ချူချင်းယန်
Vol. 52 Ch. 706
" ညာဉ့် ဧကရာဇ် ရောက်လာပြီဟေ့ "
" နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်လည်း ရောက်လာပဟ "
" ဟိုမှာလာနေတာ ဆူးပန်း ဧကရီ မဟုတ်ဘူးလား "
ပန်းပေါင်းစုံ ပွဲတော် စတင်ပြီးလို့ အတော်လေး နောက်ကျနေမှ မဟာ ဧကရာဇ်တွေဟာ စတင် ပေါ်လာပါတော့တယ် ။
မဟာ ဧကရာဇ်တွေ ရောက်ရှိလာချိန်မှာတော့ အစောပိုင်းက ရယ်မောသံတွေ ၊ သောက်စားနေသံတွေနဲ့ ပြည့်နှက်နေတဲ့ သက်တံဥယျာဉ်ဟာ လေးစား အားကျမှုတွေ ၊ အားကျ ကြည်ညိုမှုတွေနဲ့ လွှမ်းခြုံ သွားခဲ့ပါပြီ ။
ဘယ်လိုပဲဖြစ်ဖြစ် ။ မဟာ ဧကရာဇ်တွေ ဆိုတာက သည်ကုန်းမြေတိုက်ရဲ့ အထွတ်အထိပ်မှာ တည်ရှိနေတဲ့ ဖြစ်တည်မှုတွေ မဟုတ်ပါလား ။
သူတို့တွေရဲ့ စကားတစ်လုံးက သည်ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ရိုက်ခတ်သွားနိုင်ပြီး သူတို့ရဲ့ အပြုအမူ တစ်ခုက လူသန်းပေါင်း များစွာရဲ့ အသက်တွေအပေါ် သက်ရောက် သွားစေနိုင်ပါတယ်။
ရှင်းရှင်း ပြောရမယ် ဆိုရင် သူတို့တွေက သည်ပန်းပေါင်းစုံ ပွဲတော်ကြီး တစ်ခုလုံးရဲ့ အဓိက ဇာတ်ဆောင်တွေ ဆိုရင်လည်း မမှားပါဘူး ။ ကျန်တဲ့သူတွေကတော့ ဇာတ်ပို့ နေရာကနေသာ ပါဝင်ကြရမှာ ဖြစ်ပါတယ် ။
" ဟင်…… နေဝန်းပြာ ဧကရာဇ်လည်း ရောက်လာပါလား ။ ကြည့်ရတာ သူက ဓားဧကရာဇ်နဲ့ တစ်ယောက်ချင်း တွေ့ရမှာကို မကြောက်ဘူး ထင်တယ် "
" ဓားဧကရာဇ်က အစွမ်းထက်တာ မှန်တယ် ။ ဒါပေမဲ့ နေဝန်းပြာ ဧကရာဇ် ထွက်ပြေးချင်တယ် ဆိုရင် ဓားဧကရာဇ်လည်း ဘာမှ မလုပ်နိုင်လောက်ဘူး "
" ရှူး……ဟေ့လူတွေ …… တိုးတိုး ပြောကြစမ်းပါ ။ မဟာ ဧကရာဇ်တွေကြားက ကိစ္စဆိုတာ ဆွေးနွေးလို့ ကောင်းတာ အရာမျိုး မဟုတ်ဘူး ။ ကိုယ့်ဒုက္ခကိုယ် မရှာချင်ကြစမ်းပါနဲ့ "
လူတွေ အားလုံးက တီးတိုးတီးတိုးနဲ့ ပြောနေကြပါတယ် ။
" ဟင့် …… နေဝန်းပြာ ဧကရာဇ် …… ရှင်က သည်ကို လာရဲသေးသကိုး "
ဆူးပန်း ဧကရီကတော့ နေဝန်းပြာ ဧကရာဇ်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး လှောင်တော့တာပါပဲ ။
နေဝန်းပြာ ဧကရာဇ်က နှာခေါင်း ရှုံ့လိုက်ပြီး ပြန်ပြောလာခဲ့ပါတယ် ။
" ကျုပ်က ဘာဖြစ်လို့ မလာရဲရမှာလဲ ။ ဒါက ပန်းပေါင်းစုံ ပွဲတော် မဟုတ်ဘူးလား ။ မင်းက မင်းကိုယ်မင်း အိမ်ရှင် ထင်နေတာလား "
" ကျွန်မက အိမ်ရှင် မဟုတ်ဘူး ။ ဒါပေမဲ့ ဓားဧကရာဇ်နဲ့ တွေ့တဲ့အခါ ရှင့်အသံ လေလည်သံလောက်ကို ကျယ်ဦးမလား ကြည့်ကြသေးတာပေါ့ "
ဆူးပန်း ဧကရီကတော့ နေဝန်းပြာ ဧကရာဇ်ကို လုံးဝ မျက်နှာသာ မပေးပါဘူး ။ သူမက နေဝန်းပြာ ဧကရာဇ်ကို ဆက်ပြီး လှောင်ပြောင်နေဆဲပါပဲ ။
" မင်း……မင်း……"
ဆူးပန်း ဧကရီရဲ့ စကားက နေဝန်းပြာ ဧကရာဇ်ကို ဒေါသ အကြီးအကျယ် ထွက်သွား စေခဲ့ပါပြီ ။
အဲသည်အတွက် သူက ဆူးပန်း ဧကရီရဲ့ စကားကို စကားနဲ့ ပြန်တုံ့ပြန် မနေတော့ဘဲ လက်နဲ့ ပြန်တုံ့ပြန်ဖို့ ပြင်လိုက်ပါတယ် ။
ချွမ်……
ရုတ်တရက် ဆိုသလိုပဲ သက်တံရောင် အလင်းတန်း တစ်ခုက နေဝန်းပြာ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး သူ့ရဲ့ ဒေါသတွေကို ယူဆောင် သွားခဲ့ပါပြီ ။
" နေဝန်းပြာ ဧကရာဇ် …… ဒါက ပန်းပေါင်းစုံ ပွဲတော်ပါ ။ ကျေးဇူးပြုပြီး ကျွန်မကို မျက်နှာသာ နည်းနည်းပါးပါး ပေးပါဦး "
တစ်ဆက်တည်းမှာပဲ နားဝင်ပီယံ ရှိလှတဲ့ အသံ တစ်ခုက နေဝန်းပြာ ဧကရာဇ်ရဲ့ နားထဲကို ဝင်လာခဲ့ပြန်ပါတယ် ။
" အင်း "
နေဝန်းပြာ ဧကရာဇ်က မသိမသာ ခေါင်းတစ်ချက် ညိတ်လိုက်ပါတယ် ။
အမှန်အတိုင်း ပြောရမယ် ဆိုရင် သူက ဆူးပန်း ဧကရီကို တကယ် တိုက်ခိုက်ဖို့ စိတ်ကူး မရှိပါဘူး ။
ဘာဖြစ်လို့လဲ ဆိုတော့ သူက ပန်းပေါင်းစုံ နန်းတော် သခင်မရဲ့ အကြောင်းကို နည်းနည်းပါးပါး သိထားလို့ပါပဲ ။
တခြားသူတွေကတော့ ပန်းပေါင်းစုံ နန်းတော်ဟာ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်မှာ ရပ်တည်နေနိုင်ဖို့အတွက် တခြားသော အင်အားစုတွေအပေါ် မှီခိုနေရတယ်လို့ ထင်နေပါလိမ့်မယ် ။
ဒါပေမဲ့ တကယ့်တကယ်တမ်းမှာတော့ ပန်းပေါင်းစုံ နန်းတော်ဟာ အဲသည်လောက် မရိုးရှင်းပါဘူး ။
နေဝန်းပြာ ဧကရာဇ်က ပန်းပေါင်းစုံ နန်းတော် သခင်မဟာ မဟာ ဧကရီ တစ်ပါး ဖြစ်နေလိမ့်မယ်လို့တောင် သံသယ ဝင်နေမိပါသေးတယ် ။
သူ့အနေနဲ့ အခုလို ပန်းပေါင်းစုံ ပွဲတော်ကို တက်ရောက်ရဲ ရတာကလည်း အဲသည် အချက်ကြောင့်ပါပဲ ။
ပန်းပေါင်းစုံ နန်းတော် သခင်မက သူမ ကြီးမှုးကျင်းပတဲ့ ပွဲတော်မှာ ရုပ်ဆိုး အကျည်းတန်တဲ့ အရာမျိုး ဖြစ်ပျက်မှာကို ခွင့်မပြုလောက်ပါဘူး ။
" ဟား……ဟား……ငါကြားထားတာကတော့ မင်းတို့ လူသားမျိုးနွယ်ဘက်မှာ ဓားဧကရာဇ် တစ်ပါး ပေါ်လာတယ်ဆို ။ ဘယ်မှာလဲ …… အဲသည် ဓားဧကရာဇ် .…… အမြန်လာပြီး ငါ့ဆီ လာတွေ့စမ်း ။ ငါကောင်းကင်တံပိုး မဟာ ဧကရာဇ်က သူ့ကို တွေ့ချင်တယ် "
နေဝန်းပြာ ဧကရာဇ် ရောက်လာပြီး သိပ်မကြာခင်မှာတော့ နားကွဲလုမတတ် အသံကြီး တစ်ခုဟာ သက်တံ ဥယျာဉ် အထက်မှာ ပေါ်လာခဲ့ပါပြီ ။
လူတွေအားလုံးက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တဲ့ အခါမှာတော့ ရေနဂါး တစ်ကောင် ဆွဲတဲ့ ဧရာမ ရထားလုံးကြီး တစ်စင်းကို တွေ့လိုက်ရပါတယ် ။
" အား……ပါး……ပါး…… ရေနဂါးကိုတောင် ရထားလုံး ဆွဲခိုင်းထားတာပါလား "
" သည်ရေနဂါးက သေချာပေါက် အဆင့်နိမ့် မိစ္ဆာသားရဲ ဧကရာဇ်ပဲ ။ သူ့ရဲ့ အစွမ်းက အလယ်အလတ် အဆင့် လူသား ဧကရာဇ်တွေနဲ့တောင် ယှဉ်လို့ရတယ် ။ သည်လိုရေနဂါးမျိုးကို ရထားလုံးမှာတပ်ပြီး ဆွဲခိုင်းနိုင်တဲ့သူက ကောင်းကင်တံပိုး ဧကရာဇ်ကလွဲပြီး တခြားသူ မရှိနိုင်ဘူး "
ကောင်းကင်တံပိုး ဧကရာဇ် ဆိုတာက မိစ္ဆာသားရဲ ဧကရာဇ် လေးပါးထဲမှာ အစွမ်းအထက်ဆုံး ဧကရာဇ်ပါပဲ ။
သူက အင်မတန် ကြောက်စရာကောင်းတဲ့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားပြီး လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်ကဆိုရင် မဟာ ဧကရာဇ် သုံးပါးကိုတောင် တစ်ယောက်တည်းနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ပါသေးတယ် ။
အဲသည်တိုက်ပွဲက သုံးနေ့ ၊သုံးညတိုင်အောင် ကြာခဲ့ပြီး ရလဒ် အနေနဲ့ကတော့ မဟာ ဧကရာဇ် သုံးပါးဟာ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရတာပါပဲ ။
တခြားတစ်ဖက်မှာတော့ ကောင်းကင်တံပိုး ဧကရာဇ်ဟာ ခြစ်ရာ တစ်ချက်လေးတောင် မရခဲ့ပါဘူး ။
ဒါကြောင့်မို့လည်း လူတွေအားလုံးက ထိပ်တိုက် ရင်ဆိုင်တဲ့ နေရာမှာ ကောင်းကင်တံပိုး ဧကရာဇ်ရဲ့ တန်ခိုးအစွမ်းက ဝိညာဉ် ဧကရာဇ်ရဲ့ အထက်မှာ ရှိတယ်လို့ ခန့်မှန်း ပြောဆိုခဲ့ကြတာပါ ။
ရထားလုံးကတော့ တကယ်ကို ကြီးမားလှပြီး မသိရင် နန်းတော် အသေးစားလေး တစ်ခုလိုပါပဲ ။
အဲသည် ရထားလုံးရဲ့ အထဲမှာတော့ နဖူးမှာ ဂျိုတစ်ချောင်းနဲ့ လူကြီးတစ်ယောက်ဟာ အခန့်သား ထိုင်နေပါတယ် ။
သည်လူကြီးက အတော်လေးကို စည်းစိမ် ခံတတ်သူလို့ ဆိုရပါမယ် ။
ဘာဖြစ်လို့လဲ ဆိုတော့ သူက တစ်ဖက်၊တစ်ချက်မှာ မိန်းမချောလေး တစ်ယောက်စီကို ဖက်ထားတဲ့အပြင် ပါးစပ်ကလည်း နောက်ထပ် မိန်းကလေးတစ်ယောက် ခွံ့ကျွေးတဲ့ စပျစ်သီးကို စိမ်ပြေနပြေ ထိုင်စားနေလို့ပါပဲ ။
အဲဒါအပြင် သူ့ရဲ့ အရှေ့မှာ ဗျပ်စောင်းတီးပြီး ကပြ ဖျော်ဖြေနေတဲ့ မိန်းမပျိုလေး ၆ယောက် ရှိနေပါသေးတယ် ။
" ကောင်းကင်တံပိုး ဧကရာဇ်…… ဘယ်လိုဖြစ်ပြီး ခင်ဗျားသည်ကို ရောက်လာတာလဲ "
နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်က လှမ်းမေးလိုက်ပါတယ် ။
မိစ္ဆာသားရဲ မဟာ ဧကရာဇ် လေးပါးထဲမှာ ဆိုရင် ကောင်းကင်တံပိုး ဧကရာဇ်ဟာ ကန့်လန့်ကာ နောက်ကွယ်မှာသာ နေလေ့ရှိပြီး တော်ရုံတန်ရုံနဲ့ လူ့မြင်ကွင်းရှေ့ ထွက်လေ့ မရှိပါဘူး ။
ကောင်းကင်တံပိုး ဧကရာဇ်က ရယ်ပြီး ပြန်ပြောလိုက်ပါတယ် ။
" ငါကြားထားတာတော့ မင်းတို့ လူသားတွေထဲမှာ ဓားဧကရာဇ် တစ်ပါး ပေါ်လာတယ်တဲ့ ။ ငါအခု လာတာက အဲသည် ဓားဧကရာဇ်ကို တွေ့ချင်လို့ပဲ "
ဓားဧကရာဇ် ပေါ်ထွန်းလာမှုက သူ့ရဲ့ သြဇာ အာဏာကိုတောင် ထိပါးလာပြီ ဖြစ်တဲ့အတွက် သူ့အနေနဲ့ သည်ကိစ္စထဲမှာ ဝင်မပါလို့ မရတော့ပါဘူး ။
ကောင်းကင်တံပိုး ဧကရာဇ် ရောက်လာပြီး ချက်ချင်းဆိုသလိုမှာပဲ နောက်ထပ် မိစ္ဆာသားရဲ မဟာ ဧကရာဇ် တစ်ပါးဖြစ်တဲ့ ရွှေတောင်ပံ မဟာ ဧကရာဇ်ဟာလည်း ရောက်ရှိလာပြန်ပါတယ် ။
ရွှေတောင်ပံ မဟာ ဧကရာဇ်ကတော့ မိစ္ဆာသားရဲ မဟာ ဧကရာဇ်တွေထဲမှာ အမြန်ဆုံး မိစ္ဆာသားရဲ မဟာ ဧကရာဇ် ဆိုရင်လည်း မမှားပါဘူး ။
ပြီးတော့ သူ့ရဲ့ နေရာရွှေ့ပြောင်းခြင်း နည်းစနစ်က လူသား ဧကရာဇ်တွေထက်ကို ပိုမို သာလွန် ကောင်းမွန်ပါတယ် ။
အလွန်အကျူး မြှောက်ပင့် ပြောဆိုနေတာတော့ မဟုတ်ပါဘူး ။ ရွှေတောင်ပံ မဟာ ဧကရာဇ်က မဟာ ဧကရာဇ် အပါးတစ်ရာလောက် ဝိုင်းထားရင်တောင်မှ မရရအောင် ထွက်ပြေးနိုင်စွမ်း ရှိပါတယ် ။
" ဟေ့.……ဟိုမှာကြည့်စမ်း ။ အဲဒါ ဝိညာဉ် ဧကရာဇ် မဟုတ်ဘူးလား ။ ပြီးတော့ လဝန်းနီ ဧကရာဇ်ကော ပါလာတာပဲ ။ ဒါနဲ့ လဝန်းနီ ဧကရာဇ်က ဘာလို့ ခါတိုင်းနဲ့ မတူဘဲ ထူးခြား နေပါလိမ့် "
လူတွေ အားလုံးရဲ့ မျက်လုံးတွေက ဝိညာဉ် ဧကရာဇ် နဲ့ လဝန်းနီ ဧကရာဇ်တို့ဆီကို ကျရောက်သွားခဲ့ပြန်ပါပြီ ။
ဝိညာဉ် ဧကရာဇ်ရဲ့ နာမည်၊ဂုဏ်သတင်းက လီဖူချန်းကို ရှုံးနိမ့်ပြီးတဲ့နောက်မှာ ကျဆင်းကောင်း ကျဆင်းသွားပါမယ် ။ ဒါပေမဲ့ သူ့ရဲ့ နာမည် ကျော်ကြားမှု အရှိန်အဝါက ဆက်ပြီး ရှိနေဆဲပါပဲ ။
အဲသည်အတွက် ဘယ်သူကမှ သူ့ကို အထင် မသေးဝံ့ပါဘူး ။
ပြီးတော့ သေသေချာချာ စဉ်းစားပြီး ပြောရမယ် ဆိုရင် ဝိညာဉ် ဧကရာဇ် တစ်ယောက် လီဖူချန်းကို ရှုံးနိမ့်ရတာက သူ့အနေနဲ့ သတိလက်လွှတ် ဖြစ်သွားတာကြောင့် ဖြစ်နိုင်ပါတယ် ။
လီဖူချန်းလို နာမည် မရှိတဲ့ မျိုးဆက်သစ် တစ်ယောက်က သည်လောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ ။
တကယ်လို့ သူတို့အနေနဲ့လည်း အစွမ်းအစ မသိရသေးတဲ့ တခြား မဟာ ဧကရာဇ် အသစ် တစ်ပါးနဲ့ ရင်ဆိုင်ရပြီ ဆိုရင် အတော်လေး ခေါင်းကိုက်ရမှာပါပဲ ။
ဝိညာဉ် ဧကရာဇ်က သိသိသာသာကြီး ဘာမှ မပြောင်းလဲသွားပါဘူး ။ ဒါပေမဲ့
လဝန်းနီ ဧကရာဇ်ကတော့ အတော်လေး ပြောင်းလဲသွားခဲ့ပြီလို့ ဆိုရပါမယ် ။
ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အရှိန်အဝါတွေက အမှောင်ဘက် သန်းနေပြီး သူ့ရဲ့ မျက်လုံးတွေကလည်း ရက်စက်ကြမ်းကြုတ်မယ့် အရိပ်တွေ ထွက်နေလို့ပါပဲ ။
အရင်တုန်းကနဲ့ ချိန်ကြည့်မယ် ဆိုရင် သူဟာ ၃၀ ရာခိုင်နှုန်း ပိုကြောက်စရာ ကောင်းလာပြီး မဟာ ဧကရာဇ် တစ်ပါးရဲ့ အရှိန်အဝါကလည်း ၃၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါပြီ ။
" ဝိညာဉ် ဧကရာဇ် …… ငါကြားတာကတော့ မင်းက နောက်ပေါက်လေး တစ်ယောက် အနိုင်ယူတာ ခံလိုက်ရတယ်ဆို ။ ကြည့်ရတာ တကယ်တမ်းကျ မင်းက ဘာမှလည်း မဟုတ်ပါလား "
ဝိညာဉ် ဧကရာဇ်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်းကင်တံပိုး ဧကရာဇ်က စတင် လှောင်တော့တာပါပဲ။
ဝိညာဉ် ဧကရာဇ်ကတော့ ကောင်းကင်တံပိုး ဧကရာဇ်ရဲ့ လှောင်ပြောင်မှုက ဂရုစိုက်ပုံ မရပါဘူး ။သူက လေသံ အေးစက်စက်နဲ့ ပြန်ပြီးတောင် စိမ်ခေါ်လိုက်ပါသေးတယ် ။
" ဟုတ်၊မဟုတ် သိချင်ရင် ကျုပ်နဲ့ တစ်ပွဲ၊တစ်လမ်းလောက် လာတိုက်ကြည့်ပါလား "
" မပူနဲ့ ……မပူနဲ့ ။တစ်နေ့ကျရင် ငါမင်းကို သေချာပေါက် လာဆုံးမဦးမှာ ။ မဟုတ်ရင် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်က လူတွေက ငါရှိနေသေးတယ် ဆိုတာ မှတ်မိကြတော့မှာ မဟုတ်ဘူး "
ကောင်းကင်တံပိုး ဧကရာဇ်ကလည်း ဝိညာဉ် ဧကရာဇ်ရဲ့ စိမ်ခေါ်မှုကို မတုံ့မဆိုင်းဘဲ ပြန်တန်ပြန်လိုက်ပါတယ် ။
မဟာ ဧကရာဇ် သုံးပါးနဲ့ ယှဉ်ဆိုင် တိုက်ခိုက်ခဲ့တဲ့ သူ့ရဲ့ အကျော်ကြားဆုံး တိုက်ပွဲက ရာစုနှစ် အနည်းငယ် ကြာခဲ့ဲပါပြီ ။
အဲသည်အတွက် လူသား မျိုးနွယ်က သူ့ရဲ့ တန်ခိုးအစွမ်းကို မေ့နေမှာ အမှန်ပါပဲ ။
လူသားတွေ မပြောပါနဲ့ ။ မိစ္ဆာသားရဲ မျိုးနွယ် အချင်းချင်းမှာတောင်မှ မျိုးဆက်သစ်တွေက သူဟာ တခြား မဟာ ဧကရာဇ်တွေလောက် မစွမ်းတော့ဘူးလို့ ထင်နေကြပါပြီ ။
အဲသည်အတွက် သည်တစ်ခါ သူ့ရဲ့ ခရီးက ဒဏ္ဍာရီလာ ဓားဧကရာဇ်နဲ့ တွေ့ရုံတင်မကပါဘူး ။ သူက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက် တစ်ခုလုံးကို ကောင်းကင်တံပိုး ဧကရာဇ်ဟာ အရင်လို အစွမ်းအထက်ဆုံး မဟာ ဧကရာဇ် ဖြစ်နေဆဲပဲ ဆိုတာကို သက်သေပြဖို့လည်း ပါပါတယ် ။
………
သည်နှစ် ပန်းပေါင်းစုံ ပွဲတော်ကတော့ လူတွေ ထင်ထားတာထက်ကို ပိုပြီး စည်ကားတဲ့ ပွဲတော်ပါပဲ ။
အခုဆိုရင် ပန်းပေါင်းစုံ ပွဲတော်ကို ၇၀ ရာခိုင်နှုန်းသော လူသား ဧကရာဇ်တွေ ရောက်လာကြပြီ ဖြစ်သလို ဒါဇင်နဲ့ချီတဲ့ မိစ္ဆာသားရဲ မဟာ ဧကရာဇ်တွေပါ ရောက်ရှိ လာခဲ့ကြပါပြီ ။
" ဟူဟောင်ရှု …… ကမ္ဘာဦး လွင်တီးခေါင်ပြင်မှာ ပေါ်လာတဲ့ လူသား ဘုရင်က အခု ပေါ်လာတဲ့ ဓားဧကရာဇ်ဆိုတာ သေချာရဲ့လား"
ကျားရဲ ဧကရာဇ်က သူ့နဲ့ ခန်းဆောင် တစ်ခုတည်းမှာ ရှိနေတဲ့ ဟူဟောင်ရှုကို လှမ်းမေးလိုက်ပါတယ်။
ဟူဟောင်ရှုက ခေါင်းညိတ်လိုက်ပြီး
" ဟုတ် ……သေချာလောက်ပါတယ် "
" အဲသည်အတိုင်း ဆိုရင်တော့ တကယ် ကြောက်စရာပဲ "
လီဖူချန်းက မူလပင်လယ် နယ်ပယ်မှာ ကတည်းကကို ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဘုရင်တစ်ပါးနဲ့ ယှဉ်နိုင်စွမ်း ရှိနေပါပြီ ။
အခုဆိုရင်တော့ လီဖူချန်းဟာ ဘယ်လောက်အထိ အစွမ်း ထက်နေမယ်ကို မသိပါဘူး ။
အနည်းဆုံးတော့ လီဖူချန်းက အရင်ကထက် အဆတစ်ရာနီးပါး အစွမ်း ထက်နေမှာပါပဲ ။
ပန်းပေါင်းစုံ ပွဲတော် ပြီးခါနီးလေး အချိန်မှာတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာလည်း ပွဲတော်ကို ရောက်ရှိ လာခဲ့ပါတယ် ။
နဂိုမူလအတိုင်း ဆိုရင် ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ သည်လောက်အထိ နောက်ကျစရာ အကြောင်း မရှိပါဘူး ။
သူက တံခါးပိတ် ကျင့်ကြံနေတာ ဖြစ်ပြီး ပန်းပေါင်းစုံ ပွဲတော် ကျင်းပမယ့် နေ့မှာမှ တံခါးပိတ် ကျင့်ကြံနေရာကနေ ထွက်လာတာ ဖြစ်ပါတယ် ။
သူက ပန်းပေါင်းစုံ ပွဲတော် ကျင်းပတဲ့ သတင်းကို ကြားကြားပြီးချိန်မှာပဲ တန်းပြီး လာခဲ့တာ ဆိုရင်လည်း မမှားပါဘူး ။
ပန်းပေါင်းစုံ ပွဲတော်ကို ရောက်လာပြီးပြီးချင်းမှာတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ ပြုံးရွှင်နေပါသေးတယ် ။
ဘာဖြစ်လို့လဲ ဆိုတော့ သူက တံခါးပိ်တ် ကျင့်ကြံနေတဲ့ နှစ်အနည်းငယ် အတွင်းမှာ ဆဋ္ဌမမြောက် ခံစားချက် မျိုးစေ့ ဖြစ်တဲ့ အကြောက်တရား မျိုးစေ့ကို နှလုံးသားထဲမှာ ဖြစ်တည်စေပြီးလို့ပါပဲ ။
တခြားတစ်နည်းနဲ့ ပြောရမယ် ဆိုရင်တော့ သူဟာ မဟာ ဧကရာဇ် တစ်ပါး ဖြစ်သွားခဲ့ပါပြီ ။
ဒါပေမဲ့လည်း ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ရဲ့ မျက်နှာပေါ်က အပြုံးဟာ သိပ်ပြီး ကြာကြာ မခံခဲ့ပါဘူး ။
ဘာဖြစ်လို့လဲဆိုတော့ သူက ဝိညာဉ် ဧကရာဇ်ဟာ နောက်ပေါက် လူငယ် တစ်ယောက်ဖြစ်တဲ့ ဓားဧကရာဇ်ရဲ့ အနိုင်ယူမှုကို ခံလိုက်ရတယ် ဆိုတဲ့ သတင်းကို ကြားလိုက်မိလို့ပါပဲ ။
ပြီးတော့ အဲသည် ဓားဧကရာဇ်က တခြားလူ မဟုတ်ဘဲ လီဖူချန်း ဖြစ်နေတယ် ဆိုတာကိုပါ သိလိုက်ရပါသေးတယ် ။
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က တကယ့် အရှိတရားကို ဘယ်လိုမှ မယုံကြည်နိုင်ပါဘူး ။
တကယ်ကို ပါရမီ ကောင်းပါတယ် ဆိုတဲ့ ပါရမီရှင်တွေတောင်မှ ကျင့်ကြံခြင်း အဆင့်တစ်ခု တက်ဖို့အတွက် အနည်းဆုံး ၂နှစ် ၊ ၃နှစ်လောက် အချိန် ယူနေရချိန်မှာ လီဖူချန်းကတော့ ကျင့်ကြံခြင်း နယ်ပယ် တစ်ခုကို တက်ပြီး ထိပ်တန်း မဟာ ဧကရာဇ် တစ်ပါးတောင် ဖြစ်သွားခဲ့ပါပြီ ။
ဒါက တကယ်ကို လက်မခံနိုင်စရာပါပဲ ။ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က သူ့ဘဝ တစ်လျှောက်လုံး ကြိုးစား ကျင့်ကြံခဲ့ရတာဟာ ဘာမှ တန်ဖိုး မရှိသလိုတောင် ခံစားလိုက်ရပါတယ် ။
" စောင့်ခိုင်းသလို ဖြစ်သွားတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ် "
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် တစ်ယောက် အတွေး များနေစဉ်မှာပဲ လီဖူချန်း နဲ့ တခြားသူတွေဟာ ရောက်ရှိလာခဲ့ပါပြီ ။
တောင်းပန်စကား ဆိုလိုက်တဲ့သူကတော့ အဆွေး ဧကရာဇ်ပါပဲ ။
လွန်ခဲ့တဲ့ နှစ်လတုန်းကနဲ့ စာရင်တော့ အဆွေး ဧကရာဇ်ဟာ ကိုယ်ရောင်ကိုယ်ဝါ ပိုတောက်ပနေပြီး ပိုလည်း မာန်အပြည့် ရှိနေပါတယ် ။
" စိတ်ဝိညာဉ် အဆိပ်က ပြေသွားတာလား "
ဝိညာဉ် ဧကရာဇ်က တွေးလိုက်မိပါတယ် ။
စိတ်ဝိညာဉ်တာအို ကျင့်ကြံသူ တစ်ဦးဖြစ်တဲ့ ဝိညာဉ် ဧကရာဇ်က စိတ်ဝိညာဉ် အဆိပ်ကို ဖြေရတာဟာ ဘယ်လောက် ခက်သလဲ ဆိုတာ အသိဆုံးပါပဲ ။
အပိုတွေ ပြောနေတာတော့ မဟုတ်ပါဘူး ။
ကျင့်ကြံသူတစ်ဦးက အကြို-သူတော်စင် ဒါမှမဟုတ် သူတော်စင် မဖြစ်သေးဘဲနဲ့ အဆွေး ဧကရာဇ် မိထားတဲ့ စိတ်ဝိညာဉ် အဆိပ်ကို ဖြေဖို့ မဖြစ်နိုင်ပါဘူး ။
သေသေချာချာ စဉ်းစားကြည့်လိုက်တဲ့ အခါမှာတော့ ဝိညာဉ် ဧကရာဇ်က အဖြစ်နိုင်ဆုံး ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစားလိုက်မိပါတယ် ။
စိတ်ဝိညာဉ်တာအို ကျင့်ကြံသူ တစ်ဦးက အဆွေးဧကရာဇ်ကို စိတ်ဝိညာဉ် အဆိပ် ဖြေပေးလိုက်တာပါပဲ ။
ပြီးတော့ အဲသည် စိတ်ဝိညာဉ်တာအို ကျင့်ကြံသူက လီဖူချန်းပဲ ဖြစ်ရပါမယ် ။
……
လီဖူချန်း နဲ့ ရန်ချင်းဟူတို့ကတော့ ဘေးချင်းယှဉ်ပြီး ရပ်နေကြတာပါ ။
သူတို့ထဲက တစ်ယောက်က ကိုယ်ရောင်ကိုယ်ဝါ တောက်ပလှပြီး ကျန်တဲ့ တစ်ယောက်က ဆန့်ကျင်ဘက် ဖိုလိင်တိုင်း အသက်ရှူ ရပ်တန့် သွားလောက်တဲ့ အထိ ချောမောလှပလွန်းတဲ့ အတွက် သည်စုံတွဲဟာ ဘယ်နေရာကို သွားသွား လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံရမှာ အသေအချာပါပဲ ။
" အင်း…… သည်နေရာက လူတော်တော် စည်တာပဲ "
သက်တံ ဥယျာဉ်ကို တစ်ချက် ဝှေ့ကြည့်လိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ပြုံးလိုက်မိပါတယ် ။
" အင်း…… သည်နေရာက တကယ် လူတော်တော်စည်တယ် ။ ကြည့်ရတာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက် တစ်ခုလုံးက ဧကရာဇ်တွေ အကုန်လုံးနီးပါး သည်နေရာကို ရောက်နေတယ် ထင်ပါရဲ့ "
ရန်ချင်းဟူကလည်း ထောက်ခံလိုက်ပါတယ် ။
" သည်လူတွေတောင်မှ လာရဲတယ် ဆိုမှတော့ ပန်းပေါင်းစုံ ပွဲတော်က ထင်သလောက် မရိုးရှင်းဘူးပဲ "
ဝိညာဉ် ဧကရာဇ် ၊ လဝန်းနီ ဧကရာဇ် နဲ့ နေဝန်းပြာ ဧကရာဇ်တို့ကို မြင်လိုက်တဲ့ အခါမှာတော့ လီဖူချန်းက မှတ်ချက် ချလိုက်ပါတယ် ။
ကြည့်ရတာကတော့ ပန်းပေါင်းစုံ နန်းတော်က ထင်သလောက် ရိုးရှင်းပုံ မရပါဘူး ။
" ကြွရောက်လာကြတဲ့ လူကြီးမင်းများ အားလုံးကို မင်္ဂလာပါလို့ ကျွန်မ ချူချင်းယန်က နှုတ်ခွန်း ဆက်သလိုက်ပါတယ် "
စကားသံနဲ့အတူ ကြော့ရှင်းလှတဲ့ ပုံရိပ် တစ်ခုဟာ သက်တံ တစ်စင်းပေါ်ကနေပြီး ဆင်းသက် လာခဲ့ပါတယ် ။
" ချူချင်းယန် "
ရန်ချင်းဟူက မျက်မှောင် ကြုတ်လိုက်မိပါပြီ ။
" ဘာလို့လဲ .…… မင်းသူ့ကို သိလို့လား "
လီဖူချန်းက လှမ်းမေးလိုက်ပါတယ် ။
ရန်ချင်းဟူက ခေါင်းညိတ်လိုက်ပြီး
" အင်း …… သည်နာမည်က အရမ်း ရင်းနှီးနေတယ် ။ ဒါပေမဲ့ အဲသည်နာမည်ပိုင်ရှင်က သည်မှာ မရှိသင့်ဘူး "
" သူတော်စင်ဝိညာဉ် ကုန်းမြေတိုက်က ဖြစ်နေလို့လား "
လီဖူချန်းက ထပ်ပြီး မေးလိုက်ပြန်ပါတယ် ။
" အင်း "
ရန်ချင်းဟူက မငြင်းပါဘူး ။
ကြော့ရှင်းလှတဲ့ ပုံရိပ်က သက်တံရောင် ဇာပုဝါပါး တစ်ခုကို မျက်နှာမှာ စည်းထားပါတဲ့အတွက် မျက်လုံးတစ်ခုကလွဲပြီး တခြား ဘာကိုမှ မမြင်ရပါဘူး ။
ဒါပေမဲ့လည်း အဲသည် မျက်လုံးတွေကို မြင်နေရရုံနဲ့တင် မျက်လုံးပိုင်ရှင်ရဲ့ အလှအပကို ခန့်မှန်းလို့ ရနေပါပြီ ။
" ဟုတ်တယ် …… သူမှသူပဲ "
လူကို မြင်လိုက်ရတဲ့ အခါမှာတော့ ရန်ချင်းဟူက ပိုပြီး သေချာ သွားခဲ့ပါတယ် ။
" စိတ်ဝင်စားစရာပဲ "
ရန်ချင်းဟူရဲ့ ပြောစကားကြောင့် လီဖူချန်းက ပန်းပေါင်းစုံ ပွဲတော်ဟာ ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီလို့ ခံစားလိုက်ရပါတယ် ။
***