← Chapters

ချိပ်ပိတ်ခံထားရတဲ့တောင်

Vol. 52 Ch. 702

ချိပ်ပိတ်ခံထားရတဲ့တောင်

Vol. 52 Ch. 702

မျောလွင့်ကောင်းကင်တောင်ရဲ့ နယ်နိမိတ်နားကို ရောက်တဲ့အခါမှာ လီဖူချန်း ပထမဦးဆုံး သတိ ပြုမိလိုက်တာကတော့ ပတ်ဝန်းကျင် အခြေအနေဟာ အရင်နဲ့ မတူဘဲ တမူ ထူးခြားနေတယ် ဆိုတာပါပဲ ။

အဲသည်အတွက် သူက အနီးအနားမှာ ရှိတဲ့ မြို့တစ်မြို့ အပေါ် ဆင်းသက်ပြီး မြို့စားကို ဆင့်ခေါ်ကာ အခြေအနေတွေကို စုံစမ်းလိုက်ပါတယ် ။

သည်မြို့ရဲ့ မြို့စားကတော့ ဟူကိုင်လို့ ခေါ်ပြီး သူက မချိပြုံး ပြုံးကာ လီဖူချန်းကို အခြေအနေတွေ တင်ပြလာပါတယ် ။

" မျောလွင့်ကောင်းကင်တောင်က ချိပ်ပိတ် ထားပါပြီ .…… သခင်လေး "

" တောင်ကို ချိပ်ပိတ် ထားတယ် ……ဟုတ်လား "

လီဖူချန်းက မျက်ခုံး ပင့်လိုက်မိပါတယ် ။

ဟူကိုင်က ခေါင်းညိတ်လိုက်ပြီး

" လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ကျွန်တော်တို့ရဲ့  အဆွေး ဧကရာဇ်က ဝိညာဉ် ဧကရာဇ်ရဲ့ အကောက်ကြံမှုကို ခံလိုက်ရပြီး ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပါတယ် ။ အဲသည်အချိန်က စပြီး မျောလွင့်ကောင်းကင်တောင်က တောင်ပေါ်ကနေ တပည့်တစ်ယောက်မှ ဆင်းခွင့် မပေးတော့ဘဲ ချိပ်ပိတ်ထားလိုက်တော့တာပါပဲ ။ သည်အတောအတွင်းမှာဆိုရင် ဝိညာဉ် ဧကရာဇ် ၊ နေဝန်းပြာ ဧကရာဇ် နဲ့ လဝန်းနီ ဧကရာဇ်တို့က ပူးပေါင်းပြီး မျောလွင့်ကောင်းကင်တောင်ကို အဆက်မပြတ် တိုက်ခိုက်နေကြပါသေးတယ် "

" ကံကောင်းတာကတော့ မျောလွင့်ကောင်းကင်တောင်ရဲ့ ဝင်္ကပါ အကာအကွယ် အစီအရင်က အင်မတန် အစွမ်း ထက်တဲ့အတွက် မဟာ ဧကရာဇ် သုံးပါးတောင်မှ မချိုးဖောက် နိုင်ပါဘူး ။ ဒါပေမဲ့ ချိပ်ပိတ်လိုက်တဲ့ အကျိုးဆက်ကြောင့် မျောလွင့်ကောင်းကင်တောင်ဟာ သူတို့ပိုင်တဲ့ နယ်နိမိတ်တွေကို လက်လွှတ်လိုက်ရပါတယ် ။ အဲသည်အတွက်ကြောင့် အခုဆိုရင် သည်နယ်မြေဟာ မဟာ ဧကရာဇ် သုံးပါးရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိ သွားခဲ့ပါပြီ…… သခင်လေး "

" နောက်ပြီးတော့ ကျွန်တော် ဆိုရင်လည်း မြို့စားဆိုတဲ့ အမည်သက်သက်ပဲ ရှိတော့တာပါ "

ဟူကိုင်ရဲ့ ရှင်းပြမှုကို နားထောင်အပြီးမှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြပါတယ် ။

သူတို့နှစ်ယောက်ရဲ့ အမြင်မှာတော့ နေဝန်းပြာ ဧကရာဇ်ကော လဝန်းနီ ဧကရာဇ်ရောဟာ ဝိညာဉ် ဧကရာဇ်ရဲ့ ဝိညာဉ် အစေခံတွေ ဖြစ်သွားကြပါပြီ ။

အဲသည်လိုမှ မဟုတ်ရင်တော့ မဟာ ဧကရာဇ် နှစ်ပါးဟာ ဝိညာဉ် ဧကရာဇ်ကို ပြောင်ပြောင်တင်းတင်း အကူအညီ ပေးစရာ အကြောင်း မရှိပါဘူး ။

" ဟူကိုင် …… ခင်ဗျား ဘယ်သူနဲ့ စကား ပြောနေတာလဲ "

အဲသည်အချိန်မှာပဲ မူလပင်လယ် နယ်ပယ် အဆင့်၅ ဘုရင်ငယ် တစ်ပါးဟာ အဆင့်မြင့် ဘုရင်နှစ်ပါးကို ခြံရံပြီး ရောက်ရှိလာခဲ့ပါတယ် ။

အဲသည်လူငယ်က ယုတ်မာ ကောက်ကျစ်မယ့် ရုပ်ရည်သွင်ပြင်မျိုးကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ မေးခွန်းထုတ်တဲ့ လေသံကလည်း အတော်လေး မောက်မာ ရိုင်းစိုင်းတယ်လို့ ဆိုရပါမယ် ။

ဟူကိုင်ကတော့ လူငယ်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ်ကို ရို့ပြီး အလျင်အမြန် အရိုအသေ ပေးလိုက်ပါတယ် ။

" သခင်လေးရှန်း "

သည်လူငယ်ကတော့ ရှန်းယန်လို့ ခေါ်ပြီး ရှန်းကလန်ရဲ့ လူငယ် ပါရမီရှင် ဆိုရင်လည်း မမှားပါဘူး ။

ရှန်းကလန် ဆိုတာကတော့ လဝန်းနီ အင်ပိုင်ယာက ကလန်တစ်ခု ဖြစ်ပြီး လက်ရှိမြို့စား ဟူကိုင်ထက် ပိုအာဏာရှိတဲ့ သူတွေပါ ။

အဲသည်ထက်ပိုပြီး ရှင်းရှင်း ပြောရမယ် ဆိုရင် အခု ဟူကိုင် အုပ်ချုပ်နေတဲ့ မြို့ကို တကယ်တမ်း အစိုးရနေသူတွေဟာ ရှန်ကလန်ပဲ ဖြစ်ပါတယ် ။

" အဲသည်နှစ်ယောက်က ဘယ်သူတွေလဲ "

ရှန်းယန်က လီဖူချန်း နဲ့ ရန်ချင်းဟူကို လှမ်းကြည့်ရင်း မေးလိုက်ပါတယ် ။

" ဟင် "

ရှန်းယန်ရဲ့ အကြည့်တွေက ရန်ချင်းဟူ အပေါ်မှာ ရောက်သွားတဲ့ အချိန်မှာတော့ တခြား ဘယ်နေရာကိုမှ ဆက်မသွားနိုင်တော့ပါဘူး ။

အစောပိုင်းက ရှန်းယန်ဟာ ဟူကိုင်ကို အာရုံ စိုက်နေရတဲ့အတွက် ရန်ချင်းဟူကို သတိ မထားမိလိုက်ပါဘူး ။

ဒါပေမဲ့ အခုတော့ သူဟာ ရန်ချင်းဟူကို သေသေချာချာ ကြည့်မိ သွားခဲ့ပါပြီ ။

ပိတုန်းရောင်လို နက်မှောင်တဲ့ ဆံကေသာ ……

သောက်ရှူ းကြယ်လို တောက်ပနေတဲ့ မျက်လုံးအစုံ

နှာတံမြင့်မြင့် ……

မက်မုံပန်းလေး ပက်ဖြန်းထားတဲ့အလား ထင်ရတဲ့ ပါးပြင်မို့မို့ ……

နှင်းဆီရောင် နှုတ်ခမ်းဖူး……

အလှတရားတွေ အားလုံးကို အချိုုးကျနစွာ  ပေါင်းစပ်ထားတဲ့ ရန်ချင်းဟူဟာ တကယ်ကို ပြိုင်ဘက်ကင်းလှတဲ့ အလှနတ်ဘုရားမလေး တစ်ပါးပါပဲ ။

ရှန်းယန်ရဲ့ အမြင်မှာတော့ ပန်းပေါင်းစုံ နန်းတော်က နာမည်ကျော် ပန်းလေးတွေတောင်မှ ရန်ချင်းဟူ အလှရဲ့ တစ်ဝက်ကို လိုက်မမီနိုင်ပါဘူး ။

" သည်က ညီမလေး…… အစ်ကိုကြီးက ရှန်းယန်ပါ ။ သည်မြို့က အစ်ကိုတို့ ရှန်းကလန်ရဲ့ ပိုင်နက်လေ ။  ဒါနဲ့ ညီမရဲ့ နာမည်လေး သိခွင့် ရှိမလား "

ရှန်းယန်က ယုံကြည်မှု အပြည့်နဲ့ မေးလိုက်ပါတယ် ။

လူတစ်ယောက်ရဲ့ ကျင့်ကြံမှုက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်သွားပြီ ဆိုရင် သူ့ရဲ့ ချီအရှိန်အဝါဟာ မိုးမြေ စွမ်းအားတွေနဲ့ ရောနှောသွားခဲ့ပါပြီ ။

အဲသည်အတွက် ဧကရာဇ် တစ်ပါး ဒါမှမဟုတ် ဧကရီ တစ်ပါးဟာ သူ့ရဲ့ ချီအရှိန်အဝါကို ရည်ရွယ်ချက် ရှိရှိ ထုတ်မထားရင် ဘယ်သူကမှ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကို မသိနိုင်ပါဘူး ။

အခု ရှန်းယန်ကလည်း အဲသည်လိုပါပဲ ။ ရန်ချင်းဟူက သူမရဲ့ ချီအရှိန်အဝါကို ထုတ်မထားတဲ့အတွက် သူက ရန်ချင်းဟူကို ဧကရီ တစ်ပါးမှန်း မသိပါဘူး ။

ဒါကြောင့်မို့လည်း သူက ရန်ချင်းဟူရဲ့ နာမည်ကို မေးရဲနေတာ ဖြစ်ပါတယ် ။

နောက်ပြီး ရန်ချင်းဟူ ဆိုတာကလည်း ဧကရီ တစ်ပါး ဖြစ်ဖို့အတွက် အတော်လေး ငယ်ရွယ်လွန်းနေတာ မဟုတ်ပါလား ။

ပြီးတော့ ဧကရာဇ် တစ်ပါး ဒါမှမဟုတ် ဧကရီ တစ်ပါးဟာ လူမြင်ကွင်းထဲကို သာမန် ပုံစံမျိုးနဲ့ ထွက်လာလေ့ သိပ်မရှိပါဘူး ။

" သွားစမ်း "

ရှန်းယန်ရဲ့ စကားဆုံးတာနဲ့ တစ်ပြိုင်နက် ရန်ချင်းဟူက သူမရဲ့ ချီအရှိန်အဝါကို ထုတ်ဖော်လိုက်ပါတယ် ။

အဲသည် ချီအရှိန်အဝါကတော့ မုန်တိုင်း တစ်စင်းနဲ့ တူပြီး ကမ္ဘာလောကကြီး တစ်ခုလုံးကိုတောင် တိုက်စားသွားတော့မလိုပါပဲ ။

ဘန်း…… ဘန်း……ဘန်း……

" အား "

" အင့် "

" ဝေါ့ "

ဧကရီ တစ်ပါးရဲ့ ချီအရှိန်အဝါကိုတော့ သာမန် မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ ဘယ်လိုမှ တောင့်ခံနိုင်စရာ အကြောင်း မရှိပါဘူး ။

အဲသည်အတွက်ကြောင့် ရှန်းယန် နဲ့ သူ့ရဲ့  နောက်လိုက် နှစ်ဦးဖြစ်တဲ့ အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင် နှစ်ပါးဟာ သွေးတစ်လုတ်စီ အန်ပြီး လွင့်ထွက်သွားကြပါတယ် ။

" ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရီပါလား "

ရှန်းလန်တင် မကပါဘူး ။ အဆင့်မြင့် မူလနယ်ပယ် ဘုရင်နှစ်ပါးဟာလည်း သွေးပျက် သွားခဲ့ကြပါပြီ ။

သူတို့က ရန်ချင်းဟူဟာ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရီ တစ်ပါး ဖြစ်နေလိမ့်မယ်လို့ လုံးဝ တွေးထင် မထားမိခဲ့တာ အမှန်ပါပဲ ။

မဟုတ်လို့ကတော့ သူတို့ဟာ သည်ကိုတောင် လာရဲစရာ အကြောင်း မရှိပါဘူး ။

" ရန်ချင်းဟူ …… သွားကြစု့ိ "

" အင်း "

မျောလွင့်ကောင်းကင်တောင်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို အကြမ်းဖျင်း သိရှိပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ   ရှန်းယန်တို့ကို ဥပေက္ခာ ပြု ပြီး ထွက်သွား ခဲ့ကြပါပြီ ။

သူတို့နှစ်ယောက် ထွက်သွားတာနဲ့ တစ်ပြိုင်နက် ရှန်းယန် နဲ့ သူ့လူ နှစ်ယောက်ဟာလည်း ကလန်ဆီကို အမြန်ဆုံး သုတ်ခြေတင်ကြပါတော့တယ် ။

သူတို့က သည်အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကလန်ကို အမြန်ဆုံး တင်ပြရမှာ မဟုတ်ပါလား ။

………

ကောင်းကင်ယံပေါ်မှာ ထီးထီးကြီး မျောလွင့်တည်ရှိနေတဲ့ တောင်ကြီးတစ်လုံး……

သည်တောင်ကတော့ မျောလွင့်ကောင်းကင်တောင်ကလွဲပြီး တခြား မရှိပါဘူး ။

မျောလွင့်ကောင်းကင်တောင်ကတော့ အရင်အတိုင်း ခန့်ခန့်ထည်ထည်နဲ့ ကောင်းကင်ယံပေါ်မှာ တည်ရှိနေဆဲပါပဲ ။

ပြီးတော့  အရင်က မရှိတဲ့ ရွှေရောင် အကာအကွယ် ဝင်္ကပါ အစီအရင် တစ်ခုကလည်း မျောလွင့်ကောင်းကင်တောင်ရဲ့ ပတ်ပတ်လည်မှာ အထင်းသား တည်ရှိနေပါသေးတယ် ။

မျောလွင့်ကောင်းကင်တောင်ရဲ့ အနီးတစ်ဝိုက်မှာတော့ မိုးမြေစွမ်းအားတွေဟာ မရှိသလောက်ကို ဖြစ်နေပြီး ယုတ်စွအဆုံး အဆင့်နိမ့် ကုန်းမြေတိုက် တစ်ခုဖြစ်တဲ့ အရှေ့ယူနီကွန်းတိုက်လောက်တောင်မှ မသိပ်သည်းတော့ပါဘူး ။

သည်အဓိပါ္ပယ်ကတော့ မျောလွင့်ကောင်းကင်တောင်ဟာ မရေမတွက်နိုင်တဲ့ အစီအရင်ကို တောင်ပတ်ပတ်လည်မှာ ခင်းကျင်းထားပြီး အဲသည်အစီအရင်တွေက မိုးမြေစွမ်းအားတွေကို တရစပ် စုပ်ယူနေတယ် ဆိုတာပါပဲ ။

ပြီးတော့ မျောလွင့်ကောင်းကင်တောင်နဲ့ အြင်လောကကို အဆက်ဖြတ်ပေးတဲ့ ဝင်္ကပါ အစီအရင်တွေကလည်း ထောင်ပိုင်းလောက် ရှိနေသေးတဲ့အတွက် သည်အတိုင်း ဆက်သွားနေမယ် ဆိုရင် မိုးမြေစွမ်းအားတွေဟာ ဘယ်လိုမှ လောက်တော့မှာ မဟုတ်ပါဘူး ။

မိုးမြေစွမ်းအားတွေ ကုန်ခမ်းသွားပြီ ဆိုရင်တော့ မျောလွင့်ကောင်းကင်တောင်ဟာ ဝင်္ကပါ အစီအရင်တွေ ဆက်လက် အသက်ဝင်နေဖို့အတွက် ဝိညာဉ် ကျောက်တုံးတွေကို ဆက်အသုံးပြုနေရမှာ ဖြစ်ပြီး ဝိညာဉ်ကျောက်တုံးတွေပါ ကုန်ခမ်းသွားပြီ ဆိုရင်တော့ ဝိညာဉ် ဧကရာဇ် လက်တွင်းကို သက်ဆင်းရတော့မှာ ဖြစ်ပါတယ် ။

အဲသည်အတွက် မျောလွင့်ကောင်းကင်တောင်ဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး အချိန်အခါနဲ့ ကြုံတွေ့နေရပြီလို့ ဆိုရမယ့် အခြေအနေကိုတောင် ရောက်ရှိနေခဲ့ပါပြီ ။

" ဘယ်သူတွေလဲ…… ရပ်စမ်း "

လီဖူချန်း နဲ့ ရန်ချင်းဟူတို့ မျောလွင့်ကောင်းကင်တောင် အနားကို ရောက်တဲ့ အခါမှာတော့ ရန်လိုတဲ့ အသံတစ်ခုက သူတို့ကို လှမ်းပြီး ဟန့်တားလိုက်ပါတယ် ။

တားလိုက်တဲ့ သူကတော့ မူလပင်လယ်နယ်ပယ် ဘုရင်ကို မဟုတ်ပါဘူး ။ သူက အရပ်ရှည်ရှည် ၊ ပိန်ပိန်ပါးပါးနဲ့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးပါပဲ ။

သည်ဧကရာဇ်ကတော့ ဝိညာဉ် ဧကရာဇ်ရဲ့ လက်အောက်ခံ တစ်ယောက် ဖြစ်ပြီး လေရိုင်း သိုင်းဧကရာဇ်လို့ အမည် ရသူလည်း ဖြစ်ပါတယ် ။

လေရိုင်း သိုင်းဧကရာဇ်ရဲ့ ကျင့်ကြံမှုက သိပ်ပြီး မမြင့်လှပါဘူး ။ သူက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် အဆင့်၄မှာပဲ ရှိသေးတာပါ ။

ဒါပေမဲ့လည်း ကံကောင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် သူဟာ လေအရွေ့ နည်းစနစ်ကို နားလည် တတ်မြောက်ခဲ့ပါတယ် ။

အဲသည်အတွက် တစ်ဖက် ရန်သူက မဟာ ဧကရာဇ် တစ်ပါး မဟုတ်သေးသရွေ့ သူ့ကို သတ်ဖြတ်ဖို့ရာဟာ ခဲယဉ်းလွန်းလှတယ်လို့ ဆိုရပါမယ် ။

အဲသည် လေအရွေ့ နည်းစနစ်ကို တတ်မြောက် ထားတာကလည်း ဝိညာဉ် ဧကရာဇ်အနေနဲ့ သူ့ကို မျောလွင့်ကောင်းကင်တောင်ကို စောင့်ကြပ်ဖို့ စေလွှတ်ထားရခြင်း အကြောင်းအရင်းပါပဲ ။

အခုဆိုရင် လေရိုင်း သိုင်းဧကရာဇ်ဟာ မျောလွင့် ကောင်းကင်တောင်ကို စောင့်ကြည့်နေတာ နှစ်ဝက်နီးပါး ရှိနေခဲ့ပါပြီ ။

အဲသည်အတွက် သူက မျောလွင့်ကောင်းကင်တောင် အခြေအနေကို ကောင်းကောင်းကြီး သိနေပြီး အဆွေး ဧကရာဇ် ထွက်လာမှာကိုလည်း လုံးဝ မစိုးရိမ်မိပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ ပထမ အချက် အနေနဲ့ အဆွေး ဧကရာဇ်ဟာ စိတ်ဝိညာဉ် အဆိပ်ကို မိထားတဲ့အတွက် သူ့ကိုယ်သူတောင် မသေဖို့ အနိုင်နိုင် ကြိုးစားနေလို့ပါပဲ ။

ဒုတိယ အချက်ကတော့ မျောလွင့်ကောင်းကင်တောင်ရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ဟာ အင်မတန်မှ ထူးဆန်းလို့ ဖြစ်ပါတယ် ။

မျောလွင့်ကောင်းကင်တောင်ရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်မှာက ပုံစံနှစ်မျိူ း ရှိနေပြီး သာမန် ပုံစံက အဝင်၊အထွက် လုပ်လို့ရရုံမက  တိုက်ခိုက်ခြင်းကော၊ခုခံခြင်းကိုပါ ပြုလုပ်နိုင်စွမ်း ရှိပါတယ် ။ ပြီးတော့ သာမန် မဟာ ဧကရာဇ် တစ်ပါးရဲ့ တိုက်ခိုက်မှုကိုလည်း ကြံ့ကြံ့ခိုင် ခံနိုင်ပါတယ် ။

နောက်ထပ် ပုံစံ တစ်မျိူ းကတော့ အခုလက်ရှိ ချိပ်ပိတ်ထားတဲ့ ပုံစံပါပဲ ။ သည်ပုံစံကတော့ အဝင်၊အထွက်ကို လုံးဝ ခွင့်မပြုတဲ့အပြင် တိုက်ခိုက်ခြင်းကိုလည်း ပြုလုပ်လို့ မရပါဘူး ။ ဒါပေမဲ့ သည်ပုံစံရဲ့ ခုခံခြင်းကတော့ အမြင့်ဆုံးဖြစ်ပြီး အကြို-သူတော်စင် တစ်ပါးရဲ့ တိုက်ခိုက်မှုကိုတောင် မျက်ကွယ် ပြုထားနိုင်ပါတယ် ။

တကယ်လို့ သည်ပုံစံကို ရုပ်သိမ်းလိုက်မယ် ဆိုရင်တော့ ချက်ချင်း ပြန်လည် အသက်သွင်းနိုင်မှာ မဟုတ်ဘဲ တစ်ရက်တိတိ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ် ။

ဝှစ်……ဝှစ်……ဝှစ်……ဝှစ်……

လေရိုင်း သိုင်းဧကရာဇ်ရဲ့  ဟန့်တားမှု ဆုံးတာနဲ့ တစ်ပြိုင်နက် လေသင်တုန်း မြားတွေက လေထုထဲမှာ ဖြစ်ပေါ်လာပြီး လီဖူချန်း နဲ့  ရန်ချင်းဟူတို့ကို ချိန်ရွယ်ထားနှင့် ပြီးသားပါပဲ ။

" ခင်ဗျားက ဝိညာဉ် ဧကရာဇ်ရဲ့ လက်အောက်ခံလား "

လီဖူချန်းကတော့ အဲသည် လေသင်တုန်း မြားတွေကို တစ်စက်ကလေးမှ ဂရုမစိုက်ပါဘူး ။ သူက အေးစက်စက် လေသံနဲ့ ပြန်တောင် မေးလိုက်ပါသေးတယ် ။

" မင်းသိနေပြီးသားကို ဘာလို့ ထပ်မေးနေတာလဲ ။ အခု အခွင့်အရေး ပေးထားတုန်း အမြန် အညံ့ခံစမ်း ။ နောက်မှ ငါ့အဆိုး မဆိုနဲ့ "

လေရိုင်း သိုင်းဧကရာဇ်ကလည်း လေသံမာမာနဲ့ ပြန်ပြောလာခဲ့ပါတယ် ။

" ဝိညာဉ် ဧကရာဇ် လက်အောက်က ဆိုရင်တော့ သတ်လို့ ပိုအဆင်ပြေတာပေါ့ "

ထန်……

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ ဓားချက်ဟာ လျှပ်ပြက်သလို ထွက်ပေါ် လာခဲ့ပါပြီ ။

" ဟမ့် …… မင်းကများ "

လေရိုင်း သိုင်းဧကရာဇ်ကတော့ လှောင်ပြောာင်တဲ့ အမူအယာနဲ့ ငြိမ်ပြီး ရပ်နေခဲ့ပါတယ် ။

သည်ဘာမဟုတ်တဲ့ ကောင်လေး တစ်ယောက်က သူ့လို လေရိုင်း သိုင်းဧကရာဇ်ကို သတ်ချင်သတဲ့လား ။

သည်ကောင်က ခေါင်းထဲမှာ ဦးနှောက်မရှိဘဲ ရေတွေနဲ့ ပြည့်နေတာ ဖြစ်ရပါမယ် ။

လေအရွေ့ တတ်မြောက်ထားတဲ့ သူ့ကိုက မဟာ ဧကရာဇ်တွေတောင်မှ အလွယ်တကူ  သတ်လို့ မရပါဘူး ။ အလစ် တိုက်ခိုက်ရင်တော့ တစ်မျိုးပေါ့လေ ။

ဒါပေမဲ့ လီဖူချန်း အတွက်ကလည်း လေရိုင်း သိုင်းဧကရာဇ်ကို အလစ်ချောင်း တိုက်ခိုက်ဖို့ မလိုပါဘူး ။

သည်ကိစ္စက တိုက်ရိုက် ဓားချက်လေး တစ်ချက်နဲ့တင် ကိစ္စပြတ်ပါတယ် ။

" ဟင် ……ဒါ……ဒါက……"

အစောပိုင်းက လှောင်ပြောင်နေတဲ့ လေရိုင်း ဧကရာဇ်ရဲ့ မျက်နှာ အမူအယာက မျက်လှည့် ပြလိုက်သလိုပဲ ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုတွေက အစားထိုး ဝင်ရောက် လာခဲ့ပါပြီ ။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ဘယ်လိုလုပ်ပြီး ဓားချက်က သည်လောက်အထိ မြန်နေရတာလဲ ။

ဓားချက်က မြန်လွန်းလှတဲ့အတွက် လေရိုင်း သိုင်းဧကရာဇ် အနေနဲ့ ဘာဆိုဘာမှကို မမြင်လိုက်နိုင်ပါဘူး ။

" မ……မဖြစ်နိုင်တာ "

လေရိုင်း သိုင်းဧကရာဇ်က သူ့ရဲ့ခေါင်းကို ငုံ့ကြည့်မိလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ရင်ဘတ်ဟာ ပေါက်ထွက်နေတာကို တွေ့မြင်လိုက်ရပါတယ် ။

ဘုတ်……

အဲသည်နောက်မှာတော့ သူဟာ အသက်ပျောက်ပြီး မြေကြီးပေါ်ကို ပုံရက်သား လဲကျ သွားခဲ့ပါပြီ ။

လီဖူချန်းရဲ့ ဓားချက်က လေရိုင်း သိုင်းဧကရာဇ်ရဲ့ အသက်ကို နုတ်ယူသွားရုံတင် မကပါဘူး ။ သူ့ရဲ့ အသက်ဓာတ်ကိုပါ ဖျက်ဆီး သွားခဲ့တာ ဖြစ်ပါတယ် ။

***

အကာအကွယ် ဝင်္ကပါ အစီအရင်ထဲမှာ ရှိနေတဲ့ လူတွေကတော့ အပြင်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ကောင်းကောင်းကြီး တွေ့မြင်နေရပါတယ် ။

အဲသည်လူတွေထဲမှာတော့ တိမ်တိုက် ဧကရာဇ်လည်း အပါအဝင်ပါပဲ ။

" အဲဒါ လီဖူချန်းပဲ "

တိမ်တိုက် ဧကရာဇ်က လီဖူချန်းကို မမှတ်မိဘဲ မနေပါဘူး ။

"ပြသနာတော့ တက်ပြီ ။ လေရိုင်း သိုင်းဧကရာဇ် ဆိုတာက ငါတောင်မှ ယှဉ်နိုင်တာ မဟုတ်ဘူး "

လေရိုင်း သိုင်းဧကရာဇ်က လီဖူချန်းကို ဟန့်တားလိုက်တာကို မြင်လိုက်ရတဲ့ အချိန်မှာတော့ တိမ်တိုက်ဧကရာဇ်ဟာ စိုးရိမ်စိတ်တွေ တဖွားဖွား ဖြစ်ပေါ် လာခဲ့ပါပြီ ။

ဘာဖြစ်လို့လဲဆိုတော့ လေရိုင်း သိုင်းဧကရာဇ် ဆိုတာက သူတောင်မှ ယှဉ်နိုင်တဲ့သူ မဟုတ်လို့ပါပဲ ။

အဲသည်အတွက် လေရိုင်း သိုင်းဧကရာဇ်ရဲ့ ဟန့်တားမှုနဲ့ ရင်ဆိုင်လိုက်ရတဲ့ လီဖူချန်း နဲ့ ရန်ချင်းဟူတို့ဟာ ဘယ်လို ဆက်ဖြစ်တော့မယ် ဆိုတာကို သူ့အနေနဲ့ ကောင်းကောင်းကြီး ခန့်မှန်းနိုင်ပါတယ် ။

ဒါပေမဲ့လည်း လက်တွေ့ အဖြစ်အပျက်ကတော့ သူထင်ထားတာနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ ။

" မြန်လိုက်တဲ့ဓား "

လီဖူချန်းရဲ့ ဓားချက်ကို မြင်တွေ့ပြီးသွားတဲ့ နောက်မှာတော့ မျောလွင့်ကောင်းကင်တောင်ရဲ့ အကြီးအကဲတွေဟာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ကြပါပြီ ။

တိမ်တိုက် ဧကရာဇ်ကိုယ်တိုင်ကလည်း ပါးစပ် အဟောင်းသားနဲ့ပါပဲ ။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ လေရိုင်း သိုင်းဧကရာဇ်က လီဖူချန်းရဲ့ ဓားချက် တစ်ချက်ကိုတောင် မခံနိုင်ဘဲ သေသွားသတဲ့လား ။

ဒါက မဟာ ဧကရာဇ်တွေတောင် စွမ်းဆောင်နိုင်တဲ့ အရာမျိး မဟုတ်ပါဘူး ။

" ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၃ "

တစ်ချိန်တည်းမှာပဲ တိမ်တိုက် ဧကရာဇ်က လီဖူချန်းရဲ့ ကျင့်ကြံမှုကို သိမြင်သွားခဲ့ပါသေးတယ် ။

ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၃ ဆိုတာက နောက်စရာ လုံးဝ မဟုတ်ပါဘူး ။အဲဒါက လေရိုင်း သိုင်းဧကရာဇ်ထက်ကို အဆင့် တစ်ဆင့်ပဲ နိမ့်တာပါ ။

လီဖူချန်းရဲ့ တမူ ထူးခြားလှတဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ဆိုရင်တော့ သူ့အနေနဲ့ အဆင့်ကျော် တိုက်ခိုက်နိုင်တာက သာမန်ပါပဲ ။

လီဖူချန်းရဲ့ တိုးတက်မှုက ဘယ်လိုဖြစ်ပြီး သည်လောက်အထိ မြန်နေရသလဲတော့ မသိပါဘူး ။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူဟာ ဧကရာဇ် တစ်ပါး ဖြစ်နေခဲ့ပါပြီ ။

လေရိုင်းသိုင်းဧကရာဇ် အနေနဲ့ ဓားတစ်ချက်တည်းနဲ့ သေသွားရတယ် ဆိုတာကတော့ လီဖူချန်းကို လျော့တွက်လို့ပဲ ဖြစ်ရမယ်လို့ တိမ်တိုက်ဧကရာဇ်က ကောက်ချက် ချလိုက်မိပါတယ် ။

လီဖူချန်းရဲ့ ဓားက မြန်လွန်းတာလည်း တစ်ကြောင်းပေါ့ ။

" တခြားအကြီးအကဲတွေကို မြန်မြန် အကြောင်းကြားကြ…… ပြီးရင် ဝင်္ကပါ အစီအရင်ကို ဖွင့်ပြီး သူတို့ကို အထဲဝင်ခွင့် ပေးလိုက်"

တိမ်တိုက်ဧကရာဇ်က ခပ်မြန်မြန်လေး ဆုံး့ဖတ်ချက် ချလိုက်ပါတယ် ။

ဒါပေမဲ့ သူနဲ့အတူ တာဝန်ကျနေတဲ့ တခြား အကြီးအကဲ တစ်ယောက်က သဘော မတူပါဘူး ။

" တိမ်တိုက်ဧကရာဇ် ……  ခင်ဗျား ရူးနေတာလား ။ ဝင်္ကပါ အစီအရင်ကို ဖွင့်လိုက်ရင် ကျုပ်တို့က နောက်ထပ် တစ်ရက်လုံးလုံး အသက် ပြန်သွင်းနိုင်တော့မှာ မဟုတ်ဘူးလေ ။ မတော်လို့ အဲသည်အချိန် ဝိညာဉ် ဧကရာဇ် ရောက်လာရင် ဘယ်လို လုပ်မလဲ "

တိမ်တိုက် ဧကရာဇ်က ခေါင်းခါလိုက်ပြီး ပြန်ချေပ လိုက်ပါတယ် ။

" မျောလွင့်ကောင်းကင်တောင် အကာအကွယ် ဝင်္ကပါ အစီအရင်က အဆင့်၈တောင် ရှိတာပဲ ။ သည်တော့ သာမန်ပုံစံနဲ့ ဆိုရင်တောင် တစ်ရက်တော့ တောင့်ခံနိုင်ပါတယ် ။တကယ်လို့ ကျုပ်တို့က သူတို့ နှစ်ယောက်ကို အပြင်မှာ နေခိုင်းလိုက်ရင် သူတို့ကို သတ်သလို ဖြစ်သွားလိမ့်မယ် "

တစ်ဖက်က အကြီးအကဲကလည်း လုံးဝ သဘော မတူပါဘူး ။

" ဒါက စွန့်စားရာ ကျလွန်းတယ် ။ ဖြစ်လာမယ့် ကိစ္စတွေကို ကျုပ်တို့ တာဝန် ယူနိုင်မှာလည်း မဟုတ်ဘူး ။ သူတို့ကို သည်နေရာကနေ ထွက်သွားဖို့သာ ပြောလိုက်စမ်းပါ "

တိမ်တိုက်ဧကရာဇ်က

" ကျုပ်တို့က အပြင်ကို လှမ်းဆက်သွယ်လို့မှ   မရတာ ။ အဲဒါကို ဘယ်လိုလုပ်ပြီး သူတို့ကို ထွက်သွားဖို့ ပြောလို့ ရမှာလဲ "

ချိပ်ပိတ်ထားတဲ့တောင် ပုံစံ ဆိုတာက အရာအားလုံးကို ပြင်ပလောကနဲ့ အဆက်အသွယ် ဖြတ်ထားတာပါပဲ ။ အဲသည်အတွက် အထဲကနေ အပြင်ကို လှမ်းပြီး သတင်းပေးလို့လည်း မရပါဘူး ။

အပြင်က လူတွေဆိုရင်တော့ အထဲကိုတောင် လှမ်းမြင်နိုင်စွမ်း မရှိပါဘူး ။

" ဒါဆိုရင်လည်း အကြီးအကဲတွေကို အစည်းအဝေး ခေါ်လိုက်ရအောင် "

အချေအတင် ဖြစ်ပြီး နောက်ဆုံးမှာတော့ တစ်ဖက်က အကြီးအကဲဟာ အနည်းငယ် အလျော့ ပေးသွားခဲ့ပါတယ် ။

အဆွေး ဧကရာဇ်က အခုအချိန်မှာ တံခါးပိတ်ပြီး ဒဏ်ရာကို ကုသနေတဲ့အတွက် ဖြစ်သမျှဟာ အကြီးအကဲတွေ အားလုံး မဲခွဲ ဆုံးဖြတ်ပြီး အဆင်ပြေရင် ပြသနာ မရှိပါဘူး ။

ဒါပေမဲ့ အကြီးအကဲ အစည်းအဝေးမှာလည်း ဘယ်သူကမှ တိမ်တိုက် ဧကရာဇ်ကို မထောက်ခံခဲ့ကြပါဘူး ။

ဘယ်လိုပဲဖြစ်ဖြစ် ။ အကာအကွယ် ဝင်္ကပါ အစီအရင်ကို ဖွင့်ချဖို့ ဆိုတာက အန္တရာယ် များလွန်းလှတာ မဟုတ်ပါလား ။

ဒါက မျောလွင့်ကောင်းကင်တောင် တစ်ခုလုံး ပျောက်ကွယ် သွားနိုင်တဲ့ အခြေအနေ

ဖြစ်ပါတယ် ။

မျောလွင့်ကောင်းကင်တောင်ရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ လီဖူချန်းကလည်း မျောလွင့်ကောင်းကင်တောင် အနေနဲ့ သူတို့ရဲ့ ဝင်္ကပါ အစီအရင်ကို ဖွင့်ချပေးလိမ့်မယ်လို့ မထင်ပါဘူး ။

သူက သည်ကိစ္စဟာ အန္တရာယ် များလွန်းတယ် ဆိုတာကို ကောင်းကောင်းကြီး သိပါတယ် ။

အဲသည်အတွက် သူက သည်ကိစ္စကို စိတ်ထဲမှာကို မရှိပါဘူး ။

အချိန်တန်လို့ ဝိညာဉ် ဧကရာဇ် ရောက်လာပြီဆိုရင် သူတို့ဟာ သူ့ရဲ့ တန်ခိုးအစွမ်းကို မြင်မှာပါပဲ ။

အဲသည်အချိန်ကျရင်တော့ မျောလွင့်ကောင်းကင်တောင်ဟာ သူတို့ရဲ့ ဝင်္ကပါ အစီအရင်ကို အလိုလို ဖွင့်ချလာပါလိမ့်မယ် ။

" အင်း…… သည်နေရာမှာ ရက်နည်းနည်းတော့ နေရဦးမှာပဲ "

စကားအဆုံးမှာတော့ လီဖူချန်းဟာ ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပြီး တိမ်တိုက်တွေကို စုစည်းလိုက်ကာ တိမ်နန်းဆောင် တစ်ခုကို ဖန်ဆင်းလိုက်ပါတော့တယ် ။

သည်တိမ်နန်းဆောင်ကတော့ အခုလောလောဆယ်မှာ သူနဲ့ ရန်ချင်းဟူတို့ အနားယူဖို့ပါပဲ ။

ဧကရာဇ် တစ်ပါး ဖြစ်လာပြီ ဖြစ်တဲ့ သူဟာ မြေပြင်ပေါ်မှာ သည်အတိုင်း ထိုင်နားနေလို့ မသင့်တော်ပါဘူး ။

နောက်ထပ် နာရီ အနည်းငယ် အကြာမှာတော့ ဝိညာဉ် ဧကရာဇ်ဟာ လီဖူချန်းတို့ဆီကို ရောက်ရှိ လာခဲ့ပါပြီ ။

နေဝန်းပြာ ဧကရာဇ် နဲ့ လဝန်းနီ ဧကရာဇ်တို့ဟာလည်း တစ်ချိန်တည်း လိုလိုမှာပဲ ရောက်ရှိ လာခဲ့ပါတယ်။

မဟာ ဧကရာဇ် သုံးပါး ဆုံမိလိုက်တဲ့ အခါမှာတော့ ကောင်းကင်ဟာ အဆက်မပြတ် တုန်ခါလာပြီး တိမ်တိုက်မည်းကြီးတွေနဲ့ ပြည့်နှက်လာခဲ့ပါပြီ ။

တစ်ချိန်တည်းမှာပဲ ကောင်းကင်ယံမှာ ထွန်းလင်းနေတဲ့ နေနဲ့လဟာ အချင်းချင်း ပူးကပ်ကုန်ပြီး နေကြတ်ခြင်းကို ဖြစ်ပေါ်လာစေပါတယ် ။

" မင်းက ငါ့ရှေ့မှာ ပေါ်လာရဲသေးသကိုး "

ဝိညာဉ် ဧကရာဇ်က လီဖူချန်းကို အေးစက်စက် လေသံနဲ့ လှမ်းပြောလာခဲ့ပါတယ် ။

လီဖူချန်းကလည်း မခိုးမခန့် ရယ်လိုက်ပြီး ပြန်ပြောလိုက်ပါတယ် ။ တစ်ဖက်မှာလည်း သူက ကျန်တဲ့ မဟာ ဧကရာဇ် နှစ်ပါးကို လှမ်းပြီး အကဲ ခတ်လိုက်ပါသေးတယ် ။

" ပြောစမ်းပါဦး ။ ကျုပ်က ခင်ဗျားရှေ့မှာ မပေါ်လာရဲစရာ ဘာအကြောင်း ရှိလို့လဲ "

ထင်တဲ့အတိုင်းပါပဲ ။

နေဝန်းပြာ ဧကရာဇ် နဲ့ လဝန်းနီ ဧကရာဇ်တို့ရဲ့ မျက်လုံးတွေက သိပ်ပြီး အသက်မဝင်တော့ပါဘူး ။

သူတို့ဟာ ဝိညာဉ် ဧကရာဇ်ရဲ့ ဝိညာဉ် အစေခံတွေ ဖြစ်သွားခဲ့ကြပါပြီ ။

"ရန်ချင်းဟူ …… ကြည့်ရတာ မင်းအနေနဲ့ ရန်သူဟောင်းကို ပိုစောပြီး ရင်ဆိုင်ရတော့မယ် ထင်တယ် "

လီဖူချန်းက ရန်ချင်းဟူဘက်ကို လှည့်ပြီး ခပ်တိုးတိုး ပြောလိုက်ပါတယ် ။

ရန်ချင်းဟူကတော့ သူမရဲ့ ဓားမော့ကို တဆဆ လုပ်နေပြီး ပြန်ဖြေလာခဲ့ပါတယ် ။ သူမရဲ့ မျက်လုံးထဲမှာတော့ တိုက်ပွဲကို ဆာလောင်နေတဲ့ အငွေ့အသက်တွေ အပြည့်ပါပဲ ။

" အင်း……ဘယ်တတ်နိုင်မလဲ ။ ငါ့ရဲ့ ဓားမော့သိုင်းကလည်း လောလောလတ်လတ်ကမှ တိုးတက်ထားတာ ဆိုတော့ လက်စမ်း ကြည့်ရမှာပေါ့ "'

***

All Chapters