← Chapters

အပိုင်း-၆၉၀

Vol. 51 Ch. 690

အပိုင်း-၆၉၀

Vol. 51 Ch. 690

ကောင်းကင်ကို ဖုံးအုပ်သွားတဲ့ လက်ကြီး ချီအတွင်းအား ကျင့်ကြံသူတွေနဲ့ မတူတာက ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် သွားနိုင်ရင်တောင်မှ ပတ်ဝန်းကျင်ကို ကြီးကြီးမားမား သက်ရောက်မှု မရှိစေပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ သူ့ရဲ့ ခန္ဓာကိုယ် အတွင်းမှာ မိုးလောက်ကြီးတဲ့ ပြောင်းလဲမှုမျိုးတွေ ဖြစ်ပေါ်လာခဲ့ပြီ ဆိုတာကို သိနေပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သူ့ရဲ့ နှလုံးသား အတွင်းမှာ ဆန်စေ့လောက်ရှိတဲ့ သွေးအမြုတေ သလင်းကျောက် တစ်ခု ဖြစ်ပေါ်နေတာကို ခံစားမိနေလို့ပါပဲ ။ သာမန်အားဖြင့် ဆိုရင်တော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အစကနဦးပိုင်းက ဧကရာဇ်တွေဟာ သွေးအမြုတေ သလင်းကျောက်ကို ဖြစ်တည်စေနိုင်စွမ်း မရှိပါဘူး ။ ဒါပေမဲ့လည်း လီဖူချက်ကတော့ ခြွင်းချက်လို့ပဲ ဆိုရပါမယ် ။ လီဖူချန်းက နတ်ဘုရားလက်ကို ကျင့်ကြံထားသူပါ ။ သူက ဒုတိယ အဆင့်ဖြစ်တဲ့ တန်ခိုးစွမ်းအားလက်ကိုပဲ ကျင့်ကြံထားနိုင်သေးတယ် ဆိုပေမယ့် အဲဒါက ကောင်းကင် အလယ်အလတ် အဆင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်တွေနဲ့ ညီမျှနေပါပြီ ။ ပြီးတော့ အရည်အသွေးပိုင်းမှာ ဆိုရင်လည်း တန်ခိုးစွမ်းအားလက်က သာမန် ကောင်းကင် အလယ်အလတ်အဆင့် ကျင့်စဉ်တွေထက် အဆပေါင်းများစွာ ပိုကောင်းမွန်ပါတယ် ။ အဲသည်အတွက် အခုဆိုရင် လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ သိပ်သည်းလှတဲ့ စွမ်းအားတွေနဲ့ ပြည့်နှက်နေတာကို ခံစားမိနေပါတယ် ။ သည်စွမ်းအားတွေက သာမန် အခြေအနေ လုံးဝ မဟုတ်ပါဘူး။ အဲဒါက သိပ်သည်းစေအောင် အကြိမ်ပေါင်းများစွာ သွန်းလောင်းထားတဲ့ စွမ်းအားတွေပါ ။ လီဖူချန်းက သူ့ရဲ့ သွေးတစ်စက်ဟာ အကြို-ဧကရာဇ်တွေ ဒါမှမဟုတ် တိုက်ခိုက်ရေး ဧကရာဇ်တွေကို ပေါက်ကွဲ သွားစေလောက်တယ်လို့လည်း ခံစား မိနေပါတယ် ။ အဲဒါတင် မကသေးပါဘူး ။ သူက သူ့ရဲ့ သွေးချီ အရင်းအမြစ်ဟာ အနည်းဆုံး ဆယ်ဆမက ပိုအားကောင်းလာတယ်လို့လည်း ခံစားနေရပါသေးတယ် ။ ရှင်းရှင်း ပြောရမယ် ဆိုရင် သွေးချီ အရင်းအမြစ် ဆိုတာက လူတစ်ယောက်ရဲ့ အသက်ဓာတ် ပင်မအားပါပဲ ။ သွေးချီ အရင်းအမြစ် အားကောင်းလာတယ် ဆိုတာက အသက်ကို ပိုရှည်နိုင်စေရုံမက ဒဏ်ရာတွေကနေ ပြန်လည် ကောင်းမွန်လာစေနှုန်းကလည်း ပိုမြန်လာစေပါတယ် ။ သူ့ရဲ့ ခန္ဓာကိုယ်က အလွန်အမင်း မာကျောလာတဲ့ အချက်ကို အသာ ထားပါဦး ။ သူက ဒဏ်ရာ အလွယ်တကူ ရဖို့ကို မဖြစ်နိုင်တော့တာပါ ။ တကယ်လို့ သူက ဒဏ်ရာ ရခဲ့မယ် ဆိုရင်လည်း ဆေးဝါး အကူအညီမလိုဘဲနဲ့ အခိျ်န်တို အတွင်းမှာ ပြန်လည်သက်သာ ပျောက်ကင်း သွားနိုင်ပါတယ် ။ " အင်း…… သည်ပုံစံ အတိုင်းဆိုရင် ငါ့ရဲ့ သက်တမ်းက ဘယ်လောက်အထိ ရှိသွားမလဲ မသိဘူး " ရန်ချင်းဟူရဲ့ ပြောပြချက်အရ ဆိုရင်တော့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်း နဲ့ ချီအတွင်းအား ကျင့်ကြံခြင်း နှစ်ခုစလုံးဟာ လူတစ်ဦးရဲ့ သက်တမ်း အပေါ်မှာ သက်ရောက်မှု ရှိပါတယ်တဲ့ ။ တကယ်လို့ မူလပင်လယ် နယ်ပယ် ဘုရင် တစ်ပါးက သက်တမ်း နှစ် ၁၀၀၀ ရှိတယ် ဆိုကြပါစို့ ။ အဲဒါဆိုရင် လမ်းစဉ်နှစ်သွယ် ကျင့်ကြံခြင်းကို ကျင့်ကြံထားတဲ့ ဘုရင်က သက်တမ်း နှစ် ၂၀၀၀ ပါပဲ ။ တကယ်လို့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးက သက်တမ်း နှစ် ၂၀၀၀ ရှိတယ် ဆိုရင် လမ်းစဉ်နှစ်သွယ် ကျင့်ကြံသူ ဧကရာဇ်က သက်တမ်း နှစ် ၅၀၀၀ ရှိပါတယ် ။ ဟုတ်ပါတယ် ။ ဒါက ကျင့်ကြံမှု နောက်ပိုင်း ရောက်လေလေ သက်ရောက်မှုက ပိုပြီး ကြီးမားလေလေပါပဲ ။ လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံမှုက မူလပင်လယ် နယ်ပယ် အထွတ်အထိပ် အဆင့်မှာ ဆိုပေမယ့် သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်နေပါပြီ ။ အဲသည်အတွက် သူ့ရဲ့ သက်တမ်းဟာ အနည်းဆုံး နှစ် ၃၀၀၀ ကျော်ပါပဲ ။ " ငါ့ရဲ့ ခန္ဓာကိုယ်ကို စမ်းကြည့်ဦးမှ " အတွေးဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက သူ့ရဲ့ဓားကို ဆွဲထုတ်လိုက်ပြီး ဘယ်ဘက် လက်မောင်းကို ခုတ်ကြည့်လိုက်ပါတယ် ။ ထန် …… လီဖူချန်းရဲ့ လက်မောင်းကို မာကျောတဲ့ အလွှာ တစ်ခုက အကာအကွယ် ပေးထားသလိုပါပဲ ။ သူ့ရဲ့ ဓားဟာ သူ့ရဲ့ လက်မောင်းကို ခြစ်ရာလေး တစ်ခုတောင် မပေးစွမ်း နိုင်ခဲ့ပါဘူး ။ " ငါထင်ထားတဲ့ အတိုင်း ငါ့ခန္ဓာကိုယ် ဖွဲ့စည်းမှုကလည်း ပြောင်းသွားပြီကိုး ။ ဒါက ဥပဒေသ စက်ကွင်းပဲ " ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေဟာ အဆင့်တစ်ဆင့်ကို ချိုးဖောက် ဝင်ရောက်သွားနိုင်ပြီ ဆိုရင် သူတို့တွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံဟာ ပြောင်းလဲသွားလေ့ ရှိပါတယ် ။ မဟုတ်ရင်တော့ လူသားတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံဟာ သိပ်သည်းလှတဲ့ စွမ်းအားတွေကို ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး ။ အထူးသဖြင့် သည်ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းလဲမှုက မူလပင်လယ် နယ်ပယ်ကနေ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ရာမှာ ပိုပြီး သိသာပါတယ် ။ လီဖူချန်းရဲ့ အထင်အရ ဆိုရင်တော့ သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ် မာကျောမှုဟာ မြေကမ္ဘာ အထွတ်အထိပ် အဆင့် လက်နက် ပစ္စည်းတွေနဲ့တောင် ညီမျှ နေပါပြီ ။ ဒါပေမဲ့လည်း အဲဒါက သိပ်အရေး မကြီးလှပါဘူး။ တကယ် အရေးကြီးတာက သူ့ရဲ့ ခန္ဓာကိုယ်ဟာ ဥပဒေသ စက်ကွင်းတစ်ခုရဲ့ အကာအကွယ် ပေးခြင်းကို ခံထားရတာပါပဲ ။ လီဖူချန်းရဲ့ အမြင်အရ ဆိုရင်တော့ သည်ဥပဒေသစက်ကွင်းက ခန္ဓာကိုယ် အပြင်အား ဥပဒေသ နဲ့ အသက်ဓာတ် စက်ကွင်းတို့ရဲ့ ပေါင်းစပ်မှုကနေ ဖြစ်တည်လာတာပါပဲ ။ အဲဒါက သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အကာအကွယ်လို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး ။ တကယ်လို့ သူ့အနေနဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို အခုအချိန်မှာ ထိပ်တိုက် ရင်ဆိုင်ရမယ် ဆိုရင် ရန်ချင်းဟူ အကူအညီ မပါဘဲနဲ့တောင် ဖိနှိပ်ထားနိုင် လောက်ပါတယ် ။ " လီဖူချန်း …… နင့်ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက အဆင့် တက်သွားပြီလား " အသံနဲ့အတူ ရန်ချင်းဟူက လီဖူချန်းဆီကို ပျံသန်း ရောက်ရှိလာခဲ့ပါတယ် ။ သူမက လီဖူချန်းနဲ့ သိပ်မကွာတဲ့ တောင်ထွတ် တစ်ခုပေါ်မှာ ရှိနေတဲ့အတွက် အစောပိုင်းက ချီဝိညာဉ်ကို မခံစားမိဘဲ မနေပါဘူး ။ " အင်း " လီဖူချန်းက ခေါင်းညိတ်လိုက်ပါတယ် ။ " လမ်းစဉ်နှစ်သွယ် ကျင့်ကြံသူတွေက နင့်လိုအဆင့် ရောက်ဖို့ဆိုတာ အတော်လေး ရှားတယ် ။ သူတော်စင် ဝိညာဉ် ကုန်းမြေတိုက်မှာတောင်မှ သည်လို အဖြစ်မျိုးက သိပ်မရှိဘူး ။ သာမန် အခြေအနေတွေမှာ ဆိုရင် ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှု ဆိုတာက အထောက်အပံ့ သက်သက်ပဲ ။ ချီအတွင်းအား ကျင့်စဉ်က လူတွေက သူတို့ရဲ့ သက်တမ်း ကုန်ခါနီး ဖြစ်နေမှ သက်တမ်းကို ဆွဲဆန့်ဖို့အတွက် ခန္ဓာကိုယ် အပြင်အားကို ကျင့်ကြံကြတာ ။ဒါတောင်မှ ခန္ဓာကိုယ် အပြင်အားကို ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်အထိ ကျင့်ကြံသူတွေက သိပ်မရှိဘူး ။ ငါသိသလောက်ဆိုရင် သူတော်စင် နယ်ပယ်က ကျင့်ကြံသူတွေကပဲ ခန္ဓာကိုယ် အပြင်အား ဧကရာဇ်တွေ ဖြစ်အောင် ကျင့်ကြံကြတာ " ရန်ချင်းဟူက ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်သွားတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကောင်းကောင်းကြီး သိပါတယ် ။ အခုဆိုရင် လီဖူချန်းက ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်း အပိုင်းမှာ အထွတ်အထိပ်ကို ရောက်နေပြီလို့တောင် ဆိုနိုင်နေပါပြီ ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ သူတော်စင် ဆယ်ပါးမှာတောင်မှ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာ သူတော်စင် နယ်ပယ်ကို ရောက်တဲ့ သူတော်စင် တစ်ပါးမှ မရှိဘူး ဆိုတာပါပဲ ။ သူတော်စင် ဝိညာဉ် ကုန်းမြေတိုက်မှာတောင်မှ သည်လို ဖြစ်ရပ်မျိုးဟာ လုံးဝ မရှိပါဘူး ။ သည်လို ဖြစ်ရတာဟာ အရင်းအမြစ် ရှားပါးခြင်း ပြသနာကြောင့်လည်း ဖြစ်တယ်လို့ ဆိုရပါမယ် ။ အဲသည်ထက် ပိုအရေးကြီးတာကတော ထိုက်သင့်တဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်စဉ် မရှိတာပါပဲ ။ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူ တစ်ဦးက သူ့ရဲ့ ကျင့်ကြံမှုကို ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်အထိ မြှင့်တင်ချင်တယ် ဆိုရင် ကောင်းကင် အဆင့်နိမ့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ကို မရှိမဖြစ် လိုအပ်ပါတယ် ။ အလားတူပါပဲ ။ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူ တစ်ဦးက သူ့ရဲ့ ကျင့်ကြံမှုကို သူတော်စင် နယ်ပယ်အထိ မြှင့်တင်ချင်တယ် ဆိုရင်တော့ ကောင်းကင် အဆင့်မြင့် ကျင့်စဉ်ကို မရှိမဖြစ် လိုအပ်ပါတယ် ။ ကောင်းကင် အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ် ဆိုတာက ရှားပါးလွန်းလှတဲ့ အတွက် သူတော်စင်တွေ ကိုယ်တိုင်တောင်မှ ကျင့်စဉ် တစ်ခု ရဖို့အတွက် မလွယ်ကူလှပါဘူး ။ *** နောက်ထပ် နေ့တွေမှာတော့ လီဖူချန်းဟာ ဘာကိုမှ မလုပ်ဘဲ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားကိုသာ အသားကျအောင် စမ်းသပ်မှုတွေ ပြုလုပ်နေခဲ့ပါတယ် ။ စမ်းသပ်မှုတွေအရ ဆိုရင်တော့ သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ် အပြင်အား အစွမ်းဟာ သူ့ရဲ့ ဓားတာအို အစွမ်းထက်ကိုလည်း အများကြီး အစွမ်း ထက်နေခဲ့ပါပြီ ။ သည်နေရာမှာ တစ်ခု သိထားရမှာကတော့ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား အစွမ်းဟာ မူလပင်လယ် နယ်ပယ် အထွတ်အထိပ် အဆင့်မှာကတည်းက သူ့ရဲ့ ဓားတာအို အစွမ်းထက် မဆိုစလောက် ကလေးသာ နိမ့်ကျတယ် ဆိုတာပါပဲ ။ အခု သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကိုတောင် ချိူ းဖောက် ဝင်ရောက်သွားနိုင်ပြီ ဖြစ်တဲ့အတွက် ဓားတာအို အစွမ်းထက်ကို ဘယ်လိုမဆို သာလွန်နေပါပြီ ။ လီဖူချန်း အနေနဲ့ ဓားနှလုံးသားရဲ့ အထောက်အပံ့ကို ယူရင်တောင်မှ သူ့ရဲ့ ဓားတာအို အစွမ်းဟာ ခန္ဓာကိုယ် အပြင်အား အစွမ်းကို ဘယ်လိုမှ မှီစရာ အကြောင်း မရှိပါဘူး ။ သည်လိုနဲ့ပဲ လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားနဲ့ တစ်စထက်တစ်စ အသား ကျလာခဲ့ပါတယ် ။ ……… လေပြင်းတောင်တန်း အပြင်ဘက် တစ်နေရာ…… ဟူး…… တစ်နေ့မှာတော့ အရိုးစု တစ်ခုဟာ လေပြင်းတောင်တန်းရဲ့ အပြင်ဘက်ခြမ်းမှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ် ။ အဲသည် အရိုးစုကတော့ အရိုးစု ဝတ်ရုံကို ငှားလာတဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကလွဲပြီး တခြားသူ မရှိပါဘူး ။ " ဟမ့်…… သည်အသုံးမကျတဲ့ ဝင်္ကပါ အကာအကွယ် အစီအရင်ကို ယန်ကလန်က သုံးနေသေးတာလား ။ ကောင်းကင်မီးတောက် အစည်းအရုံးသာ မရှိရင်တော့ ငါ တစ်စစီ ဖျက်ဆီး ပစ်လိုက်ပြီ " ကြိမ်းဝါး ရေရွတ်သံ တစ်ခု အပြီးမှာတော့ အရိုးစုဟာ တိုးတိတ်စွာနဲ့ လေပြင်းတောင်တန်း နယ်နိမိတ်ထဲကို တိုးဝင် သွားခဲ့ပါပြီ ။ သည်ဖြစ်ရပ်ကြီးက တကယ်ကို မယုံကြည်နိုင်စရာပါပဲ ။ လီဖူချန်း ကိုယ်တိုင်တောင်မှ သူ့ရဲ့ ဓားအရွေ့နဲ့ အဆင့်၈ ဝင်္ကပါ အစီအရင် တစ်ခု မသိအောင် အစီအရင်ထဲ မဝင်နိုင်ပါဘူး ။ " ဟိုအမျိုးယုတ်လေး နှစ်ကောင် ဘယ်ရောက်နေပါလိမ့် " လေပြင်းတောင်တန်းရဲ့ နယ်နိမိတ်ထဲကို ဝင်အပြီးမှာတော့ အရိုးစုကြီးဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံကို ဖြန့်ကြက်ပြီး လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကို ရှာဖွေ လိုက်ပါတယ် ။ သိပ်မကြာခင်မှာပဲ သူဟာ သူ့ရဲ့ ပစ်မှတ် နှစ်ခုကို လေရူး တောင်ပေါ်မှာ အာရုံ ခံလိုက်မိပါပြီ ။ " ကောင်းတယ် ။ မင်းတို့ နှစ်ယောက်က အတူ ရှိနေတော့ ငါအချိန် မကုန်တော့ဘူးပေါ့ " " သည်နေ့တော့ မင်းတို့ နှစ်ယောက်ကို ငါ့အကြောင်း ကောင်းကောင်းကြီး ပြရမယ် " စကားဆုံးတဲ့ နောက်မှာတော့ အရိုးစုဟာ ရုတ်တရက် ဆိုသလို နဂိုမူလကထက် အဆ တစ်ထောင်ကျော် ကြီးမားတဲ့ အရိုးစုကြီး တစ်ခု အသွင်ကို ပြောင်းလဲ သွားခဲ့ပါပြီ ။ အဲဒါတင် မကသေးပါဘူး ။ တစ်ချိန်တည်းမှာပဲ လေရူးတောင်ထက်ကို ကြီးမားသွားတဲ့ အရိုးစုကြီးက လက်သည်းကုတ်ချက် တစ်ချက်ကို ထုတ်လိုက်ပါသေးတယ် ။ " ဘာကြီးလဲ " လေရူးတောင်ပေါ်မှာ ရှိနေတဲ့ လီဖူချန်းကလည်း အန္တရာယ် အငွေ့အသက်ကို အာရုံ ခံမိပြီးသားပါပဲ ။ အရိုးစုကြီး ထွက်ပေါ်လာတာက သူ့ကို အံ့သြသွားစေပေမယ့် သူ့ကို အငိုက်တော့ မမိစေပါဘူး ။ " ဒါက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ပဲ " လက်ရှိ လောလောဆယ် သည်ကုန်းမြေတိုက်မှာက သူတို့အတွက် ရန်သူဆိုလို့ အရိုးဖြူ မိစ္ဆာ ဧကရာဇ် တစ်ယောက်ပဲ ရှိတာပါ ။ အဲသည်အတွက် လီဖူချန်းက ရန်သူကို တိတိကျကျ ခန့်မှန်းလိုက်နိုင်ပါတယ် ။ ပြီးတော့ သည်အရိုးစုကြီးက ယန်ကလန်ကို ပစ်မှတ် မထားဘဲ သူနဲ့ ရန်ချင်းဟူကိုသာ ပစ်မှတ် ထားနေတာ မဟုတ်ပါလား ။ " မဟူရာဓားမော့ ၊ ရွှက်လွင့်ခြင်း " ရန်ချင်းဟူရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က မဟာ ဧကရာဇ် တစ်ပါးနဲ့ ယှဉ်လို့ ရနေပါပြီ ။ အဲသည်အတွက် သူမရဲ့ တုံ့ပြန်မှုတွေကလည်း လီဖူချန်းထက် မနှေးပါဘူး ။ ဘန်း…… ကြီးမားလှတဲ့ အရိုးစုကြီးရဲ့ လက်သည်း နဲ့ မဟူရာ ဓားမော့ အလင်းတန်းတို့ ထိပ်တိုက် တွေ့ဆုံလိုက်မိတဲ့ အချိန်မှာတော့ လေပြင်းတောင်တန်းကြီး တစ်ခုလုံးဟာ တော်လဲသံကြီး တစ်ခု နဲ့အတူ ငလျင်လှုပ်သလို တုန်ခါ သွားပါတော့တယ် ။ တစ်ဆက်တည်းမှာပဲ မဟူရာ ဓားမော့ အလင်းတန်းဟာ လက်သည်းကြီးရဲ့ ကုတ်အားကြောင့် တစ်စစီ ဖြစ်သွားခဲ့ပါပြီ ။ " ဟင် ……သည်လက်သည်းက " အရိုးစုရဲ့ လက်သည်း အစွမ်းက မဟာ ဧကရာဇ်တစ်ပါး အဆင့်ကို မရောက်သေးပေမယ့်လည်း သိပ်မကွာတော့ပါဘူး ။ အဲသည်အတွက် ရန်ချင်းဟူက နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရပါတယ် ။ သူမရဲ့ မျက်နှာကလည်း အနည်းငယ် ပျက်နေခဲ့ပါပြီ ။ " ဟီး……ဟီး…… အမျိုးယုတ်လေး နှစ်ကောင် သေဖို့သာ ပြင်ထားတော့ " အရိုးစုကြီးက လေပြင်းတောင် ပေါက်ကွဲပြီး လီဖူချန်းတို့ နှစ်ယောက် အသေဆိုးနဲ့ သေတာကိုတောင် မြင်ယောင်လာမိသလိုပါပဲ ။ " အရိုးဖြူ မိစ္ဆာ ဧကရာဇ် ……ဘာဖြစ်လို့ ပုန်းနေတာလဲ ။ အပြင်ကို ခဏလောက် ထွက်ခဲ့စမ်းပါ " စကားအဆုံးမှာတော့ လီဖူချန်းက သူ့ရဲ့ ညာဘက်လက်ကို ဆန့်တန်းပြီး ဆွဲကုတ် လိုက်ပါတယ် ။ အဲသည်နောက်မှာတော့ မယုံနိုင်စရာ ကောင်းလှတဲ့ ဖြစ်ရပ်ကြီး တစ်ခုဟာ ပေါ်လာတော့တာပါပဲ ။ လက်ဝါး…… ဧရာမ လက်ဝါးကြီး တစ်ခု …… တိတိကျကျ ပြောရမယ် ဆိုရင် အရိုးစုကြီးထက် အဆပေါင်းများစွာ ကြီးမားတဲ့ ဧရာမ လက်ဝါးကြီး တစ်ခုဟာ ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိဘဲ အရိုးစုကြီးကို ဖမ်းဆုပ် ထားလိုက်ပါတော့တယ် ။ " ဘာဖြစ်တာလဲ…… ငါ့ကို လွှတ်စမ်း " အရိုးစုကြီးက သွေးရူးသွေးတန်း ရုန်းကန်နေပေမယ့်လည်း လက်ဝါးကြီးရဲ့ ဖမ်းဆုပ်မှုအောက်ကနေ မလွတ်မြောက် နိုင်ပါဘူး ။ " ကြီးစမ်း ……ကြီးစမ်း " နောက်ဆုံးမှာတော့ အရိုးစုကြီးဟာ ဧရာမ လက်ဝါးကြီးရဲ့ ဖမ်းဆုပ်မှု အောက်ကနေ လွတ်မြောက်ဖို့အတွက် သူ့ရဲ့ ခန္ဓာကိုယ်ကို ကြီးမား စေလိုက်ပါတယ် ။ ဟူး……ဟူး……ဟူး…… မျက်စိတစ်မှိတ် အတွင်းမှာပဲ အရိုးစုကြီးဟာ တိမ်ပင်လယ်တွေကို ကျော်ဖြတ်ပြီး ကောင်းကင်ထဲကို တိုးဝင် သွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း အရိုးစုကြီးက ဘယ်လောက်ပဲ ကြီးကြီး ဧရာမ လက်ဝါးကြီးရဲ့ လက်ထဲကနေ မလွတ်မြောက် နိုင်သေးပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ဧရာမ လက်ဝါးကြီးကလည်း သူနဲ့အတူ လိုက်ပြီး ကြီးမားလာခဲ့လို့ပါပဲ ။

All Chapters