အပိုင်း-၆၈၉
Vol. 51 Ch. 689
အဆင့်တက်ပြီ " လီဖူချန်း " ဟူး…… လေတိုးသံ တစ်ခုနဲ့အတူ ရန်ချင်းဟူကလည်း လီဖူချန်းရဲ့ အနားကို ရောက်ရှိလာခဲ့ပါပြီ ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က ဝှက်ဖဲတွေ များတယ် ဆိုရင် ရန်ချင်းဟူမှာက ပိုလို့တောင် များပါသေးတယ် ။ အဲသည်အတွက် အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ မရေမတွက်နိုင်တဲ့ အရိုးစုတွေက သူမကို ဟန့်တားဖို့ မဖြစ်နိုင်ပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းက ရန်ချင်းဟူ တစ်ယောက် အတွင်းဒဏ်ရာ နည်းနည်းပါးပါး ရလာတယ် ဆိုတာကို သိမြင်နိုင်ပါတယ်။ ' ပြသနာပဲ ။ သည်နှစ်ယောက် ပေါင်းရင်တော့ ငါ့အနေနဲ့ သိပ်မလွယ်ဘူး ' တခြားတစ်ဖက်မှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ အတော်လေး ခေါင်းကိုက်နေခဲ့ပါပြီ ။ တကယ်လို့ လီဖူချန်း တစ်ယောက်တည်း ဆိုရင် သူ့အနေနဲ့ ပြသနာ မရှိပေမယ့် ရန်ချင်းဟူပါ ပါလာပြီ ဆိုရင်တော့ သူ့အတွက် အနိုင် ရနိုင်ချေဟာ တစ်ဆယ် ရာခိုင်နှုန်းထက် မကျော်ပါဘူး ။ ဒါတောင်မှ ဒါက လီဖူချန်းတို့ နှစ်ယောက်ရဲ့ ဝှက်ဖဲတွေကို ထည့်တွက် မထားတဲ့ အခြေအနေပါ ။ တကယ်လို့ ဝှက်ဖဲတွေကိုပါ ထည့်တွက်ရမယ် ဆိုရင်တော့ သူ့ရဲ့ အနိုင် ရနိုင်ချေဟာ သည်ထက်တောင် လျော့နည်းသွားနိုင်ပါတယ် ။ "အရိုးဖြူ မိစ္ဆာ ဧကရာဇ် …… ခင်ဗျားဖမ်းထားတဲ့ ယန်ကလန်က လူနှစ်ယောက်ကို လွှတ်ပေး ။ မဟုတ်ရင်တော့ ကျုပ်က ခင်ဗျားရဲ့ အရိုးဖြူ တစ်တောင်လုံးကို ဖျက်ဆီးဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး " လီဖူချန်းက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို လှမ်းပြောလိုက်ပါတယ် ။ သူက နန်းတော် တစ်ခုလုံးကို လိပ်ပြာ အသိစိတ် အာရုံနဲ့ ဆန်းစစ်ပြီးပြီး ဖြစ်တဲ့အတွက် ယန်ထျန်းဟာ အခုထက်ထိ ယန်လုံ နဲ့ ယန်လီကို မကယ်နိုင်သေးဘူး ဆိုတာကို သိပါတယ် ။ အဲဒါကလည်း သည်မဟူရာ နန်းတော်ကြောင့်ပါပဲ ။ နန်းတော်ရဲ့ ဝင်္ကပါ အစီအရင်က အစွမ်းကုန် လည်ပတ်နေတဲ့အတွက် ယန်ထျန်းဟာ ယန်လုံနဲ့ယန်လီတို့ကို ကယ်တင်ဖို့အတွက် ဘယ်လိုမှ မတတ်နိုင်ပါဘူး ။ " လွှတ်ပေးရမယ် ဟုတ်လား ။ မင်းက ဘယ်သူ့ကို လာအမိန့် ပေးနေတာလဲ ။ ငါက အကုန်လုံးကို သတ်ပစ်မှာကွ " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က ဒေါသတကြီးနဲ့ ပြန်အော်ဟစ် လာခဲ့ပါတယ် ။ " ဒါဆိုရင်လည်း သတ်လိုက်လေ ။ပြီးရင် ကျွန်မတို့က ရှင့်ရဲ့ တောင်တစ်ခုလုံးကို ဖြိုနိုင် ၊ မဖြိုနိုင် ပြရတာပေါ့ " ရန်ချင်းဟူကတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို မတားပါဘူး ။ " ခင်ဗျားက ခင်ဗျားရဲ့ ဝှက်ဖဲအကုန်လုံး နီးပါးကို သုံးပြီးသွားပြီ မဟုတ်လား ။ ဒါပေမဲ့ ကျုပ်တို့ကတော့ ဘာမှ သိပ်မသုံးရသေးဘူး " လီဖူချန်းကလည်း အေးအေးဆေးဆေးပါပဲ ။ ချွင်……ချွင်……ချွင်……ချွင်…… သူ့ရဲ့ စကား ဆုံးတာနဲ့ တစ်ပြိုင်နက် ထောင်သောင်းနဲ့ ချီတဲ့ ဓားချီတွေဟာ ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိဘဲ ကောင်းကင်ယံထက်မှာ ပေါ်လာခဲ့ပါတယ် ။ သည်ဓားချီတွေရဲ့ အရှိန်အဝါက အားကောင်းလွန်းလှတဲ့အတွက် လေဟာနယ် ဟင်းလင်းပြင် တစ်ခုလုံးကိုတောင် အပိုင်းပိုင်း ခွဲပစ်တော့မလိုပါပဲ ။ " သည်……ဓားချီတွေက " အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ မျက်နှာကတော့ အကြီးအကျယ်ကို ပျက်ယွင်း နေခဲ့ပါပြီ ။ သူက လီဖူချန်းဆီမှာ အခုလို အစွမ်းထက်တဲ့ ဝှက်ဖဲမျိုး ရှိနေလိမ့်မယ်လို့ လုံးဝ မထင်မိခဲ့ပါဘူး ။ အတန်ကြာ တွေဝေနေပြီး နောက်ဆုံးမှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က မဲ့ပြုံး တစ်ချက် ပြုံးလိုက်ကာ " အင်း ……ကြည့်ရတာ ငါက မင်းတို့ နှစ်ယောက်ကို လျော့တွက် လိုက်မိပြီပဲ ။ ဒါပေမဲ့ သည်ကိစ္စက သည်မှာတင် မပြီးဘူးနော် " " သွားကြတော့ " စကားဆုံးတဲ့နောက်မှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က လက်တစ်ဖက် ဝှေ့ယမ်းပြီး ယန်လုံ နဲ့ ယန်လီတို့ကို လွှတ်ပေးလိုက်ပါတယ် ။ " ဟင် …… ငါတို့ကို လွှတ်ပေးလိုက်တာလား " အကျဉ်းထောင်ထဲမှာ အဖမ်း ခံထားရတဲ့ ယန်လုံ နဲ့ ယန်လီတို့ကတော့ ခေတ္တခဏ ကျောက်ရုပ်ကြီးတွေလို အကြောင်သား ဖြစ်သွားခဲ့ပါတယ် ။ သူတို့ အခုလို လွှတ်ပေး ခံရလိမ့်မယ်လို့ အိပ်မက်ထဲမှာတောင် မမက်ခဲ့ပါဘူး ။ သူတို့က အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ ဖမ်းဆီးခြင်း ခံရပြီးကတည်းက လွတ်မြောက်ဖို့ ဆိုတာကို မေ့ပစ်ပြီးသားပါပဲ ။ ဒါပေမဲ့လည်း အခုတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သူတို့ကို တကယ်ကြီး ပြန်လွှတ်ပေးခဲ့ပါပြီ ။ သူတို့ သည်လို လွတ်မြောက်ဖို့အတွက် လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို ဘယ်လိုတောင် ဖိအားပေးခဲ့တယ် မသိပါဘူး ။ " သွားကြစို့ " သူတို့ရဲ့ လာရင်း ရည်ရွယ်ချက် ပြည့်မြောက်သွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ချာခနဲ လှည့်ပြီး အရိုးဖြူ တောင်ကနေ ထွက်သွားပါတော့တယ် ။ " အင်း " လီဖူချန်းရဲ့ အနောက်မှာ အရိပ်လို ကပ်လိုက်သွားသူကတော့ ရန်ချင်းဟူပါပဲ ။ အဲသည်နောက်မှာမှ ယန်လုံ ၊ ယန်လီ နဲ့ ယန်ထျန်းတို့ဟာ လီဖူချန်းတို့ နောက်ကနေ ကပ်လျက် လိုက်ပါသွားခဲ့ပါတယ် ။ " တောက် …… အမျိုးယုတ်လေးတွေ " လီဖူချန်းတို့ အုပ်စု ထွက်သွားပြီးတဲ့ နောက်မှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ နာနာကျည်းကျည်းနဲ့ တောက်တစ်ချက် ခေါက်လိုက်ပါတယ် ။ ခရက် …… တစ်ချိန်တည်းမှာပဲ သူက သူဖမ်းထားတဲ့ လူတွေထဲက မူလပင်လယ် နယ်ပယ် ဘုရင် တစ်ပါးကို ဆွဲယူလိုက်ပြီး လည်ပင်းညှစ် သတ်ပစ်လိုက်ပါတယ် ။ သနားစရာ မူလပင်လယ် နယ်ပယ် ဘုရင်ခမျာမှာတော့ အသံတောင် မထွက်လိုက်နိုင်ရှာပါဘူး ။ " ငါ့ကို ဘယ်သူမှ စော်ကားလို့ မရဘူးကွ ။ ငါ့လို အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို ဘယ်သူကမှ စော်ကားခွင့် မရှိဘူး " " ဟား……ဟား……ဟား……ဟား……" အဲသည်နောက်မှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ အသံနက်ကြီးနဲ့ ရယ်ပြီး မဟူရာ နန်းတော်ထဲကနေ ပျောက်ကွယ် သွားခဲ့ပါပြီ ။ *****---------********--------****** ယန်ကလန်ကို ပြန်ရောက်တဲ့ အခါမှာတော့ ယန်ကလန်က လူတွေဟာ လီဖူချန်းတို့ကို ကလန်လုံးကျွတ် ထွက်ပြီး အရိုအသေ ပြု ကြပါတယ် ။ တကယ်လို့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့သာ မရှိခဲ့ရင်တော့ ယန်လုံ နဲ့ ယန်လီတို့ဟာ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ လက်ထဲမှာ ဘယ်လောက် အထိ နှိပ်စက်ခံရပြီး ဘယ်လို အသေဆိုးနဲ့ သေရမယ် မသိပါဘူး ။ သူတို့က အရိုးဖြူ တောင်ပေါ်မှာ ရှိနေတဲ့ အရိုးစုတွေလို ဘဝမျိုးကို ရောက်သွားပြီး ဘယ်တော့မှ သံသရာမှာ ပြန်လည် မဝင်စားနိုင်တော့တာမျိုးလည်း ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ် ။ အဲသည်အတွက် လီဖူချန်းတို့ နှစ်ယောက်ကို ကျေးဇူးတင်ကြောင်း ပြသတဲ့ အနေနဲ့ ယန်လုံ နဲ့ ယန်လီတို့ဟာ ကလန်ရဲ့ သမိုင်းကြောင်း တစ်လျှောက်မှာ တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ အရာ တစ်ခုကို လုပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။ အဲဒါကတော့ ယန်ကလန်အနေနဲ့ သူတို့ ရာစုနှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ ရတနာ ခန်းမကို လီဖူချန်းတို့ နှစ်ယောက်အတွက် ဖွင့်ပေးလိုက်ဖို့ပါပဲ ။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သူတို့က ရတနာ ခန်းမ တစ်ခုလုံးကို လီဖူချန်းတို့ နှစ်ယောက်ရဲ့ လက်ထဲကို ဝကွက် အပ်လိုက်တာ ဖြစ်ပါတယ် ။ လီဖူချန်းတို့ နှစ်ယောက်က ရတနာ ခန်းမကြီး တစ်ခုလုံးကို မသွားရင်တောင် ယန်ကလန်က မျက်နှာ တစ်ချက် ပျက်မှာ မဟုတ်ပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းတို့ နှစ်ယောက်ကလည်း အဆင်ခြင် မဲ့သူတွေ မဟုတ်ပါဘူး ။ သူတို့က ရတနာ ခန်းမကြီး တစ်ခုလုံးကို မယူဘဲ သူတို့အတွက် အကျိုးရှိတဲ့ ရတနာ ပစ္စည်းတွေကိုသာ ယူကြပါတယ် ။ ဒါပေမဲ့ သူတို့ ယူလိုက်တဲ့ ရတနာ ပစ္စည်းတိုင်းက တကယ့်ကို အဖိုးထိုက်တန်ဆုံး ပစ္စည်းတွေချည်းပါပဲ ။ သည်နေရာမှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ အတော်လေး လက်ညီသူတွေလို့ ဆိုရပါမယ် ။ သူတို့က ဘယ်သူ့ကို ဘယ်သူမှ အကျော မခံပါဘူး ။ သူတို့က မျက်စိထဲမှာ သင့်လျော်တယ် ထင်လိုက်တာနဲ့ နှစ်ခါပြန်မတွေးဘဲ အိတ်ထဲ ထည့်လိုက်တာပါပဲ ။ ………… " အင်း…… သည်သွေးအမြုတေ သလင်းကျောက်နဲ့ ဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်လောက်ပါရဲ့ " ယန်ကလန်ရဲ့ တောင်ထွတ် တစ်ခုပေါ်မှာ ရှိနေတဲ့ လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုအကြောင်း တွေးနေရင်းနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ် ။ မိစ္ဆာသားရဲ ဧကရာဇ်တွေ နဲ့ ခန္ဓာကိုယ် အပြင်အား ဧကရာဇ်တွေဟာ အဆင့်တစ်ခုကို ရောက်သွားပြီ ဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်ဟာ သွေးအမြုတေ သလင်းကျောက်တွေကို ဖြစ်ပေါ်စေနိုင်တဲ့ အခွင့်အလမ်း ရှိပါတယ် ။ ဒါပေမဲ့လည်း အဲသည် အခွင့်အလမ်းက တစ်ရာမှာ တစ်ယောက်လောက်သာ ရှိတာပါ ။ အဲသည်အတွက်ကြောင့်လည်း သွေးအမြုတေ သလင်းကျောက်တွေဟာ တန်ဖိုးကြီးလှပြီး ကောင်းကင် အဆင့်မြင့် ဆေးပင်တွေနဲ့ ယှဉ်နိုင်နေတာ ဖြစ်ပါတယ် ။ " ကြာပါတယ်ကွာ ။ လက်တွေ့စမ်းကြည့်လိုက်ရင် သိမှာပဲ " အတွေးဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့လက်ထဲက သွေးအမြုတေ သလင်းကျောက်ကို တကျွတ်ကျွတ် မြည်အောင် ဝါးစားလိုက်ပြီး နတ်ဘုရားလက်ရဲ့ ချီအပြင်အားတွေကို စုစည်းလိုက်ပါတော့တယ် ။ ……… အရိုးစုတောင်တန်း…… သည်တောင်တန်းက နာမည်ကျော် တောင်တန်း တစ်ခု ဖြစ်ပြီး ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ရဲ့ အဓိက တောင်တန်းကြီး ကိုးခုထဲက တစ်ခု ဆိုရင်လည်း မမှားပါဘူး ။ သည်အရိုးစုတောင်တန်းရဲ့ အလယ်မှာတော့ လူတစ်ဦးရဲ့ ဦးခေါင်းခွံနဲ့ တူညီလှတဲ့ တောင်တစ်လုံး ရှိနေပြီး အဲသည်တောင်က အမြင့်ပေ ရှစ်သိန်း ခုနစ်သောင်းကျော်တောင် ရှိပါတယ် ။ ပြီးတော့ သည်တောင်ရဲ့ ကြီးကြယ် ခမ်းနားမှုကလည်း အရိုးဖြူ တောင်ထက် အသာကြီးပါပဲ ။ သည်လိုနဲ့ တစ်နေ့မှာတော့ မျက်နှာ တစ်ခုလုံး ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး မျက်လုံးတွေ နီရဲနေတဲ့ လူတစ်ဦးဟာ အရိုးစု တောင်တန်းကို ရောက်ရှိ လာခဲ့ပါတယ် ။ အဲသည်လူကတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က လွဲပြီး တခြား မရှိပါဘူး ။ " အရိုးဖြူ …… ဘယ်လေတိုက်လို့ သည်ကို ရောက်လာရတာတုန်း " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က တောင်ထွတ် တစ်ခုကို ဖြတ်နေတုန်းမှာပဲ သူ့ကို လှမ်းနှုတ်ဆက်လိုက်တဲ့ အသံ တစ်ခုကို ကြားလိုက်ရတဲ့ လှည့်ကြည့် မိလိုက်ပါတယ် အသံပိုင်ရှင်ကတော့ တစ်ကိုယ်လုံးမှာ အောက်လမ်း ဆေးမင်ကြောင်တွေ အပြည့်ထိုးထားတဲ့ ထိပ်ပြောင် လူကြီး တစ်ဦးပါပဲ ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သည်ထိပ်ပြောင်ကြီးကို မသိဘဲ မနေပါဘူး ။ သည်လူက ဦးခေါင်းခွံဂိုဏ်းရဲ့ ဂိုဏ်းထိန်းကြီး လေးပါးထဲက တစ်ပါး ဖြစ်တဲ့ သိုင်းမိစ္ဆာ ဧကရာဇ်ပဲ ဖြစ်ပါတယ် ။ ဦးခေါင်းခွံဂိုဏ်းရဲ့ ဂိုဏ်းထိန်းကြီး ဖြစ်တဲ့အလျောက် သိုင်းမိစ္ဆာ ဧကရာဇ်ဟာ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို ပိုပြီး အစွမ်း ထက်တာပါ ။ သူက ဦးခေါင်းခွံ ဂိုဏ်းတစ်ခုလုံးမှာ ထိပ်ဆုံး ငါးယောက်ထဲ ပါဝင်သူ ဆိုရင်လည်း မမှားပါဘူး ။ " ဘာလဲ ။ငါက ဂိုဏ်းကို အပျင်းပြေ ခဏလောက် လာလည်လို့ မရဘူးလား " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က မာနကြီးတဲ့သူ ဖြစ်တဲ့အတွက် သူ့ရဲ့ အခြေအနေကို သိုင်းမိစ္ဆာ ဧကရာဇ် သိအောင် မပြောပြချင်ပါဘူး ။ သိုင်းမိစ္ဆာ ဧကရာဇ်က အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို စူးစိုက် ကြည့်လိုက်ပြီး လှောင်ပြောင် သရော်သံနဲ့ ပြန်ပြောလာခဲ့ပါတယ် ။ " မင်းကို ကြည့်ရတာ ဒဏ်ရာ ရနေသလိုပါပဲလား ။ ကျွတ်……ကျွတ် ……ဘယ်လို ဖြစ်ရတာလဲကွာ ။ သည်တော့ အခု မင်းက ကလဲ့စား ချေဖို့အတွက် ဂိုဏ်းတော်မှာ မှော်ဝင် ရတနာ လာငှားတာပေါ့လေ " " ငါ့ဟာငါ ရတနာပစ္စည်း လာငှားငှား ၊ မငှားငှား မင်းအပူ ဘယ်နှစ်ပြား ပါလဲ " စကားဆုံးတဲ့ နောက်မှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ သူ့ရဲ့ ခြေလှမ်းတွေကို အရှိန် မြှင့်လိုက်ပါတယ် ။ အဲသည်နောက် သိပ်မကြာခင်မှာတော့ သူဟာ ဦးခေါင်းခွံတောင်ရဲ့ တောင်ခြေကို ရောက်သွားခဲ့ပါပြီ ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သည်တောင်ကို မကြာခဏ လာရောက်ဖူးပါတယ် ။ ဒါပေမဲ့လည်း သူက အခုထက်ထိ တောင်ကို မော့ကြည့်လိုက်မိတိုင်းမှာ ဦးခေါင်းခွံတောင်ရဲ့ ခမ်းနား ထည်ဝါမှုတွေကို ခံစားမိနေတုန်းပါပဲ ။ သူ့ရဲ့ သက်သေခံ တံဆိပ်တော်ကို ပြပြီးတဲ့ နောက်မှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ ရတနာ ပစ္စည်း အငှားခန်းဆောင်ကို အတားအဆီး မရှိ ရောက်ရှိ လာခဲ့ပါတယ် ။ နာမည်နဲ့ လိုက်အောင်ပါပဲ ။ ရတနာပစ္စည်း အငှားခန်းဆောင် ဆိုတာက မှော်ဝင် ရတနာ ပစ္စည်းတွေကို ငှားရမ်းပေးတဲ့ နေရာ တစ်ခု ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း သည်ခန်းဆောင်က ရတနာ ပစ္စည်းတွေကို အလကား ငှားရမ်းပေးတာတော့ မဟုတ်ပါဘူး ။ သည်ခန်းဆောင်ကနေပြီး ရတနာ ပစ္စည်း တစ်ခုကို ငှားရမ်းရာယူဖို့ ဆိုရင် အဲသည်လူဟာ ထိုက်သင့်တဲ့ တန်ဖိုးတစ်ခုကို ပေးရပါလိမ့်မယ် ။ ပြီးတော့ ရတနာ ပစ္စည်းရဲ့ အဆင့်အတန်းက မြင့်လေလေ တန်ဖိုးက မြင့်လေလေပါပဲ ။ " အကြီးအကဲဟူ …… ကျုပ်ကို အရိုးစု ဝတ်ရုံ ငှားပါ " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က ရတနာ အငှား ခန်းဆောင်ကို ရောက်တာနဲ့ တစ်ပြိုင်နက် ခန်းဆောင် အကြီးအကဲဟူဆီကို တန်းသွားပြီး သူလိုချင်တဲ့ ရတနာပစ္စည်းကို ငှားလိုက်ပါတယ် ။ " မင်းက အရိုးစု ဝတ်ရုံကို ငှားချင်တာလား " အကြီးအကဲဟူက အံ့သြတဲ့ဟန်နဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို ကြည့်လိုက်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အရိုးစု ဝတ်ရုံ ဆိုတာက ကောင်းကင် အဆင့် မှော်ဝင် ရတနာ ပစ္စည်းတစ်ခု ဖြစ်ပြီး အတော်လေးကို အစွမ်းထက်တဲ့ ပစ္စည်းတစ်ခု ဖြစ်နေလို့ပါပဲ ။ တိတိကျကျ ပြောရမယ် ဆိုရင် အဲဒါက မဟာ ဧကရာဇ် တစ်ပါး အပေါ်မှာတောင်မှ သက်ရောက်မှု ရှိပါသေးတယ် ။ ပြီးတော့ သည်ရတနာ ပစ္စည်းရဲ့ တန်ဖိုးဟာ လုံးဝ မသေးလှပါဘူး ။ သည်ရတနာ ပစ္စည်းကို ငှားရမ်း ရယူဖို့ဆိုရင် လုတစ်ယောက်ဟာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅သောင်း ဒါမှမဟုတ် ထောက်ပံ့ရေးရမှတ် သန်း၅၀၀ကို ပေးဖို့ လိုအပ်ပါတယ်။ အဲသည်အတွက် ယေဘုယျအားဖြင့် ဆိုရင် ဘယ်သူကမှ သည်အရိုးစု ဝိညာဉ်ကို ငှားရမ်းဖို့ စိတ်ကူးကြလေ့ မရှိပါဘူး ။ " ဟုတ်ပါတယ်…… အကြီးအကဲဟူ ။ သည်မှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅သောင်းပါ " စကားဆုံးတာနဲ့ တစ်ပြိုင်နက် အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သိုလှောင်အိတ် တစ်လုံးကို ထုတ်ပြီး အကြီးအကဲဟူဆီ လှမ်းပေးလိုက်ပါတယ်။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ သိပ်ပြီး ရှိလွန်းလို့ အရိုးစု ဝတ်ရုံကို လာငှားတာ မဟုတ်ပါဘူး ။ သူက လီဖူချန်းတို့ရဲ့ အနိုင်ကျင့်မှုကို တကယ် မခံချင်လွန်းလို့သာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅သောင်းကို သုံးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ် ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ သူ့ရဲ့ ချမ်းသာကြွယ်ဝမှု တစ်ခုလုံးကတောင်မှ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သိန်းပိုင်းသာ ရှိတယ် ဆိုတာပါပဲ ။ ဒါပေမဲ့လည်း သူ့အနေနဲ့ တခြား ရွေးချယ်စရာလမ်း မရှိပါဘူး ။ သူက အရိုးစု ဝတ်ရုံကိုမှ မငှားဘူးဆိုရင် လီဖူချန်း နဲ့ ရန်ချင်းဟူကို ချေမွဖို့ရာဟာ အိပ်မက်သာ ဖြစ်သွားပါလိမ့်မယ် ။ တခြားသော ကောင်းကင်အဆင့် ရတနာ ပစ္စည်းတွေက လီဖူချန်းတို့ နှစ်ယောက်ကို ဆုံးမဖို့အတွက် လုံလောက်ပေမယ့်လည်း အရိုးဖြူ မိစ္ဆာ ဧကရာဇ်က ဆုံးမဖို့ကို မရည်ရွယ်ထားပါဘူူး ။ သူက လီဖူချန်းတို့ နှစ်ယောက်ကို အပြီးတိုင် နင်းချေ ပစ်ချင်တာပါ ။ " ယန်ကလန်က ကောင်းကင်မီးတောက် အစည်းအရုံးရဲ့ ကျောထောက်နောက်ခံကို ရထားတာ မှန်တယ် ။ ဒါပေမဲ့ ငါက သူတို့ဆီက ရတနာ ပစ္စည်း နည်းနည်းပါးပါး လုယူမယ် ဆိုရင်တော့ ပြသနာ ရှိမှာ မဟုတ်ဘူး " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သူ့ရဲ့ ငှားရမ်းခအတွက် အကြံအစည် ရှိပြီးသားပါပဲ ။ ဦးခေါင်းခွံဂိုဏ်းရဲ့ ဂိုဏ်းသား တစ်ယောက်ဖြစ်တဲ့ သူဟာ ကောင်းကင် မီးတောက် အစည်းအရုံးကို ရန်စမိမှာကို မကြောက်ပါဘူး ။ သူ့အနေနဲ့ နောက်ဆုံး ကန့်သတ်စည်းကို မကျော်သေးသရွေ့ ကောင်းကင်မီးတောက် အစည်းအရုံးက သူ့ရဲ့ လုပ်ရပ်တွေကို မသိချင်ယောင် ဆောင်နေမှာပါပဲ ။ " ဟုတ်ပြီ ။ သည်မှာ ခဏစောင့် " သိုလှောင်အိတ်ကို ရယူပြီးတဲ့ နောက်မှာတော့ အကြီးအကဲဟူက ရတနာ ပစ္စည်း အငှား ခန်းဆောင်ရဲ့ အတွင်းပိုင်းထဲကို ဝင်သွားခဲ့ပါပြီ ။ သိပ်မကြာခင်မှာပဲ အကြီးအကဲဟူက အနက်ရောက် ဝတ်ရုံ တစ်ခုနဲ့အတူ ပြန်ထွက်လာခဲ့ပါတယ် ။ အဲသည် အနက်ရောင် ဝတ်ရုံရဲ့ အပေါ်မှာတော့ အနီရောင် ပိုးချည်မျှင်နဲ့ ထိုးထားတဲ့ ဦးခေါင်းခွံကြီးက အထင်းသားပါပဲ ။ ဒါကတော့ အရိုးစု ဝတ်ရုံကလွဲပြီး တခြား မရှိပါဘူး ။ သည်ဝတ်ရုံက အရိုးစုဂိုဏ်းရဲ့ အကောင်းဆုံး မှော်ဝင် ရတနာ ပစ္စည်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ် ။ ရွှစ်…… အကြီးအကဲဟူက သူ့ရဲ့လက်ကို ဆန့်တန်းလိုက်တဲ့ အခါမှာတော့ အရိုးစု ဝတ်ရုံက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဆီကို အလိုအလျောက် ပျံထွက်သွားခဲ့ပါတယ် ။ " အရိုးဖြူ မိစ္ဆာ ဧကရာဇ် …… မင်းနဲ့ အရိုးခေါင်း ဝတ်ရုံ အသားကျသွားအောင် အရင် လုပ်လိုက်ဦး ။ ဒါမှ မင်းသုံးတဲ့ အခါကျရင် အမှားအယွင်း မဖြစ်မှာ " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အပြင်လောကမှာ အနိုင်ကျင့် ခံခဲ့ရပြီ ဆိုတာကို အကြီးအကဲဟူ အနေနဲ့ ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က တစ်စုံတစ်ယောက်ကို လက်တုံ့ပြန်ဖို့ သည်ဝတ်ရုံကို လာငှားတယ်ဆိုတာအသိသာကြီးပါပဲ ။ " ဟုတ်ကဲ့ " အကြီးအကဲဟူရဲ့ စကား အဆုံးမှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သူ့ရဲ့ မျက်လုံးတွေကို မှိတ်လိုက်ပြီး အရိုးစု ဝတ်ရုံနဲ့ ဆက်သွယ်လိုက်ပါတယ် ။ တစ်မိနစ် ……နှစ်မိနစ်……လေးမိနစ်……ရှစ်မိနစ်…… ဆယ်မိနစ်လောက် အကြာမှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ မျက်လုံးတွေဟာ ပြန်ပွင့် လာခဲ့ပါပြီ ။ အဲသည်နောက်မှာတော့ ဝတ်ရုံက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို လွှမ်းခြုံသွားပြီး အရိုးစု တစ်ခု အသွင်ကို ပြောင်းလဲသွားစေပါတော့တယ် ။ " အကြီးအကဲဟူ…… ကျုပ်ကို သွားခွင့် ပြုပါဦး " စကားဆုံးတာနဲ့ တစ်ပြိုင်နက် အရိုးစုကြီးဟာ ရတနာ ပစ္စည်း အငှားခန်းဆောင်ကနေ ပျောက်ကွယ် သွားပါတော့တယ် ။ …… လေပြင်းတောင်တန်း ၊ လေရူးတောင် ဟူး…… သိပ်သည်းလှတဲ့ ချီဝိညာဉ် တစ်ခုက တောင်ထွတ် တစ်ခုကနေ ထိုးတက်လာပြီး လေရူးတောင် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့ပါပြီ ။ " နတ်ဘုရားလက်က တကယ် အစွမ်း ထက်တာပဲ " ချီဝိညာဉ် ပျောက်ကွယ်သွားတဲ့ အခါမှာတော့ လီဖူချန်းက ပြုံးပြီး မတ်တပ် ထရပ်လိုက်ပါတယ် ။ နောက်ဆုံးမှာတော့ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက မူလပင်လယ် နယ်ပယ် အထွတ်အထိပ် အဆင့်ကနေ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အစကနဦးပိုင်းကို ရောက်သွားခဲ့ပြီ မဟုတ်ပါလား ။