အပိုင်း-၆၈၈
Vol. 51 Ch. 688
အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို ဆုံးမခြင်း " အရိုးဖြူ အရွေ့ " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က ဓားအလင်းတန်းကို ရှောင်တိမ်းဖို့ အချိန် မမီပေမယ့်လည်း အရိုးဖြူ အရွေ့ကို သုံးနိုင်ပါသေးတယ် ။ အဖြူ ရောင် အရိုးစု တစ်ခုရဲ့ ပုံရိပ်တစ်ခု ထွက်ပေါ်လာ အပြီးမှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ဟာ ဖောက်ထွင်းမြင်ရလုမတတ် ဖြစ်သွားခဲ့ပါပြီ ။ ပြီးတာနဲ့ တစ်ပြိုင်နက် အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ နန်းတော်ရဲ့ ညာဘက်ခြမ်းမှာ ပြန်ပေါ် လာခဲ့ပါတယ် ။ ဓားအလင်းတန်းက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို ခုတ်ပိုင်း မိခဲ့ပေမယ့်လည်း ဘာမှ ထိထိရောက်ရောက် သက်ရောက်နိုင်စွမ်း မရှိပါဘူး ။ အဲဒါက လေကို ခုတ်ပိုင်းလိုက်ရသလိုပါပဲ ။ ဒါပေမဲ့…… ဒါပေမဲ့ …… ထောက်……ထောက်……ထောက်…… ရုတ်တရက် ဆိုသလိုပဲ နန်းတော်ရဲ့ ကြမ်းပြင်ပေါ်ကို အရည်တစ်ခုခုရဲ့ စီးကျနေသံကို လူအားလုံး ကြားလိုက်ရပါတယ် ။ အနီရောင် သွေးစက်…… ဟုတ်ပါတယ် ။ရဲရဲနီနေတဲ့ သွေးစက်တွေဟာ နန်းတော်ရဲ့ ကြမ်းပြင်ပေါ်ကို တထောက်ထောက် မြည်သံနဲ့ အတူ စီးကျ နေခဲ့တာပါ ။ အဲသည်သွေးတွေကတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ သွေးတွေကလွဲပြီး တခြား မရှိပါဘူး ။ " ဟင် ……ဘယ်……ဘယ်လိုဖြစ်ပြီး " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က ငုံ့ကြည့်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ရင်ဘတ်က အရိုးဖြူ ချပ်ဝတ်တန်ဆာဟာ အက်ကွဲနေပြီး သွေးတွေ စီးယိုကျနေတာကို သတိပြုမိလိုက်ပါတယ် ။ " တောက် ……ခွေးမသား " အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ မျက်လုံးတွေက ဒေါသကြောင့် မီးဝင်းဝင်း တောက်သွားခဲ့ပါပြီ ။တစ်ချိန်တည်းမှာပဲ သူက အကြောက်တရားရဲ့ တစ်စွန်းတစ်စကို ခံစားလိုက်မိပါတယ် ။ ရန်သူရဲ့ ဓားသိုင်းက လျင်မြန်လွန်းလှတာ မဟုတ်ပါလား ။ သူက အရိုးဖြူ အရွေ့ကို သုံးလိုက်တာတောင်မှ အပြည့်အဝ မရှောင်တိမ်းနိုင်ခဲ့ပါဘူး ။ " မဟူရာ ဓားမော့ …… ကံကြမ္မာ အလှည့်အပြောင်း " အရိုးဖြူ မိစ္ဆာ ဧကရာဇ် တစ်ယောက် အသက် ရှုခွင့်တောင် အချိန် ကောင်းကောင်း မရသေးပါညဘူး ။ ရန်ချင်းဟူရဲ့ ဓားမော့က သူ့ဆီ ကပ်ပြီး ဝင်လာခဲ့ ပြန်ပါပြီ ။ 'မဟူရာ ဓားမော့ ၊ ကံကြမ္မာ အလှည့်အပြောင်း ' ဓားကွက်မှာက ပြင်းအားက အဓိက မဟုတ်ပါဘူး ။ သည်ဓားကွက်က အချိန်ကို ကွက်တိကွက်ကျ အသုံး ပြုနိုင်ဖို့ပဲ လိုတာပါ ။ ကံ့ကြမ္မာ အလှည့်အပြောင်း ဆိုကတည်းက အဲဒါဟာ ခန့်မှန်းလို့ မရနိုင်ဘူး ဆိုတာကို သိသာလွန်းနေပါပြီ ။ ရွှီး…… သည်ဓားမော့က တကယ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး မာယာများလွန်းလှတဲ့အတွက် အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ ဟာကွက်ထဲကို တိတိကျကျကြီး ဝင်သွားခဲ့ပါတယ် ။ " သေစမ်း ……ဒါက ဘယ်လို ဓားကွက်လဲ " အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကတော့ တကယ်ကို မျက်ကလူးဆန်ပြာ ဖြစ်နေခဲ့ပါပြီ ။ ရန်ချင်းဟူရဲ့ ဓားကွက်က တကယ်ကို မာယာ များလွန်းလှတဲ့အတွက် သူ့အနေနဲ့ ဘယ်လိုမှ ခုခံနိုင်စရာ အကြောင်း မရှိပါဘူး ။ အဲသည်အတွက် သူဟာ တခြား ရွေးချယ်စရာ မရှိဘဲ အရိုးဖြူ အရွေ့ကို နောက်ထပ် တစ်ကြိမ် ထပ်မံ အသုံးပြုလိုက်ရ ပြန်ပါတယ် ။ ရွှမ်း…… သွေးတွေက ဖြာထွက် သွားခဲ့ပြန်ပါပြီ ။ ရန်ချင်းဟူရဲ့ ဓားမော့က လီဖူချန်းရဲ့ ဓားလောက် မမြန်ပါဘူး ။ ဒါပေမဲ့လည်း ဓားမော့က အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို ဒဏ်ရာရအောင်တော့ စွမ်းဆောင် နိုင်ပါသေးတယ် ။ " မင်းတို့နှစ်ယောက်က တကယ် သေချင်နေတာပဲ " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သည်လို စော်ကားမှုမျိုးကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာတဲ့လဲ ။ သူက မဟာ ဧကရာဇ် တစ်ပါးနဲ့ ထိပ်တိုက် တွေ့ရင်တောင်မှ အခုလိုမျိုး အရှက်ကွဲစရာ အကြောင်း မရှိပါဘူး ။ " အရိုးမိစ္ဆာ အမိန့်တော် " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သူ့ရဲ့ အရိုးဖြူ ချီစွမ်းအားတွေကို ထုတ်လိုက်ပြီး လေဟာနယ် တစ်ခုလုံးကို တုန်ခါစေလိုက်ပါတယ် ။ ဝုန်း…… အဲသည်နောက်မှာတော့ ရာနဲ့ချီတဲ့ အရိုးစုတွေဟာ ဝိညာဉ် အငွေ့အသက်တွေနဲ့အတူ နန်းတော်ရဲ့ ကြမ်းပြင်ထဲကနေပြီး ထိုးတက် လာခဲ့ကြပါပြီ ။ သည်မဟူရာ နန်းတော်မှာက အကာအကွယ် အစီအရင် ရှိနေလို့သာပေါ့ ။ မဟုတ်ရင်တော့ အရိုးဖြူ တောင်တစ်ခုလုံးဟာ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ ချီစွမ်းအားတွေကြောင့် တစ်စစီ ဖြစ်သွားနိုင်ပါတယ် ။ " ကလန်ခေါင်းဆောင်ယန် …… တခြားလူတွေကို အရင်သွားပြီး ကယ်လိုက် ။ သည်ကိစ္စကို ကျွန်တော်တို့နှစ်ယောက် ကြည့်ရှင်းလိုက်မယ် " လီဖူချန်းက ဓားဆန္ဒ တစ်ခုကို ထုတ်ကာ ယန်ထျန်းကို အကာအကွယ် ပေးလိုက်ပြီး နန်းတော် အပြင်ဘက်ကို တွန်းထုတ်လိုက်ပါတယ် ။ " ဟုတ်ပြီ " ယန်ထျန်းက လီဖူချန်းရဲ့ အကြံအစည်ကို မကန့်ကွက်ပါဘူး ။ သူက သည်နေရာမှာ နေနေလည်း လီဖူချန်းတို့အတွက် ဘာမှ အကူအညီ မဖြစ်ဘူး ဆိုတာကို ကောင်းကောင်းကြီး သိပါတယ် " ထင်……ထင်……ထင်…… ထန်……ထန်…… ဒေါသထွက်နေတဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ တကယ့် အစစ်အမှန် တိုက်ကွက်နဲ့ တွေ့တဲ့ အချိန်မှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ အတော်လေး အကျပ် တွေ့နေခဲ့ကြပါပြီ ။ သူတို့နှစ်ယောက်ရဲ့ အစွမ်းက ထက်တာ မှန်ပေမယ့် သူတို့နဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကြားက ကျင့်ကြံခြင်း အဆင့်က ကွာခြားလွန်းလှတာ မဟုတ်ပါလား ။ တကယ်လို့သာ သူတို့အနေနဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို တိုက်ရိုက် ရင်ဆိုင်မယ်ဆိုရင် သူတို့ဟာ အသက်တောင် ပျောက်ကောင်း ပျောက်သွားနိုင်လောက်ပါတယ် ။ ဒါပေမဲ့ သူတို့ မသိတာကတော့ တိုက်ပွဲ ကြာလာတာနဲ့အမျှ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ သူတို့ထက်ပိုပြီး အကျပ် ရိုက်နေတယ် ဆိုတာပါပဲ ။ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ ပြသနေတဲ့ အစွမ်းတွေက အဆင့်မြင့် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးနဲ့ ညီမျှနေတယ် ဆိုတာ အသိသာကြီးပါပဲ ။ ပြီးတော့ သူတို့ရဲ့ ဓားစွမ်းတွေက အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါးရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့တောင် ညီမျှပါတယ် ။ အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါးရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ညီမျှတယ် ဆိုတာက နောက်စရာ လုံးဝ မဟုတ်ပါဘူး ။ အဲဒါက မဟာ ဧကရာဇ် တစ်ပါးကိုတောင် ဒဏ်ရာ ရစေဖို့အတွက် ကောင်းကောင်းကြီး လိုအပ်ပါတယ် ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ အဆင့်မြင့် ဧကရာဇ် တစ်ပါး ၊ အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါး နဲ့ မဟာ ဧကရာဇ် တစ်ပါးတို့ဟာ ခံနိုင်ရည် အပိုင်းမှာ သိပ်ပြီး မကွာခြားလှဘူး ဆိုတာပါပဲ ။ အဲသည်အတွက် သူတို့ဟာ ချက်ကောင်းကို ထိခံလိုက်ရရင် ရလဒ်ဟာ သိပ်ကွာလှမှာ မဟုတ်ပါဘူး ။ " အစစ်အမှန် ဟင်းလင်းပြင် ဖြစ်တည်မှု " ပြဒါးရည်လို ဓားအလင်းတန်း တစ်ခုက ရုတ်တရက် ဖြစ်တည်လာပြီး အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို လွှမ်းခြုံ သွားခဲ့ပါပြီ ။ ဘန်း……ဘန်း……ဘန်း…… အဲသည်နောက်မှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ ကိုယ်ပေါ်က အရိုးဖြူ ချပ်ဝတ်တန်ဆာဟာ တဘန်းဘန်း မြည်သံနဲ့အတူ တစ်စစီ ပေါက်ကွဲကုန်ပါတယ် ။ " ဝေါ့ " အဲဒါတင် မကသေးပါဘူး ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ သွေးတစ်လုတ်ကိုလည်း အန်လိုက်ရပါသေးတယ် ။ " ခွေးမသား သေစမ်း " ဒေါသ အမျက် တချောင်းချောင်း ထသွားတဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ သူ့ရဲ့ ဒဏ်ရာကို အမှု မထားဘဲ လီဖူချန်းကို လက်ဝါးနဲ့ ပြန်ပြီး ရိုက်ထည့် ပစ်လိုက်ပါတယ် ။ ဒေါသနဲ့ အငြိုးတကြီး ပြန်ရိုက်လာခဲ့တဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ လက်ဝါးကိုတော့ လီဖူချန်းဟာ တောင့်ခံဖို့က လွဲပြီး တခြား ရွေးချယ်စရာ မရှိပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ ဘယ်အချိန်ကတည်းကနေပြီး ရုတ်ချည်း နေရာပြောင်းရွှေ့ခြင်းကို ပိတ်ပင်တဲ့ အစီအရင် ဝင်္ကပါကို အသက်သွင်းထားမှန်း မသိလို့ပါပဲ ။ ဘန်း…… " ဝေါ့ " လေဟာနယ် ဟင်းလင်းပြင်ထဲကနေ အရိုးကျနေတဲ့ လက်ဝါးကြီး တစ်ဖက် ပေါ်လာပြီး ရိုက်ထုတ်ပစ်လိုက်တဲ့ နောက်မှာတော့ လီဖူချန်းဟာ အနောက်ကို အတော်ဝေးဝေးအထိ လွင့်ထွက် သွားခဲ့ပါပြီ ။ " မဟူရာဓားမော့ …… ရွက်လွှင့် " ရန်ချင်းဟူက လီဖူချန်းဟာ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို ဘယ်လိုမှ တစ်ယောက်တည်း ထိပ်တိုက် မရင်ဆိုင်နိုင်ဘူး ဆိုတာကို သိတဲ့အတွက် ကြားထဲကနေပြီး တောင့်ခံ ထားပေးလိုက်ပါတယ် ။ ဟူး……ဟူး……ဟူး…… လှိုင်းလုံးကြီး တစ်ခုနဲ့ တူတဲ့ ဓားမော့ အားလှိုင်း တစ်ခုက အရိုးဖြူ မိစ္ဆာ ဧကရာဇ် နဲ့ လီဖူချန်းကြားမှာ ပေါ်လာခဲ့ပါပြီ ။ ရန်ချင်းဟူရဲ့ သည်ဓားကွက်က" မဟူရာ ဓားမော့၊ ကံကြမ္မာ အလှည့်အပြောင်း "လောက် မာယာ မများလှပါဘူး ။ ဒါပေမဲ့လည်း သည်ဓားကွက်က တည့်တိုးဆန်ပြီး အရှိန် ပြင်းထန်လွန်းလှပါတယ် ။ဓားကွက် ထွက်ပေါ်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ လမ်းကြောင်းမှာ ရှိသမျှ အရာတိုင်းဟာ ပြတ်ထွက် သွားတော့တာပါပဲ ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါး ဖြစ်တဲ့အတွက် သူ့ကို ပိုင်းဖြတ်နိုင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ ဒါပေမဲ့လည်း ရန်ချင်းဟူရဲ့ ဓားကွက်က အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို ဘယ်ဘက် ပခုံးကနေ ညာဘက် ခါးနားအထိ ရှည်လျားတဲ့ ဓားဒဏ်ရာကြီး တစ်ခု ပေးစွမ်း နိုင်ခဲ့ပါတယ် ။ " သေချင်နေတာပဲ ……မင်းတို့ နှစ်ယောက်က တကယ် သေချင်နေတာပဲ " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သူ့ရဲ့ ဒေါသတွေကို ဘယ်လိုမှ ထိန်းမနိုင်တော့ပါဘူး ။ သူက အခုလို ဒဏ်ရာ အပြင်းအထန် မရခဲ့တာ ဘယ်လောက် ကြာနေခဲ့ပြီလဲ ။ အရင်တုန်းကတော့ သူဟာ မဟာ ဧကရာဇ်တွေကလွဲပြီး ဘယ်သူကမှ သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေခဲ့တာပါ ။ ဒါပေမဲ့လည်း သည်နေ့မှာတော့ သူဟာ မျိုးဆက်သစ် လူငယ်လေး နှစ်ယောက်ကြောင့် ဒဏ်ရာ ရသွားခဲ့ပါပြီ ။ " လာခဲ့ " နောက်ဆုံးမှာတော့ သွေးရူးသွေးတန်း ဖြစ်နေတဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ သူ့ရဲ့ ချီအတွင်းအားတွေကို အရိုးဖြူ ဥပဒေသ ပြောင်းလဲခြင်းကို ထုတ်သုံး လာခဲ့ပါပြီ ။ ခရက်……ခရက်……ခရက်…… ဝေါ……ဝေါ…… အရိုးဖြူ ဥပဒေသ ပြောင်းလဲခြင်း စတင် ဖြစ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် မဟူရာ နန်းတော်ကြီးဟာလည်း အက်ကွဲလာပြီး ပြိုကျလာခဲ့ပါတယ် ။သည်နန်းတော်ကြီးက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ အရိုးဖြူ ဥပဒေသ ပြောင်းလဲခြင်းကို ဘယ်လိုမှ မတောင့်ခံနိုင်ပါဘူး ။ " သေစမ်း……သေ……သေစမ်း " အဲသည်နောက်မှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကးဟာ အဖြူ ရောင် အရိုးစုကြီးကို ထိန်းချုပ်ပြီး လီဖူချန်းတို့ နှစ်ယောက်ကို ဒေါသတကြီးနဲ့ တရစပ် ရိုက်နှက်ပါတော့တယ် ။ ဘန်း…… အရိုးစုကြီးရဲ့ လက်စာကို ပထမဦးဆုံး မြည်းစမ်း လိုက်ရသူကတော့ ရန်ချင်းဟူပါပဲ ။ သူမက အရိုးစုကြီးရဲ့ လက်ဝါးရိုက်ချက်ကြောင့် အတော်ဝေးဝေး အထိကို လွင့်ထွက်သွားခဲ့တာပါ ။ " ဟင်းလင်းပြင်ဓား " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က ရန်ချင်းဟူကို အဆုံးသတ်ဖို့ ပြင်လိုက်ပေမယ့်လည်း လီဖူချန်းက လုံးဝ ခွင့်မပြုပါဘူး ။ တကယ့်ကို အရေးကြီးတဲ့ အခိုက်အတန့်မှာတော့ သူက သူ့ရဲ့ အားထားရတဲ့ ဓားကွက်ကို ထုတ်ပြီး အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို ဟန့်တား ထားလိုက်ပါတယ် ။ ရွှမ်း…… ဖောက်ထွင်းမြင်ရလုမတတ် ကြည်လင်တောက်ပနေတဲ့ ဓားသွားက လေဟာနယ် ထဲကနေ ထွက်ပေါ်လာပြီး အရိုးစုကြီးကို ပိုင်းဖြတ် ပစ်လိုက်ပါပြီ ။ ခရက်……ခရက်……ခရက်…… လီဖူချန်းရဲ့ ဟင်းလင်းပြင်ဓားက ဘယ်လောက်အထိတောင် ပြင်းထန်သလဲ မသိပါဘူး ။ အဲဒါက အရိုးစုကြီးကို တွန့်လိမ်သွားစေပြီး အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့ပါတယ် ။ ' မဟူရာဓားမော့ ……တာအိုကို ရှာဖွေခြင်း " အဲသည်အချိန်မှာပဲ နေတစ်စင်းလို ပူပြင်းလှတဲ့ ဓားမော့ အလင်းတန်း တစ်ခုက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဆီကို ထပ်ပြီး တိုးဝင်လာပြန်ပါတယ် ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သူ့ရဲ့ အရိုးစုကြီးကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားပေမယ့်လည်း အချိန်က မမီတော့ပါဘူး ။ ဓားမော့ အလင်းတန်းက ပြင်းထန် လွန်းလှတဲ့အတွက် သူ့အနေနဲ့ ဘာမှ မလုပ်နိုင်ခင်မှာတင် သူ့ရဲ့ အရိုးဖြူ ဥပဒေသ ပြောင်းလဲခြင်းဟာ ပျက်ပြယ် သွားပါတော့တယ် ။ သူ့ရဲ့ အရိုးဖြူ ဥပဒေသ ပြောင်းလဲခြင်းက မပျက်ပြယ်လို့လည်း မရပါဘူး ။ " မဟူရာ ဓားမော့ - တာအိုကို ရှာဖွေခြင်း " ဆိုတာက ရန်ချင်းဟူ သိထားသမျှ ဓားကွက်တွေထဲမှာ အစွမ်း အထက်ဆုံး မဟုတ်ပါလား ။ အဲသည် ဓားကွက်က ကောင်းကင် အထွတ်အထိပ် အဆင့်ကိုတောင် ရောက်လုနီးပါး ဖြစ်ပြီး ကောင်းကင်တာအိုရဲ့ ဓားမော့လို့လည်း ကျော်ကြားပါတယ် ။ ကောင်းကင်တာအိုရဲ့ ရှေ့မှောက်မှာတော့ အရာအားလုံးဟာ ပမွှာလေးတွေပါပဲ ။ အရာ အားလုံးဟာ ကောင်းကင်တာအိုရဲ့ စီရင်မှုကို မငြင်းဆန်ဘဲ နာခံကြရတာပါ ။ " ဝေါ့ " ဓားမော့အလင်းတန်းက အရိုးဖြူ ဥပဒေသ ပြောင်းလဲခြင်းကို ဖျက်ဆီးလိုက်ရုံတင် မကပါဘူူး ။ အဲဒါက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကိုပါ ဖောက်ထွင်း သွားခဲ့ပါတယ် ။ " သည်ဓားကွက်က အရင်ကထက် ပိုအစွမ်း ထက်လာပြီပဲ " လီဖူချန်းကတော့ ရန်ချင်းဟူရဲ့ ဓားကွက်ကို ကြည့်ရင်း စိတ်ထဲကနေ တွေးနေမိပါတယ် ။ အရင်တုန်းကဆိုရင် ရန်ချင်းဟူက သည်ဓားကွက်ကို သည်လောက်အထိ ပြင်းထန်အောင် အသုံး မပြုနိုင်ပါဘူး ။ " အရိုးဖြု - စတေးခံ သချိ ၤုင်း " တစ်ခေါက်ပြီး တစ်ခေါက် ဒဏ်ရာ ရနေတဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကတော့ သွေးရူးသွေးတန်း ဖြစ်သွားခဲ့ပုံပါပဲ ။ သူက ညာဘက်လက်ကို လေထဲမှာ ဝှေ့ယမ်းလိုက်ပြီး အရိုးဖြူ တောင်ရဲ့ ဝင်္ကပါ အစီအရင်ကို အဆုံးစွန်ဆုံးအထိ လည်ပတ်စေလိုက်ပါတယ် ။ ခရက်……ခရက်……ခရက်…… ဝေါ……ဝေါ……ဝေါ…… အဲသည်နောက်မှာတော့ အရိုးဖြူ တောင် တစ်ခုလုံးမှာ ရှိနေတဲ့ အရိုးစုတွေဟာ မြေကြီးထဲကနေ တိုးထွက် လာခဲ့ကြပြီး လီဖူချန်းတို့ဆီကို သွေးရူးသွေးတန်း ပြေးဝင် လာခဲ့ကြပါပြီ ။ သည်အရိုးစုတွေရဲ့ အရေအတွက်က ဘယ်လောက်အထိ များသလဲဆိုတော့ ရေတွက်လို့တောင် မကုန်နိုင်တဲ့ အထိပါပဲ ။ သည်အရိုးဖြူ တောင်ပေါ်မှာ မြုပ်နှံခံထားရတဲ့ အရိုးစုတွေကို ပုံလိုက်မယ်ဆိုရင် အရိုးဖြူ တောင်ထက်တောင် ပိုကြီးပြီး ၊ ပိုမြင့်နေမလားတောင် မသိပါဘူး။ " ဟား……ဟား……ဟား…… မင်းတို့က ငါ့ရဲ့ အရိုးဖြူ တောင်ပေါ်မှာ လာပြီး လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေတာပေါ့လေ " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က မရေမတွက်နိုင်တဲ့ အရိုးစုတွေရဲ့ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံနေရတဲ့ လီဖူချန်းတို့ကို ကြည့်ပြီး ချောက်ချားဖွယ် အသံနက်ကြီးနဲ့ တဟားဟား အော်ရယ် နေခဲ့ပါတယ် ။ ဒါပေမဲ့လည်း သူ့ရဲ့ ပုံစံကတော့ သိပ်ပြီး အခြေအနေ မဟန်လှပါဘူး ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ အစောပိုင်းက ရန်ချင်းဟူရဲ့ ဆေဘာ ဓားအလင်းတန်းကြောင့် တစ်ကိုယ်လုံး ဇကာပေါက်လို ဖြစ်နေခဲ့ပါပြီ ။ ပြီးတော့ တစ်ကိုယ်လုံးဟာလည်း သွေးတွေနဲ့ ချင်းချင်းနီနေတာပါပဲ ။ ဒါပေမဲ့လည်း ရန်ချင်းဟူရဲ့ ဓားချက်က သူ့ကို သေစေတဲ့အထိတော့ မစွမ်းဆောင်နိုင်ပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် သူက အနည်းဆုံးတော့ အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါး ဖြစ်နေဆဲ မဟုတ်ပါလား ။ ရှင်းရှင်း ပြောရမယ် ဆိုရင် အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါးကို သတ်ဖို့ ဆိုတာကြီးက အိပ်မက် ဆန်လွန်းလှပါတယ် ။ ရန်ချင်းဟူလို ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် အဆင့်၁က ဧကရီ တစ်ပါးကို အသာထားပါဦး ။ မဟာဧကရာဇ် တစ်ပါးရဲ့ လက်ချက် မိရင်တောင်မှ အထွတ်အထိပ် အဆင့် ဧကရာဇ်တွေဟာ မသေနိုင်ပါဘူး ။ " ဟင်းလင်းပြင်ဓား " အဲသည်အချိန်မှာပဲ ရုတ်တရက် ထွက်ပေါ်လာတဲ့ ဓားအလင်းတန်း တစ်ခုဟာ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ နောက်ကျောကို ဖောက်ဝင် သွားခဲ့ပါတယ် ။ " မင်း ……မင်း…… ဘယ်လိုလုပ်ပြီး " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အနောက်ကို လှည့်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ ဓားချက်ရဲ့ လက်သည်တရားခံကို တွေ့လိုက်ရပါတယ် ။ အဲသည် လက်သည် တရားခံကတော့ လီဖူချန်းပါပဲ ။ အရိုးစုတွေရဲ့ ဝိုင်းဝန်း တိုက်ခိုက်ခြင်း ခံနေရတဲ့ လီဖူချန်းဟာ ဘယ်ကနေ ဘယ်လိုလုပ်ပြီး သူ့ရဲ့ အနောက်ကို ရောက်လာတယ် မသိပါဘူး ။ လီဖူချန်းက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို မထီတရီ ပြုံးပြပြီး တောင်းပန် လိုက်ပါတယ် ။ " အိုး…… အလစ် တိုက်သလို ဖြစ်သွားသလား မသိဘူး ။ ဒါဆိုရင်တော့ ကျုပ် တောင်းပန်ပါတယ် " သာမန်အားဖြင့် ဆိုရင်တော့ လီဖူချန်းဟာ အရိုးဖြူ တောင်ရဲ့ ကန့်သတ်မှု ဝင်္ကပါ အစီအရင်ကို ကျော်လွန်ပြီး ဓားအရွေ့ကို အသုံးပြုနိုင်စရာ အကြောင်း မရှိပါဘူး ။ ဒါပေမဲ့လည်း အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သွေးရူးသွေးတန်းနဲ့ ဝင်္ကပါ အစီအရင်ကို အဆုံးစွန်ဆုံးအထိ လည်ပတ်စေလိုက်ချိန်မှာ ဝင်္ကပါ အစီအရင်ဟာ မဆိုစလောက်ကလေး ဟသွားခဲ့ပါတယ် ။ အဲသည်ကိစ္စက သာမန်လူတွေအတွက် ဆိုရင်တော့ ဘာမှ မသိသာလောက်ပေမယ့် လီဖူချန်းလို ဓားနှလုံးသားကို ဖြစ်တည်စေပြီးသား လူတစ်ယောက် အတွက် မဟာ အခွင့်အရေးကြီး တစ်ခုပါပဲ ။ အဲဒါကြောင့်မို့လည်း သူက ဓားအရွေ့ကို သုံးပြီး အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ အနောက်ကို သွားနိုင်ခဲ့တာပါ ။ " မင်းက ငါ့ကို သတ်နိုင်မယ် ထင်နေတာလား ။ မရဘူးကွ " " အရိုးဖြူ ဘဝပြောင်း " ဘန်း…… စကားသံ အဆုံးမှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ အရိုးစု တစ်ခု အသွင် ပြောင်းသွားပြီး ပေါက်ကွဲ ထွက်သွားခဲ့ပါတယ် ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ ခန္ဓာကိုယ် ပြန်ဖြစ်တည်လာတဲ့ အချိန်မှာတော့ သူဟာ နဂိုမူလ နေရာနဲ့ အတော်လေးကို ကွာဝေးတဲ့ နေရာ တစ်ခုကို ရောက်ရှိနေခဲ့ပါပြီ ။ " ဟင်…… ဒါက " လီဖူချန်းက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ အခုလို သူ့ရဲ့ ခန္ဓာကိုယ်ကို ဖောက်ခွဲလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားမိတဲ့ အတွက် သည်အတိုင်း အကြောင်သား ငေးကြည့်နေမိပါတယ် ။ သူက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ သည်လို အသက်ကယ် လျှို့ဝှက် နည်းနစ် တစ်ခုကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ လုံးဝ မမျှော်လင့်မိ ခဲ့ပါဘူး။