သူဌေးကတော်၏နာမည်(၂)
Vol. 33 Ch. 387-ခ
စိတ်ဝင်စားစရာကောင်းသည်မှာ လျန်ဟောင်တစ်ယောက် သူတို့ရှေ့ပြန်ပေါ်လာသည့်အချိန်တွင် သူ၏ဆံပင်ရှည်များက အလွန်တိုသွားပြီး တစ်လက်မခန့်သာ ရှိတော့လေသည်။ ၎င်းက လူကြိုက်များသည့်ဆံပင်ပုံစံမဟုတ်သော်လည်း သူ့အား ပို၍တက်ကြွသည့်ပုံပေါက်သွားစေပြီး ပျော့ဖတ်ဖတ်ပုံစံနည်းသွားစေသည်။
လျန်ဟောင်သည် အလွန်နာခံစွာဖြင့် သူ၏ဆံပင်ကို ညှပ်လာသည်အား တွေ့တော့ ကျန်းလီ အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် လျန်ဟောင်၏အသွင်ပြင်က ပို၍ မျက်စိပသာဒဖြစ်လာသော်လည်း အတော်လေးသိမ်မွေ့နူးညံပြီး ယောက်ျားမဆန်ဖြစ်နေသေးသည့်အတွက်ကြောင့် ကျန်းလီ၏အမြင်တွင် သူသည် ကျောက်ဖုန်းလောက် ဆွဲဆောင်မှုမရှိချေ။
သို့သော် လျန်ဟောင်သည် စားသောက်ဆိုင်သို့ လျန်မုန့်ချီထက် ပို၍မကြာခဏလာထိုင်သောကြောင့် ကျန်းလီနှင့် မကြာခဏစကားပြောခွင့်ရခဲ့ပြီး သူတို့အချင်းချင်း တဖြည်းဖြည်း ရင်းနီးလာကြသည်။
ကျန်းလီသည် လျန်ဟောင်နှင့်အတူ အချိန်ဖြုန်းရသည်ကို သဘောကျ၏။ နောက်ဆုံးတွင်တော့ သူမ စားသောက်ဆိုင်တွင် တစ်နေကုန်နေရသည်မှာ အလွန်ငြီးငွေ့နေရသည်မဟုတ်ပါလား။ လျန်ဟောင်က နေ့တိုင်း ဆိုင်သို့ရောက်လာပြီး ရံဖန်ရံခါ သူမနှင့်လမ်းလျှောက်ထွက်ကာ သူမ၏ငြီးငွေ့ဖွယ်နေ့စဉ်ဘဝကို အရောင်ခြယ်ပေးလေသည်။
ချောမောသည့်လျန်ဟောင်မှာ လီလီအား သိသိသာသာ စွဲဆောင်လာသည်ကို သတိပြုမိပြီး လော့ချင်းမှာ သူတို့ဘေးနားတွင် ကြိတ်ရယ်နေတတ်၏။ လျန်မုန့်ချီပင် သူတို့၏ဆက်ဆံရေး ပြောင်းလဲသွားသည်ကို ခံစားနိုင်သည်။ လျန်မုန့်ချီသည် ညီမတစ်ယောက်အနေဖြင့် အစ်ကိုဖြစ်သူလျန်ဟောင်၏အကြောင်းကို ပို၍သိသည်။ သူမ၏အစ်ကိုသည် မငယ်တော့သည့်အတွက် အိမ်ထောင်ပြုရန်အချိန်ရောက်နေပြီဖြစ်ရာ သူမအတွက် ယောင်းမတစ်ယောက် ရှာတွေ့နိုင်လိမ့်မည်ဟု လျန်မုန့်ချီ မျှော်လင့်သည်။
သို့သော် ကျန်းလီသာ သူမ၏ယောင်းမဖြစ်လာလျှင် အနည်းငယ် ကို့ယို့ကားယားဖြစ်နေလိမ့်မည်။ နောက်ဆုံးတွင်တော့ သူမက ကျန်းလီ၏အစ်ကိုကို သဘောကျနေပြီး သူ့အား လိုက်ချင်ခဲ့သည်မဟုတ်ပါလား။
နောက်ပိုင်းတွင် ကျန်းလီက ကျောက်ဖုန်း၏ပုံစံမျိုးကို သူမသဘောကျပြီး လျန်ဟောင်ကို စိတ်မဝင်စားကြောင်း လျန်မုန့်ချီအား ပြောပြသည့်အချိန်တွင် လျန်မုန့်ချီ ကျန်းလီအား အံ့အားသင့်မှုဖြင့် မကြည့်မိဘဲမနေနိုင်ချေ။
ကျောက်ဖုန်းလား... အဲဒီ... ငါနဲ့စကားပြောဖို့ အမြဲတမ်းအခွင့်အရေးရှာနေတဲ့ ကျောက်ဖုန်းလား…
ထိုနောက် သူမ၏အစ်ကိုအား ငေးကြောင်ကြောင် ကြည့်လိုက်ပြီး သုံးပွင့်ဆိုင်အချစ်တစ်ခု ရှိနေသည်ကို ခံစားမိလိုက်သည်။
မဟုတ်ဘူး။ ကျောက်ဖုန်းက ငါ့ရဲ့အကြိုက်ပုံစံမဟုတ်ဘူး…
"လီလီ နင်အသက် ၂၄ နှစ်လား” လျန်မုန့်ချီ မေးသည်။
"ဟုတ်တယ်” ကျန်းလီ ပြန်ဖြေ၏။
"အာ... စားသောက်ဆိုင်ကို အရင်သွားရအောင်။ ငါ့အစ်ကိုနဲ့ငါ ဒီနေ့လည်ခင်း စားသောက်ဆိုင်မှာပဲ နေမယ်” လျန်မုန့်ချီက ခေါင်းခါလိုက်သည်။
ညနေ ၂ နာရီ ၃၀ မိနစ်တွင် လျန်မုန့်ချီနှင့် လျန်ဟောင်တို့အပြင် ကျန်းလီနှင့် လော့ချင်းတို့လည်း လမ်းလျှောက်ထွက်လာကြ၏။ ယခု သူတို့ မီတာငါးရာခန့်ဝေးသည့် စားသောက်ဆိုင်သို့ လမ်းလျှောက်လာခဲ့ကြသည်။
"လီလီ ငါတို့က သူငယ်ချင်းတွေမလား” လျန်မုန့်ချီက ရုတ်တရက် ပြောသည်။
"ဟုတ်တယ်လေ” ကျန်းလီက ခေါင်းညိတ်လိုက်ပြီး အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။ သူတို့က သူငယ်ချင်းမဟုတ်ပါက ဘာလို့ လျန်မုန့်ချီနှင့်အတူတူ ဈေးဝယ်ထွက်မည်နည်း။
"ဒါဆို သူဌေးကတော်က ဘယ်သူလဲပြောပြ။ ငါ သူမနာမည်ကို မသိသေးဘူး” လျန်မုန့်ချီ သိချင်စိတ်ဖြင့် ပြောသည်။
"ယောင်းမနာမည်လား။ နင်သူမကို သိမှာသေချာတယ်” လော့ချင်းက ပါးစပ်ကိုအုပ်ကာ ပြုံး၍ပြောသည်။
"ငါသူမကို သိတာလား။ ဘယ်သူလဲ” လျန်မုန့်ချီ၏မျက်လုံးများ ပြူးကျယ်သွားသည်။
လျန်ဟောင်ပင် အနည်းငယ် စပ်စုချင်စိတ်ပေါက်သွား၏။ မုန့်မုန့်လေးမှာ အလွန်ချစ်စရာကောင်းပြီး နူးညံ့လှပသူဖြစ်ရာ သူမလေး၏အမေထံမှ ဗီဇကြောင့်ဟု သတ်မှတ်ရမည်ဖြစ်သည်။ ထိုကဲ့သို့ နတ်သမီးလေးနှင့်တူသည့်မိန်းကလေးမျိုးအား သာမန်လူများ မမွေးဖွားနိုင်ချေ။
"ဒါဆို ငါနင့်ကို ပြောပြမယ်။ သူမ နာမည်က... ခန့်မှန်းကြည့်လေ” ကျန်းလီ ပြုံးကာ မျက်စိမှိတ်ပြရင်း ပြောလိုက်၏။
“အာ... မြန်မြန်ပြောစမ်းပါ လီလီရယ်” လျန်မုန့်ချီက ကျန်းလီ၏လက်ကို ဆွဲကာ အကြိမ်အနည်းငယ် ယမ်းလိုက်၏။
"အင်း... နားထောင်” အနည်းငယ် ရယ်မောပြီးနောက် ကျန်းလီက ပြောလိုက်သည်။ "ငါ့ယောင်းမအကြောင်း နင်ကြားဖူးမှာပါ။ သူမက စူပါစတား ဇီယန်လေ”
"ဟမ်” လျန်မုန့်ချီ အံ့အားသင့်သွားပြီး အာမေဋိတ်သံထွက်လာသည်။
"ဘယ်သူ။ ဇီယန်လား” လျန်ဟောင် အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ ကျန်းလီအား ကြည့်ကာ "သေချာလား”
"သေချာတာပေါ့။ အဲဒါအမှန်ပဲ။ စားသောက်ဆိုင်က ဓာတ်ပုံတွေကို ရှင် သတိမထားမိဘူးလား။ နံရံမှာ သူမဓာတ်ပုံတွေလည်းရှိတယ်။ ရှင်တော်တော်တုံးတာပဲ” ကျန်းလီက နှုတ်ခမ်းကိုတွန့်ကာ ပြောသည်။
"ဝိုး ဇီယန်ပေါ့။ ငါ့အစ်ကိုနဲ့ ဇီယန်က သူငယ်ချင်းတွေလေ” လျန်မုန့်ချီက အံ့အားသင့်စွာပြောသည်။
"ရှင်တို့က အချင်းချင်းသိတာလား” ကျန်းလီ အံ့အားသင့်သွားပြီး လျန်ဟောင်ကို ကြည့်လိုက်၏။
"ဟုတ်တယ်။ တိုက်ဆိုင်လိုက်တာ” လျန်ဟောင် အားတင်းပြုံးလိုက်ပြီး ဖုန်းကိုထုတ်ကာ ဇီယန်၏နံပါတ်ကို ခေါ်လိုက်သည်။ "ဟဲလို ဇီယန် ငါ နင့်ယောက်ျားရဲ့ဟင်းချက်လက်ရာကို စားဖူးပြီထင်တယ်။ တိုက်ဆိုင်လိုက်တာ။ နင့်ရဲ့သမီးလေးက အရမ်းချစ်စရာကောင်းတယ်..…”
ဇီယန်အလုပ်ရှုပ်နေသည့်အတွက် လျန်ဟေင်က ရိုးရှင်းစွာ ရှင်းပြပြီး ဖုန်းချလိုက်၏။
"ရှင် ကျွန်မယောင်းမကို သိတာလား။ ကျွန်မယောင်းမကို လိုက်ဖူးလား” ကျန်းလီက လျန်ဟောင်အား စိုက်ကြည့်ကာ မေးသည်။
"အာ... မလိုက်ဖူးဘူး။ ငါ ဘယ်သူ့ကိုမှ မလိုက်ဖူးပါဘူး” လျန်ဟောင် ခေါင်းယမ်းလိုက်သည်။
လျန်ဟောင်သည် သိုင်းပညာကို အလွန်စွဲလမ်းနေသောကြောင့် ယခုအချိန်ထိ မိန်းကလေးများနှင့် ချိန်းတွေ့ရန် အချိန်မရှိခဲ့ချေ။ သူသည် ချီစွမ်းအားမာစတာအဆင့်နှင့် နီးကပ်နေပြီဖြစ်ဟု သိနေပြီး ၎င်းက ရည်းစားရှာရန် အချိန်တန်ပြီဟု ထင်ခဲ့သည်။
"အိုး... ရှင် သူမကို လိုက်ခဲ့ရင်လည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မယောင်းမက ရှင့်လို ပျော့တိပျော့ဖတ်ကို ကြိုက်မယ်မထင်ဘူး” ကျန်းလီက ပြန်ဖြေသည်။
"....” လျန်ဟောာင်၏အမူအရာမှာ တောင့်တင်းသွား၏။
နှစ်ပေါင်းများစွာအတွင်း သူ့အား မည်သူ့မျှ ယခုလို ဝေဖန် ငြင်းဆန်သူမရှိခဲ့ချေ။
သို့သော် သူ ဒီကိုရောက်လာကတည်းက ကျန်းလီ၏အထေ့အငေါ့အပြောအဆိုများကို နားထောင်နေရပြီး သူသည်လည်း ၎င်းကို သဘောကျနေဆဲပင်။ ၎င်းက အနည်းငယ် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ခံစားရ၏။
လျန်ဟောင် ရယ်ရမလား ငိုရမလား မသိတော့။ သူ ကျန်းလီကို ကြည့်လိုက်ပြီး "ငါ ဆံပင်ကို အတိုညှပ်လိုက်ပြီ။ ပျော့တိပျော့ဖတ်ကောင်လေးနဲ့ တူသေးလား”
"တူတယ်” ကျန်းလီက ခေါင်းညိတ်လိုက်သည်။
"ငါတို့ အချင်းချင်းသိသွားရင် တကယ့်ယောက်ျားစစ်စစ်ဆိုတာ မင်းသိလာမှာပါ” လျန်ဟောင်က ယဉ်ယဉ်ကျေးကျေးပြန်ပြောသည်။
"ဘယ်သူက ဂရုစိုက်လို့လဲ။ ကျွန်မယောင်းမနဲ့ ရှင်က သိတယ်ဆိုတော့ ကျွန်မကို သူ့အကြောင်း တစ်ခုခုပြောပြ” ကျန်းလီက ပြောသည်။
"အင်း... သူမက စင်္ကာပူ ဇီမိသားစုက တရားဝင်သမီးပဲ။ သူမက မျိုးဆက်သစ်တွေထဲမှ အလှဆုံးမိန်းကလေးလေ။ သူမက ကြယ်ပွင့်တစ်ယောက်ဖြစ်ချင်ပေမယ့် မိသားစုက သဘောမတူခဲ့ဘူး။ သူတို့က တခြားမိသားစုတစ်ခုနဲ့ ဆက်ဆံရေးခိုင်မာချင်တဲ့အတွက် မိသားစုချင်း လက်ထပ်ပေးဖို့ စီစဉ်ချင်ခဲ့ကြတယ်။ အဲဒါကြောင့် သူမက သူမရဲ့ကိုယ်ပိုင်ဆန္ဒအတွက် ဟောင်ကောင်ကို လာခဲ့တာ...…”
စားသောက်ဆိုင်ကိုပြန်လာသည့်လမ်းတွင် ရိုးရှင်းသည့်စကားဝိုင်းမှတဆင့် ဇီယန်အကြောင်းတစ်စုံတစ်ရာကို ကျန်းလီ သိရှိသွားခဲ့ရသည်။
စားသောက်ဆိုင်ကိုပြန်ရောက်သည့်အချိန်တွင် ကျန်းဟန်နှင့် မုန့်မုန့်တို့ ဆိုဖာပေါ်တွင် ကားတွန်းကားကြည့်နေသည်ကို တွေ့လိုက်ရသည်။
"အစ်ကို လျန်ဟောင်နဲ့ ယောင်းမက သူငယ်ချင်းတွေတဲ့။ သူတို့သိတာ တော်တော်ကြာပြီ။ ဒါပေမယ့် ငါ ဒီနေ့မှ သိခဲ့ရတာ” ကျန်းလီက ကျန်းဟန်ထံ ပြေးလာပြီး ပြောသည်။
ကျန်းဟန်က ခေါင်းလှည့်ကာ လျန်ဟောင်အား ကြည့်လိုက်ပြီး အသာခေါင်းညိတ်ပြသည်။
လျန်ဟောင်လည်း ဆိုဖာဘေးနားသို့ လျှောက်သွားလိုက်ပြီး လက်ကိုဆန့်ကာ "ဟဲလို မစ္စတာကျန်း။ ကျုပ်ကိုယ်ကျုပ် တရားဝင်ပြန်ပြီး မိတ်ဆက်ပါရစေ။ ကျုပ်နာမည် လျန်ဟောင်ပါ။ ဇီယန်လည်း ကျုပ်လိုပဲ စင်္ကာပူမှာ ကြီးပြင်းခဲ့တာပါ”
"အင်း” ကျန်းဟန်က သူ့အား လက်ဆွဲနှုတ်ဆက်သည်။
"ကျုပ်ဒီကို မလာခင်က ဇီယန်က သူ့မှာ ဟင်းချက်ကောင်းတဲ့ခင်ပွန်းရှိတယ်လို့ ပြောခဲ့သေးတယ်။ ဒါပေမယ့် ခင်ဗျား ဒီလောက်ထိ ခမ်းနားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး” လျန်ဟောင်က ပြုံးရွှင်စွာ ပြောသည်။
"ခင်ဗျား...” ကျန်းဟန် တစ်ခုခုပြောတော့မည့်အချိန်တွင်။
စားသောက်ဆိုင်တံခါး ပွင့်လာပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် လူတစ်ယောက် လျင်မြန်စွာ လျှောက်ဝင်လာ၏။
"မင်္ဂလာပါ မစ္စတာကျန်း။ ဒါက ခင်ဗျားအတွက်ပါ”
သူက ကတ်တစ်ကတ် ပေးသည်။
ကျန်းဟန် ကတ်ကိုယူပြီး ဖွင့်လိုက်သည်။
"ရှင့်ကို နောက်ထပ် မနှောင့်ယှက်စေချင်ရင် ရူရှင်းဟိုတယ် ဒုတိယထပ် အခန်းနံပါတ် ၃၆ ကိုလာခဲ့ပါ။ နောက်ဆုံးအကြိမ် စကားပြောရအောင်။ ဒါက ကျွန်မရဲ့ နောက်ဆုံးစည်းပါပဲ”
"နင့်ကို ဘယ်သူလာခိုင်းတာလဲ။ အဲဒီ ချောင်လား” ကျန်းလီက အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသည့်လူကို စိုက်ကြည့်လိုက်သည်။
ထိုလူက ဘာမှမပြောဘဲ ပြုံးလိုက်၏။
"အစ်ကို ငါ နင်နဲ့လိုက်ခဲ့မယ်။ သူမ ဘာလုပ်ရဲမှာလဲ” ကျန်းလီက အထင်သေးစွာပြောသည်။
"တောင်းပန်ပါတယ်။ မစ္စတာကျန်းတစ်ယောက်တည်းကိုပဲ ဖိတ်ထားတာပါ။ တခြားသူတွေပါရင် မစ္စချောင်က တွေ့မှာ မဟုတ်ပါဘူး” သတင်းပို့သူက ပြုံးကာ ပြောသည်။
လျန်မုန့်ချီနှင့် လျန်ဟောင်တို့ သူတို့ထိုင်နေကျထိုင်ခုံဆီသို့ ပြန်သွားကာ ထိုဘက်သို့ သိချင်စိတ်ဖြင့်ကြည့်လိုက်၏။
မုန့်မုန့်သည်ပင် ကာတွန်းကားကြည့်နေသည်ကို ခဏရပ်တန့်သွား၏။ သူမလေး ကျန်းဟန်အား ကြည့်ကာ "ဖေဖေ ဘာဖြစ်လို့လဲ။ သမီးတို့ အပြင်သွားပြီး ကစားမှာလား”
"မဟုတ်ဘူး” ကျန်းဟန်က ပြုံးကာ ခေါင်းယမ်းလိုက်သည်။ သူ၏လက်ချောင်းများက လှုပ်ရှားသွားပြီး ကတ်ကို လေထဲသို့ ပစ်လွှတ်လိုက်ရာ ရှေ့ရှိ အမှိုက်ပုံးထဲသို့ ကျသွား၏။
ကျန်းဟန် ၎င်းကို ဂရုမစိုက်သည်မှာ ရှင်းပေသည်။
၎င်းကိုမြင်တော့ သတင်းပို့သူက ပြုံးကာ ပြောသည်။ "မစ္စတာကျန်း၊ မစ္စဇီက မင်းကို တစ်ခုခုပြောခဲ့သေးလားမသိဘူး။ မစ္စချောင်က လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမကို ဆက်သွယ်ခဲ့တယ်။ မင်း သွားကြည့်လိုက်တာ ပိုကောင်းမယ်”
"ဟမ်”
ကျန်းဟန် မျက်မှောင်ကြုတ်လိုက်ပြီး ထိုလူအား ကြည့်လိုက်၏။
“အရှက်မရှိလိုက်တာ” ကျန်းလီက ဒေါသတကြီးပြောသည်။ "ငါ့ရဲ့လောကအမြင်တောင် သူမကြောင့် အသစ်ဖြစ်သွားရတယ်။ အစ်ကို နင် သူ့ဆီသွားပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်လိုက်ပါ။ ငါတို့ရှေ့မှာ အရှက်မရှိ ပေါ်မလာနဲ့တော့လို့ ပြောလိုက်”
ကျန်းဟန်က ခေါင်းညိတ်ကာ မတ်တပ်ထရပ်ပြီး မုန့်မုန့်ကို ကြည့်၍ "မုန့်မုန့် အန်တီလီလီနဲ့ ခဏလောက်ကစားနေဦးနော်။ ဖေဖေ ခဏနေရင် ပြန်လာမှာ”
"အင်း... ဖေဖေ မြန်မြန်လာနော်” မုန့်မုန့်က နာခံစွာဖြင့် ခေါင်းညိတ်၏။
ကျန်းဟန် စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။
"မစ္စတာကျန်း ကျုပ်ကားနဲ့ လိုက်ခဲ့မလား” ထိုလူက ပန်းရောင် Bentlyဆီ လျှောက်သွားရင်း မေးသည်။
"ရှေ့ကမောင်းပါ”
ကျန်းဟန်က ဘာသိဘာသာပင် တုံ့ပြန်လိုက်ပြီး သူ၏ပန်ဒါကားပေါ်သို့ တက်သွားသည်။
ထိုလူက ကားပေါ်တက်ပြီး စားသောာက်ဆိုင်မှ မောင်းထွက်လာခဲ့သည်။
ရှုရှင်းဟိုတယ်သည် လဆန်းပင်လယ်ကွေ့တွင်ရှိသော်လည်း ထိုလူသည် နာရီကိုတစ်ချက်တစ်ချက်ကြည့်ရင်း နောက်ထပ် ဘလောက်အနည်းငယ်လှည့်ပတ်သွားနေခဲ့သည်။ နေ့လည် ၂ နာရီ ၅၀ မိနစ်တွင် ကားနှစ်စီးက ရှုရှင်းဟိုတယ်ဝင်ပေါက်သို့ ရောက်ရှိခဲ့၏။
ရှုရှင်းဟိုတယ်သည် ကျယ်ဝန်းသည့်ဧရိယာနှင့် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်သည်။
ကျန်းဟန် ကားပေါ်မှ ဆင်းပြီး ဟိုတယ်ထဲသို့ တန်း၍ လျှောက်သွားသည့်အချိန်တွင် Bentlyထဲမှလူသည် ကင်မရာကိုထုတ်ကာ ကျန်းဟန်၏နောက်ကျောကို အဝေးမှ ဓာတ်ပုံရိုက်ယူခဲ့သည်။
ထိုနောက် နောက်ထိုင်ခုံရှိ သက်လတ်ပိုင်းလူကို ကင်မရာပေးလိုက်ပြီး "ဓာတ်ပုံတွေကိုစုပြီး မြန်မြန်ဖြေရှင်းပါ။ ကျန်တဲ့တစ်ဝက်ကို မင်းအကောင့်ထဲ လွှဲပေးမယ်”
"ကောင်းပြီ”
သက်လတ်ပိုင်းလူက စိတ်လှုပ်ရှားစွာဖြင့် ကင်မရာကိုယူလိုက်ပြီး ဘေးသို့ချကာ သူ၏လက်ပ်တော့ကို ဖွင့်လိုက်သည်။
ကျန်းဟန် ဒုတိယထပ်သို့ တက်သွားပြီး ပတ်ဝန်းကျင်အားကြည့်လိုက်ရာ ပြတင်းပေါက်ထောင့်၌ ထိုင်နေသော ချောင်လောလောကို တွေ့လိုက်ရသည်။
သူသည် သူမထံ တည့်တည့်လျှောက်သွားပြီး ဝင်ထိုင်ကာ သူမအား အမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်။
ချောင်လောလောသည် စကားစမပြောချင်ပုံရ၏။ သူမသည် ကျန်းဟန်အား အဓိပ္ပာယ်ပါပါအပြုံးဖြင့် ကြည့်နေသည်။
"နှစ်မိနစ်” ကျန်းဟန်က ခြောက်ကပ်ကပ်ပြောလိုက်သည်။
"ရှင်က အခု ဂရုမစိုက်ဟန်နဲ့ အရမ်းအေးစက်နေတာပဲ။ အရင်က တက်ကြွပြီး စိတ်အားထက်သန်နေခဲ့ဖူးတယ်လေ။ အထူးသဖြင့် ကျွန်မအတွက်ပေါ့” ချောင်လောလောက ပြုံးကာ ပြောသည်။
"အတိတ်ကအကြောင်းတွေ ငါ့ကိုလာမပြောနဲ့” ကျန်းဟန်က သူမအား ကြားဖြတ်လိုက်ပြီး "မင်းက ငါ့ရဲ့ပထမဆုံးမဟုတ်ပေမယ့် နောက်ဆုံးတစ်ယောက်ပဲ။ ငါက သိပ်ပြီးစိတ်မရှည်တတ်ဘူး။ ငါ့ကို ထပ်ပြီး မနှောင့်ယှက်နဲ့”
"မင်း ငါ့လိပ်စာနဲ့ ဇီယန်ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်ကို ရှာနိုင်မှတော့ နောက်ထပ် အချက်အလက်တွေလည်း ရှာနိုင်မှာပါ”
"မင်းကိုယ်မင်းနဲ့ ချောင်မိသားစုကို ဒုက္မရောက်စေချင်နဲ့”
"ငါက ပြဿနာတွေကို မကြိုက်ဘူး။ မင်းငါ့ကို ထပ်ပြီးနှောင့်ယှက်ရင်တော့ ငါ အကုန်လုံးကို တစ်ခါတည်းဖြေရှင်းပေးမယ်”
"အဲဒါပဲ။ မင်း ကိုယ့်ဘာသာ စဉ်းစား”
ချောင်လောလော စကားပြောခွင့်ပင်မရဘဲ ကျန်းဟန်က သူပြောချင်တာ ပြီးအောင်ပြောပြီးနောက် မတ်တပ်ရပ်လိုက်သည်။
သူသည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကိုပင် မထိချေ။