်ချည်း ရွှေ့ပြောင်းခြင်း နည်းစနစ်ကို ထုတ်မသုံးမချင်းပေါ့ ။ ဒါပေမဲ့လည်း ရုတ်ချည်း ရွှေ့ပြောင်းခြင်း နည်းစနစ် ဆိုတာက နတ်ဓားစွမ်းအင်တွေ အများကြီးကို စုပ်ယူတဲ့အတွက် လီဖူချန်းအနေနဲ့ မလိုအပ်ဘဲနဲ့ အဲဒါကို အသုံး မပြုချင်ပါဘူး ။ ဂျိန်း……ဂျိန်း……ဂျိန်း…… အခုဆိုရင် လီဖူချန်း၊ရန်ချင်းဟူနဲ့ မိုးကြိုးသားရဲတို့ဟာ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ကနေ ထွက်လာခဲ့ပြီ ဖြစ်ပါတယ် ။ သူတို့တွေက ရည်မှန်းချက် မြင့်မားတဲ့သူတွေ ဖြစ်ကြတဲ့အတွက် လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်မှာ ကြာကြာ မနေနိုင်ပါဘူး ။ ဗွမ်း…… သမုဒ္ဒရာ ရေပြင်က ရုတ်တရက် ဆိုသလို ထောင်တက်လာပြီး အထဲကနေ မိုင်တစ်ရာလောက်ရှိတဲ့ ပင်လယ်မြွေကြီးတစ်ကောင် ထွက်ပေါ်လာကာ လီဖူချန်းတို့ သုံးယောက်ကို တိုက်ခိုက်လာခဲ့ပါတယ် ။ သည်ပင်လယ်မြွေကြီးကတော့ အဆင့်၈ အနိမ့်စား ပင်လယ်သားရဲဖြစ်တဲ့ မြစိမ်းမြွေ ဧကရာဇ်ပါပဲ ။ ရန်ချင်းဟူ နဲ့ မိုးကြိုးသားရဲကတော့ မြစိမ်းမြွေ ဧကရာဇ်ရဲ့ တိုက်ခိုက်မှုကို မမြင်သလိုပဲ နေနေကြပါတယ် ။သူတို့က မျက်တောင်လေး တစ်ချက်တောင် မခတ်လိုက်ပါဘူး ။ " သွားစမ်း " ဘန်း…… မြစိမ်းမြွေ ဧကရာဇ် နီးကပ်လာတဲ့ အခါမှာတော့ အော်ဟစ် ကြိမ်းမောင်းသံ တစ်ခုနဲ့အတူ ရေဓား တစ်လက်ဟာ ရုတ်တရက် ဖြစ်တည်လာပြီး မြစိမ်းမြွေ ဧကရာဇ်ရဲ့ ခေါင်းကို ဖြတ်ယူသွားပါတော့တယ် ။ သည်ရေဓားကို ဖြစ်ပေါ်စေသူကတော့ လီဖူချန်းကလွဲပြီး တခြားသူ မရှိပါဘူး ။ သူ့ရဲ့ ဓားအင်းကွက်တွေ အပေါ်မှာ နားလည် သဘောပေါက်မှုက " အရာအားလုံးဟာ ဓားပဲ "ဆိုတဲ့ အဆင့်တစ်ခုအထိ ရောက်သွားတဲ့ အခါမှာတော့ ရေထုကနေ ဖြစ်တည်လာတဲ့ ဓားတောင်မှ ကောင်းကင်အဆင့်မြင့် ဓားကွက်တစ်ခုနဲ့ ညီမျှ သွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ တကယ့် အစွမ်းနဲ့ ယှဉ်ရင်တော့ ကွာဟမှုကြီး ရှိနေဆဲပါပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် ၊ လီဖူချန်းမှာက ဓားနှလုံးသား နဲ့ ကောင်းကင် အဆင့်မြင့် ရတနာဓားဖြစ်တဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓား ရှိနေသေးတာ မဟုတ်ပါလား ။ " ဓားတာအိုအပေါ် နားလည်သဘောပေါက်မှု အပိုင်းမှာတော့ သူတော်စင်တွေကလွဲပြီး နင့်ကို ယှဉ်နိုင်မယ့်သူ မမြင်ဘူး " ရန်ချင်းဟူက လီဖူချန်းကို ချီးကျူ းလိုက်ပါတယ် ။ သူမက အရင်ဘဝမှာတုန်းက သူတော်စင်ဝိညာဉ် ကုန်းမြေတိုက်မှာ သူတော်စင် တချို့နဲ့ တွေ့ဆုံခဲ့ဖူးသူ ဖြစ်တဲ့အတွက် သူတော်စင်တွေရဲ့ သိုင်းတာအိုအပေါ် နားလည် သဘောပေါက်မှုကို ကောင်းကောင်းကြီး သိပါတယ် ။ ဓားတာအို အပေါ် နားလည်ကျွမ်းဝင်မှု အပိုင်းမှာဆိုရင် လီဖူချန်းက သူတော်စင် နယ်ပယ်အောက်မှာ လုံးဝ ပြိုင်ဘက်ကင်းပါပဲ ။ လီဖူချန်းက ဘာမှ ပြန်မပြောပါဘူး ။ အဲသည်အစား သူက စိုးရိမ်နေတဲ့ မျက်လုံးတွေနဲ့ အပေါ်ကိုသာ မော့ကြည့်နေခဲ့ပါတယ် ။ ဟူး……ဟူး…… ဖောက်……ဖောက်……ဖောက် …… ကောင်းကင်ပေါ်မှာက ဘယ်အချိန်ကတည်းကနေပြီး သွေးတိမ်အုပ်ကြီး တစ်အုပ် ဖြစ်တည်လာတယ် မသိပါဘူး ။ အဲသည်သွေးတိမ်အုပ်ကြီးက ကြည့်နေရင်းမှာပဲ သွေးမိုးတွေ ရွာချလာပါတယ် ။ ဖောက်…ဖောက်……ဖောက်……ဖောက် …… ဝေါ……ဝေါ……ဝေါ…… အစက တဖွဲဖွဲကလေးသာ ရွာနေတဲ့ သွေးမိုးတွေဟာ အချိန်တိုလေး အတွင်းမှာပဲ တဝေါဝေါနဲ့ သည်းထန်စွာ ရွာသွန်းလာခဲ့ပါပြီ ။ သွေးမိုးတွေ ရွာကျလာတာနဲ့ တစ်ပြိုင်နက် မိုးကြိုးသားရဲ လွှမ်းခြုံထားတဲ့ မိုးကြိုး အလွှာတွေကလည်း ပျောက်ကွယ်ကုန်ပါတယ် ။ " ကောင်းကင်စက်ကွင်း ဓားအကာအကွယ် လာစမ်း " လီဖူချန်းက သည်သွေးမိုးတွေဟာ သာမန် မဟုတ်ဘူး ဆိုတာကို အစောကြီးကတည်းက ရိပ်မိပြီးသားပါပဲ ။ အဲသည်အတွက် သူက ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကို အချိန်မီ ထုတ်သုံးလိုက်နိုင်ပါတယ် ။ ဘန်း……ဘန်း……ဘန်း……ဘန်း…… သွေးတွေနဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ် ထိပ်တိုက် တွေ့ဆုံမိတဲ့ အခါမှာတော့ ကြောက်စရာ ကောင်းလှတဲ့ ပေါက်ကွဲမှုတွေဟာ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပါတယ် ။ မိုးကြိုးသားရဲကတော့ ပေါက်ကွဲမှုတွေကို ကြည့်ပြီး ကြောက်ဒူးတွေ တုန်နေခဲ့ပါပြီ ။ သူက အရင်တုန်းကဆိုရင် ဘဝင်မြင့်ပြီး သူ့ကိုယ်သူ အထင်ကြီးတဲ့သူ ဖြစ်ပေမယ့် အခုချိန်မှာတော့ အဲသည်အရာတွေဟာ တစ်ခုမှ မရှိတော့ပါဘူး ။ " သွေးတာအို ဥပဒေသ " ရန်ချင်းဟူရဲ့ မျက်နှာကလည်း သွေးမရှိတော့သလို ဖြူစွတ်နေခဲ့ပါပြီ ။ သည်လိုအစွမ်းထက်တဲ့ သွေးတာအို ဥပဒေကို ထုတ်သုံးနိုင်နေမှတော့ တစ်ဖက်ရန်သူဟာ အနိမ့်ဆုံး အနေနဲ့ အဆင့်မြင့် မိစ္ဆာသားရဲ ဧကရာဇ်ပါပဲ ။ " အဲဒါက သွေးမိစ္ဆာ မဟာ ဧကရာဇ်ပဲ " လီဖူချန်းက တစ်ဖက်ရန်သူကို တန်းပြီး သိလိုက်ပါတယ် ။ သူ့အနေနဲ့ လုံးဝ မှားယွင်းစရာ အကြောင်း မရှိပါဘူး။ သည်ချီအရှိန်အဝါက သွေးမိစ္ဆာ မဟာ ဧကရာဇ်ရဲ့ ချီအရှိန်အဝါပါပဲ ။ ဖောင်း……ဖောင်း.…ဖောင်း……ဖောင်း…… သွေးမိုးတွေက ပိုပိုပြီး သည်းလာတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ကောင်းကင် စက်ကွင်း ဓားအကာအကွယ်ကလည်း တောင့်မခံနိုင်တော့ပါဘူး ။ " သွားစမ်း " အဲသည်အတွက် ရန်ချင်းဟူကလည်း သူမရဲ့ ဓားမော့ကိုထုတ်ပြီး တိုက်ပွဲထဲကို ဝင်ပါလာပါတော့တယ် ။ ရွှမ်း…… ဓားမော့ အလင်းတန်း တစ်ခုဟာ ကောင်းကင်ယံမှာ ရုတ်တရက် ဖြစ်တည်လာပြီး သွေးတိမ်တိုက်ကြီးဆီကို တိုးဝင်သွားခဲ့ပါပြီ ။ ဘန်း…… အဲသည်နောက်မှာတော့ သွေးတိမ်တိုက်ကြီးဟာ တစ်စစ်ီ ပေါက်ကွဲသွားပါတော့တယ် ။ " လူသားကောင်စုတ်လေး…… မင်းငါနဲ့ ပြန်တွေ့လိမ့်မယ်လို့ မထင်ထားဘူး မဟုတ်လား " စကားသံနဲ့အတူ ဘယ်ကနေဘယ်လို ပေါ်လာမှန်း မသိတဲ့ သွေးရောင် အရိပ်တစ်ခုဟာ ကောင်းကင်ယံထက်မှာ ပေါ်လာခဲ့ပါပြီ ။ အဲသည်အရိပ်ကတော့ သွေးရောင် ဝတ်ရုံ ၊ သွေးရောင်ဆံပင် နဲ့ သွေးရောင် မျက်လုံးတွေကို ပိုင်ဆိုင်ထားတဲ့ လူကြီးတစ်ယောက်ပါပဲ ။ " သွေးမိစ္ဆာ မဟာ ဧကရာဇ် ကြည့်ရတာ ခင်ဗျားမှာ မျက်လုံးတွေ ၊ နားတွေ အတော်လေး များပုံပဲ " လီဖူချန်းကတော့ သွေးမိစ္ဆာ မဟာ ဧကရာဇ်နဲ့ ပြန်တွေ့ရတဲ့ အပေါ်မှာ လုံးဝ အံ့သြ မနေပါဘူး ။ သွေးမိစ္ဆာ မဟာ ဧကရာဇ် ဆိုတာက သွေးမိစ္ဆာ ပင်လယ်ကို အစိုးရတဲ့သူ ဖြစ်ပါတယ် ။ အဲသည်အတွက် အနီးအနား ပတ်ဝန်းကျင် ပင်လယ်တွေမှာ သူ့ရဲ့ မျက်လုံးတွေ ၊ နားတွေ ရှိနေမှာပါပဲ ။ လီဖူချန်းတို့က သမုဒ္ဒရာကြီးကို ရက်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးပါပြီ ။ သည်လောက် ရက်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးမှတော့ သွေးမိစ္ဆာ မဟာ ဧကရာဇ်ဟာ သူတို့ကို ရှာမတွေ့စရာ အကြောင်းကို မရှိတာပါ ။ သွေးမိစ္ဆာ မဟာ ဧကရာဇ်ကတော့ မတုန်မလှုပ် ရှိနေတဲ့ လီဖူချန်းကို တွေ့ပြီး အနည်းငယ် အံ့အားသင့်သွားပါတယ် ။ " ကောင်စုတ်လေး …… သည်နေရာက ရှေးဟောင်းကြယ်စင် ပင်လယ် မဟုတ်ဘူး ။ ပြီးတော့ ရှေးဟောင်းကြယ်စင် ပင်လယ် ဆိုတာကလည်း မရှိတော့ဘူး ။ တကယ်လို့ မင်းမှာ ဦးနှောက် ရှိမယ် ဆိုရင် အခုချက်ချင်း ငါ့ကို အညံ့ခံစမ်း ။ ဒါဆိုရင် ငါမင်းကို သက်တောင့်သက်သာ သေခွင့် ပေးမယ် " သွေးမိစ္ဆာ မဟာ ဧကရာဇ်က လီဖူချန်းကို ဘယ်လိုနည်းနဲ့မှ အလွတ်ပေးဖို့ စိတ်ကူး မရှိပါဘူး ။ သူ့ရဲ့ အမြင်မှာတော့ သွေးလင်ဇီး သရဖူကို စားထားတဲ့ လီဖူချန်းဟာ သူ့အတွက် တကယ့် ရတနာ တစ်ပါးပါပဲ ။အဲဒါက သူ့ကို မိစ္ဆာသားရဲ အရှင်သခင် တစ်ပါး ဖြစ်လာအောင်တောင် အထောက်အကူ ပေးနိုင်လောက်ပါတယ် ။ " ဟမ့်……ကျုပ်က ဘာဖြစ်လို့ ခင်ဗျားကို အညံ့ ခံရမှာလဲ " " တက်ခဲ့စမ်း " စကားပြောနေရင်းနဲ့ လီဖူချန်းက ဓားအင်းကွက် တစ်ကွက်ကို ရေးဆွဲလိုက်ပြီး ပင်လယ်ရေပြင်ပေါ်ကို လွှမ်းခြုံစေလိုက်ပါတယ် ။ အဲသည်နောက်မှာတော့ ထောင်နဲ့ချီတဲ့ ရေဓားတွေဟာ ပင်လယ်ပြင်ထဲကနေ ကြွတက်လာပြီး သွေးမိစ္ဆာ မဟာ ဧကရာဇ်ဆီကို တိုးဝင်သွားခဲ့ကြပါပြီ ။ " ကလေးကွက်တွေ " သွေးမိစ္ဆာ မဟာ ဧကရာဇ်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ သွေးရောင် ကန့်လန့်ကာ တစ်ခုဟာ သူ့ရဲ့ အရှေ့မှာ ပေါ်လာခဲ့ပါတယ် ။ ဝုန်း……ဝုန်း……ဝုန်း…… ဒါပေမဲ့လည်း အဲသည် သွေးရောင် ကန့်လန့်ကာက ထောင်နဲ့ချီတဲ့ ရေဓားတွေကို အပြည့်အဝ မကာကွယ်နိုင်ပါဘူး ။ လီဖူချန်းရဲ့ ရေဓားတွေက သွေးရောင် ကန့်လန့်ကာကို တုန်ခါသွားစေရုံမက အနားသားတွေကိုပါ တွန့်လိမ်သွားစေပါတယ် ။ " အိုး…… မင်းကလည်း အလာကြီးပါလား " သွေးမိစ္ဆာ မဟာ ဧကရာဇ်ရဲ့ မျက်နှာက အနည်းငယ် လေးနက် တည်ကြည် သွားခဲ့ပါပြီ ။ သည်ရေဓားတွေက သူထင်ထားတာထက်ကို အများကြီး ပိုအစွမ်းထက်ပါတယ် ။ ပြီးတော့ ရေဓားတွေရဲ့ အရေအတွက်က သာမန် အဆင့်မြင့် မိစ္ဆာသားရဲ ဧကရာဇ်တွေတောင် ကာနိုင်တဲ့ အရေအတွက်မျိုး မဟုတ်ပါဘူး ။ " သည်ကောင်စုတ်လေးက တည်ငြိမ်နေတာလည်း မထူးဆန်းဘူး ။ ကြည့်ရတာတော့ သူက သည်အတောအတွင်းမှာ အတော်လေး အစွမ်း ထက်လာတာပဲ ။ ဒါပေမဲ့ ငါကလည်း သာမန် အဆင့်မြင့် မိစ္ဆာသားရဲ ဧကရာဇ် မဟုတ်ဘူးကွ " သွေးမိစ္ဆာ မဟာ ဧကရာဇ်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ နောက်ထပ် သွေးကန့်လန့်ကာ တစ်ခုဟာ ထွက်ပေါ်လာပြန်ပါတယ် ။ ဖောင်း……ဖောင်း……ဖောင်း……ဖောင်း…… သည်တစ်ခါ ထွက်ပေါ်လာတဲ့ သွေးကန့်လန့်ကာက ရေဓားတွေကို လုံးဝ အရေး မနိမ့်တော့ပါဘူး ။ ပြီးတော့ သွေးကန့်လန့်ကာက ထောင်နဲ့ချီတဲ့ ရေဓားတွေကိုလည်း ရစ်ပတ်ကာ ဖောက်ခွဲပစ်လိုက်ပါသေးတယ် ။ မဟာ ဧကရာဇ် တစ်ပါးဖြစ်တဲ့ သွေးမိစ္ဆာ မဟာ ဧကရာဇ်ရဲ့ တန်ခိုးအစွမ်းဟာ သာမန် လူတွေထက်ကို အများကြီး ပိုအစွမ်း ထက်ပါတယ် ။ ယေဘုယျအားဖြင့် ဆိုရင်တော့ အဆင့်မြင့် မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးဟာ အထွတ်အထိပ် အင့် လူသား ဧကရာဇ် တစ်ပါးကို ယှဉ်နိုင်ပြီး အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးကတော့ လူသား မဟာ ဧကရာဇ် တစ်ပါးကို ယှဉ်နိုင်ပါတယ် ။ အဲသည်အတွက် မိစ္ဆာသားရဲ မဟာ ဧကရာဇ် တစ်ပါးဟာ လူသား မဟာ ဧကရာဇ် တစ်ပါးထက်ကို အများကြီး ပိုအစွမ်း ထက်တယ်လို့ ဆိုရပါမယ် ။တချို့ ကြမ်းတမ်းရက်စက်တဲ့ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားကြတဲ့ မိစ္ဆာသားရဲ မဟာ ဧကရာဇ်တွေ ဆိုရင် အကြို-သူတော်စင်တွေကိုတောင်မှ လက်ရည်တူ ယှဉ်နိုင်ကြပါသေးတယ် ။ "သူက မိစ္ဆာသားရဲ မဟာ ဧကရာဇ်ဆိုပြီး အလကား ဖြစ်လာတာတော့ မဟုတ်ဘူးပဲ " တကယ်လို့ အရင်တုန်းကသာ ဆိုရင်တော့ လီဖူချန်းဟာ တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို အသက်သွင်းပြီး သည်နေရာကနေ ချက်ချင်း ထွက်ပြေးမှာပါပဲ ။ ဒါပေမဲ့လည်း အခုတော့ သူ့ရဲ့ တန်ခိုးအစွမ်းတွေဟာ အရင်ကထက် ဆယ်ဆမက တိုးတက်လာခဲ့ပါပြီ ။ အဲသည်အတွက် သူက သွေးမိစ္ဆာ မဟာ ဧကရာဇ်နဲ့ တစ်ပွဲတစ်လမ်း အကဲမစမ်းသေးဘဲ ငကြောက် တစ်ယောက်လို ထွက်မပြေးချင်ပါဘူး ။ ချွမ်…… ဘုံခုနစ်ဆင့် ကောင်းကင်ဓားက ထွက်ပေါ်လာခဲ့ပါပြီ ။ ဓားထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ရေလင်ကြည်လင်ပြီး ပါးလျနေတဲ့ ဓားအလင်းတန်းက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းမိုး သွားခဲ့ပါတယ် ။ ပြီးတော့ မိုးမြေ ဥပဒေသကလည်း သည်နေရာ တစ်ဝိုက်မှာ ရှိမနေတော့ပါဘူး ။ " ကောင်းလိုက်တဲ့ ရတနာ ဓားပါလား " သွေးမိစ္ဆာ မဟာ ဧကရာဇ်က မျက်လုံးကို မှေးလိုက်ရင်းနဲ့ ဓားကို လှမ်းချီးကျူ းလိုက်ပါတယ် ။ သူက သည်ဓားကနေပြီး အန္တရာယ် အငွေ့အသက် တစ်ခုကို ရနေတာ မဟုတ်ပါလား ။ သူ့အနေနဲ့ အန္တရာယ် အငွေ့အသက်ကို ရနေတယ် ဆိုတာက သည်ဓားဟာ သူ့ကို သေချာပေါက် ဒဏ်ရာရအောင် လုပ်နိုင်တယ် ဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။ " သွေးမိစ္ဆာ မဟာ ဧကရာဇ် …… ကျုပ်ရဲ့ ဓားကို တစ်ချက်လောက် မြည်းကြည့်ပါဦး " စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို မိုးကြိုးသားရဲပေါ်ကနေပြီး လှမ်းခုတ်လိုက်ပါတယ် ။ ရွှမ်း…… သည်ဓားချက်ထဲမှာ ပါဝင်နေတဲ့ အစွမ်းရဲ့ ပြင်းထန်မှုက စာနဲ့တောင် ဖော်ပြလို့ မရပါဘူး။ ဓားချက် ထွက်ပေါ်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံးဟာလည်း ဓားအလင်းတန်းတွေနဲ့ ပြည့်နှက်သွားတော့တာပါပဲ ။ သည်ဓားချက်က သူ့ရဲ့ လမ်းတစ်လျှောက်မှာ ကာဆီးနေတဲ့ အရာမှန်သမျှကိုလည်း ဖောက်ထွင်းသွားမယ့်ပုံ ပေါ်နေပါတယ် ။ အဲဒါတင် မကသေးပါဘူး ။ လီဖူချန်းရဲ့ ဓားချက်က သွေးမိစ္ဆာ မဟာ ဧကရာဇ် ရှိနေတဲ့ နေရာ တစ်ခုလုံးကိုလည်း ဓားတာအို ကမ္ဘာကြီး တစ်ခု အဖြစ် ပြောင်းလဲ သွားစေပါသေးတယ် ။ ကြယ်ကြွေ…… ဟုတ်ပါတယ် ။ သည်ဓားကွက်ကတော့ လီဖူချန်းရဲ့ အနှစ်သက်ဆုံး ဓားကွက်ဖြစ်တဲ့ ကြယ်ကြွေပါပဲ ။ ကောင်းကင် အဆင့်မြင့် ရတနာ ဓားတစ်လက်ဖြစ်တဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ကြယ်ကြွေ ဓားကွက်ရဲ့ အစွမ်းဟာ လီဖူချန်း ကိုယ်တိုင်တောင်မှ မခန့်မှန်းနိုင်တဲ့ အဆင့်တစ်ခု အထိကို ရောက်ရှိသွားခဲ့ပါပြီ ။ " ကြောက်စရာ ကောင်းလိုက်တဲ့ ဓားကွက် " ဓားကွက်ကို မြင်ပြီးတဲ့ အခါမှာတော့ ဘေးနားမှာ ရှိနေတဲ့ ရန်ချင်းဟူက လီဖူချန်းရဲ့ ဓားကွက်ကို စိတ်လိုက်လက်ရ ချီးကျူးလိုက်ပါတယ် ။ မိုးကြိုးသားရဲကတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ပဲ အကြောင်သား ရှိနေခဲ့ပါတယ် ။ " ခွေးမသားလေး " သွေးမိစ္ဆာ မဟာ ဧကရာဇ်ကလည်း ကြယ်ကြွေဓားကွက်ရဲ့ ကြောက်စရာ ကောင်းပုံကို မခံစားမိဘဲ မနေပါဘူး ။ အဲသည်အတွက် သူက အော်ဟစ် ကြုံးဝါးလိုက်ပြီး သူ့ရဲ့ ကိုယ်ထဲကနေ သွေးအလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်ပါတယ် ။ ရွှီး……ရွှီး……ရွှီး…… နားကွဲလုမတတ် အသံတွေ ထွက်ပေါ်လာ အပြီးမှာတော့ သွေးအလင်းတန်းဟာ မျက်စိတစ်မှိတ် အတွင်းမှာပဲ သွေးလုံးကြီး တစ်လုံး အဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ ။ သည်သွေးလုံးကြီးရဲ့ အရွယ်အစားကတော့ မီတာ ၂၀ ပတ်လည်အောက် လုံးဝ မလျော့ပါဘူး ။ သွေးမိစ္ဆာ မဟာ ဧကရာဇ်က လီဖူချန်းကို အထင်သေးသွားမိခဲ့တယ် ဆိုတာကိုတော့ မဝန်ခံချင်လည်း ဝန်ခံရမှာပါပဲ ။ တကယ်လို့ သူက လူသား မဟာ ဧကရာဇ် တစ်ပါးနဲ့ ကြုံတွေ့ရင်တောင်မှ သည်လောက်အထိ အသည်းအသန် အားစိုက်ထုတ်ရမှာ မဟုတ်ပါဘူး ။ လီဖူချန်းရဲ့ ဓားကွက်က တကယ်ကို မယုံကြည်နိုင်စရာပါပဲ ။ သည်ဓားကွက်က တကယ်ကို ကြောက်စရာကောင်းလွန်းလှပါတယ် ။ ဘန်း…… ဓားအလင်းတန်း နဲ့ သွေးစက်လုံးတို့ ထိပ်တိုက် ရင်ဆိုင် အတွေ့မှာတော့ နှစ်ခုလုံးဟာ ပေါက်ကွဲပြီး ပျက်စီးသွားခဲ့ပါပြီ ။ " မင်း……မင်း " သွေးမိစ္ဆာ မဟာ ဧကရာဇ်ကတော့ လီဖူချန်းကို လက်ညှိုး တထိုးထိုးနဲ့ ရှိနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ ရင်ဘတ်မှာက သွေးတွေ ယိုစီးကျနေတဲ့ ဓားဒဏ်ရာ တစ်ခု ရှိနေလို့ပါပဲ ။ " ငါထင်တဲ့အတိုင်းပဲ ။ ငါ့ရဲ့ လက်ရှိအဆင့်က မိစ္ဆာ မဟာ ဧကရာဇ် တစ်ပါးကို ယှဉ်တိုက်ဖို့အတွက် အဆင်သင့် မဖြစ်သေးပါလား " လီဖူချန်းကတော့ ခေါင်းကိုပဲ တသွင်သွင် ခါယမ်းနေပါတယ် ။ သူက အခုလို သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို ဒဏ်ရာ ရအောင် လုပ်နိုင်တာဟာ သူ့ဓားရဲ့ အားသာချက်ကြောင့်ပဲ ဆိုတာကို ကောင်းကောင်းကြီး သိနေတာ မဟုတ်ပါလား ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ လူသား မဟာ ဧကရာဇ်တွေဟာ ကောင်းကင်အဆင့်မြင့် လက်နက်တွေကို မပိုင်ဆိုင်ထားဘူး ဆိုတာပါပဲ ။ ပြီးတော့ သွေးမိစ္ဆာ မဟာ ဧကရာဇ် အနေနဲ့ အခုလို ဒဏ်ရာရသွားတယ် ဆိုတာက လီဖူချန်းရဲ့ ဓားကွက်ကြောင့် ဆိုတာထက် သူကိုယ်တိုင်ရဲ့ ပေါ့ဆမှုကြောင့် ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါးက မိစ္ဆာသားရဲ မဟာ ဧကရာဇ် တစ်ပါးကို ဓားနဲ့ လှမ်းခုတ်ရဲလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ ။ " ကောင်းတယ်…… ကောင်းတယ် ။ မင်းက ငါ့ကို ဒဏ်ရာ ရအောင်တောင် လုပ်ရဲတယ်ပေါ့ " ဒေါသ ထွက်လွန်းလို့လားတော့ မသိပါဘူး ။ သွေးမိစ္ဆာ မဟာ ဧကရာဇ်ရဲ့ မျက်လုံးတွေက တဝင်းဝင်း တောက်လာရုံမက သွေးရောင် အလင်းတန်းတွေကိုပါ ထုတ်လွှတ်လာခဲ့ပါတယ် ။ သူ့အနေနဲ့ ဒေါသ ထွက်မယ် ဆိုရင်လည်း ထွက်ချင်စရာပါပဲ ။ သူက ဒဏ်ရာ မရခဲ့တာ နှစ်ပေါင်း နှစ်ရာနီးပါး ရှိနေပြီ မဟုတ်ပါလား ။ " လုပ်ရဲတာပေါ့…… ကျုပ်က ဘာကိစ္စ မလုပ်ရဲရမှာလဲ ။ ဒါနဲ့ ခင်ဗျားက တစ်ကြိမ် ဒဏ်ရာ ရပြီးပြီ ဆိုတော့ နောက်တစ်ကြိမ် ဒဏ်ရာ ရရင်လည်း ကိစ္စမရှိတော့ဘူး မဟုတ်လား " လီဖူချန်းကတော့ ထီမထင်တဲ့ဟန်နဲ့ သွေးမိစ္ဆာ မဟာ ဧကရာဇ်ကို လှမ်းပြီး လှောင်ပြောင်လိုက်ပါသေးတယ်။ " မူလဘူတဓား " ပြီးတာနဲ့ တစ်ပြိုင်နက် သူက မူလဘူတဓားကို ထုတ်လိုက်ပါတော့တယ် ။ လီဖူချန်းရဲ့ စကားသံ အဆုံးမှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးဟာ တိတ်ဆိတ် ငြိမ်သက် သွားခဲ့ပါပြီ ။ တိမ်တွေ ၊လေတွေ ၊ ရေလှိုင်းတွေ အစရှိတဲ့ အရာအားလုံးဟာလည်း ခေတ္တခဏ ရပ်တန့်သွားသလိုပါပဲ ။ အဲသည်နောက်မှာတော့ ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိတဲ့ ဓားချီ တစ်သန်းဟာ လီဖူချန်းရဲ့ ဦးခေါင်းထက်မှာ ပေါ်လာခဲ့ပါပြီ ။