အပိုင်း-၆၈၇
Vol. 51 Ch. 687
ညှိနှိုင်းစရာ ဘာအကြောင်းမှ မရှိဘူး အရိုးဖြူ တောင်…… သည်တောင်က ကောင်းကင် မဏ္ဍိုင် ကုန်းမြေတိုက်ရဲ့ အန္တရာယ် အများဆုံး နေရာတွေထဲက တစ်ခုပါပဲ ။ သည်တောင်မှာက အမြဲလိုလို သိပ်သည်းတဲ့ အဆိပ်ခိုး၊အဆိပ်ငွေ့တွေနဲ့ ဖုံးလွှမ်းနေလေ့ ရှိပါတယ် ။ တကယ်လို့ အားနည်းတဲ့ လူတွေက သည်တောင်ရဲ့ နယ်နိမိတ်ထဲကို ဝင်ရောက်လာခဲ့မယ် ဆိုရင် တော့ ဘယ်လောက်မှ ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး ။ သူတို့က အဆိပ်ခိုး ၊ အဆိပ်ငွေ့တွေကြောင့် အချိန် တစ်ခဏလေး အတွင်းမှာ အသွေးအသားတွေ အရည်ပျော်ကုန်ပြီး အရိုးစုတွေ ဘဝကို ရောက်သွားမှာ အသေအချာပါပဲ ။ သူတို့ကို အသာထားပါဦး ။ အစွမ်းထက်ပါတယ် ဆိုတဲ့ လူတွေတောင်မှ သည်အဆိပ်ခိုး ၊ အဆိပ်ငွေ့တွေကြားမှာ အချိန်တော်တော်ကြာ နေလိုက်မယ် ဆိုရင် အာရုံ၅ပါး ပျောက်ရှပြီး အဆိပ်ရဲ့ တိုက်စားမှုကြောင့် အသက် ဆုံးပါးနိုင်ပါတယ် ။ ဟုတ်ပါတယ် ။ သည်အဆိပ်ခိုး ၊ အဆိပ်ငွေ့တွေက သဘာဝအတိုင်း ဖြစ်ပေါ်လာတာတော့ မဟုတ်ပါဘူး ။ အဲဒါတွေက အရိုးဖြူ တောင်ရဲ့ ဝင်္ကပါ အစီအရင်ကနေပြီး ဖြစ်ပေါ်လာခဲ့တာပါ ။ သည်လိုနဲ့ တစ်နေ့မှာတော့ လူရိပ် သုံးရိပ်ဟာ အဆိပ်ခိုး ၊ အဆိပ်ငွေ့တွေကြားထဲကို ဝင်ရောက်လာခဲ့ပါတယ် ။ အဲသည် လူရိပ် သုံးရိပ်ကတော့ လီဖူချန်း၊ရန်ချင်းဟူနဲ့ ယန်ထျန်းတို့ပါပဲ ။ သည်အဆိပ်ခိုး ၊ အဆိပ်ငွေ့တွေက အဆင့်၈ ဝင်္ကပါ အစီအရင်ကနေပြီး ဖြစ်တည်လာတဲ့ အရာတွေ ဖြစ်ကောင်းဖြစ်ပါမယ် ။ ဒါပေမဲ့ အဲဒါက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးကို အသွေး၊အသားတွေ အရည်ပျော်ကျသွားအောင် လုပ်နိုင်စွမ်းတော့ မရှိပါဘူး ။ဒါပေမဲ့လည်း သည်အဆိပ်ခိုး ၊ အဆိပ်ငွေ့တွေထဲမှာ နေတာ အချိန် အရမ်း ကြာသွားရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ဖြစ်နိုင်လောက်ပါတယ် ။ လီဖူချန်းအတွက်ကတော့ သည်အဆိပ်ခိုး ၊ အဆိပ်ငွေ့တွေဟာ ကလေးကစားစရာ သာသာပါပဲ ။ သူက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တစ်ပါး မဟုတ်ပေမယ့် သူ့ရဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်က သည်အဆိပ်ခိုး ၊ အဆိပ်ငွေ့တွေကို အသာလေး ကာကွယ်ပေးနိုင်ပါတယ် ။ပြီးတော့ အဲဒါက အဆိပ်တာအိုကိုတောင် ပျက်ပြယ်စေနိုင်ပါသေးတယ် ။ သည်အဆိပ်ခိုး ၊ အဆိပ်ငွေ့တွေ လွှမ်းခြုံထားတဲ့ ဧရိယာကတော့ မိုင်တစ်သောင်းတောင် မကလောက်ပါဘူး ။ လမ်းတစ်လျှောက်မှာဆိုရင် လီဖူချန်းတို့ သုံးယောက်ဟာ တောင်လို ပုံနေတဲ့ လူသား အရိုးတွေ နဲ့ မိစ္ဆာသားရဲ အရိုးတွေကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ရပါတယ် ။ အဲသည် အရိုးတွေက တကယ်ကို မယုံနိုင်စရာပါပဲ ။ သူတို့တွေက သက်ဝင် လှုပ်ရှားနေကြပြီး အချင်းချင်းတောင် တိုက်ခိုက်နေကြတာပါ ။ ပြီးတော့ ခရမ်းရောင် တောက်နေတဲ့ တချို့ အရိုးတွေဆိုရင် လီဖူချန်းတို့ အုပ်စုကိုတောင် ရန်မူဖို့ ကြိုးစားလာကြပါသေးတယ် ။ သည်လိုနဲ့ပဲ သိပ်မကြာခင်မှာတော့ သူတို့သုံးယောက်ဟာ လီဖူချန်းရဲ့ ဦးဆောင်မှုနဲ့အတူ အစစ်အမှန် အရိုးဖြူ တောင် အစပ်နားကို ရောက်ရှိလာခဲ့ပါပြီ ။ သည်နေရာမှာ ရှိနေတဲ့ အဆိပ်ခိုး ၊ အဆိပ်ငွေ့တွေက တခြားနေရာတွေနဲ့ မတူပါဘူး ။ သည်နေရာမှာ ရှိနေတဲ့ အဆိပ်ခိုး ၊ အဆိပ်ငွေ့တွေက သိပ်သည်းလွန်းလှပြီး အဆိပ်တာအိုကလည်း အပြင်းထန်ဆုံး ဖြစ်ပါတယ် ။ အခုဆိုရင် ရန်ချင်းဟူ နဲ့ ယန်ထျန်းတို့တောင်မှ သူတို့ရဲ့ ချီအတွင်းအားတွေဟာ နဂိုတုန်းကထက် ဆယ်ဆကျော်လောက် ကုန်ဆုံးနှုန်း မြန်နေတယ်လို့ ခံစား နေကြရပါပြီ ။ သည်တောင်အစပ်က အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ ဘူမိနက်သန် နေရာအစစ် ဖြစ်တဲ့အတွက် လီဖူချမ်းတို့တတွေဟာ ရှေ့ကို ဆက်ပြီး မသွားကြတော့ပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် ။ သူတို့က သည်နေရာကို မဖိတ်ခေါ်ဘဲ ရောက်လာကြတဲ့ ဧည့်သည်တွေ မဟုတ်ပါလား ။ အဲသည်အတွက် သူတို့အနေနဲ့ အိမ်ရှင်၊ဧည့်သည် စည်းမျဉ်းကို စောင့်ထိန်းရပါဦးမယ် ။ လီဖူချန်း၊ရန်ချင်းဟူတို့နဲ့ အကြည့်ချင်း ဖလှယ်ပြီးတဲ့ နောက်မှာတော့ ယန်ထျန်းဟာ သတ္တိ မွေးပြီး အော်ပြောလိုက်ပါတယ် ။ " ယန်ကလန်ရဲ့ ယန်ထျန်းက အရိုးမိစ္ဆာ ဧကရာဇ်ကို အရိုအသေပေးဖို့ ရောက်ရှိလာပါပြီ " ယန်ထျန်းရဲ့ အသံက သိပ်ပြီး မကျယ်လှပါဘူး ။ ဒါပေမဲ့လည်း ဧကရာဇ် ချီအတွင်းအားက အထောက်အပံ့ ပေးထားတဲ့အတွက် သူ့ရဲ့ အသံဟာ အရိုးဖြူ တောင် တစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။ " ဝင်ခဲ့ ။ ငါတို့သခင်က မင်းကို ဖိတ်လိုက်တယ် " ယန်ထျန်းရဲ့ စကားသံ ဆုံးပြီး သိပ်မကြာခင်မှာတော့ မောက်မာတဲ့ လေသံအပြည့်နဲ့အတူ အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင် နှစ်ပါးဟာ ကောင်းကင်ယံထက်မှာ ပေါ်လာခဲ့ပါတယ် ။ " ကဲ…… ဒါဆိုလည်း ဝင်ကြစို့ " အဲသည် မူလပင်လယ် နယ်ပယ် ဘုရင်နှစ်ပါးရဲ့ အမူအယာနဲ့ ဆက်ဆံပုံက အချိုး မပြေပေမယ့်လည်း လီဖူချန်းက စိတ်ထဲ မထားပါဘူး ။ သူက အရိုးဖြူ မိစ္ဆာ တောင်ထဲကို ဝင်ဖို့အတွက်ကိုပဲ စိတ်ထဲမှာ ရှိနေခဲ့တာပါ ။ သာမန် အခြေအနေတွေမှာ ဆိုရင်တာ့ ရန်သူ့နယ်မြေထဲကို ဝင်တယ် ဆိုတာက သိပ်ပြီး ကောင်းလှတဲ့ ဆုံးဖြတ်ချက် တစ်ခု မဟုတ်ပါဘူး ။ တကယ်လို့ မင်းရဲ့ အစွမ်းက ရန်သူထက် သာနေပါစေဦး ။ ရန်သူရဲ့ ဝင်္ကပါ အစီအရင်ထဲမှာ ဆိုရင် မင်းရဲ့ အစွမ်းဟာ ကန့်သတ် ခံထားရနိုင်ပါတယ် ။ အဲသည်အတွက် မဟာ ဧကရာဇ် တစ်ပါးကလွဲပြီး ကျန်တဲ့သူတွေဟာ ရန်သူရဲ့ နယ်မြေထဲကို အတင့်ရဲပြီး မဝင်ဝံ့ကြပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကတော့ သာမန်လူတွေနဲ့ မတူညီဘဲ ကွဲပြားခြားနားပါတယ် ။ သူတို့က အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို အနိုင်မယူနိုင်ဘူး ဆိုရင်တောင်မှ အရိုးဖြူ မိစ္ဆာတောင်ကနေ အချိန်မရွေး ထွက်သွားနိုင်စွမ်း ရှိပါသေးတယ် ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အဲသည်ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး ။ သည်လိုနဲ့ပဲ လီဖူချန်းတို့ သုံးယောက်ဟာ အရိုးဖြူ တောင်ရဲ့ တောင်ခြေအစပ်က ဝင်္ကပါ အစီအရင်ထဲကို ဝင်သွားခဲ့ကြပါတယ် ။ အရိုးဖြူ တောင်ပေါ်မှာကလည်း အရိုးကျနေတဲ့ အရိုးစုတွေဟာ လက်ညှိုးထိုး မလွှဲပါပဲ ။ သည်တောင်ပေါ်မှာက အသက်ပေါင်း ဘယ်လောက်တောင် အသက်ပျောက်ခဲ့ရ ပြီးပြီလည်း မသိပါဘူး ။ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သည်မရေမတွက် နိုင်အောင် များပြားလွန်းလှတဲ့ အရိုးတွေကြောင့် အရိုးဖြူ တောင် တစ်ခုလုံးဟာ မိစ္ဆာဆန်တဲ့ အငွေ့အသက်တွေ လွှမ်းခြုံနေတယ် ဆိုတာပါပဲ ။ ပြီးတော့ သည်မိစ္ဆာဆန်တဲ့ အငွေ့အသက်တွေက ဝိညာဉ်ကိုတောင် အေးစိမ့်သွားစေတဲ့ သက်ရောက်မှုမျိုး ရှိတဲ့အတွက် ယန်ထျန်းတောင်မှ အတော်လေး မအီမသာ ဖြစ်နေမိပါတယ် ။ အရိုးဖြူ တောင်ရဲ့ ထိပ်မှာတော့ ပိန်းတိတ်အောင် နက်မှောင်နေတဲ့ နန်းတော်တစ်ခု ရှိနေပြီး အဲသည်နန်းတော်ရဲ့ အဝင်ဝမှာတော့ အရိုးဖြူ တွေနဲ့ ပြုလုပ်ထားတဲ့ နဂါးရုပ်ထုကြီး နှစ်ခု ရှိပါတယ် ။အဲဒါတင် မကသေးပါဘူး ။ နန်းတော်ရဲ့ ခေါင်မိုးမှာ ဆိုရင်လည်း ပုလဲတစ်လုံးကို လုနေကြတဲ့ နဂါးနှစ်ကောင်ရဲ့ ရုပ်ထု ရှိနေပါသေးတယ် ။ ခြုံငုံပြီး ပြောရမယ် ဆိုရင်တော့ သည်နန်းတော်က အတော်လေးကို ခမ်းနားထည်ဝါတဲ့ နန်းတော် တစ်ခုလို့ ဆိုရမှာပါပဲ ။ အထူးသဖြင့် နဂါးရုပ်ထု လေးခုဟာ မသိရင် တကယ့်ကို အစစ်အတိုင်းပဲလို့ ထင်ရလောက်ပါတယ် ။ " သည်ဘက် " အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင် နှစ်ပါးက သူတို့ရဲ့ လက်တွေကို ဆန့်တန်းလိုက်ပြီး လီဖူချန်းတို့ သုံးယောက်ကို နန်းတော်ထဲ ဝင်ရာလမ်းဘက် ညွှန်ပြလိုက်ကြပါတယ် ။ ဒါပေမဲ့လည်း သူတို့ရဲ့ မျက်နှာ အမူအယာတွေကို ကြည့်ခြင်းအားဖြင့် သည်နန်းတော်ထဲမှာက ကောင်းတဲ့အရာ တစ်ခုမှ မရှိနိုင်ပါဘူး ။ " ဝင်ကြမယ် " လီဖူချန်းကတော့ ဘာကိုမှ ဂရုစိုက်မနေတဲ့ ပုံနဲ့ ထိပ်ဆုံးကနေ ဦးဆောင်ပြီး နန်းတော်ထဲ ဝင်သွားခဲ့ပါတယ် ။ မဟူရာနန်းတော်ရဲ့ အတွင်းပိုင်း အပြင်အဆင်က သူတို့ ထင်ထားတာထက်ကို ပိုပြီး ကြီးကျယ် ခမ်းနားပါသေးတယ် ။ ဒါပေမဲ့လည်း လီဖူချန်းတို့ သုံးယောက်က သည်အပြင်အဆင်တွေ အပေါ်မှာ ကောင်းတဲ့ မှတ်ချက်မျိုး မပေးနိုင်ကြပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သည်အပြင်အဆင်တွေက လူသားတွေရဲ့ ဦးခေါင်းခွံတွေ ၊ ကျားတွေ ၊ခွေးတွေ ၊နွားတွေ ၊သမင်တွေရဲ့ အရိုးစုတွေနဲ့ ပြင်ဆင်ထားတာ ဖြစ်နေလို့ပါပဲ ။ သည်နေရာမှာ ရှိနေတဲ့ အရိုးစုတွေက အရွယ်အစား ပေါင်းစုံ ရှိနေပြီး အရေအတွက်ကလည်း ရာပိုင်းကို မကပါဘူး ။ ပြီးတော့ သည်ဦးခေါင်းခွံတွေနဲ့ အရိုးစုတွေက အဖြူ ရောင် မဟုတ်ဘဲ အစိမ်းရောင်ကျင့်ကျင့်ဘက်ကို သန်းနေပါသေးတယ် ။ တစ်နည်းအားဖြင့် ဆိုရင်တော့ အဲသည် အရိုးစုတွေက လူတွေကို စိတ်ပျက် အားငယ်လာအောင် လှုံ့ဆော် နိုင်စွမ်း ရှိတယ်လို့ ဆိုရမှာပါပဲ ။ နန်းတော်ကြီးရဲ့ အစွန်း တစ်ဖက်မှာတော့ ကြီးမားလွန်းလှတဲ့ ပလ္လင်ကြီး တစ်ခု ရှိနေပြီး အဲသည်ပလ္လင် ပေါ်မှာက ဟိတ်ဟန်အပြည့်နဲ့ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ရှိနေပါတယ် ။ အဲသည်လူကတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကလွဲပြီး တခြား မရှိပါဘူး ။ ဖွေးစွတ်အောင် ဖြူ နေတဲ့ ဆံပင်တွေ …… အစိမ်ရောင် သန်းနေပြီး သွေးဆာနေပုံ ပေါက်နေတဲ့ မျက်လုံးတွေ…… စက္ကူ တစ်ရွက်လို ဖြူလျော့နေတဲ့ အသားအရေ …… သည်အချက်အလက်တွေက ပလ္လင်ပေါ်က လူကြီးဟာ အရိုးဖြူ မိစ္ဆာဧကရာဇ် ဖြစ်တယ် ဆိုတာကို ကောင်းကောင်းကြီး သက်သေ ပြနေတဲ့ အချက်တွေပါပဲ ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ နှယ်နှယ်ရရတော့ မဟုတ်ပါဘူး ။သူက ဦးခေါင်းခွံ မဟာ ဧကရာဇ် လက်အောက်က အထွတ်အထိပ်အဆင့် ဧကရာဇ် တစ်ပါးလည်း ဖြစ်ပါသေးတယ် ။ " ဆရာကြီး မိစ္ဆာ ဧကရာဇ် ခင်ဗျား…… ကျွန်တော် ယန်ထျန်းက မဖိတ်ခေါ်ဘဲ လာမိတဲ့ အတွက်ကို တောင်းပန်ပါတယ် " နန်းတော်ထဲကို ရောက်တာနဲ့ တစ်ပြိုင်နက် ယန်ထျန်းက တောင်းပန်စကား ဆိုလိုက်ပါတယ် ။ ဒါပေမဲ့လည်း အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကတော့ ယန်ထျန်းကို အဖက်ကို မလုပ်ပါဘူး ။ အဲသည်အစား သူက ရန်ချင်းဟူကိုသာ ကြည့်နေခဲ့ပါတယ် ။ " အပိုတွေ လုပ်မနေနဲ့ ။ငါမင်းရဲ့ လာရင်း ရည်ရွယ်ချက်ကို သိတယ် ။ သည်ကောင်မလေးကိုသာ ထားခဲ့ ။ ကျန်တာကို ငါညှိနှိုင်းပေးလို့ ရတယ် " အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ ကျင့်စဉ်က ဆန့်ကျင်ဘက် လိင်တွေရဲ့ ယင်စွမ်းအားတွေကို စုပ်ယူပြီး ယန်စွမ်းအင်အဖြစ် ပြောင်းလဲရတဲ့ ကျင့်စဉ်ပါပဲ ။ အရိုးဖြူ တောင်ပေါ်မှာ ရှိနေတဲ့ အရိုးစု အများစုက သူရဲ့ လက်ချက်နဲ့ ယင်စွမ်းအားတွေ ကုန်ခန်းပြီး သေဆုံးသွားရတဲ့ အချောအလှလေးတွေရဲ့ အရိုးစုတွေလို့ ဆိုရပါမယ် ။ အဲသည်အတွက် သူက ရန်ချင်းဟူကို ဘယ်လိုမှ လက်လွှတ် မခံနိုင်ပါဘူူး ။ ရန်ချင်းဟူက ရုပ်ရည် အသွင်သဏ္ဍာန် အပိုင်းမှာ ပြိုင်ဘက်ကင်းအောင် လှပတဲ့အပြင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၁ ဧကရီ တစ်ပါးလည်း ဖြစ်နေတာ မဟုတ်ပါလား ။ တကယ်လို့သာ သူ့အနေနဲ့ ရန်ချင်းဟူရဲ့ ယင်စွမ်းအားတွေကိုသာ စုပ်ယူခွင့် ရလိုက်မယ် ဆိုရင်ဖြင့် သူ့ရဲ့ ကျင့်ကြံခြင်းဟာ သိသိသာသာကြီးကို တိုးတက်သွားမှာ ဖြစ်ပါတယ် ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ကြီးမှာက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေဟာ တစ်ရာကနေ နှစ်ရာ အတွင်းမှာသာ ရှိပြီး ဧကရီတွေဆိုရင် ဆယ်ပါးတောင် မပြည့်ဘူး ဆိုတာပါပဲ ။ အဲသည်အတွက် အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ ဘယ်ဧကရီ တစ်ပါးဆီကမှ ယင်စွမ်းအားတွေကို မစုပ်ဖူးပါဘူး ။ ပြီးတော့ သည်ကုန်းမြေတိုက်က ဧကရီတိုင်း ဆီမှာက ကြောက်မက်ဖွယ်ကောင်းတဲ့ နောက်ခံ အသိုင်းအဝိုင်း ကိုယ်စီ ရှိကြပါတယ် ။ ဒါပေမဲ့လည်း ရန်ချင်းကတော့ အခုမှ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို တက်လှမ်းလာသူ ဖြစ်ပြီး နောက်ခံ အသိုင်းအဝိုင်း မရှိတာ အသိသာကြီးပါပဲ။ " အဟင့် …… သည်တော့ ရှင်က ကျွန်မကို ခေါ်ထားချင်တယ်ပေါ့လေ " ရန်ချင်းဟူကတော့ စိတ်အလိုမကျတဲ့ ပုံနဲ့ မျက်မှောက်ကြုတ်စ ပြုနေပါပြီ ။ ပြီးတော့ လူသတ်ချင်တဲ့ အငွေ့အသက် တစ်ခုကလည်း သူမရဲ့ ခန္ဓာကိုယ်ထဲကနေပြီး ထွက်ပေါ်လာခဲ့ပါတယ် ။ " အင်း……ကြည့်ရတာတော့ ဘယ်လိုမှ ညှိနှိုင်းလို့ မရတော့ဘူး ထင်ပါရဲ့ " လီဖူချန်းကတော့ ခေါင်းတခါခါနဲ့ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိပါတယ် ။ဒါပေမဲ့လည်း သူ့ရဲ့ မျက်လုံးတွေကတော့ သူ့ရဲ့ လေသံနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီး ဓားတစ်လက်လို တောက်ပနေခဲ့ပါပြီ ။ " ဟား……ဟား……" အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကတော့ ရန်ချင်းဟူ နဲ့ လီဖူချန်းတို့ကို ကြည့်ပြီး တဟားဟား ရယ်နေပါတယ် ။ ဒါက တကယ့်ကို ဟာသ ပြဇာတ်တစ်ပု ဒ်ကို ကြည့်နေရတဲ့ အတိုင်းပါပဲ ။ တစ်ယောက်က မူလပင်လယ် နယ်ပယ် အဆင့်၉ …… နောက်တစ်ယောက်က ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့် ၁ …… သူတို့နှစ်ယောက်က တကယ်ကြီး သူနဲ့ တိုက်ချင်နေတာလား ။ ဒါက ဘယ်လောက်အထိတောင် ရယ်ရတဲ့ ကိစ္စပါလဲ ။ " မင်းတို့နှစ်ယောက်က တကယ်ကြီး မင်းတို့ရဲ့ အစွမ်းတွေကို အထင် ကြီးနေကြတာပါလား ။ အစတုန်းကတော့ ငါက မင်းတို့ကို သက်ညှာမလို့ပဲ ။ ဒါပေမဲ့ အခုတော့ ……အင်း ……" အရိုးဖြူ မိစ္ဆာ ဧကရာဇ်က စကားပြောနေရကါ်င်းနဲ့ သက်ပြင်းတစ်ချက် ချလိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်ပါတယ် ။ သည်လက်ဝါးရိုက်ချက်က သာမန် လက်ဝါးရိုက်ချက် တစ်ချက်ပါပဲ ။ ဒါပေမဲ့လည်း အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါး ဖြစ်နေတဲ့အတွက် သူ့ရဲ့ သာမန် လက်ဝါးရိုက်ချက်ဟာ အဆင့်မြင့် ဧကရာဇ်တွေကိုတောင်မှ ဒုက္ခ ရောက်သွားစေနိုင်ပါတယ် ။ ဟူး……ဟူး……ဟူး…… ဒါဇင်နဲ့ချီတဲ့ အရိုးဖြူ လက်တွေဟာ လေဟာနယ် ဟင်းလင်းပြင်ထဲကနေ ပေါ်ထွက်လာပြီး လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကို စတင် ဆွဲယူလာခဲ့ကြပါပြီ ။ ယန်ထျန်းအတွက်ကတော့ အချိန်တွေဟာ ရပ်တန့် သွားသလိုပါပဲ ။ သူက လက်ချောင်းလေး တစ်ချောင်းတောင် လှုပ်လို့ မရပါဘူး ။ အဲသည်အတွက် သူဟာ ချွေးစေးတွေ ပြန်လာပြီး အကြောက်ကြီး ကြောက်နေခဲ့ပါပြီ ။ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာ ရှိတဲ့ လူတွေအားလုံးက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ အရိုးဖြူ နတ်မိစ္ဆာ လက်ဝါးဟာ ဘယ်လောက်အထိ ကြောက်စရာ ကောင်းသလဲ ဆိုတာကို သိကြပါတယ် ။ လက်ဝါးရိုက်ချက်ကို ခံဆောင်ဖို့ မပြောပါနဲ့ဦး ။ လက်ဝါးရိုက်ချက် အဖျားလေး ခတ်သွားရင်တောင်မှ အဲဒါက လူတစ်ယောက်ကို အရိုးကျသွားအောင် လုပ်နိုင်ပါတယ် ။အဲဒါက အပြင်ဘက်မှာ ရှိနေတဲ့ အဆိပ်ခိုး၊အဆိပ်ငွေ့တွေထက် အဆပေါင်းများစွာ ပိုပြီး ကြောက်စရာ ကောင်းတဲ့ အရာပါပဲ ။ " ငါသည်နေ့ သေရတော့မှာလား " ယန်ထျန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ် ။ " သွားစမ်း " အဲသည်အချိန်မှာပဲ အော်ဟစ်သံ တစ်ခုနဲ့အတူ အနက်ရောင် ဓားမော့ အလင်းတန်း တစ်ခုက ထွက်ပေါ်လာပြီး အရိုးဖြူ လက်ဝါးရိပ်တွေကို တစ်စစီ ဖြစ်သွားအောင် ခုတ်ပိုင်း ပစ်လိုက်ပါတော့တယ် ။ အဲဒါတင် မကသေးပါဘူး ။ ကျန်နေသေးတဲ့ ဓားမော့ အလင်းတန်းက အရှိန် မသေသေးဘဲ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဆီကိုပါ တိုးဝင် သွားပါသေးတယ် ။ " ဟင် " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အနည်းငယ် အံ့သြသွားတဲ့ဟန်နဲ့ တစ်ချက် ရေရွတ်လိုက်မိပါတယ် ။ သူက တစ်ဖက်လူတွေဟာ သူ့ရဲ့ လက်ဝါးရိုက်ချက်ကို ဖျက်ဆီးပစ် နိုင်မယ်လို့ လုံးဝ မမျှော်လင့် ထားခဲ့ပါဘူး ။ " စိတ်ဝင်စားစရာပဲ ။ ကြည့်ရတာ ငါ့ရဲ့ တကယ့် အစွမ်း နည်းနည်းလောက်မှ မသုံးရင် မင်းတို့ နှစ်ယောက်ကို မဆုံးမနိုင်တော့ဘူး ထင်တယ် " စကားဆုံးတာနဲ့ တစ်ပြိုက်နက် အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ သူ့ရဲ့ ညာဘက်လက်ကို ဆန့်တန်းပြီး ကုပ်ဆွဲလိုက်ပါတော့တယ် ။ ဂျစ်……ဂျစ်……ဂျစ်…… အဲသည်နောက်မှာတော့ တဂျစ်ဂျစ် မြည်သံတွေနဲ့အတူ အရိုးဖြူတွေဟာ နန်းတော်ရဲ့ ကြမ်းပြင်ကနေ ထွက်ပေါ်လာပြီး ရန်ချင်းဟူကို အကျဉ်းထောင် တစ်ခုသဖွယ် ဖမ်းချုပ် လိုက်ပါတော့တယ် ။ ထင်……ထင်……ထင်…… ရန်ချင်းဟူကလည်း ငြိမ်ခံ မနေပါဘူး ။ သူမက သူမရဲ့ မဟူရာ ဓားမော့ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ပြီး အရိုးဖြူတွေရဲ့ ဖမ်းချုပ်မှုကို တန်ပြန် လိုက်ပါတယ် ။ ရန်ချင်းဟူရဲ့ လက်ရှိ အစစ်အမှန် စိတ်ဝိညာဉ်က မဟာ ဧကရာဇ် တစ်ဦးနဲ့ ညီမျှနေပြီ ဖြစ်တဲ့အတွက် သူရဲ့ မဟူရာ ဓားမော့သိုင်းဟာ အထစ်အငေါ့ လုံးဝ ရှိမနေတော့ပါဘူး ။ ဒါပေမဲ့လည်း အရိုးဖြူ အကျဉ်းထောင်က သူမ ထင်ထားတာထင်ကို မာကျော နေပါသေးတယ် ။ ဓားမော့ အလင်းတန်းတွေက အရိုးဖြူတွေကို ချိုင့်ဝင်သွားအောင်သာ လုပ်နိုင်ပြီး ခုတ်ဖြတ်နိုင်စွမ်းတော့ မရှိပါဘူး။ " ဓားမော့ အရွေ့ " သူမရဲ့ ဓားမော့သိုင်းက အရိုးဖြူထောင်ကို မဖျက်ဆီးနိုင်မှန်း သိလိုက်တဲ့ နောက်မှာတော့ ရန်ချင်းဟူက အပင်ပန်း ခံမနေတော့ဘဲ ဓားမော့အရွေ့ကို သုံးလိုက်ပြီး အကျဉ်းထောင် အပြင်ဘက်ကို ထွက်သွားလိုက်ပါတယ် ။ " အိုး……နေရာပြောင်းရွှေ့တဲ့ နည်းစနစ်ပါလား" အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ မျက်နှာက လေးနက် တည်ကြည် သွားခဲ့ပါပြီ ။ ရုတ်ချည်း နေရာပြောင်းရွှေ့တဲ့ စနစ်ကို တတ်မြောက်ထားတဲ့လူနဲ့ မတတ်မြောက်ထားတဲ့ လူကြားမှာက ကွာဟမှုတွေ အများကြီး ရှိနေတာ မဟုတ်ပါလား ။ အထွတ်အထိပ် အဆင့် ဧကရာဇ်ဖြစ်တဲ့ သူဟာ မဟာ ဧကရာဇ်တွေကို လေးစားပေမယ့်လည်း ဘယ်တုန်းကမှ မကြောက်ခဲ့ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက အရိုးဖြူ အရွေ့ကို နားလည် တတ်မြောက်ထားပြီးပြီ ဖြစ်နေလို့ပါပဲ ။ သူက မဟာ ဧကရာဇ် တစ်ပါးကို မယှဉ်နိုင်ရင်တောင်မှ အေးအေးဆေးဆေး ထွက်ပြေး လွတ်မြောက် နိုင်ပါတယ် ။ ဒါပေမဲ့လည်း သူက မဟာ ဧကရာဇ် တစ်ပါးကို ဘယ်တော့မှ ရန်သွားစမှာ မဟုတ်ပါဘူး ။ " မင်းက ရုတ်ချည်း နေရာပြောင်းရွှေ့ တတ်တော့လည်း ဘာအရေးလဲ ။ သည်နေ့ သည်နေရာကို ရောက်လာပြီးမှတော့ မင်းကို ထွက်သွားခွင့် မပေးနိုင်တော့ဘူး " စကားဆုံးတဲ့ နောက်မှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ ပလ္လင်ပေါ်ကနေ ထလိုက်ပြီး သူ့ရဲ့ တကယ့် အစစ်အမှန် စွမ်းရည်နဲ့ တိုက်ခိုက်ဖို့ ပြင်လိုက်ပါတော့တယ် ။ ရွှီး…… အဲသည်အချိန်မှာပဲ မျက်စိကျိန်းလုမတတ် တောက်ပနေတဲ့ ဓားအလင်းတန်း တစ်ခုဟာ လေဟာနယ် ဟင်းလင်းပြင်ကို ဖြတ်သန်းပြီးတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဆီကို တိုးဝင်လာခဲ့ပါတယ် ။ အဲသည် ဓားအလင်းတန်းက လျင်မြန်လွန်းလှတဲ့အတွက် အရိုးဖြူ မိစ္ဆာ ဧကရာဇ်တောင်မှ အချိန်မီ မရှောင်တိမ်းလိုက် နိုင်ပါဘူး ။