ဧကရီ့အလိုကျ ကျင့်စဉ်
Vol. 52 Ch. 708
" မင်းက အစွမ်းလေး နည်းနည်းပါးပါးတော့ ရှိသားပဲ ။ ဒါကြောင့်လည်း ငါ့ကို ပေါက်ပန်းလေးဆယ် လျှောက်ပြောရဲနေတာကိုး "
အဖြစ်အပျက်ကို မြင်ပြီးတဲ့ နောက်မှာတော့ ကောင်းကင်တံပိုး ဧကရာဇ်ရဲ့ မျက်လုံးတွေက အနည်းငယ် တည်ကြည် လေးနက် သွားခဲ့ပါပြီ ။ ဒါပေမဲ့ သူက လီဖူချန်းကို အလေးထားတဲ့ အဆင့်အထိတော့ မရှိသေးပါဘူး ။
မိစ္ဆာသားရဲတွေက ဥပဒေသတွေကို နားလည်သဘောပေါက်တဲ့ အပိုင်းမှာ လူသားတွေထက် နိမ့်ကျရင် နိမ့်ကျပါမယ် ။ ဒါပေမဲ့ မျိုးဆက်သွေး နဲ့ ခန္ဓာကိုယ် မာကျောမှု အပိုင်းမှာတော့ မိစ္ဆာသားရဲတွေက လူသားတွေထက် အသာကြီးပါပဲ ။
တကယ်လို့ လီဖူချန်းက သည်လောက်အထိပဲ စွမ်းတယ်ဆိုရင်တော့ သူ့ကို မီဖို့ အများကြီး လိုပါသေးတယ် ။
" ကောင်းကင်တံပိုး ဧကရာဇ် …… ကြည့်ရတာ ခင်ဗျားက ကျုပ်ဓားကို မမြည်းရသေးသရွေ့ နေသာထိုင်သာ ရှိမယ့်ပုံ မပေါ်ဘူး "
ှရွှမ်း ……
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက ဘုံခုနစ်ဆင့်ဓားကို ဆွဲပြီး စလွယ်သိုင်း ခုတ်ချလိုက်ပါတယ် ။
အဲသည်နောက်မှာတော့ အားကောင်းလွန်းလှတဲ့ ဓားချီ တစ်ခုဟာ သက်တံ ဝင်္ကပါ အစီအရင်ကို မျက်ကွယ်ပြုပြီး ကောင်းကင်တံပိုး ဧကရာဇ် နေထိုင်ရာ နန်းဆောင်ဆီကို တိုးဝင် သွားခဲ့ပါပြီ ။
အံ့သြစရာကောင်းတာ တစ်ခုကတော့ လီဖူချန်းရဲ့ ဓားချက်က ကောင်းကင်တံပိုး ဧကရာဇ်ကို ထိခိုက်စေဖို့ ရည်ရွယ်ထားပုံ မရတာပါပဲ ။
အဲဒါက ကောင်းကင်တံပိုး ဧကရာဇ် နဲ့ ရှီဟွာ ဘုရင်မတို့ကို တစ်ဖက်စီ ဖြစ်သွားအောင် ပိုင်းခြားစေလိုက်ရုံပဲ ရှိတာပါ ။
" လာခဲ့ "
ဓားချက် ပြီးသွားတဲ့နောက်မှာတော့ လီဖူချန်းက ရှီဟွာဘုရင်မကို အဝေးကနေ သူ့အနားရောက်လာအောင် လှမ်းဆွဲလိုက်ပြီး ကောင်းကင်စက်ကွင်း ဓားအကာအကွယ်နဲ့ ကာကွယ် ပေးထား လိုက်ပါတယ်။
ဖြစ်ပျက်သွားသမျှ အရာရာက မျက်စိတစ်မှိတ် ၊ တစ်စက္ကန့်လေးအတွင်းမှာတင် ဖြစ်သွားတဲ့အတွက် ကောင်းကင်တံပိုး ဧကရာဇ်ကော ချူချင်းယန်ကောကပါ ဘာမှ မတုံ့ပြန်လိုက်နိုင်ပါဘူး ။ သူတို့က တုံ့ပြန်ဖို့ ပြင်လိုက်တဲ့ အချိန်မှာတော့ ရှီဟွာ ဘုရင်မက လီဖူချန်း အနားမှာတောင် ရောက်နေခဲ့ပါပြီ ။
" ကောင်းကင် အဆင့်မြင့် ရတနာ ဓားပါလား "
ချူချင်းယန်က မျက်ခုံး ပင့်လိုက်မိပါတယ် ။
ကောင်းကင် အဆင့်မြင့် လက်နက်တွေ ဆိုတာက ကောင်းကင် အဆင့်မြင့် ဥပဒေသတွေ ခိုဝင်ကိန်းအောင်းနေတဲ့ အရာတွေ ဖြစ်ပြီး အဲဒါက လက်ရှိ သည်နေရာမှာ ရှိနေတဲ့ လူတွေအားလုံး နားလည် သဘောပေါက်ထားတဲ့ ဥပဒေသတွေနဲ့ အဆင့်ချင်း အတူတူပါပဲ ။
ဒါပေမဲ့ ခြားနားတာ တစ်ခုကတော့ သည်လက်နက်တွေထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ ဥပဒေသတွေက ကောင်းကင်တာအိုကနေ မြစ်ဖျား ခံလာတာ ဖြစ်ပါတယ် ။
အဲသည်အတွက်ကြောင့်မို့ သူတို့မှာက မိုးမြေရဲ့ အဆီအနှစ်တွေလည်း ပါဝင်တယ်လို့ ဆိုရပါမယ် ။
ဥပဒေသ အဆင့်ချင်း တူညီနေတဲ့ အခါမှာတော့ မိုးမြေ အဆီအနှစ်က စကား ပြောသွားခဲ့ပါပြီ ။
အဲဒါကြောင့်မို့လည်း အစောပိုင်းက လီဖူချန်းဟာ လူတွေအားလုံး အံ့သြမင်တက် သွားရလောက်တဲ့ ဓားစွမ်းမျိုးကို ပြသ နိုင်ခဲ့တာပါ ။
မသကာ လီဖူချန်းဟာ အကြို-သူတော်စင် တစ်ပါး ဖြစ်နေပါစေဦး ။ သူ့အနေနဲ့ ကောင်းကင်အဆင့်မြင့် ရတနာဓားကို မပိုင်ဆိုင်ထားဘူး ဆိုရင် အစောပိုင်းက တိုက်ခိုက်မှုမျိုးကို လုပ်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး ။
" သည်အတိုင်းဆို မဟန်ဘူး ။ ငါမျက်နှာ ပျက်ရတော့မယ် "
ရန်ပွဲက ပိုပြီး ပြင်းထန်လာနိုင်တာကို ရိပ်မိလိုက်တဲ့ ချူချင်းယန်က သက်တံ ဝင်္ကပါ အစီအရင်ရဲ့ လည်ပတ်မှုကို ပိုပြီး လျင်မြန်စေလိုက်ပါတယ် ။
"ခွေးမသား .…… မျိုးမစစ်ကောင် "
တခြား တစ်မှာတော့ ကောင်းကင်တံပိုး ဧကရာဇ်ရဲ့ မျက်နှာဟာ မည်းမှောင် သွားခဲ့ပါပြီ ။
သူ့လို ဝါစဉ်ကြီး မဟာ ဧကရာဇ် တစ်ပါး အနေနဲ့ အခုလို နောက်ပေါက်တစ်ယောက်ရဲ့ စော်ကားမှုမျိုးကို ဘယ်လိုမှ သည်းခံနိုင်စရာ အကြောင်း မရှိပါဘူး ။
အဲသည်အတွက် သူက သူ့ရဲ့ နဖူးပေါ်က ဦးချိုကို ဖြုတ်ပြီး လီဖူချန်းကို လှမ်းရိုက်ဖို့ ပြင်လိုက်ပါတယ် ။
" ကောင်းကင်တံပိုး ဧကရာဇ်…… ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး "
အဲသည်အချိန်မှာပဲ ချူချင်းယန်က သိပ်သည်းတဲ့ သက်တံ ရောင်စဉ် တစ်ခုကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်တံပိုး ဧကရာဇ်ကို ဖိနှိပ် ထားလိုက်ပါတယ် ။
" သွားစမ်း "
ကောင်းကင်တံပိုး ဧကရာဇ်ကလည်း နှယ်နှယ်ရရ မဟုတ်ပါဘူး ။ သူက အားကုန် ရုန်းပြီး ဖိနှိပ်မှုအောက်ကနေ တိုးထွက် လိုက်ပါတယ် ။
ဒါပေမဲ့ ချူချင်းယန်ဟာ သူမရဲ့ ပွဲမှာ ဘာခိုက်ရန်ဖြစ်ပွားမှုမျိုးမှ ထပ်ပြီး မဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားခဲ့ ပြီးပါပြီ ။
အဲသည်အတွက် သူမက သက်တံ ဝင်္ကပါ အစီအရင်ကို အမြင့်ဆုံးအထိ လည်ပတ်စေလိုက်ပြီး နောက်ထပ် သက်တံ တစ်စင်းကို ဖန်တီးလိုက်ပါတယ် ။သည်သက်တံကတော့ အရင် သက်တံတွေနဲ့ မတူဘဲ နေရာလပ်စွမ်းအား ပါရှိပြီး အဲဒါက ကောင်းကင်တံပိုး ဧကရာဇ်ကို ကောင်းကောင်းကြီး ထိန်းချုပ် ထားနိုင်ခဲ့ပါတယ် ။
" ချူချင်းယန် …… ဒါက ဘာသဘောလဲ "
ကောင်းကင်တံပိုး ဧကရာဇ်ရဲ့ ဒေါသမြားဦးက ချူချင်းယန်ဘက်ကို လှည့်သွားခဲ့ပါပြီ ။
ဒါပေမဲ့ သူက ချူချင်းယန်ကို အရမ်းကာရော တိုက်ခိုက်မယ့်ပုံတော့ မပြသေးပါဘူး ။
ဘာဖြစ်လို့လဲ ဆိုတော့ သူက ချူချင်းယန်ဟာလည်း မဟာဧကရီ တစ်ပါး ဖြစ်တယ် ဆိုတာကို ရိပ်မိလိုက်လို့ပါပဲ ။ပြီးတော့ သူမက ထိပ်တန်း မဟာ ဧကရီ တစ်ပါးတောင် ဖြစ်နေပါသေးတယ် ။
အဆင့်၈ ထိပ်တန်း ဝင်္ကပါ အစီအရင်ရဲ့ အထောက်အပံ့ ရထားတဲ့ ချူချင်းယန်ကို အနိုင်ယူဖို့ ဆိုတာက ထင်သလောက် မလွယ်ကူတဲ့ အရာပါပဲ ။
ချူချင်းယန်က မဟာ ဧကရီ တစ်ပါး ဖြစ်တယ် ဆိုတာကို သတိပြုမိလိုက်တဲ့ သူက ကောင်းကင်တံပိုး ဧကရာဇ်တင် မဟုတ်ပါဘူး ။ ကျန်တဲ့သူတွေ အားလုံးကလည်း အဲသည် အချက်ကို သတိ ပြုမိလိုက်ကြပါတယ် ။
သည်အတိုင်း ဆိုရင်တော့ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ဟာ ပထမတန်းစား ဧကရာဇ် အဆင့် အဖွဲ့အစည်း ၇ခုရဲ့ အားပြိုင်တဲ့ နေရာ မဟုတ်တော့ပါဘူး ။ ဒါက ပထမတန်းစား ဧကရာဇ် အဆင့် အဖွဲ့အစည်း ၈ခု အားပြိုင်မယ့် နေရာ ဖြစ်သွားခဲ့ပါပြီ ။ နောက်ပြီး တကယ်လို့ အမှောင်ထု ကလန်ကိုပါ ထည့်တွက်မယ် ဆိုရင်တော့ ပထမတန်းစား ဧကရာဇ် အဆင့် အဖွဲ့အစည်း ၉ခု အားပြိုင်တဲ့ နေရာကို ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။
ချူချင်းယန်က ကောင်းကင်တံပိုး ဧကရာဇ်ရဲ့ ဒေါသကို ကြောက်ရွံ့တဲ့ပုံ မရှိပါဘူး ။ သူမက လေသံ တည်တည်ငြိမ်ငြိမ်နဲ့ အားလုံးကို တောင်းဆိုလိုက်ပါတယ် ။
" ကျွန်မ ပြောပြီးပါပြီ ။ဒါက ပန်းပေါင်းစုံ ပွဲတော်ပါ ။ သည်တော့ အားလုံးအနေနဲ့ အိမ်ရှင်ဖြစ်တဲ့ ကျွန်မကို မျက်နှာသာ နည်းနည်းလောက် ပေးကြပါဦး "
ဒါပေမဲ့ ကောင်းကင်တံပိုး ဧကရာဇ်ကတော့ ဒေါသ ထွက်နေဆဲပါပဲ ။
" ဒါဆိုရင် အစောပိုင်းက ဟိုမျိုးမစစ်လေးတုန်းကကျတော့ မင်းဘာလို့ မတားတာလဲ ။ ဘာလဲ …… မင်းက ငါကောင်းကင်တံပိုး ဧကရာဇ်ကို အိုနေပြီ ဆိုပြီး အထင်သေးတာလား ဒါမှမဟုတ် ငါက အနိုင်ကျင့်တာကို ငြိမ်ပြီး သည်းခံနေတတ်တဲ့လူလို့ ထင်နေတာလား "
ကောင်းကင်တံပိုး ဧကရာဇ်က ပြောရင်း ပြောရင်းနဲ့ ပိုပိုပြီး ဒေါသ ထွက်လာခဲ့ပါတယ် ။
တကယ်လို့သာ ချူချင်းယန် အနေနဲ့ သူကျေနပ်အောင် ရှင်းပြချက် မထုတ်ပေးဘူး ဆိုရင် သူဟာ သူ့ရဲ့ မျိုးဆက်သွေး အစွမ်းကိုတောင် ထုတ်ဖို့ စဉ်းစားထားခဲ့ ပြီးပါပြီ ။
သူ့ရဲ့ မျိုးဆက်သွေး အစွမ်းက သည်ဝင်္ကပါ အစီအရင်ကို ဖောက်မထွက်နိုင်ဘူးလို့ သူ့အနေနဲ့ လုံးဝ မယုံကြည်ပါဘူး ။
" ဒါ……ဒါက……"
ချူချင်းယန်က လီဖူချန်းဘက်ကို တစ်ချက်ကြည့်ပြီး မချိပြုံး ပြုံးလိုက်မိပါတယ် ။
ကောင်းကင် အဆင့်မြင့် ရတနာဓားကို ပိုင်ဆိုင်ထားတဲ့ လီဖူချန်းက သက်တံ ဝင်္ကပါ အစီအရင်ရဲ့ ဖိနှိပ်မှုကို ဘယ်လောက်မှ ခံရစရာ အကြောင်း မရှိပါဘူး ။ တကယ်လို့ သူမ အနေနဲ့ ရှိသမျှ အစွမ်းအကုန် သုံးပြီး လီဖူချန်းကို ဖိနှိပ်ဖို့ ကြိုးစားရင်လည်း အဲဒါက အောင်မြင်ဖို့ထက် ကျရှုံးဖို့သာ ပိုပြီး များပါလိမ့်မယ် ။
နောက်ပြီး သူမရဲ့ လုပ်ရပ်ကြောင့် လီဖူချန်း ဒေါသ ထွက်သွားမယ် ဆိုရင် သူ့ကို ဘယ်သူက တာဝန်ယူပြီး ဖျောင်းဖျ ပေးမှာတဲ့လဲ ။
ချူချင်းယန်က သူမ အနေနဲ့ ဒေါသ ထွက်နေတဲ့ ဓားဧကရာဇ်ကို ရင်ဆိုင်မယ့်အစား ဒေါသ ထွက်နေတဲ့ ကောင်းကင်တံပိုး ဧကရာဇ်ကို ရင်ဆိုင်တာက ပိုပြီး သက်သာရာ ရလိမ့်မယ်လို့ ထင်နေ မိပါတယ် ။
အဲသည်ထက် ပိုပြီး တိတိကျကျ ပြောရမယ် ဆိုရင် သူမက အခု ရောက်လာတဲ့ သူတွေထဲမှာ လီဖူချန်းဟာ အန္တရာယ် အများဆုံးလို့ လုံးဝ ယုံကြည်နေမိတာပါ ။ လီဖူချန်းရဲ့ နောက်မှာမှ ဝိညာဉ် ဧကရာဇ် နဲ့ ကောင်းကင်တံပိုး ဧကရာဇ်တို့က ကပ်လိုက်နေတာ ဖြစ်ပါတယ် ။
အဲသည်ထဲမှာမှ အရေးအကြီးဆုံးကတော့ သူမဟာ လီဖူချန်းနဲ့ လုံးဝ ထိပ်တိုက် မတွေ့ချင်တာပါပဲ ။
ဘယ်သူက ကြိုပြီး ပြောနိုင်မှာလဲ ။ မသကာ လီဖူချန်းက သူမရဲ့ အိမ်ပြန်ခရီးမှာ အရေးအကြီးဆုံးလူ ဖြစ်ရင် ဖြစ်နေနိုင်တာပဲ မဟုတ်လား ။
့ဖြစ်နိုင်မယ် ဆိုရင် ချူချင်းယန်က ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာ တစ်ရက်ကလေးတောင် ထပ်ပြီး မနေချင်တော့ပါဘူး ။
သူမက သူတော်စင် ဝိညာဉ် ကုန်းမြေတိုက်ကို ရောက်အောင် ပြန်နိုင်မှသာ သူတော်စင် ဖြစ်ဖို့ အခွင့်အရေးကို ရမှာပါ ။
အတွေးဆုံးတဲ့ နောက်မှာတော့ ချူချင်းယန်က ကောင်းကင်တံပိုး ဧကရာဇ်ဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်ပါတယ် ။
" ကောင်းကင်တံပိုး ဧကရာဇ်.…… ကြည့်ရတာ ရှင်က ရှင့်ရဲ့ ခံနိုင်ရည်ကို အတော်လေး အားကိုးပုံရတယ် ။ ဒါပေမဲ့ ကျွန်မ တစ်ခုပြောမယ် ။ ရှင့်ရဲ့ ခံနိုင်ရည်က ကောင်းကင် အဆင့်မြင့် ရတနာ ဓားတစ်လက်ကို အန်တု နိုင်မှာလား ။ တကယ်လို့ ရှင့်အနေနဲ့ အန်တုနိုင်မယ် ထင်ရင်တော့ ကျွန်မ ရှင့်ကို မတားတော့ဘူး ။ စိတ်ကြိုက်သာ တိုက်ပေတော့ "
အဲသည်အချိန်မှာပဲ လီဖူချန်းက တစ်စခန်း ထလာပြန်ပါတယ် ။
" ကောင်းကင်တံပိုး ဧကရာဇ်…… ခင်ဗျား ဆက်တိုက်ချင်တယ် ဆိုရင် အပြင်မှာ ဆက်တိုက်ကြမယ် ။ ဘယ်လိုလဲ "
လီဖူချန်းက သူ့အနေနဲ့ ကောင်းကင်တံပိုး ဧကရာဇ်ကို သတ်နိုင်လိမ့်မယ်လို့ အကြွင်းမဲ့ ယုံကြည်ချက် မရှိပါဘူး ။ ဒါပေမဲ့ သူက ကောင်းကင်တံပိုး ဧကရာဇ်ကို ဒဏ်ရာ အပြင်းအထန် ရသွားအောင် လုပ်နိုင်လိမ့်မယ်လို့တော့ လုံးဝ ယုံကြည်ပါတယ် ။
"မင်း…… "
အစတုန်းကတော့ ကောင်းကင်တံပိုး ဧကရာဇ်က လီဖူချန်းကို အပြင်ဘက်မှာ သွားတိုက်ဖို့ ပြောဦးမလို့ပါပဲ ။
ဒါပေမဲ့လည်း သူ့ရဲ့ နားထဲကို အသံတစ်ခု ဝင်လာပြီးတဲ့ နောက်မှာတော့ သူက ပြန်ပြီး တည်ငြိမ် သွားခဲ့ပါတယ် ။
" ထားလိုက်ပါတော့ …… မသိရင် ငါကပဲ အိမ်ရှင်ကို မျက်နှာသာ မပေးတတ်တဲ့ အရိုင်းအစိုင်း ဖြစ်နေဦးမယ် "
" ဓားဧကရာဇ်…… ချူချင်းယန်ရဲ့ မျက်နှာကြောင့် ငါမင်းကို အသက်ရှင်ခွင့် ခဏ ပေးထားလိုက်မယ် "
စကားဆုံးတဲ့ နောက်မှာတော့ ကောင်းကင်တံပိုး ဧကရာဇ်က နောက်ထပ် နန်းဆောင် တစ်ခုကို ရှာပြီး ဝင်ထိုင်နေလိုက်ပါတယ် ။
" ဟား……ဟား……ဟား…… ကြောက်ရင် ကြောက်တယ်ပေါ့ ။ ဘာတွေ ဟန်ဆောင်နေတာလဲ "
လီဖူချန်းကတော့ ဆက်ပြီး လှောင်ပြောင်နေဆဲပါပဲ ။
" ဟမ့် "
ဒါပေမဲ့ ကောင်းကင်တံပိုး ဧကရာဇ်က သူ့ကို လုံးဝ အဖက် မလုပ်တော့ပါဘူး ။
သည်ရန်ပွဲက ဘယ်လောက်မှ မကြီးကျယ်ပါဘူး ။ ဒါပေမဲ့လည်း လူတွေ အားလုံးကတော့ ဓားဧကရာဇ်ရဲ့ အစွမ်းကို လက်ဖျား ခါသွားကြပါပြီ ။
ဓားဧကရာဇ် နာမည်ကြီးနေတယ် ဆိုတာက သူနဲ့ ထိုက်တန်လို့ပါပဲ ။ အဲဒါကိုတော့ သူက အခုလေးတင်ပဲ ကောင်းကင်တံပိုး ဧကရာဇ်ကို ဖိနှိပ်ပြီး ပြသ သွားခဲ့ ပြီးပါပြီ ။
ဒါပေမဲ့လည်း ဓားဧကရာဇ်ကို ကြည့်ရတာက ကာမတဏှာပိုင်းမှာ အတော်လေး အားသန်ပုံပါပဲ ။
ဘာဖြစ်လို့လဲ ဆိုတော့ သူက ကောင်းကင်တံပိုး ဧကရာဇ်ရဲ့ လက်ထဲက အစေခံကိုတောင်မှ လုယူလိုက်တာ မဟုတ်ပါလား ။
ဒါပေမဲ့ လူတချို့ကတော့ အဲဒါကိုပဲ သူတို့အတွက် အခွင့်အလမ်းကြီး တစ်ခုလို့ ထင်မြင်နေကြပါတယ် ။
တချို့ဆိုရင် သူတို့ရဲ့ မျိုးဆက်တွေထဲက လက်ရွေးစင် သမီးပျိုလေးတွေကို ဓားဧကရာဇ်ဆီ ဆက်သဖို့တောင် ကြံစည် နေကြပါပြီ ။
" တန်ခိုး ထက်လိုက်စမ်းတာ "
ပယင်း ဧကရီက လီဖူချန်းကို ကြည့်နေရင်းနဲ့ စိတ်ထဲကနေ ရေရွတ်လိုက်ပါတယ် ။
ငယ်ရွယ်တယ် ။ တန်ခိုးအစွမ်းထက်တယ် ။ သြဇာအာဏာစက် ပြင်းတယ် ။
ဒါတွေ အကုန်လုံးက သူမလိုချင်တဲ့ အရည်အချင်းတွေပါပဲ ။
ဒါပေမဲ့လည်း လီဖူချန်းရဲ့ ဘေးကို တစ်ချက် ကြည့်မိလိုက်တဲ့ အခါမှာတော့ သူမဟာ မျက်နှာ ညိုှးသွားခဲ့ပါတယ် ။
လီဖူချန်းရဲ့ ဘေးမှာ ရှိနေတဲ့ အလှ ဧကရီလေးက အသက် ၅၀တောင် ပြည့်သေးတဲ့ပုံ မပေါ်ပါဘူး ။
တခြား ဧကရီတွေနဲ့ ယှဉ်ရင် အသက် သုံးရာကျော်သာ ရှိသေးတဲ့ သူမက အတော်လေး ငယ်သေးတယ် ဆိုပေမယ့် လီဖူချန်းရဲ့ ဘေးမှာ ရှိနေတဲ့ အလှ ဧကရီလေးနဲ့ ယှဉ်ရင်တော့ သူမက အဘွားရဲ့ အဘွား အရွယ်လောက်ကို ရောက်နေခဲ့ပါပြီ ။
" သခင်လေးက တကယ် သြဇာ ထက်တာပဲ "
ဟူလင်းအာက လေးစားအားကျစွာနဲ့ တီးတိုး ပြောလိုက်ပါတယ် ။
ဟူဟောင်ရှုက ခေါင်းညိတ်လိုက်ပြီး
" ကလေးမ …… စိတ်ကူးတွေ ယဉ်မနေနဲ့ ။ နင်က ဓားဧကရာဇ် နေတဲ့ ကမ္ဘာနဲ့ ဘာမှ မဆိုင်ဘူး "
" ဟုတ်ကဲ့…… သမီး သိပါတယ် ဘွားဘွား "
ဟူလင်းအားက ဟူလင်းရှုရဲ့ သတိပေးမှုကို ဘာမှ ပြန်မပြောပါဘူး ။ ဒါပေမဲ့ စိတ်ထဲမှာတော့ သူမက တစ်နေ့မှာ လီဖူချန်း နေထိုင်တဲ့ ကမ္ဘာကို ရောက်အောင် သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။
သည်လိုနဲ့ပဲ ပန်းပေါင်းစုံ ပွဲတော်က ဆက်လက် ကျင်းပနေပြီး တည်ငြိမ် သွားပါတော့တယ် ။
ဒါပေမဲ့ ဘေးနားမှာ ရှိနေတဲ့ ဆူးပန်း ဧကရီကတော့ အစောပိုင်းက ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စိတ်အေးသေးပုံ မရပါဘူး ။
" ဓားဧကရာဇ်…… ရှင့်အနေနဲ့ ဝိညာဉ် ဧကရာဇ် နဲ့ ကောင်းကင်တံပိုး ဧကရာဇ်ကို သတိမထားလို့တော့ မရဘူးနော် ။ ကျွန်မအထင် ပြောရရင် အစောပိုင်းက ဝိညာဉ် ဧကရာဇ်က ကောင်းကင်တံပိုး ဧကရာဇ်ကို တစ်ခုခု ပြောလိုက်ပုံ ရတယ် "
" ဝိညာဉ် ဧကရာဇ်က ကောင်းကင်တံပိုး ဧကရာဇ်ကို ဆက်သွယ်တယ် ဆိုမှတော့ သတိ မထားလို့ မရဘူး ။ ကြည့်ရတာ သူက အကြီးအကဲလီကို အနိုင်ယူဖို့အတွက် ဘာကိုမှ ဂရု မစိုက်တော့ဘူး ထင်တယ် "
အဆွေး ဧကရာဇ်ကလည်း စိုးရိမ်ပူပန်စွာနဲ့ သတိ ပေးလာခဲ့ပါတယ် ။
လီဖူချန်းက မသိမသာ ခေါင်းညိတ်လိုက်ပြီး
"အဲဒါကို ကျွန်တော်လည်း သတိ ထားမိပါတယ် ။ ဒါပေမဲ့ သူတို့နှစ်ယောက် ပေါင်းလည်း ကျွန်တော့်အတွက် ဘာမှ သိပ်မထူးလောက်ပါဘူး "
လီဖူချန်းက သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ပါပဲ ။
သူက သူ့ကိုယ်သူ ယုံကြည်မှု မရှိဘူးဆိုရင် သည်ကုန်းမြေတိုက်ကို ပြန်လာခဲ့မှာတောင် မဟုတ်ပါဘူး ။
………
နာမည်ကျော် ပန်းလေး ၃၆ပွင့်ရဲ့ အက၊အလှ ဖျော်ဖြေမှု အပြီးမှာတော့ တော်ဝင် ပန်းလေးတွေရဲ့ အလှည့်ကို ကျရောက် လာခဲ့ပါပြီ ။
ပန်းပေါင်းစုံ နန်းတော်ရဲ့ ပထမ တော်ဝင် ပန်းလေးကတော့ အစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး မြင်သူတကာ ငေးငိုင် သွားရလောက်တဲ့အထိ လှပတဲ့ အလှအပကို ပိုင်ဆိုင်ထားသူ ဆိုရင်လည်း မမှားပါဘူး ။
သူမရဲ့ အလှအပက မဟာ ဧကရာဇ်တွေကိုတောင်မှ အသက်ရှု မှားသွားစေလောက်တဲ့အထိ လှပလွန်းလှပါတယ် ။
" အား……ပါး……ပါး…… လှရက်နိုင်လိုက်စမ်းတာကွာ "
ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တချို့ဆိုရင် ဘယ်လိုမှ မနေနိုင်ဘဲ ပါးစပ်ကနေ ပထမ ပန်းကလေးရဲ့ အလှအပကို ထုတ်ဖော် ချီးကျူး လာခဲ့ကြပါပြီ ။
သူတို့က သူတို့ဘဝမှာ မိန်းမလှလေး အမြောက်အများကို မြင်ခဲ့ဖူးပေမယ့် ဘယ်သူကမှ သည်ပထမ ပန်းလေးလောက် စွဲဆောင်နိုင်စွမ်း မရှိပါဘူး ။
" ဟင့်…… ပန်းပေါင်းစုံ နန်းတော်က တော်တော်လေး အားစိုက်ထုတ်ထားတာပဲ ။ သူတို့က တော်ဝင်ပန်းတွေကို ဧကရီ့ အလိုကျ ကျင့်စဉ်တောင် ပေးကျင့်ထားသေးတယ် "
ရန်ချင်းဟူက တအံ့တသြနဲ့ မှတ်ချက် ပေးလိုက်ပါတယ် ။
" ဧကရီ့ အလိုကျ ကျင့်စဉ် ……ဟုတ်လား "
လီဖူချန်း နဲ့ တခြားလူတွေက ရန်ချင်းဟူကို မေးခွန်းထုတ်တဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်လာကြပါပြီ ။
အဲသည်အတွက် ရန်ချင်းဟူက အားလုံးကို ရှင်းပြ ရပါတော့တယ် ။
" ဧကရီ့ အလိုကျ ကျင့်စဉ် ဆိုတာက ကျင့်ကြံသူကို သူတို့ရဲ့ ရုပ်ရည်နဲ့ အရှိန်အဝါတွေ ပြောင်းလဲပေးတယ် ။ သူတော်စင် ကုန်းမြေတိုက်မှာ ဆိုရင် ဧကရီ ဆိုတဲ့ ဂိုဏ်းရှိပြီး ဧကရီ့ အလိုကျ ကျင့်စဉ်က သူတို့ဂိုဏ်းရဲ့ အထွတ်အမြတ် ထားရတဲ့ ကျင့်စဉ်ပဲ ။ဒါပေမဲ့ အခု တော်ဝင်ပန်းတွေ ကျင့်ကြံထားတဲ့ ကျင့်စဉ်ကတော့ အပြည့်အစုံ မပါဘူး ။ ဧကရီ့ အလိုကျ ကျင့်စဉ် အပြည့်အစုံကိုက ဧကရီ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ ဆက်ခံသူတွေပဲ ကျင့်ကြံခွင့်ရှိတာ "
" ဘယ်လိုလုပ်ပြီး လောကပေါ်မှာ သည်လို ကျင့်စဉ်မျိုး ရှိနေရတာလဲ "
ဆူးပန်းဧကရီကတော့ လုံးဝ နားမလည်နိုင်တဲ့ ပုံပါပဲ ။
သူမက သူတော်စင် ဝိညာဉ် ကုန်းမြေတိုက်ဆိုတာ ဘာလဲ ဆိုတာကို မသိပါဘူး ။ ဒါပေမဲ့ အခု သူမ ကြားရသလောက် ဆိုရင်တော့ ဧကရီ့ အလိုကျ ကျင့်စဉ်ဟာ အင်မတန်မှကို အသုံးမဝင်တဲ့ ကျင့်စဉ် ဖြစ်ပါတယ် ။
ကျင့်ကြံသူတွေက သူတို့ရဲ့ ရုပ်ရည်နဲ့ အရှိန်အဝါအတွက် ကျင့်ကြံတယ် ဆိုကတည်းက ဒါဟာ တလွဲကြီး ဖြစ်နေပါပြီ ။
ကျင့်ကြံသူတွေ ဆိုတာက ထာဝရ အသက်ရှည်ဖို့ နဲ့ တန်ခိုးအစွမ်း ထက်ဖို့ အတွက်သာ ပစ်မှတ်ထား ကျင့်ကြံကြတာ မဟုတ်ပါလား ။
ရန်ချင်းဟူက ခေါင်းခါလိုက်ပြီး
" ဧကရီ့ အလိုကျ ကျင့်စဉ်ကို သည်လို အထင်သေးလို့တော့ မရဘူး ။ သည်ကျင့်စဉ်ကို ကျင့်ကြံသူတွေက တခြားသူတွေ အပေါ်မှာ လွှမ်းမိုးနိုင်စွမ်း အရမ်းကြီးတယ် ။ သူတို့က မိုးမြေစွမ်းအား ဥပဒေသ အပေါ်မှာတောင် သက်ရောက်နိုင်တယ်။ ဥပမာ တကယ်လို့ သည်နေရာကိုသာ ဧကရီဂိုဏ်းချုပ် ရောက်လာပြီး အပြုံးလေးနဲ့ အကူအညီ တောင်းခံမယ်ဆိုရင် ဓားဧကရာဇ်ကလွဲပြီး ဘယ်သူကမှ ငြင်းနိုင်မှာ မဟုတ်ဘူး "
" သည်လိုဆိုရင်တော့ သည်ကျင့်စဉ်က အတော်လေး ကြောက်စရာ ကောင်းတာပဲ "
တိမ်တိုက် ဧကရာဇ် အပါအဝင် ဘယ်သူကမှ အရှိန်အဝါ တစ်ခုဟာ သည်လောက်အထိ သက်ရောက်နိုင်စွမ်း ကြီးမားလိမ့်မယ်လို့ မတွေးမိဖူးပါဘူး ။
သည်အတိုင်းဆိုရင် သည်ကျင့်စဉ်က ပုံရိပ်ယောင် ပညာရပ်တွေနဲ့ မတူပေဘူးလား ။
" ဘယ်လမ်းစဉ်ပဲဖြစ်ဖြစ် အဆုံးသတ်ကို ရောက်သွားပြီဆိုရင် အမတ တန်ခိုးရှင် အဖြစ်ကို ရောက်မှာပဲ ။ ဒါက သိပ်တော့ အံ့သြစရာ မရှိပါဘူး "
လီဖူချန်းက ခပ်တိုးတိုး မှတ်ချက် ချလိုက်ပါတယ် ။
မဟာတာအို ဆိုတာက အရာအားလုံး ပါဝင်တဲ့ အရာပါပဲ ။
ခံစားချက်ကိုတောင် ကျင့်ကြံနိုင်မှတော့ အရှိန်အဝါကို ဘာဖြစ်လို့ မကျင့်ကြံနိုင်ရမှာလဲ ။
"အင်း "
ရန်ချင်းဟူက ခေါင်းညိတ်လိုက်ပါတယ်။
လီဖူချန်းက သည်အဆင့်အထိ ရောက်လာတာကလည်း မထူးဆန်းလှပါဘူး ။
လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်က လူတစ်ယောက်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးတာပါပဲ ။
ဝတ်စုံစိမ်းဝတ် တော်ဝင်ပန်းလေးရဲ့ အလှည့် ပြီးသွားတဲ့ နောက်မှာတော့ ဝတ်စုံဝါဝတ် တော်ဝင်ပန်းလေးရဲ့ အလှည့် ကျရောက်လာပြန်ပါတယ် ။
သူတို့နှစ်ယောက်က ရုပ်ရည် နဲ့ အရှိန်အဝါပိုင်းမှာ ခြားနားပေမယ့် ပရိသတ်ကို ညှို့ယူ ဖမ်းစားနိုင်တဲ့ အပိုင်းမှာတော့ အတူတူပါပဲ ။
ဒါကြောင့်လူတွေအားလုံးက နောက်ထပ် အမျိုးအစား မတူညီတဲ့ အလှအပ တစ်မျိုးကို ခံစားခွင့် ရတယ်လို့ မှတ်ယူနေကြပါတယ် ။
" ဓားဧကရာဇ်…… ကျွန်မတို့ ပန်းပေါင်းစုံ နန်းတော်ရဲ့ တော်ဝင်ပန်းလေး နှစ်ပွင့်အပေါ် ရှင်ဘယ်လိုမြင်လဲ "
ရုတ်တရက် ဆိုသလိုပဲ ချူချင်းယန်က လီဖူချန်းကို စိတ်နဲ့ ဆက်သွယ် လာခဲ့ပါတယ် ။
" မဆိုးပါဘူး ။ ဆန့်ကျင်ဘက်လိင်တွေ အပေါ်မှာ ဖမ်းစားနိုင်စွမ်း ရှိသားပဲ "
လီဖူချန်းကလည်း ပြန်ဖြေလိုက်ပါတယ်။
" သည်လိုဆိုရင် ကျွန်မက သည်ပန်းလေးနှစ်ပွင့်ကို ဓားဧကရာဇ်အတွက် လက်ဆောင်အဖြစ် ပို့ပေးလိုက်မယ် ။ ဓားဧကရာဇ် အနေနဲ့ သူတို့ကို တာအိုလက်တွဲဖော် ဒါမှမဟုတ် ကိုယ်လုပ်တော်တွေ အဖြစ် ထားလိုက်ပေါ့ ။ နှမြောစရာက ကျွန်မတို့ နန်းတော်မှာ လက်ရှိ တော်ဝင်ပန်းက နှစ်ပွင့်တည်း ရှိတာပဲ ။ ဒါပေမဲ့ စိတ်မပူပါနဲ့ ။ နောင်အနာဂတ်မှာ တော်ဝင်ပန်းလေးတွေ ထပ်ပွင့်လာရင်လည်း ကျွန်မက ဓားဧကရာဇ်ကိုပဲ လက်ဆောင်အဖြစ် ပေးပါ့မယ် "
ချူချင်းယန်က စကားကို အပွင့်လင်းဆုံး ပြောလာခဲ့ပါတယ်။
ဒါပေမဲ့ လီဖူချန်းက လက်မခံခဲ့ပါဘူး ။
" နန်းတော်သခင်မ ……ကျေးဇူးပြုပြီး ခင်ဗျားရဲ့ စိတ်ထဲက ကိစ္စကိုပဲ ပြောပါ ။ ကျုပ်တတ်နိုင်ရင် ကူညီပါ့မယ် "
" ဒါဆိုရင်လည်း ကျွန်မ အမှန်အတိုင်းပဲ ပြောတော့မယ် ။ ဓားဧကရာဇ်…… ကျေးဇူးပြုပြီး ကျွန်မနဲ့ ကျိန်စာ ဘုရားကျောင်းကို လိုက်ကူပေးပါ "
" ကျိန်စာ ဘုရားကျောင်း …… အဲဒါက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ရဲ့ အန္တရာယ် အရှိဆုံး နေရာ မဟုတ်ဘူးလား ။ နန်းတော် သခင်မက ကျုပ်ကို အထင်ကြီးလွန်းနေပြီ ထင်တယ် "
လီဖူချန်းက ကျိန်စာ ဘုရားကျောင်း အကြောင်းကို ကောင်းကောင်းကြီး ကြားဖူးပါတယ် ။
အဲဒါက သာမန် ဘုရားကျောင်းမျိုး မဟုတ်ပါဘူး ။ ကျိန်စာ ဘုရားကျောင်းရဲ့ အစွန်အဖျားက နေရာတွေကတောင် မဟာ ဧကရာဇ်တွေကို ဒုက္ခ ကောင်းကောင်းကြီး ပေးနိုင်ပါတယ်။
တကယ့် ဗဟိုချက်မ နေရာ ဆိုရင်တော့ မဟာ ဧကရာဇ်တွေ အတွက်တောင် အသက် အာမခံချက် မရှိပါဘူး ။
ချူချင်းယန်က ခေါင်းခါလိုက်ပြီး
" ကျွန်မက ရှင့်ကို အခု လိုက်ခဲ့ဖို့ ခေါ်နေတာ မဟုတ်ပါဘူး ။ နောက်ထပ် ဆယ်နှစ် …… ဆယ်နှစ်ကြာပြီးမှပါ ။ ဓားဧကရာဇ်က အသက်၄၀မှာတောင် သည်လောက် အစွမ်း ထက်နေမှတော့ နောက်ထပ် ဆယ်နှစ်ဆိုရင် သူတော်စင်တွေကလွဲပြီး ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူးလို့ ကျွန်မ ထင်တယ် ။ ဒါကြောင့်မို့ ကျွန်မက ဓားဧကရာဇ်ကို အကူအညီ တောင်းရတာပါ "
***