← Chapters

မီးတောက်ခေါင်းဆောင်ကြီး၏ ဆင့်ခေါ်မှု

Vol. 73 Ch. 1011

မီးတောက်ခေါင်းဆောင်ကြီး၏ ဆင့်ခေါ်မှု

Vol. 73 Ch. 1011

" ကိုယ့်ကိုယ်ကို ရိုက်နှက်ကန်ကျောက်တာ ထားပါဦး။ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ဒူးထောက် အရိုအသေးပေးတာက ဖြစ်နိုင်လို့လားဟ " ဝမ်ပေါင်လဲ့မှာ မမလေးအား မယုံသင်္ကာဖြစ်နေသည့် အမူအရာဖြင့် ကြည့်လိုက်၏။ သူသည် သူမ ပြောသည့် စကားများကို မယုံခြင်းမဟုတ်ပါသော်လည်း အခြားပြဿနာများ ရှိနေနိုင်သေးသည်ဟု ခံစားနေရခြင်း ဖြစ်သည်။

နွားထီးအိုကြီးနှင့် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ အဓိပ္ပါယ်လုံးဝမရှိကြောင်း သူက ခံစားနေရ၏။ သူသည် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး ဝပ်တွားခယကာ နွားထီးအိုကြီးအား အရိုအသေပေးခဲ့သည်ကို မြင်ခဲ့ရကြသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့သည်လည်း ကိုယ်ပွားတစ်ခု ပိုင်ဆိုင်ထားသည်ဖြစ်ရာ သေသေချာချာ စဉ်းစားကြည့်လိုက်ပြီးနောက် မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုကဲ့သို့သော လုပ်ရပ်မျိုး လုပ်လိမ့်မည်မဟုတ်ကြောင်း မှတ်ယူလိုက်၏။

မမလေးမှာမူ ဝမ်ပေါင်လဲ့တစ်ယောက် ချီတုံချတုံဖြစ်နေသည့် အမူအရာကိုကြည့်၍ ရယ်မောလိုက်၏။ သူမသည် ဆက်လက်ရှင်းပြနေခြင်း မရှိတော့ဘဲ သန်းဝေလိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ မျက်နှာဖုံးထဲသို့ ပြန်ဝင်သွားလိုက်သည်။ သို့သော် သူမသည် ပျောက်ကွယ်မသွားခင် စကားတစ်ခွန်းပြောခဲ့၏။

" ငါပြောတဲ့ စကားတွေ တကယ်မှန်သလား မမှန်ဘူးလားဆိုတာ နင် မီးတောက်ခေါင်းဆောင်ကြီးနဲ့ တွေ့တဲ့အချိန်ကျရင် သိလိမ့်မယ်။ သူ နင့်ကို အခက်တွေ့အောင် လုပ်မလား မလုပ်ဘူးလားဆိုတာ စောင့်ကြည့်နေလိုက်ပေါ့... "

ဝမ်ပေါင်လဲ့မှာ မမလေး၏ စကားများကိုနားထောင်ကာ သူမ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီးနောက် ထပ်၍ စဉ်းစားတွေးတောလိုက်ပါသော်လည်း ယုံတစ်ဝက်မယုံတစ်ဝက် ဖြစ်နေဆဲပင်။ ထို့ကြောင့် သူသည် မီးတောက်ခေါင်းဆောင်ကြီး သူ့အား ဆင့်ခေါ်သည့်အချိန်ကို စောင့်ဆိုင်းပြီးမှ သူ့အား သေသေချာချာ အကဲခတ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ထိုသို့တွေးလိုက်ပြီးနောက် မျှော်စင်ကြီး၏ အပြင်အဆင်အား လေ့လာကြည့်လိုက်၏။

ထို မျှော်စင်ကြီးအား လေးထပ်ခွဲထားပြီး အောက်ဆုံးရှိ ပထမထပ်မှာ ဧည့်ခန်းဖြစ်၏။ ၎င်း၏ အပြင်အဆင်မှာ ရိုးရှင်းသည့်တိုင်အောင် ကြီးကျယ်ခမ်းနားမှု ရှိသည့်ပုံ ပေါက်နေဆဲပင်။ ကုလားထိုင်များကိုပင် ဝိညာဉ်ချီများ ထုတ်လွှတ်နေသည့် အထူးသစ်သားတစ်မျိုးဖြင့် ပြုလုပ်ထား၏။ ထို့အပြင် ဤမျှော်စင်ထဲတွင် ဝိညာဉ်ချီစုဆောင်းခြင်း မန္တန်အစီအရင်တစ်ခု ရှိရပေမည်။ ထို့ကြောင့်လည်း အပြင်ဘက်မှ ဝိညာဉ်ချီများမှာ အထဲ၌ လာရောက်စုဝေးနေကြသဖြင့် မျှော်စင်ထဲရှိ ဝိညာဉ်ချီများ၏ သိပ်သည်းဆမှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် မြင့်မားနေခြင်းဖြစ်သည်။

ပုံမှန်အတိုင်းသာဆိုပါက ထိုကဲ့သို့ သိပ်သည်းဆ များလွန်းနေသည့် ဝိညာဉ်ချီများမှာ ဝိညာဉ်အရည်များအဖြစ် ပြောင်းလဲကာ နေရာအနှံ့သို့ စီးဆင်းသွားရမည် ဖြစ်ပါသော်လည်း ဤ မျှော်စင်ကြီးအား တည်ဆောက်ရာ၌ ထိုအချက်အား ထည့်သွင်းစဉ်းစားထားကြောင်း သိနိုင်ပေသည်။ မည်သည့်နည်းလမ်းကြောင့်မှန်းမသိ ထို ဝိညာဉ်အရည်များမှာ ရေတံခွန်တစ်ခုအသွင် ပြောင်းလဲသွားပြီး အထပ်လေးထပ်စလုံးအား ချိတ်ဆက်ပေးထားသည့် လှေကား၏ အလယ်မှ ဖြတ်၍ စီးဆင်းနေ၏။ ထို ရေတံခွန်၏ ရေများမှာ ဝိညာဉ်ချီအရည်များ ဖြစ်သောကြောင့် ၎င်းတို့အား တိုက်ရိုက်သောက်သုံး၍ ရပေသည်။

ထို့ကြောင့်လည်း ဤ မျှော်စင်ကြီးမှာ တိတ်ဆိတ်နေခြင်းမရှိဘဲ ရေများ တသွင်သွင် စီးဆင်းနေသည့်အသံများကို ကြားနိုင်ပေသည်။ အပြင်ဘက်ရှိ အပူချိန်နှင့် ယှဉ်လိုက်မည်ဆိုပါက မျှော်စင်ထဲတွင် အေးမြနေသောကြောင့် ကျင့်ကြံခြင်း လေ့ကျင့်ရသည်မှာ ပို၍ သက်သောင့်သက်သာ ရှိပေသည်။

ဒုတိယထပ်တွင် ဆေးဖော်စပ်နည်းများနှင့် ပစ္စည်းကိရိယာများ ထားရှိသည့် အခန်းရှိနေ၏။ ထိုအခန်းအပြင် လိုသလို အသုံးပြုနိုင်သည့် အခန်းလွတ်သုံးခန်းလည်း ရှိနေသေးသည်။ တတိယထပ်မှာ အရေးအကြီးဆုံးဖြစ်၏။ ထို တတိယထပ် တစ်ထပ်လုံးအား နှစ်ခြမ်းခွဲထားသည်။ တစ်ခြမ်းမှာ တံခါးပိတ်လေ့ကျင်ရန် လျှို့ဝှက်အခန်းတစ်ခန်း ဖြစ်ပြီး အခြားတစ်ခြမ်းမှာ မိမိ၏ နတ်ဘုရားစွမ်းရည်များကို စမ်းသပ်နိုင်သည့် သိုင်းပညာလေ့ကျင့်ရေးအခန်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ပထမဆုံးသုံးထပ်အား အကဲခတ်လေ့လာလိုက်ပြီးနောက် ဤ နေရာအား အလွန်အင်မတန်မှ အားရသွား၏။ သူသည် မျှော်စင်ထဲရှိ အေးမြမှုများနှင့် ဝိညာဉ်ချီများ သူ၏ ခန္ဓာကိုယ်ထဲသို့ အလိုအလျောက် ဝင်ရောက်လာနေသည့် စိတ်ကြည်နူးဖွယ်ရာ ခံစားချက်များကြောင့် ဇိမ်ကျနေသည်။ ထို့နောက် သူသည် မျှော်စင်ကြီး၏ အပေါ်ဆုံးအထပ်သို့ တက်သွားလိုက်၏။ ၎င်းအား ထပ်ခိုးထပ်အဖြစ် သတ်မှတ်နိုင်ပေသည်။ ထို အထပ်မှာ အတော်အသင့် ကျယ်ဝန်းပြီး မတ်တတ်ရပ်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်မည်ဆိုပါက ကမ္ဘာကြီးတစ်ခုလုံးအား မြင်နိုင်ပေသည်။

ယခုတွင် အပြင်ဘက်ရှိ ကောင်းကင်ယံကြီးမှာ တဖြည်းဖြည်းနှင့် မှောင်မိုက်လာနေပြီ ဖြစ်သည်။ နေမင်းကြီး၏ နေရာတွင်လည်း ထိန်ထိန်သာနေသည့် လမင်းကြီးတစ်စင်း ပေါ်ပေါက်လာတော့မည် ဖြစ်သည်။ သို့သော် ပြည်ထောင်စုကြီးနှင့် မတူသည်မှာ မီးတောက်ကြယ်စင်စုထဲ၌ လမင်း ဆယ်စင်းကျော်ရှိပြီး ၎င်းတို့အားလုံးမှာ ပုံသဏ္ဍာန်အမျိုးမျိုး ရှိနေကြခြင်းပင်။ ကောင်းကင်ယံထဲ၌ ငွားငွားစွင့်စွင့် ရှိနေကြသည့် ထို လမင်းကြီးများအားလုံးမှာ အလွန်အင်မတန်မှ ထူးဆန်းနေကြသည်။ တစ်ချိန်ထဲမှာပင် ၎င်းတို့မှာ ကမ္ဘာကြီးတစ်ခုလုံးအား အလင်းပေးထားသဖြင့် မီးတောက်ပင်မဂြိုဟ်ကြီးမှာ ဝင်းလက်တောက်ပနေတော့သည်။

ထို့အပြင် ညအချိန်သို့ ရောက်လာပြီဖြစ်ရာ အပူချိန်မှာလည်း အလျင်အမြန် ကျဆင်းလာ၏။ ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်သည့်အချိန်တွင် အပြင်ဘက်ရှိ အပူချိန်မှာ သိသိသာသာ လျော့ကျသွားလောက်ပြီဖြစ်ကြောင်း သိနိုင်ပေသည်။

ထိုကဲ့သို့သော ဆန့်ကျင့်ဘက် ရာသီဥတုအခြေအနေနှစ်မျိုးမှာ သက်ရှိများစွာအတွက် အန္တရာယ်ရှိနိုင်ပါသော်လည်း ကျင့်ကြံသူများအတွက်မူ အလွန်အင်မတန်မှ အကျိုးရှိပေသည်။ ထို ပြောင်းလဲမှုကြောင့် သူတို့မှာ သူတို့၏ ယင်နှင့်ယန်စွမ်းအားများကို ပေါင်းစည်းနိုင်စွမ်း ရှိသွားမည်ဖြစ်ရာ သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်မှုနှုန်း ပိုမိုမြန်ဆန်လာရုံသာမက ပို၍လည်း တည်ငြိမ်မှု ရှိလာမည်ဖြစ်သည်။

" ဒီနေရာက ကျင့်ကြံခြင်း လေ့ကျင့်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် အလွန်အင်မတန်မှ စိတ်ကျေနပ်သွားသဖြင့် မျှော်စင်ကြီး၏ ထိပ်ဆုံးအထပ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ထို့နောက် သူသည် ဤနေရာကြီး ထူးဆန်းနေသည့် အကြောင်းနှင့် မမလေး ပြောပြခဲ့သည့် မီးတောက်ခေါင်းဆောင်ကြီး၏ ဘဝအကြောင်း စဉ်းစားနေခြင်း မရှိတော့ဘဲ စိတ်ကိုတည်ငြိမ်အောင်ထားကာ အသက်ရှူလေ့ကျင့်ခန်းများ စတင်လိုက်တော့သည်။

သူသည် အလယ်အလတ် ဂြိုဟ်အဆင့်သို့ ရောက်နေပြီဖြစ်ရာ ထိုကဲ့သို့ လေ့ကျင့်နေရင်း သူ၏ နောက်ရှိ ဂြိုဟ်မှာ တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာ၏။ သာမန်ကာလျှံကာ ကြည့်လိုက်မည်ဆိုပါက ၎င်းမှာ တာအိုဂြိုဟ်တစ်လုံးနှင့် တူပါသော်လည်း သေသေချာချာကြည့်လိုက်လျှင်မှု ရှေးဟောင်းဂြိုဟ်ကိုးလုံး ရှိနေပြီး ၎င်းတို့ အားလုံးမှာ အသက်ရှူနေသည့်အလား ဖြည်းညင်းစွာ တုန်ရီနေကြသည်ကို မြင်နိုင်ပေမည်။ ၎င်းတို့မှာ ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် အမြောက်အမြားကို စုပ်ယူနေကြသည်။

ဝမ်ပေါင်လဲ့တစ်ယောက် စကြဝဠာကြီးထဲ၌ လေ့ကျင့်ခဲ့စဉ်တုန်းက သူ့ကြောင့် ဝဲကြီးတစ်ခု ပေါ်ပေါက်လာခဲ့ရ၏။ သို့သော် ဤ နေရာတွင်မူ ဝိညာဉ်ချီ အမြောက်အမြား ရှိနေသည့်အပြင် သူ၏ မျှော်စင်မှာလည်း တမူထူးခြားနေသည် မဟုတ်ပါလော။ ထို့ကြောင့် မည်သည့်ဝဲမှ ပေါ်ပေါက်လာခဲ့ခြင်းမရှိပေ။ သို့သော် ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်ချီများ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားနေသည့် မြင်ကွင်းကိုမူ မြင်နိုင်ပေသည်။

ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး သုံးရက်တိတိ ကုန်ဆုံးသွား၏။ ထိုသုံးရက်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မဖွင့်ခဲ့သလို အပြင်ဘက်သို့လည်း ထွက်သွားခဲ့ခြင်းမရှိပေ။ သူသည် မလှုပ်မယှက် တရားထိုင်နေခဲ့သဖြင့် ဝိညာဉ်ချီများမှာ သူ၏ ခန္ဓာကိုယ််ထဲသို့ အဆက်မပြတ် စီးဝင်လာနေခဲ့၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်သွားခဲ့ခြင်း မရှိပါသော်လည်း ၎င်းမှာ အလယ်အလတ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း တဖြည်းဖြည်းနှင့် တည်ငြိမ်သွားပြီဖြစ်သည်။

" ဒီနေရာမှာ တစ်ရက်လေ့ကျင့်ရတာက ပြည်ထောင်စုကြီးထဲမှာ ခြောက်လတိတိ လေ့ကျင့်ရတာနဲ့ တူတူပါပဲလား... " ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းနိုင်စွမ်း မရှိတော့သဖြင့် မျက်လုံးများပွင့်လာ၏။ သူ၏ တွက်ချက်မှုများအရဆိုလျှင် ဤနေရာတွင် တံခါးပိတ်၍ နှစ်ပေါင်းတစ်ရာတိတိ လေ့ကျင့်လိုက်မည်ဆိုပါက ဆေးလုံးများနှင့် အထူး အခွင့်အရေးများကိုပင် လိုအပ်နေမည်မဟုတ်ဘဲ အလယ်အလတ်ဂြိုဟ်အဆင့်မှ နှောင်းပိုင်းဂြိုဟ်အဆင့်သို့ ဖောက်ထွက်သွားနိုင်မည် ဖြစ်သည်။

အနှစ်တစ်ရာဆိုသည့် အချိန်မှာ အကြာကြီး ဖြစ်ပါသော်လည်း ထိုအမြန်နှုန်းမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေဆဲပင်။ သူသည် ပြည်ထောင်စုကြီးထဲတွင်သာ ရှိနေခဲ့မည် ဆိုပါက နှောင်းပိုင်း ဂြိုဟ်အဆင့်သို့ တက်လှမ်းနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဥ်းနေမည်ဖြစ်ကြောင်း သိထားသည်မဟုတ်ပါလော။

" ငါ ဂြိုဟ်အဆင့် ကျင့်ကြံခြင်းပညာရပ်တစ်ခုပဲ လိုနေတာ... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ ၎င်းမှာ သူ မီတောက်ကြယ်စင်စုဆီသို့ ရောက်လာရသည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်ပေသည်။ ဂြိုဟ်အဆင့် ကျင့်ကြံခြင်းပညာရပ်တစ်ခုမှာ မည်သည့်ဂိုဏ်းအတွက်မဆို လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်း၏ ကျင့်ကြံခြင်းပညာရပ် အချို့အား တတ်မြောက်ထားသည့်တိုင်အောင် ၎င်းတို့ထဲမှ အများစုမှာ သူ့အတွက် သင့်တော်မှုမရှိပေ။ ထို့ကြောင့် သူသည် ဤ ကြယ်စင်စုထဲ၌ မီးတောက်ခေါင်းဆောင်ကြီးဆီမှ ပညာရပ်တစ်ခုခု ရရှိနိုင်ရန်မျှော်လင့်ထားသည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် နောက်ထပ်လေးရက်တိတိ ဆက်၍ လေ့ကျင့်နေလိုက်၏။ သူ မီးတောက်ကြယ်စင်စုဆီသို့ ရောက်ရှိလာခဲ့သည့် အဋ္ဌမမြောက်နေ့၏ မနက်ခင်းတွင် ခပ်လှမ်းလှမ်း၌ ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး သူ၏ အသိစိတ်ထဲ၌ စကားသံတစ်သံ ပဲ့တင်ထပ်သွားသည်ကို ကြားလိုက်ရတော့သည်။

" တပည့်လေးတို့။ မင်းတို့ရဲ့ဆရာ ပြန်ရောက်လာပြီ။ ဆရာ့ကို မြန်မြန် လာတွေ့ကြ။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ချက်ချင်းပွင့်လာ၏။ သူသည် သူ၏ ဆရာဖြစ်သူ မီးတောက်ခေါင်းဆောင်ကြီး၏ အသံအား ကောင်းကောင်းကြီး မှတ်မိနေသည်။ ထို့ကြောင့် သူ၏ နှလုံးသားထဲ၌ ကိန်းအောင်းနေခဲ့သည့် သံသယစိတ်များမှာ ပြန်၍ ပေါ်ပေါက်လာရပြန်သည်။ သို့သော် သူသည် ၎င်းတို့အား ချက်ချင်း ချုပ်တည်းလိုက်၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်ကာ မျှော်စင်ထဲမှ ထွက်ခွာလာတော့သည်။

သူ ထွက်ခွာလာသည်နှင့် အခြား မျှော်စင်များထဲမှလည်း လူရိပ်များ ပျံထွက်လာကြပြီး အလယ်ရှိ မီးတောက်ခေါင်းဆောင်ကြီး၏ မျှော်စင်ဆီသို့ ဦးတည်သွားလိုက်ကြ၏။ သူတို့မှာ တစ််ယောက်နှင့်တစ်ယောက် အဝေးကြီးတွင် ရှိမနေကြသောကြောင့် အလင်းတန်းများ ပေါ်ပေါက်လာပြီး ခဏအကြာတွင် ဝမ်ပေါင်လဲ့နှင့် သူ၏ ဂိုဏ်းတူအစ်ကိုအစ်မများမှာ မီးတောက်ခေါင်းဆောင်ကြီး၏ မျှော်စင်အပြင်ဘက်သို့ ရောက်ရှိလာတော့သည်။

ဝမ်ပေါင်လဲ့မှာ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း အပြည့်ရှိသည့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး၊ နတ်ဘုရားတစ်ပါးနှင့် တူသည့် နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး၊ မီးနွားပေါက်လေးတစ်ကောင်နှင့် တူသည့် နံပါတ်သုံး ဂိုဏ်းတူအစ်ကိုကြီး၊ နံပါတ်ငါး ဂိုဏ်းတူအစ်မကြီး၊ နံပါတ်ခြောက် ဂိုဏ်းတူအစ်ကိုကြီး၊ နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီး၊ နံပါတ်ဆယ့်နှစ် ဂိုဏ်းတူအစ်မကြီးနှင့် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးတို့အား မြင်လိုက်ရသည်။

နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီး၊ နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးနှင့် နံပါတ်လေး ဂိုဏ်းတူအစ်ကိုကြီးတို့မှ လွဲ၍ ဝမ်ပေါင်လဲ့ အပါအဝင် လူဆယ့်သုံးယောက်တိတိ ရှိနေကြ၏။ သူတို့အားလုံးမှာ ရိုသေလေးစားမှု အပြည့်ရှိသော အမူအရာများဖြင့် မျှော်စင်ကြီး၏ ရှေ့၌ ရပ်နေကြသည်။

ဝမ်ပေါင်လဲ့မှာမူ သူတို့အား တစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်နေရင်း အတွေးထဲ၌ မမလေး၏ စကားများ ပြန်လည်ပေါ်ပေါက်လာသည်။

" သူတို့တွေ အကုန်လုံးက... ဆရာ့ရဲ့ ကိုယ်ပွားတွေလား " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းနေရ၏။ သူသည် သူ့အား မျက်လုံးတစ်ဖက် မှိတ်ပြနေသည့် ဆယ့်ငါးနှင့် အခြား ဂိုဏ်းတူအစ်ကိုအစ်မများ၏ မျက်နှာများပေါ်ရှိ အပြုံးများကို မြင်နေရသည်။ ထို့ကြောင့် သူသည်လည်း ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အလိုလို ဦးညွှတ်မိလိုက်၏။ ထို့နောက် သူ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် မီးတောက်ခေါင်းဆောင်ကြီး၏ ရှေးဆန်သော စကားသံကြီးမှာ မျှော်စင်ထဲမှ ထွက်ပေါ်လာတော့သည်။

" ဝင်ခဲ့ကြ အကုန်လုံး " သူ၏စကားသံ ထွက်ပေါ်လာသည်နှင့် မျှော်စင်ကြီး၏ တံခါး ပွင့်သွားသဖြင့် မျှော်စင်ထဲရှိ ပင်မခန်းမကြီးအား မြင်လိုက်ရသည်။ မီးတောက်ခေါင်းဆောင်ကြီးမှာ ခန်းမကြီး၏ ရှေ့ဆုံး၌ ထိုင်နေသည်။ သူသည် မီးဝတ်ရုံရှည်တစ်ခုအား ဆင်မြန်းထားပြီး လေများတိုက်ခတ်နေခြင်း မရှိပါသော်လည်း သူ၏ ဆံပင်မှာ သူ၏ ဘေးနားတစ်ဝိုက်တွင် တလူလူလွင့်နေ၏။ သူ မျက်လုံးများပွင့်လာချိန်တွင် သူ၏ မျက်ဝန်းများထဲ၌ လျှို့ဝှက်ဆန်းကြယ် မီးတောက်များ တောက်လောင်နေသည့်ပုံ ပေါက်နေသည်ကို မြင်လိုက်ရသည်။ သူ၏ အငွေ့အသက် တစ်မျိုးတည်းနှင့်ပင် ဝမ်ပေါင်လဲ့မှာ ဖိအားအမြောက်အမြား ခံစားနေရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြီး စိတ်ကိုတည်ငြိမ်အောင်ထားတာ သူ၏ ဂိုဏ်းတူအစ်ကိုအစ်မများ၏ နောက်မှလိုက်၍ ပင်မခန်းမထဲသို့ ဝင်သွားလိုက်တော့သည်။

သူတို့ အထဲသို့ရောက်သွားသည်နှင့် သူ၏ ဂိုဏ်းတူအစ်ကိုအစ်မများမှာ ချက်ချင်းပင် ဒူးထောက်ချကာ မီးတောက်ခေါင်းဆောင်ကြီးအား အရိုအသေပေးလိုက်ကြ၏။

" မင်္ဂလာပါ ဆရာ "

ဝမ်ပေါင်လဲ့မှာလည်း ဒူးထောက်ချကာ ထိုသို့ဆိုလိုက်သည်။ တစ်ချိန်ထဲမှာပင် သူသည် မီးတောက်ခေါင်းဆောင်ကြီးအား အကြိမ်ရေအနည်းငယ်ခန့် ထပ်၍ ခိုးကြည့်မိလိုက်၏။ ထို့နောက် သူသည် သံသယစိတ်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် သူ၏ ဂိုဏ်းတူအစ်ကိုအစ်မများအား အကဲခတ်လိုက်သည်။

" မမလေးရဲ့ ပြောစကားတွေရဆိုရင် မီးတောက်ကြယ်စင်စုထဲမှာ ရှိတဲ့ အရာအားလုံးနီးပါးက ဆရာ့ရဲ့ ကိုယ်ပွားတွေပဲ။ အဲတော့ ဟို ပိုးတောင်မာလေးကလည်း သူ့ရဲ့ ကိုယ်ပွားတစ်ခုပဲ ဖြစ်မှာ။ တကယ်လို့ ဆရာသာ မမလေး ပြောခဲ့တဲ့အတိုင်း သဘောထားကျဉ်းမြောင်းတဲ့ လူတစ်ယောက် ဖြစ်နေမယ်ဆိုရင် ငါ ပြောခဲ့တဲ့စကားတွေကို ကြားခဲ့ရတဲ့အတွက် သေချာပေါက် ငါ့ကို အခက်မတွေ့တွေ့အောင် လုပ်မှာပဲ " ဝမ်ပေါင်လဲ့မှာ ခေါင်းခဲလာရပြီဖြစ်သည်။ သူသည် တစ်ဖက်တွင် စိတ်ထဲ၌ ကျိတ်၍ သက်ပြင်းချမိလိုက်ပါသော်လည်း အခြားတစ်ဖက်တွင်မူ ယုံတစ်ဝက် မယုံတဝက်ဖြစ်နေဆဲပင်။ သူ မီးတောက်ခေါင်းဆောင်ကြီးအား လှမ်းကြည့်နေစဉ် ခန်းမကြီး၏ ရှေ့ဆုံးတွင် ထိုင်နေသည့် မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏ တပည့်များအား တစ်ယောက်ချင်းစီ ကြည့်လိုက်၏။ နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့အား ကြည့်လိုက်ပြီးနောက် မျက်နှာပေါ်၌ နူးညံ့သိမ်မွေ့သည့် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

" ပေါင်လဲ့။ မင်းရဲ့ မိသားစုကိစ္စတွေ လက်စသတ်ပြီးသွားပြီလား။ တကယ်လို့ ဆရာ့ဆီက အကူအညီလိုရင် ပြောနော် "

" ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် ကိစ္စဝိစ္စတွေအကုန်လုံး လက်စသတ်ပြီးသွားပါပြီ " ဝမ်ပေါင်လဲ့မှာ တရိုတသေပြန်ဖြေလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် အနည်းငယ်ခန့် စိတ်သက်သာရာ ရသွားရသည်။ သူ၏ ဆရာမှာ ဒေါသထွက်နေသည့်ပုံ မပေါ်ပေ။ သို့ဖြစ်ရာ မမလေး ပြောခဲ့သည့်စကားများမှာ မှန်ကန်မှု မရှိသည်လော…

All Chapters