← Chapters

( စာစဉ်-၅၁) မဟာ ဧကရာဇ် သုံးပါး

Vol. 51 Ch. 696

( စာစဉ်-၅၁) မဟာ ဧကရာဇ် သုံးပါး

Vol. 51 Ch. 696

 အရိုးစုဂိုဏ်း …… တစ္ဆေခန်းမ ……

သည်နေရာမှာကတော့ ခန်းလုံးပြည့် သစ်သား ကမ္ဗည်းတိုင်တွေ ရှိနေပြီး သစ်သား ကမ္ဗည်းတိုင်တိုင်းရဲ့ အရှေ့မှာလည်း ဖယောင်းတိုင် တစ်တိုင်စီ ထွန်းထားပါတယ် ။

ဒါပေမဲ့လည်း အရိုးဖြူ မိစ္ဆာဧကရာဇ်လို့ အမည် ရေးထွင်းထားတဲ့ သစ်သား ကမ္ဗည်းတိုင်ရဲ့ရှေ့က ဖယောင်းတိုင်ကတော့ မီးငြိမ်းနေခဲ့ပါပြီ ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သည်ဖယောင်းတိုင်တွေမှာ ထွန်းညှိထားတဲ့ မီးတွေက ဝိညာဉ်မီးတောက်တွေပါပဲ ။အဲဒါက ပိုင်ရှင်ဖြစ်သူရဲ့ အသက်ဝိညာဉ် ချုပ်ငြိမ်းသွားတဲ့ အခါမှသာ ငြိမ်းသွားလေ့ ရှိတာပါ ။

" အရိုးဖြူ မိစ္ဆာဧကရာဇ် သေသွားတာက  လဝက်ကျော်နေပြီ ။ သည်ကိစ္စကို တံခါးပိတ်ကျင့်နေတဲ့ ဂိုဏ်းချုပ်ကြီး သိရင် ဘယ်လို လုပ်မလဲ မသိဘူး "

" ဘာတွေ လောနေတာလဲ ။သည်ကိစ္စကို လုပ်တဲ့သူက ဘယ်သူဖြစ်ဖြစ် ဂိုဏ်းချုပ်ကြီး တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတာနဲ့ ပြန်ပြီး ပေးဆပ်ရမှာပဲ ။ သည်ကုန်းမြေတိုက်မှာ ငါတို့ရဲ့ ဂိုဏ်းချုပ်က ထိပ်ဆုံး သုံးယောက်ထဲမှာ ပါတယ်ဆိုတာ မင်းမမေ့နဲ့ဦး "

တစ္ဆေခန်းမ အတွင်းမှာတော့ ဂိုဏ်းကြီးကြပ်ရေးမှုး နှစ်ဦးဟာ အချင်းချင်း တီးတိုး ဆွေးနွေးနေကြပါတယ် ။

………

-အလောင်းပျံတောင်-

" တောက်…… ငါ့လိုလူက ဘာမဟုတ်တဲ့ မလောက်လေး၊မလောက်စားကောင် လက်ချက်နဲ့ ပြေးလာရတယ်တဲ့လား ။ ထွီ…… ရာဇဝင် ရိုင်းလိုက်တာကွာ "

အလောင်းပျံတောင်ကို ပြန်ရောက်တဲ့အထိ အလောင်းပျံ ဧကရာဇ်ဟာ ဖြစ်ပျက်ခဲ့တာတွေကို လက်မခံနိုင်သေးပါဘူး ။

ဒါပေမဲ့လည်း သူက သူ့ရဲ့ လက်ရှိ တန်ခိုးအစွမ်းဟာ လီဖူချန်းကို အနိုင်ရဖို့အတွက် မဖြစ်နိုင်ဘူး ဆိုတာကိုတော့ ကောင်းကောင်းကြီး သိနေပါသေးတယ် ။

" မဖြစ်ဘူး ။ ငါသည်ကိစ္စကို ဖုတ်ကောင် မဟာဧကရာဇ်ဆီ သွားပြီး အပူကပ်ရမယ် "

အလောင်းပျံ ဧကရာဇ် အတွက်ကတော့ တခြား ရွေးချယ်စရာ မရှိပါဘူး ။ သူ့အနေနဲ့ လီဖူချန်းကို အနိုင်ယူဖို့အတွက် ဆိုရင် သူဟာ သည်ကိစ္စထဲကို ဖုတ်ကောင် မဟာဧကရာဇ်ကိုပါ ဆွဲသွင်းနိုင်မှ ရပါတော့မယ် ။

ဖုတ်ကောင် မဟာ ဧကရာဇ် ……

ဖုတ်ကောင် မဟာ ဧကရာဇ်က မဟာ ဧကရာဇ် တစ်ပါး ဖြစ်တဲ့အတွက် ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေနဲ့ ပတ်သက်ရင် သူ့ရဲ့ လိုအပ်ချက်ဟာ မြင့်မားလွန်းလှပါတယ် ။

ဒါပေမဲ့လည်း သိပ်ပြီးတော့ ကိစ္စ မရှိပါဘူး ။အလောင်းပျံက ဧကရာဇ်က သွေးနည်းနည်းလောက်ကိုပဲ လိုတာပါ ။

ဖုတ်ကောင် မဟာ ဧကရာဇ်က အသားစားပြီး သူ့အနေနဲ့ အရိုးအရင်းလေး ကိုက်ရလည်း အဆင်ပြေတာပါပဲ ။

………

အခုဆိုရင် လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၃ကို ရောက်ရှိ သွားခဲ့ပါပြီ ။အဲသည်အတွက် သူက သူဟာ ဟင်းလင်းပြင် ဓားနှလုံးသား မရှိရင်လည်း ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းရဲ့ တတိယ ဓားကွက်ဖြစ်တဲ့ ဗလာနယ် ဓားကမ္ဘာကို ကျင့်ကြံနိုင်တယ် ဆိုတဲ့ အချက်ကို လေ့လာ တွေ့ရှိ သွားခဲ့ပါတယ် ။

ဒါပေမဲ့လည်း သူ့အနေနဲ့ သည်ဓားကွက်ကို လေ့ကျင့်ဖို့ဆိုရင် ပထမဦးဆုံး ဟင်းလင်းပြင် တာအိုကို နားလည် သဘောပေါက် ထားရပါမယ် ။

ဟင်းလင်းပြင် ဓားနှလုံးသား ဆိုတာက ဟင်းလင်းပြင် တာအို နှလုံးသား နဲ့ ဓားနှလုံးသားကို ပေါင်းစပ်ထားတာ ဖြစ်တဲ့အတွက် ဘယ်တစ်ခုမှ လစ်ဟာသွားလို့ မရပါဘူး ။

အရင်တုန်းကတော့ လီဖူချန်းက သူ့ရဲ့ ဓားတာအိုကို ဘယ်အရာမှ မရောနှောဘဲ တစ်သီးတသန့်တည်း ရှိနေစေချင်တာ ဖြစ်ပါတယ် ။ အဲသည်အတွက် သူက ဟင်းလင်းပြင်တာအိုကို ယောင်လို့တောင် မထိခဲ့ပါဘူး ။

ပြီးတော့ ဟင်းလင်းပြင် တာအို နှလုံးသား  ဆိုတာကလည်း အလိုအလျောက် ဖြစ်တည်စေဖို့ရာက ခဲယဉ်းလွန်းလှပါတယ် ။

ဓားဝိညာဉ်ရဲ့ ပြောစကားအရ ဆိုရင် ဘုံခုနစ်ဆင့် ဓားပေါ်က ဓားသိုင်းတွေဟာ ဓားကိုင်ဆောင်သူကို ဟင်းလင်းပြင် ဓားနှလုံးသား မွေးဖွားနိုင်အောင် တဖြည်းဖြည်းနဲ့ နည်းပေးလမ်းပြ ပြုလုပ်ပေးနိုင်ပါတယ်တဲ့ ။

ဒါပေမဲ့လည်း တကယ်လို့ ဓားကိုင်ဆောင်သူက ဟင်းလင်းပြင်တာအို ဥပဒေသ တစ်ခုတည်းကိုသာ နားလည်ကျွမ်းဝင်လိုပြီး ဟင်းလင်းပြင်တာအို နှလုံးသားစစ်စစ် တစ်ခုတည်းကိုသာ မွေးဖွားချင်တယ် ဆိုရင်တော့ သူ့ရဲ့ ခက်ခဲမှုဟာ ဟင်းလင်းပြင်  ဓားတာအို နှလုံးသားကို မွေးဖွားတာထက် ဆယ်ဆမက ခက်ခဲသွားမှာ ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ ခြွင်းချက်လို့ပဲ ဆိုရပါမယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ထိုးထွင်းသိမြင်မှုက မူလပင်လယ် နယ်ပယ်မှာကတည်းက ကြောက်စရာ ကောင်းလှတဲ့ အဆင့်ကို ရောက်နေပြီးသား ဖြစ်နေလို့ပါပဲ ။ အခုလို ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၃မှာ ဆိုရင်တော့ သူ့ရဲ့ ထိုးထွင်းသိမြင်မှုဟာ ဘယ်လောက်အထိကို ကောင်းနေမယ် မသိပါဘူး ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ သူ့ရဲ့ လက်ရှိ ထိုးထွင်းသိမြင်မှုဟာ သူတော်စင် အဆင့်မှာသာ ရှိနေသေး ခံစားမိနေပါတယ် ။

သူတော်စင်အဆင့် ထိုးထွင်းသိမြင်မှု ……

ဘယ်သူကမှ သူတော်စင် တစ်ပါးရဲ့ ထိုးထွင်းသိမြင်မှုဟာ ဘယ်လောက်အထိ ကြောက်စရာကောင်းသလဲ ဆိုတာကို မသိပါဘူး ။

ဒါပေမဲ့လည်း ရှေးဟောင်း မှတ်တမ်း ၊မှတ်ရာတွေထဲမှာတော့ သူတော်စင်တွေဟာ ကောင်းကင်အဆင့်မြင့် သိုင်းပညာတွေ  ဒါမှမဟုတ် ကောင်းကင် အထွတ်အထိပ် အဆင့် သိုင်းပညာတွေကို တီထွင်နိုင်တယ်လို့ ဆိုထားပါတယ် ။

ဟင်းလင်းပြင် တာအိုနှလုံးသားကို မွေးဖွားဖို့ ဆိုတာက သူတော်စင်တွေ အတွက်တော့ ပြသနာ မဟုတ်ပါဘူး ။

ဒါဆိုရင်တော့ သည်နေရာမှာ မေးစရာ တစ်ခု ရှိလာပါပြီ ။ အဲဒါကတော့ လီဖူချန်းဟာ ဘာဖြစ်လို့ သူ့ရဲ့ ထိုးထွင်းသိမြင်မှုက သူတော်စင် အဆင့်ကို ရောက်နေပြီလို့ ထင်နေရတာလဲ ။

ဒါက ဘာမှ မခက်လှပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အဆင့်တက်နေစဉ် အတွင်းမှာ သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က  သူတော်စင် ဝိညာဉ်အဖြစ်ကို ပြောင်းလဲသွားတယ် ဆိုတာကို လီဖူချန်း တစ်ယောက် သိလိုက်ရလို့ပါပဲ။

သူတော်စင် ဝိညာဉ် နဲ့ အစစ်အမှန် ဝိညာဉ်ကြားက ကွာဟာချက်က နောက်စရာ မဟုတ်ပါဘူး ။ သည်နှစ်ခုကြားမှာရှိတဲ့ ကွာဟမှုက မိုးနဲ့မြေလို ကွာဟချက် ကြီးမားလွန်းလှပါတယ် ။

သည်နှစ်ခုကြားမှာ ရှိတဲ့ အကြီးမားဆုံး ကွာဟချက်ကတော့ အမတ ဥပဒေသ တစ်စွန်းတစ်စ ပါဝင်နေမှုလို့ ဆိုရပါမယ် ။

နာမည်အတိုင်းပါပဲ ။ အမတ ဆိုတာက သည်စိတ်ဝိညာဉ်ဟာ ဘယ်လိုမှ မချုပ်ငြိမ်းနိုင်ဘူး ဆိုတဲ့ အဓိပါ္ပယ်ကို ဆောင်ပါတယ် ။

အမှန်အတိုင်း ပြောရမယ် ဆိုရင် အမတ ဥပဒေသ တစ်စွန်းတစ်စ လောက်လေးနဲ့တော့ သူတော်စင် ဝိညာဉ်ကို မချုပ်ငြိမ်းနိုင်တဲ့အထိတော့ မလုပ်ပေးနိုင်ပါဘူး ။ ဒါပေမဲ့လည်း အဲဒါက သူတော်စင် ဝိညာဉ် အရည်အသွေးကို တိုးမြှင့်ပေးပြီး ဖျက်ဆီးရ ခဲယဉ်းအောင် လုပ်ပေးနိုင်ပါတယ် ။

အဲဒါအပြင် လိပ်ပြာအသိစိတ် အာရုံကိုလည်း မယုံနိုင်လောက်တဲ့အထိ အစွမ်းထက်အောင် ထောက်ပံ့ ပေးနိုင်ပါတယ် ။

သည်လိုနဲ့ပဲ အချိန်တွေဟာ ကုန်မှန်းမသိ ကုန်ဆုံး လာခဲ့ပါပြီ ။သည်အတောအတွင်းမှာတော့ လီဖူချန်းဟာ ဟင်းလင်းပြင် ဥပဒေသ အပေါ်မှာပဲ တစ်စိုက်မတ်မတ် အာရုံ စိုက်ထားခဲ့ပါတယ် ။

တကယ်လို့သာ လီဖူချန်းအနေနဲ့ သူ့ကိုယ်သူ အားကိုးပြီး ဟင်းလင်းပြင်တာအို နှလုံးသားကို မွေးဖွားစေနိုင်ဖို့ လုပ်ဆောင်နေမယ် ဆိုရင်တော့ နောက်ထပ် ဆယ်နှစ် ကြာရင်တောင် ရမှာ မဟုတ်ပါဘူး ။ ဒါပေမဲ့လည်း သူက ဗလာနယ် ကောင်းကင်ဘုံ ဓားသိုင်းကို မှီငြမ်းနိုင်တဲ့အတွက် သူ့ရဲ့ ဟင်းလင်းပြင် တာအို နှလုံးသား မွေးဖွားစေဖို့ လုပ်ငန်းစဉ်ဟာ အတော်လေး လျင်မြန် ချောမွေ့ခဲ့ပါတယ် ။

………

- လေပြင်းတောင်တန်း -

လေပြင်းတောင်တန်းကတော့ အမြဲတမ်းလိုလို တိတ်ဆိတ် အေးချမ်းနေတာပါပဲ ။

ယန်ကလန်ထဲမှာတော့ ယန်ကလန်သားတွေဟာ သေရည်ဝိုင်း ဖွဲ့နေရင်းနဲ့ လီဖူချန်းတစ်ယောက် အရိုးဖြူ မိစ္ဆာ ဧကရာဇ်ကို သတ်လိုက်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြပါတယ် ။

" အခုဆိုရင် အရိုးဖြူ မိစ္ဆာဧကရာဇ်က သေသွားပြီ ။ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကလည်း သည်ကိစ္စကို သည်အတိုင်း လွှတ်ထားပေးမှာ မဟုတ်ဘူး ။ဟူး…… ငါတို့ ယန်ကလန်ကတော့ ကျွဲနှစ်ကောင် ခတ်တဲ့ကြားမှာ မြေစာပင် ဖြစ်တော့မှာပဲ "

" မဟုတ်သေးပါဘူး ။ အရိုးခေါင်းခွံ မဟာ ဧကရာဇ်က အစွမ်းထက်တာ မှန်တယ် ။ ဒါပေမဲ့ ငါတို့ရဲ့ ကောင်းကင်မီးတောက် မဟာ ဧကရာဇ်ကလည်း အလွယ်တကူနဲ့တော့ မရှုံးနိုင်ဘူးလေ ။ ကောင်းကင်မီးတောက် မဟာ ဧကရာဇ်က ယန်ကလန် ပျက်စီးသွားတာကို သည်အတိုင်း ကြည့်နေမယ် ထင်လို့လား ။ ဒါက ကောင်းကင်မီးတောက် အစည်းအရုံးရဲ့ ဂုဏ်သိက္ခာနဲ့ပါ သက်ဆိုင်တယ်ကွ ။ ကောင်းကင်မီးတောက် မဟာ ဧကရာဇ်က ယန်ကလန် ပျက်စီးသွားတာကို ထိုင်ကြည့်နေတယ် ဆိုတဲ့ သတင်းသာ ပျံ့သွားရင် သူ့အနေနဲ့ သည်တစ်သက် ခေါင်းဖော်ဝံ့တော့မှာ မဟုတ်ဘူး ။ ဒါကြောင့် ဘာမှ စိုးရိမ်မနေနဲ့ "

" မင်းပြောတာ သဘာဝကျတယ် ။ ဒါပေမဲ့ ငါက အရိုးခေါင်းခွံ မဟာ ဧကရာဇ် တစ်ယောက် ဒေါသ အထွက်လွန်ပြီး ဘာကိုမှ ထည့်မတွက်တော့မှာကို စိုးရိမ်နေတာ ။ အဲသည်လို ဖြစ်သွားရင်တော့ ငါတို့ ကုန်းမြေတိုက် တစ်ခုလုံး ကပ်ဆိုက်ပြီ "

" ဟူး…… အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကလည်း ဘာဖြစ်လို့  အခုထက်ထိ ရောက်မလာသေးတာလဲ မသိဘူး ။တကယ်လို့ အဲသည်နှစ်ယောက် ထွက်သွားပြီးမှ ရောက်လာရင်တော့ ငါတို့ယန်ကလန် ဘယ်လိုမှ ချောင်မှာ မဟုတ်ဘူး "

" ဟေ့……ဟေ့ကောင်တွေ……ဟို……ဟိုမှာ "

" ဘာလဲ …… ဘာဖြစ်တာလဲ "

" ကြည့်လိုက်လေ …… အပေါ်ကို မော့ကြည့်လိုက် "

ရုတ်တရက် ဆိုသလိုပဲ လူတစ်ယောက်က ကောင်းကင်ကို လက်ညှိုး ထိုးလိုက်ကြီး အထိတ်တလန့် အော်ဟစ်လိုက်ပါတယ် ။

ကောင်းကင် တစ်ခုလုံးဟာ ဘယ်အချိန်ကတည်းကနေ မှောင်မိုက်နေတယ် မသိပါဘူး ။

သည်လို အမှောင်ထုမျိုး ဆိုတာက ညမှသာ ဖြစ်ပေါ်လေ့ရှိပြီး ထပ်ပြောစရာ ရှိတာက သည်အမှောင်ထုထဲမှာ စိတ်ဓာတ် ပျက်ပြားသွားစေတဲ့ အငွေ့အသက်တွေ ပါဝင်နေသေးတာပါပဲ ။

" ဟား……ဟား……ဟား……ဟား……"

" ဟီး……ဟီး……ဟီး……"

အဲဒါတင် မကသေးပါဘူး ။လေတွေ ၊ မိုးတွေကလည်း ရုတ်တရက် ထန်လာပြီး အဲသည် လေတွေ ၊မိုးတွေနဲ့အတူ ကျောချမ်းစရာ ကောင်းလှတဲ့ ရယ်သံတွေကလည်း ကပ်ပြီး ပါလာခဲ့ပါတယ် ။

" ဟင်……ဟိုမှာ ……ဟိုမှာ "

တိမ်မဲကြီးတွေထဲကနေ ထွက်လာတဲ့ အရိုးစုတွေလည်း အားလုံးရဲ့ အမြင်မှာ အထင်းသားပါပဲ ။

" အ……ရိုး……အရိုးခေါင်းခွံ ……မ …မဟာ ဧကရာဇ် "

ယန်ကလန်ထဲမှာ ရှိနေတဲ့ လူတွေက ဣန္ဒြေကို မဆည်နိုင်ကြတော့ပါဘူး ။သူတု့ိရဲ့ ဒူးတွေကလည်း တဆတ်ဆတ် တုန်ယင်နေခဲ့ကြပါပြီ ။

သူတို့တွေက အရိုးခေါင်းခွံ မဟာ ဧကရာဇ် တစ်ယောက် ခပ်စောစော ရောက်လာပြီး အရိုးဖြု မိစ္ဆာ ဧကရာဇ်ကို သတ်တဲ့ လက်သည်တရားခံကို ရှင်းလင်းဖို့ မျှော်လင့်ခဲ့ကြပေမယ့်လည်း တကယ့်တကယ်တမ်း အရိုးခေါင်းခွံ မဟာ ဧကရာဇ် ရောက်လာတဲ့ အခါမှာတော့ သူတို့ရဲ့ ကြောက်စိတ်တွေကို ထိန်းမထားနိုင်ခဲ့ပါဘူး ။

အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ သြဇာကတ္တိမ နဲ့ နာမည်ကျော်စောမှုက ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက် တစ်ခုလုံးမှာ မသိသူ မရှိပါဘူး ။

သည်ကုန်းမြေတိုက်မှာက သူ့ကို ယှဉ်ဆိုင်ဝံ့သူတွေဟာ လက်တစ်ဆုပ်စာလောက်ပဲ ရှိပါတယ် ။

အဲသည်ထက် ပိုဆိုးတာကတော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကို ရန်စသူတွေဟာ သံသရာ စက်ဝန်းထဲကို ပြန်ဝင်နိုင်ဖို့ ခက်ခဲလွန်းတာပါပဲ ။

တကယ်လို့ ကျင့်ကြံသူတွေ အနေနဲ့ တခြား မဟာ ဧကရာဇ် တစ်ပါးကို ရန်စမိမယ် ဆိုရင် အလွန်ဆုံးမှ သေရုံပဲ ရှိမှာပါ ။

ဒါပေမဲ့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကို ရန်စမိရင်တော့ မရိုးရှင်းတော့ပါဘူး ။

အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကို ရန်စမိတဲ့ ကျင့်ကြံသူဟာ သေသွားရင်တောင်မှ လွတ်လွတ်လပ်လပ် သေခွင့် မရဘဲ သူ့ရဲ့ အရိုးစု စစ်တပ်မှာ အရိုးစု ဘဝနဲ့ တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ် ။

ကောလဟာလတွေအရ ဆိုရင်လည်း အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ လက်အောက်မှာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်မှာရှိတဲ့ အရိုးစု စစ်သူကြီး ရှစ်ယောက်တောင် ရှိပါတယ်တဲ့ ။

" ဟီး……ဟီး……ဟီး……ဟီး…… သေ……သေရမယ် ။ သေ…… သေကြ……သေကြ "

ကျောရိုးထဲအထိ အေးစိမ့်သွားစေတဲ့ အော်ရယ်သံကြီး တစ်ခုနဲ့အတူ အရိုးစု တစ်ခုဟာ တိမ်မည်းကြီးတွေထဲက နေပြီး ထွက်ပေါ်လာခဲ့ ပြန်ပါပြီ ။

သည်အရိုးစုကတော့ တခြား သာမန် အရိုးစုတွေနဲ့ လုံးဝ မတူညီပါဘူး ။ သူက ပေ၁၀၀ကျော် အမြင့်ရှိတဲ့ အရိုးစု မြင်းတစ်ကောင်ကို စီးနင်းထားတဲ့အပြင် ပေ၁၅၀လောက် ရှိတဲ့ လှံတံကြီး တစ်ချောင်းကိုလည်း ကိုင်ဆောင် ထားပါသေးတယ် ။ ပြီးတော့ သူ့ရဲ့ အနီးအနား ပတ်ဝန်းကျင်မှာ ဆိုရင်လည်း မရဏ အငွေ့အသက်တွေက ရစ်သိုင်းလို့ပါပဲ ။

တကယ်လို့ သာမန် လူတစ်ယောက်သာ ဆိုရင်တော့ သည်အငွေ့အသက်တွေကို ထိမိလိုက်တာနဲ့တင် တုန်းခနဲ လဲကျ သေဆုံး သွားနိုင်ပါတယ် ။

" အဲဒါက အရိုးစု စစ်သူကြီးပဲ "

ယန်ကလန်ရဲ့ ပင်မခန်းဆောင်ထဲကနေ လှမ်းထွက်လာတဲ့ ယန်လုံ နဲ့ ယန်ထျန်တို့ကတော့ အကြီးအကျယ် မျက်နှာ ပျက်နေကြပါပြီ ။

အရိုးစု စစ်သူကြီးတွေ ဆိုတာက နောက်စရာ မဟုတ်ပါဘူး ။ သူတို့က အသက်ရှင်စဉ် ကာလမှာကတည်းက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေ ဖြစ်နေခဲ့တာပါ ။

အရိုးခေါင်းခွံ မဟာ ဧကရာဇ်က ဘယ်လို တားမြစ်ထားတဲ့ လျှို့ဝှက် နည်းစနစ်ကို ပိုင်ဆိုင်ထားသလဲ မသိပါဘူး ။

အရိုးစု စစ်သူကြီး အဖြစ် သူစီရင်တာ ခံလိုက်ရတဲ့ ဧကရာဇ်တွေဟာ သူတို့ အသက်ရှင်စဉ် ကာလမှာတုန်းကထက် ပိုပြီး အစွမ်း ထက်ကြပါတယ် ။

ကောလာဟလတွေအရ ဆိုရင်တော့ အရိုးခေါင်းခွံ မဟာ ဧကရာဇ်ရဲ့ လက်အောက်က အရိုးစု စစ်သူကြီးတွေထဲမှာ ဆိုရင် အစွမ်းအနည်းဆုံး စစ်သူကြီးက အဆင့်မြင့် ဧကရာဇ် တစ်ပါး နဲ့ ညီမျှပြီး အစွမ်း အထက်ဆုံး စစ်သူကြီးက အထွတ်အထိပ် အဆင့် ဧကရာဇ် တစ်ပါးနဲ့ ညီမျှပါတယ်တဲ့ ။

ရှင်းရှင်း ပြောရမယ် ဆိုရင် အရိုးခေါင်းခွံ မဟာ ဧကရာဇ် တစ်ယောက် ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ရဲ့ ထိပ်ဆုံး သုံးယောက် စာရင်းထဲကို ရောက်နေတာက သူ့ရဲ့ အရိုးစု စစ်တပ် နဲ့ အရိုးစု စစ်သူကြီး ရှစ်ယောက်ကြောင့် ဆိုရင်လည်း မမှားပါဘူး ။

" သေ…… သေ……သေ……သေ……သေကြ ……"

ချောက်ချားဖွယ် အသံကြီး တစ်ခုနဲ့အတူ နောက်ထပ် အရိုးုစု စစ်သူကြီး တစ်ဦး ပေါ်ထွက် လာခဲ့ပြန်ပါပြီ ။

သည်အရိုးစု စစ်သူကြီးကတော့ အရိုးနဲ့ ပြုလုပ်ထားတဲ့ ဓားမကြီး တစ်လက်ကို ကိုင်ဆောင်ထားပြီး သူ့ရဲ့ ခန္ဓာကိုယ်ကနေလည်း အေးစက်စက် ဓားမော့ ဆန္ဒတစ်ခုကို ထုတ်လွှတ် ထားပါတယ် ။

သည်ဓားမော့ ဆန္ဒက ကြောက်စရာ ကောင်းလောက်အောင် အားကောင်းလှပြီး ဓားမော့ ဘုရင်တွေ နဲ့ ဓားမော့ ဧကရာဇ် အများစုထက်တောင် ပိုပြီး အားကောင်းပါတယ် ။

" ဟား…ဟား…ဟား…… ဟီး……ဟီး……"

"

" သေ……သေ……သေကြ……သေကြ……"

လူတွေအားလုံးက အထိတ်တလန့် ဖြစ်နေကြတဲ့ အချိန်မှာပဲ နောက်ထပ် အရိုးုစု စစ်သူကြီး နှစ်ဦးဟာ အမည်းရောင် တိမ်တိုက်တွေထဲကနေ ထပ်မံ ထွက်ပေါ် လာခဲ့ပြန်ပါပြီ ။

အရိုးစု စစ်သူကြီး လေးပါး……

စုစုပေါင်း …… အရိုးစု စစ်သူကြီး လေးပါး……

ဒါက နောက်စရာ လုံးဝ မဟုတ်ပါဘူး ။ အရိုးစု စစ်သူကြီး လေးပါးဆိုတဲ့ သည်အရေအတွက်က ယန်ကလန် တစ်ခုလုံးကို အလွယ်တကူ အမှုန့် ချေပစ်လိုက်လို့ ရပါတယ် ။

" အရိုးစု စစ်သူကြီးတွေလား ……ဟမ့် ……"

လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကလည်း သူတို့ရဲ့ ခေါင်းတွေကို မော့လိုက်ပြီး အရိုးစု စစ်သူကြီးတွေကို ကြည့်လိုက်ကြပါတယ်။

ခေတ္တခဏ အကြာမှာတော့ ရန်ချင်းဟူက

" လီဖူချန်း …… နင်သူတို့နဲ့ ရင်ဆိုင်တဲ့အခါကျရင် သတိ နည်းနည်းထားဦး ။ သူတို့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်တွေက မရဏ စိတ်ဝိညာဉ်တွေ အဖြစ်ကို ပြောင်းသွားပြီ ။ ပြီးတော့ သူတို့ရဲ့ အရိုးတွေကလည်း လျှို့ဝှက်နည်းစနစ် တစ်ခုနဲ့ စီရင်ခံထားရတဲ့အတွက် ဓားတွေ နဲ့ သဘာဝ  အစွမ်းတွေကို ခံနိုင်ရည် ရှိတယ် ။တန်ခိုးအစွမ်းချင်း တူနေရင်တော့ အရိုးစု စစ်သူကြီးတွေကို နိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ "

" ငါ့ရဲ့ လက်အောက်ခံက အရိုးဖြူက မင်းတို့ယန်ကလန် ပိုင်နက်ထဲမှာ အသက် ပျောက်သွားရတာ ။ သည်တော့ ယန်ကလန် အနေနဲ့ ဆက်ပြီး တည်ရှိနေလို့ မသင့်တော်ဘူး ။ ယန်ကလန်က သည်နေ့ကစပြီး ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ကနေ ပျောက်ကွယ် သွားရမယ် "

အရိုးစု စစ်သူကြီး လေးဦး ပေါ်လာပြီး သိပ်မကြာခင်မှာပဲ ကြောက်စရာ ကောင်းလှတဲ့ အသံကြီး တစ်သံဟာ တိမ်တိုက်မည်းကြီးတွေရဲ့ အတွင်းပိုင်းကနေ ထွက်ပေါ်လာပြန်ပါတယ် ။

"အရိုးခေါင်းခွံ မဟာ ဧကရာဇ်……ခင်ဗျားသိပ်ပြီး မလွန်လာနဲ့ ။ ဒါက ခင်ဗျား အပိုင်စား ရထားတဲ့ အရိုးစု နယ်မြေ မဟုတ်ဘူး ။ ဒါက ကျုပ်ရဲ့ ကောင်းကင်မီးတောက် နယ်မြေ "

အဲသည်အချိန်မှာပဲ သြဇာအာဏာ အပြည့်နဲ့ အသံတစ်ခုဟာ ရုတ်တရက် ပေါ်ထွက်လာခဲ့ပါတယ် ။

အဲဒါတင် မကပါဘူး ။ အသံနဲ့အတူ နေလို တောက်ပနေတဲ့ မီးလုံးကြီး တစ်လုံးဟာ ကောင်းကင်ယံမှာ ပေါ်လာပြီး တိမ်မည်း တစ်အုပ်ကို ဖြိုခွင်းလိုက်ပါသေးတယ် ။

" ကောင်းကင်မီးတောက် တုံယန် ……ခင်ဗျား ကျုပ်ရဲ့ ဒေါသကို လာမဆွရင် ကောင်းမယ် ။ ကျုပ်ရဲ့ လက်အောက်ခံကို သတ်ရဲတဲ့လူက ထိုက်သင့်တဲ့ တန်ဖိုးကို ပေးကို ပေးရမှာပဲ ။ အဲသည်လိုမှ မဟုတ်ရင် ကျုပ်ကို ဘယ်သူတွေက လေးစားတော့မှာလဲ ။ သည်နေ့မှာ ယန်ကလန်က ကောင်းကင်မဏ္ဍိုင် ကုန်းမြေတိုက်ကနေ ပျောက်ကို ပျောက်ကွယ်ရမယ် "

စကားဆုံးတဲ့ နောက်မှာတော့ အရိုးသရဖူကို ဆောင်းထားပြီး အရိုးဖြူ နဂါးပလ္လင်ပေါ်မှာ ထိုင်နေတဲ့ သတ်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက်ဟာ ကောင်းကင်ယံထက်မှာ ပေါ်လာခဲ့ပါပြီ ။

ရှဲ……ရှဲ……ရှဲ……

တခြား တစ်ဖက်မှာလည်း မီးလုံးကြီးဟာ ကွဲထွက်သွားပြီး မီးလုံးကြီးထဲကနေ အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အဘိုးအို တစ်ဦး ထွက်ပေါ်လာခဲ့ပါတယ် ။

" မရဘူး… အရိုးခေါင်းခွံ မဟာ ဧကရာဇ် …… ကျုပ်ခင်ဗျားကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီ ။ ဒါက ကောင်းကင်မီးတောက် နယ်မြေ ၊ ခင်ဗျားရဲ့ အရိုးစု နယ်မြေ မဟုတ်ဘူး ။ အရိုးဖြူကို သတ်တဲ့ တရားခံက ယန်ကလန်နဲ့ လုံးဝ မပတ်သက်ဘူး ။ ခင်ဗျား လူသတ် တရားခံနဲ့ ရှင်းချင်သလိုရှင်း ။ ဒါပေမဲ့ ယန်ကလန်ကို ထိရင်တော့ ကျုပ်လုံးဝ ထိုင်ကြည့်နေမှာ မဟုတ်ဘူး "

မီးလုံးကြီးထဲနေ ထွက်ပေါ်လာတဲ့ အဘိုးအိုက အရိုးခေါင်းခွံ မဟာ ဧကရာဇ်ကို လုံးဝ အလျော့မပေးပါဘူး ။

ကောင်းကင်မီးတောက် တုံယန်လို့ အမည်ရတဲ့ သူဟာ ကောင်းကင်မီးတောက် အစည်းအရုံးရဲ့ သခင် ဖြစ်ပါတယ် ။

အဲသည်အတွက် သူဟာ ယန်ကလန်ကို မကာကွယ်ပေးလို့ကို မရပါဘူး ။ မဟုတ်လို့ကတော့ သူ့ရဲ့ နာမည်၊ဂုဏ်သတင်းဟာ လူတစ်ကာရဲ့ တံတွေးခွက်ထဲမှာ ပက်လက် မျှောသွားပါလိမ့်မယ် ။

" ဟား……ဟား…… အဘိုးကြီးတုံယန် ……ခင်ဗျားက သည်လောက်တောင် အသက်ကြီးနေပြီ ။ ဒါပေမဲ့ အခုထက်ထိ အစွမ်းထက်ချင်ယောင် ဟန်ဆောင်နေတုန်းပဲလား ။ အချိန်ရှိတုန်း ထွက်သွားလိုက်စမ်းပါ ။မဟုတ်လို့ကတော့ ကိုယ့်အရှက် ကိုယ်ပြန်ခွဲသလို ဖြစ်နေလိမ့်မယ်နော"

အရိုးခေါင်းခွံ မဟာ ဧကရာဇ်တောင် ဘာမှ ပြန်မပြောရသေးပါဘူး ။ အသံ ကွဲအက်အက် နဲ့ ကြောက်စရာ ကောင်းလှတဲ့ အသံ တစ်ခုက အဘိုးအိုကို လှမ်းပြီး လှောင်ပြောင်လာခဲ့ပါတယ် ။

" ဖုတ်ကောင် မဟာ ဧကရာဇ် "

အဲသည် အသံကို ကြားလိုက်ရတဲ့ အခါမှာတော့ ကောင်းကင်မီးတောက် တုံယန်ရဲ့ မျက်နှာဟာ မည်းမှောင် သွားခဲ့ပါပြီ ။

သူက အရိုးခေါင်းခွံ မဟာ ဧကရာဇ် တစ်ယောက်တည်းကို ဆိုရင် ထိပ်တိုက် ရင်ဆိုင်နိုင်ဖို့ ယုံကြည်ချက် အပြည့် ရှိပါတယ် ။ ဒါပေမဲ့ အခု ဖုတ်ကောင် မဟာ ဧကရာဇ်ပါ ပါလာပြီ ဆိုရင်တော့ သူဟာ တစ်ဖက်လူ နှစ်ယောက်ရဲ့ ပြိုင်ဖက် လုံးဝ မဟုတ်တော့ပါဘူး ။

သူက သေတော့ မသေနိုင်ဘူး ဆိုပေမယ့် ဒဏ်ရာ အပြင်းအထန် ရမှာကတော့ သေချာသလောက်ပါပဲ ။

ကောင်းကင်မီးတောက် တုံယန်က မျက်မှောင် ကြုတ်လိုက်ပြီး

"ဖုတ်ကောင် မဟာ ဧကရာဇ် …… ခင်ဗျားက သည်ကို ဘယ်လို ရောက်လာတာလဲ ။ကျုပ်သိသလောက် ဆိုရင်တော့ ယန်ကလန်က ခင်ဗျားအပေါ်မှာ ဘာအပြစ်မှ လုပ်ထားတာ မရှိဘူးနော် "

" ကျုပ်လာချင်လို့ ရောက်လာတာပေါ့ ။ဘာလဲ……ကျုပ်က ခင်ဗျားကို သံတော်ဦး တင်နေရဦးမှာလား "

မာဆတ်ဆတ် စကားသံ အဆုံးမှာတော့ ဖုတ်ကောင် မဟာ ဧကရာဇ်ဟာ လေပြင်းတောင်တန်းရဲ့ နယ်နိမိတ် အစပ်နားက ကောင်းကင်ယံပေါ်မှာ ပေါ်လာခဲ့ပါပြီ ။

သူ့ရဲ့ အနောက်မှာတော့ အလောင်းပျံ ဧကရာဇ်က ကပ်ပြီး လိုက်ပါလာခဲ့ပါတယ်။

အလောင်းပျံ ဧကရာဇ်နဲ့ ယှဉ်ရင်တော့ ဖုတ်ကောင် မဟာ ဧကရာဇ်ဟာ ပိုပြီး သန်မာ တောင့်တင်းပါတယ် ။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ကြေးနီရောင် သမ်းနေပြီး မသိရင် ကြေးရုပ်တုကြီး တစ်ခုလိုပါပဲ ။

All Chapters