← Chapters

ပါးစပ်သရမ်းတဲ့ လူ

Vol. 52 Ch. 707

ပါးစပ်သရမ်းတဲ့ လူ

Vol. 52 Ch. 707

ရန်ချင်းဟူ ပြောပြသလောက် ဆိုရင် ချူချင်းယန်ကလည်း သူတော်စင် ဝိညာဉ် ကုန်းမြေတိုက်က လူတစ်ယောက်ပါပဲ ။ ပြီးတော့ သူမက ရန်ချင်းဟူလိုပဲ မဟာ ဧကရီ တစ်ဦး ဖြစ်ပါတယ် ။

ချူချင်းယန်ရဲ့ တန်ခိုးအစွမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ဒါဇင်ကျော်လောက်ကတင် အင်မတန် အစွမ်း ထက်နေပါပြီ ။

သူမက ဝိညာဉ် ဧကရာဇ်လောက် အစွမ်း ထက်လားတော့ မသိပါဘူး ။ ဒါပေမဲ့ သူမရဲ့ တန်ခိုးအစွမ်းက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာ အနိမ့်ဆုံး အနေနဲ့ ထိပ်ဆုံး သုံးယောက် စာရင်းကို ဝင်နိုင်ပါတယ် ။

ချူချင်းယန်က ဘယ်လိုဖြစ်ပြီး ပန်းပေါင်းစုံ နန်းတော်ကို ရောက်နေမှန်း မသိပါဘူး ။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူမက ပန်းပေါင်းစုံ နန်းတော်ကို တည်ထောင်သူ မဟုတ်ဘူး ဆိုတာပါပဲ ။ အဲသည်အတွက် သူမက ပန်းပေါင်းစုံ နန်းတော်ရဲ့ ဆက်ခံသူ အသစ်ပဲ ဖြစ်ရပါမယ် ။

ရန်ချင်းဟူက ချူချင်းယန်ကို မှတ်မိပေမယ့် ချူချင်းယန်ကတော့ ရန်ချင်းဟူကို မမှတ်မိတဲ့ ပုံပါပဲ ။

ဒါကလည်း သိပ်ပြီး မထူးဆန်းလှပါဘူး ။ ရန်ချင်းဟူက ခန္ဓာကိုယ် အသစ်နဲ့ ဖြစ်နေခဲ့တာ မဟုတ်ပါလား ။

" ကဲ…… အားလုံးလည်း ရောက်လာကြပြီ ဆိုတော့ ဖျော်ဖြေမှုကို စလိုက်ကြရအောင် "

ချူချင်းယန်က လက်ခုပ် တီးလိုက်ပါတယ် ။

သူမရဲ့ လက်ခုပ်တီးသံ အဆုံးမှာတော့ သာယာငြိမ့်ညောင်းလှတဲ့ တေးသီချင်းသံ တစ်ခုနဲ့အတူ ပန်းကလေးတွေလို နူးညံ့သိမ်မွေ့လှတဲ့ မိန်းမပျိုလေးတွေဟာ လူတွေရှေ့ကို ထွက်ပေါ်လာခဲ့ပါပြီ ။

ပြီးတော့ သူတို့တွေက စည်းချက်နဲ့အတူ လိုက်ပြီး ကပြ ဖျော်ဖြေနေပါသေးတယ် ။

မိန်းမပျိုလေးတွေရဲ့ အယိမ်း ၊အနွဲ့တွေနဲ့ တေးသီချင်းသံက အပေးအယူ မျှတလွန်းပြီး သဟဇာတ ဖြစ်လွန်းတဲ့အတွက် လူတွေအားလုံးက သူတို့ကိုယ်သူတို့ လူသားကမ္ဘာကနေ နတ်ပြည်က မက်မုံ ဥယျာဉ်ထဲ ရောက်သွားသလားလို့တောင် ထင်နေမိကြပါတယ် ။

အဲသည်အချိန်မှာတော့ လီဖူချန်းတို့ဟာ သက်တံဥယျာဉ်ရဲ့ အနောက်မြောက်ဘက်က နန်းဆောင်ငယ်လေး တစ်ခုမှာ နေရာ ယူထားပြီးကြပါပြီ ။

သည်သက်တံ ဥယျာဉ်ထဲမှာက နန်းဆောင်တွေ ပေါများလွန်းလှတာကြောင့် လီဖူချန်းတို့အတွက် လွတ်နေတဲ့ နန်းဆောင် တစ်ခု ရှာရတာက ဘယ်လောက်မှ မခက်ခဲပါဘူး ။

လီဖူချန်းတို့ နန်းဆောင်ထဲမှာတော့ ဧကရာဇ် ငါးပါး ရှိနေပြီး အဲသည်သူတွေကတော့ အဆွေး ဧကရာဇ် ၊ ဆူးပန်း ဧကရီ ၊ ရန်ချင်းဟူ ၊ တိမ်တိုက် ဧကရာဇ် နဲ့ လီဖူချန်းတို့ပါပဲ ။

ယေဘုယျအားဖြင့် ဆိုရင်တော့ တိမ်တိုက် ဧကရာဇ်ဟာ သည်နန်းဆောင်ထဲမှာ ထိုင်ဖို့အတွက် အဆင့် မမီပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ သည်လူစုထဲမှာ တန်ခိုးအစွမ်း အားအနည်းဆုံးလို့ ဆိုရမယ့် ရန်ချင်းဟူတောင်မှ မဟာ ဧကရာဇ် အဆင့်ကို ခြေတစ်လှမ်း လှမ်းနှင့်နေပြီးလို့ပါပဲ ။

ဒါပေမဲ့ တိမ်တိုက် ဧကရာဇ်ကတော့ အခုထက်ထိ အဆင့်မြင့် ဧကရာဇ် အဆင့်ကို တက်လှမ်းနိုင်ဖို့ အတွက်တောင် အနိုင်နိုင် ကြိုးစားနေရဆဲ ဖြစ်ပါတယ် ။

အဲသည်အတွက် အမှန်အတိုင်း ပြောရမယ် ဆိုရင် တိမ်တိုက် ဧကရာဇ် ကိုယ်တိုင်ကလည်း သည်နန်းဆောင်ထဲမှာ မထိုင်ချင်ပါဘူး ။

သူက လီဖူချန်းရဲ့ တောင်းဆိုမှုကြောင့်သာ သည်နန်းဆောင်ထဲမှာ ထိုင်နေရတာ ဖြစ်ပါတယ် ။

သူ့ရဲ့ တန်ခိုးအစွမ်းက ဘယ်လောက်အထိ ထက်နေပါစေ ။ လီဖူချန်းအတွက်ကတော့ တိမ်တိုက်ဧကရာဇ်ဟာ အမြဲတမ်း သူ့ထက် ဝါစဉ်ကြီးသူ ဒါမှမဟုတ် သူ့ရဲ့ အသက်သခင် ကျေးဇူးရှင် ဖြစ်နေဦးမှာပဲ ။

" အခုလို အရှက်မရှိဘဲ မဟာ ဧကရာဇ်တွေနဲ့ အတူတူ ထိုင်မိတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ် "

တိမ်တိုက်ဧကရာဇ်က အားလုံးကို ပြုံးပြီး တောင်းပန်စကား ဆိုလိုက်ပါတယ် ။

အဆွေး ဧကရာဇ်က သည်ကိစ္စနဲ့ ပတ်သက်ပြီး ဗွေယူတဲ့ပုံကို မရှိပါဘူး ။

" ဘာမှ ရှက်နေစရာ မလိုဘူး ။ အကြီးအကဲလီနဲ့ ယှဉ်မယ်ဆိုရင် ကျုပ်တို့ နှစ်ယောက်လုံးက သာမန် ပါရမီရှင်တွေပဲ ။ စိတ်အေးအေး ထားပြီးသာ ထိုင်စမ်းပါ "

အခုဆိုရင် လီဖူချန်းက မျောလွင့်ကောင်းကင်တောင်ရဲ့ တိုက်ရိုက်တပည့် မျိုးဆက်က မဟုတ်တော့ပါဘူး ။ သူက မျောလွင့်ကောင်းကင်တောင်ရဲ့ ဧည့်သည်အကြီးအကဲ တစ်ယောက် ဖြစ်နေပါပြီ ။

တိုက်ရိုက်မျိုးဆက် တပည့် တစ်ယောက်က ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ထက် ပိုအစွမ်းထက်နေတယ် ဆိုတာက ဘယ်လိုမှ မသင့်တော်တဲ့ အရာ မဟုတ်ပါလား ။

ဆူးပန်းဧကရီကလည်း ခေါင်းညိတ်ပြီး ထောက်ခံလာခဲ့ပါတယ် ။

" ကျွန်မရဲ့ အသက်က သည်နှစ်ဆိုရင် ၄၅၀ ပြည့်ပြီ ။ ဒါက ဓားဧကရာဇ် အသက်ထက် ဆယ်ဆ ပိုကြီးတယ် ။ ဓားဧကရာဇ်ရဲ့ ပါရမီနဲ့ ယှဉ်ရင်တော့ ကျွန်မလည်း သာမန်ပါပဲ "

အဆွေးဧကရာဇ် ရယ်လိုက်ပြီး

" ဆူးပန်းဧကရီ …… ခင်ဗျားရဲ့ ပါရမီက ကျုပ်တို့ထက်တော့ အများကြီး ကောင်းပါသေးတယ်ဗျာ ။ အနည်းဆုံးတော့ ခင်ဗျားက သူတော်စင် ဖြစ်ဖို့ မျှော်လင့်ချက် ရှိတယ်လေ ။ ကျုပ်ကတော့ ဘာမျှော်လင့်ချက်မှကို မရှိတော့ဘူးဗျို့ "

အဆွေး ဧကရာဇ်က အသက် ၁၅၀၀ ရှိနေပြီ ဖြစ်တဲ့အတွက် အတော်လေး အိုမင်းနေပြီလို့ ဆိုရပါမယ် ။

လူသား မဟာ ဧကရာဇ်တွေထဲမှာ ဆိုရင် သူနဲ့ နတ်မျက်လုံး တန်ခိုးရှင်ဟာ မျိုးဆက်တူတွေ ဖြစ်ပြီး အသက် အကြီးဆုံးပါပဲ ။

ဆူးပန်းဧကရီက ခေါင်းခါလိုက်ပြီး

" အဆွေး ဧကရာဇ် …… အဲလိုတော့ မပြောပါနဲ့ရှင် ။ မဟာ ဧကရာဇ် တစ်ပါး ဆိုတာက အထွတ်အထိပ် ဆိုတဲ့ အဓိပါ္ပယ်ပဲ မဟုတ်ဘူးလား ။ ကျွန်မ မှတ်မိသလောက် ဆိုရင် ကျွန်မ  ကလေးဘဝကတည်းက ရှင်က မဟာ ဧကရာဇ် ဖြစ်နေပြီး အခုထိလည်း ရှင်က မဟာ ဧကရာဇ် ဖြစ်နေတုန်းပဲ ။ ဘယ်သူ သိနိုင်မှာလဲ ။ ကျွန်မလည်း နောက်ထပ် ရာစုနှစ်တွေ ကြာတဲ့အထိ သည်အဆင့်မှာပဲ ရပ်ရင် ရပ်နေမှာပေါ့ "

ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးက အသက် ၂၀၀၀ အထိပဲ နေနိုင်တာ ဖြစ်ပါတယ်။

တကယ်လို့ သူတို့က ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာ မူလပင်လယ် နယ်ပယ် အထိ ရောက်အောင် ကျင့်ကြံနိုင်ရင်တောင်မှ အသက် ၃၀၀၀ ထက် ပိုမရှည်ပါဘူး ။

" မင်းက ဓားဧကရာဇ် ဆိုတာလား ။ မင်းကို ကြည့်ရတာ ဘာမှလည်း မဟုတ်ပါလား "

မာန်အပြည့်နဲ့ အသံ တစ်ခုက ရုတ်တရက် ထွက်ပေါ် လာခဲ့ပါတယ် ။

အဲသည် အသံပိုင်ရှင်ကတော့ ကောင်းကင်တံပိုး ဧကရာဇ်ကလွဲပြီး တခြား မရှိပါဘူး ။

" ဟင် "

လီဖူချန်းက အသံလာရာဆီကို လှမ်းကြည့်ပြီး အာမေဍိတ်သံ တစ်ခု ပြုလိုက်ပါတယ်။

လီဖူချန်းရဲ့ အာမေဍိတ်သံက ကောင်းကင်တံပိုး ဧကရာဇ်ကြောင့်တော့ မဟုတ်ပါဘူး ။

သူ့ရဲ့ အာမေဍိတ်သံက ကောင်းကင်တံပိုး ဧကရာဇ် ဘေးမှာ ရှိနေတဲ့ အမျိုးသမီး အစေခံကြောင့်ပဲ ဖြစ်ပါတယ် ။

ဘာဖြစ်လို့လဲ ဆိုတော့ အဲသည် အမျိုးသမီး အစေခံက ရှီဟွာ ဘုရင်မ ဖြစ်နေလို့ပါပဲ ။

ရှီဟွာ ဘုရင်မက အရင်တုန်းကနဲ့ မတူဘဲ အနည်းငယ် ကွဲပြားနေပေမယ့် လီဖူချန်းက သူ့ကို တန်းပြီး မှတ်မိပါတယ် ။

ရှီဟွာ ဘုရင်မ ဆိုတာက ရှင်းတိကောဝမ် မပေါ်လာခင်တုန်းက ဆိုရင် အရှေ့ယူနီကွန်းတိုက်ရဲ့ နံပါတ်၁ ဖြစ်ခဲ့သူပါ ။

နောက်ပိုင်းမှာ သူမက ရှင်းတိကောဝမ် နဲ့ လီဖူချန်းရဲ့ ကျော်ဖြတ်မှုကို ခံလိုက်ရပေမယ့်လည်း သူမက လျော့တွက်လို့ ရသူ မဟုတ်ပါဘူး ။

ရှီဟွာ ဘုရင်မလို အထွတ်အထိပ် နေရာ တစ်ခုမှာ နေခဲ့တဲ့ လူတစ်ယောက်က အမျိုးသမီး အစေခံ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာတဲ့လဲ ။ ယုတ်စွအဆုံး သူ့သခင်က မိစ္ဆာသားရဲ မဟာ ဧကရာဇ် လေးပါးရဲ့ ခေါင်းဆောင် ဖြစ်နေရင်တောင်မှပေါ့ ။

" ရှီဟွာ ဘုရင်မ …… မတွေ့ရတာ အတော်ကြာပြီပဲ "

လီဖူချန်းရဲ့ အသံက ရှီဟွာ ဘုရင်မရဲ့ နားထဲကို ဝင်ရောက်လာခဲ့ပါတယ် ။

" လီဖူချန်း……… ဓားဧကရာဇ်ဆိုတာ ရှင်လား "

ရှီဟွာဘုရင်မက ကောင်းကင်တံပိုး ဧကရာဇ်နောက်ကို လိုက်နေရတဲ့အတွက် နောက်ဆုံးရ သတင်းတွေကို မသိပါဘူး ။

သူမက သည်သက်တံ ဥယျာဉ်ကို ရောက်မှပဲ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ ဓားဧကရာဇ်ဟာ လီဖူချန်းလို့ အမည်ရတယ် ဆိုတာကို သိလိုက်ရတာ ဖြစ်ပါတယ် ။

အစတုန်းကတော့ သူမက ဓားဧကရာဇ်ဟာ နာမည်တူတဲ့ လူတစ်ယောက်လို့ပဲ ထင်နေခဲ့တာပါ ။

ဒါပေမဲ့ အခုတော့ သူမက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်က ဓားဧကရာဇ်ဟာ သူမ သိတဲ့ လီဖူချန်းပဲ ဆိုတာ သေချာ သွားခဲ့ပါပြီ ။

ဓားဧကရာဇ် လီဖူချန်းနဲ့ ပြန်တွေ့ရတဲ့ အခုလို အခိုက်အတန့်မှာတော့ ရှီဟွာ ဘုရင်မဟာ အမျိုးအမည် မသိတဲ့ ခံစားချက် တစ်ခုကို ခံစားလိုက်ရပါတယ် ။

ကြည့်ရတာတော့ တချို့လူတွေက ဘယ်နေရာကိုပဲ ရောက်ရောက် အမြဲ ထွန်းလင်း တောက်ပတတ်ပုံပါပဲ ။

အရှေ့ယူနီကွန်း တိုက်မှာတုန်းက လီဖူချန်းဟာ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး ကုန်းမြေတိုက်ရဲ့ ကံကြမ္မာကို ပြောင်းလဲခဲ့သလို အခု ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်မှာလည်း သူက အလားတူ တစ်ဖန် ပြန်ဖြစ်ဖို့ ကြိုးစားနေပြန်ပါပြီ ။

" ဓားဧကရာဇ် …… ကျေးဇူးပြုပြီး ကျွန်မကို ကယ်ထုတ်ပေးပါဦး ။ ကျွန်မက ကောင်းကင်တံပိုး ဧကရာဇ်ရဲ့ အစေခံ မဖြစ်ချင်ဘူး "

ရှီဟွာဘုရင်မက လီဖူချန်းကို စိတ်နဲ့ ပြန်ဆက်သွယ်ပြီး အကူအညီပေးဖို့ တောင်းပန်လိုက်ပါတယ် ။

သူမရဲ့ စိတ်နှလုံးက အခုချိန်အထိ မာနကြီးနေဆဲပါပဲ ။ အဲသည်အတွက် သူမက တခြားသူရဲ့ လက်အောက်မှာ အစေခံ အဖြစ် အလုပ် မလုပ်ချင်ပါဘူး ။

သည်လို ခံယူချက်ကြောင့်လည်း သူမက အချိန်တိုလေး အတွင်းမှာ အငငထ့နိမ့် မိစ္ဆာသားရဲ ဘုရင်မ တစ်ဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ် ။

" ကျုပ်က ခင်ဗျားကို ဘယ်လို ကယ်ပေးရမှာလဲ ။ အကြောင်းပြချက် တစ်ခုခုတော့ ပေးဦးပေါ့ "

လီဖူချန်းက ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ကောင်းကင်တံပိုး ဧကရာဇ်ကို ရန်မစချင်ပါဘူး ။

သူက ကောင်းကင်တံပိုး ဧကရာဇ်ရဲ့ အကြောင်းကို ကောင်းကောင်းကြီး ကြားဖူးပါတယ် ။

သည်မဟာ ဧကရာဇ်က လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်က အင်မတန် အစွမ်း ထက်ခဲ့သူ ဖြစ်ပြီး အခုဆိုရင် ဘယ်လောက်အထိ အစွမ်း ထက်နေမလဲတောင် မသိပါဘူး ။

" ဟင် …… သည်မလောက်လေး မလောက်စား ကောင်ကများ "

ရုတ်တရက် ဆိုသလိုပဲ ကောင်းကင်တံပိုး ဧကရာဇ်ရဲ့ မျက်နှာက မည်းမှောင် သွားခဲ့ပါပြီ ။

အကြောင်းအရင်းကတော့ လီဖူချန်းက သူ့ရဲ့ မေးခွန်းကို အဖက်မလုပ်ဘဲ သူ့ဘေးက အစေခံကိုသာ စိုက်ကြည့်နေလို့ပါပဲ ။

ဒါပေမဲ့ ကောင်းကင်တံပိုး ဧကရာဇ်က သူ့ရဲ့ဒေါသကို ထုတ်မပြဘဲ ဟက်ခနဲ တစ်ချက် ရယ်လိုက်ပြီး လီဖူချန်းကို လှမ်းမေးလိုက်ပြန်ပါတယ် ။

" ဓားဧကရာဇ် …… မင်းက ငါ့မေးခွန်းကိုတောင် ပြန်မဖြေနိုင်တော့ပါလား ။ ဘာလဲ …… ငါ့ရဲ့ အစေခံက အရမ်း လှနေလို့လား ။ မင်းက ငါ့အစေခံကို သဘောကျနေတယ် ဆိုရင်လည်း ငါ့ကို ပြောလေ ။ ငါက မင်းကို ပေးမှာပေါ့ ။ ဒါပေမဲ့ ငါကလည်း မင်းရဲ့ဘေးက လူသား မိန်းမကို သဘောကျတယ်။ ဘယ်လိုလဲ …… ငါတို့နှစ်ယောက် အလဲအလှယ် လုပ်ကြမလား "

ရန်ချင်းဟူရဲ့ အရှိန်အဝါ နဲ့ ရုပ်ရည်သွင်ပြင် ပုံပန်းသဏ္ဍာန်က သံသယ ဖြစ်ဖွယ်မရှိ လုံးဝ ထိပ်တန်းပါပဲ ။

အခု ကပြ ဖျော်ဖြေ အသုံးတော် ခံနေတဲ့ နာမည်ကျော် ပန်းကလေးတွေတောင်မှ သူမကို ဘယ်လိုမှ လိုက်မမီပါဘူး ။

" ရှင်က သေချင်နေတာပဲ "

ကောင်းကင်တံပိုး ဧကရာဇ်ရဲ့ စကားက  ရန်ချင်းဟူကို ဒေါသ အမျက်ချောင်းချောင်း ထွက်သွားစေခဲ့ပါပြီ ။

အဲသည်အတွက် သူမက စကားဆုံးတာနဲ့ တစ်ပြိုင်နက် လက်ကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင် ဓားမော့ အလင်းတန်းတွေနဲ့ ကောင်းကင်တံပိုး ဧကရာဇ်ကို တိုက်ခိုက်လိုက်ပါတယ် ။

" ဟမ့် …… ကလေးကွက်တွေ "

ရန်ချင်းဟူရဲ့ ဓားမော့ အလင်းတန်းတွေက ကောင်းကင်တံပိုး ဧကရာဇ်ကို တစ်စုံတစ်ရာ ခြိမ်းခြောက်နိုင်စွမ်းတောင် မရှိပါဘူး ။

ကောင်းကင်တံပိုး ဧကရာဇ်က မျက်လုံးနဲ့ တစ်ချက် စိုက်ကြည့်လိုက်တာနဲ့တင် ဓားအလင်းတန်းတွေက တစ်မုဟုတ်ချင်း ပျောက်ကွယ် သွားခဲ့ပါတယ် ။

" စွာလှချည်လား …… မဆိုးဘူး ။ ငါကလည်း ဒါမျိုးကိုမှ ပိုကြိုက်တာ "

ကောင်းကင်တံပိုး ဧကရာဇ်က ရန်ချင်းဟူကို ပိုလို့တောင် သဘော ကျသွားပုံပါပဲ ။

" ကောင်းကင်တံပိုး ဧကရာဇ် …… ခင်ဗျားက ကျုပ်ထင်ထားတာထက်တောင် ပိုမိုက်မဲပြီး ပိုတုံးအနေပါလား "

နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ အကြည့်တွေက ရှီဟွာ ဘုရင်မဆီကနေ ဖည်သွေပြီး ကောင်းကင်တံပိုး ဧကရာဇ်ဆီကို ရောက်ရှိ လာခဲ့ပါပြီ ။

တကယ်လို့ သူသာ ကောင်းကင်တံပိုး ဧကရာဇ် နေရာမှာ ဆိုရင် ဝိညာဉ် ဧကရာဇ်ကိုတောင် အနိုင်ယူနိုင်စွမ်း ရှိတဲ့ လူကို ဘယ်လိုမှ ရန်စမှာ မဟုတ်ပါဘူး ။

ဒါပေမဲ့လည်း ကောင်းကင်တံပိုး ဧကရာဇ်ကတော့ ရန်စမှုကို ပြုလုပ်ခဲ့ပါပြီ ။ အဲသည် အပြုအမူက လီဖူချန်း အတွက်တော့ မိုက်မဲတာနဲ့ တုံးအတာပါပဲ ။

" ငါက မိုက်မဲပြီး တုံးအတယ်လို့ မင်းက ပြောရဲတယ်ပေါ့ "

ကောင်းကင်တံပိုး ဧကရာဇ် မယုံကြည်နိုင်စွာနဲ့ မေးလိုက်ပါတယ်။

သူမွေးဖွားခဲ့ချိန်ကစလို့ အခုချိန်အထိ တစ်ခါမှ အခုလို အပြောမခံဖူးပါဘူး ။

" ကောင်းကင်တံပိုး ဧကရာဇ် …… သည်လူက ဓားဧကရာဇ်လေ ။ သူ မပြောရဲတာ ဘာရှိမှာလဲ "

ရုတ်တရက် ဆိုသလိုပဲ အားပေးအားမြှောက် ပြုတဲ့ အသံ တစ်သံက ထွက်ပေါ်လာခဲ့ပါတယ် ။

အဲသည်အသံ ပိုင်ရှင်ကတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကလွဲပြီး တခြား မရှိပါဘူး ။

" ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် …… ခင်ဗျားက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ "

ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းက လူသတ်ချင်စိတ်တွေ ပြင်းပြ လာခဲ့ပါပြီ ။

ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာ စိတ်ခံစားချက်တွေကို အလှုံ့ဆော်နိုင်ဆုံး လူကို ပြပါ ဆိုရင်တော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို ပြရမှာပါပဲ ။

သူက ခံစားချက် ခုနစ်ပါး နတ်ဘုရား ကျင့်စဉ်ကို ကျင့်ကြံထားတဲ့အတွက် ခံစားချက်တွေနဲ့ ပတ်သက်လာရင် ထိန်းချုပ်နိုင်စွမ်း အင်မတန် တိကျပါတယ် ။

သူ့ရဲ့ ပစ်မှတ်က စိတ်ဝိညာဉ်အား ကောင်းလွန်းတဲ့ လီဖူချန်း နဲ့ ဝိညာဉ် ဧကရာဇ်တို့လို လူမျိုးတွေ မဟုတ်သေးသရွေ့တော့ ခံစားချက် ခုနစ်ပါးရဲ့ စိတ်ခံစားချက်တွေအပေါ် အားပေးအားမြှောက် ပြုလုပ်နိုင်စွမ်းက လုံးဝ အလုပ်မဖြစ်စရာ မရှိပါဘူး ။

သူက တစ်ဖက်လူ သတိလေး တစ်ချက် လွတ်သွားတာကိုတောင်မှ အခွင့်အရေး ရယူပြီး အဲသည်လူရဲ့ စိတ်ခံစားချက်တွေကို ခြယ်လှယ် လွှမ်းမိုးနိုင်စွမ်း ရှိပါတယ် ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းက သက်တံဥယျာဉ်ကို ရောက်ပြီးတာနဲ့ တစ်ပြိုင်နက် ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို သတိပြုမိပြီးသားပါပဲ ။

သူက အိမ်ရှင် ဖြစ်တဲ့ ပန်းပေါင်းစုံ နန်းတော်ကို မလေးမစား မလုပ်ချင်တဲ့အတွက်ကြောင့်သာ မသိချင်ယောင် ဆောင်နေခဲ့တာပါ ။

ဒါပေမဲ့ အခု ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က သူ့နေရာသူ မသိဘဲ ကြားဝင်လာခဲ့တဲ့အတွက် လီဖူချန်းအနေနဲ့ သူ့ကို မဆုံးမဘဲ ဘယ်လိုမှ မနေနိုင်တော့ပါဘူး ။

" ဒူးထောက်စမ်း "

ချွမ်……

လီဖူချန်းရဲ့ အမိန့်သံ အဆုံးမှာတော့ လေဟာနယ် ဟင်းလင်းပြင်ဟာ မှန်တစ်ချက် ကွဲအက်သွားသလို ကွဲအက်သွားခဲ့ပါပြီ ။

ဝူး……ဝူး……ဝူး……ဝူး……

တစ်ဆက်တည်း ဆိုသလိုမှာပဲ အဲသည် ကွဲအက်သွားတဲ့ လေဟာနယ် ဟင်းလင်းပြင် အပိုင်းအစတွေက မရေမတွက်နိုင်တဲ့ ဓားပါးလေးတွေအဖြစ် ပြောင်းလဲသွားပြီး ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဆီကို တိုးဝင် သွားခဲ့ပြန်ပါတယ် ။

လီဖူချန်းက ဟင်းလင်းပြင် တာအို ဥပဒေသပိုင်းမှာ အတော်လေး နားလည်နေပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ လက်ရှိ ဗလာနယ် ကောင်းကင်ဘုံ ဓားဆန္ဒဟာ အတော်လေး အစွမ်း ထက်နေခဲ့ပါပြီ ။

သည်ဓားဆန္ဒ ထွက်ပေါ်လာပြီ ဆိုတာနဲ့ တစ်ဖက်လူဟာ မဟာ ဧကရာဇ် အဆင့်မှာ မရှိမချင်း ခုခံနိုင်ဖို့ မဖြစ်နိုင်ပါဘူး ။

ပိုပြီး တိတိကျကျ ပြောရမယ် ဆိုရင်တော့ မဟာ ဧကရာဇ် တစ်ပါးတောင်မှ သိုင်းဆန္ဒသက်သက်နဲ့ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး ။

သည်လို ဖြစ်ရတာက ဘာကြောင့်လဲဆိုတော့ လီဖူချန်းက ဓားဆန္ဒကို မွေးဖွားပြီးထားပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ဓားတာအို ဥပဒေ အစွမ်းဟာ သာမန်ထက် သုံးဆ ပိုအားကောင်းနေလို့ပါပဲ ။

" လခွီးပဲ "

ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က စိတ်ထဲကနေ ဆဲဆိုလိုက်ပြီး သိုင်းဆန္ဒ အလွှာတစ်ခုကို ကမန်းကတန်း ထုတ်ကာ ဗလာနယ် ကောင်းကင်ဘုံ ဓားဆန္ဒကို ခုခံလိုက်ပါတယ် ။

ဘန်း……

သိုင်းဆန္ဒ နှစ်ခု ထိပ်တိုက် အတွေ့မှာတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် ရှိနေတဲ့ နန်းဆောင်ဟာ ပေါက်ကွဲထွက် သွားခဲ့ပါပြီ ။

ဒါပေမဲ့ တကယ့် အရေးကြီးတဲ့ အခိုက်အတန့်မှာတော့ သက်တံ ရောင်စဉ် တစ်ခုဟာ နန်းဆောင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ပေါက်ကွဲမှု လှိုင်းတွေကို ပျံ့နှံ့မသွားအောင် ထိန်းချုပ် ထားလိုက်ပါတယ် ။

" ဝေါ့ "

ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က သွေးတစ်လုတ် အန်လိုက်ပြီး လီဖူချန်းကို မယုံကြည်နိုင်စွာနဲ့ ကြည့်နေပါတယ် ။

" မင်း…… မင်း……မင်း……တကယ် တိုက်ရဲတယ်ပေါ့ "

လီဖူချန်းရဲ့ တန်ခိုးအစွမ်းက သူမျှော်မှန်းထားတာထက်ကို သာလွန် နေခဲ့ပါပြီ။

အစတုန်းကတော့ သူက လီဖူချန်းဟာ ဘယ်လောက်ပဲ အစွမ်းထက်ထက် ကန့်သတ်ချက်တော့ ရှိလိမ့်မယ်လို့ ထင်ထားခဲ့တာပါ ။

ဒါပေမဲ့ တကယ့် တကယ်တမ်းမှာတော့ လီဖူချန်းက ဓားဆန္ဒ တစ်ခုလေးနဲ့တင် သူ့ကို ဒဏ်ရာ ရသွားအောင် လုပ်နိုင်ခဲ့ပါပြီ ။

တကယ်လို့ သူတို့အနေနဲ့ ချုပ်တည်းမှု မရှိဘဲ မီးကုန်ယမ်းကုန် တိုက်ကြမယ် ဆိုရင် သူဟာ ဘယ်လောက်မှ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး ။

" ဟမ့်……ကျုပ်က ဘာဖြစ်လို့ မတိုက်ရဲရမှာလဲ "

လီဖူချန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဗလာနယ် ကောင်းကင်ဘုံ ဓားဆန္ဒနဲ့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို နောက်ထပ် တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်ပါတယ် ။

" ဓားဧကရာဇ်…… ဒါက ပန်းပေါင်းစုံ ပွဲတော်ပါ ။ ကျေးဇူးပြုပြီး ကျွန်မကို မျက်နှာသာ နည်းနည်း ပေးပါဦး "

စကားသံ အဆုံးမှာတော့ သက်တံရောင်စဉ်က နောက်ထပ် တစ်ကြိမ် ထွက်ပေါ်လာပြီး ဗလာနယ် ကောင်းကင်ဘုံ ဓားဆန္ဒကို ထိန်းချုပ်လိုက်ပြန်ပါတယ် ။

ဒါပေမဲ့ ဗလာနယ် ကောင်းကင်ဘုံ ဓားဆန္ဒက အနည်းငယ် တုံ့ဆိုင်းသွားရုံကလွဲပြီး တခြားဘာမှ ထွေထွေထူးထူး ဖြစ်မသွားခဲ့ပါဘူး ။

" ဟင် "

ချူချင်းယန်က မျက်မှောင် ကြုတ်လိုက်မိပါတယ် ။

သူမ အသုံးပြုနေတဲ့ သက်တံရောင်စဉ်က နှယ်နှယ်ရရ မဟုတ်ပါဘူး ။အဲဒါက အဆင့်၈ ထိပ်တန်း ဝင်္ကပါ အစီအရင်ကို အခြေခံထားတာ ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ဥပဒေသတွေလည်း ပါဝင်ပါသေးတယ် ။

ဒါကိုတောင်မှ အဲဒါက ဗလာနယ် ကောင်းကင်ဘုံ ဓားဆန္ဒကို မထိန်းချုပ်နိုင်ဘူး ဆိုတော့ သူမ အနေနဲ့ လီဖူချန်းရဲ့ ဓားဆန္ဒ အဆင့်နဲ့ ပတ်သက်ပြီး တကယ်ကို နားမလည်နိုင်တော့ပါဘူး ။

လီဖူချန်းကလည်း ချူချင်းယန်ရဲ့ ဟန့်တားမှုကို ဂရု မစိုက်ပါဘူး ။ သူက ဗလာနယ် ကောင်းကင်ဘုံ ဓားဆန္ဒကို ထုတ်ပြီးတာနဲ့ တစ်ပြိုင်နက် ကြယ်ပျံ ဓားဆန္ဒကို ဆက်တိုက် ဆိုသလို ထုတ်လိုက်ပြန်ပါတယ် ။

ကြယ်ပျံ ဓားဆန္ဒကတော့ အမြန်နှုန်းပိုင်း ဆိုင်ရာမှာ အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် သက်တံရောင်စဉ်ကို အမှုမထားဘဲ လျှပ်ပြက်သလို ဖောက်ထွက် သွားခဲ့ပါတယ် ။

အဲသည်နောက် ဆက်တိုက် ဆိုသလိုမှာပဲ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ရဲ့ သိုင်းဆန္ဒကိုလည်း ဖောက်ထွက် သွားပြန်ပါတယ် ။

ဒါပေမဲ့ တားဆီးထားတဲ့ အလွှာနှစ်ခုကို ဖောက်ထွက် အပြီးမှာတော့ ကြယ်ပျံ ဓားဆန္ဒဟာ အရှိန်ကုန်ပြီး ပျက်ပြယ် သွားပါတော့တယ် ။

" သည်……သည်စွမ်းအားက "

လီဖူချန်းရဲ့ တန်ခိုးစွမ်းအားကို မြင်လိုက်ရတဲ့ သူတိုင်းက ပင့်သက် မရှိုက်မိဘဲ မနေနိုင်ပါဘူး ။

အဲသည်နောက်မှာမှ လီဖူချန်းက တိုက်ခိုက်နေတာကို ရပ်လိုက်ပြီး ချူချင်းယန်ဘက်ကို လှည့်ကာ တောင်းပန်စကား ဆိုလိုက်ပါတယ် ။

" သည်လူက ပါးစပ် သရမ်းလွန်းလို့ ကျုပ် စိတ်မထိန်းနိုင် ဖြစ်သွားတယ် ။ ကျေးဇူးပြုပြီး ပန်းပေါင်းစုံ သခင်မ အနေနဲ့ ကျုပ်ကို နားလည်ပေးပါဦး "

" မင်း ……ဝေါ့ ……"

ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က လီဖူချန်းရဲ့ စကားကြောင့် ဒေါသ ထွက်လွန်းရတဲ့အတွက် နောက်ထပ် တစ်ကြိမ် သွေးအန်မိလိုက် ပြန်ပါတယ် ။

ချူချင်းယန်ကတော့ ရယ်နေရုံကလွဲပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး ။ သူမက ဒေါသ ထွက်ရမယ့်အစား လီဖူချန်းကို ပိုပြီးတောင် လေးစား မိသွားပါသေးတယ်။

သူမရဲ့ အစီအစဉ်မှာက သည်လို အစွမ်းထက်တဲ့လူ လိုနေတာ မဟုတ်ပါလား ။

***

All Chapters