← Chapters

လောဘကြောင့် စုံလုံကန်း

Vol. 38 Ch. 517

လောဘကြောင့် စုံလုံကန်း

Vol. 38 Ch. 517

ဧကရာဇ်ယန်ဖုန်း ဒေါသထွက်သွားသည်။ “အရက်အိုး ပြန်ပေး”

ရှင်းအန်းက အရက်အိုး၏အဝကို ဆုပ်ကိုင်လျက် ထိုင်နေဆဲဖြစ်သည်။ ဧကရာဇ်ယန်ဖုန်း အရက်အိုးအဝတစ်ဖက်ဆီသို့ လှမ်းဆွဲလိုက်သော်လည်း လှမ်းရခက်နေသည်။ အနည်းငယ်မျှလေး ရွေ့ရန်အတွက် အမွှေးတိုင်တစ်ဝက်ထွန်းစာ ကြာသည်။

မီးပုံဘေး၌ ချင်မူ၊ ရှုရှန်းဟွာနှင့် ကျန်ရှိသူများက သူတို့နှစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။

အရက်အိုးအဝကို ဆုပ်ကိုင်ထားသော ရှင်းအန်း၏ လက်သည် အလွန်မြဲမြံနေပြီး တစ်စက်မှ မရွေ့ပေ။ သို့သော် ဧကရာဇ်ယန်ဖုန်း၏ လက်မှာတော့ မသိမသာ တုန်ခါနေသည်။ တုန်ခါလှိုင်းများက ချင်မူတို့ဆီသို့ပင် လာရိုက်ခတ်နေ၏။

ဧကရာဇ်ယန်ဖုန်း၏လက်ချောင်းငါးချောင်း တစ်ချက်တုန်ခါသွားတိုင်း ကောင်းကင်နတ်သိုင်းတစ်ခု ထုတ်ဖော်လိုက်သည်နှင့် ညီမျှသည်။ သူ၏ချီစွမ်းအင်က ရေနဂါးလေးများအသွင် ဖွဲ့တည်လျက် သူ့လက်မောင်းသွေးကြောများအကြား ကူးလူးသွားလာနေသည်ကိုပင် ခပ်ရေးရေး မြင်နေရသည်။

သူ့အရေပြားအောက်၌ အစစ်အမှန်နဂါးတစ်ကောင် ရစ်ခွေလျက် ခွန်အားစုစည်းနေသယောင် ထင်ရသည်။ သို့သော် ခွန်အားသည် အမြဲပြင်းထန်အားကောင်းနေခြင်းမျိုးမဟုတ်ဘဲ... တင်းချည်၊ လျော့ချည် ဖြစ်နေ၏။

ဧကရာဇ်ယန်ဖုန်း၏ သိုင်းကျင့်စဉ်မှာ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ဖြစ်ပြီး ချင်မူ့အား တစ်ခါ သင်ပြပေးခဲ့ဖူးသည်။ ချင်မူက မတူညီသော နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ပြန်လည်ထုတ်နုတ်၍ လင်ယွိရှို့ကို ပြန်သင်ပေးခဲ့၏။ လင်ယွိရှို့က ဧကရာဇ်ယန်ဖုန်းအား တစ်ဖန် ပြန်သင်ပေးခဲ့ချေသည်။

ဧကရာဇ်ယန်ဖုန်းသည် ပြိုင်ဘက်ကင်းသော ဉာဏ်ကြီးရှင်တစ်ဦးလည်း ဖြစ်၏။ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မှာ စစချင်းတွင် အံ့အားသင့်ဖွယ်ရာကျင့်စဉ် မဟုတ်ခဲ့ပေ။ ဧကရာဇ်ယန်ဖုန်းက စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံရင်း စွမ်းအားကို အဆုံးစွန်အထိ မြှင့်တင်ပေးခဲ့ရာမှ အဆုံးသတ်တွင် ထင်ရှားကျော်ကြားလာခဲ့ခြင်းဖြစ်သည်။ အထွတ်အမြတ်မြေကြီးသုံးခုနှင့် ရင်ဘောင်တန်းနိုင်သည့်တိုင်အောင် များစွာတိုးတက်လာခဲ့၏။

အစစ်အမှန်နဂါးသိုက်မှ ချင်မူ ထုတ်နုတ်ထားသော ကျင့်စဉ်ကို လက်ခံရရှိသည့်အခါ သူ၏ဟာကွက်များကို ဖာထေးနိုင်ခဲ့၍ ကောင်းကင်ရတနာများမှာလည်း များစွာ သန်မာအားကောင်းလာခဲ့သည်။ ရှင်းအန်းလည်း နတ်ဘုရားအဆင့်သို့ ရောက်နေပြီဖြစ်သော ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်ရတနာများ မာကြောခိုင်ခံနေမှုကို သတိထားမိ၏။

ဧကရာဇ်ယန်ဖုန်းက ကောင်းကင်တံတားကို ဖြတ်သန်းပြီး နတ်ဘုရားအဆင့်သို့ ဝင်ရောက်သွားသဖြင့် ကျင့်စဉ်စွမ်းအင်မှာလည်း ပိုမိုသိပ်သည်းလာခဲ့သည်။

သူ့အရေပြားအောက်၌ တင်းချည်၊ လျော့ချည် လှုပ်ရှားနေသော အစစ်အမှန်နဂါး၏ခွန်အားကို မြင်လျှင် ချင်မူနှင့် လင်ယွိရှို့မှာ အပြင်းအထန် တုန်လှုပ်သွားပြီး အတွေးများစွာနှင့်အတူ သဘောပေါက်သွား၏။

ချင်မူမှာ နဂါးမျိုးနွယ်စု၏ စာလုံးအားလုံးကို မဖတ်တတ်ခဲ့သည့်အတွက် လင်ယွိရှို့အား သင်ပေးခဲ့သော နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မှာ အပြည့်အစုံမဟုတ်သေးပေ။ နောက်ပိုင်းတွင် ပိုင်မိသားစု၏ မောင်နှမအကူအညီကြောင့် စာလုံးအများစုကို သင်ယူခဲ့ရ၍ ကျင့်စဉ်ကို နောက်တစ်ဆင့်သို့ တွန်းပို့နိုင်ခဲ့သည်။ သို့သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်ရောက်လာပြီးနောက် အချိန်မရသဖြင့် လင်ယွိရှို့အား ပိုမိုပြည့်စုံသောကျင့်စဉ် မသင်ပေးရသေးပေ။

မပြည့်စုံသည့် ကျင့်စဉ်တစ်ခုဖြင့် ဧကရာဇ်ယန်ဖုန်း ဤအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ခြင်းအရ ... နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မှာ အမှန်ပင် သန်မာအားကောင်းလှ၏။

သို့တိုင်အောင် ဧကရာဇ်ယန်ဖုန်း၏ အစစ်အမှန်နဂါးကောင်းကင်နတ်သိုင်းက လမ်းစဉ်အဆင့်သို့ ဝင်ရောက်သွားလျှင်ပင် ရှင်းအန်းကို ရင်ဆိုင်ရန် ခက်ခဲနေသေးသည်။

ဧကရာဇ်ယန်ဖုန်းမှာ ကောင်းကင်နတ်သိုင်း၏ ပြောင်းလဲမှုများအား ဖုံးကွယ်ထားသော်လည်း တောင်ကြီးသဖွယ် မြဲမြံနေသော ရှင်းအန်း၏လက်နှင့် မယှဉ်နိုင်သေးပေ။

နောက်ဆုံးတော့ ဧကရာဇ်ယန်ဖုန်း အရက်အိုး၏အဝကို လှမ်းဆွဲနိုင်လိုက်သော်လည်း ရှင်းအန်းက သူ့လက်ဝါးဆီသို့ လက်ချောင်းတစ်ချောင်းဖြင့် လှမ်းတောက်လိုက်သည်။

ဧကရာဇ်ယန်ဖုန်းလည်း လက်ချောင်းတစ်ချောင်းအား တောက်လိုက်၍ လက်နှစ်ချောင်း ထိသွားသည်။ အရက်အိုးထဲ၌ လေပြေတိုက်သွား၍ အရက်များ လှုပ်ခတ်သွားသကဲ့သို့ ဘောင်ဘင်မြည်သံများ ထွက်လာ၏။

အရက်အိုး၏အဝတွင် လက်ချောင်းနှစ်ချောင်းက အရိပ်များကဲ့သို့ လျင်မြန်စွာ လှုပ်ရှားရင်း တိုက်ကွက်ပေါင်း မရေမတွက်နိုင်အောင် ဖလှယ်နေသည်။

“ဂျွတ်”

လက်ခလယ် ကျိုးသွားသဖြင့် ဧကရာဇ်ယန်ဖုန်း အမူအရာပြောင်းလဲသွားသည်။

သူက နာကျင်မှုကို တောင့်ခံ၍ ပြုံးလျက် အရက်အိုးအား လွှတ်ပေးလိုက်သည်။ နောက်သို့ ဖြည်းဖြည်းဆုတ်ကာ ပြောလိုက်၏။ “နောင်တော်က ဒီအရက်ကို ဒီလောက်ကြိုက်နေမှတော့ ကျုပ် လက်ဆောင်ပေးပါတယ်”

ရှင်းအန်းက အရက်အိုးကို အေးအေးဆေးဆေး ပြန်ချပြီး ပြော၏။ “ကျုပ်က သိပ်မသောက်နိုင်ပါဘူး တော်ပြီ”

သူ အရက်အိုးကို ပြန်ချလိုက်သည့်အခါ ကြွက်တွင်းလေးဟူလင်းအာမှာ ဝမ်းသာသွားပြီး ပြေးလာ၏။ သူမက ပြုံးလျက် ပြောလိုက်သည်။ “ရှင်တို့ မသောက်ဘူးဆို ကျွန်မ‌ သောက်ပါရစေ”

ရုတ်တရက် အရက်အိုးထဲ၌ လေပြေတိုက်ခတ်နေသကဲ့သို့ အသံများ ကြားလိုက်ရ၍ သူမ ငုံ့ကြည့်လိုက်မိသည်။ အထဲရှိ အရက်များက လည်နေပြီး တိုက်ခိုက်နေကြဟန်တူ၏။

သူမက ခေါင်းသေးသေးလေးကို အဝနားသို့ တိုးကပ်ရင်း ငုံ့ကြည့်ရန် ပြင်လိုက်သော်လည်း တစ်ယောက်က သူမ၏အင်္ကျီကော်လံကို ဆွဲကာ မြှောက်လိုက်သည်။

ချင်မူ ဟူလင်းအာကို ဆွဲ၍ မီးပုံဘေးသို့ ပြန်ချပေးလိုက်သည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “မကြည့်နဲ့ အန္တရာယ်များတယ်... နင် သောက်ချင်ရင် ငါ ယွိရှို့ဆီက တောင်းပေးမယ်”

“သခင်လေး အိုးထဲမှာ...”

“ကြောက်စရာကောင်းတယ်” ချင်မူက ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် ကြည့်၍ တိုးတိုးတိတ်တိတ် ပြောလိုက်သည်။ “ဒီမှာ လူတွေများလွန်းတယ်.. ငါ နောက်မှ ပြမယ်သိလား.... တော်တော်မိုက်မှာ”

ဟူလင်းအာမှာ စိတ်လှုပ်ရှားလာပြီး အရက်အိုးက လှည့်ကြည့်လှည့်ကြည့် ကြည့်နေတော့သည်။

အထဲရှိ ‌လေတိုက်သံက တဖြည်းဖြည်း ကျယ်လာသဖြင့် ဟူလင်းအာမှာ ရိုးတိုးရွတ ဖြစ်နေတော့၏။ သူမက ခေါင်းသေးသေးလေးကို မော့လျက် မစောင့်နိုင်ဖြစ်နေသည်။

အရက်အိုးမှ အရက်နံ့ကလည်း မွှေးသထက် မွှေးလာသည်။

ဧကရာဇ်ယန်ဖုန်း စားသောက်ပွဲဆီသို့ ပြန်ရောက်သည့်အခါ သနင်္ဂဗျူဟာစစ်သူကြီးက ကပျာကယာ မေးမြန်းသည်။ “အရှင်မင်းကြီး... လှုပ်ရှားရတော့မလား”

ဧကရာဇ်ယန်ဖုန်း မျက်ခုံးပင့်သွား၏။ “မင်း ခံစားခဲ့ရတယ်လား”

သနင်္ဂဗျူဟာစစ်သူကြီးက ခေါင်းညိတ်သည်။ “သိပ်အင်အားကြီးတဲ့ လူတစ်ယောက်ပဲ... အရှင်မင်းကြီး သူနဲ့ တိုက်ခိုက်ခဲ့သေးလား... ကျွန်တော်မျိုး နယ်စားဝေ့ကို ခေါ်လိုက်မယ်”

သူ ထိုသို့ပြောနေစဉ်မှာပဲ နယ်စားဝေ့က သူ့အနောက်၌ ပေါ်လာပြီး ခပ်တိုးတိုး ပြောသည်။ “အရှင်မင်းကြီး လှုပ်ရှားနေတုန်း မူမမှန်တဲ့မြေလှိုင်းတွေကို ဒီဝန်မင်းအိုကြီး ခံစားခဲ့ရပါတယ်... အရှင်မင်းကြီးရဲ့ ကောင်းကင်နတ်သိုင်းကလည်း မြေပြင်ကို လှုပ်ခတ်စေခဲ့တယ်။ အဲဒီလူက သိပ်သန်မာတယ်ဖြစ်မယ်...”

ဧကရာဇ်ယန်ဖုန်းက ခေါင်းယမ်းလိုက်သည်။ “မပူကြနဲ့တော့... အဲဒီလူက ရှင်းအန်းပဲ... ရေရှည်စိုးရိမ်ရမယ့် လူမဟုတ်ဘူး။ ဒါပေမဲ့...” သူ အတန်ငယ် စိတ်ပူသွားသည်။ “တကယ့် သစ္စာရှိအမှုထမ်းကောင်းလေး ဝန်မင်းချင်တော့ ခက်ခဲတော့မှာပဲ။ ရှင်းအန်းကို အချိန်ဆွဲဖို့ ... သူ့အနားမှာ ထား,ထားတယ်လေ... ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က အဲဒီလောက် သူရဲကောင်းဆန်ပြီး သတ္တိရှိလိမ့်မယ်လို့ ကိုယ်တော် မထင်ထားခဲ့ဘူး”

သူ ထပ်ခါတလဲလဲ သက်ပြင်းချနေမိသည်။

“ဂိုဏ်းသခင် စီးပွားရေးအကြီးကြီးလို့ ပြောလိုက်တာလားလို့” စစ်ယွင်ရှန်းက ချင်မူ့အား လှမ်းမေးသည်။ “ကျွန်မတို့ ချမ်းသာတော့မှာလား”

ဟူလင်းအာမှာ အရက်အိုးကို စိုက်ကြည့်ရင်း အရက်နံ့ရှူကာ သရေကျနေခဲ့သော်လည်း ‘ချမ်းသာတော့မှာ’ ဆိုသော စကားကို ကြားလျှင် ခေါင်းမလှည့်ခင် ခန္ဓာကိုယ်က အရင်လှည့်သွားသည်။ ထို့နောက်မှ ခေါင်းသေးသေးလေးအား ဖြည်းဖြည်းချင်း လှည့်လိုက်၏။ “စီးပွားရေးအကြီးကြီး ဟုတ်လား၊ ချမ်းသာတော့မှာဟုတ်လား... သခင်လေး ဘာစီးပွားရေးလဲ”

“ငါ ဖုန်းတုကို နောင်ကြီးရှင်းအန်းနဲ့ သွားတုန်းက သေခြင်းရှင်ခြင်းကြားရတနာကို ရလာခဲ့တယ်။ အဲဒီရတနာက ဖုန်းတုနဲ့ သက်ရှိကမ္ဘာကို ဆက်သွယ်ပေးနိုင်တဲ့ ရတနာပဲ”

ချင်မူ ရှင်းအန်းအား တစ်ချက်ကြည့်လိုက်သည်။ တစ်ချိန်လုံး တည်ငြိမ်အေးဆေးနေခဲ့သော ရှင်းအန်း၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။ ဖုန်းတုထဲတွင် အရှက်ကွဲခဲ့ရသည့်အဖြစ်အား ပြန်သတိရသွားကြောင်း သိသာသည်။

ချင်မူ မဆိုစလောက်ပြုံးကာ ပြောလိုက်သည်။ “ငါက သက်ရှိကမ္ဘာမှာ စီးပွားရေးလုပ်ချင်တာ... သေသွားပေမယ့် ဖုန်းတုမှာ အသက်ရှင်နေသေးတဲ့ နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေ အများကြီး ရှိတယ်.... တချို့က ဆန္ဒတွေ မပြည့်သေးလို့ ဖုန်းတုကနေ ထွက်မသွားနိုင် ဖြစ်နေကြတယ်..... ဒါကြောင့် အများစုက သက်ရှိကမ္ဘာကလူတွေကို သူတို့ဆန္ဒတွေ ဖြည့်ပေးခိုင်းဖို့ ဘယ်လောက်ပဲပေးရပေးရ ပေးချင်နေကြတယ်

“ငါ့မှာလည်း လုပ်စရာတွေအများကြီးဆိုတော့ အချိန်မပေးနိုင်ဘူး.. ဒါ‌ကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဖုန်းတုကမ္ဘာသားဆီက တာဝန်တွေ လက်ခံနိုင်ဖို့ ဒီရတနာကို သုံးပြီး လမ်းဖွင့်ပေးမလို့ပဲ။ ဒါက လေ့ကျင့်ရေးလည်း ဖြစ်မယ်၊ အထောက်အကူလည်း ရမယ်။ သူတို့ ချမ်းတောင်ချမ်းသာသွားနိုင်တယ်”

သူက ပြုံး၍ စီကာပတ်ကုံး ပြောလိုက်သည်။ “ဖုန်းတုကမ္ဘာသား နတ်ဘုရားတွေနဲ့ မိစ္ဆာနတ်ဆိုးတွေကလည်း သူတို့ဆန္ဒဖြည့်ဆည်း‌ပေးတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေကို ကျင့်စဉ်ပညာရပ်တွေ၊ ကောင်းကင်နတ်သိုင်းတွေ သင်ပေးရင် သင်ပေး၊ မသင်ပေးရင်လည်း ဖုန်းတုထဲ ဝင်လို့ရမယ့် ဖုန်းတုရွှေဒင်္ဂါးတွေ ပေးလို့ရမယ်။ ငါက သေခြင်းရှင်ခြင်းကြားရတနာထဲ ဝင်ချင်တဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေဆီကနေ ဝင်‌ကြေး‌ကောက်ခံပြီး အသုံးစရိတ်ရှာဖို့ ကြံနေတာပဲ”

“နတ်ဘုရားတွေနဲ့ မိစ္ဆာနတ်ဆိုး‌တွေရဲ့ ကျင့်စဉ်ပညာရပ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေဟုတ်လား” မီးပုံဘေးရှိ အားလုံး အမူအရာများ ပြောင်းလဲကုန်ကြပြီး ရင်ထဲတွင် လှုပ်ခါသွားကြသည်။

ဖုန်းတုရွှေဒင်္ဂါးများကို သူတို့ မသိသော်လည်း နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများ၏ ကျင့်စဉ်ပညာရပ်များ၊ ကောင်းကင်နတ်သိုင်းများက သူတို့နှလုံးသားကို လှုပ်ခါသွားစေနိုင်၏။

မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာသည် လူတစ်ယောက်ကို နတ်ဘုရား သို့မဟုတ် မိစ္ဆာနတ်ဆိုးဖြစ်စေနိုင်၍ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အထွတ်အမြတ်ကျင့်စဉ်ပညာရပ် ဖြစ်လာခဲ့၏။

တာအိုဂိုဏ်း၏ တာအိုဓားနှင့် တထာဂတ၏ မဟာယနသုတ္တန်ကလည်း လူတစ်ယောက်ကို နတ်ဘုရား သို့မဟုတ် ဗုဒ္ဓ ဖြစ်စေနိုင်၍ တာအိုဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်း‌တော်မှာ အထွတ်အမြတ်မြေကြီးများ ဖြစ်လာခဲ့ကြသည်။

ဖုန်းတုထဲရှိ နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများ၏ ကျင့်စဉ်ပညာရပ်များနှင့် ကောင်းကင်နတ်သိုင်းများက အထွတ်အမြတ်မြေသုံးခုအောက် နိမ့်ကျပါသော်လည်း သေးသေးမွှားမွှား မဟုတ်သေးပေ။

“ဂိုဏ်းသခင် ကောင်းကင်တံတားသင်္ချာကို တည်ဆောက်ပြီး ချီချယ့်တံတား၊ ဆန်းကြယ်လမ်းညွှန်တံတားနဲ့ ကောင်းကင်ဖြတ်သန်းခြင်းတံတားကျင့်စဉ်တွေ ဖြန့်ဝေပြီးကတည်းက ကောင်းကင်တံတားက နတ်ဘုရားဖြစ်လာဖို့ တားဆီးနေတဲ့ အဟန့်အတားကြီးမဟုတ်တော့ဘူး” ‌လောင်ယွီက ပြောလာသည်။

“နတ်ဘုရားအဆင့် ကျင့်စဉ်ပညာရပ်တွေ မရှိတာက တကယ့် အဟန့်အတား ဖြစ်လာတယ်။ အမှန်အတိုင်းပြောရရင် ဒီရက်ပိုင်းတွေမှာ သိုင်းပညာရှင်အတော်များများ ‌ကျောက်စိမ်းမြို့တော်ငယ်ဆီ လာပြီး ကျင့်စဉ်တွေ လာရှာကြပေမယ့် ငါတို့ကျောက်စိမ်းမြို့တော်မှာ ရှိနေတာကလည်း ကောင်းကင်တံတားအဆင့်တွေပဲ ဖြစ်နေတယ်။ အဲဒီထက် ပိုမြင့်တာ မရှိတော့ဘူး”

တာအိုသခင်လင်းရွှမ် ခေါင်းညိတ်၍ ဝင်ပြောလိုက်သည်။ “ငါတို့တာအိုဂိုဏ်းမှာလည်း ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်ရဲ့ နတ်ဘုရားအဆင့်ကျင့်စဉ် မရှိဘူး။ ဂိုဏ်းသခင်ချင်ရဲ့စကားကြောင့် ငါ ရင်ထဲ လှုပ်ခတ်သွားမိတယ်”

ဖြတ်သန်းမရသော တံတားကို ပြုပြင်တည်ဆောက်ပြီးနောက်ပိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ အဆင့်မြင့်သိုင်းပညာရှင်များအတွက် အကြီးမားဆုံးပြဿနာမှာ ... ဆက်လက်ကျင့်ကြံရန် ကျင့်စဉ် မရှိ၍ မည်သို့ရှေ့ဆက်သွားရမှန်း မသိခြင်း ဖြစ်သည်။

ချင်မူက သေခြင်းရှင်ခြင်းကြားရတနာကို သုံး၍ ကမ္ဘာနှစ်ခုအကြား ဆက်သွယ်ပေးလိုက်လျှင် သူတို့အနေဖြင့် တမလွန်လောကမှ ကျင့်စဉ်များကို သင်ယူနိုင်လိမ့်မည်။ သူ မည်မျှ‌ကောက်ခံစေကာမူ ပေးရတန်လိမ့်မည်။

ရှင်းအန်းပင် အတန်ငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သို့သော် ဖုန်းတု သူ့အား မည်သို့နှိပ်ကွပ်ခဲ့သည်ကို ပြန်တွေးရင်း လက်လျှော့လိုက်ရ၏။

‘ဒီလူငယ်တွေ နတ်ဘုရားအဆင့်ကျင့်စဉ်တွေကိုသာ ရလိုက်လို့ကတော့ သူတို့နတ်ဘုရားဖြစ်လာရင် ငါကပဲ သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ယူနိုင်မလား.. သူတို့ကပဲ ငါ့ဝိညာဉ်တွေကို ဖျက်စီးပစ်မလား မသိနိုင်တော့ဘူး’

သူ့အကြည့် လှုပ်ခတ်သွားပြီး ထိုအခိုက်အတန့်တွင် သူ၏သတ်ဖြတ်လိုစိတ် ထကြွလာ၏။ သို့သော် အချိန်တိုအတွင်း ပြန်ထိန်းချုပ်နိုင်လိုက်သည်။

စစ်ယွင်ရှန်းနှင့် ဟူလင်းအာမှာ အသက်ရှူမြန်လာပြီး မျက်လုံးများ တဖိတ်ဖိတ် တောက်ပနေတော့၏။ နှစ်ယောက်၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ‘ငါတို့တော့ ချမ်းသာပြီ... ငါတို့ကြွယ်ဝမှုက ဧကရာဇ်နဲ့တောင် ယှဉ်နိုင်သွားလိမ့်မယ်... သေခြင်းရှင်ခြင်းကြားရတနာကို နေရာချပြီးတာနဲ့ ဧကရာဇ်တောင်မှ ဖုန်းတုကို သွားချင်လွန်းလို့ ငြိမ်ငြိမ်နေနိုင်မှာ မဟုတ်ဘူး’

ဟူလင်းအာ၏ အမွှေးဖွားဖွား နားရွက်လေးနှစ်ဖက်မှာ ထောင်နေပြီး စိတ်လှုပ်ရှားစွာ လှုပ်နေ၏။ “သခင်လေး၊ ဧကရာဇ်ကို ဘယ်လောက်တောင်းသင့်လဲ”

စစ်ယွင်ရှန်းလည်း စိတ်လှုပ်ရှားနေသည်။ “ကျောက်စိမ်းမြို့တော်ငယ်ရဲ့ နတ်ဝိဇ္ဇာအိုကြီးတို့... မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဘုန်းကြီးအိုကြီးတို့... တာအိုဂိုဏ်းရဲ့ ရသေ့အိုကြီးတို့ အားလုံး အသတ်ခံဖို့ စောင့်နေရမယ့် သိုးပေါက်လေးတွေ ဖြစ်ကုန်ကြပြီ”

မင်ရှင်းကိုယ်တော်၊ တာအိုသခင်လင်းရွှမ်နှင့် လင်ယွိရှို့တို့၏မျက်နှာများ စိမ်းပုပ်သွားကြတော့သည်။ သူတို့ မည်သည်ကိုမျှ မပြောနိုင်ခင် စစ်ယွင်ရှန်းနှင့် ဟူလင်းအာက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တစ်စုံတစ်ခုကို တစ်ပြိုင်တည်း သတိရလိုက်ကြ၍ ပြိုင်တူ ပြောလိုက်ကြ၏။ “သခင်လေး/ဂိုဏ်းသခင် ... ကျွန်မတို့က သက်ရှိကမ္ဘာမှာ ဝင်ကြေးကောက်မယ်ဆိုရင် သေဆုံးသူတို့ရဲ့ကမ္ဘာမှာရော.... ကောက်ခံလို့ရတယ်မဟုတ်လား”

“နင်တို့နှစ်ယောက်ကတော့ လောဘကြောင့် စုံလုံးကန်းကုန်ပြီ... ငွေကို ဘယ်လိုနှိုက်ယူရမလဲပဲ သိတယ်.. သူများတွေအတွက်လည်း ချန်ထားလိုက်ပါဦးဟ” ချင်မူ ခေါင်းတယမ်းယမ်းဖြင့် ပြောလိုက်၏။ “အဲဒီကဝေစုကို လူသားဧကရာဇ်ခန်းမရဲ့ လူသားဧကရာဇ်ဟောင်းတွေဆီ လွှဲပေးခဲ့ပြီးပြီ... နင်တို့ မေ့ထားလိုက်တော့”

စစ်ယွင်ရှန်းနှင့် ဟူလင်းအာမှာ စိတ်ပျက်သွားကြ၏။ ဖြောင့်တန်းနေခဲ့သော ဟူလင်းအာ၏အမြီးလေးများမှာ ကွေးကျသွားသည်။ သို့သော် ချမ်းသာတော့မည်ကို တွေးမိသောအခါ ပြန်မတ်လာ၏။

မိုးလင်းလာ၍ အားလုံး အလျှိုလျှို ပြန်သွားကြသည်။

ချင်မူက အားလုံး တောင်ပေါ်မှ ဆင်းသည်အထိ စောင့်နေပြီး ဟူလင်းအာကို ဆွဲကာ အရက်အိုးဆီမှ ခပ်ဝေးဝေးသို့ ပြေးလိုက်၏။ ထို့နောက် ကျောက်ခဲလေးတစ်ခဲ ပစ်ထည့်လိုက်သည်။

ကျောက်တုံးက အရက်အိုးထဲ ကျသွားသော်လည်း တုံ့ပြန်မှုမရှိပေ။

ဟူလင်းအာ သင်္ကာမကင်းဖြစ်နေသည်။ “သခင်လေး မှားနေတာများလား”

ချင်မူက ခေါင်းယမ်း၍ သူ့ဘေးရှိ ရှင်းအန်းအား လှည့်ကြည့်လိုက်၏။ “နောင်တော်ရှင်းအန်း.. ဒီအိုးက...”

“ငါ ဖိနှိပ်ထားတာ” ရှင်းအန်းက မှင်သေသေ ပြောသည်။ “အထဲက စွမ်းအားကို ထုတ်လွှတ်ချင်ရင် ငါ ထုတ်လွှတ်ပေးလို့ရတယ်။ မင်းတို့နန်းတွင်း‌ကောလိပ်မှာ ကျောက်စိမ်းတောင်ဘယ်နှလုံး ရှိလဲ”

“မလွှတ်လိုက်နဲ့” သို့သော် ချင်မူ ပြောလိုက်သည့်အချိန်မှာပဲ ရှင်းအန်းက သူ့အား ထူးဆန်းသောအပြုံးဖြင့် ပြုံးပြရင်း စွမ်းအားကို လွှတ်ပေးလိုက်သည်။ “မဟာနတ်ဆေးသမားတော်ချင် ငါလည်း အငြိုးအတေးထားတတ်တယ်”

ချင်မူ ခေါင်းမွှေးများထောင်သွားပြီး ဟူလင်းအာကို ဆွဲကာ တန်းနေအောင် ပြေးတော့သည်။ “ငါတို့ မြို့တော်မှာ နေလို့မဖြစ်တော့ဘူး... ဧကရာဇ် ငါ့ကို သေချာပေါက် ခေါင်းဖြတ်လိမ့်မယ်... ပြေးစို့”

All Chapters