← Chapters

ဝိညာဉ်စက်ကွင်း

Vol. 52 Ch. 703

ဝိညာဉ်စက်ကွင်း

Vol. 52 Ch. 703

"  ဝိညာဉ်ဧကရာဇ် …… ကျုပ်သူတို့ကို ဆုံးမလိုက်မယ် ။ အရင်တစ်ခါက သူတို့ ကျုပ်လက်ကနေ  ပြေးသွားနိုင်ပေမယ့် သည်တစ်ကြိမ်တော့ မပြေးနိုင်စေရဘူး "

နေဝန်းပြာ ဧကရာဇ်က နှာခေါင်းတစ်ချက် ရှုံ့ပြီး အရှေ့ကို လှမ်းထွက်လာခဲ့ပါတယ် ။

" ဟုတ်ပြီ "

ဝိညာဉ်ဧကရာဇ်က နေဝန်းပြာ ဧကရာဇ်ကို မတားပါဘူး ။ သူက လီဖူချန်းရဲ့ အစွမ်းကို စောင့်ကြည့်ချင်ပါသေးတယ် ။

အတိတ်တုန်းက လီဖူချန်းဟာ ရှီးခုံးထွယ် ရေဘဝဲလက်ကနေ လွတ်အောင်တောင် ထွက်ပြေးနိုင်ခဲ့မှတော့ သူ့ဆီမှာ ဝှက်ဖဲ တချို့ ရှိနေမှာ အသေအချာပါပဲ ။

" ဒူးထောက်ကျစမ်း "

နေဝန်းပြာ ဧကရာဇ်ရဲ့ ပုံစံက အရပ်ပုပြတ်ပြတ် ၊ ဗလတောင့်တောင့်နဲ့ ဖြစ်ပြီး သူ့ရဲ့ ဆံပင်တွေက ပြာလဲ့လဲ့ အရောင်ဘက်ကို သမ်းနေတာ ဖြစ်ပါတယ် ။

သူက သူ့ရဲ့ ချီအတွင်းအား ကျင့်စဉ်ကို အသက်သွင်းလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ မျက်လုံးတွေကပါ အပြာဘက်ကို ပြောင်းသွားခဲ့ပါပြီ ။

တစ်ဆက်တည်း ဆိုသလို အပြာရောင် လူ့ဘီလူးကြီး တစ်ကောင်ဟာ နေဝန်းပြာ ဧကရာဇ်ကို လွှမ်းခြုံသွားပြီး အဲသည်လူ့ဘီလူးကြီးက လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကို ရိုက်ချ ပစ်လိုက်ပါတယ် ။

အရင်တုန်းကတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ နေဝန်းပြာ ဧကရာဇ်ရဲ့ လက်ကနေပြီး သေလုမျောပါး ထွက်ပြေးခဲ့ရတာပါ ။

ဒါပေမဲ့ သည်တစ်ကြိမ်ကတော့ အရင်အချိန်နဲ့ မတူတော့ပါဘူး ။

" မဟူရာ ဓားမော့ ၊ ရွက်လွှင့်ခြင်း "

အပြာရောင် လက်ဝါးကြီးကို ရင်ဆိုင်လိုက်သူကတော့ ရန်ချင်းဟူပါပဲ ။

ဘန်း……

ကြောက်စရာကောင်းလှတဲ့ ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ်လာအပြီးမှာတော့ ရန်ချင်းဟူဟာ အနောက်ကို လွင့်ထွက် သွားခဲ့ပါပြီ ။ ဒါပေမဲ့ တစ်ဖက်မှာလည်း နေဝန်းပြာ ဥပဒေသ ပြောင်းလဲခြင်းဟာ အနောက်ကို အနည်းငယ် ယိုင်သွားခဲ့ပါတယ် ။

" ဟင် "

ဝိညာဉ် ဧကရာဇ်က မျက်မှောင်တစ်ချက် ကြုတ်လိုက်မိပါတယ် ။

ရန်ချင်းဟူက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် အဆင့်၂မှာသာ ရှိနေသေးတာပါ ။ ဒါပေမဲ့ သူမက တကယ်ကြီး နေဝန်းပြာ ဧကရာဇ်ရဲ့ တိုက်ခိုက်မှုကို တောင့်ခံ နေနိုင်ပါတယ် ။

" ဥပဒေသ နားလည်သဘောခြင်း နဲ့ လျှို့ဝှက် နည်းစနစ် "

ဝိညာဉ်ဧကရာဇ်ရဲ့ အဆင့်အနေနဲ့ ရန်ချင်းဟူရဲ့ ဝှက်ဖဲကို ကြည့်မြင်နိုင်စရာ အကြောင်း မရှိပါဘူး ။

ရန်ချင်းဟူရဲ့ ဓားမော့သိုင်းက ကောင်းကင် အဆင့်မြင့် ဓားသိုင်း ဖြစ်ရုံမက သူမရဲ့ ဓားမော့တာအို ဥပဒေသအပေါ် နားလည်မှုကလည်း အလွန် နက်ရှိုင်းပြီး နေဝန်းပြာ ဧကရာဇ်ထက်ကို အများကြီး သာလွန်နေပါတယ် ။

ပြီးတော့ ရန်ချင်းဟူရဲ့ လျှို့ဝှက် နည်းစနစ်ကလည်း အင်မတန် အစွမ်းထက်ပြီး ကြယ်၈ပွင့် တိုက်ခိုက်ရေး လျှို့ဝှက် နည်းစနစ်တွေထဲမှာတောင်မှ ထိပ်တန်း ဖြစ်ရပါမယ် ။

ဒါကြောင့်မို့လည်း ရန်ချင်းဟူက ဥပဒေသပြောင်းလဲခြင်း နယ်ပယ် အဆင့်၂နဲ့ အဆင့်၄ကြားက ကွာဟချက်ကို လျော့ချနိုင်ပြီး နေဝန်းပြာ ဧကရာဇ်ရဲ့ တိုက်ခိုက်မှုကို တောင့်ခံ နိုင်ခဲ့တာပါပဲ ။

" စိတ်ဝင်စားစရာပါလား "

" နေဝန်းပြာ( အချုပ်အခြာမဲ့ စက်ကွင်း"

အပြာရောင် လူ့ဘီလူးကြီးက နောက်ထပ် လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်လာခဲ့ပြန်ပါပြီ ။

အဲသည်နောက်မှာတော့ အပြာရောင် မီးတောက်စက်ကွင်း တစ်ခုဟာ ရန်ချင်းဟူဆီကို တိုးဝင် သွားပါတော့တယ် ။

ထင်……ထန်……ထန်……

ရန်ချင်းဟူရဲ့ တုံ့ပြန်မှုတွေကလည်း ဇယ်ဆက်သလိုပါပဲ ။ သူမက ဓားချက်သုံးချက်ကို ဆက်တိုက် ဆိုသလို အသုံးပြုလိုက်ပြီး အပြာရောင် မီးတောက်စက်ကွင်းကို ဖျက်ဆီးပစ်လိုက်ပါတယ် ။

" ဝိညာဉ် ဧကရာဇ်…… ကျုပ်သည်ကလေးကို စမ်းသပ်ကြည့်လိုက်မယ် "

စကားအဆုံးမှာတော့ လဝန်းနီ ဧကရာဇ်ဟာ လီဖူချန်းဆီကို တိုးဝင် သွားခဲ့ပါပြီ။

" လနောက်လိုက်တဲ့ တိမ်နီ "

လဝန်းနီ ဧကရာဇ်ကလည်း ဓားတာအို ဧကရာဇ် တစ်ပါးပါပဲ ။

ဒါပေမဲ့ သူ့ရဲ့ ဓားကတော့ သံဓား မဟာ ဧကရာဇ် ၊ ခရမ်းရောင်ဝါး မဟာ ဧကရာဇ်တို့နဲ့ မတူညီဘဲ ကွဲပြားခြားနားပါတယ် ။

သံဓားမဟာ ဧကရာဇ်ရဲ့ဓားက ရဲရင့်ပြီး အသည်းနှလုံးကင်းမဲ့ကာ ရပ်တန့်မရနိုင်ပါဘူး ။ ခရမ်းရောင်ဝါး မဟာ ဧကရာဇ်ရဲ့ ဓားကတော့ ဂုဏ်ရှိန် တင့်တယ်လှပြီး သန့်စင်မွန်မြတ်ကာ သဘာဝ ကျလွန်းတယ်လို့ ဆိုရပါမယ် ။

ဒါပေမဲ့ လဝန်းနီ ဧကရာဇ်ရဲ့ ဓားကတော့ အေးစက်ပြီး ပရိယာယ် များကာ ရက်စက်လွန်းလှပါတယ် ။

ရွှမ်း……

လဝန်းနီ ဧကရာဇ်က ဓားချက်ကို ထုတ်လိုက်တဲ့ အခါမှာတော့ ဟင်းလင်းပြင် တစ်ခုလုံးဟာ အေးခဲ သွားသလိုပါပဲ ။

တစ်ချိန်တည်းမှာပဲ အနီရောင် ဓားအလင်းတန်းကြီး တစ်ခုက လီဖူချန်းဆီကို ပြေးဝင် သွားခဲ့ပါပြီ ။

တကယ်လို့ သာမန် အဆင့်မြင့် ဧကရာဇ်တွေသာ သည်ဓားချက်နဲ့ ရင်ဆိုင်ရမယ် ဆိုရင် ဓားချီ တစ်ခုတည်းနဲ့တင် ရေခဲရုပ် ဖြစ်သွားမှာ အသေအချာပါပဲ ။

သည်ဓားချက်က အထွတ်အထိပ် အဆင့် ဧကရာဇ်တွေတောင်မှ ထိပ်တိုက် မခံဆောင်ဝံ့လောက်ပါဘူး ။

" သွားစမ်း "

လီဖူချန်းရဲ့ အော်ငေါက်သံနဲ့အတူ ဘုံခုနစ်ဆင့် ဓားဟာ မာန်ဟုန်အပြည့်နဲ့ တိုးထွက် လာခဲ့ပါပြီ ။

ဖန်း………

အဲသည်နောက်မှာတော့ အနီရောင် ဓားအလင်းတန်းဟာ တစ်စစီ ဖြစ်သွားပါတော့တယ် ။

" ဝေါ့ "

တစ်ချိန်တည်းမှာပဲ လေဟာနယ် အက်ကွဲကြောင်း တစ်ခုက လဝန်းနီ ဧကရာဇ် အနားမှာ ပေါ်လာပြီး အဲသည်ထဲကနေ ဓားအလင်းတန်း တစ်ခု တိုးထွက်လာကာ သူ့ကို သွေးပွက်ပွက် အန်သွားစေပါသေးတယ် ။

" ဟင်းလင်းပြင် ဓားသိုင်းပါလား "

လဝန်းနီ ဧကရာဇ်ရဲ့ မျက်နှာပေါ်မှာတော့ အံ့သြမှုတွေက အထင်းသား ပေါ်လာခဲ့ပါပြီ ။

ဟင်းလင်းပြင် တာအို ဆိုတာက နောက်စရာ မဟုတ်ပါဘူး ။ အဲဒါက ရင်ဆိုင်ဖို့ အခက်ခဲဆုံး တာအိုလို့ လူသိများပါတယ် ။

ပြောရမယ် ဆိုရင် အဆွေး ဧကရာဇ်ကလည်း ဟင်းလင်းပြင် တာအိုကို ကျင့်ကြံထားတာပါပဲ ။

သူ့ရဲ့ တန်ခိုးအစွမ်းက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်မှာ ထိပ်ဆုံး သုံးယောက် ဒါမှမဟုတ် ထိပ်ဆုံး ငါးယောက်ထဲမှာကို မဝင်ပေမယ့် တစ်ယောက်ချင်း တိုက်ပွဲမှာ ဆိုရင် ဝိညာဉ် ဧကရာဇ် ကိုယ်တိုင်တောင်မှ အဆွေး ဧကရာဇ်ကို ဒဏ်ရာရအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ အာမ မခံနိုင်ပါဘူး ။

လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက အဆွေး ဧကရာဇ်ဟာ စိတ်ဝိညာဉ် အဆိပ် မိသွားတာတောင်မှ ဝိညာဉ် ဧကရာဇ်ရဲ့ လက်ထဲကနေ ရအောင် ထွက်ပြေးသွားခဲ့တာပါ ။ အဲသည် အချက် တစ်ခုတည်းနဲ့တင် ဟင်းလင်းပြင် တာအိုကို ကျင့်ကြံသူတွေဟာ ဘယ်လောက်အထိ ရင်ဆိုင်ရ ခက်သလဲ ဆိုတာကို သိနိုင်နေပါပြီ ။

" ဗလာနယ် အရှိတရား "

လီဖူချန်းရဲ့ ဓားချက်က ထပ်ပြီး ထွက်ပေါ် လာခဲ့ပြန်ပါပြီ ။

အဲသည်နောက်မှာတော့ ပါးလွှာတဲ့ ဓားအလင်းတန်း တစ်ခုဟာ လဝန်းနီ ဧကရာဇ်ကို လွှမ်းခြုံ သွားပါတော့တယ် ။

" ဥပဒေသ ပြောင်းလဲခြင်း "

" လာစမ်း "

လဝန်းနီ ဧကရာဇ်ကလည်း အသံကျယ်ကြီးနဲ့ ဟစ်အော်လိုက်ပြီး သူ့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းကို ထုတ်လိုက်ပါတယ် ။

ဝုန်း…… ဝုန်း…… ဝုန်း……

ဒါပေမဲ့လည်း အဲဒါက လီဖူချန်းရဲ့ ဓားချက်ကို တောင့်ခံနိုင်ဖို့အတွက် မလုံလောက်ခဲ့ပါဘူး ။

လီဖူချန်းရဲ့ ဓားချက်က လဝန်းနီ ဥပဒေသ ပြောင်းလဲခြင်းကို ပေါက်ကွဲထွက်သွားစေရုံမက လဝန်းနီ ဧကရာဇ်ကိုလည်း သွေးအလိမ်းလိမ်း ဖြစ်သွားစေပါတယ် ။

မျောလွင့်ကောင်းကင်တောင် အတွင်းပိုင်း……

" ဒါ……ဒါက ……"

တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေကြတဲ့ အကြီးအကဲတွေ အားလုံးကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ကြပါပြီ ။

သူတို့က သူတို့မြင်လိုက်ရတာကို ဘယ်လိုမှ မယုံကြည်နိုင်သလိုပါပဲ ။

လဝန်းနီ ဧကရာဇ် ဆိုတာက နောက်စရာ ဖြစ်တည်မှုမျိုး  မဟုတ်ပါဘူး ။သူက အဆွေးဧကရာဇ်နဲ့ တန်ခိုးအစွမ်းချင်း ညီမျှတဲ့ မဟာ ဧကရာဇ် တစ်ပါး ဖြစ်ပါတယ် ။

ဒါပေမဲ့ လီဖူချန်းကတော့ သူ့ကို ကလေးနဲ့လူကြီး တိုက်နေကြသလားလို့ ထင်ရအောင်ကို စွမ်းဆောင် ပြထားခဲ့ပါပြီ ။

လီဖူချန်းက ဘယ်လိုလုပ် သည်လောက်အထိ အစွမ်း ထက်နေရတာလဲ ။ ဒါက လီဖူချန်းကော ဟုတ်သေးရဲ့လား ။

သည်မေးခွန်းက မျောလွင့်ကောင်းကင်တောင် အကြီးအကဲ အားလုံးရဲ့ စိတ်ထဲမှာ တူညီစွာ ဖြစ်ပေါ်လာတဲ့ မေးခွန်းပါပဲ ။

" အင်း …… သည်ကလေးရဲ့ ပါရမီ နဲ့ ကုသိုလ်ကံ အကျိုးပေးက တကယ်ကို အတိုင်းအဆ မဲ့တာပဲ ။ ကြည့်ရတာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကတော့ အရင်နဲ့ လုံးဝ တူတော့မှာ မဟုတ်ဘူူူး "

အကြီးအကဲ တစ်ယောက်ကတော့ လီဖူချန်းကို လေးစား အားကျမှု အပြည့်နဲ့ ချီးကျူ းလိုက်ပါတယ် ။

" ကံဆိုတာက တကယ် အံ့သြဖို့ ကောင်းပါလား "

သည်အကြီးအကဲတွေထဲမှာတော့ တိမ်တိုက် ဧကရာဇ်လောက် ဘယ်သူမှ ခံစားချက်တွေ ရောပြွှမ်း မနေပါဘူး ။

အရိပ်အသူရာ ချောက်ထဲမှာ သူနဲ့လီဖူချန်း စတွေ့တုန်းကဆိုရင် လီဖူချန်းဟာ တိုက်ပွဲဝိညာဉ် ဆရာသခင် ပေါက်စလေး အဆင့်မှာသာ ရှိနေသေးတာပါ ။

ဒါပေမဲ့ အချိန် ဆယ်နှစ် ကြာအပြီးမှာတော့ လီဖူချန်းဟာ သူလှမ်းမော်ပြီး ကြည့်ရတဲ့ အဆင့်အထိကို ရောက်သွားခဲ့ပါပြီ ။

" ထာဝရ လဝန်းနီဓား "

လဝန်းနီ ဧကရာဇ်က ဒေါသ ထွက်သွားတာ   အသိသာကြီးပါပဲ ။

သူက သူ့ရဲ့ နဖူးပေါ်က လခြမ်းကွေး အမှတ်အသားကို ထိလိုက်ပြီး အားမာန် အပြည့်နဲ့ အော်ဟစ်လိုက်ပါတယ် ။

ရွှီး……

အဲသည်နောက်မှာတော့ လခြမ်းကွေး ဓားသွားတစ်ခုဟာ လဝန်းနီ ဧကရာဇ်ရဲ့ နဖူးကနေ ထွက်လာပြီး လီဖူချန်းဆီကို တိုးဝင် သွားခဲ့ပါပြီ ။

သည်ဓားချက်က ဟင်းလင်းပြင် တစ်ခုလုံးကို အေးခဲသွားပြီး အချိန်တစ်ခုလုံးတောင်မှ နှေးကွေး သွားစေသလိုပါပဲ ။

သည်လခြမ်းကွေးဓားက လဝန်းနီ ဧကရာဇ်ရဲ့ လျှို့ဝှက်  ဝှက်ဖဲ တစ်ခု ဆိုရင်လည်း မမှားပါဘူး ။

သူက သည်လခြမ်းကွေးဓားကို ရအောင် နှစ်ပေါင်များစွာ လေ့ကျင့်ခဲ့ရပြီး နောက်ဆုံးမှာမှ သူ့ရဲ့ နဖူးထဲ ချိပ်ပိတ် ထည့်သိမ်းထားနိုင်ခဲ့တာပါ ။

" အင်း…… မဟာ ဧကရာဇ် ဖြစ်လာတဲ့ သူတိုင်းက လျော့တွက်လို့ မရဘူးပဲ "

လီဖူချန်းက သူ့ရဲ့ လက်ချောင်း တစ်ချောင်းကိုတောင် မရွေ့နိုင်တော့သလို ခံစား လိုက်ရပါတယ် ။

ဒါပေမဲ့လည်း စိတ်မကောင်းစရာက ဒါဟာ သူ့ရဲ့ တတ်နိုင်တာ အကုန် မဟုတ်သေးပါဘူး ။

သူ့ဆီမှာက အင်မတန် အစွမ်းထက်တဲ့ လိပ်ပြာ အသိစိတ်အာရုံတို့ ၊ သူတော်စင် ဝိညာဉ်တို့ ရှိနေပါသေးတယ် ။

အထူးသဖြင့် သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံက လခြမ်းကွေးဓားကို တုံ့ပြန်နိုင်ဖို့အတွက် သူ့ကို ကောင်းကောင်းကြီး လှုံ့ဆော် နိုင်ပါတယ် ။

အဲသည်အတွက် လီဖူချန်းရဲ့ လှုပ်ရှားမှုတွေက လဝန်းနီ ဧကရာဇ်ရဲ့ ဓားကွက်ကြောင့် နှေးကွေးသွားခြင်း မရှိရုံမက ပိုပြီးတော့တောင် မြန်လာပါသေးတယ် ။

" ကြယ်ကြွေ "

လီဖူချန်းရဲ့ ကြယ်ကြွေ ဓားကွက်နဲ့ လဝန်းနီ ဧကရာဇ်ရဲ့ ထာဝရ လဝန်းနီဓားတို့ဟာ သိပ်မကွာခြားလှပါဘူး ။

သည်ဓားကွက် နှစ်ခုစလုံးက အချိန်ကို နှေးကွေး သွားစေနိုင်တာချင်း အတူတူပါပဲ ။

ဒါပေမဲ့လည်း လဝန်းနီ ဧကရာဇ်ရဲ့ ဓားကွက်က အချိန်ကို အေးခဲသွားစေတာဖြစ်ပြီး လီဖူချန်းရဲ့ ဓားကွက်ကတော့ မြန်လွန်းတဲ့အတွက် အချိန်ဟာ နောက်ကျ ကျန်ခဲ့တာ ဖြစ်ပါတယ် ။

ရွှမ်း……

ဘန်း……

ဝုန်း……ဝုန်း…… ဝုန်း……

မျက်လုံး ကျိန်းလုမတတ် ဓားအလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာအပြီးမှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးဟာ ပေါက်ကွဲသံတွေနဲ့ ဆူညံ သွားခဲ့ပါပြီ ။

လေဟာနယ် ဟင်းလင်းပြင်ကလည်း တွန့်ခေါက်သွားပြီး သမားရိုးကျ မဟုတ်တဲ့ ဖြစ်ရပ်တွေကလည်း ပေါ်လာခဲ့ပါတယ် ။

လီဖူချန်းကော လဝန်းနီ ဧကရာဇ်ကောက  အနောက်ကို လွင့်ထွက်သွားရုံကလွဲပြီး တခြား ဘာဒဏ်ရာ ကြီးကြီးမားမားမှ မရခဲ့ကြပါဘူး ။

ဒါပေမဲ့လည်း လဝန်းနီ ဧကရာဇ်က သည်တိုက်ပွဲမှာ ရှုံးနိမ့်သွားပြီ ဆိုတာဟာ သိသာလွန်းလှပါတယ် ။

ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ ထာဝရ လဝန်းနီဓားက နှစ်ပေါင်းများစွာ သိမ်းဆည်းထားပြီးမှ ထုတ်သုံးလို့ရတဲ့ ဓားကွက် ဖြစ်ပြီး  လီဖူချန်းရဲ့ ကြယ်ကြွေကတော့ အချိန်မရွေး ထုတ်သုံးလို့ ရတဲ့ ဓားကွက် ဖြစ်နေလို့ပါပဲ ။

သည်ခြားနားချက်ကြီးက တကယ့်ကို သိသာ ထင်ရှားလွန်းနေပါပြီ ။

" ဝိညာဉ် စက်ကွင်း …… ခွဲဖြာ ဝိညာဉ်လက်ဝါး "

အဲသည်အချိန်မှာပဲ ကောင်းကင်ကြီး တစ်ခုလုံးကို အုပ်မိုးသွားတဲ့ ဧရာမ မီးခိုးရောင် လက်အရိပ်ကြီး တစ်ခုဟာ လီဖူချန်းရဲ့ အနောက်ဘက်မှာ ရုတ်တရက် ပေါ်လာပြီး သူ့ကို တိုက်ခိုက်လိုက်ပါတော့တယ် ။

" ဝိညာဉ် ဧကရာဇ် …… ကျုပ်ခင်ဗျားကို စောင့်နေတာ ကြာပြီ "

လီဖူချန်းကလည်း လုံးဝ အငိုက် မမိပါဘူး ။

သူက အနောက်ကို ချက်ချင်း လှည့်လိုက်ပြီး ဓားချက် တစ်ချက် ထုတ်လိုက်ပါတယ် ။

ဝိညာဉ် ဧကရာဇ် အဖို့တော့ အနောက်ကို ဆုတ်ရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိပါဘူး ။

သည်လက်သည်း ကုတ်ချက်က လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကို ကုပ်ဖဲ့သွားနိုင်လောက်ပေမယ့် လီဖူချန်းရဲ့ ဓားချက်ကလည်း သူ့ကို ဒဏ်ရာအပြင်းအထန် ရသွားစေမှာ အသေအချာပါပဲ ။သည်တော့ သူ့အနေနဲ့ အနောက်ကို ဆုတ်ကို ဆုတ်ပေးမှ ရပါမယ် ။

နောက်ပြီး အဲသည်ထက် ပိုအရေးကြီးတာက ဝိညာဉ် ဧကရာဇ်ဟာ လီဖူချန်းရဲ့ ဓားချက်ဆီကနေပြီး မရဏ အငွေ့အသက်ကို ရလိုက်လို့ပါပဲ ။

တကယ်လို့ သူ့အနေနဲ့ နောက်မဆုတ်ပေးဘူး ဆိုရင် သည်ဓားချက်က သူ့ရဲ့ အသက်ကိုပါ နုတ်ယူသွားရင် သွားလောက်တယ်လို့တောင် သူက သံသယ ဝင်နေမိပါသေးတယ် ။

" မင်းက ငါ့ရဲ့ ဝိညာဉ်စက်ကွင်းကိုတောင် ခံနိုင်ရည် ရှိတာပဲ "

ဝိညာဉ်ဧကရာဇ်က ညိုပုပ်နေတဲ့ မျက်နှာနဲ့ လီဖူချန်းကို လှမ်းပြော လိုက်ပါတယ် ။

သူက သူ့ရဲ့ နေရာကို ပြန်ရောက်နေပြီး မသိရင်တော့ အစောပိုင်းက သူဟာ ဘာလှုပ်ရှားမှုမှ မလုပ်လိုက်သလိုပါပဲ ။

***

All Chapters