( စာစဉ်-၅၁) စိတ်ဝိညာဉ်တာအိုနဲ့ တန်ပြန်ခြင်း
Vol. 51 Ch. 694
ဟူး……ဟူး……ဟူး……
ရွှမ်း……ရွှမ်း……ရွှမ်း……
အလောင်းပျံ ဧကရာဇ်ရဲ့ မျက်လုံးတွေက သွေးရောင် သမ်းလာပြီး နောက်မှာတော့ သူ့ရဲ့ အမြန်နှုန်းဟာ သိသိသာသာကြီး တိုးတက်လာခဲ့ပါတယ် ။
သူ့ရဲ့ အစိမ်းပုပ်ရောင် သမ်းနေတဲ့ လက်သည်းရိပ်တွေကလည်း လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ ထားခဲ့ပါပြီ ။
ဖောင်း……
တစ်ကြိမ်မှာတော့ လီဖူချန်းရဲ့ ဥပဒေသ စက်ကွင်းဟာ ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ လက်သည်းချက်ကြောင့် အက်ကွဲရာ တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ် ။
" သည်လူရဲ့ အမြန်နှုန်း နဲ့ တိုက်ခိုက်နိုင်စွမ်းက ပိုပြီး မြင့်လာပါလား ။ ငါသတိထားမှ ဖြစ်တော့မယ် "
လီဖူချန်းက အလောင်းပျံ ဧကရာဇ် နဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်တို့ အပေါ်မှာ လျော့မတွက်ရဲပါဘူး ။
သူက သူ့အနေနဲ့ သတိလေး တစ်ချက် လွတ်သွားတာနဲ့ တစ်ပြိုင်နက် ကိုယ်ကျိုး နည်းသွားနိုင်တယ် ဆိုတာကို ကောင်းကောင်းကြီး သိပါတယ် ။
ဘန်း……ဘန်း……ဘန်း……
" သေစမ်း "
ရွှမ်း……
ဝုန်း……ဝုန်း……
" အင့် "
ဖုန်း……
" သွားစမ်း "
သည်လိုနဲ့ပဲ လီဖူချန်းတို့ သုံးယောက်ရဲ့ တိုက်ပွဲဟာ နာရီအနည်းငယ် ကြာလာခဲ့ပါပြီ ။ သူတို့ သုံးယောက်ရဲ့ လက်ချက်ကြောင့် လေပြင်းတောင်တန်း တစ်ခုလုံးဟာလည်း မွစာကျဲလို့ပါပဲ ။
" အင်း …… ငါဝင်ပါစရာ မလိုဘူးပဲ "
ရန်ချင်းဟူကတော့ တိုက်ပွဲကို ဘေးကနေပဲ ကြည့်နေခဲ့ပါတယ် ။
သူမက လီဖူချန်းတို့ သုံးယောက်ထက် တန်ခိုးအစွမ်း နိမ့်ကျတယ် ဆိုပေမယ့် သူမရဲ့ ဝှက်ဖဲတွေနဲ့ဆိုရင် တိုက်ပွဲကို ဝင်ပါဖို့အတွက် အဆင့် မီပါသေးတယ် ။ ဒါပေမဲ့လည်း အခု ကြည့်ရတာကတော့ လီဖူချန်းဟာ သူမရဲ့ အကူအညီကို လိုအပ်တဲ့ပုံ မပေါ်ပါဘူး ။
" သူရဲကောင်းလေးလီက အစွမ်းထက်လိုက်တာ "
ယန်ထျန်း နဲ့ ယန်လုံတို့ကတော့ ပါးစပ် အဟောင်းသားနဲ့ပါပဲ ။
အရိုးဖြူ မိစ္ဆာ ဧကရာဇ် ဆိုတာက ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက် တစ်ခုလုံးအနှံ့ ကျော်ကြားသူ ဖြစ်ပြီး အလောင်းပျံ ဧကရာဇ် ဆိုတာက သာမန် မဟာ ဧကရာဇ် တစ်ပါးနဲ့ တစ်နေ့လုံးလုံး ယှဉ်တိုက်နိုင်သူပါ ။
ဒါပေမဲ့လည်း အခုတော့ သူတို့နှစ်ယောက်ဟာ အချိန် အတော်ကြာ ပူးပေါင်းပြီး တိုက်ခိုက်နေတာတောင်မှ လီဖူချန်းကို အနိုင် မယူနိုင်သေးပါဘူး ။
မဟုတ်မှလွဲရော ။ လီဖူချန်းက မဟာ ဧကရာဇ် တစ်ပါး ဖြစ်နေတာများလား ။
" မဟုတ်ဘူး ။ သူက မဟာ ဧကရာဇ် မဖြစ်နိုင်ဘူး "
သေသေချာချာ စဉ်းစားဆင်ခြင် သုံးသပ်ပြီးတဲ့ နောက်မှာတော့ ယန်လုံက ခေါင်းကို တသွင်သွင် ခါရမ်းရင်းနဲ့ ရေရွတ်လိုက်ပါတယ် ။
တကယ်လို့ လီဖူချန်းကသာ မဟာ ဧကရာဇ် တစ်ပါးဆိုရင် သူ့အနေနဲ့ အခုလို အောက်စည်းကို ရောက်နေမှာ မဟုတ်ပါဘူး ။ သူက အရိုးဖြူ မိစ္ဆာ ဧကရာဇ် နဲ့ အလောင်းပျံ ဧကရာဇ်တို့ကို အနိုင်မယူနိုင်ဘူး ဆိုရင်တောင်မှ သူတို့ကို တိုက်ပွဲအစကနေ အဆုံးအထိ ဖိနှိပ် ထားနိုင်ပါမယ် ။
" အင်း…… ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အားကိုပဲ အားကိုးနေရင်တော့ သည်နှစ်ယောက်ကို ဘယ်လိုမှ အနိုင်ရမယ် မထင်ဘူး "
အဲသည်အချိန်မှာတော့ လီဖူချန်းဟာ သည်တိုက်ပွဲကို နိုင်ဖို့အတွက် သူ့အနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားကိုပဲ အားကိုးနေလို့ မရတော့ဘူး ဆိုတာကို ရိပ်မိသွားခဲ့ပါပြီ ။
" ဝိညာဉ်သတ်ဓား "
အဲသည်အတွက် သူက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို အသုံးပြုပြီး စိတ်ဝိညာဉ် ဓားနှစ်လက်ကို ရန်သူတွေဆီ ပစ်လွှတ်လိုက်ပါတယ် ။
ကြယ်၇ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ် ……
လီဖူချန်းက သည်နည်းစနစ်ကို စိတ်ဝိညာဉ် အသိစိတ်ဆူးကို အခြေခံပြီး တီထွင်ဖန်တီးခဲ့တာပါ ။
တကယ်လို့သာ သူ့ဆီမှာ လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်တွေ ပိုရှိခဲ့လို့ကတော့ လီဖူချန်းဟာ ကြယ်၈ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်ကိုတောင် အေးအေးဆေးဆေး တီထွင် နိုင်ပါတယ် ။
ဒါပေမဲ့လည်း စိတ်မကောင်းစရာက လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်တွေဟာ အင်မတန်မှ ရှားပါးတာပါပဲ ။
ဧကရာဇ်အဆင့် အဖွဲ့အစည်းကြီးတွေမှာတောင်မှ ကြယ်၇ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်တွေဟာ လက်တစ်ဖက် ပြည့်အောင် မရှိပါဘူး ။
ကြယ်၈ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်တွေကိုတော့ သူတော်စင်တွေမှသာ ပိုင်ဆိုင် နိုင်ပါလိမ့်မယ် ။
ပြောရမယ် ဆိုရင် အခု လီဖူချန်း အသုံးပြုလိုက်တဲ့ ကြယ်၇ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်ကလည်း အစွမ်း မထက်တာတော့ မဟုတ်ပါဘူး ။ အဲဒါက မဟာ ဧကရာဇ် တစ်ပါးရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုထက်တောင်မှ သာကောင်း သာနိုင်ပါတယ် ။
" ဒါ……ဒါက "
အလောင်းပျံ ဧကရာဇ် နဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်တို့ကတော့ မျက်လုံး အပြူးသား ဖြစ်နေခဲ့ကြပါပြီ ။
သူတို့ နှစ်ယောက်စလုံးက အထွတ်အထိပ် အဆင့် ဧကရာဇ်တွေ ဖြစ်ပေမယ့် လီဖူချန်းက သူတို့နှစ်ယောက်လုံးရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို တကယ်ကြီး သက်ရောက်မှု ရှိနေစေတာ မဟုတ်ပါလား ။
အဲသည် အဓိပါ္ပယ်ကတော့ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ မဟာ ဧကရာဇ် တစ်ပါး အဆင့်မှာ ရောက်နေပြီဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။
အလောင်းပျံ ဧကရာဇ် နဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်တို့က လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံနဲ့ ပတ်သက်ပြီး အံ့သြသွားတာ မှန်ပေမယ့် ကြောက်တော့ ကြောက်မသွားကြပါဘူး ။
ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်ရန်သူက အင်မတန် အစွမ်းထက်တဲ့ လိပ်ပြာ အသိစိတ်အာရုံကို ပိုင်ဆိုင်ထားတဲ့ မဟာ ဧကရာဇ်ဖြစ်နေမှာသာ သူတို့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်တွေကို ထိခိုက် ဒဏ်ရာ ရအောင် လုပ်နိုင်လို့ပါပဲ ။
"ငါ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုက အလုပ်မဖြစ်ဘူးဆိုတော့ ငါ့ရဲ့ စိတ်ဝိညာဉ်တာအို တိုက်ခိုက်မှုကို သုံးရတော့မှာပေါ့ "
သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုက အလုပ်မဖြစ်တာကို သိလိုက်တဲ့ နောက်မှာတော့ လီဖူချန်းက နောက်ထပ် နည်းလမ်းတစ်မျိုးကို ပြောင်းသုံးဖို့ ပြင်လိုက်ပါတယ် ။
အဲဒါကတော့ စိတ်ဝိညာဉ် သံကြိုးပါပဲ ။
သည်ပညာရပ်ကို လီဖူချန်းက ဝိညာဉ်တောင်ကြား သခင်ဆီကနေ ခိုးယူခဲ့တာ ဆိုရင်လည်း မမှားပါဘူး ။
လီဖူချန်းရဲ့ အမြင်အရ ဆိုရင်တော့ ဝိညာဉ်တောင်ကြား သခင်ဟာ တစ်ချိန်က သူတော်စင် တစ်ပါး ဖြစ်ခဲ့ဖူးသူ သေချာသလောက်ပါပဲ ။
အဲသည်အတွက် သူ့ရဲ့ စိတ်ဝိညာဉ်တာအို လျှို့ဝှက် နည်းစနစ်ဟာ ကြယ်၇ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက် နည်းစနစ်တွေထက်ကို အဆပေါင်းများစွာ သာလွန်ပါတယ် ။ လီဖူချန်းကတော့ သည်စနစ်ဟာ ကြယ်၈ပွင့် အဆင့်ထက်ကို သာလွန်တယ်လို့တောင် ထင်မြင်မိပါတယ် ။
" စိတ်ဝိညာဉ် သံကြိုး သွားစမ်း "
လီဖူချန်းရဲ့ အမိန့်ပေးသံ အဆုံးမှာတော့ ခရမ်းရောင် သံကြိုးတစ်ခုဟာ သူ့ရဲ့ နဖူးအလယ်ကနေ ထွက်ပေါ်လာပြီး အလောင်းပျံ ဧကရာဇ် နဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်တို့ဆီကို တိုးဝင် သွားခဲ့ပါပြီ ။
အလောင်းပျံ ဧကရာဇ် နဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်တို့က ခရမ်းရောင် သံကြိုးကို မြင်နိုင်စွမ်း မရှိပါဘူး ။ ဒါပေမဲ့လည်း သူတို့က မမြင်ရတဲ့ စွမ်းအားတစ်ခုဟာ သူတို့ကို တိုက်ခိုက်လာပြီ ဆိုတာကို ခံစားမိကြပါတယ် ။
ဒါပေမဲ့လည်း ခရမ်းရောင် သံကြိုးက လျင်မြန်လွန်းလှတဲ့အတွက် သူတို့ဟာ ရှောင်တိမ်းချိန် မရလိုက်ဘဲ သံကြိုးရဲ့ ရစ်ပတ်မှုကို ခံလိုက်ရပါတယ် ။
" ဒါက စိတ်ဝိညာဉ်တာအို လျှို့ဝှက်နည်းစနစ်ပဲ ။မင်းနဲ့ ဝိညာဉ်ဧကရာဇ်က ဘယ်လို ပတ်သက်တာလဲ "
အလောင်းပျံ ဧကရာဇ်က အလန့်တကြားနဲ့ လီဖူချန်းကို လှမ်းမေးလိုက်ပါတယ် ။
" ဝိညာဉ် ဧကရာဇ် "
လီဖူချန်းက မျက်မှောင် ကြုတ်လိုက်မိပါတယ် ။
" ခင်ဗျားက ဝိညာဉ်ဧကရာဇ်ကို သိတာလား "
လီဖူချန်းက သည်မေးခွန်းကို မမေးဘဲ မနေနိုင်ပါဘူး ။
အလောင်းပျံ ဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး
" ဘယ်လိုလုပ် မသိဘဲ နေမလဲ ။ဝိညာဉ်ဧကရာဇ်က ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပဲ ။ သူက ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ကိုလည်း မကြာခဏ လာလေ့ရှိတယ် "
ဝိညာဉ် ဧကရာဇ်က ခေသူ မဟုတ်ပါဘူး ။ သူက သည်ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်မှာတောင်မှ အတော်လေး ကျော်ကြားပါတယ် ။ သူ့ရဲ့ နာမည်က ဘယ်လောက်အထိ ကျော်ကြားမှု ရှိသလဲ ဆိုတော့ ဖုတ်အလောင်းကောင်ဂိုဏ်းရဲ့ သခင်ဖြစ်သူ ဖုတ်အလောင်းကောင် မဟာ ဧကရာဇ်တောင်မှ သူ့ကို မျက်နှာသာ ပေးရတဲ့ အထိပါပဲ ။
" သည်အတိုင်း ဆိုရင်တော့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်နဲ့ ကောင်းင်မဏ္ဍိုင် ကုန်းမြေတိုက်ကြားမှာ ဆက်သွယ်ရေး စင်မြင့်တွေ ရှိနေပြီနဲ့တူတယ် "
လီဖူချန်းက စိတ်ထဲကနေ ကောက်ချက် ချလိုက်ပါတယ် ။
" လာခဲ့စမ်း "
စိတ်ဝိညာဉ်သံကြိုးရဲ့ ရစ်ပတ်မှုကို ခံရအပြီးမှာတော့ အလောင်းပျံ ဧကရာဇ် နဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်တို့ဟာ မလှုပ်နိုင်ကြတော့ပါဘူး ။
သူတို့ရဲ့ စိတ်ဝိညာဉ်တွေကလည်း စိတ်ဝိညာဉ် သံကြိုးကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ထဲကနေ တဖြည်းဖြည်း ခွဲခွာသွားကြပါပြီ ။
" ယား "
ထောင်း……
အလောင်းပျံ ဧကရာဇ်ကတော့ ဘယ်လို လျှို့ဝှက် နည်းစနစ် တစ်ခုကို အသုံးပြုလိုက်တယ် မသိပါဘူး ။ ခရမ်းရောင် သံကြိုးဟာ ရုတ်တရက် လျော့ရဲသွားပြီး အလောင်းပျံ ဧကရာဇ်ဟာ အဝေးကို ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ် ။
လီဖူချန်းက အလောင်းပျံ ဧကရာဇ် ထွက်ပြေးသွားတာကို မြင်ပေမယ့် အနောက်ကနေ လိုက်မသွားခဲ့ပါဘူး ။
သူက သူ့ရဲ့ စိတ်ဝိညာဉ် သံကြိုးဟာ ပြီးပြည့်မစုံသေးဘဲ အားနည်းချက် ရှိနေတယ် ဆိုတာကို သိပါတယ် ။
သူ့ရဲ့ စိတ်ဝိညာဉ် သံကြိုးက မာကျောမှု အပိုင်းမှာသာ အာမခံ ရှိပြီး တခြားအပိုင်းမှာတော့ ဝိညာဉ်တောင်ကြား သခင်ကို မမီသေးပါဘူး ။
" အလောင်းပျံ ဧကရာဇ် ကျုပ်ကိုလည်း ကယ်ပါဦး "
အရိုးဖြူ မိစ္ဆာ ဧကရာဇ်က သွေးမရှိတော့တဲ့ မျက်နှာနဲ့ အလောင်းပျံ ဧကရာဇ်ကို သွေးရူးသွေးတမ်း အကူအညီ လှမ်းတောင်းလိုက်ပါတယ် ။
" မင်းကို ကယ်ရမယ် ဟုတ်လား …… ။ ငါ့ဟာငါတောင် မနည်းလွတ်အောင် ပြေးရတာ ။ ဘယ်လိုလုပ်ပြီး မင်းကို ငါက ကယ်ရမှာလဲ "
တကယ်လို့သာ လီဖူချန်းဆီမှာ စိတ်ဝိညာဉ်တာအို လျှို့ဝှက်နည်းစနစ် ရှိတယ်ဆိုတာကို သိခဲ့ရင် အလောင်းပျံ ဧကရာဇ်ဟာ လေပြင်းတောင်တန်းဆီကို လက်လွှတ်စပယ် လာခဲ့မှာ မဟုတ်ပါဘူး ။
အခုတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ တစ်ဖက်ရန်သူ အကြောင်းကို သေသေချာချာ မစုံစမ်းခဲ့မှုကြောင့် သူဟာ သေလုနီးပါးတောင် ဖြစ်ခဲ့ရပါတယ် ။
အဲသည်အတွက် အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ သူ့ရဲ့မိုက်ပြစ်ကို သူပြန်ခံရပါလိမ့်မယ် ။
ပြီးတော့ သူ့အနေနဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို ကယ်တင်စရာ ဘာအကြောင်းမှ မရှိပါဘူး ။
" ကဲ …… ငါသွားပြီ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် အလောင်းပျံ ဧကရာဇ်ဟာ ခြေရာလက်ရာ တစ်ခုတောင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပါပြီ ။
အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကတော့ သွေးပျက်ပြီး သနားစဖွယ် ကျန်နေခဲ့ပါတယ် ။
အတန်ကြာမှ သူက လီဖူချန်းဘက်ကို လှည့်လိုက်ပြီး
" မင်း…… မင်းငါ့ကို …… သတ်လို့မရဘူး ။ ငါ့……ငါ့ရဲ့နောက်မှာ အရိုးခေါင်းခွံ မဟာ ဧကရာဇ် ရှိတယ် "
" ကျုပ်ခင်ဗျားကို တစ်ကြိမ် အသက်ချမ်းသာခွင့် ပေးပြီးပြီ ။ သည်တစ်ကြိမ်တော့ ခင်ဗျားနောက်မှာ ဘယ်သူရှိရှိ ကျုပ်ခင်ဗျားကို ခွင့်မလွှတ်တော့ဘူး "
စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ စိတ်ဝိညာဉ် သံကြိုးကို ပိုအားစိုက်ထုတ်ပြီး ဆွဲယူလိုက်ပါတယ် ။
အရိုးဖြူ မိစ္ဆာ ဧကရာဇ်က ရှိသမျှ အားကုန်သုံးပြီး ရုန်းကန်ပေမယ့်လည်း သူ့ရဲ့ အားထုတ်မှုဟာ လုံးဝ အသုံးမဝင်တော့ပါဘူး ။
ဒါပေမဲ့လည်း အချိန်အတန်ကြာတဲ့အထိ ဆွဲယူခဲ့တာတောင်မှ လီဖူချန်းဟာ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ စိတ်ဝိညာဉ်ကို အနည်းငယ်သာ သူ့ဆီ ဆွဲယူနိုင်ပါသေးတယ် ။
လီဖူချန်းရဲ့ စိတ်ဝိညာဉ် သံကြိုးက မာကျောမှု ရှိပေမယ့် တခြားအပိုင်းမှာတော့ အားနည်းချက် အပြည့်ပါပဲ ။
ရှင်းရှင်းပြောရမယ် ဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ် သံကြိုးက ဝိညာဉ်တောင်ကြား သခင်ရဲ့ စိတ်ဝိညာဉ် သံကြိုးရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို အစွမ်း မရှိပါဘူး ။
" မရတော့ဘူး ။ သူ့ကို ငါကိုယ်တိုင် သတ်မှပဲ ရမယ် "
" သေစမ်း "
ဘန်း……
အတွေးဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက စိတ်ဝိညာဉ် သံကြိုးကို ပြန်သိမ်းလိုက်ပြီး အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို လက်သီးနဲ့ ထိုးချလိုက်ပါတော့တယ် ။
အရိုးဖြူ မိစ္ဆာ ဧကရာဇ်က အရိုးစု ဝတ်ရုံရဲ့ အစွမ်းကြောင့် အဝေးကို လွင့်ထွက်သွားရုံကလွဲပြီး တခြား ဘာဒဏ်ရာမှ မရခဲ့ပါဘူး ။
" ပြေးမှ "
အရိုးဖြူ မိစ္ဆာ ဧကရာဇ်က လီဖူချန်းကို ပြန်တိုက်ဖို့ သတ္တိ မရှိပါဘူး ။ သူက လွင့်ထွက်သွားတဲ့ သည်အခွင့်အရေးကို အမိအရ ရယူပြီး ထွက်ပြေးဖို့ ပြင်ပါတော့တယ် ။
" ခင်ဗျားကို ဘယ်သူက ပြေးလို့ရပြီလိ့ု ပြောလဲ "
အရိုးဖြူ မိစ္ဆာ ဧကရာဇ်တစ်ယောက် ထွက်ပြေးဖို့ ပြင်နေစဉ်မှာပဲ အေးစက်စက် စကားသံနဲ့အတူ ဧရာမ လက်ကြီးနှစ်ဖက် ရောက်လာပြီး သူ့ကို ဖမ်းဆုပ်လိုက်ပါတော့တယ် ။
" မလုပ်နဲ့ "
အရိုးဖြူ မိစ္ဆာ ဧကရာဇ်က နောက်ဘာဆက်ဖြစ်တော့မယ် ဆိုတာကို ရိပ်မိတဲ့အတွက် သွေးရူးသွေးတန်း အော်လိုက်ပါတယ် ။
ဒါပေမဲ့လည်း ဧရာမ လက်ကြီးနှစ်ဖက်က သူ့ရဲ့ အော်သံကို ဂရုမစိုက်ဘဲ သူ့ကို ကြိတ်ဆုံ တစ်ခုလို ကြိတ်ပစ်လိုက်ပါတော့တယ် ။
" မလုပ်နဲ့ …… မလုပ်ပါနဲ့ "
ကောင်းကင်ယံ တစ်ခုလုံးမှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ သနားစဖွယ် တောင်းပန် တိုးလျှိုးသံနဲ့ ဧရာမ လက်ကြီး နှစ်ဖက်သာ ကျန်နေခဲ့ပါတယ် ။
ဂျလိ……ဂျလိ……
ခရက်……ခရက် ……
ဖောင်း……
အချိန်အတန်ကြာတဲ့ အခါမှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ် ဝတ်ဆင်ထားတဲ့ အရိုးစု ဝတ်ရုံဟာ အက်ကွဲကြောင်းတွေ ပေါ်လာပြီး ပေါက်ကွဲ သွားပါတော့တယ် ။
တစ်ဆက်တည်းမှာပဲ အရိုးစု အတွင်းကနေပြီး သနားစဖွယ် မျက်နှာလေးနဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ ပေါ်လာခဲ့ပါပြီ ။
အရိုးစု ဝတ်ရုံရဲ့ အထောက်အပံ့ကို မရတော့တဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်က တန်ခိုးစွမ်းအားလက်ကို ဘယ်လိုမှ တောင့်မခံနိုင်ပါဘူး ။ အဲသည်အတွက် သူဟာ အချိန်အနည်းငယ် အကြာမှာပဲ ဧရာမ လက်ကြီး နှစ်ဖက်ရဲ့ ညှစ်ချေမှုကြောင့် ဖုန်မှုန့် ဘဝကို ရောက်သွားပါတော့တယ် ။
တစ်ကြိမ်…… နှစ်ကြိမ် ……သုံးကြိမ် ……
ခုနစ်ကြိမ်တိတိ ဖုန်မှုန့်ဘဝကနေ အသက် ပြန်ရှင်လာပြီးတဲ့ နောက်မှာတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ဟာ ဆက်လက်ပြီး အသက် ပြန်ရှင်နိုင်စွမ်း မရှိတော့ပါဘူး ။
ကောင်းကင်ထက်မှာ တိုက်ခတ်နေတဲ့ လေတွေက သူ့ရဲ့ အကြွင်းအကျန်တွေကို နေရာအနှံ့ သယ်ဆောင် သွားပါတော့တယ် ။
" အရိုးခေါင်းခွံ မဟာ ဧကရာဇ်က ငါ့အတွက် ကလဲ့စား လာချေလိမ့်မယ် "
ဒါပေမဲ့လည်း သူ့ရဲ့ အသံကတော့ လေထုထဲမှာ ပဲ့တင် ထင်ကျန်နေဆဲပါပဲ။
လီဖူချန်းကတော့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ ခြိမ်းခြောက်မှုကို လုံးဝ ဂရု မစိုက်ပါဘူး ။ သူက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ သိုလှောင်အိတ်ကို ယူပြီး ယန်ကလန်ဆီ ပြန်လည် ပျံသန်း သွားခဲ့ပါတယ် ။
" သူရဲကောင်းလေးလီ အနေနဲ့ အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို မသတ်သင့်ဘူး ။ ဒါပေမဲ့……အခုတော့ သူက ……ဟင်း……ထားလိုက်ပါတော့လေ "
ယန်လုံကတော့ သက်ပြင်းကိုသာ တသွင်သွင် ချနေပါတော့တယ် ။
အရိုးခေါင်းခွံ မဟာ ဧကရာဇ် ဆိုတာက လက်ရှိ ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ရဲ့ နာမည်ကျော် ထိပ်သီးပုဂ္ဂိုလ် တစ်ယောက်ပါ ။
တကယ်လို့ သူသာ ဝင်ပါလာပြီ ဆိုရင်တော့ ယန်ကလန်ကို ကျောထောက်နောက်ခံ ပေးထားတဲ့ ကောင်းကင်မီးတောက် အစည်းအရုံးကလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး ။
လီဖူချန်းကလည်း ယန်လုံရဲ့ အတွေးက မရိပ်မိဘဲ မနေပါဘူး ။ သူက မထီတရီ ပြုံးလိုက်ပြီး ယန်လုံကို အာမ ခံလိုက်ပါတယ် ။
" စိတ်မပူပါနဲ့ ……ဦးလေးလုံ ။ ကိစ္စတွေ အားလုံးကို ကျွန်တော် တာဝန် ယူနိုင်ပါတယ် ။ အရိုးခေါင်းခွံ မဟာ ဧကရာဇ်က ဘယ်လောက် အစွမ်းထက်ထက် ကောင်းကင် တစ်ခုလုံးကိုတော့ လက်နဲ့ မကာနိုင်ပါဘူး "
လက်ရှိ လီဖူချန်းရဲ့ အစွမ်းအရ ဆိုရင်တော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ဟာ သူ့ကို အလွယ်တကူ သတ်နိုင်စရာ အကြောင်း မရှိပါဘူး ။
တကယ်လို့သာ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းက ဥပဒေသပြောင်းလဲခြင်း နယ်ပယ်ကို ရောက်နိုင်မယ် ဆိုရင် သူဟာ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကို ထိပ်တိုက်တောင် ရင်ဆိုင်ဝံ့ပါတယ် ။