အပိုင်း-၆၈၆
Vol. 51 Ch. 686
အရိုးဖြူ မိစ္ဆာဘုရင် လေရိုင်းတောင်မှာက တောင်ထွတ်တွေ တစ်ခုတည်း ရှိတာ မဟုတ်ပါဘူး ။ တောင်ရဲ့ အရှေ့ဘက်ခြမ်းမှာဆိုရင် ကြီးမားကျယ်ပြန့်လှတဲ့ တောင်ထွတ် တစ်ခု ရှိနေပါသေးတယ် ။ အဲသည်တောင်ထွတ်ကတော့ ရန်ချင်းဟူ တံခါးပိတ် ကျင့်ကြံနေတဲ့ တောင်ထွတ်ပါပဲ ။ အခု လက်ရှိမှာတော့ ရန်ချင်းဟူက တောင်ထွတ်ရဲ့ အလယ်ဗဟို တည့်တည့်မှာ တင်ပျဉ်ခွေ ထိုင်နေပြီး သူမရဲ့ ကိုယ်ထဲက အစွမ်းတွေကို အသားကျအောင် လုပ်နေပါတယ် ။ ပြန်လည်ဝင်စားသူ တစ်ဦးဖြစ်တဲ့ ရန်ချင်းဟူဟာ ကျင့်ကြံတဲ့ နေရာမှာ တခြားသူတွေထက်ကို ပိုပြီး လွယ်ကူ ချောမွေ့ပါတယ် ။ အထူးသဖြင့် အဆင့်တက်တဲ့ နေရာတွေမှာပေါ့ ။ ဘယ်လိုပဲဖြစ်ဖြစ် ၊ သူမက တစ်ချိန်တုန်းက မဟာ ဧကရီတစ်ပါး ဖြစ်ခဲ့ဖူးတာ မဟုတ်ပါလား ။ သည်အပိုင်းမှာတော့ လီဖူချန်းတောင်မှ သူ့ကို မယှဉ်နိုင်ပါဘူး ။ သည်ဘဝမှာဆိုရင် သူမက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို မချိုးဖောက်ခင်မှာ ဝိညာဉ်ပြန် ကျင့်စဉ်ကို ဒုတိယ အဆင့်အထိ ရောက်အောင်တောင် လေ့ကျင့်ခဲ့ပြီးပါပြီ ။အဲသည်အတွက် သူမ အနေနဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို အဆင့်တက်ဖို့ ဆိုတာက ငှက်ပျောသီး အခွံ နွှာရတာထက်တောင်မှ လွယ်ပါသေးတယ် ။ " ဟူး " သူမရဲ့ ကိုယ်ထဲက စွမ်းအင်တွေနဲ့ အသားကျသွားတဲ့ နောက်မှာတော့ ရန်ချင်းဟူဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး မျက်လုံး ဖွင့်လာခဲ့ပါပြီ ။ သူမရဲ့ မျက်လုံးတွေကတော့ တဖျတ်ဖျတ် တောက်ပနေပြီး ဧကရီ တစ်ပါးရဲ့ အငွေ့အသက်တွေကို ပေးစွမ်းနေပါတယ် ။ အနောက်ဘက် တောင်ထွတ်မှာ ရှိနေတဲ့ လီဖူချန်းကတော့ ရန်ချင်းဟူရဲ့ အခြေအနေကို အဝေးကနေပဲ အကဲခတ် နေခဲ့ပါတယ် ။ " သူက ပိုပိုပြီး ပြောင်းလဲသွားပါလား " လီဖူချန်းက ရန်ချင်းဟူကို အကဲခတ်နေရင်းနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ် ။ သူက ရန်ချင်းဟူတစ်ယောက် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် ပြီးသွားကတည်းက သူမရဲ့ ဝိညာဉ်ပြန် ကျင့်စဉ်ဟာ တတိယ အဆင့်ကို အလိုအလျောက် ပြောင်းလဲသွားတယ် ဆိုတာကို မသိပါဘူး ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရန်ချင်းဟူရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ မဟာ ဧကရာဇ်တွေရဲ့ အဆင့်ကို ရောက်သွားခဲ့ပါပြီ ။ လီဖူချန်းရဲ့ အကြည့်ကို အာရုံခံမိလိုက်တဲ့အတွက် ရန်ချင်းဟူကလည်း လီဖူချန်းကို ပြန်ပြီး ကြည့်လိုက်ပါတယ် ။ အဲသည်နောက်မှာတော့ သူတို့ရဲ့ အကြည့်တွေဟာ လမ်းခုလတ်မှာ ဆုံသွားခဲ့ပါပြီ ။ သူတို့ရဲ့ အကြည့်တွေ ဆုံသွားတဲ့ အချိန်မှာပဲ ရန်ချင်းဟူက ထူးဆန်းတာ တစ်ခုကို သတိ ပြုမိလိုက်ပါတယ် ။ အဲဒါကတော့ သူမက လီဖူချန်းကို ထွင်းဖောက်ပြီး မကြည့်နိုင်ဘူး ဆိုတာပါပဲ ။ အရင်တုန်းကတော့ ရန်ချင်းဟူက သူမရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ မဟာ ဧကရီ တစ်ပါး အဆင့်ကို ရောက်သွားပြီ ဆိုရင် လီဖူချန်းရဲ့ အစစ်အမှန် အခြေခံကို ထွင်းဖောက် ကြည့်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ ။ ဒါပေမဲ့လည်း အခု လီဖူချန်းကို ကြည့်ရတာက တွင်းနက်ကြီး တစ်ခုလိုပါပဲ ။ သူမအနေနဲ့ လီဖူချန်းဆီက ဘာဆို ဘာကိုမှ မမြင်ခဲ့ပါဘူး ။ " အနည်းဆုံးတော့ သူက အကြို-သူတော်စင် အဆင့်ကို ရောက်နေလောက်ပြီ " ရန်ချင်းဟူက စိတ်ထဲကနေ တွေးလိုက်မိပါတယ် ။ အစစ်အမှန် စိတ်ဝိညာဉ်မှာက လူတစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေ ခိုဝင်ကိန်းအောင်း နေတာပါ ။အဲသည်အတွက် အစစ်အမှန် စိတ်ဝိညာဉ်ကို ထွင်းဖောက်ပြီး ကြည့်လိုက်မယ် ဆိုရင် တစ်ဖက်လူရဲ့ အခြေခံကို အနည်းနဲ့အများတော့ မြင်နိုင်ပါတယ် ။ အခု သူမက လီဖူချန်းဆီကနေပြီး ဘာကိုမှ မမြင်ရဘူး ဆိုတော့ အဲဒါက လီဖူချန်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ သူမထက် ပိုပြီး သာလွန်တယ် ဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။ ဟူး……ဟူး…… အဲသည်အချိန်မှာပဲ လူနှစ်ယောက်ဟာ လေရိုင်းတောင်ရဲ့ အပေါ်ကို ရောက်ရှိလာခဲ့ပါတယ် ။သူတို့ကတော့ ယန်လုံ နဲ့ ယန်ကလန် ခေါင်းဆောင် ယန်ထျန်းတို့ပါပဲ ။ " ဂုဏ်ယူပါတယ် ……မိန်းကလေးရန် ။ အခုလို ဧကရီ တစ်ပါး ဖွားမြင်လာဖို့အတွက် တစ်ထောင့် တစ်နေရာကနေ ကူညီရတာကို ကျုပ်တို့ ယန်ကလန် အနေနဲ့ ဂုဏ်ယူလို့ မဆုံးပါဘူး " ယန်ထျန်းက ရန်ချင်းဟူကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် လက်နှစ်ဖက်ဆုပ်ကာ ဂုဏ်ယူစကား ပြောလိုက်ပါတယ် ။ သူက ရန်ချင်းဟူရဲ့ အစွမ်း အတိအကျကို မခန့်မှန်းနိုင်ပါဘူး ။ဒါပေမဲ့လည်း သူက ရန်ချင်းဟူရဲ့ ဥပဒေသ ပြောင်းလဲခြင်း ဖြစ်စဉ်ကို ကြည့်ပြီး သူမဟာ သူ့ထက် အများကြီး ပိုအစွမ်းထက်တယ် ဆိုတာကို သိနိုင်ပါတယ် ။ ရန်ချင်းဟူနဲ့ စကား အနည်းငယ် ပြောဆိုပြီးတော့ နောက်မှာတော့ ယန်လုံ နဲ့ ယန်ထျန်းတို့ဟာ လေရိုင်းတောင်ကနေ ပြန်လည် ထွက်ခွာ သွားခဲ့ကြပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ရန်ချင်းဟူဟာ စကား ပြောရတာကို မကြိုက်မှန်း ရိပ်မိသွားလို့ပါပဲ ။ …… မျက်စိတစ်မှိတ် အတွင်းမှာပဲ ရန်ချင်းဟူတစ်ယောက် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်ခဲ့တာဟာ အချိန် တစ်ခုအထိ ရောက်ရှိ သွားခဲ့ပါပြီ ။ ရွှီး…… ဖန်း……ဖန်း……ဖန်း…… လေရိုင်းတောင်ရဲ့ အနောက်ဘက် တောင်ထွတ်မှာတော့ လူငယ်တစ်ယောက်ဟာ ဓားသိုင်း တစ်ခုကို သည်းကြီးမဲကြီး လေ့ကျင့်နေပါတယ် ။ အဲသည် လူငယ်ကတော့ လီဖူချန်းကလွဲပြီး တစ်ခြားသူ မရှိပါဘူး ။ ရွှီး…… ဓားသိုင်း လေ့ကျင့်နေရင်းနဲ့ လီဖူချန်းက ဘယ်ဘက်လက်ညှိုးကို သုံးပြီး တစ်နေရာကို ညွှန်လိုက်တဲ့ အခါမှာတော့ ပါးလျပြီး ထုတ်ချင်းဖောက်မြင်ရတဲ့ ဓားအလင်းတန်း တစ်ခုဟာ သူ့ရဲ့ လက်ညှိုးကနေပြီး ကောင်းကင်ပေါ်ကို ထိုးတက် သွားခဲ့ပါတယိ ။ အဲသည်နောက်မှာတော့ တိမ်ပင်လယ်တွေထဲက တိမ်တိုက်ကြီး တစ်ခုဟာ တစ်စုံတစ်ယောက်က ယူပစ်လိုက်သလိုကို ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့ပါပြီ ။ "ဟူး…… နောက်ဆုံးတော့ ပထမ ဓားကွက်က တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်သွားပြီပေါ့ " လီဖူချန်းက အခုမှပဲ သက်ပြင်း ချနိုင်ပါတော့တယ် ။ ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းက တခြားသော ဓားသိုင်းတွေလို မဟုတ်ပါဘူး ။ သူက ဒုတိယ ဓားကွက်ကို လေ့ကျင့်ချင်တယ် ဆိုရင် အရင်ဦးဆုံး ပထမ ဓားကွက်ကို တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ရောက်အောင် လေ့ကျင့်နိုင်ရပါမယ် ။ အဲသည်လိုပါပဲ ။ တတိယ ဓားကွက်ကို လေ့ကျင့်ချင်တယ် ဆိုရင်လည်း ဒုတိယ ဓားကွက်ကို တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့် မရောက်သေးသရွေ့ လေ့ကျင့်လို့ မရပါဘူး။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သည်ဓားသိုင်းက ဓားကွက် တစ်ကွက်ချင်းစီ အစဉ်လိုက် လေ့ကျင့်သွားရမယ့် ဓားသိုင်းမျိုး ဖြစ်ပါတယ် ။ ပထမ ဓားကွက်ကို လေ့ကျင့်ခဲ့တဲ့ အခြေခံကြောင့်လားတော့ မသိပါဘူး ။ လီဖူချန်းက ဒုတိယ ဓားကွက်ကို ပထမ ဓားကွက်ထက် မြန်အောင် လေ့ကျင့်နိုင်ခဲ့ပါတယ် ။သူက လေဟာနယ်ဓားကို ပထမဆုံး နေ့မှာတင် အစကနဦး အဆင့် ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပြီး တတိယမြောက် နေ့မှာ အကြိုပြီးပြည့်စုံခြင်း အဆင့်နဲ့ ဒသမမြောက်နေ့မှာ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပါတယ် ။ ရွှမ်း…… ဖောက်ထွင်း မြင်နေရတဲ့အထိ ကြည်လင်နေတဲ့ ဓားအလင်းတန်း တစ်ခုဟာ တိမ်ပင်လယ်ကြီး တစ်ခုကို ဖောက်ထွက်သွားပြီး အဲသည် တိမ်ပင်လယ် တစ်ခုလုံးကို တစ်စစီ ဖြစ်သွားအောင် ပိုင်းဖြတ်သွားခဲ့ပါပြီ ။ သည်ကြည်လင်နေတဲ့ ဓားသွားက သာမန် ဓားအလင်းတန်း ဒါမှမဟုတ် ဓားချီတစ်ခု မဟုတ်ပါဘူး။အဲဒါက ဓားတာအို ဥပဒေသ ခိုဝင် ကိန်းအောင်းနေတဲ့ နေရာလပ် ဓားသွား တစ်ခုပါပဲ ။ သည်ဗလာနယ်ဓားနဲ့ ခုတ်ခံလိုက်ရပြီ ဆိုရင်တော့ မဟာ ဧကရာဇ် တစ်ပါးတောင်မှ မသေရင် ဒုက္ခိတ ဖြစ်သွားနိုင်ပါတယ် ။ ဒါပေမဲ့လည်း ဘယ်မဟာ ဧကရာဇ် တစ်ပါးကမှ ဗလာနယ်ဓားကို ခံဆောင်ဖို့အတွက် သူတို့ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုမှာ မဟုတ်ပါဘူး ။ ရက်နှစ်ဆယ် ကြာသွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဗလာနယ်ဓားကို တစ်ဖက်ကမ်းခပ် တတ်မြောက်တဲ့ အဆင့်အထိ ရောက်ရှိ သွားခဲ့ပါပြီ ။ ပြီးတာနဲ့ ချက်ချင်း ဆိုသလိုပဲ လီဖူချန်းက တတိယ ဓားကွက်ဖြစ်တဲ့ ဗလာနယ် ဓားကမ္ဘာကို ဆက်ပြီး လေ့ကျင့်ပြန်ပါတယ် ။ သည်ဓားကွက်ကတော့ တကယ့် မရဏ ဓားကွက်ပါပဲ ။ လီဖူချန်းရဲ့ စိတ်ထဲက အချက်အလက်တွေအရ ဆိုရင်တော့ သည်ဓားကွက် ထွက်ပေါ်လာပြီ ဆိုတာနဲ့ ရန်သူဟာ သွေးမြေခရတော့တာပါပဲ ။ ရန်သူက အမှားလေး တစ်ချက် လုပ်လိုက်တာနဲ့ တစ်ပြိုင်နက် သည်ဓားကွက်က တစ်ဖက်ရန်သူကို အသက် နုတ်ယူနိုင်ပါတယ် ။ ဒါပေမဲ့လည်း သည်ဓားကွက်က လွယ်လွယ်နဲ့ အသုံးပြုလို့ ရမှာတော့ မဟုတ်ပါဘူး ။ သည်ဓားကွက်ကို အပြည့်အဝ အသုံးပြုချင်တယ် ဆိုရင် ကျင့်ကြံသူဟာ ဟင်းလင်းပြင် ဓားနှလုံးသားကို မွေးဖွားထားနိုင်ရပါမယ် ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ဟင်းလင်းပြင် တာအို နဲ့ ဓားတာအို ဥပဒေသတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ဆိုတာက ဟင်းလင်းပြင် ဓားတာအို နှလုံးသားကို မွေးဖွားထားနိုင်တဲ့ လူတွေမှသာ တတ်နိုင်တဲ့ အရာပါ ။ အဲသည် ဥပဒေသ နှစ်ခုကို အပြည့်အဝ မထိန်းချုပ်နိုင်ဘဲနဲ့တော့ အသုံးပြုသူက ဓားကမ္ဘာကို ဘယ်လိုမှ ဖြစ်တည်နိုင်စေမှာ မဟုတ်ပါဘူး ။ တကယ်လို့ အဲသည်အရာ နှစ်ခုထဲက တစ်ခု ယုတ်လျော့နေရင်လည်း ဓားကမ္ဘာဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး ။ အစကတော့ လီဖူချန်းက သည်အချက်ကို လုံးဝ မယုံကြည်ပါဘူး ။ ဒါပေမဲ့လည်း ဓားကွက်ကို နှစ်ပတ်လောက် လေ့ကျင့်ပြီးသွားတဲ့ နောက်မှာတော့ သူဟာ ယုံကြည်သွားခဲ့ပါပြီ ။ ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းရဲ့ တတိယမြောက် ဓားကွက်ဖြစ်တဲ့ ဗလာနယ် ဓားကမ္ဘာက ပထမ နှစ်ကွက်နဲ့ လုံးဝ မတူညီဘဲ ကွဲပြားခြားနားပါတယ် ။ သည်ဓားကွက်မှာက အစကနဦး အဆင့် ၊ အကြို-ပြီးပြည့်စုံခြင်း အဆင့် ၊ ပြီးပြည့်စုံခြင်း အဆင့် အစရှိတာတွေ မရှိပါဘူး ။ သည်ဓားကွက်က တစ်ခါတည်း တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်အောင် လေ့ကျင့်ရတာပါ ။ သည်ဓားကွက်ရဲ့ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်က ဓားကမ္ဘာကို ဖြစ်တည်စေတာပဲ ဖြစ်ပြီး ဓားကမ္ဘာကို မဖြစ်တည်စေနိုင်ဘူး ဆိုရင်တော့ ဓားကွက်ရဲ့ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ဘယ်လိုမှ ရောက်မှာ မဟုတ်ပါဘူး။ …… - ယန်ကလန် - လက်ရှိ အချိန်မှာတော့ ယန်ကလန်ရဲ့ ပင်မခန်းဆောင်ကို တိတ်ဆိတ်ခြင်းတွေက ကြီးစိုးနေခဲ့ပါပြီ ။ ဘာဖြစ်လို့လဲဆိုတော့ သည်တစ်ကြိမ် ခရီးထွက်ရာမှာ ယန်လီက အရိုးဖြူ မိစ္ဆာဧကရာဇ်ကို ရန်စ မိခဲ့လို့ပါပဲ ။ အရိုးဖြူ မိစ္ဆာဧကရာဇ် ဆိုတာက မဟာ ဧကရာဇ်တွေရဲ့ အောက်မှာ ကပ်လျက် တည်ရှိနေတဲ့ ဖြစ်တည်မှု တစ်ခု ဖြစ်ပါတယ် ။ သူက ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ရဲ့ နာမည်ကျော် မကောင်းဆိုးဝါးတွေထဲမှာ တစ်ပါး အပါအဝင် ဆိုရင်လည်း မမှားပါဘူး ။ အဲသည်ထက် ပိုဆိုးတာကတော့ သူ့ကို ထုံးကူ မဟာ ဧကရာဇ်က ကျောထောက်နောက်ခံ ပေးထားတာပါပဲ ။ ( note - ထုံးကူ = ဦးခေါင်းခွံ ) အခုဆိုရင် ယန်ကလန်ရဲ့ ဘိုးဘေးဖြစ်တဲ့ ယန်လုံဟာ ယန်လီကို ကယ်ဖို့အတွက် အရိုးဖြူတောင်ကို လိုက်သွားခဲ့တာ တစ်ပတ် ကျော်နေခဲ့ပါပြီ ။ ဒါပေမဲ့ အခုထက်ထိ ယန်လုံဟာ ပြန်မပေါ်လာတော့ပါဘူး ။ ကြည့်ရတာတော့ ယန်လုံက ယန်လီကို မကယ်တင်နိုင်တဲ့အပြင် သူပါ ရောပြီး အဖမ်းခံလိုက်ရပုံပါပဲ ။ " ကလန်ခေါင်းဆောင် …… ကျွန်တော်တို့ အနေနဲ့ သည်ကိစ္စကို အလောသုံးဆယ် လုပ်လို့ မဖြစ်ဘူး ။ ကျွန်တော်တို့က အရှည်ကို မျှော်တွေးပြီး သေသေချာချာ ဆုံးဖြတ်ဖို့ လုပ်တယ် ။ မဟုတ်ရင်တော့ ကျွန်တော်တို့ ယန်ကလန်က အရိုးဖြူ မိစ္ဆာဧကရာဇ်ရဲ့ လက်ချက်နဲ့ အမျိုး ပြုတ်သွားလိမ့်မယ် " ယန်ကလန်ရဲ့ အကြီးအကဲ တစ်ယောက်က တိတ်ဆိတ်ခြင်းကို စတင် ဖြိုခွဲလိုက်ပါတယ် ။ နောက်ထပ် ယန်ကလန်ရဲ့ အကြီးအကဲ တစ်ယောက်ကတော့ ပထမ အကြီးအကဲ ပြောတာကို သဘောတူပုံ မရပါဘူး ။ သူက မဲ့ပြုံး ပြုံးလိုက်ပြီး " အရှှည်ကို တွေးရမယ် ဟုတ်လား ။ အေး……အေး…… မင်းပဲ အရှည်ကို တွေးနေလိုက် ။ မင်းတွေးပြီးသွားတဲ့ အခါကျလို့ရှိရင် ငါတို့ ဘိုးဘေးလည်း အသက် ပျောက်နေလောက်ပြီ " နောက်ထပ် အကြီးအကဲ တစ်ယောက်ကလည်း ရှုးရှုးရှဲရှဲနဲ့ အော်လာပြန်ပါတယ် ။ " ဒါဆိုရင် ငါတို့က ဘာလုပ်ရမှာလဲ ။ တကယ်လို့ ငါတု့ိမှာ သူတို့ကို ကယ်နိုင်တဲ့ အစွမ်းရှိရင် အစောကြီးကတည်းက သွားကယ်လိုက်မှာပေါ့ ။ အခု ငါတု့ိက ဆွေးနွေးနေရုံကလွဲပြီး ဘာမှ မတတ်နိုင်တာ " " သည်လိုဆိုရင်လည်း ငါတို့ ကောင်းကင်မီးတောက် အစည်းအရုံးကို သွားပြီး အကူအညီ တောင်းကြမယ်လေ " "မဖြစ်နိုင်ဘူး ။ ကောင်းကင်မီးတောက် အစည်းအရုံး နဲ့ ထုံးကူဂိုဏ်းက သည်နှစ်ပိုင်းထဲမှာပဲ အကြီးအကျယ် ပြသနာ ဖြစ်ထားကြတာ ။ တကယ်လို့ ကောင်းကင်မီးတောက် အစည်းအရုံး ပါလာရင် ထုံးကူဂိုဏ်းကလည်း သေချာပေါက် ပါလာလိမ့်မယ် ။ ငါ့အထင် ပြောရရင်တော့ ကောင်းကင်မီးတောက် အစည်းအရုံးက သည်ကိစ္စထဲကို ဝင်ပါမှာ မဟုတ်ဘူး ။ ပြီးတော့ သည်တစ်ခေါက် အမှားကလည်း ငါတို့ ယန်ကလန်က မှားထားတာ " ပင်မခန်းဆောင် ထဲမှာတော့ ယန်ကလန်ရဲ့ အကြီးအကဲတွေဟာ သူ့အမြင် ၊ ကိုယ့်အမြင်တွေကို ပြောနေကြရင်းနဲ့ ရန်သတ်လုမတတ် ဖြစ်လာကြပါပြီ ။ " အားလုံး တိတ်ကြစမ်း " ယန်ထျန်းက အကြီးအကဲတွေရဲ့ တစ်ယောက်၊တစ်ပေါက် ပြောနေတာတွေကို ဘယ်လိုမှ မခံနိုင်တော့တဲ့အတွက် အော်ငေါက်လိုက်ပါတယ် ။ ပြီးမှ သူက ဖြည်းညင်းစွာနဲ့ " ငါတို့က သူတို့ကို သေချာပေါက် ကယ်ကြမယ် ။ ဒါပေမဲ့ ငါတို့အနေနဲ့ ကောင်းကင်မီးတောက် အစည်းအရုံးကို အကူအညီ သွားတောင်းလို့ မဖြစ်ဘူး ။ ငါတို့က သည်ကိစ္စကို ဖြေရှင်းပေးနိုင်တဲ့ ထိပ်သီးပုဂ္ဂိုလ်တွေကို ငါတို့ဘာသာ ရှာရမှာ " အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ယန်ကလန်ဟာ တခြား ဘယ်ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေနဲ့မှ မသိပါဘူး ။ သူတို့အနေနဲ့ အနီးစပ်ဆုံး သိတာဆိုလို့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ပဲ ရှိတာပါ ။ အဲသည်အတွက် ယန်ထျန်းက သည်ကိစ္စကို လီဖူချန်း နဲ့ ရန်ချင်းဟူတို့မှာပဲ အကူအညီ တောင်းဖို့ စိတ်ကူးထားပါတယ် ။ ပြီးတော့ သူက လီဖူချန်းတို့ နှစ်ယောက်ဟာ သည်ကိစ္စကို အကူအညီ ပေးချင်းစိတ် ရှိပြီး အကူအညီ ပေးနိုင်တဲ့ အစွမ်းလည်း ရှိပါစေလို့ မျှော်လင့်နေမိပါသေးတယ် ။ ဒါပေမဲ့လည်း သူက သည်ကိစ္စဟာ သိပ်ပြီး ဖြစ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် အရိုးဖြူ မိစ္ဆာဧကရာဇ် ဆိုတာက အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါး မဟုတ်ပါလား ။ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ အစွမ်းထက်တာ မှန်ပေမယ့် အရိုးဖြူ မိစ္ဆာဧကရာဇ်ကိုတော့ မယှဉ်နိုင်လောက်ပါဘူး ။ သည်လိုနဲ့ပဲ ယန်ထျန်းဟာ လေရိုင်းတောင်ပေါ်ကို သံသယ စိတ်တွေနဲ့ ရောက်ရှိလာခဲ့ပါပြီ ။ " အရိုးဖြူ မိစ္ဆာဧကရာဇ်လား " ယန်ထျန်းရဲ့ ရှင်းပြမှု အပြီးမှာတော့ လီဖူချန်းက မျက်မှောင် ကြုတ်လိုက်မိပါတယ် ။ ရန်ချင်းဟူကတော့ မရေရာတဲ့ လေသံနဲ့ " တကယ်လို့ အရိုးဖြူ မိစ္ဆာဧကရာဇ်က အဆင့်မြင့် ဧကရာဇ် ဆိုရင်တော့ ကျွန်မအနေနဲ့ သူ့ကို ယှဉ်နိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိတယ် ။ ဒါပေမဲ့ သူက အထွတ်အထိပ် အဆင့် ဧကရာဇ် ဆိုရင်တော့ ကျွန်မ အနေနဲ့ ယုံကြည်ချက် သိပ်မရှိဘူး " " အထွတ်အထိပ် အဆင့် ဧကရာဇ် ဆိုတာက သိပ်ပြီး ပြသနာ မဟုတ်ပါဘူး ။ ငါပါ ဝင်တိုက်ပေးမယ် ဆိုရင်တော့ အဆင်ပြေသွားမှာပါ " တစ်ယောက်ချင်း တိုက်ပွဲမှာ ဆိုရင်တော့ လီဖူချန်းက သူ့အနေနဲ့ အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါးကို ယှဉ်နိုင်လိမ့်မယ်လို့ မသေချာပါဘူး ။ လီဖူချန်း အနေနဲ့ ထိပ်တန်း မဟာ ဧကရာဇ် တစ်ပါးနဲ့ ညီမျှတဲ့ သွေးမိစ္ဆာ မဟာ ဧကရာဇ်နဲ့တုန်းက သိုင်းကွက် အနည်းငယ် ယှဉ်ကောင်း ယှဉ်နိုင်ခဲ့ပါမယ် ။ ဒါပေမဲ့လည်း အဲဒါက သွေးမိစ္ဆာ မဟာ ဧကရာဇ်ဟာ လီဖူချန်းကို အထင် သေးခဲ့လို့ပဲ ဖြစ်ပါတယ် ။ အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါးကတော့ အဲသည်လို မဟုတ်ပါဘူး ။ သူတို့က သူတို့ရဲ့ အရည်အချင်း အစစ်နဲ့ကို မဟာ ဧကရာဇ် တစ်ပါးနဲ့ သိုင်းကွက်ပေါင်း ဒါဇင်နဲ့ချီကာ ယှဉ်တိုက်နိုင်ပါတယ် ။ ပြီးတော့ ထိပ်သီး ပုဂ္ဂိုလ်တွေမှာက သူတို့ရဲ့ အားသားချက်နဲ့ သူတို့ပါပဲ ။ လီဖူချန်းက သွေးမိစ္ဆာ မဟာ ဧကရာဇ်နဲ့ သိုင်းကွက်အနည်းငယ် ယှဉ်နိုင်တယ် ဆိုပေမယ့် အဲဒါက သူဟာ လူသား မဟာ ဧကရာဇ် တစ်ပါးနဲ့လည်း သိုင်းကွက် အနည်းငယ် ယှဉ်နိုင်လိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ " ဧည့်သည်တော် နှစ်ယောက်က ကျုပ်တို့ ယန်ကလန်ကို ကူညီနိုင်မယ်လို့ ယုံကြည်ချက် ရှိတာလား " ယန်ထျန်းက သူ့ရဲ့နားကိုတောင် သူမယုံတော့သလိုပါပဲ ။ အစတုန်းကတော့ သူဟာ လီဖူချန်း နဲ့ ရန်ချင်းဟူ အပေါ်မှာ ဘယ်လောက်မှ မျှော်လင့် မထားခဲ့ပါဘူး ။ သူက သည်အတိုင်း နောက်ဆုံးကျန်တဲ့ ကောက်ရိုးလေး တစ်မျှင်ကို လာဆွဲတာ ဖြစ်ပါတယ် ။ သူက လီဖူချန်းတို့ နှစ်ယောက်ဟာ တစ်ဖက်လူက အထွတ်အထိပ် အဆင့် ဧကရာဇ်တစ်ပါး ဖြစ်တဲ့ အရိုးဖြူ မိစ္ဆာဧကရာဇ်ဆိုတာ သိသွားတာတောင်မှ သည်လောက်အထိ တည်ငြိမ်နေမယ်လို့ လုံးဝ မထင်ထားခဲ့ပါဘူး ။ လီဖူချန်းက ယန်ထျန်းကို ပြုံးပြလိုက်ပြီး နှစ်သိမ့်လိုက်ပါတယ် ။ " ကဲ……သွားကြစို့ ။ စိတ်မပူပါနဲ့ ။ ကျုပ်တို့က ကျုပ်တို့ရဲ့ အသက်ကို အလကား အသေ မခံနိုင်ပါဘူး " သူတို့အနေနဲ့ ယန်လုံကို ကယ်တင်လိုစိတ် ရှိတယ် ဆိုတာက ယန်လုံ နဲ့ ယန်ကလန်ရဲ့ ဧည့်ဝန် ကျေပွန်မှုတွေကြောင့်ပါပဲ ။ မဟုတ်ရင်တော့ လီဖူချန်းဟာ အရိုးဖြူ မိစ္ဆာ ဧကရာဇ်နဲ့ ထိပ်တိုက် တွေ့မှာ မဟုတ်ပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ နောက်မှာက ထုံးကူ မဟာ ဧကရာဇ် ရှိနေတာ မဟုတ်ပါလား ။ " ဧည့်……ဧည့်သည်တော် နှစ်ယောက်ရဲ့ ……ကျေးဇူး ……ကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲ ဆိုတာကို ကျုပ်…… မသိတော့ပါဘူး " စကားဆုံးတဲ့ နောက်မှာတော့ ယန်ထျန်းက လက်နှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်ပြီး အရိုအသေ ပေးလိုက်ပါတော့တယ် ။