အပိုင်း-၆၉၃
Vol. 51 Ch. 693
အလောင်းပျံ ဧကရာဇ်နဲ့ ရင်ဆိုင်ခြင်း ဟူး……ဟူး…… တစ်နေ့မှာတော့ လူရိပ် နှစ်ရိပ်ဟာ လေပြင်းတောင်တန်းရဲ့ အပြင်ဘက် တစ်နေရာကို ရောက်ရှိ လာခဲ့ပါတယ် ။ အဲသည်လူ နှစ်ယောက်ကတော့ အလောင်းပျံ ဧကရာဇ် နဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်တို့က လွဲပြီး တခြား မရှိပါဘူး ။ " ဟမ့် …… ခင်ဗျားပြောတဲ့ ခန္ဓာကိုယ် အပြင်အား ဧကရာဇ်က သည်မှာလား " အလောင်းပျံ ဧကရာဇ်ကတော့ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ပါပဲ ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ အကူအညီနဲ့ဆိုရင် သူဟာ လီဖူချန်းကို အနိုင်မယူနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်ပေါင်းရဲ့ အစွမ်းက မဟာ ဧကရာဇ် တစ်ပါးကိုတောင် အေးအေးဆေးဆေး ယှဉ်နိုင်တာ မဟုတ်ပါလား ။ " ခဏစောင့် …… ကျုပ်အရင် သွားကြည့်လိုက်ဦးမယ် " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က ပြောလိုက်ပါတယ် ။ အလောင်းပျံ ဧကရာဇ်က ခေါင်းခါလိုက်ပြီး " အလုပ်ရှုပ် ခံမနေစမ်းပါနဲ့ " စကားဆုံးတာနဲ့ တစ်ပြိုင်နက် အလောင်းပျံ ဧကရာဇ်က ညာဘက်လက်ကို ဆန့်လိုက်ပြီး ယန်ကလန်ရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကို ဆွဲဖြဲပစ်လိုက်ပါတယ် ။ ဖောင်း…… ဖောင်း…… ဖောင်း…… အဲသည်နောက်မှာတော့ အကာအကွယ် ဝင်္ကပါ အစီအရင်ဟာ ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့ပါပြီ ။ "ဘာ…… ဘာတွေ ဖြစ်နေတာလဲ " ဝင်္ကပါ အစီအရင် ပျက်စီးသွားတာ သိလိုက်တာနဲ့ တစ်ပြိုင်နက် ယန်ထျန်း နဲ့ ယန်လုံတို့ဟာ အထိတ်တလန့်နဲ့ ကလန်ထဲကနေ ပြေးထွက် လာခဲ့ကြပါတယ် ။ " အ……အလောင်းပျံ ဧကရာဇ် နဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ပါလား " အလောင်းပျံ ဧကရာဇ် နဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်တို့ကို မြင်လိုက်တဲ့ အချိန်မှာတော့ သူတို့နှစ်ယောက်ဟာ မျက်နှာ အကြီးအကျယ် ပျက်သွားခဲ့ပါပြီ ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ် တစ်ပါးတည်း ဆိုရင်တော့ သူတို့ဟာ လီဖူချန်းကို အားကိုးလို့ ရပါသေးတယ် ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က လီဖူချန်းကို ဘာမှ မခြိမ်းခြောက် နိုင်ပါဘူး ။ ဒါပေမဲ့လည်း အလောင်းပျံ ဧကရာဇ်လို မဟာ ဧကရာဇ် တစ်ပါးနဲ့ တစ်နေ့လုံး ယှဉ်တိုက်နိုင်တဲ့ ထိပ်သီး ပုဂ္ဂိုလ်တစ်ပါးပါ ပါလာပြီ ဆိုရင်တော့ အရာရာဟာ ခြားနား သွားခဲ့ပါပြီ ။ ဘာဖြစ်လို့လဲဆိုတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ် နှစ်ပါး ပေါင်းရင်တောင်မှ အလောင်းပျံ ဧကရာဇ် တစ်ပါးကို မယှဉ်နိုင်လို့ပါပဲ ။ " မကောင်းတော့ဘူး ။ ကောင်းကင်မီးတောက် အစည်းအရုံးကို မြန်မြန် သတင်းပို့မှ ရမယ် " ယန်လုံက ဆက်သွယ်ရေး တံဆိပ်တော် တစ်ခုကို ထုတ်ယူပြီး သတင်းပို့ဖို့ ပြင်လိုက်ပါတယ် ။ " ခဏနေပါဦး …… ဦးလေးလုံ " ဒါပေမဲ့လည်း ယန်လုံက သတင်း မပို့လိုက်ရပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့က သူတို့ရှိရာဆီကို ပျံသန်း ရောက်ရှိ လာခဲ့လို့ပါပဲ ။ " သူရဲကောင်းလေးလီ …… မိန်းကလေးရန် " ယန်လုံ နဲ့ ယန်ထျန်းတို့က လီဖူချန်းတို့ကို လှမ်းပြီး နှုတ်ဆက် လိုက်ကြပါတယ် ။ " ဦးလေးလုံ……အရင်ဆုံး အကာအကွယ် ဝင်္ကပါ အစီအရင်ကို ပြန်စီရင်ထားလိုက်ပါလား ။ ကျွန်တော် သူတို့ရဲ့ အစွမ်းကို စမ်းကြည့်လိုက်ဦးမယ် " ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ကို ရောက်လာတာ အချိန် အတိုင်းအတာ တစ်ခုအထိ ရှိနေပြီ ဖြစ်တဲ့အတွက် လီဖူချန်းဟာ တစ်ဖက်လူရဲ့ ဇစ်မြစ်ကို ကောင်းကောင်းကြီး ခန့်မှန်း နိုင်ပါတယ် ။ အလောင်းပျံ ဧကရာဇ်က အစွမ်းထက်တာတော့ အမှန်ပါပဲ ။ ဒါပေမဲ့လည်း လီဖူချန်းကို ကြောက်လန့်စေတဲ့ အထိတော့ မစွမ်းဆောင် နိုင်သေးပါဘူး ။ အလောင်းပျံ ဧကရာဇ်ကို အသာ ထားပါဦး ။ မဟာ ဧကရာဇ် တစ်ပါးကိုတောင်မှ လီဖူချန်းဟာ မကြောက်ပါဘူး ။ ဒါပေမဲ့လည်း အဲသည် မဟာ ဧကရာဇ်ဟာ ထိပ်တန်းအဆင့် မဟာ ဧကရာဇ် ဖြစ်မနေဖို့တော့ လိုပါတယ် ။ " သူရဲကောင်းလေးလီ…… သတိ လက်လွှတ်တော့ မဖြစ်စေနဲ့နော် ။ အလောင်းပျံ ဧကရာဇ်က လက်နက် ၊ ရေ နဲ့ မီးကို မကြောက်ဘူး ။ ဒါကြောင့် မဟာ ဧကရာဇ်တွေတောင်မှာ သူ့ကို မျက်ကွယ် ပြုထားကြတာ " ယန်လုံက လီဖူချန်းကို လှမ်းပြီး သတိ ပေးလိုက်ပါတယ် ။ " လူတစ်ယောက်ရဲ့ နာမည် ၊ ဂုဏ်သတင်းက သစ်ပင် တစ်ပင်ရဲ့ အရိပ်နဲ့ တူတယ် " ဆိုတဲ့ ဆိုရိုး စကားလိုပါပဲ ။ အလောင်းပျံ ဧကရာဇ်ရဲ့ ခန္ဓာကိုယ် မာကျောမှုကလည်း ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက် တစ်ခုလုံး အနှံ့ မသိသူ မရှိတဲ့အထိ ကျော်ကြားပါတယ် ။ ( TL note : အပင်မြင့်လေလေ အရိပ် ပိုရှည်လေလေ ဆိုတဲ့ သဘော ဆိုလိုဟန် တူပါတယ် ။) " အင်း…… ကျွန်တော် သတိလက်လွှတ် မလုပ်ပါဘူး " စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူရှိနေရာကနေ ပျောက်ကွယ်သွားပြီး အလောင်းပျံ ဧကရာဇ်တို့နဲ့ မီတာရာချီ ကွာဝေးတဲ့ အရပ်ကို ရောက်သွားခဲ့ပါပြီ ။ မသိရင် အဲဒါက မြေကြော ရှုံ့လိုက်သလိုပါပဲ ။ " သူက တကယ် ခန္ဓာကိုယ် အပြင်အား ဧကရာဇ်ပဲ " အလောင်းပျံ ဧကရာဇ်က သည်အကွာအဝေးကတင် လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေတဲ့ သွေးချီအားတွေကို ခံစားမိနေပါပြီ ။ သည်သွေးချီအားတွေက ခန္ဓာကိုယ် အပြင်အား ဘုရင် အပါး တစ်ထောင်ထက်တောင်မှ ပိုပြီး အားကောင်းနေပါသေးတယ် ။ " အရိုးဖြူ မိစ္ဆာ ဧကရာဇ် …… ကျုပ်က ခင်ဗျားကို တစ်ကြိမ် အခွင့်အရေး ပေးပြီးပြီ ။ သည်တစ်ကြိမ်တော့ ခင်ဗျား အသက်ရှင်လျက် ပြန်ဖို့ စိတ်မကူးနဲ့တော့ " လီဖူချန်းရဲ့ အသံက ရေခဲတမျှ အေးစက်နေပြီး သတ်ဖြတ်ခြင်း အငွေ့အသက်တွေ အပြည့်ပါပဲ ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က လီဖူချန်းရဲ့ စကားကို အဖက် မလုပ်ပါဘူး ။ သူက လီဖူချန်းကို ပြန်ပြီးတောင် လှောင်နေလိုက်ပါသေးတယ် ။ " ဟမ့် …… ငါ့ကို သတ်ချင်တယ် ဟုတ်လား ။ မင်း နေ့ခင်းကြောင်တောင် အိပ်မက် မက်နေတာလား ။ အခုသည်မှာ အလောင်းပျံ ဧကရာဇ် ရောက်နေတာ မင်းမတွေ့ဘူးလား ။ တကယ့် ဟာသပဲ " အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သူ့ရဲ့ အသက်နဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချမှု အပြည့်ပါပဲ ။ သူက လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းကို ကောင်းကောင်းကြီး မြည်းစမ်းခဲ့ ပြီးပါပြီ ။ လီဖူချန်းက အလောင်းပျံ ဧကရာဇ်ကို ဘယ်လိုမှ ယှဉ်တိုက်နိုင်စရာ အကြောင်း မရှိပါဘူး ။ ခဏနေလို့ အလောင်းပျံ ဧကရာဇ်နဲ့ လီဖူချန်းတို့ တိုက်ခိုက်တဲ့ အချိန်ကျရင် သူက ဘေးကနေ အလစ်ချောင်းပြီး ဝင်တိုက်ဦးမှာပါ ။ အဲသည်အချိန်ကျရင် လီဖူချန်းဟာ သူ့ကို မသတ်နိုင်တဲ့အပြင် သူ့ရဲ့ အသက်ကိုပါ ပြန်ပြီး စိုးရိမ်နေရမှာ ဖြစ်ပါတယ် ။ လီဖူချန်းရဲ့ ခန္ဓာကိုယ် မာကျောမှုက အလောင်းပျံ ဧကရာဇ်လို အဆင့်မှာ ရှိမနေလို့ကတော့ သူဟာ သေချာပေါက် သေမှာပါပဲ ။ " ခဏနေကျရင် ခင်ဗျား အခုလို ဆက်ရယ်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့ " စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို အဖက် မလုပ်တော့ပါဘူး ။ အဲသည်အစား သူက အလောင်းပျံ ဧကရာဇ်ဘက်ကို အာရုံ ပြောင်းလိုက်ပါတော့တယ် ။ အလောင်းပျံ ဧကရာဇ်က နှစ်မီတာခွဲလောက် မြင့်တဲ့အတွက် အတော်လေး အရပ်မြင့်သူ တစ်ဦးလို့ ဆိုရပါမယ် ။ သူ့ရဲ့ အသားအရေကတော့ စိမ်းပုပ်ရောင် သမ်းနေပြီး မသိရင် သတ္တုနဲ့ ကျောက်စိမ်း ရောစပ်ထားသလိုပါပဲ ။ " သည်လူက သူ့ရဲ့ ခန္ဓာကိုယ်ကို ဖုတ်ကောင်ခန္ဓာကိုယ် ဖြစ်အောင် ကျင့်ထားတာလား " လီဖူချန်းက ဝေခွဲမရ ဖြစ်နေခဲ့ပါတယ် ။ အဆင့်နိမ့် ဖုတ်ကောင်တွေ ဆိုတာက ဘာမှ ပြောပလောက်တဲ့ အရာတွေ မဟုတ်ပါဘူး။ သူတို့တွေရဲ့ ခန္ဓာကိုယ်က မာကျောပြီး သွေးကြောတွေက ပိတ်ဆို့နေပြီ ဖြစ်တဲ့အတွက် သူတို့တွေက လမ်းထလျှောက်နိုင်တဲ့ အလောင်းကောင်သာသာပဲ ရှိတာပါ ။ ဒါပေမဲ့လည်း အဆင့်မြင့် ဖုတ်ကောင်တွေကတော့ အခြားနားကြီး ခြားနား သွားခဲ့ပါပြီ ။ သူတို့ရဲ့ သွေးကြောတွေက အတားအဆီး မရှိ ချောမွေ့နေပြီ ဖြစ်တဲ့အပြင် ဖုတ်ကောင် သွေးကြောမကြီးတွေကိုပါ မွေးဖွားစေခဲ့ပြီးပြီ ဖြစ်တဲ့အတွက် သူတို့ရဲ့ ခန္ဓာကိုယ်ဟာ လူသားတွေထက်သာမက မိစ္ဆာသားရဲတွေထက်တောင်မှ မာကျောပါသေးတယ် ။ အဲသည်အတွက် ခန္ဓာကိုယ် မာကျောမှု အပိုင်းမှာ ဆိုရင်တော့ သူတို့ကို ယှဉ်နိုင်သူတွေဟာ မိစ္ဆာတွေပဲ ရှိတယ်လို့ အကြမ်းဖျင်း ဆိုရပါမယ် ။ အဲသည် အဓိပါ္ပယ်ကတော့ အလောင်းပျံ ဧကရာဇ်ရဲ့ ခန္ဓာကိုယ် မာကျောမှုဟာ အဆင့်၈ မိစ္ဆာ တစ်ကောင်နဲ့ ယှဉ်လို့ ရနေပြီ ဆိုတာပါပဲ ။ အဆင့်၈ မိစ္ဆာတစ်ကောင်ရဲ့ ခံနိုင်ရည် ဆိုတာက နောက်စရာ လုံးဝ မဟုတ်ပါဘူး။ အဆင့်၈ မိစ္ဆာတွေထဲက အားအနည်းဆုံးလို့ ဆိုရမယ့် မိစ္ဆာ တစ်ကောင်ကတောင်မှ မဟာ ဧကရာဇ်တစ်ပါးကို လက်မြှောက် သွားစေနိုင်တဲ့အထိ ခံနိုင်ရည် ရှိပါတယ် ။ " ကောင်လေး…… မင်းက အတော်လေး စိတ်ကြီး ဝင်နေတာပဲ ။ ဒါပေမဲ့ ငါမင်းရဲ့ အဲသည်ပုံစံကို သဘောကျတယ် " အလောင်းပျံ ဧကရာဇ်က သုံးလက်မလောက် ရှည်တဲ့ သူ့ရဲ့ လက်သည်းတွေကို တသသ ကြည့်နေရင်းနဲ့ လီဖူချန်းကို လှမ်းပြီး ချီးကျူ း လိုက်ပါတယ် ။ အလောင်းပျံ ဧကရာဇ်ရဲ့ လက်သည်းတွေက ဘယ်လိုလုပ်ပြီး သုံးလက်မ အထိ ရှိနေမှန်းတော့ မသိပါဘူး ။ သူ့ရဲ့ လက်သည်းတွေက သုံးလက်မ မကလို့ ဆယ်လက်မ ဖြစ်နေရင်လည်း လီဖူချန်းက အရေး မစိုက်ပါဘူး ။ ဒါပေမဲ့လည်း အဲသည် လက်သည်းတွေက သုံးလက်မ ရှိနေရုံမက မည်းနက်နေတဲ့ သွေးတွေပါ စွန်းနေတဲ့အတွက် သူ့ကို အမျိုးအမည် မသိတဲ့ ခံစားချက် တစ်ခု ပေးစွမ်းနေတာတော့ အမှန်ပါပဲ ။ တကယ်လို့ လီဖူချန်း ထင်တာသာ မမှားဘူး ဆိုရင်တော့ အဲသည်သွေးတွေက ဖုတ်ကောင် သွေးအဆိပ်ပဲ ဖြစ်ရပါမယ် ။ ဖုတ်ကောင် သွေးအဆိပ် ဆိုတာက နောက်စရာ မဟုတ်ပါဘူး ။ အဲဒါက တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ကို တုံ့ဆိုင်း သွားစေရုံသာမက အဲဒါက သွေးတွေကိုပါ ခန်းခြောက် စေနိုင်ပါတယ် ။ ပြီးတော့ လီဖူချန်း သိထားသလောက် ဆိုရင် အလောင်းပျံ ဧကရာဇ်မှာက လက်သည်း တစ်ခုတည်းတင် ဖုတ်ကောင် သွေးအဆိပ် ရှိနေတာ မဟုတ်ပါဘူး ။ သူ့ရဲ့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာကလည်း ဖုတ်ကောင် သွေးအဆိပ် ရှိနေတာပါပဲ ။ ရွှီး…… အစိမ်းပုပ်ရောင် အလင်းတန်း တစ်ခု ဖျတ်ခနဲ လက်သွားအပြီးမှာတော့ အလောင်းပျံ ဧကရာဇ်ဟာ လီဖူချန်းရဲ့ အရှေ့ကို ရောက်လာခဲ့ပါပြီ ။ အလောင်းပျံ ဧကရာဇ်ရဲ့ နာမည်၊ဂုဏ်ပုဒ်မှာ ပါတဲ့ "ပျံ " ဆိုတာက အလကား ဖြစ်လာတာ မဟုတ်ပါဘူး ။ အဲဒါက သူ့ရဲ့ အမြန်နှုန်းကို ရည်ညွှန်းထားတာပါ ။ အလောင်းပျံ ဧကရာဇ်က အကွာအဝေးတို တစ်ခု အတွင်းမှာ ဆိုရင် သူ့ရဲ့ အမြန်နှုန်းဟာ နေရာရွှေ့ပြောင်းခြင်း နည်းစနစ်ကိုတောင် ယှဉ်နိုင်တယ်လို့ ပြောစမှတ် ပြုရတဲ့အထိ ကျော်ကြားသူလည်း ဖြစ်ပါတယ် ။ " ကောင်လေး…… မင်းသေနေ့ စေ့ပြီ " စကားအဆုံးမှာတော့ အလောင်းပျံ ဧကရာဇ်က လက်နှစ်ဖက်နဲ့ လီဖူချန်းရဲ့ ပခုံးကို ကုပ်ဆွဲ ချလိုက်ပါတယ် ။ ဘန်း…… လီဖူချန်းကလည်း ပြန်လည် တုံ့ပြန်မှုကလည်း လျှပ်ပြက်သလိုပါပဲ ။ သူက လက်သီးချက် တစ်ချက်ကို အမြန်ထုတ်ပြီး အလောင်းပျံ ဧကရာဇ်ရဲ့ ရင်ဘတ်ကို ပြန်ထိုးလိုက်ပါတယ် ။ နတ်ဘုရားလက် ဆိုတာက လက်ဝါးရိုက်ချက် တစ်ခုတည်းကိုပဲ အသုံးပြုရတဲ့ ပညာရပ် မဟုတ်ပါဘူး ။သည်ပညာရပ်က လက်သီး နဲ့ လက်ချောင်းတွေကိုပါ အသုံးပြုလို့ ရပါတယ် ။ " သည်ကောင်က ဘယ်လိုလုပ်ပြီး သည်လောက် မြန်နေရတာလဲ " အလောင်းပျံ ဧကရာဇ်က အနောက်ကို လွင့်ထွက်နေရင်းနဲ့ တွေးလိုက်မိပါတယ် ။ လီဖူချန်းရဲ့ တုံ့ပြန်မှုက ဘယ်လိုမှ ယုံကြည်နိုင်စရာ မရှိပါဘူး ။ အဲဒါက အင်မတန်မှကို လျင်မြန်လွန်းလှပြီး မသိရင် သူတိုက်လာမှာကို ကြိုသိနေတဲ့ အတိုင်းပါပဲ ။ " အား…… မာလိုက်တဲ့ ခန္ဓာကိုယ် " လီဖူချန်းက တစ်ဖက်လူရဲ့ ခန္ဓာကိုယ် မာကျောမှုကို စိတ်ထဲကနေ မဖြစ်မနေ ချီးကျူ း လိုက်မိပါတယ် ။ သည်ပုံအတိုင်း ဆိုရင်တော့ အစောပိုင်းက သူ့ရဲ့ လက်သီးချက်ဟာ အလောင်းပျံ ဧကရာဇ်ကို ဒဏ်ရာ ရစေဖို့ မလုံလောက်တဲ့ ပုံပါပဲ ။ အလောင်းပျံ ဧကရာဇ်က ခရမ်းရောင်ဝါး မဟာ ဧကရာဇ်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး အသက်ရှင်လျက် ရှိနေနိုင်တာကလည်း ဘာမှ မထူးဆန်းလှပါဘူး ။ သူ့ရဲ့ ခန္ဓာကိုယ်က မယုံနိုင်လောက်အောင်ကို မာကျောလွန်းလှတာ မဟုတ်ပါလား ။ " မင်းကများ " လက်သီးချက် တစ်ချက်ကြောင့် လွင့်ထွက် သွားခဲ့ရတဲ့ အလောင်းပျံ ဧကရာဇ်ကတော့ အတော်လေး ဒေါသ ထွက်နေခဲ့ပါပြီ ။ အဲသည်အတွက် သူက လီဖူချန်းဆီကို လေလိုပဲ ပြန်တိုးဝင်လာပြီး အဆက်မပြတ် တိုက်ခိုက်ပါတော့တယ် ။ သူ့ရဲ့ လက်သည်းချက် တစ်ချက် မိသွားလို့ကတော့ လီဖူချန်းအတွက် လွယ်မှာ မဟုတ်ပါဘူး။ အဲဒါက တိုက်ပွဲရဲ့ အဖြေကို တစ်ခါတည်း ထုတ်ပေးသွားနိုင်ပါတယ် ။ အလောင်းပျံ ဧကရာဇ်ရဲ့ လက်သည်းချက်ကိုတော့ လီဖူချန်း မပြောပါနဲ့ ။အစွမ်း ထက်လှပါတယ် ဆိုတဲ့ ခရမ်းရောင်ဝါး မဟာ ဧကရာဇ်တောင်မှ အကုပ် မခံရဲပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံက ထက်မြက်လွန်းလှတဲ့အတွက် အလောင်းပျံ ဧကရာဇ်ရဲ့ သိုင်းကွက်တိုင်းဟာ လီဖူချန်းရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေခဲ့ပါတယ် ။ အဲသည်အတွက် အလောင်းပျံ ဧကရာဇ်က လီဖူချန်းရဲ့ အကျီ ၤစကိုတောင် ထိအောင် မကုတ်ဆွဲ နိုင်ခဲ့ပါဘူး ။ အဲသည်အစား သူကတောင်မှ ပြန်ပြီး လီဖူချန်းရဲ့ ဒါဇင်နဲ့ချီတဲ့ လက်သီး အတွဲလိုက်ကို ပြန်မြည်းစမ်း နေရပါသေးတယ် ။ ဘန်း……ဘန်း……ဘန်း…… ဝုန်း……ဝုန်း…… သည်လိုနဲ့ပဲ တိုက်ပွဲဟာ အချိန်ကြာစ ပြုလာခဲ့ပါပြီ ။ တိုက်ပွဲ အချိန် ကြာလာတာနဲ့အမျှ အလောင်းပျံ ဧကရာဇ်ရဲ့ မျက်နှာဟာလည်း တစ်စထက်တစ်စ ပျက်ယွင်း လာပါတော့တယ် ။ လီဖူချန်းရဲ့ လက်သီးတွေက သူ့ကို ဒဏ်ရာ ရအောင် မလုပ်နိုင်ဘူး ဆိုပေမယ့် လက်သီးချက် ထိမှန်တာ များလာတဲ့ အခါမှာတော့ သူဟာ သိပ်ပြီး နေသာထိုင်သာ မရှိလာတော့ပါဘူး ။ " သည်သောက်ကလေးက လွန်လှချည်လား " လီဖူချန်းက သူ့ကို အန္တရာယ်ပေးနိုင်မှန်း ရိပ်မိစ ပြုလာတဲ့ အခါမှာတော့ အလောင်းပျံ ဧကရာဇ်ဟာ တစ်ယောက်ချင်း မတိုက်ရဲတော့ဘဲ စစ်ကူ ခေါ်ပါတော့တယ် ။ " အရိုးဖြူ …… ခင်ဗျား ဘာလုပ်နေတာလဲ ။ ခင်ဗျားက ကျုပ်သေမယ့် အချိန်ကို စောင့်နေတာလား " " လာပါပြီကွ " စကားသံ အဆုံးမှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကလည်း တိုက်ပွဲထဲကို ဝင်ရောက် လာခဲ့ပါပြီ ။ အစောပိုင်းတုန်းက သူ့အနေနဲ့ တိုက်ပွဲထဲကို ဝင်မပါခဲ့တာကတော့ အလောင်းပျံ ဧကရာဇ်က သူ့ကို ဝင်ပါဖို့ အရိပ်အယောင် မပြသေးလို့ပါပဲ ။ပြီးတော့ သူက အလောင်းပျံ ဧကရာဇ်ရဲ့ အစွမ်းကို ယုံကြည်မှု ရှိလွန်းတာလည်း ပါပါတယ် ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ တိုက်ရည်၊ခိုက်ရည်က သည်လောက်အထိ ကောင်းလိမ့်မယ်လို့ ဘယ်သူကများ ထင်မိမှာလဲ ။ အလောင်းပျံ ဧကရာဇ်ဟာ လီဖူချန်းကို ထိခိုက်အောင် လုပ်ဖို့ မပြောနဲ့ ။ အကျီ ၤစကိုတောင် ထိအောင် မတိုက်နိုင်ပါဘူး ။ ဘန်း……ဘန်း……ဘန်း…… ဝုန်း…… ဝုန်း…… ဒိုင်း…… အရိုးဖြူ မိစ္ဆာ ဧကရာဇ်ပါ ပါဝင်လာတဲ့ အခါမှာတော့ လီဖူချန်းဟာ ဖိအားကို စတင် ခံစား လာခဲ့ရပါပြီ ။ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အလောင်းပျံ ဧကရာဇ်အောက် လုံးဝ မလျော့ကျပါဘူး ။ တိတိကျကျ ပြောရမယ် ဆိုရင် အရိုးစု ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အလောင်းပျံ ဧကရာဇ်ထက်တောင် ပိုအားကောင်းပါသေးတယ်လို့ ဆိုရပါမယ် ။ သူ့မှာက အားနည်းချက်ဆိုလို့ အလောင်းပျံ ဧကရာဇ်လို မာကျောတဲ့ ခန္ဓာကိုယ် မရှိတာပဲ ရှိတာပါ ။ " သေစမ်း " " ဒါမျိုး ဘယ်ရမလဲ " ဘန်း…… အလောင်းပျံ ဧကရာဇ် နဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်တို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကို ခံရတဲ့ အခါမှာတော့ လီဖူချန်းဟာ ဘယ်လိုမှ အခြေအနေ မလှတော့ပါဘူး ။ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံက ဘယ်လောက်ပဲ ကောင်းနေတယ် ဆိုပါစေဦး ။ သူ့ရဲ့ ခန္ဓာကိုယ် အမြန်နှုန်းကတော့ လိုအပ်ချက် ရှိနေပါသေးတယ် ။ " ဟား……ဟား…… မိပြီကွ " တစ်ကြိမ်မှာတော့ အလောင်းပျံ ဧကရာဇ်က အခွင့်အရေးကို အမိအရ ရယူပြီး လီဖူချန်းရဲ့ ပခုံးကို ကုတ်ချ လိုက်ပါတယ် ။ " ဒါပဲ " အဲဒါကို မြင်လိုက်တဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ မျက်နှာကလည်း ဝင်းပ သွားခဲ့ပါပြီ ။ အလောင်းပျံ ဧကရာဇ်ရဲ့ ဖုတ်ကောင် သွေးအဆိပ်ဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုတာကို ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက် တစ်ခုလုံး အသိပါပဲ ။ သည်အဆိပ်က ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားပြီ ဆိုရင် မဟာ ဧကရာဇ် တစ်ပါးကိုတောင် ဒုက္ခ အကြီးအကျယ် ပေးနိုင်ပါတယ် ။ ထန်…… ဒါပေမဲ့လည်း အဖြစ်အပျက်တွေကတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ် လိုချင်သလို မဖြစ်လာခဲ့ပါဘူး ။ အလောင်းပျံ ဧကရာဇ်ရဲ့ လက်သည်းက လီဖူချန်းရဲ့ ကောင်းကင်စက်ကွင်း ဓားအကာမကွယ်ကို ဖောက်ထွင်း သွားနိုင်ခဲ့ပေမယ့် ခန္ဓာကိုယ် အပြင်အား ဥပဒေသ စက်ကွင်းနဲ့ အတွေ့မှာတော့ လက်မြှောက် အရှုံးပေး သွားခဲ့ရပါတယ် ။ " ဘယ်လို ဖြစ်တာလဲ " အလောင်းပျံ ဧကရာဇ်ရဲ့ မျက်လုံးတွေက ပြူ းကျယ် နေခဲ့ပါပြီ ။ သူ့ရဲ့ လက်သည်းက တကယ်ကြီး လီဖူချန်း အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိခဲ့ပါဘူး ။ " အလောင်းပျံ ဧကရာဇ် …… ဒါကြောင့် လူတွေက ခင်းဗျားကို ခံနိုင်ရည်ပဲ ရှိပြီး တိုက်ခိုက်တဲ့ နေရာမှာ သုံးစားမရဘူးလို့ ပြောကြတာကိုး " လီဖူချန်းက ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး အလောင်းပျံ ဧကရာဇ်ရဲ့ လည်ပင်းကို ဖမ်းညှစ် ပစ်လိုက်ပါတယ် ။ " မ……ဖြစ်နိုင်ဘူး " အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကလည်း မျက်လုံး အပြူ းသားနဲ့ပါပဲ ။ လီဖူချန်းရဲ့ ခံစစ်က သည်လောက်အထိ ကောင်းနေမှတော့ သူတို့အနေနဲ့ ဘယ်လိုလုပ်ပြီး ဆက်တိုက်ရတော့မှာလဲ ။ " ခင်ဗျားရဲ့ မျက်လုံးကကော ခင်ဗျားရဲ့ ခန္ဓာကိုယ်လို မာရဲ့လား " အလောင်းပျံ ဧကရာဇ်ရဲ့ လည်ပင်းကို ညှစ်ပြီးတဲ့ အခါမှာတော့ လီဖူချန်းက လက်နှစ်ချောင်းကို သုံးပြီး တစ်ဖက်လူရဲ့ မျက်လုံးတွေကို ထိုးဖောက် ပစ်လိုက်ပါတယ် ။ သူက အလောင်းပျံ ဧကရာဇ်ရဲ့ မျက်လုံးတွေဟာ သူ့ရဲ့ ခန္ဓာကိုယ်လို မာကျောနေလိမ့်လို့ မယုံကြည်ပါဘူး ။ လီဖူချန်းရဲ့ ရည်ရွယ်ချက်ကို သိလိုက်တဲ့ အလောင်းပျံ ဧကရာဇ်ကလည်း မျက်လုံးကို ချက်ချင်း မှိတ်ပစ်လိုက်ပါတယ် ။ ဖောက်……ဖောက်…… ဒါပေမဲ့လည်း သူ့ရဲ့ လှုပ်ရှားမှုတွေက အချိန် မမီတော့ပါဘူး ။ လီဖူချန်းရဲ့ လက်ချောင်းတွေက အညှာအတာ ကင်းမဲ့စွာနဲ့ သူ့ရဲ့ မျက်လုံးတွေကို ထိုးဖောက်သွားခဲ့ ပြီးပါပြီ ။ " အား " ဘန်း…… မျက်လုံးကန်းသွားတဲ့ အလောင်းပျံ ဧကရာဇ်က အသံနက်ကြီးနဲ့ ဟစ်အော်လိုက်ပြီး လီဖူချန်းရဲ့ ရင်ဘတ်ကို ဆောင့်ကန်ကာ လီဖူချန်းရဲ့ ဖမ်းချုပ်မှုအောက်ကနေ ရုန်းထွက်သွားပါတယ် ။ " ဟင် …… " လီဖူချန်းက အလိုမကျဟန်နဲ့ မျက်မှောင် တစ်ချက် ကြုတ်လိုက်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အလောင်းပျံ ဧကရာဇ်ရဲ့ မျက်လုံးတွေက စက္ကန့်ပိုင်း အတွင်းမှာပဲ အကောင်းပကတိ ပြန်ဖြစ်သွားလို့ပါပဲ ။ ပြောကြတာကတော့ ဖုတ်ကောင် ကျင့်စဉ်ဟာ အဆုံးစွန်အထိ ရောက်သွားပြီ ဆိုရင် ဘယ်လိုမှ မသေနိုင်တဲ့ အမတ ဘဝကို ရနိုင်ပါတယ်တဲ့ ။ ကြည့်ရတာတော့ အဲသည် ကောလာဟလက အတု မဖြစ်နိုင်လောက်ပါဘူး ။ ယုတ်စွအဆုံး အမတ ဘဝကို မရရင်တောင်မှ ဖုတ်ကောင် ခန္ဓာကိုယ်ဟာ သာမန် လူသား ခန္ဓာကိုယ်ထက်ကို ပြန်လည် ကောင်းမွန်မှုနှုန်း အဆပေါင်းများစွာ ပိုမြန်ပါတယ် ။ သည်နေရာမှာတော့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေတောင်မှ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး ။ " ခွေးမျိုး …… မင်းသေဖို့သာ ပြင်ထား" "ဖုတ်အလောင်းကောင်သွေး…… လောင်စမ်း " အလောင်းပျံ ဧကရာဇ်က ခရမ်းရောင်ဝါး မဟာ ဧကရာဇ်ရဲ့ လက်ချက်နဲ့ တစ်ခါ မျက်လုံး အဖောက် ခံရဖူးပါတယ် ။ အခုုအကြိမ်ကတော့ ဒုတိယမ္မိပါပဲ ။အဲသည်အတွက် သူက သည်ကိစ္စကို ဘယ်လိုမှ သည်းမခံ နိုင်ပါဘူး ။ တကယ်လို့ လီဖူချန်းက မဟာ ဧကရာဇ် တစ်ပါး ဆိုရင်တော့ သူ့အနေနဲ့ ထွက်ပြေးမှာ ဖြစ်ပေမယ့် အခု လီဖူချန်းက ခန္ဓာကိုယ် အပြင်အား ဧကရာဇ် တစ်ပါး အဆင့်မှာသာ ရှိပါသေးတယ် ။ အဲသည်အတွက် သူဟာ တန်ဖိုးတစ်ခုခု ပေးဆပ်ပြီး လီဖူချန်းကို မရရအောင် ဖမ်းနိုင်မှ တော်ကာ ကျပါလိမ့်မယ် ။ မဟုတ်လို့ကတော့ သူရခဲ့တဲ့ ဒဏ်ရာတွေက ဘာအဓိပါ္ပယ်မှ ရှိတော့မှာ မဟုတ်ပါဘူး ။