ထုံးတမ်းစဉ်လာ
Vol. 73 Ch. 1012
" ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက မင်းကို ဆက်ပြီးတော့ ပြဿနာရှာရဲမှာ မဟုတ်တော့ဘူး။ ပြီးရင် သိပ်မကြာခင်မှာ သူတို့တွေ နစ်နာကြေးအနေနဲ့ မင်းဆီကို လက်ဆောင်တစ်ခု ပို့ပေးလိမ့်မယ်။ လက်ခံလိုက် " မီးတောက်ခေါင်းဆောင်ကြီးမှာ ပြုံးကာ ဆိုလိုက်၏။ သူ၏ လေသံမှာ နူးညံ့သိမ်မွေ့မှု အပြည့်ရှိနေသည်။
" ကျေးဇူးတင်ပါတယ် ဆရာ " ဝမ်ပေါင်လဲ့သည်လည်း အသက်ပြင်းပြင်း ရှူကာ ပြန်ဖြေလိုက်သည်။ သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ အကူအညီများအတွက် အလွန်အင်မတန်မှ ကျေးဇူးတင်နေ၏။ ထို့ကြောင့် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်လိုက်ပြီး နောက်ထပ်တစ်ကြိမ် ထပ်၍ အရိုအသေပေးလိုက်ပြန်သည်။
" မင်းနဲ့ ဆရာ့ကြားမှာ အခုလိုတွေ လုပ်နေစရာ မလိုပါဘူး " မီးတောက်ခေါင်းဆောင်ကြီးမှာ ပြုံးကာ ပြန်ပြောလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းကာ နူးညံ့သိမ်မွေ့သော အားတစ်မျိုး ထုတ်လွှတ်လိုက်ပြီး ဝမ်ပေါင်လဲ့အား ပြန်၍ ဆွဲထူပေးလိုက်သည်။ ထို့နောက် သူသည် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးအား လှမ်းကြည့်ကာ ဆိုလိုက်၏။
" တုံ့အာ။ ဆရာက တံခါးပိတ်ကျင့်စဉ်တွေ၊ အပြင်ထွက်ရတဲ့ ခရီးစဉ်တွေနဲ့ပဲ အချိန်ကုန်နေတာများတော့ အနာဂတ်မှာ ဆရာ မရှိတဲ့အချိန်ကျရင် ဆရာ့ကိုယ်စား သမီးရဲ့ အငယ်ဆုံး ဂိုဏ်းတူမောင်လေးကို သေသေချာချာ လေ့ကျင့်ပေးနော် "
နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ အမူအရာ တည်ကြည်သွား၏။ ထို့နောက် သူမသည် ခေါင်းညိတ်လိုက်ပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ဆိုလိုက်သည်။
" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူမောင်လေး။ ကျင့်ကြံခြင်းနဲ့ ပတ်သတ်နဲ့ ကိစ္စတွေပဲဖြစ်ဖြစ်၊ တခြားကိစ္စတွေပဲဖြစ်ဖြစ် အခက်အခဲတစ်ခုခုနဲ့ ကြုံရရင် အစ်မဆီ ချက်ချင်းလာတွေ့နော် "
" ကျေးဇူးတင်ပါတယ် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး " ဝမ်ပေါင်လဲ့မှာ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးအား ကြည့်ကာ ပြန်ဖြေလိုက်၏။ သူမ၏ အကြည့်မှာ တည်ကြည်မှုအပြည့် ရှိနေသည့်ပုံ ပေါက်နေပါသော်လည်း သူသည် သူမ၏ မျက်ဝန်းများထဲရှိ စိုးရိမ်ပူပန်စိတ်များကို သတိထားမိလိုက်ဆဲပင်။ ထို့ကြောင့် သူသည် သူမကိုလည်း ဦးညွှတ်အရိုအသေပေးမိလိုက်ပြန်သည်။ တစ်ချိန်ထဲမှာပင် သူသည် မမလေး၏ စကားများအား သံသယဝင်စ ပြုလာတော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် အရိုအသေပေးနေစဉ်မှာပင် ဆယ့်ငါးမှာ နှုတ်ခမ်းစူကာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေးရေ။ မင်းတော့ ကံဆိုးတာပဲ... "
" ဆယ့်ငါး " ဆယ့်ငါး ထိုသို့ ရေရွတ်ပြီးသွားသည်နှင့် သူ၏ဘေးတွင် ရှိနေသည့် နံပါတ်ဆယ့်နှစ် ဂိုဏ်းတူအစ်မကြီးမှာ သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် လှမ်းအော်လိုက်၏။
ထို့ကြောင့် ဆယ့်ငါးမှာလည်း ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်သွားရသည်။ သူသည် စကားထပ်ပြောရန် ခေါင်းမော့လာပါသော်လည်း နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး၏ ခက်ထန်တင်းမာသော မျက်နှာအမူအရာနှင့် သူ၏ ဆရာဖြစ်သူ ညာဘက်လက်ကို မြှောက်ကာ သူ၏ မုတ်ဆိတ်မွေးအား ပွတ်သပ်နေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် ဇက်ပုသွားရပြီး စကားတစ်ခွန်းမှ ထပ်မပြောရဲတော့ပေ။
" ဆရာ။ ဆယ့်ငါးက ဆိုးသွမ်းပြီးတော့ အစအနောက်သန်ပေမဲ့ လက်တလောအတွင်းမှာ ဝီရိယရှိရှိနဲ့ ကြိုးစားနေခဲ့တာပါ။ သူ အရင်တုန်းကထက် ပိုပြီးတော့ တိုးတက်လာပါပြီ " နံပါတ်ဆယ့်နှစ် ဂိုဏ်းတူအစ်မကြီးမှာ ဆယ့်ငါး၏ အဖြစ်ကို မြင်လိုက်ရသောအခါ ဂရုဏာသက်သွား၏။ ထို့ကြောင့် သူမသည် သူမ၏ ဆရာဖြစ်သူအား ဦးညွှတ်အရိုအသေပေးကာ နူးညံ့သိမ်မွေ့မှု အပြည့်ရှိသောလေသံဖြင့် ဆိုလိုက်သည်။ သူမ ထိုသို့ဆိုလိုက်သည်နှင့် ဆယ့်ငါးမှာလည်း ချက်ချင်း ခေါင်းမော့လာပြီး သူမအား ကျေးဇူးတင်လိုသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထို အခြင်းအရာများ အားလုံးကို မြင်လိုက်ရသဖြင့် ပို၍ပင် ချီတုံချတုံ ဖြစ်လာရတော့သည်။ မမလေး၏ ပြောစကားများအရဆိုလျှင် သူ၏ရှေ့တွင် ရပ်နေသည့် လူတိုင်းမှာ သူ၏ဆရာ ဖြစ်နေသည်မဟုတ်ပါလော...
သို့သော် သူတို့၏ အပြန်အလှန် ပြောဆိုဆက်ဆံပုံများမှာ သဘာဝကျလွန်းနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် ဝေခွဲမရဖြစ်နေစဉ်မှာပင် သူ၏ဘေးတွင် ရှိနေသည့် နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီးမှာ ရုတ်တရက်ဆိုသလို ရယ်မောကာ ဆိုလိုက်သည်။
" ဆရာ။ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ ဆယ့်ငါးကို သင်ခန်းစာပေးဖို့ လိုတယ်ဗျ။ သူ ဆယ့်ခြောက်ကို ကျွန်တော့်ဆီ ခေါ်လာခဲ့တဲ့ နေ့တုန်းက ဆရာ့မကောင်းကြောင်းတွေ ပြောနေတာ ကျွန်တော် ကြားလိုက်တယ် "
" နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီး။ အစ်ကိုနော်... " ဆယ့်ငါးမှာ အော်ငိုပစ်ချင်စိတ်များ ပေါက်လာပါသော်လည်း မျက်ရည်တစ်စက်မှ ကျမလာခဲ့ပေ။ ထို့ကြောင့် သူသည် အလောတကြီးနှင့် သူ၏ဆရာအား ဦးညွှတ်အရိုအသေပေးကာ တောင်းပန်လိုက်တော့သည်။
" ဆရာ၊ ကျွန်တော် မှားသွားပါတယ်။ ကျွန်တော်... "
" ဆရာ။ ကျွန်တော်လည်း ကြားလိုက်တယ်ဗျ " နံပါတ်သုံး ဂိုဏ်းတူအစ်ကိုကြီးမှာမူ ဆယ့်ငါးအား စကားဆုံးအောင် ပြောခွင့်မပေးဘဲ ကြားဖြတ်ဝင်ပြောလိုက်၏။
" ဟုတ်တယ်ဆရာ။ ဆယ့်ငါး တကယ်ပြောခဲ့တာ "
" ဟုတ်တယ်။ ဟုတ်တယ်။ ကျွန်တော်လည်း ကြားခဲ့တယ်။ ကျိန်ဆို ကျိန်ရဲပါတယ် ဆရာ " အခြား ဂိုဏ်းတူအစ်ကိုအစ်မများမှာလည်း ဝင်ပြောလိုက်ကြ၏။ သူတို့အားလုံးမှာ မျက်နှာအမူအရာ အမျိုးမျိုးဖြစ်နေသည်။ အချို့မှာ ပြုံးနေကြပြီး အချို့မှာမူ ဟန်ဆောင်ချောင်းဟန့်ကာ မီးလောင်ရာ လေပင့်နေကြခြင်း ဖြစ်သည်။ ပင်မခန်းမကြီးထဲရှိ လူတိုင်းမှာ ဇဝနဉာဏ်ရွှင်ကြသူများဖြစ်ပေသည်။ အထူးသဖြင့် နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးမှာဆိုလျှင် ချောင်းဟန့်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
" ဆရာ။ ညီလေးဆယ့်ငါးက အမှုမဲ့ အမှတ်မဲ့နဲ့ ပြောမိတာဖြစ်မှာပါ "
" နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး။ အဲလို မလုပ်နဲ့လေဗျာ... ဆယ့်ခြောက်။ လုပ်ပါဦးကွာ။ ငါ ဆရာ့ မကောင်းကြောင်း ပြောခဲ့လို့လား " ဆယ့်ငါးမှာ စိုးရိမ်တကြီးနှင့် ဝမ်ပေါင်လဲ့အား လှမ်းဆွဲကာ မေးလိုက်သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်စိပေကလတ်ပေကလတ် ဖြစ်သွားရပြီး ပို၍ပင် ဇဝေဇဝါ ဖြစ်လာရတော့သည်။ မည်သည့်ရှုထောင့်မှကြည့်ကြည့် ဤ အခြင်းအရာများ အားလုံးမှာ တစ်ယောက်တည်း ကနေသည့် ဇာတ်ပွဲတစ်ပွဲ မဖြစ်နိုင်ကြောင်း သူက ခံစားလာရ၏။ ယခုတွင် ဆယ့်ငါးမှာ သူ့အား ဆွဲလားရမ်းလား လုပ်နေပြီဖြစ်ရာ သူသည် မည်သို့ ပြန်ဖြေရမှန်းမသိ ဖြစ်နေတော့သည်။ ထို့ကြောင့် သူသည် ရှုံ့မဲ့မဲ့ မျက်နှာအမူအရာနှင့်သာ ပြန်ပြုံးပြလိုက်၏။
" တော်ကြတော့ " မီးတောက်ခေါင်းဆောင်ကြီးမှာမူ သူ၏ တပည့်များကြောင့် ခေါင်းခဲနေရသည့် အမူအရာဖြင့် မျက်ခုံးနှစ်ဖက်ကြားရှိ နေရာအား လက်ဖြင့်ပွတ်နေသည်။ ထို့နောက် သူသည် ဆယ့်ငါးအား စိုက်ကြည့်နေလိုက်၏။ ဆယ့်ငါးမှာ မတရားချောက်တွန်းခံရသည့်ပုံ ဟန်ဆောင်နေသောကြောင့် မီးတောက်ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့အား ပြန်ကြည့်ကာ ဆိုလိုက်တော့သည်။
" ပေါင်လဲ့။ မင်းက အခုမှ ရောက်လာတာဆိုတော့ မီးတောက်ကြယ်စင်စုအကြောင်း သိပ်ပြီးတော့ သိဦးမှာမဟုတ်ဘူး။ နောက်ကျရင်တော့ မင်း ဒီ ပတ်ဝန်းကျင်အသစ်ကို ကျင့်သားရလာပါလိမ့်မယ်။ ပြီးတော့ ငါ ဒီတစ်ခေါက် အပြင်ထွက်သွားခဲ့တုန်းက မင်းအတွက် သင့်တော်မယ့် ကျင့်ကြံခြင်းပညာရပ်တစ်ခုကို ရှာတွေ့ခဲ့တယ်... " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကျောက်စိမ်းပေလွှာနှစ်ခု ပျံထွက်လာသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံသန်းလာပြီး အခြားတစ်ခုမှာ ဆယ့်ငါးဆီသို့ ရောက်ရှိသွားသည်။
ဝမ်ပေါင်လဲ့မှာ ထို ကျောက်စိမ်းပေလွှာအား အလျင်အမြန် လှမ်းဖမ်းလိုက်၏။ သို့သော် သူ ၎င်းအား ဖွင့်မဖတ်နိုင်ခင်မှာပင် ခေါင်းငုံ့နေသည့်ပုံ ပေါ်သည့် ဆယ့်ငါးမှာ သူ့အား လှန်ကြည့်လိုက်၏။ သူ၏အကြည့် နောက်ကွယ်မှ အဓိပ္ပါယ်မှာ ရိုးရှင်းပေသည်။ သူသည် " ငါပြောတာ မှန်တယ်မလား " ဟု ဝမ်ပေါင်လဲ့အား လှမ်းမေးလိုက်ခြင်း ဖြစ်၏။
" ဒီပညာရပ်ကို ကြယ်အချုပ်အနှောင်ပညာရပ်လို့ခေါ်တယ်။ ငါ့ရဲ့ အမြင်မှာတောင် ဒီပညာရပ်ရဲ့ စွမ်းအားက စိတ်ကူးနဲ့ မမှန်းဆနိုင်လောက်အောင်ကို အဓိပ္ပါယ်နက်နဲတယ်ကွ။ မင်းနဲ့ ဆယ့်ငါး ဒီ ပညာရပ်ကို လေ့ကျင့်ရမယ် " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ မုတ်ဆိတ်မွေးအား ပွတ်ကာ ထို ပညာရပ်အကြောင်း ဆက်ပြောနေခြင်း မရှိတော့ဘဲ သူ၏ တပည့်များအား သူတို့၏ ကျင့်ကြံခြင်းတိုးတက်မှုများအကြောင်း မေးမြန်းလိုက်၏။
ထိုအခါ ခန်းမကြီးတစ်ခုလုံးမှာ ပြန်၍ တည်ငြိမ်အေးချမ်းသွား၏။ တပည့်တစ်ယောက်ချင်းစီတိုင်းမှာ မေးခွန်းမေးခံရသည့် အချိန်တိုင်း မျက်နှာချိုသွေးသည့် စကားများ တစ်ခွန်းနှစ်ခွန်းခန့် ထည့်ပြောခဲ့ကြသည်သာ ဖြစ်သည်။ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးပင် ပါ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိပွင့်နားပွင့် ဖြစ်သွားရပြီး မီးတောက်ကြယ်စင်စုအကြောင်း ပို၍ပင် နားလည်လာရတော့သည်။ တစ်ချိန်ထဲမှာပင် သူ၏ နှလုံးသားထဲရှိ တွေဝေတုံ့ဆိုင်းမှုများနှင့် ဒွိဟများမှာလည်း ပို၍ ကြီးထွားလာရ၏။
" မဟုတ်သေးပါဘူး။ ဆရာရော ငါ့ရဲ့ ဂိုဏ်းတူ အစ်ကိုအစ်မတွေ အကုန်လုံးရောက ပုံမှန်အတိုင်းပါပဲ... ပြီးတော့ ဆရာက သဘောထားကျဉ်းမြောင်းတဲ့ လူတစ်ယောက်မလို့ ငါ ပြောခဲ့တဲ့ စကားတွေကြောင့် ဒေါသထွက်နေလိမ့်မယ်လို့ မမလေးက ပြောခဲ့တာလေ။ ဒါပေမဲ့ အခုတော့ ဆရာက အစကနေ အဆုံးအထိ နူးညံ့သိမ်မွေ့မှု အပြည့်ပဲ... " ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် မမလေးမှာ သူ့အား အမှန်အတိုင်း ပြောခဲ့ခြင်းမဟုတ်ကြောင်း ခံစားနေရသည်။
" ဒါမှမဟုတ် မမလေးက အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကိုပဲ သိထားတာများလား။ အခုအခြေအနေတွေက အရင်တုန်းကနဲ့ မတူတော့တာများလား " ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏ တပည့်များနှင့် စကားပြောပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အပြုံးပျက်သွားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ပြီး ဆိုလိုက်၏။
" ပေါင်လဲ့။ ငါ့ရဲ့ တပည့်တွေကတော့ ဘာအခမ်းအနားမှ မလိုတာမလို့ သူတို့ ဆန္ဒရှိတဲ့အတိုင်း လုပ်ချင်တာ လုပ်လို့ရပြီ။ ဒါပေမဲ့ မင်း လိုက်နာရမယ့် ထုံးတမ်းစဉ်လာတစ်ခု ရှိတယ် "
" မီးတောက်ကြယ်စင်စုရဲ့ အစောင့်အရှောက် နတ်နွားကြီးက အရင်တုန်းက ဆရာ့ရဲ့ စီးတော်ယာဉ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာလေ။ သူက ဆရာ့အပေါ် အရမ်းသစ္စာရှိတာ။ ဆရာတို့တွေ အတူရှိတာ နှစ်တွေအများကြီး ရှိနေပြီမလို့ ဆရာက သူ့ကို မိတ်ဆွေရင်းချာတစ်ယောက်လို သဘောထားတာကွ။ အဲတော့ မင်းလည်း သူ့ကို ရိုသေလေးစားရမယ် "
" ဆရာ့ရဲ့ တပည့်တစ်ယောက်ချင်းစီတိုင်း ဆရာ့ရဲ့ တပည့်ရယ်လို့ ဖြစ်လာတာနဲ့ ရိုသေလေးစားသမှုကို ပြသတဲ့အနေနဲ့ နတ်နွားကြီးကို ရေချိုးပေးရတယ်။ မင်းရဲ့ ဂိုဏ်းတူအစ်ကိုတွေအစ်မတွေ အကုန်လုံး အဲဒီလို လုပ်ပေးပြီးသွားကြပြီ။ အခု မင်းအလှည့်ပဲ " မီးတောက်ခေါင်းဆောင်ကြီးမှာ နှစ်လိုဖွယ် မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုစကားများကို ကြားလိုက်ရသောအခါ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ချက်ချင်း သဘောတူလက်ခံလိုက်သည်။
မီးတောက်ခေါင်းဆောင်ကြီး ထိုအကြောင်း ပြောလိုက်သောအခါ ဘေးတွင်ရှိနေသည့် ဂိုဏ်းတူအစ်ကိုအစ်မများ အားလုံးမှာလည်း အတိတ်ကို ပြန်လည် အောက်မေ့တမ်းတနေသည့်ပုံ ပေါက်သွား၏။
" ဂိုဏ်းတူအစ်ကို နတ်နွားကြီးက မီးတောက်ကြယ်စင်စုရဲ့ အကျိုးကို အများကြီး သယ်ပိုပေးခဲ့တာ။ အခု ငါ ပြန်တွေးကြည့်လိုက်တော့မှ ငါ ဂိုဏ်းတူအစ်ကို နတ်နွားကြီးကို ရေချိုးပေးခဲ့တဲ့ ပုံရိပ်တွေကို ကောင်းကောင်းကြီး မှတ်မိနေတုန်းပဲဟ "
" ဟုတ်တယ်။ တစ်ခေါက်တုန်းကဆို ငါ အန္တရာယ်နဲ့ ကြုံနေရတုန်း ဂိုဏ်းတူအစ်ကို နတ်နွားကြီးက ငါ့ကို ကယ်တင်ပေးခဲ့တာ... "
" မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တွေအများကြီးကုန်သွားခဲ့တာပဲ။ အဲဒီတုန်းက ဆရာ ပြောခဲ့တဲ့ စကားတွေ မှတ်မိနေသေးတယ်။ ဂိုဏ်းတူအစ်ကို နတ်နွားကြီးကို ပိုပြီးတော့ သန့်ရှင်းစင်ကြယ်အောင် ရေချိုးပေးနိုင်လေလေ သူ့ကို ပိုပြီးတော့ ရိုသေလေးစားကြောင်း သက်သေပြနိုင်လေလေပဲတဲ့။ ဆရာ။ နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေးပြီးရင် ကျွန်တော်လည်း ဂိုဏ်းတူအစ်ကို နတ်နွားကြီးကို နောက်ထပ်တစ်ကြိမ် ထပ်ပြီးတော့ ရေချိုးပေးဖို့ တောင်းဆိုပါရစေ " ဂိုဏ်းတူအစ်ကိုအစ်မ တစ်ယောက်ချင်းစီတိုင်းမှာ အမှတ်တရကိုယ်စီ တိုက်ဆိုင်ထားကြ၏။ မည်သည့်ရှုထောင့်မှကြည့်ကြည့် သူတို့အားလုံး၏ အပြုအမူများမှာ သဘာဝကျလွန်းနေသည်။ အထူးသဖြင့် ဆယ့်ငါးမှာဆိုလျှင် အသံအကျယ်ဆုံးဖြစ်ပြီး သူ၏ အမူအရာမှာလည်း မာန်အပါဆုံး ဖြစ်၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခုခုလွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရပါသော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ များများစားစား စဉ်းစားတွေးတောနေခြင်း မရှိပေ။ သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ တောင်းဆိုချက်အား လက်ခံလိုက်ပြီးနောက် ခန်းမကြီးထဲ၌ အခြား ဂိုဏ်းတူအစ်ကိုအစ်မများနှင့် မီးတောက်ခေါင်းဆောင်ကြီးတို့နှင့် စကားစမြည်များ ပြောဆိုနေလိုက်၏။ နောက်ဆုံးတွင် သူတို့အားလုံးမှာ ထွက်ခွာသွားကြသည်။
သို့သော် သူတို့အားလုံး ခန်းမကြီး၏ အပြင်ဘက်သို့ ရောက်လာသည်နှင့် ဆယ့်ငါးမှာ အခြားသူများ ဒုက္ခရောက်သည်ကို နှစ်ထောင်းအားရဖြစ်နေသည့်ပုံ ပေါက်သွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ ပခုံးအား လက်ဖြင့်ပုတ်ကာ ချောင်းဟန့်လိုက်ပြီး စကားတစ်ခွန်းမှ ထပ်ပြောမနေတော့ပေ။ အခြား ဂိုဏ်းတူအစ်ကိုအစ်မများမှာမူ သူ၏ ပခုံးအား လက်ဖြင့်ပုတ်ခဲ့ခြင်း မရှိပါသော်လည်း သူတို့အားလုံး၏ မျက်နှာအမူအရာများမှာ အထူးတဆန်းဖြစ်နေကြ၏။ နောက်ဆုံးတွင် သူတို့မှာ ဝမ်ပေါင်လဲ့အား ပြုံးပြလိုက်ပြီးနောက် ထွက်ခွာသွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုအစ်မများ ထွက်ခွာသွားသည်ကို ငေးကြည့်နေရင်း တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ ထို့နောက် သူသည် မျှော်စင်အနီးမှ ထွက်ခွာလာပြီး နွားထီးအိုကြီးဆီသို့ သွားရန် လေပေါ်သို့ ပျံတက်သွားလိုက်သည်။ သို့သော် သူသည် နွားထီးအိုကြီးဆီသို့ ရောက်ရှိသွားပြီး သူ ရောက်လာရသည့် အကြောင်းရင်းအား ပြောပြလိုက်ချိန်တွင် နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားရတော့သည်။
အဘယ်ကြောင့်ဆိုသော နွားထီးအိုကြီးမှာ ဝမ်ပေါင်လဲ့သည် ၎င်းအား ရေချိုးပေးရန် အမိန့်ရထားသည်ဖြစ်ကြောင်း သိလိုက်ရသည်နှင့် ခေါင်းမော့ကာ အသံအကျယ်ကြီးဖြင့် အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်မှာ သာမန်အရွယ်အစားတွင် ရှိနေခဲ့ရာမှ ချက်ချင်းဆိုသလိုပင် အကန့်အသတ်မရှိလောက်အောင် ကြီးမားလာတော့သည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် ၎င်း၏ ခန္ဓာကိုယ် အရွယ်အစားမှာ ဂြိုဟ်သုံးလုံးစာမှ ငါးလုံးစာအထိ ချက်ချင်းရောက်ရှိသွား၏။ ၎င်းမှာ စကြဝဠာကြီးထဲ၌ ရစ်ဝဲနေရင်း တဝီဝီမြည်သံများကိုပင် ထုတ်လွှတ်နေသေးသည်။
" လာ လာ။ နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ ဒီ နွားအိုကြီးကို ရေချိုးပေးလှည့်။ တစ်ကိုယ်လုံးပြောင်အောင် သေသေချာချာ တိုက်ချွတ်ပေးနော်။ ငါ ရေမချိုးရတာ တော်တော်ကြာနေပြီ "
ဝမ်ပေါင်လဲ့မှာမူ အဆမတန် ကြီးမားနေသည့် နွားထီးအိုကြီးအား စိုက်ကြည့်နေရင် မူးဝေလာရ၏။ အကယ်၍ သူ၏ လက်ရှိစွမ်းအားနှင့် ထိုမျှလောက် ကြီးမားသည့် ခန္ဓာကိုယ်ကြီးအား ရေချိုးပေးရမည်ဆိုပါက နေ့မနားညမနား ကြိုးစားလျှင်တောင် အနည်းဆုံး လအနည်းငယ်ခန့် အချိန်ပေးမှသာလျှင် ၎င်းအား တစ်ကိုယ်လုံး ပြောင်အောင် ရေချိုးပေးနိုင်မည် ဖြစ်သည်။
" ဒါ... ဒါက ထုံးတမ်းစဉ်လာတစ်ခုလား " ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်နေရပြီ ဖြစ်သည်။ သူသည် အပြစ်ပေးခံနေရသည့်အလား ခံစားနေရ၏။