← Chapters

( စာစဉ်-၅၁) ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်

Vol. 51 Ch. 695

( စာစဉ်-၅၁) ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်

Vol. 51 Ch. 695

   " ဟင် …… ဧကရာဇ် ရင်းမြစ် ဆေးပင်ပါလား "

လီဖူချန်းက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ သိုလှောင်အိတ်ထဲကို ရှာဖွေကြည့်လိုက်တဲ့ အခါမှာတော့ ဧကရာဇ် ရင်းမြစ် ဆေးပင်ကို ရှာဖွေ တွေ့ရှိ သွားခဲ့ပါတယ် ။

သူက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ရဲ့ သိုလှောင်အိတ်ထဲမှာ သည်လို ဆေးပင်မျိုး ရှိနေလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားပါဘူး ။

ဧကရာဇ် ရင်းမြစ် ဆေးပင် ဆိုတာက ကောင်းကင် အလယ်အလတ် အဆင့် ဆေးပင် ဖြစ်ပြီး စွမ်းအင်ဗဟိုချက်မ ပင်လယ် အရည်အသွေးကို မြှင့်တင် ပေးနိုင်ပါတယ် ။

ပြီးတော့ သည်ဆေးပင်ရဲ့ အရည်အသွေးက နှစ်တစ်သောင်း အမြစ်မဲ့ပန်းအောက် ဘယ်လိုမှ မလျော့ကျပါဘူး ။

တကယ်လို့ မူလပင်လယ် နယ်ပယ် ဘုရင် တစ်ပါးကသာ ဧကရာဇ် ရင်းမြစ် ဆေးပင်ကို စားသုံးလိုက်မယ် ဆိုရင် သူ့ရဲ့ စွမ်းအင် ဗဟိုချက်မ ပင်လယ် အရည်အသွေးဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကိုတောင် ရောက်သွားနိုင်ပါတယ် ။

"ဟား……ဟား…… ဒါက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပဲ ဟုတ်တယ်မလား "

လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ် ။

လီဖူချန်းက အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို တစ်ကြိမ် လွှတ်ပေးခဲ့ ပြီးပါပြီ ။ ဒါပေမဲ့လည်း သူက သူ့သေတွင်းဆီ သူပြန်လာပြီး ဧကရာဇ် ရင်းမြစ် ဆေးပင်ကိုတောင် အရောက် လာပို့ သွားပါသေးတယ် ။

ရေဆာနေတဲ့ လူတစ်ယောက်ရဲ့ ရှေ့ကိုမှ ရေအိုင်ကြီး ရောက်လာတယ် ဆိုတာက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကလွဲလို့ ဘာဖြစ်နိုင်ဦးမှာလဲ ။

" ဟီးဟီး…… သည်ဆေးပင်နဲ့ ဆိုရင်တော့  ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်ကို ကျိန်းသေ ရောက်ပြီ "

အတွေးဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး ဧကရာဇ် ရင်းမြစ် ဆေးပင်ကို ဝါးစား လိုက်ပါတော့တယ် ။

အဲသည်နောက်မှာတော့ ဧကရာဇ် ရင်းမြစ် ဆေးပင်ဟာ တဖြည်းဖြည်း အရည် ပျော်ဝင်သွားပြီး လီဖူချန်းရဲ့ ဝမ်းဗိုက်ထဲကို စီးဝင်သွားခဲ့ပါပြီ ။

တစ်ဆက်တည်းမှာပဲ အနက်ရောင် အလင်းတန်းတွေဟာ လီဖူချန်းရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲကို တိုးဝင် သွားခဲ့ပြန်ပါတယ် ။

………

အချိန်တွေ ဘယ်လောက်အထိ ကြာလို့ ကြာသွားမှန်း မသိပါဘူး ။ ဒါပေမဲ့ နောက်ဆုံး အနက်ရောင် အလင်းတန်းကို စွမ်းအင်ဗဟိုချက်မ ပင်လယ်က စုပ်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ဟာ ဗလာနတ္ထိ ဖြစ်သွားတယ်လို့ ခံစားလိုက်ရပါတယ် ။

သည်လိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ စွမ်းအင် ဗဟိုချက်မ ပင်လယ် ပြန့်ကား သွားတဲ့အတွက်ကြောင့်ပါပဲ ။ အဲဒါကြောင့်ပဲ ချီအတွင်းအားတွေဟာ လစ်ဟာ သွားရတာပါ ။

အတိတ်တုုန်းဆိုရင် လီဖူချန်းရဲ့ ချီအတွင်းအားတွေဟာ စွမ်းအင် ဗဟိုချက်မ ပင်လယ်ထဲမှာ ပြည့်သိပ်ကျပ်နေပြီး နောက်တစ်ဆင့်ကို ချိုးဖောက်ဖို့အတွက် မလွယ်ကူခဲ့ပါဘူး ။ ဒါပေမဲ့လည်း အခုတော့ ဧကရာဇ် ရင်းမြစ် ဆေးပင် အစွမ်းနဲ့ သူဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို လှမ်းတက်ဖို့ အသင့် ဖြစ်နေခဲ့ပါပြီ ။

"ဟူး…… နောက်ဆုံးတော့ အရာအားလုံးက အဆင်ပြေသွားပြီပေါ့ "

လီဖူချန်းက သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး သူ့ရဲ့ သိုလှောင်အိတ်ထဲက အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်ပါတယ် ။

သည်ဝိညာဉ် ကျောက်တုံးထဲမှာက အခုထက်ထိ ဝိညာဉ်ချီတွေ အမြောက်အများ ကျန်နေဆဲပါပဲ ။  အဲဒါက သူ့ကို ချီအတွင်းအား ကျင့်ကြံခြင်း အပိုင်းမှာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့အတွက် ကောင်းကောင်းကြီး လုံလောက်နေပါသေးတယ် ။

" ကဲ …… စကြတာပေါ့ "

အတွေးဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက မီးတောက်နတ်ဓား ကျင့်စဉ်ကို လည်ပတ်စေလိုက်ပြီး အထွတ်အထိပ် အဆင့် ဝိညာဉ် ကျောက်တုံးထဲက ဝိညာဉ်ချီတွေကို အရူးအမူး စုပ်ယူပါတော့တယ် ။

ရှုး……ရှှုး……ရှုး……

ဖောက်……ဖောက်……ဖောက်..…

ဝိညာဉ်ချီ ၃၀ ရာခိုင်နှုန်း နီးပါးလောက်ကို စုပ်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံမှုဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အောင်မြင်စွာ ချိုးဖောက် ဝင်ရောက် သွားနိုင်ခဲ့ပါပြီ ။

ဝုန်း……

ရုတ်တရက် ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ သိပ်သည်းလှတဲ့  စိတ်စွမ်းအားတွေ နဲ့ ဥပဒေသတွေဟာ  လေပြင်းတောင်တန်းထက်မှာ ဖွဲစည်း ဖြစ်တည်လာခဲ့ပါတယ် ။

ဝေါ……ဝေါ……ဝေါ……

တစ်ဆက်တည်းမှာပဲ အရိပ်ကြီး တစ်ခု ကောင်းကင်ယံပေါ်မှာ ကြည်လင်ပြတ်သားစွာနဲ့ ပေါ်လာခဲ့ပြန်ပါပြီ ။

အဲသည် အရိပ်ကြီးက လီဖူချန်းနဲ့ ဆင်တူနေပြီး ခန္ဓာကိုယ် တစ်ခုလုံး မီးတောက်နေကာ ကျောပေါ်မှာလည်း ရှေးဟောင်း စစ်သုံးဓားကြီး တစ်လက်ကို လွယ်ထားပါသေးတယ် ။

လုံးဝ ယုံမှားသံသယ ရှိနေစရာ မလိုပါဘူး ။ သည်အရိပ်ကြီးက သေချာပေါက် လီဖူချန်းရဲ့ ဥပဒေသ ပြောင်းလဲခြင်းပါပဲ။

ဟူး……ဟူး……ဟူး……

ွှှဲရှဲ……ရှဲ……ရှဲ……

လီဖူချန်းရဲ့ ဥပဒေသ ပြောင်းလဲခြင်း အောင်မြင်သွားတဲ့နောက် သိပ်မကြာခင်မှာတော့ သိပ်သည်းလှတဲ့ ဓားအလင်းတန်းတွေဟာ ကောင်းကင်ယံကနေ ကျဆင်းလာပြီး သူ့ရဲ့ အရိပ်ကြီးကို တိုက်ခိုက်ကြပါတော့တယ် ။ အဲဒါတင် မကသေးပါဘူး ။ များပြားလှတဲ့ မီးတောက်၊မီးလျှံတွေကလည်း လီဖူချန်းရဲ့ ဥပဒေသ ပြောင်းလဲခြင်း အပေါ်ကို အငြိုးတကြီးနဲ့ ကျဆင်း လာခဲ့ကြပါသေးတယ် ။

မီးကပ်ဘေး နဲ့ ဓားကပ်ဘေး……

လီဖူချန်း အထူးပြုထားတဲ့ တာအို နှစ်ခုဟာ သူ့ကို စမ်းသပ် စစ်ဆေးဖို့အတွက် ကောင်းကင်ဘုံကနေ လူ့လောကဆီကို တစ်ချိန်တည်း ရောက်ရှိ လာခဲ့ကြပါပြီ ။

ကျင့်ကြံသူ တစ်ဦးဟာ မူလပင်လယ် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်တဲ့ အခါမှာဆိုရင် ကောင်းကင်ဘုံကနေပြီး ကပ်ဘေးတစ်ခု ကျဆင်းလာလေ့ ရှိပါတယ် ။ အဲဒါက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်တဲ့ အခါမှာလည်း ခြွင်းချက် မရှိပါဘူး ။

ကျဆင်းလာတဲ့ ကပ်ဘေးတွေကတော့ ကျင့်ကြံသူရဲ့ ကျင့်စဉ်နဲ့ သက်ဆိုင်တဲ့ ကပ်ဘေးတွေပဲ ကျဆင်းလာလေ့ ရှိပါတယ် ။

ဥပမာအားဖြင့် ပြောရမယ် ဆိုရင် ရန်ချင်းဟူဟာ ဓားမော့တာအို ကျင့်စဉ်ကို ကျင့်ကြံထားတဲ့အတွက် သူမရဲ့ ကပ်ဘေးဟာ ဓားမော့ကပ်ဘေးက လွဲပြီး တခြား မဖြစ်နိုင်ပါဘူး။

လီဖူချန်းကတော့ မီးတောက်နတ်ဓား တာအို ကျင့်စဉ်ကို ကျင့်ကြံထားတဲ့အတွက် သူကြုံတွေ့ရတဲ့ ကပ်ဘေးဟာ မီးကပ်ဘေး နဲ့ ဓားကပ်ဘေး ဖြစ်နေရတာ ဖြစ်ပါတယ် ။

သည်မီးကပ်ဘေး နဲ့ ဓားကပ်ဘေးတို့က တကယ်ကို ကြောက်လန့်စရာပါပဲ ။

ယန်လုံ နဲ့ ယန်ထျန်းတို့က သူတို့ နှစ်ယောက် အနေနဲ့ဆိုရင် သည်ကပ်ဘေးနှစ်ခုကို ဘယ်လိုမှ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘဲ တန်းပြီး အသက်ပျောက်သွားလိမ့်မယ်လို့တောင် တွေးနေကြပါတယ် ။

ဘန်း……

ရွှမ်း……

တစ်ကြိမ်မှာတော့ မီးလုံးကြီး တစ်လုံးက လီဖူချန်းရဲ့ ဥပဒေသ ပြောင်းလဲခြင်းကို ချိုင့်ဝင် သွားစေပြီး ဓားအလင်းတန်း တစ်ခုက ဥပဒေသ ပြောင်းလဲခြင်းကို ထုတ်ချင်းခတ် ဖောက်ထွက်သွားခဲ့ပါတယ် ။

ကံကောင်းတာ တစ်ခုက လီဖူချန်းဟာ သူ့ရဲ့ ကျင့်စဉ်ကို အဆက်မပြတ် လည်ပတ်စေပြီး သူ့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းကို ထိန်းသိမ်း ထားနိုင်တာပါပဲ ။

အဲသည်အတွက် မီးလုံးကြီး နဲ့ ဓားအလင်းတန်းဟာ သူ့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းကို သိပ်ပြီး ထိခိုက်မှု မရှိစေခဲ့ပါဘူး ။

ပထမ ကပ်ဘေးလှိုင်း …… ဒုတိယ ကပ်ဘေးလှိုင်း…… တတိယ ကပ်ဘေးလှိုင်း……

ကပ်ဘေးလှိုင်းတွေကို အတန်ကြာ တောင့်ခံပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ဥပဒေသ ပြောင်းလဲခြင်းဟာ ပိုမို ကြည်လင် ပြတ်သားလာပြီး သိပ်သည်းလာခဲ့ပါပြီ ။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းကလည်း သန့်စင်သထက် သန့်စင် လာခဲ့ပါတယ် ။

ဝုန်း……ဝုန်း……ဝုန်း……

သိပ်မကြာခင်မှာတော့ သတ္တမမြောက် ကပ်ဘေးလှိုင်းဟာ ဆင်းသက်လာခဲ့ပြန်ပါပြီ ။

သည်တစ်ကြိမ်မှာတော့ ကပ်ဘေးလှိုင်းဟာ ရိုးရိုးသာမန် မဟုတ်တော့ပါဘူး ။ အဲဒါက အလျှံတညီးညီး တောက်လောက်နေတဲ့ မီးဓားကြီး တစ်လက်ပါ ။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ သည်တစ်ကြိမ် ကပ်ဘေးလှိုင်းဟာ ဓားကပ်ဘေး နဲ့ မီးကပ်ဘေး ရောနှောနေတဲ့ ကပ်ဘေးလှိုင်းတစ်ခု ဖြစ်ပါတယ် ။

ဘန်း……

မီးတောက်ဓားကြီးရဲ့ အညှာအတာ ကင်းမဲ့မှုကတော့ တကယ်ကို သြချလောက်စရာပါပဲ ။

အဲဒါက လီဖူချန်းရဲ့ ဥပဒေသ ပြောင်းလဲခြင်းကို ထက်ပိုင်းပြတ်လုနီးပါးလောက်ကို ခုတ်ပိုင်း ပစ်လိုက်ပါတယ် ။

" ဓားထုတ်စမ်း "

ရွှမ်း……

နဂိုမူလတုန်းကတော့ ဥပဒေသ ပြောင်းလဲခြင်းဟာ မျက်လုံးတွေ ပိတ်နေခဲ့တာပါ ။ ဒါပေမဲ့ လီဖူချန်းရဲ့ အမိန့်သံကို ကြားတဲ့အခါမှာတော့ ရုတ်တရက် မျက်လုံးဖွင့်လာခဲ့ပါပြီ ။တစ်ဆက်တည်းမှာပဲ သူက နောက်ကျောမှာ လွယ်ထားတဲ့ စစ်သုံးဓားကြီးကို ဆွဲထုတ်ပြီး မီးဓားကြီးကို ပိုင်းချ ပစ်လိုက်ပါတယ် ။

ဘန်း……ဘန်း……ဘန်း………

အဲသည်နောက်မှာတော့ သတ္တမမြောက် ကပ်ဘေးလှိုင်းဟာ ပျောက်ကွယ်သွားပြီး အဋ္ဌမမြောက် ကပ်ဘေး အစ ပျိုးလာခဲ့ပါပြီ ။

သည်တစ်ကြိမ်မှာလည်း ကပ်ဘေးက မီးတောက်ဓားကြီးပါပဲ ။ ဒါပေမဲ့လည်း အဋ္ဌမမြောက် ကပ်ဘေးလှိုင်းက သတ္တမမြောက် ကပ်ဘေးလှိုင်းထက်ကို နှစ်ဆ ပိုပြင်းထန်ပါတယ် ။

ဘန်း……

သည်တစ်ကြိမ် မီးဓားကြီးကတော့ လီဖူချန်းရဲ့ ဥပဒေသ ပြောင်းလဲခြင်းကို နှစ်ပိုင်း ပြတ်သွားစေရုံတင် မကပါဘူး ။ ပေါက်ကွဲပြီး တစ်စစီတောင် ဖြစ်သွားစေပါသေးတယ် ။

" ပြန်စု "

လီဖူချန်းကလည်း မီးတောက်နတ်ဓား ကျင့်စဉ်ကို အစွမ်းကုန် လည်ပတ် စေလိုက်ပြီး သူ့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းကို နဂိုမူလ ပုံသဏ္ဍာန်အတိုင်း ထိန်းထားနိုင်အောင် ကြိုးစားနေပါတယ် ။

ဘန်း……ဘန်း……ဘန်း……

ဝုန်း……ဝုန်း……

သူ့ရဲ့ တန်ခိုးအစွမ်းတွေ ကုန်လုနီးပါးထိထိ ကြံ့ကြံ့ခံ ပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ အဋ္ဌမမြောက် ကပ်ဘေးလှိုင်းကို အောင်မြင်စွာ ကျော်ဖြတ် သွားနိုင်ခဲ့ပါတယ် ။

သူ့အတွက် ကံကောင်းတာ တစ်ခုကတော့ ကပ်ဘေးလှိုင်း တစ်ခုကို ကျော်ဖြတ်ပြီးသွားတိုင်း ဆုလာဘ်တစ်ခု ပြန်ရတာပါပဲ ။

ကပ်ဘေးလှိုင်းတွေ ဆိုတာက ခြိမ်းခြောက်မှု တစ်ခု ဖြစ်သလို အခွင့်အရေးလို့ ဆိုရင်လည်း မမှားပါဘူး ။

ကပ်ဘေးလှိုင်း တစ်ခုရဲ့ တန်ခိုးစွမ်းအားတွေက အင်မတန် သန့်စင်လွန်းလှတဲ့အတွက် စုပ်ယူရတာဟာ လွယ်ကူလွန်းလှပါတယ် ။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ကပ်ဘေးလှိုင်း တစ်ခုရဲ့ စွမ်းအားတွေဟာ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲက စွမ်းအားတွေထက်ကို အများကြီး ပိုအရည်အသွေး ကောင်းပါတယ် ။

ချွင်……

အဋ္ဌမမြောက် ကပ်ဘေးလှိုင်းပြီးလို့ သိပ်မကြာခင်မှာတော့ နဝမမြောက် ကပ်ဘေးလှိုင်းဟာ ကျဆင်း လာခဲ့ပါပြီ ။

သည်တစ်ကြိမ်ကပ်ဘေးကတော့ တခြားအကြိမ်တွေနဲ့ မတူဘဲ အတော်လေး ထူးခြားတယ်လို့ ဆိုရပါမယ် ။ သည်တစ်ကြိမ်မှာက မီးလုံးကြီးတွေ ကျဆင်းမလာသလို ဓားအလင်းတန်းတွေလည်း ကျဆင်းမလာပါဘူး ။

အဲသည်အစား ဓားအိမ်ထဲကနေ ဓားတစ်လက် ဆွဲထုတ်လိုက်တဲ့ အသံကိုသာ လူအားလုံး ကြားလိုက်ရပါတယ် ။

သည်အသံက ကြားလိုက်ရတဲ့ လူအားလုံးကို ကျောရိုးထဲအထိ အေးစိမ့်သွားစေသလို ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံးကိုလည်း အေးခဲ သွားစေသလိုပါပဲ ။

" ဟင်……ဓားမဟာတာအိုပါလား "

ရန်ချင်းဟူရဲ့ မျက်လုံးတွေက ပြူးကျယ် သွားခဲ့ပါပြီ ။

မဟာတာအို ဆိုတာက နှယ်နှယ်ရရ မဟုတ်ပါဘူး ။ အဲဒါက အထွတ်အထိပ် ဆိုတာကို ဖော်ဆောင်တဲ့ အရာ ဖြစ်ပါတယ် ။

အခု လီဖူချန်းရဲ့ နဝမမြောက် ကပ်ဘေးမှာက ဓားမဟာတာအိုရဲ့ အရိပ်အငွေ့ မဆိုစလောက်လေးသာ ပါတယ် ဆိုပေမယ့် အဲဒါက မဟာတာအို ဖြစ်နေတုန်းပါပဲ ။

ရန်ချင်းဟူ သိထားသလောက် ဆိုရင် သည်လို မဟာတာအို ဖြစ်စဉ်မျိုး ဆိုတာက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကနေ ဝိညာဉ်ပေါင်းစည်းခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်တဲ့ အခါမျိုးမှာသာ ဖြစ်ပေါ်လေ့ ရှိတာပါ ။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ အထွတ်အထိပ် အဆင့် သူတော်စင်တွေတောင်မှ မဟာတာအိုကို အကုန်အစင် မနားလည်နိုင်ဘူး ဆိုတာပါပဲ ။ပြီးတော့ မဟာတာအိုကို အကုန်အစင် နားလည် သဘောပေါက်သွားတဲ့ ကျင့်ကြံသူတွေကိုလည်း လူလို့ မသတ်မှတ်ကြတော့ပါဘူး ။ သူတို့တွေက နတ်ဘုရားတွေ ဖြစ်သွားကြပါပြီ ။

ဓားအလင်းတန်းတစ်ခု ………

အသံလုံးဝ မထွက်သလို တည်ရှိမှုကိုလည်း လုံးဝ မဖော်ပြတဲ့ ဓားအလင်းတန်း တစ်ခုဟာ ကောင်းကင်ယံကနေပြီး လူ့လောကကို ဆင်းသက်လာခဲ့ပါပြီ ။

သည်ဓားအလင်းတန်းနဲ့ အတွေ့မှာတော့ အရာအားလုံးဟာ သေးသိမ် နုံချာသွားသလိုပါပဲ ။ သည်အခိုက်အတန့်မှာတော့ လောကကြီး တစ်ခုလုံးမှာ ဓားအလင်းတန်း တစ်ခုကလွဲပြီး ဘာမှ မရှိတော့ပါဘူး ။

ရွှမ်း……

လီဖူချန်းရဲ့ ဥပဒေသ ပြောင်းလဲခြင်းက မျက်စိ တစ်မှိတ် အတွင်းမှာပဲ ဓားအလင်းတန်းကြောင့် ပျောက်ကွယ် သွားခဲ့ပါပြီ ။

တစ်ဆက်တည်းမှာပဲ လီဖူချန်းရဲ့ ခြေထောက်အောက်က လေရူးတောင်ဟာလည်း ဓားအလင်းတန်းကြောင့် တစ်စစီ ကွဲထွက် သွားခဲ့ပါတယ် ။ အဲဒါတင် မကသေးပါဘူး ။ မြေသားတွေဟာလည်း ကျွံဝင်ကုန်ပြီး ချောက်နက်ကြီးတွေ အဖြစ် ပြောင်းလဲကုန်ပြန်ပါတယ် ။

ကံကောင်းတာ တစ်ခုကတော့ လီဖူချန်း ရှိနေတဲ့ နေရာက လေရိုင်းတောင်တန်းရဲ့ အဓိက ဗဟိုချက်မနဲ့ အတော်လေး ဝေးနေလို့ပါပဲ ။

မဟုတ်လို့ကတော့ ယန်ကလန်ဟာ ပြန်လည် နာလန် ထူနိုင်ဖို့ မလွယ်ပါဘူး ။

" ကြောက်ဖို့ ကောင်းလိုက်စမ်းတာ "

ရန်ချင်းဟူက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး အပျက်အစီးတွေ ကြားထဲမှာ လီဖူချန်းကို လိုက်ရှာကြည့်လိုက်ပါတယ် ။သူမက လီဖူချန်းဟာ သည်ကပ်ဘေးကို ကျရှုံးလိမ့်မယ်လို့ လုံးဝ မယုံကြည်ပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ သည်လောကမှာက လီဖူချန်းကလွဲပြီး တခြား ဘယ်သူကမှ  မဟာတာအို ဖြစ်စဉ်ကို အလွယ်တကူ မဖြစ်ပေါ်စေနိုင်လို့ပါပဲ ။

" တွေ့ပြီ "

သိပ်မကြာခင်မှာတော့ ရန်ချင်းဟူဟာ ချောက်နက်ကြီး တစ်ခုထဲကနေ ပျံတက်လာတဲ့ လီဖူချန်းကို ရှာဖွေ တွေ့ရှိ သွားခဲ့ပါပြီ ။

သူက ပျံတက်လာစဉ်မှာပဲ ဓားဆန္ဒ တစ်ခုကို ထုတ်ဖော် လာခဲ့ပါသေးတယ် ။

အဲသည် ဓားဆန္ဒကတော့ ကောင်းကင်ယံအထိ ထိုးတက်သွားပြီး ကောင်းကင်ဘုံ တံခါးဝကိုတောင် ဖောက်ထွင်း သွားတော့မလိုပါပဲ ။

ပြီးတော့ သူ့ရဲ့ ချီအရှိန်အဝါတွေကလည်း နဂိုမူလတုန်းကထက်ကို ဆယ်ဆမက ပိုအားကောင်း လာပါသေးတယ် ။

" ငါက တကယ်ပဲ ဓားမဟာတာအို ဖြစ်စဉ်ကို ဖြစ်စေခဲ့တာပဲ "

လီဖူချန်းက တီးတိုး ရေရွတ်လိုက်ပါတယ် ။

ကြည့်ရတာတော့ သည်ဖြစ်စဉ်က ဓားနှလုံးသားကို မွေးဖွားထားတာနဲ့ သက်ဆိုင်နေပုံပါပဲ ။

ယေဘုယျအားဖြင့် ဆိုရင် ဓားနှလုံးသား ဆိုတာက ဓားတာအို သူတော်စင်တွေမှသာ မွေးဖွားထားနိုင်တဲ့ အရာ မဟုတ်ပါလား ။

ဓားမဟာတာအို ဖြစ်စဉ်……

သည်ဖြစ်စဉ်က လီဖူချန်းအတွက် လုံးဝ အကျိုး မယုတ်ခဲ့ပါဘူး ။ အဲဒါက လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းကို သိသိသာသာကြီး တိုးတက်စေခဲ့ပါတယ် ။

ကျင့်ကြံသူတွေ အားလုံးဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်တဲ့ အခါမှာဆိုရင် အဆင့်၁ရဲ့ အစကနဦးပိုင်းကိုသာ ရောက်လေ့ ရှိကြပါတယ် ။

ယုတ်စွအဆုံး ရန်ချင်းဟူလို နှစ်ဘဝ အတွေ့အကြုံ ရှိတဲ့ ပါရမီရှင်တောင်မှ အဆင့်၁ရဲ့ နောက်ပိုင်း အဆင့်ထက် ပိုမရောက်ခဲ့ပါဘူး ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ ခြွင်းချက်ပါပဲ ။ သူကတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၁ရဲ့ အထွတ်အထိပ် အဆင့်ကိုတောင် တန်းပြီး ရောက်သွားခဲ့ပါပြီ ။

လီဖူချန်းက သူ့အနေနဲ့ နောက်ထပ် ရက်အနည်းငယ်လောက် တံခါးပိတ် ကျင့်ကြံလိုက်မယ် ဆိုရင် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် အဆင့်၂ကိုတောင် ရောက်သွားနိုင်လောက်တယ်လို့ ခံစား မိနေပါတယ် ။

………

တစ်ပတ်ကြာပြီးနောက် ……

လီဖူချန်း ထင်ထားခဲ့သလိုပါပဲ ။ နောက်ထပ် တစ်ပတ် ကြားပြီးတဲ့ နောက်မှာတော့ သူဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၂ကို အောင်အောင်မြင်မြင် တက်ရောက် သွားနိုင်ခဲ့ပါပြီ ။ သူက သည်တစ်ကြိမ်မှာ အထွတ်အထိပ် အဆင့် ဝိညာဉ် ကျောက်တုံးကိုတောင် မသုံးခဲ့ပါဘူး ။

ဒါက ကိုယ်တွေ့မဟုတ်ရင် တကယ်ကို ယုံဖို့ ခက်ခဲလွန်းလှပါတယ် ။

ရန်ချင်းဟူရဲ့ ပြောကြားချက်အရ ဆိုရင်  ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ပြီး တစ်ပတ်အကြာမှာ  ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၂ကို ချိုးဖောက် ဝင်ရောက်နိုင်သူဟာ သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး ။

တစ်ပတ်ကို အသာထားပါဦး ။ သည်လိုဖြစ်ရပ်မျိုးဟာ တစ်နှစ်အတွင်းမှာတောင်မှ မဖြစ်ခဲ့ဖူးပါဘူး ။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို သုံးပြီး  ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၃ကို အလျင်အမြန် တက်လှမ်းသွားပြန်ပါတယ် ။

ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၃ကို ရောက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အဆင့်တက်ဖို့အတွက် ထပ်ပြီး မကြိုးစားတော့ပါဘူး ။

ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်က အကန့်အသတ်ကို ရောက်သွားလို့ပါပဲ ။

ဒါပေမဲ့ သူ့ရဲ့ စွမ်းအင် ဗဟိုချက်မ ပင်လယ်က အကန့်အသတ်ကို ရောက်မသွားဘူး ဆိုရင်လည်း  လီဖူချန်းဟာ နောက်တစ်ဆင့်ကို တက်ဖို့အတွက် ကြိုးစားတော့မှာ မဟုတ်ပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ အလှမ်းကျယ်လွန်းရင် အလယ်လှပ်တတ်လို့ပါပဲ ။ လူဆိုတာက ကိုယ့်ရဲ့ အကန့်အသတ်ကို သိထားရပါမယ် ။

ပြီးတော့ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲမှာ ရှိနေတဲ့ ဝိညာဉ်ချီတွေကလည်း သူ့ကို အဆင့်တက်စေဖို့ အတွက် မလုံလောက်တော့ပါဘူး ။

" ရန်ချင်းဟူ…… သည်ဝိညာဉ်ကျောက်တုံးမှာက ဝိညာဉ်ချီ ၂၀ ရာခိုင်နှုန်းလောက် ကျန်သေးတယ် ။ ငါ့အထင် ဒါက နင် အဆင့်တက်ဖို့အတွက် လုံလောက်မလားဘဲ "

တစ်နေ့မှာတော့ လီဖူချန်းဟာ ရန်ချင်းဟူ ရှိနေတဲ့ နေရာကို ဆိုင်းမဆင့် ဗုံမဆင့် ရောက်ချလာခဲ့ပါတယ် ။

" အင်း…… ကျေးဇူး "

ရန်ချင်းဟူက လီဖူချန်းရဲ့ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို မငြင်းပါဘူး ။

နောက်ဆုံးမှာတော့ သူမက လီဖူချန်းဟာ ဘာဖြစ်လို့ သည်လောက်အထိ မြန်မြန် အဆင့် တက်နေရသလဲ ဆိုတဲ့ လျှို့ဝှက်ချက်ကို သိသွားခဲ့ပါပြီ ။

အဲဒါက အထွတ်အထိပ် အဆင့် ဝိညာဉ် ကျောက်တုံးကြောင့်ပါပဲ ။

ရန်ချင်းဟူရဲ့ ကျင့်ကြံခြင်းက  ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၁ရဲ့ နောက်ပိုင်း အဆင့်ကို ရောက်နေခဲ့ပါပြီ ။

အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးရဲ့ အကူအညီကို ရပြီးတဲ့ အခါမှာတော့ သူမဟာ နာရီပိုင်း အတွင်းမှာပဲ  ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၂ကို အောင်အောင်မြင်မြင် တက်လှမ်း သွားနိုင်ခဲ့ပါတယ် ။

All Chapters