← Chapters

ပန်းပေါင်းစုံ ပွဲတော်

Vol. 52 Ch. 705

ပန်းပေါင်းစုံ ပွဲတော်

Vol. 52 Ch. 705

ဝိညာဉ် ဧကရာဇ်က ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ အစွမ်းအထက်ဆုံး ဧကရာဇ်ဆိုတဲ့ ဘွဲ့ထူးကို ဆက်ခံခဲ့တာဟာ နှစ်ပေါင်း တစ်ရာတောင် ကျော်ခဲ့ပါပြီ ။

နှစ်ပေါင်းတစ်ရာ ဆိုတာက မဟာ ဧကရာဇ်တွေအတွက်  သိပ်ပြီး ကြာရှည်လှတဲ့အချိန် မဟုတ်ပါဘူး ။ ဒါပေမဲ့ ဝိညာဉ် ဧကရာဇ်က တခြားသော မဟာ ဧကရာဇ်တွေလို အသက် မကြီးမြင့်သေးဘဲ အသက်သုံးရာကျော်သာ ရှိသေးတယ် ဆိုတာကိုတော့ သတိပြုရပါမယ် ။

သည်နှစ်ပေါင်း တစ်ရာကျော် အတွင်းမှာဆိုရင် ဝိညာဉ် ဧကရာဇ်ဟာ တစ်ခါမှ ရှုံးပွဲ မတွေ့ခဲ့ဘဲ မရှုံးနိမ့်နိုင်တဲ့ ဧကရာဇ်အဖြစ် နာမည် ကျော်ကြားခဲ့ပါတယ် ။ အဲသည်ထက် ဝိညာဉ် ဧကရာဇ်ကို ပိုနာမည် ကျော်ကြားစေခဲ့တာကတော့ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာက မဟာ ဧကရာဇ် တစ်ပါးကိုတောင် သတ်ဖြတ် နိုင်ခဲ့တာပါပဲ ။ ဒါကြောင့်မို့လည်း သူက အစွမ်း အထက်ဆုံး မဟာ ဧကရာဇ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ခံ နိုင်ခဲ့တာပါ ။

ဒါပေမဲ့လည်း နှစ်ပေါင်းတစ်ရာကျော် အပြီးမှာ ဝိညာဉ် ဧကရာဇ်ကို အနိုင်ယူနိုင်တဲ့ ဧကရာဇ် တစ်ပါး ထွက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာတဲ့လဲ ။

ပြီးတော့ အဲသည် မဟာ ဧကရာဇ်က ဝိညာဉ် ဧကရာဇ်ထက်ကို အသက် အများကြီး ငယ်နေပါသေးတယ် ။

ဝိညာဉ် ဧကရာဇ်က ဥပဒေသပြောင်းလဲခြင်း နယ်ပယ်ကို အသက် တစ်ရာကျော်မှာ ရောက်ရှိခဲ့ပြီး အသက် နှစ်ရာကျော်မှာ အစွမ်းအထက်ဆုံး ဧကရာဇ် အဖြစ်ကို ရောက်ရှိခဲ့တာပါ။

လီဖူချန်းကတော့ အသက် ဘယ်လောက်မှာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို အသက်ဘယ်လောက်မှာ ချိုးဖောက် ဝင်ရောက်ခဲ့တယ် မသိပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူဟာ ဝိညာဉ် ဧကရာဇ်ကို အနိုင်ယူချိန်မှာ အသက် လေးဆယ် ဝန်းကျင်မှာသာ ရှိသေးတယ် ဆိုတာပါပဲ ။

အသက်၄၀ အရွယ်သာ ရှိသေးတဲ့ မဟာ ဧကရာဇ် ဆိုတာက အတိတ်သမိုင်းမှာ ရှိနေခဲ့တဲ့ မဟာ ဧကရာဇ်တွေနဲ့   လက်ရှိ မဟာ ဧကရာဇ်တွေကို တုန်လှုပ်သွားစေဖို့အတွက် ကောင်းကောင်းကြီး လုံလောက်ပါတယ် ။

သည်လိုအဖြစ်မျိုး ဆိုတာက အလယ်အလတ်တန်းစား ကုန်းမြေတိုက်တွေမှာ မပြောနဲ့ ။ အဆင့်မြင့် ကုန်းမြေတိုက်တွေမှာတောင်မှ သည်လို အဖြစ်မျိုးဟာ ဖြစ်လေ့ဖြစ်ထ မရှိပါဘူး ။

ဝိညာဉ် ဧကရာဇ်ကို အနိုင်ယူနိုင်တယ် ဆိုတာက လီဖူချန်းဟာ တန်ခိုးအစွမ်းမှာ အင်မတန် ထက်မြက်တယ် ဆိုတာကို သက်သေ ပြခဲ့ပြီးပါပြီ ။

ပြီးတော့ အသက်၄၀ အရွယ်မှာ ဝိညာဉ် ဧကရာဇ်ကို အနိုင်ယူနိုင်တယ် ဆိုတာက လီဖူချန်းဟာ အကန့်အသတ်မဲ့ အလားအလာကို ပိုင်ဆိုင်ထားမှန်း သိသာစေ လွန်းလှပါတယ် ။

သည်အချက်နှစ်ခုကို ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ လောကကြီး တစ်ခုလုံးတောင်မှ လီဖူချန်းရဲ့ အလားအလာကို တုန်လှုပ် ချောက်ချား သွားရပါပြီ ။

ဓား ဧကရာဇ် ……

လူတွေအားလုံးရဲ့ အတွေးထဲမှာ တစ်ပြိုင်တည်း ပေါ်လာတဲ့ ဂုဏ်ပုဒ်ကတော့ ဓားဧကရာဇ်ပဲ ဖြစ်ပါတယ် ။

သည်နာမည် ၊ ဂုဏ်ပုဒ်က ကောင်းကင်မီးတောက် တုံယန်တစ်ယောက် လီဖူချန်းကို သမုတ်ခဲ့တဲ့ ဘွဲ့နာမည်နဲ့ အတူတူပါပဲ ။

တကယ်တမ်း ပြောရမယ် ဆိုရင်လည်း ဓားဧကရာဇ် ဆိုတဲ့ ဘွဲ့ထူးက အစွမ်းအထက်ဆုံး ဓားတာအို ဧကရာဇ်မှသာဆက်ခံနိုင်ခွင့် ရှိတဲ့ အရာ မဟုတ်ပါလား ။

အဲသည်အတွက် လီဖူချန်းကလွဲပြီး ဘယ်သူက သည်ဘွဲ့ကို ခံယူရဲမှာတဲ့လဲ ။

တကယ်လို့ သူတို့ကို သည်ဘွဲ့နာမည် ပေးမယ် ဆိုရင်လည်း သူတို့က လက်ခံရဲမှာ မဟုတ်ပါဘူး ။

လူတွေက လီဖူချန်း တစ်ယောက် ဓားဧကရာဇ် ဘွဲ့ထူးနဲ့ ထိုက်တန်၊မတန် ဆိုတာကိုလည်း မေးခွန်း ထုတ်ဝံ့ကြမှာ မဟုတ်ပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းရဲ့ အသက်က အခုမှ ၄၀ ဝန်းကျင်မှာသာ ရှိနေသေးလို့ပါပဲ ။

ဧကရာဇ်ကောင်းကင် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဓားတာအို ဧကရာဇ် ဆိုတာက မေးခွန်း ထုတ်သင့်တဲ့ ဖြစ်တည်မှုမျိုးကို မဟုတ်ပါဘူး ။

တကယ်လို့  မေးခွန်းထုတ်ဝံ့တဲ့သူ ရှိပြီ  ဆိုရင်လည်း အဲသည်လူဟာ ခေါင်းထဲမှာ ဦးနှောက် မရှိဘဲ ရေတွေနဲ့ ပြည့်နေလို့ပဲ ဖြစ်ရမယ် ။

……………

အမှောင်ထုကလန် ၊ ဗဟိုဌာနချုပ် ……

" လုပ်ငန်းစဉ်တွေ အားလုံး ရပ် "

သည်အမိန့်က ဌာနခွဲတွေ အကုန်လုံးဆီကို ရောက်ရှိသွားပြီး နောက်မှာတော့ အမှောင်ထု ကလန်သား အားလုံးဟာ သူတို့ရဲ့ လုပ်လက်စ တာဝန်တွေ အားလုံးကို ရပ်ဆိုင်းကာ ကိုယ်စီကိုယ်စီ ခြေရာ ဖျောက်လိုက်ကြပါတယ် ။

အမှောင်ထုကလန် ဆိုတာက လီဖူချန်းကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြတဲ့ သူတွေပါ ။ သူတို့က လီဖူချန်းကို လုပ်ကြံဖို့ ကြိုးစားခဲ့တာဟာ တစ်ကြိမ်၊နှစ်ကြိမ်တောင် မကပါဘူး ။

အတိတ်တုန်းကတော့ လီဖူချန်းက ပုရွက်ဆိတ် သာသာလောက်သာ ရှိတဲ့အတွက် အမှောင်ထု ကလန်အနေနဲ့ ဘာလုပ်လုပ် တင့်တယ်ပါတယ် ။

ဒါပေမဲ့လည်း အခုတော့ အရာရာဟာ ခြားနား သွားခဲ့ပါပြီ ။

အသက်၄၀အရွယ် ဓားဧကရာဇ် ဆိုတာက အမှောင်ထု ကလန်လို ကလန်မျိုး ဆယ်ခုလောက်ကို အသာလေး အမြစ်ဖြတ် သုတ်သင်ပစ်နိုင်ပါတယ် ။

.……

အဆွေး ဧကရာဇ် မိထားတဲ့ အဆိပ်ကို ဖြေပေး အပြီးမှာတော့ လီဖူချန်းဟာ နတ်ကျက်သရေ အင်ပိုင်ယာ အတွင်းမှာ ရှိတဲ့ မဟူရာ ဧကရာဇ် အစည်းအရုံးကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

သူနဲ့ ရှန်ကောင်းယု ဆိုတာက မိတ်ဆွေကောင်းတွေ ဖြစ်ကြတဲ့အတွက် သူ့အနေနဲ့ မဟာ ဧကရာဇ် ဖြစ်ပြီးချိန်မှာ မဟူရာ ဧကရာဇ် အစည်းအရုံးဆီ အလည်အပတ် တစ်ခေါက်လောက် မသွားလို့ မဖြစ်ပါဘူး ။

ဒါပေမဲ့လည်း မဟူရာ ဧကရာဇ် အစည်းအရုံးကို ရောက်တဲ့အခါမှာတော့ လီဖူချန်းဟာ မျက်နှာ ကွက်ခနဲ ပျက်သွားခဲ့ရပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ မဟူရာ ဧကရာဇ် အစည်းအရုံးဟာ အခွံသက်သက်သာ ကျန်ရှိတော့ပြီး ခွေးတစ်ကောင်၊ကြောင်တမြီးတောင်မှ မရှိတော့လို့ပါပဲ ။

" တောက် …… တွေ့ကြသေးတာပေါ့ ……ဝိညာဉ် ဧကရာဇ်ရာ "

လူသတ်ချင်တဲ့ စိတ်တွေက လီဖူချန်းရဲ့  ရင်ထဲမှာ တဖွားဖွား ထွက်ပေါ်လာခဲ့ပါပြီ ။ဘာဖြစ်လို့လဲဆိုတော့ သူက သည်ကိစ္စရဲ့ တရားခံဟာ ဝိညာဉ် ဧကရာဇ် ဖြစ်ရမယ်လို့ တွေးလိုက်မိလို့ပါပဲ ။

ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ သူ့ရဲ့ လူသတ်ချင်စိတ်တွေဟာ ပြန်လည် ပျောက်ကွယ် သွားခဲ့ပါတယ် ။

မဟူရာ ဧကရာဇ် အစည်းအရုံးက ဝိညာဉ် ဧကရာဇ် လက်ချက် မိသွားတာ မဟုတ်လောက်ပါဘူး ။

မဟူရာ ဧကရာဇ် အစည်းအရုံးက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကနေ ထွက်သွားတာပဲ ဖြစ်ရပါမယ် ။

သူက အခုတောင်မှ ပျက်စီးနေတဲ့ တည်နေရာရွှေ့ပြောင်း စင်မြင့်ကနေ နေရာလပ် စွမ်းအားတွေရဲ့ အငွေ့အသက်တွေကို ခံစား မိနေပါသေးတယ် ။

အနီးအနားမှာ ရှိနေတဲ့ အဖွဲ့အစည်း တစ်ခုကို မေးလိုက်တဲ့ အခါမှာတော့ မဟူရာ ဧကရာဇ် အစည်းအရုံးဟာ သွေးအရိပ်အသင်းရဲ့ အမဲလိုက်ခံရမှုကြောင့် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကနေ ထွက်ပြေး သွားရတယ် ဆိုတာကို လီဖူချန်းတစ်ယောက် သိလိုက်ရပါတယ် ။

" တောက် …… သည်သွေးအရိပ် အသင်းပဲလား "

လီဖူချန်းရဲ့ မျက်လုံးထဲမှာက လူသတ်ငွေ့တွေ ရစ်သိုင်း လာပြန်ပါပြီ ။

အတိတ်တုန်းကတော့ သူဟာ တန်ခိုးအစွမ်း မထက်သေးတဲ့အတွက် သွေးအရိပ် အသင်းကို မယှဉ်နိုင်ခဲ့ပါဘူး ။

ဒါပေမဲ့ အခုတော့ သူဟာ အစွမ်းအထက်ဆုံး မဟာ ဧကရာဇ် တစ်ပါး ဖြစ်နေခဲ့ပါပြီ ။

တကယ်လို့သာ သူ့အနေနဲ့ သွေးအရိပ် အသင်းရဲ့ ဌာနချုပ်ကို ရှာတွေ့ခဲ့မယ် ဆိုရင်တော့ တစ်ယောက်မှ မကျန်အောင်ကို အမြစ်ပြတ် မျိုးဖြုတ်ပစ်လိုက်မှာပါ ။

" လီဖူချန်း…… ပန်းပေါင်းစုံ နန်းတော်က သည်လအတွင်းမှာ ပန်းပေါင်းစုံပွဲတော် လုပ်ဖို့ရှိတယ် ။ ငါတို့ အဲသည်ပွဲတော်ကို တစ်ချက်လောက် သွားကြည့်ကြရအောင် "

တစ်နေ့မှာတော့ အဆွေးဧကရာဇ်ဟာ လီဖူချန်းဆီကို ဆိုင်းမဆင့် ၊ ဗုံမဆင့် ရောက်ရှိလာခဲ့ပါတယ် ။

" ပန်းပွဲတော်…… ဟုတ်လား "

လီဖူချန်းက ပန်းပေါင်းစုံ နန်းတော်ကို သိပ်ပြီး အထင်မကြီးပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ပန်းပေါင်းစုံနန်းတော်က ကိုယ့်ဘာသာကိုယ် သီးခြား ရပ်တည်တဲ့ အဖွဲ့အစည်း မဟုတ်ဘဲ တခြားသူတွေကို မှီခိုလေ့ ရှိတဲ့ဲ အဖွဲ့အစည်း  ဖြစ်နေလို့ပါပဲ ။

တော်ဝင်ပန်းတွေ၊နာမည်ကျော်ပန်းတွေနဲ့ တခြားသော အဆင့်မြင့် ပန်းတွေဟာလည်း ဘာမှ အထင်ကြီးစရာ မရှိပါဘူး ။

အဆွေးဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး လီဖူချန်းကို ပြန်ပြော လာခဲ့ပါတယ်။

" ပန်းပေါင်းစုံ ပွဲတော်က ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာ အကြီးကျယ်ဆုံး ပွဲတော်ပဲ ။သည်ပွဲတော်ကို နာမည်ကျော် လူသား ဧကရာဇ်တွေတင် မကဘူး ။ မိစ္ဆာသားရဲ ဧကရာဇ်တွေပါ တက်ရောက်ကြမှာ ။ ပြီးတော့ မိစ္ဆာသားရဲ မဟာ ဧကရာဇ်တွေလည်း တက်ရောက်လာနိုင်တယ် "

" အဲသည်လိုလား …… ဒါဆိုရင်တော့ ကျွန်တော် တစ်ချက်လောက် သွားကြည့်ရမယ် ထင်တယ် "

အဆွေးဧကရာဇ်ရဲ့ ရှင်းပြမှုကို ကြားအပြီးမှာတော့ လီဖူချန်းက ပန်းပေါင်းစုံပွဲတော်ကို တက်ရောက်ဖို့အတွက် မီးစိမ်း ပြလိုက်ပါတယ် ။

ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်က လူသားတွေအတွက်ပဲ သီးသန့် တည်ရှိနေတာ မဟုတ်ပါဘူး ။ အဲသည်အတွက် သူ့အနေနဲ့ ပန်းပေါင်းစုံ ပွဲတော်ကို တက်ရောက်ပြီး စနည်းနာမှ တော်ကာ ကျပါလိမ့်မယ် ။

လီဖူချန်းက မိစ္ဆာသားရဲတွေ အပေါ်မှာ လုံးဝ လျော့မတွက်ဝံ့ပါဘူး ။

ဘာဖြစ်လို့ဆိုတော့ လူသားတွေဘက်မှာ မဟာ ဧကရာဇ် ၈ပါး ရှိတဲ့အချိန်မှာ မိစ္ဆာသားရဲတွေ ဘက်မှာက နာမည်ကျော် မဟာ ဧကရာဇ် ၄ပါး ရှိနေလို့ပါပဲ ။

****

တစ်လအကြာမှာတော့ ပန်းပေါင်းစုံ ပွဲတော်ဟာ သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ကျင်းပ လာခဲ့ပါပြီ ။

ဒါပေမဲ့ သည်ပွဲတော်က ပန်းပေါင်းစုံ နန်းတော်ရဲ့ ပင်မ နန်းဆောင်တွေ အတွင်းမှာ ကျင်းပတာ မဟုတ်ဘဲ သက်တံ ဥယျာဉ် အတွင်းမှာ ကျင်းပတာ ဖြစ်ပါတယ် ။

ပန်းပေါင်းစုံ နန်းတော်က သည်လေပေါ်မှာ ဝဲပျံနေတဲ့ သက်တံ ဥယျာဉ်ကို တည်ဆောက်ဖို့အတွက် ဘယ်လောက်တောင် အကုန်အကျ ခံခဲ့ရမှန်း မသိပါဘူး ။

ဒါပေမဲ့ မရေမတွက်နိုင်တဲ့ ပန်းတွေ နဲ့ ပထမတန်းစား အဆင့်၈ ဝင်္ကပါ အစီအရင် တစ်ခုဖြစ်တဲ့ သက်တံ ဝင်္ကပါ အစီအရင်ကို သုံးထားနဲ့တင် သူတို့ရဲ့ ကုန်ကျမှု စရိတ်ကို အကြမ်းဖျင်း ခန့်မှန်းလို့ ရနေပါပြီ ။

ဟူး………ဟူး……ဟူး……

သည်နေ့မှာတော့ အနယ်နယ်၊အရပ်ရပ်က လူသား ဧကရာဇ်တွေနဲ့ မိစ္ဆာသားရဲ ဧကရာဇ်တွေဟာ အရပ်မျက်နှာ အသီးသီးကနေ သက်တံဥယျာဉ်ကို ပျံသန်း ရောက်ရှိလာကြပါတယ် ။

" သက်တံဥယျာဉ်က တကယ် အံ့သြစရာ ကောင်းလွန်းတာပဲ ။သည်မှာ ရှိတဲ့ သက်တံ စွမ်းအင်က တကယ်ကို စိတ်သက်တောင့်သက်သာ ဖြစ်လွန်းတယ် "

" သက်တံဥယျာဉ်က ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာတောင်မှ ရှားပါးတဲ့ ကျင့်ကြံခြင်း အထွတ်အမြတ် နေရာပဲ ။ သည်နေရာက ကျင့်ကြံတဲ့ လူတွေကို ကိုယ်ရောင်ကိုယ်ဝါတွေ ပိုတောက်ပစေတယ်လို့လည်း ပြောကြတယ် ။ ဒါကြောင့်မို့လည်း ပန်းပေါင်းစုံ နန်းတော်က နာမည်ကျော် ပန်းလေးတွေနဲ့ တော်ဝင်ပန်းလေးတွေက သည်လောက်အထိ တောက်ပနေတာ နေမှာ "

သက်တံဥယျာဉ်ထဲမှာတော့ ဧည့်သည်တွေရဲ့ ချီးကျူး ထောပနာ ပြုသံတွေက အပြိုင်အဆိုင်ပါပဲ ။

" ဟေ့……ဟေ့ ……အမြန်ကြည့်ကြ ။ ဟိုမှာလာနေတာ ပယင်း ဧကရီ မဟုတ်ဘူးလား "

အဲသည်အချိန်မှာပဲ လူတွေ အားလုံးရဲ့ အကြည့်တွေက အဝေးကနေ ရောက်လာတဲ့ ဥပဒေသ ပြောင်းလဲခြင်း ဧကရီ တစ်ပါးဆီကို ရောက်ရှိ သွားကြပါတော့တယ် ။

အဲသည် ဧကရီကတော့ ပယင်း ဧကရီကလွဲပြီး တခြား မရှိပါဘူး ။

ပယင်း ဧကရီက အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဇာမဏီ ဆံထိုးကို ဆံထုံး အထက် ခပ်မြင့်မြင့်မှာ ထိုးထားတဲ့အတွက် အင်မတန်  လှပလွန်းကာ ကျက်သရေ ရှိလွန်းလှတယ်လို့ ဆိုရပါမယ် ။

ပြီးတော့ သူမက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် အဆင့်၆ ဧကရီ တစ်ပါး ဖြစ်တဲ့အတွက် ဘယ်နေရာကိုပဲ သွားသွား လူအများရဲ့ အာရုံစိုက်မှုကို ရလေ့ ရှိသူပါ ။

အဲသည်အတွက် သူမက အခုလို အဖြစ်မျိုးနဲ့ ကျင့်သား ကျနေခဲ့ပါပြီ ။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်မှာက ဧကရာဇ်တွေ နဲ့ ဧကရီတွေရဲ့ အချိုးဟာ ၁၀:၁ သာ ရှိတယ် ဆိုတာပါပဲ ။

ပယင်း ဧကရီ အနေနဲ့ အခုလို ဘယ်နေရာသွားသွား အာရုံစိုက်ခြင်း ခံရတယ် ဆိုတာက အခုချိန်အထိ တာအို လက်တွဲဖော် မရှိသေးတာကလည်း တစ်ကြောင်း ဖြစ်ပါတယ် ။

တစ်ကြိမ်က နတ်မျက်လုံး တန်ခိုးရှင်ဟာ သူမကို လက်ထပ်ဖို့ ကမ်းလှမ်း ခဲ့ပေမယ့်လည်း ပယင်း ဧကရီကတော့  လက်မခံခဲ့ပါဘူး ။

အကြောင်းအရင်းကတော့ ပယင်း ဧကရီ အမြင်မှာ နတ်မျက်လုံး တန်ခိုးရှင်ဟာ အတော်လေး အိုနေလို့ပါပဲ ။သူမက သူမရဲ့ တာအို လက်တွဲဖော်ဟာ အစွမ်းထက်ပြီး ပါရမီကောင်းမွန်ရမယ့် အပြင် အသက်လည်း ကြီးမနေရဘူးလို့ သတ်မှတ်ထားတာပါ ။

အဲသည်လိုမှ မဟုတ်ရင်တော့ သူမ သည်တစ်သက်လုံး ဘယ်သူနဲ့မှ လက်တွဲမှာ မဟုတ်ပါဘူး ။

ပယင်း ဧကရီအတွက် စိတ်မကောင်းစရာကတော့ သူမရဲ့ စံချိန်၊စံညွှန်းနဲ့ ကိုက်မီသူဟာ အတော်လေး ရှားပါးတာပါပဲ ။

ဝိညာဉ် ဧကရာဇ်ကတော့ သူမရဲ့ စံချိန်၊စံညွှန်းနဲ့ ကိုက်ညီတယ် ဆိုပေမယ့် အန္တရာယ် များလွန်းလှပါတယ် ။

ပယင်း ဧကရီက သူမကိုယ်သူမ အန္တရာယ်တောထဲ ထည့်ဖို့အတွက် စိတ်ကူး မရှိပါဘူး ။

" ငါကြားတာကတော့ ဓားဧကရာဇ်က အသက်၄၀ပဲ ရှိသေးတယ်တဲ့ ။ သူက ဘယ်လိုလုပ်ပြီး အသက်၄၀မှာ မဟာ ဧကရာဇ် တစ်ပါး ဖြစ်လာတာလဲ မသိဘူး "

ပယင်း ဧကရီက သူမကို ခရီးဦးကြို ပြုနေတဲ့ လူသား ဧကရာဇ်တွေကို ပြန်လည် အရိုအသေ ပေးနေရင်းနဲ့ လီဖုချန်းအကြောင်း တွေးလိုက်မိပါတယ် ။

သူမ အနေနဲ့ သည်ပန်းပေါင်းစုံ ပွဲတော်ကို တက်ရောက် လာရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ လီဖူချန်းကို တွေ့ဖူးချင်လို့ပါပဲ။

လီဖူချန်းကို တွေ့ချင်တာထက် ပိုတဲ့  တခြား အတွေးကတော့ အခုလောလောဆယ် သူမဆီမှာ မရှိသေးပါဘူး ။

သူမက သည်အတိုင်း မိန်းမတို့ သဘာဝ စပ်စုချင်ယုံသက်သက် ဖြစ်ပါတယ် ။

သည်လိုနဲ့ အချိန်တွေ အလျင်အမြန် ကုန်ဆုံးသွားပြီး နောက်မှာတော့ နောက်ထပ် ဧကရီတစ်ပါး ရောက်ရှိ လာခဲ့ပြန်ပါပြီ ။

သည်ဧကရီကတော့ အဘွားအို တစ်ယောက် ဖြစ်ပြီး သူ့နောက်မှာတော့ အင်မတန် ချောမောလှပတဲ့ မိန်းမပျိုလေး တစ်ဦး ကပ်ပါ လာခဲ့ပါတယ် ။

တကယ်လို့ လီဖူချန်းသာ သူတို့နှစ်ယောက်ကို မြင်လိုက်လို့ကတော့ သေချာပေါက် မှတ်မိမယ် ဆိုတာ ငြင်းစရာ မရှိပါဘူး ။

ဘာဖြစ်လု့ိလဲဆိုတော့ သူတို့နှစ်ယောက်က မြေခွေးဖြူ မျိုးနွယ်ရဲ့ ခေါင်းဆောင် ဟူဟောင်ရှု နဲ့ ဟူလင်းအာ ဖြစ်နေလို့ပါပဲ ။

ဟူဟောင်ရှုက မိစ္ဆာသားရဲ ဘုရင်မ အဆင့်မှာသာ ရှိနေသေးပေမယ့်လည်း ပန်းစုံ နန်းတော်က ဧကရာဇ်တွေ နဲ့ ဧကရီတွေကို သူတို့စိတ်ကြိုက်လူတွေ ခေါ်ဆောင်ခွင့် ပေးထားတဲ့အတွက် အခုလို ပန်းပေါင်းစုံ ပွဲတော်ကို ရောက်ရှိလာရတာ ဖြစ်ပါတယ် ။

" မျိုးနွယ်စု ခေါင်းဆောင် ……သည်နေရာက အရမ်း လှတာပဲ ။ သည်နေရာက ကမ္ဘာဦး လွင်တီးခေါင်ပြင် တောင်တန်းထက် အများကြီး လှတယ် "

ဟူလင်အာက ဘဝတစ်လျှောက်လုံး တောင်တန်းတွေ ထဲမှာသာ နေခဲ့ရတဲ့အတွက် သက်တံ ဥယျာဉ်ထဲက ပန်းတွေကို မကိုင်ကြည့်ဘဲ မနေနိုင်ပါဘူး ။

ဟူဟောင်ရှုက သူမရဲ့ မြေးဖြစ်သူကို တစ်ချက် ကြည့်လိုက်ပြီး

" လင်းအာ…… လျှောက်ကိုင် မနေနဲ့ ။ သည်နေရာမှာ ရောက်နေတဲ့ ပုဂ္ဂိုလ်တိုင်းက လူသား ဧကရာဇ်တွေနဲ့ မိစ္ဆာသားရဲ ဧကရာဇ်တွေချည်းပဲ ။ ငါတို့က သူတို့ကို စော်ကားမိလို့ မရဘူး "

" ဟုတ်ကဲ့ "

အဘွားဖြစ်သူရဲ့ သတိပေးမှုကို ရအပြီးမှာတော့ ဟူလင်းအာဟာ သူမရဲ့ အပြုအမူတွေကို ဆင်ခြင်လိုက်ပါတယ် ။ ဒါပေမဲ့ သူမရဲ့ မျက်လုံးတွေကတော့ ပန်းဥယျာဉ်ထဲက ပန်းလေးတွေဆီမှာ ရောက်နေဆဲပါပဲ ။

" လူလျို့ …… ညီမအနေနဲ့ သည်လို အမှိုက်တစ်ကောင်ကို တာအို လက်တွဲဖော်အဖြစ် ရွေးချယ် လိုက်လိမ့်မယ်လို့ အစ်ကို အိပ်မက်ထဲမှာတောင်မှ မတွေးမိဘူး ။ ညီမ ဘာတွေ ဘယ်လို တွေးနေတာလဲ "

သက်တံဥယျာဉ်ရဲ့ ထောင့်တစ်နေရာမှာတော့ မိန်းမ တစ်ယောက် နဲ့ ယောကျာ်းနှစ်ယောက်ဟာ သုံးပွင့်ဆိုင် ထိပ်တိုက်တွေ့ပြီး စကား ပြောနေကြပါတယ် ။

အဲသည်သုံးယောက်ထဲက မိန်းမ ဖြစ်သူကတော့ ပန်းပေါင်းစုံ နန်းတော်ရဲ့ နာမည်ကျော်ပန်း ၃၆ပွင့်ထဲ လူလျို့ဖြစ်ပြီး ယောကျာ်း နှစ်ယောက်ကတော့ ရှင်းတိကောဝမ် နဲ့ မြင်းမျက်နှာပိုင်ရှင် လူလတ်ပိုင်း တစ်ယောက်ပါပဲ ။

လူလျို့ကတော့ မူလပင်လယ် နယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိနေနှင့်ပြီး ရှင်းတိကောဝမ်ကတော့ မူလပင်လယ် နယ်ပယ် အဆင့်၉မှာ ရောက်ရှိ နေခဲ့ပါပြီ ။

ကျန်တဲ့ မြင်းမျက်နှာပိုင်ရှင် လူကတော့ အဆင့်၂ ဧကရာဇ် တစ်ပါး ဖြစ်ပါတယ် ။

သည်ပြသနာ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ လူလျို့က ရှင်းတိကောဝမ်ကို တာအို လက်တွဲဖော်အဖြစ် ရွေးလိုက်တဲ့အတွက်ကြောင့်ပါပဲ ။

မြင်းမျက်နှာပိုင်ရှင်က လူလျို့ကို ပိုးပန်းနေတာ အချိန် အတော်လေး ကြာနေခဲ့ပါပြီ ။

ဒါပေမဲ့ လူလျို့ကတော့ သူ့ကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ခဲ့ပါဘူး ။

အစတုန်းကတော့ သူက လူလျို့ဟာ ရည်မှန်းချက် ကြီးလွန်းတဲ့အတွက် သူ့လိုလူကို မစဉ်းစားခဲ့တာဆိုပြီး ဖြေသိမ့် နေပါသေးတယ် ။

ဒါပေမဲ့ အခုတော့ လူလျိူ့က သူ့ထက် ကျင့်ကြံမှု အဆင့်နိမ့်တဲ့အပြင် လက်တစ်ဖက်ပါ ပြတ်နေတဲ့ လူကို တာအို လက်တွဲဖော် အဖြစ် ရွေးသွားခဲ့ပါတယ် ။  မြင်းမျက်နှာပိုင်ရှင်က ဒါကို ဘယ်လိုမှ သည်းမခံနိုင်ပါဘူး ။

ဒါကြောင့်လည်း သူက အခုလို ဒေါသတကြီး ဖြစ်နေရတာ ဖြစ်ပါတယ် ။

လူလျို့က မျက်မှောင် တစ်ချက် ကြုတ်လိုက်ပြီး

" သံတံတိုင်း ဧကရာဇ် …… ကျွန်မမှာ ကျွန်မရဲ့ တာအိုလက်တွဲဖော်နဲ့ ပတ်သက်ပြီး ကျွန်မစိတ်ကြိုက် ရွေးချယ်ခွင့် ရှိတယ် ။ ဒါကြောင့် ကျွန်မအတွက် ရှင်စိတ်ပူစရာ မလိုပါဘူး "

လူလျို့က ရှင်းတိကောဝမ်ကို လီဖူချန်းနဲ့ တွေ့ခဲ့တဲ့ သူတော်စင် ဥယျာဉ်ထဲမှာ တွေ့ခဲ့တာပါ ။

အဲသည်နောက်မှာတော့ သူတို့နှစ်ယောက်ဟာ စွန့်စားခန်းတွေ ဖွင့်ခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ညီတယ်လို့ ခံစားမိတဲ့အတွက် တာအိုလက်တွဲဖော်အဖြစ် လက်တွဲဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ် ။

အထူးသဖြင့် လူလျို့က ရှင်းတိကောဝမ်ကို အဘက်ဘက်ကနေ ရှုထောင့်စုံ ကြည့်ပြီးမှ ရွေးခဲ့တာ ဖြစ်ပါတယ် ။

ပန်းပေါင်းစုံ နန်းတော်က နာမည်ကျော် ပန်းတစ်ပွင့်ရဲ့ တာအိုလက်တွဲဖော်ဟာ အညတရ တစ်ယောက် ဖြစ်ရင် ဖြစ်လို့ ရပါတယ် ။ ဒါပေမဲ့ ပါရမီ နဲ့ အလားအလာကတော့ လုံးဝ နိမ့်ကျလို့ မရပါဘူး ။

ရှင်းတိကောဝမ်က လက်တစ်ဖက် ပြတ်ရင် ပြတ်ပါမယ် ။ဒါပေမဲ့ သူ့ရဲ့ ပါရမီ နဲ့ အလားအလာကတော့ လုံးဝ မနိမ့်ကျပါဘူး ။ သူက နောက်ထပ် နှစ်ပေါင်း နှစ်ဆယ်နီးပါးလောက် အချိန်ရလိုက်မယ် ဆိုရင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို သေချာပေါက် တက်လှမ်းနိုင်စွမ်း ရှိပါတယ် ။

ဒါကြောင့်လည်း လူလျို့က တခြားလူတွေကို ကျော်ပြီး ရှင်းတိကောဝမ်ကို တာအို လက်တွဲဖော် အဖြစ် ရွေးချယ်ခဲ့တာပါ ။

" ကောင်လေး ..…… မင်းက ဘယ်လို သတ္တိမျိုးနဲ့ ငါ့ရဲ့ ပန်းလေးကို လုယူရဲတာလဲ ။ မင်းသည်ကိစ္စကို သေချာ ပြန်စဉ်းစားဖို့ လိုနေပြီ "

လူလျို့ကို ဖိအား မပေးနိုင်တဲ့ နောက်မှာတော့ သံတံတိုင်း ဧကရာဇ်က ရှင်းတိကောဝမ်ဘက်ကို ပစ်မှတ် ပြောင်းပြီး ဖိအား ပေးလာပြန်ပါတယ် ။

အရှေ့ယူနီကွန်း ကုန်းမြေတိုက်ကို ဗြောင်းဆန်အောင် လုပ်လာခဲ့တဲ့ ရှင်းတိကောဝမ်က သည်လို ဖိအား ပေးတာမျိုးကို ဘယ်လိုလုပ်ပြီး ဂရု စိုက်မှာတဲ့လဲ ။

သူက အေးတိအေးစက်နဲ့ သံတံတိုင်း ဧကရာဇ်ကို စိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်ပါတယ် ။

" သည်ကိစ္စက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ ။ လူလျို့ …… သွားမယ် "

" အင်း "

စကားဆုံးတဲ့ နောက်မှာတော့ ရှင်းတိကောဝမ်ဟာ လူလျို့လက်ကို ဆွဲပြီး အဝေးကို ထွက်သွားခဲ့ပါပြီ ။

" ဟမ့်…… မင်းနောင်တ မရပါစေနဲ့ "

သံတံတိုင်း ဧကရာဇ်ကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကြိမ်းမောင်းရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။

ဥယျာဉ်ရဲ့ လမ်းသွယ်လေး တစ်ခုကို အရောက်မှာတော့ လူလျို့က ရှင်းတိကောဝမ်ရဲ့ ပခုံးကို ညှစ်ပြီး အားပေးလိုက်ပါတယ် ။

" အစ်ကို ရှင်းတိ…… အစ်ကို ဘာမှ စိတ်တိုနေစရာ မလိုဘူး ။ အစ်ကိုလည်း သိပ်မကြာခင် ဧကရာဇ် တစ်ပါး ဖြစ်တော့မယ် ဆိုတာ ညီမ ယုံတယ် "

" အင်း "

ရှင်းတိကောဝမ်က ခေါင်းညိတ်လိုက်ပါတယ် ။

အစောပိုင်းကတော့ သူက ဒေါသ ထွက်နေခဲ့တာ အမှန်ပါပဲ ။

တကယ်လို့ သူသာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါး ဖြစ်နေရင် သံတံတိုင်း ဧကရာဇ်က သူ့ကို သည်လို ပြောရဲမှာတဲ့လား ။

အချိန်တွေဟာ ကုန်ဆုံးလာတာနဲ့ အမျှ သက်တံဥယျာဉ်ကို တက်ရောက်လာတဲ့ လူသား ဧကရာဇ်တွေ နဲ့ မိစ္ဆာသားရဲ ဧကရာဇ်တွေဟာလည်း ပိုပိုပြီး များလာခဲ့ပါပြီ ။

အဲသည် ဧကရာဇ်တွေထဲမှာ ဆိုရင် နတ်ကျက်သရေ အင်ပိုင်ယာ ၊ လဝန်းနီ အင်ပိုင်ယာနဲ့ နေဝန်းပြာ အင်ပိုင်ယာတို့က ဧကရာဇ်တွေလည်း အပါအဝင်ပါပဲ ။

ဒါပေမဲ့လည်း မဟာ ဧကရာဇ်တွေကတော့ အခုချိန်အထိ တစ်ပါးမှ ရောက်မလာသေးပါဘူး ။

***

All Chapters