အပိုင်း-၆၈၅
Vol. 51 Ch. 685
ရန်ချင်းဟူရဲ့ အဆင့်တက်မှု ချပ်ဝတ်တန်ဆာ အနက်ရောင်နဲ့လူက ယန်လုံလို့ခေါ်ပြီး သူက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် အဆင့်၄ကို ရောက်ရှိနေခဲ့ပါပြီ ။ သူက ကောင်းကင်မီးတောက် နယ်မြေရဲ့ ဧကရာဇ် အဆင့် ကလန်တစ်ခုဖြစ်တဲ့ ယန်ကလန်က ဆိုရင်လည်း မမှားပါဘူး ။ ယန်ကလန်ကတော့ လေပြင်းနဂါး တောင်တန်းပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ် ။ ယန်လုံက ရှားပါးတဲ့ အရင်းအမြစ် ပစ္စည်းတွေကို ရှာဖွေဖို့အတွက် ပင်လယ်ပြင်ကို မကြာခဏ ခရီးထွက်လေ့ ရှိသူပါ ။ ဒါပေမဲ့လည်း သူက သည်တစ်ကြိမ်မှာ ကံဆိုးပြီးတော့ ရေနဂါးဖြူ နဲ့ တွေ့ခဲ့ပါတယ် ။ ရေနဂါးဖြူ ရဲ့ တိုက်ခိုက်နိုင်စွမ်းက သိပ်ပြီး ကောင်းလှတာ မဟုတ်ပါဘူး ။ဒါပေမဲ့ သူ့ရဲ့ အေးစက်တဲ့ အခိုးအငွေ့တွေ ပစ်လွှတ်နိုင်တဲ့ အစွမ်းက သူ့ကို သာမန် ရေနဂါးတွေထက် ပိုကြောက်စရာ ကောင်းစေပါတယ် ။ တကယ်လို့ လီဖူချန်းရဲ့ အကူအညီသာ မရခဲ့ဘူး ဆိုရင် ယန်လုံမှာ ရေနဂါးဖြူ ရဲ့ လက်အောက်ကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ဖို့ရာ အကြောင်း မရှိပါဘူး ။ အဲသည်နောက်မှာတော့ ယန်လုံဟာ လီဖူချန်းတို့ကို ဦးဆောင်မှုနဲ့အတူ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ဆီကို ရောက်လာခဲ့ကြပါတယ် ။ အစတုန်းကတော့ လီဖူချန်းတို့ဟာ ကျင့်ကြံဖို့ နေရာ တစ်နေရာ ရှာဦးမလို့ပါပဲ ။ ဒါပေမဲ့လည်း ယန်လုံက သူတို့ကို အတင်း ဖိတ်ခေါ်နေတဲ့အတွက် သူတို့ဟာ ယန်ကလန်မှာ ခေတ္တခဏ နေဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။ -လေပြင်းနဂါးတောင်တန်း - လေပြင်းနဂါးတောင်တန်းကို ရောက်တဲ့အခါမှာတော့ ယန်လုံက တံဆိပ်တော် တစ်ခုကို ထုတ်ယူပြီး အကာအကွယ် ဝင်္ကပါ အစီအရင်ကို ပွင့်စေလိုက်ပါတယ် ။ " မိတ်ဆွေလေးတို့ ဝင်ကြရအောင် " " ဟုတ်ကဲ့ပါ …… ဦးလေးယန် " အဲသည်နောက်မှာတော့ သူဟာ လီဖူချန်းတို့ကို ဦးဆောင်ပြီး ယန်ကလန်ထဲ ဝင်သွားခဲ့ပါပြီ ။ " ဘိုးဘိုးကြီးကို အရိုအသေ ပြုပါတယ် " " မင်္ဂလာပါ ……ဘိုးဘိုးကြီး " လမ်းတစ်ဝက်မှာတော့ များပြားလှတဲ့ လူတွေဟာ ယန်လုံဆီကို အပြေး ရောက်လာကြပြီး အရိုအသေ ပြုလာကြပါတယ် ။ ယန်လုံက သူတို့ကို ခေါင်းပြန်ညိတ်ပြလိုက်ပြီး အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါးကို လှမ်းမေးလိုက်ပါတယ် ။ " ကလန်ထဲမှာ ယန်လီ ရှိလား " အမေးခံရတဲ့ အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်က မသက်မသာ ပြုံးလိုက်ပြီး " ဘိုးဘိုးကြီးခင်ဗျား…… ယန်လီက ခရီးထွက်သွားပါတယ် " " အေး…… ငါထင်သားပဲ " ယန်လုံက မျက်မှောင်တစ်ချက် ကြုတ်လိုက်မိပါတယ် ။ ယန်လီဆိုတာက သူ့ရဲ့ မြေးတစ်ဦးဖြစ်ပြီး ပါရမီအရဆိုရင် ယန်ကလန်ရဲ့ ထိပ်တန်း ကျင့်ကြံသူ အနည်းငယ်ထဲမှာ အပါအဝင်ပါပဲ ။ သူက အသက်၇၀ မပြည့်ခင်မှာပဲ မူလပင်လယ်နယ်ပယ် အဆင့်၉ကို ရောက်ရှိနေခဲ့သူ ဆိုရင်လည်း မမှားပါဘူး ။ သူနဲ့ပတ်သက်ပြီး မကောင်းတဲ့ အချက် တချို့ကတော့ သူဟာ မကြာခဏ အပြင်လောကကြီးကို ခရီးထွက်လေ့ ရှိတာပါပဲ ။ အပြင်လောကကြီးကို ခရီးထွက်တာက မကောင်းတာတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ယန်လီက အပြင်လောကကြီးကို ရောက်ပြီဆိုရင် နေရာတကာမှာ ဝင်ပါလွန်းပါတယ် ။ သူက အားနည်းသူတွေဘက်က ရပ်တည်တယ် ၊အချောအလှလေးတွေကို ကယ်တယ် ၊ မှန်ကန်တဲ့ ကိစ္စတွေကို လုပ်တယ် ။ ပြီးတော့ သူက အဲသည်လို လုပ်ရင်း လူတော်တော်များများနဲ့လည်း ရန်ငြိုး ဖွဲ့ခဲ့ပါသေးတယ် ။ တကယ်လို့ ယန်လုံသာ သူ့ရဲ့ ကိစ္စတွေကို အနောက်ကနေ လိုက်ပြီး မရှင်းပေးခဲ့လို့ကတော့ ယန်လီဟာ အစောကြီးကတည်းကနေ အပိုင်းပိုင်း ခုတ်ဖြတ် ခံနေရလောက်ပါပြီ ။ " ဟူး…… ဘာတတ်နိုင်မှာလဲ ။ ကဲ……ကဲ…… မင်းတို့လည်း သွားကြတော့ " ယန်လုံက သက်ပြင်းတစ်ချက် ချလိုက်ပြီး ယန်ကလန်သားတွေကို ထွက်သွားဖို့ ပြောလိုက်ပါတယ် ။ လေပြင်းတောင်တန်းမှာက တောင်ထွတ်တွေဟာ မနည်းလှပါဘူး ။ အဲသည် တောင်ထွတ်တွေထဲမှာမှ အကြီးဆုံး နဲ့ အကျယ်ပြန့်ဆုံး တောင်ထွတ် တစ်ခုကို ယန်လုံက လီဖူချန်းတို့အတွက် စီစဉ် ပေးခဲ့ပါတယ် ။ " သည်လေရူးတောင်က ကျုပ်တို့ ယန်ကလန်ရဲ့ ထိပ်တန်း တောင်ဆယ်ခုထဲက တစ်ခုပဲ ။သည်တောင်မှာက အဆင့်၈ စွမ်းအင် စုဆောင်းခြင်း ဝင်္ကပါ အစီအရင်ကို ခင်းကျင်းထားတယ် ။သည်တော့ ဧည့်သည်တော်တို့အနေနဲ့ သည်တောင်ထွတ်ပေါ်မှာ အေးအေးဆေးဆေး ကျင့်ကြံနိုင်ပါတယ် ။တကယ်လို့ တစ်ခုခု လိုအပ်ပြီ ဆိုရင်လည်း ကျုပ်ကို တိုက်ရိုက် ဆက်သွယ်လိုက်ပါ " စကား ပြောနေရင်းနဲ့ပဲ ယန်လုံက ဆက်သွယ်ရေး တံဆိပ်တော် သုံးခုကို လီဖူချန်းတို့ လက်ထဲ ထည့်ပေးလာပါတယ် ။ " ကျေးဇူးအများကြီး တင်ပါတယ် …… ဆရာကြီးယန် " ယန်ကလန်ရဲ့ ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကတော့ တကယ်ကို ကျေနပ်စရာပါပဲ ။ သည်လိုနေရာမျိုး ဆိုတာက အပြင်ဘက် လောကကြီးမှာ ရှာတွေ့ဖို့ မလွယ်ပါဘူး ။အထူးသဖြင့် အခုလို အနှောင့်အယှက် ကင်းတဲ့ နေရာမျိုးကို ရှာတွေဖို့ ဆိုတာက ခဲယဉ်းလွန်းလှပါတယ် ။ …… " အားပါးပါး……သိပ်သည်းလိုက်တဲ့ မိုးမြေ စွမ်းအားတွေပါလား " မိုးကြိုးသားရဲကတော့ ပါးစပ် အဟောင်းသား ဖြစ်နေပါတယ် ။ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်နဲ့ ယှဉ်ရင်တော့ လမ်းစဉ်လေးသွယ် ကုန်းမြေတိုက်ဟာ တကယ့်ကို အမှိုက်သာသာပါပဲ ။ သည်ကုန်းမြေတိုက် နှစ်ခုက နှိုင်းယှဉ်ဖို့ကို မတန်ပါဘူး ။ အဲသည်ထက် ပိုပြောစရာ ရှိတာက လေရူးတောင်မှာ ရှိနေတဲ့ မိုးမြေ စွမ်းအားတွေက ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာ ရှိနေတဲ့ မိုးမြေစွမ်းအားတွေထက်ကို အဆ အနည်းငယ် ပိုသိပ်သည်းနေတာပါပဲ ။အဲဒါက စွမ်းအင် ရေကန်ထဲမှာ စိမ်နေရသလိုကို ခံစားစေရပါတယ်။ မိုးကြိုးသားရဲက လေရူးတောင်ထွတ်မှာသာ ဆိုရင် သူ့အနေနဲ့ တခြားသော ရင်းမြစ်ပစ္စည်းတွေကို မရရင်တောင်မှ နှစ်အနည်းငယ် အတွင်းမှာ မိစ္ဆာသားရဲ ဧကရာဇ် အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ ခံစားနေမိပါတယ် ။ သည်နေရာမှာ ရာစုနှစ် တစ်နှစ်လောက်သာ နေလိုက်ရရင်တော့ သူဟာ မိစ္ဆာသားရဲ အရှင်သခင် အဆင့်ကို တက်လှမ်းနိုင်မှာ အသေအချာပါပဲ ။ " သည်နေရာမှာ ရှိနေတဲ့ မိုးမြေစွမ်းအားတွေက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ထက် ပိုပြည့်စုံတဲ့ပုံပဲ " ရန်ချင်းဟူကလည်း မှတ်ချက် ပေးလာခဲ့ပါတယ် ။ လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး " အင်း ……ငါ့အထင် ပြောရရင် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်က သူတော်စင်တွေရဲ့ လက်ချက်ကို တော်တော်လေး ခံလိုက်ရလို့ နေမယ် " ကုန်းမြေတိုက် တစ်ခု ဆိုတာက တစ်ဝက် ချိပ်ပိတ် ခံထားရတဲ့ ကမ္ဘာငယ်လေးတွေလိုပါပဲ ။ တကယ်လို့ ကုန်းမြေတိုက် တစ်ခုက ဖျက်ဆီးခြင်းတွေကို တော်တော်လေး ခံလိုက်ရမယ် ဆိုရင် ကုန်းမြေတိုက် ဥပဒေသဟာ စိမ့်ထွက် သွားနိုင်ပါတယ် ။ အဲသည်လို ဆိုရင်တော့ အဲသည် ကုန်းမြေတိုက်မှာ ရှိနေတဲ့ မိုးမြေ စွမ်းအားတွေဟာ တဖြည်းဖြည်း အားနည်းလာပါလိမ့်မယ် ။ အဲဒါက ဒဏ်ရာ ရနေတဲ့ လူတစ်ယောက်ရဲ့ ချီအရှိန်အဝါလိုပါပဲ ။ ဒဏ်ရာ ရနေတဲ့ လူတစ်ယောက်ရဲ့ ချီအရှိန်အဝါ တဖြည်းဖြည်း အားနည်းလာလေ့ ရှိတာ မဟုတ်ပါလား ။ " ကဲ…… အပိုတွေ ပြောမနေကြနဲ့စို့ ။ ငါတို့ဆီမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ် မဟုတ်လား " " အင်း " အခုဆိုရင် သူတို့က အလယ်အလတ် အဆင့် ကုန်းမြေတိုက်တွေထဲက ထိပ်ဆုံးမှာရှိတဲ့ ကုန်းမြေတိုက်ကို ရောက်လာပြီ ဖြစ်တဲ့အတွက် လုပ်စရာတွေ အများကြီး ရှိလာခဲ့ပါပြီ ။ အထူးသဖြင့် ရန်ချင်းဟူက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့အတွက် လုပ်ကို လုပ်ရပါတော့မယ် ။ လီဖူချန်းကတော့ သူ့ရဲ့ လက်ရှိ အခြေအနေနဲ့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် မဖြစ်နိုင်သေးပါဘူး ။ အဲသည်အတွက် သူက ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းကို လေ့ကျင့်ဖို့ပဲ အာရုံ စိုက်ရပါတော့မယ် ။ ……… ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်း…… သည်ဓားသိုင်းမှာက ဓားကွက် သုံးကွက်ပဲ ရှိပါတယ် ။ အဲဒါတွေကတော့ ဗလာနယ် အရှိတရား ၊ ဗလာနယ်ဓား နဲ့ ဗလာနယ် ဓားကမ္ဘာတို့ပါပဲ ။ သည်ဓားသိုင်းရဲ့ ပထမ ဓားကွက်ဖြစ်တဲ့ ဗလာနယ် အရှိတရားကတော့ ခန့်မှန်းရခက်တဲ့ ဟင်းလင်းပြင် တာအို ဥပဒေသကို အသုံးပြုထားတာ ဖြစ်ပါတယ် ။ တကယ်လို့ မင်းက အဲဒါဟာ လေဟာနယ် ဟင်းလင်းပြင်လို့ တွေးထားရင် အဲဒါက အရှိတရားအဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး တကယ်လို့ မင်းက အဲဒါဟာ အရှိတရားလို့ တွေးထားရင်တော့ အဲဒါက လေဟာနယ် ဟင်းလင်းပြင်အဖြစ် ပြောင်းလဲသွားမှာပါပဲ ။ " အား ……ပြသနာပဲ ။ သည်ဓားသိုင်းက ဟင်းလင်းပြင်ဓားနှလုံးသား မရှိရင် ကျင့်ဖို့ သိပ်မလွယ်လောက်ဘူး " လီဖူချန်းက ခပ်တိုးတိုး ညည်းတွားလိုက်မိပါတယ် ။ အခုဆိုရင် သူဟာ ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းကို လေ့ကျင့်လာတာ ရက်အနည်းငယ် ရှိလာခဲ့ပါပြီ ။ ဒါပေမဲ့လည်း သူက အခုထက်ထိ ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းရဲ့ အစကနဦး အဆင့်ကိုတောင် မရောက်နိုင်သေးပါဘူး ။ အဲဒါက သူ့လို ကြောက်စရာ ကောင်းလှတဲ့ ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက် အတွက် တကယ်ကို မခံချင်စရာပါပဲ ။ ဒါပေမဲ့လည်း လီဖူချန်းဟာ ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းကို ကျင့်နေစဉ် အတွင်းမှာပဲ ကိစ္စတချို့ကို နားလည်လာခဲ့ပါတယ် ။ ကောင်းကင် အဆင့်မြင့် ဓားသိုင်း တစ်ခုဖြစ်တဲ့ ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းမှာက ဓားတာအို ဥပဒေသ တစ်ခုတည်း ခိုဝင်ကိန်းအောင်း နေတာ မဟုတ်ပါဘူး ။ သည်ဓားသိုင်းထဲမှာက ဟင်းလင်းပြင် တာအို ဥပဒေသလည်း ခိုဝင် ကိန်းအောင်းနေပါသေးတယ် ။ သည်ဥပဒေသ နှစ်ခု ပေါင်းစပ်ထားတာက ဥပဒေသ တစ်ခုတည်း ရှိတဲ့ ဓားသိုင်းလောက် အစွမ်းထက်ချင်မှ ထက်ပါလိမ့်မယ် ။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သည်ဓားသိုင်းဟာ ပိုပြီး လေ့ကျင့်ရ ခက်ခဲတယ် ဆိုတာပါပဲ ။ နောက်ထပ် ရက်အနည်းငယ် ကြာအပြီးမှာတော့ ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းရဲ့ ဗလာနယ် အရှိတရားဟာ အစကနဦးပိုင်းကို ရောက်ရှိသွားခဲ့ပါပြီ ။ သည်ဓားကွက်ရဲ့ အစကနဦး အဆင့်က သိပ်ပြီး အစွမ်း မထက်လှပါဘူး ။ဒါပေမဲ့လည်း ဓားကွက်ရဲ့ ဆန်းကြယ်မှုကတော့ လီဖူချန်းကို တကယ်ပဲ ထိတ်လန့် သွားစေတယ်လို့ ဆိုရပါမယ် ။ သည်ဓားကွက်က အသုံးပြုလိုက်ပြီ ဆိုရင် ထုတ်ချင်းဖောက် မြင်နိုင်တဲ့ ဇာပုဝါစ တစ်ခုလို ပါးလျတဲ့ ဓားအလင်းတန်းတစ်ခု ဖြစ်ပေါ်လာပါတယ် ။အဲသည် ဓားအလင်းတန်းက ရေမျက်နှာပြင် တစ်ခုနဲ့ ဆင်တူပြီး ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင် ဘာမှ အန္တရာယ် မပေးနိုင်သလိုပါပဲ ။ ဒါပေမဲ့လည်း ဓားအလင်းတန်းရဲ့ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီ ဆိုရင်တော့ အရာအားလုံးဟာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလိုပဲ ပျောက်ကွယ်သွားပါတော့တယ် ။ ဒါတောင်မှ ဒါက အစကနဦး အဆင့်ပဲ ရှိသေးတာပါ ။ တကယ်လို့သာ သည်ဓားကွက်က အကြို-ပြီးပြည့်စုံခြင်း နဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိသွားမယ် ဆိုရင် ဘယ်လောက်အထိတောင် ကြောက်စရာ ကောင်းလိုက်မလဲ မသိပါဘူး ။ " သည်ဓားကွက်က ကြယ်ကြွေဓားကွက်နဲ့ မတူညီဘဲ လုံးဝ ကွဲပြား ခြားနားတာပဲ ။ ကြယ်ကြွေ ဓားကွက်က အမြန်နှုန်း နဲ့ စွမ်းအားကို အခြေခံတာ ။ သည်ဓားကွက်ကတော့ ဟင်းလင်းပြင် တာအို ဥပဒေသကို ကြားခံအဖြစ် အသုံးပြု ပြီး ထူးခြားတဲ့ တိုက်ခိုက်နည်း တစ်ခုကို ဖြစ်လာစေတာ " အချိန်တွေ ကြာလာတာနဲ့အမျှ လီဖူချန်းရဲ့ ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းကလည်း တစ်စထက်တစ်စ တိုးတက်လာခဲ့ပါတယ် ။ နောက်ထပ် တစ်လ အကြာမှာတော့ သူဟာ ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းရဲ့ ပထမ ဓားကွက်ဖြစ်တဲ့ ဗလာနယ် အရှိတရားကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့် သွားနိုင်ခဲ့ပါပြီ ။ ဓားကွက် ပြင်းထန်မှု အရ ဆိုရင်တော့ ဗလာနယ် အရှိတရားဟာ ကြယ်ကြွေ ဓားကွက်ထက် မသာလွန်ပါဘူး ။ ဘာလို့လဲဆိုတော့ ဒါက ပြီးပြည့်စုံခြင်း အဆင့်မှာသာ ရှိနေသေးတာ မဟုတ်ပါလား။ဒါပေမဲ့လည်း လျှို့ဝှက်ဆန်းကြယ်မှု အပိုင်းမှာ ဆိုရင်တော့ အဲဒါက ကြယ်ကြွေဓားကွက်ထက် အသာလွန်ကြီး သာလွန် သွားခဲ့ပါပြီ ။ သည်ဓားကွက်က ဘယ်လောက်အထိ ဆန်းကြယ်သလဲ ဆိုတော့ လီဖူချန်းက သူကိုယ်တိုင်တောင်မှ ဗလာနယ် အရှိတရားကို ခုခံ ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေမိတဲ့ အထိပါပဲ ။ သည်ဓားကွက်က အင်မတန် မာယာ များလွန်းပြီး ခုခံဖုု့ိအတွက်က လုံးဝ မဖြစ်နိုင်သလောက်ပါပဲ ။ လီဖူချန်း အနေနဲ့ ဆိုရင်လည်း သူ့ရဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကို ကောင်းကင် အဆင့်မြင့် ဓားကွက်အဖြစ် မမြှင့်တင်နိုင်ဘဲနဲ့ ဗလာနယ် အရှိတရားကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူး ။ သူက ဓားကွက်ကို အားနည်းသွားအောင်တောင် လုပ်နိုင်စွမ်း မရှိတာပါ ။ ရှင်းရှင်းပြောရမယ် ဆိုရင် ဗလာနယ် အရှိတရားဟာ ရန်သူရဲ့ ခံစစ်ကို ဖြတ်ကျော်ဖို့ အချိန် မလိုပါဘူး ။ သူက ဓားကွက် ထုတ်လိုက်ပြီ ဆိုတာနဲ့ ချက်ချင်း တစ်ဖက်လူကို ထိခိုက်စေနိုင်ပါတယ် ။ ဒါပေမဲ့ တကယ်လို့ တစ်ဖက်ရန်သူကလည်း ကောင်းကင် အဆင့်မြင့် သိုင်းပညာကို နားလည် တတ်ကျွမ်းထားပြီ ဆိုရင်တော့ အရာရာဟာ ကွဲပြား ခြားနားသွားပါပြီ ။ ဥပဒေသ နဲ့ သိုင်းဆန္ဒတွေ ဆိုတာက သူတို့ အချင်းချင်းမှာတော့ အလုပ် ဖြစ်ပါတယ် ။ ချီအတွင်းအား ပမာဏ နဲ့ သိပ်သည်းမှုက သည်အဆင့်မှာ သိပ်ပြီး အလုပ် မဖြစ်တော့ပါဘူး။ ဒါကြောင့်မို့လည်း လီဖူချန်းက သွေးမိစ္ဆာ ဧကရာဇ်နဲ့ သိုင်းကွက် အနည်းငယ် ဖလှယ်နိုင်ခဲ့တာပါ ။ **** သည်လိုနဲ့ အချိန်သုံးလ ဆိုတဲ့ အရာဟာ မျက်စိ တစ်မှိတ် အတွင်းမှာပဲ ကုန်ဆုံး သွားခဲ့ပြန်ပါပြီ ။ ဝုန်း…… ပေါက်ကွဲသံ တစ်ခုနဲ့အတူ အမျိုးသမီး ပုံရိပ် တစ်ခုဟာ လေရိုင်းတောင်ထိပ်ကနေ ကောင်းကင်ယံကို ထိုးတက်သွားခဲ့ပါတယ် ။ အဲသည် အမျိုးသမီး ပုံရိပ်ကတော့ ရန်ချင်းဟူနဲ့ ဆင်တူပြီး သူမက ကမ္ဘာလောကကြီး တစ်ခုလုံးကိုတောင် အုပ်ချုပ်တော့မလိုပါပဲ ။ တစ်ချိန်တည်းမှာပဲ ကြောက်စရာ ကောင်းလှတဲ့ သိုင်းဆန္ဒ တစ်ခုဟာ လေရိုင်းတောင်ထိပ်ကနေ အစပြုလာပြီး စက္ကန့်ပိုင်းလေး အတွင်းမှာပဲ ယန်ကလန် တစ်ခုလုံးနဲ့ လေရိုင်းတောင်တန်း တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ ။ ယန်ကလန်ရဲ့ ပင်မခန်းဆောင် အတွင်းမှာတော့ နောက်ထပ် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါး ရှိနေပြီး သူကတော့ ယန်ကလန်ရဲ့ လက်ရှိခေါင်းဆောင် ယန်ထျန်းပါပဲ ။ " ဘာတွေ ဘယ်လို ဖြစ်နေတာလဲ " ယန်ထျန်းက ခေါင်းမော့လိုက်ပြီး အထိတ်တလန့်နဲ့ ရေရွတ်လိုက်ပါတယ် ။ သူက သူတုု့ိရဲ့ ယန်ကလန်မှာ နောက်ထပ် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါး ဘယ်လို ပေါ်လာရသလဲ ဆိုတာကို လုံးဝ မသိပါဘူး ။ " မဟုတ်သေးဘူး ။ အဲသည်လူက ယန်ကလန်က မဟုတ်ဘူး " သေသေသေချာချာ အာရုံ ခံပြီးတဲ့ နောက်မှာတော့ ယန်ထျန်းက ခေါင်းကို ခါယမ်းလိုက်ပါတယ် ။ ကောင်းကင်ပေါ်မှာ အခု ဖြစ်တည်နေတဲ့ ပုံရိပ်မှာက ယန်ကလန်ရဲ့ ကျင့်စဉ် အငွေ့အသက် လုံးဝ မရှိပါဘူး ။ အခုလို ဖြစ်စဉ်မျိုးကိုက ကျင့်စဉ် ထင်ဟပ်ပြသတဲ့ ဥပဒေသ ပြောင်းလဲခြင်းလို့ ခေါ်ပြီး ကျင့်ကြံခြင်း တစ်ခုချင်းစီအပေါ်ကို မူတည်ပြီး မတူညီတဲ့ ဥပဒေသ ပြောင်းလဲခြင်းတွေကို ဖြစ်ပေါ်စေပါတယ် ။ တကယ်လို့သာ ယန်ကလန်သား တစ်ယောက်က ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်ကို ချိုးဖောက် ဝင်ရောက်သွားခဲ့မယ် ဆိုရင် အဲသည် ဥပဒေသ ပြောင်းလဲခြင်းက သူနဲ့ သေချာပေါက် တစ်နည်းတစ်ဖုံ ပဲ့တင် ထပ်နေမှာပါပဲ ။ " မဟုတ်မှလွဲရော …… ဧကန္တ ဒုတိယ ဦးလေး ခေါ်လာခဲ့တဲ့ လူငယ် နှစ်ယောက်ထဲကများလား " ယန်ထျန်းက ယန်လုံရဲ့ သေကံမပျောက် ၊သက်မရောက်တဲ့ ဖြစ်ရပ်ကို သိပြီးခဲ့ပါပြီ ။ သူ့ရဲ့ ဒုတိယ ဦးလေး ခေါ်လာတဲ့ လူငယ်နှစ်ယောက်က ကျင့်ကြံခြင်းမှာ အဆင့် သိပ်မမြင့်ပါဘူး ။ဒါပေမဲ့ သူတို့ရဲ့ အစွမ်းကတော့ မယုံနိုင်လောက်အောင်ကို မြင့်မားနေပါပြီ ။ သူတို့ကိုက မူလပင်လယ် နယ်ပယ် ဘုရင်တွေအဖြစ် ဆက်ဆံလို့ လုံးဝ မရပါဘူး ။ သူတို့ကိုက အလယ်အလတ် အဆင့် ဧကရာဇ်တွေလိုပဲ ဆက်ဆံမှကို ရပါမယ် ။ ဒါကြောင့်မို့လည်း ယန်ထျန်းက သူတို့ကို လုံးဝ သွားမနှောင့်ယှက်ဘဲ သူကူညီနိုင်တာ အကုန်လုံးကို ကူညီ ပေးနေခဲ့တာပါ ။