← Chapters

အကျပ်ကိုင်မှု

Vol. 38 Ch. 516

အကျပ်ကိုင်မှု

Vol. 38 Ch. 516

“ဒါက ရှင်းအန်းပါ ဧကရာဇ်အတိုင်ပင်ခံ မတိုင်ခင်က ပါရမီရှင်” ချင်မူက ရှင်းအန်းကို အားလုံးနှင့် အကြမ်းဖျင်းမိတ်ဆက်ပေးလိုက်သည်။ အားလုံး လန့်နေကြ၏။ စစ်ယွင်ရှင်း၊ ဟူလင်းအာနှင့် လင်ယွိရှို့တို့မှာ ရှင်းအန်း မည်မျှအင်အားကြီးမားပြီး ကြောက်စရာကောင်းမှန်း သိထား၍ ရင်တဒိန်းဒိန်း ခုန်နေကြသည်။

ယခု ကောင်းကင်တန်ခိုးရှင်တက္ကသိုလ် တည်ဆောက်ထားသော အဘွားစစ်၏ ခြံဝင်းထဲတွင် သူ့အား သူတို့မြင်ခဲ့ဖူးသည်။ ဧကရာဇ်ယန်ဖုန်းအပါအဝင် တစ်လောကလုံးရှိ သိုင်းပညာရှင်တစ်ဝက်နီးပါး ရှင်းအန်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြသည် မဟုတ်ပါ၏လော။

အဆင့်မြင့်သိုင်းပညာရှင်အားလုံး ဝိုင်းတိုက်ခဲ့သည့်တိုင် မည်သူမျှ ရှင်းအန်းအား မထိန်းနိုင်ခဲ့ပေ။ အဆုံးသတ်တွင် ချင်မူ၏အားဆေးကြောင့်သာ ရှင်းအန်း ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ထိုလူသတ်သမားက ယခု သူတို့ဘေး၌ ထိုင်နေရာ ရင်မတုန်မိဘဲ‌ နေပါမည်လော...။ နန်းတွင်းကောလိပ်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သန်မာအားအကောင်းဆုံး သိုင်းသမားများ စုဝေးနေကြပြီး ကောင်းကင်တံတား တည်ဆောက်ထားပြီးဖြစ်သည့် အမြင့်စံအရာရှိတချို့ ရှိနေသည့်တိုင်... ရှင်းအန်းက တစ်လောကလုံး၌ သန်မာအားအကောင်းဆုံး ဖြစ်နေသေးသည်။

သူ သူတို့ကို သတ်ချင်လျှင် နန်းတွင်းကောလိပ်၏ နတ်ဘုရားများပင် တားနိုင်မည်မဟုတ်ပေ။

ချင်မူက ပြုံးလိုက်သည်။ “နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင်ဆိုတော့ ရှင်းအန်းက ငါတို့ထက် အသက်လည်းကြီးတယ်၊ အတွေ့အကြုံလည်း များတယ်... သူ့လိုလူက ငါတို့ ကောင်းကင်မဟာမိတ်အကြောင်း သိချင်နေတာ ကောင်းမွန်တဲ့အရာပဲ။ အားလုံး မလန့်ကြပါနဲ့”

ထိုသို့ပြောနေသော်ငြား ချင်မူ့မျက်နှာမှာလည်း လူသေကောင်လို ဖြူဆုပ်နေသည်။ သူလည်း အတိုင်းထက်အလွန် လန့်နေသည်မှာ သိသာ၏။

ရှင်းအန်း၏ပစ်မှတ်က သူ ဖြစ်သည်။ မျိုးဆက်ဟောင်း၏ သန်မာအားအကောင်းဆုံး သိုင်းပညာရှင်ဖြစ်သည်နှင့်အညီ ရှင်းအန်းတွင်လည်း သူ့စည်းကမ်းနှင့်သူ ရှိသည်။ အငယ်မျိုးဆက်ကို လက်ဖျားနှင့်ပင် ထိမည်မဟုတ်ပေ။ ထိချင်လျှင်လည်း သူတို့အရွယ်ရောက်လာသည်အထိ စောင့်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတွင် နတ်ဘုရားအဆင့်သို့ တက်သွားသည့်အခါမှ ထိုအစိတ်အပိုင်းအား လာယူလိမ့်မည်။

သို့သော် ချင်မူက ချွင်းချက်ဖြစ်သည်။ သူ ရှင်းအန်းကို ရန်စခဲ့ပေါင်းများခဲ့ချေပြီ။

ပထမပြစ်မှုအနေဖြင့် အဘွားစစ်၏နေရာတွင် တိုက်ခိုက်ခဲ့စဉ်က သူ၏ခန္ဓာကိုယ်ကို အားဆေးခတ်၍ သူ့အား ထွက်ပြေးစေခဲ့မိသည်။ သားသတ်သမားကလည်း လိုက်သတ်ခဲ့သည့်အတွက် ရှင်းအန်းမှာ မဟာမြို့ပျက်ထဲ၌ ပုန်းအောင်းကာ ဒဏ်ရာများကို ကုသခဲ့ရ၏။

ဒုတိယပြစ်မှုအနေဖြင့် သူ တစ်သက်သာ စုဆောင်းထားသော အစိတ်အပိုင်းများအား ချင်မူ ခိုးယူမိခဲ့သည်။ ထိုလုပ်ရပ်က ရှင်းအန်းအတွက် စိတ်ရှုပ်စရာအကောင်းဆုံး ဖြစ်သည်။

တတိယပြစ်မှုအနေဖြင့် မိုးခြိမ်းသံကျောင်းတော်ငယ်တွင် ချင်မူ သူ့သေတ္တာကြီးကို အသက်သွင်း၍ ပိုင်ဆိုင်မှုအားလုံး ခိုးလာခဲ့မိသည်။

ထိုမျှတင်မကသေး။ ချင်မူက သူ့ကို ဖုန်းတုဆီသို့ ခေါ်သွားခဲ့၍ သေဆုံးသူတို့၏ ရှင်သန်ကမ္ဘာတွင် အကြီးအကျယ် အရှက်ကွဲခဲ့ရ၏။ သေလုမျောပါးပင် ဖြစ်ခဲ့ရသည်။

ရှင်းအန်း ချင်မူ့အား သတ်မပစ်သေးခြင်းကပင် အံ့ဩစရာကောင်းလွန်းနေချေပြီ။

ချင်မူ့ကို တွေ့ပြီးနောက်တွင်ပင် အေးအေးဆေးဆေး နေနိုင်သည့် သူ၏စိတ်အခြေအနေအဆင့်မှာ လေးစားဖွယ်ကောင်း၏။ ဖုန်းတုခရီးက သူ၏တာအိုနှလုံးသားကို ဖျက်စီးခဲ့၍ သူ၏စိတ်အခြေအနေမှာ အားနည်းနေသေးသော်လည်း ဤနေရာရှိ လူများထက် သာလွန်နေသေးသည်။

ချင်မူ၊ ဝမ့်မူရန်၊ ရှုရှန်းဟွာနှင့် တာအိုသခင်လင်းရွှမ်က မိုးလေဝသ သဘာဝကို တွက်ချက်ကြည့်ခဲ့ရာမှ ကောင်းကင်မည်မျှထူကြောင်း ရှာတွေ့ခဲ့ကြောင်း အစုံအလင် ရှင်းပြလိုက်၏။ မီးပုံပွဲမှာ တိတ်ဆိတ်သွားပြီး ရှင်းအန်းပင် မီးပုံကို စိုက်ကြည့်ရင်း ဆွံ့အနေသည်။

မီးပုံက နဂါးနီငါးကြင်းကို ကင်နေသဖြင့် ငါးကြင်းဆီများမှာ မီးတောက်များအပေါ် စက်လက်စက်လက် ကျနေသည်။ ဆီပေါက်များက ရှဲခနဲ မြည်သွားတတ်ပြီး ပျံ့လွင့်လာသော ငါးကင်နံ့မှာ သရေယိုဖွယ် မွှေးကြိုင်နေ၏။

“ဝန်မင်းချင်၊ မောင်မင်း သူတို့ကို နာနာလေး ဆုံးမဖို့ ဒီကို လာတာမဟုတ်ဘူးလား... ဘာလို့ ဝင်စားနေတာလဲ။ ဘုရင်ကို ညာပြောရဲရတယ်လို့ ၊ မောင်မင်းကို ခေါင်းဖြတ်...”

ဧကရာဇ်ယန်ဖုန်းက အရက်တစ်အိုးဖြင့် လမ်းလျှောက်လာပြီး သူ့အသံမှာလည်း လေးလေးပင်ပင် ရှိနေသည်။ သို့သော် ချင်မူ့မျက်နှာချင်းဆိုင်ရှိ ရှင်းအန်းကို မြင်လျှင် တမုဟုတ်ချင်း အမူးပြေသွားပြီး ပြန်လှည့်သွား၏။

ရှင်းအန်းက ဂရုမထားဟန်ဖြင့် သူ့အား ကြည့်လိုက်သည်။ “ဧကရာဇ်၊ ထိုင်ပြီး စကားပြောတာ အ‌ကောင်းဆုံးဖြစ်လိမ့်မယ်... မဟုတ်ရင် ပါမောက္ခချုပ်ချင်နဲ့ မင်းသမီး ဖောက်ခနဲ အသက်ပျောက်သွားလိမ့်မယ်”

ဧကရာဇ်ယန်ဖုန်းမှာ အရက်အိုးကို သယ်လျက် အားမာန်တင်း၍ ပြန်လှည့်လာသည်။ သူက မီးပုံဘေးတွင် ထိုင်ပြီး ဖြစ်ညစ်ပြုံးလိုက်၏။ “‌နောင်တော်ရှင်းအန်း... အရင်တစ်ခေါက်က အလျင်စလို ပြန်သွားခဲ့တယ်နော်... ခင်ဗျားပြန်သွားကတည်းက ကျုပ် အိပ်ရာထဲ ရက်နှစ်ဆယ်လောက် လဲနေခဲ့ရတယ်”

ရှင်းအန်းအမူအရာက အေးဆေးနေသည်။ “ကျုပ်ကတော့ လေးလ လဲနေခဲ့ရတယ်”

ဧကရာဇ်ယန်ဖုန်းက အကြည့်များ လှုပ်လှုပ်ခတ်ခတ်ဖြင့် အရက်အိုးအား သူ့ဆီ လှမ်းပေးလိုက်၏။ “ဒါပေမဲ့ မတွေ့ဖြစ်တဲ့ ရက်တွေအတွင်း ကျုပ် ကောင်းကင်တံတားကို ဖြတ်သန်းပြီး နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပြီ။ နောင်တော်ရှင်းအန်းကတော့ ဒီအဆင့်ကို မရောက်သေးဘူးမဟုတ်လား”

ရှင်းအန်းက အရက်အိုးကို ယူ၍ ပြောလိုက်၏။ “ကျုပ် မှတ်တမ်းဆောင်မှာ တိုးတိုးတိတ်တိတ် နေပြီး ကျမ်းစာအားလုံး ဖတ်ခဲ့ပြီးပြီ။ မဟာနတ်ဆေးသမားတော်ချင်ရဲ့ သင်္ချာညီမျှခြင်းကိုလည်း ထပ်ခါတလဲလဲ လေ့လာခဲ့ပြီးပြီ။ နတ်ဘုရားအဆင့်အထိ ကျင့်ကြံဖို့ဆိုတာ ကျုပ်အတွက် မခက်ဘူး ... အချိန်တစ်နှစ်လောက် လိုနေတာ တစ်ခုပဲ”

သူက အရက်အိုးကို မော့သောက်လိုက်၍ ဧကရာဇ်ယန်ဖုန်းက သူ့လည်စလုပ်အား စိုက်ကြည့်လိုက်သည်။ တိုက်ခိုက်ချင်သော်လည်း အခွင့်အရေးရှာမတွေ့သေးပေ။

ချင်မူနှင့် ကျန်ရှိသူများမှာတော့ အံ့အားသင့်နေကြသည်။ ရှင်းအန်းက မှတ်တမ်းဆောင်၌ ရက်အနည်းငယ် ပုန်းနေခဲ့သော်လည်း မည်သူမျှ သတိမထားမိခဲ့ကြပေ။ သူတို့နဖူးမှ ချွေးများ ကျလာတော့၏။

ရှင်းအန်းက အရက်အိုးကို ချ၍ ပြောလိုက်သည်။ “ဒါပေမဲ့ ဧကရာဇ် နတ်ဘုရားအဆင့်ကို ရောက်ရောက် မရောက်ရောက်၊ ကျုပ်အတွက် ပြဿနာမရှိပါဘူး။ နတ်ဘုရားအဆင့်ရောက်နေရင်‌တောင်မှ ကျုပ်ကို မယှဉ်နိုင်သေးဘူး... ခင်ဗျားရဲ့ ကျင့်စဉ်စွမ်းအင်က အရင်ထက် ပိုသိပ်သည်းလာတာလောက်ပဲ အလွန်ဆုံး ဖြစ်မှာပါ... လမ်းစဉ်တွေ၊ ကျင့်စဉ်ပညာရပ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေမှာတော့ ဘာမှမတိုးတက်ခဲ့ဘူး

“နတ်ဘုရားဖြစ်လာတဲ့ အရပ်ဘက်၊ စစ်ဘက်အရာရှိတွေ၊ နယ်စားဝေ့နဲ့ သနင်္ဂဗျူဟာစစ်သူကြီးတို့ကို ခေါ်ရင်တော့ ခင်ဗျား ကျုပ်ကို ယှဉ်လို့ရရင် ရလိမ့်မယ်။ ဒါပေမဲ့ နန်းတွင်းကောလိပ်နဲ့ နန်းစိုက်မြို့တော် ပျက်စီးသွားလိမ့်မယ်”

ဧကရာဇ်ယန်ဖုန်း၏ နဖူးမှ သွေးကြောများ ထောင်လာပြီး ပြန်လည်ပြေလျော့သွားသည်။ သူက ပြုံး၍ ပြောလိုက်၏။ “ဘာအကြောင်း ပြောနေကြတာလဲ”

“ကောင်းကင်မဟာမိတ်အဖွဲ့အကြောင်း” ရှင်းအန်းက ပြောသည်။ “သူတို့က ကောင်းကင်ဟာ မိုင်တစ်သိန်းမြင့်ပြီး ကိုက်တစ်ထောင်ပဲ ထူတဲ့အကြောင်း တွေ့သွားလို့ ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့တာတဲ့... လျှို့ဝှက်ချက်တွေ ဖော်ထုတ်ပြီး ဒီကောင်းကင်အတုကို စုတ်ဖြဲဖို့ ကြံစည်နေကြတာတဲ့”

ဧကရာဇ်ယန်ဖုန်းက ပြုံးတော်မူလျက် သူတို့ကို ဆူငေါက်လိုက်၏။ “လျှောက်လုပ်နေကြတယ်... ပြဿနာကို မီးထွန်းရှာနေတဲ့ ကလေးတွေအတိုင်းပဲ။ ငါလည်း ဟွေ့ကျင့်လင် လျှောက်တင်လို့ အဲဒီအကြောင်း ကြားထားပါတယ်... ကောင်းကင်မဟာမိတ်အဖွဲ့လို့ ကြားလိုက်တုန်းက ငါ့မှာ ထခုန်မိမတတ်တောင် လန့်သွားတယ်။ မင်းတို့တွေ ငါ့ကို ပုန်ကန်ကြ‌တော့မယ် ထင်နေတာ” သူက စကားပြောပြီးသည့်အခါ ကျယ်လောင်စွာ ရယ်သည်။

သူ့ရယ်သံမှာ ဝေးဝေးမရောက်လိုက်ပေ။ ပတ်ဝန်းကျင်တွင်သာ ပဲ့တင်ထပ်နေ၍ မီးပုံပတ်ပတ်လည်ရှိ လူတိုင်း ချီနှင့်သွေးများ ဆောင့်တက်လာသည်ကို ခံစားလိုက်ကြရ၏။

ဧကရာဇ်ယန်ဖုန်းမှာ အံ့အားသင့်သွားပြီး ကမန်းကတန်း ရပ်လိုက်ရသည်။ ရယ်သံဖြင့် သနင်္ဂဗျူဟာစစ်သူကြီးနှင့် ဝန်မင်းများကို အသိပေးရန် ရည်ရွယ်ထားခဲ့သော်လည်း နတ်ဘုရားအဆင့်အထိ ကျင့်ကြံပြီးနောက်တွင်ပင် ရှင်းအန်း၏မှော်စွမ်းအင်က သူ့ထက် သာနေသေးပြီး အားကောင်းသော စက်ကွင်းတစ်ခုကိုပင် ဖွဲ့တည်ထားနိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ရယ်သံက နေရာကျဉ်းကျဉ်း၌ ပိတ်လှောင်ခံလိုက်ရ၍ အသံကူးပြောင်းပေးပို့ရန် ခက်ခဲသွားသည်။

ဧကရာဇ်ယန်ဖုန်း၏ ကျင့်စဉ်စွမ်းအင်မှာ ပြိုင်ဘက်ကင်းလောက်အောင် သိပ်သည်းသည့်အတွက် ရက်သံသက်သက်ဖြင့် ချင်မူနှင့် လင်ယွင်ရှို့တို့အား သွေးအန်စေသည်အထိ တုန်ခါသွားစေခဲ့သည်။ ထို့ကြောင့် သူ မတတ်သာဘဲ ရပ်လိုက်ရ၏။

ရှင်းအန်းက လင်ယွိရှို့ကို ကြည့်ကာ ပြောလိုက်သည်။ “ဧကရာဇ် သိပ်လည်း သွေးနားထင် ရောက်မနေနဲ့... ခင်ဗျားသမီးက သတ္တိကောင်းတဲ့အပြင် နောင်တစ်ချိန်မှာ ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေနဲ့ ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေနဲ့ မိတ်ဆွေဖြစ်နေတယ်။ သူက အင်ပါယာမှာ ဩဇာအာဏာကြီးမားတဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်

“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ တာအိုသခင်၊ အထက်ကောင်းကင်ဘုံ၊ ကျောက်စိမ်းမြို့တော်ငယ်၊ ဗုဒ္ဓဂိုဏ်းသမားတွေ... ဒီခေါင်းဆောင်လောင်းတွေအားလုံးက သူနဲ့ မိတ်ဆွေဖြစ်နေပြီ။ သူ့အာဏာ ကြီးထွားခိုင်မာလာတာနဲ့ ခင်ဗျား သူ့ကို ထီးနန်းလွှဲပေးရုံအပြင် ရွေးစရာရှိမှာ မဟုတ်ဘူး။ ခင်ဗျားက လောကကြီးကို ကြည့်နေပေမယ့် သူ့ဘေးမှာ ရှိနေတဲ့လူတွေကိုတော့ မမြင်ဘူး”

ဧကရာဇ်ယန်ဖုန်းက မစိုးရိမ်ပေ။ “နောင်တော်ရှင်းအန်း၊ ကျုပ်တို့ သားအဖကိစ္စက အသာထားပါ။ နောင်တော်ရှင်းအန်းလည်း ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ စိတ်ဝင်စားနေတာလား”

ရှင်းအန်းက ခေါင်းခါ၍ ပြောလိုက်သည်။ “ကျုပ်က ကိုက်တစ်ထောင်ထူတဲ့ ကောင်းကင်ကိုပဲ စိတ်ဝင်စားတာ... ကောင်းကင်မဟာမိတ်အဖွဲ့ကို မဟုတ်ဘူး”

“ဒါဆို နောင်ကြီးရှင်းအန်းက ကျွန်တော့်ကို သတ်ဖို့ ဒီလာတာလား” ချင်မူ မေးလိုက်မိသည်။

ရှင်းအန်းက ခေါင်းယမ်းပြသည်။ “အစတုန်းကတော့ ငါ့ကို ခဏခဏ ဒုက္ခပေးခဲ့လို့ မဟာနတ်ဆေးသမားတော်ချင်ကို တကယ် သတ်ချင်နေခဲ့တာပါ။ ငါ့သေတ္တာကြီးလည်း ခိုးခံလိုက်ရတယ်... ပိုင်ဆိုင်မှုတွေလည်း လုခံလိုက်ရတယ်.... ငါ မင်းကို တကယ်ပဲ ရိုးတွင်းခြင်ဆီအထဲထိ မုန်းမိတယ်။ ဒါပေမဲ့ မှတ်တမ်းဆောင်က စာအုပ်တွေကို ဖတ်ရင်း မင်းရဲ့ ကောင်းကင်တံတားပြန်ဆက်နည်းကို မြင်ရခဲ့သလို... နန်းတွင်းကောလိပ်မှာ မင်းမျှဝေပေးခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ကြားခဲ့ရတယ်။ မင်းက ဓားကွက်တွေကို ပြန်သင်ပေးပြီး ရက်ပိုင်းလေးနဲ့ လျှို့ဝှက်ချက်သုံးသွယ် မူလဝိညာဉ်ညီလာခံကိုတောင် တီထွင်ခဲ့သေးတယ်။ ဒါကြောင့် ငါ မင်းကို သတ်ချင်စိတ်မရှိတော့ဘဲ ‌လေးစားလာမိတာပဲ”

သူ့အကြည့်သည် တောက်ပနေပြီး သူ့အမူအရာက အေးဆေးတည်ငြိမ်နေ၏။ သူက ချင်မူ့အား စိုက်ကြည့်ကာ ချီးကျူးလိုက်သည်။ “ဒီနေရာမှာရှိတဲ့ လူတိုင်းက သူရဲ‌ကောင်းတွေချည်းပဲ... ဒီရက်ပိုင်း ဖန်တီးခဲ့တဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်ပညာရပ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက လွန်ခဲ့နှစ်တစ်ရာထက် များစွာတိုးတက်သွားခဲ့ပြီ။ ငါ မင်းတို့ရဲ့အရည်အချင်းတွေကို တန်ဖိုးထားလို့ အသက်ချမ်းသာပေးထားဦးမယ်။ အနာဂတ်ကမ္ဘာက သေချာပေါက် ပိုပြီးစိတ်ဝင်စားစရာကောင်းမှာ မဟုတ်လား... မင်းတို့အားလုံး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတော့မှ ငါ မင်းတို့ကို လိုက်ဖမ်းမယ်။ အဲဒါကမှ အဓိပ္ပါယ်အရှိဆုံးပဲ”

ရှုရှန်းဟွာ၊ ဝမ့်မူရန်နှင့် ကျန်ရှိသူများအားလုံး အမူအရာပြောင်းလဲသွားကြသည်။

ဝမ့်မူရန်က အရေးမစိုက်သကဲ့သို့ မှင်သေသေ ပြောလိုက်သည်။ “နောင်တော်ရှင်းအန်းက ကျွန်တော်တို့ကို နောင်တော်ပိုင်တဲ့ ပစ္စည်းတွေလို သဘောထားပြီး ဘဝင်မြင့်နေတာပဲ။ ဒါပေမဲ့ အဆင့်တူမှာ နောင်တော် ကျွန်တော်တို့ထက် သေချာပေါက် နိမ့်ကျလိမ့်မယ်... ကျွန်တော်တို့နဲ့ အဆင့်တူမှာ တိုက်ခိုက်ရဲတဲ့ သတ္တိရှိလား”

ရှင်းအန်းက ခေါင်းယမ်းသည်။ “မလိုဘူး... မင်းတို့တွေက အဆင့်တူမှာ ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး... အခုရှိတဲ့ လူတွေထဲမှာ မဟာနတ်ဆေးသမားတော်ချင်နဲ့ အထက်ကောင်းကင်ဘုံရဲ့ ရှုရှန်းဟွာပဲ ငါ့ကို ယှဉ်နိုင်လောက်တယ်... သူတို့နှစ်ယောက်အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ငါ့ကို ယှဉ်နိုင်တဲ့ တစ်ယောက်တည်းသော လူကတော့ ဧကရာဇ်အတိုင်ပင်ခံပဲ”

ဝမ့်မူရန်၏မျက်နှာ သွေးဆုပ်ဖြူလျော်သွားသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ သူ့ဆရာအတွက် ကလဲ့စားချင်စိတ်ဖြင့် သူ အနိုင်ယူချင်သောလူ ဖြစ်၏။ ရှင်းအန်းကို ယှဉ်နိုင်သော လူသုံးယောက်ထဲတွင် မပါခြင်းက ဝမ်မူ့ရန်ရင်ထဲရှိ စိတ်ပျက်အားလျော့မှုအား ပိုမိုကြီးထွားလာစေတော့သည်။

အခြားတစ်ဖက်တွင် ချင်မူမှာတော့ စိတ်အေးလက်အေး ဖြစ်သွားသည်။ ရှင်းအန်းသည် ထူးဆန်းပြီး အကျင့်မကောင်းသော်လည်း စကားတည်သူဖြစ်၍ လေးစားထိုက်၏။ သူ့ကို ရန်မစသရွေ့ လှုပ်ရှားမည်မဟုတ်ပေ။ အနည်းဆုံးတော့ သူ ဘေးကင်းသွားချေပြီ။

“နောင်ကြီးရှင်းအန်းက ကောင်းကင်ကို သွားကြည့်ဖို့ တွေးနေတာလား” ချင်မူ မေးလိုက်သည်။ “ကျွန်တော့်ဘိုးဘိုး သားသတ်သမားလည်း တစ်ခါ သွားကြည့်ခဲ့ဖူးပေမယ့် အလျင်စလို ရောက်သွားတာဆိုတော့ ဝင်္ကပါတွေ၊ နတ်ဘုရားတွေကို ခဏပဲ မြင်ခဲ့ရတယ်တဲ့... နောင်ကြီးရှင်းအန်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ဖုန်းတုထဲမှာ ဆုံးရှုံးခဲ့ရတာဆိုတော့လေ... ကောင်းကင်ထဲမှာ နတ်ဘုရားတွေ အများကြီးရှိတယ်.... သူတို့ဆီက သွားဖြတ်ယူလို့ ရမှာပဲ”

ရှင်းအန်းက တုပ်တုပ်မလှုပ်ပေ။ “အနှေးနဲ့အမြန် ကောင်းကင်ကို သွားကြည့်မှာပါ... ဒါပေမဲ့ ငါ ဒီကို လူတစ်ယောက်ကြောင့် လာခဲ့တာ... ကောင်းကင်နတ်ဆိုးဂိုဏ်း၊ တာအိုဂိုဏ်း၊ ဗုဒ္ဓဂိုဏ်း၊ ကျောက်စိမ်းမြို့တော်ငယ်၊ အထက်ကောင်းကင်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ... မင်းတို့အားလုံးရဲ့ အာဏာက မသေးဘူးဆိုတော့ ငါ့အတွက် အဲဒီလူကို ကူရှာပေးနိုင်မှာပါ”

သူက မည်သူ့ကိုမျှ ငြင်းခွင့်မပေးဘဲ ဆက်ပြောသည်။ “ငါ ရှာချင်တဲ့ လူက လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ် ၁၂လပိုင်း ၈ ရက်နေ့မှာ မွေးတာ။ အတိအကျဆို နှစ်ခြောက်ဆယ်စက်ဝန်းရဲ့ ပထမဆုံးနှစ်၊ ၁၂လပိုင်း ၈ရက်နေ့ သန်းခေါင်ယံ... အားလုံးရဲ့ အစွမ်းအစ... အထူးသဖြင့် ဧကရာဇ်ရဲ့အစွမ်းအစနဲ့ဆို လူတစ်ယောက်ကို ရှာပေးဖို့က မခက်ပါဘူး ဟုတ်တယ်မလား.. သဘောတူရင် ဘယ်သူမှ သေစရာမလိုဘူး”

သူက ပြုံးလျက် ငါးတစ်တုံး ထပ်ဖဲ့၍ အရက်အိုးထဲ နှစ်ပြီးနောက် ပါးစပ်ထဲ ထည့်လိုက်သည်။ အေးအေးလူလူ ဝါးရင်း ဆက်ပြော၏။ “မဟုတ်ရင် နန်းစိုက်မြို့တော်မှာ လူဘယ်နှယောက် ရှင်ပါ့မလဲ ပြောဖို့ခက်လိမ့်မယ်... ငါ လူတိုင်းကိုတော့ မသတ်ပါဘူး.. ဒါပေမဲ့ နန်းတွင်းကောလိပ်ကျောင်းသားတွေရဲ့ အသက်ကတော့ မင်းတို့အပေါ် မူတည်တယ်”

ဧကရာဇ်ယန်ဖုန်း၏နဖူးမှ ချွေးများကျလာပြီး သူက ပြောလိုက်သည်။ “ကောင်းပြီ၊ အဲဒီအချိန်မှာ မွေးတဲ့ လူမှန်သမျှ ကူရှာပေးမယ်... အဲဒီကိစ္စပြီးရင် နောင်တော်ရှင်းအန်း အချိန်တစ်ခုခုအထိ အေးအေးဆေးဆေး နေဖို့ မျှော်လင့်ပါတယ်”

ရှင်းအန်းက ပတ်ပတ်လည်သို့ ကြည့်ရင်း ပြုံးလိုက်သည်။ “ဧကရာဇ်အပြင် မလုပ်ချင်တဲ့လူများ ရှိသလား”

ချင်မူ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချကာ အလေးအနက် ပြောလိုက်သည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းလည်း နောင်တော်ရှင်းအန်း ရှာနေတဲ့လူကို ကူရှာပေးပါ့မယ်”

တာအိုသခင်လင်းရွှမ်ကလည်း ခေါင်းညိတ်၍ ပြော၏။ “တာအိုဂိုဏ်းလည်း တာအိုဂိုဏ်းလက်အောက်က ဒေသတွေကို တာဝန်ယူပေးပါ့မယ်”

မိစ္ဆာမျောက်ဝံလည်း တိတ်ဆိတ်မနေပေ။ “‌ရှာ”

ရှုရှန်းဟွာက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ “အနောက်ကမ္ဘာမြေက ထာဝရငြိမ်းချမ်းရေးအင်ပါယာ လက်အောက် ရောက်သွားပြီဆိုတော့ ကျွန်တော့်အနေနဲ့ အထက်ကောင်းကင်ဘုံဆီ ပြန်ပြီး ကြည့်ပေးလို့ ရပါတယ်။ ဒါပေမဲ့ အဆင်ပြေမပြေတော့ အာမ,မခံနိုင်ဘူး”

ရှင်းအန်းက လက်ခုပ်တီးကာ ပြုံးနေ၏။ “ကဲ ဒါဆို ပိုလွယ်ကူသွားတာပေါ့... မဟာနတ်ဂိုဏ်းသခင်ချင် ၊ အားရင် ငါ့ဘေးမှာ နေပြီး ငါ့ခန္ဓာကိုယ်ကို ကုပေးပါဦး”

ချင်မူ့နဖူးမှ ချွေးများကျလာပြီး ကပျာကယာ ပြောလိုက်မိသည်။ “ကျွန်‌တော့်မှာ လုပ်စရာတွေ ရှိသေးတယ်.... စီးပွားရေးအကြီးကြီး လုပ်မလို့”

ရှင်းအန်းက ပြုံးနေ၏။ “ဒါဆိုလည်း ငါ မင်းဘေးမှာပဲ နေလိုက်မယ်လေ.... အရှင်မင်းကြီး၊ ပြန်ကြွလို့ ရပြီနော်”

All Chapters