← Chapters

ရှင်းအန်း၏ စစ်ဆေးမေးမြန်းမှု

Vol. 38 Ch. 518

ရှင်းအန်း၏ စစ်ဆေးမေးမြန်းမှု

Vol. 38 Ch. 518

နှစ်ခြောက်ဆယ်စက်ဝန်း၏ ဆယ့်ခုနစ်နှစ်မြောက်၊ ဆောင်းရာသီတွင် မှတ်တမ်းတင်ထားသော အကြောင်းအရာတစ်ခု ရှိသည်။ မှတ်တမ်းက နန်းတွင်းကောလိပ်၏ ကျောက်စိမ်းတောင်အဖြစ်အပျက်အကြောင်း ရေးထားခြင်းဖြစ်၏။

‘ယခုနှစ်၌ နန်းတွင်းကောလိပ်၏ ကျောက်စိမ်းတောင်သည် ဆယ့်ငါးကိုက်မျှ နစ်ဝင်သွားခဲ့၍ မိုင်ရှစ်ရာပတ်ပတ်လည်၌ ကြက်သွေးရောင်ကဲ့သို့ နီစွေးလှသော မီးတောက်မီးလျှံများ အရှိန်အဟုန်ပြင်းစွာ ထတောက်လာခဲ့ပြီး လှပသောမြင်ကွင်းတစ်ခု ဖြစ်ခဲ့တော်မူသည်’ ဟူ၍ ဖြစ်သည်။

သို့သော် စာရေးတော်ကြီးက ဖြစ်ပွားခဲ့ရသော အကြောင်းရင်းကိုတော့ မရေးထားပေ။

‘ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ ပါမောက္ခချုပ်ချင်သည် သင်ကြားရေးတာဝန်များကို လျစ်လျူရှုထားသည့်အတွက် ဧကရာဇ်မင်းမြတ်မှ လစာနှစ်နှစ်တိုင်တိုင် ဖြတ်လျက် အပြစ်ပေးခဲ့တော်မူသည်။ ရာထူးကိုလည်း အဆင့်လေး ဝန်မင်းအဆင့်မှ အဆင့်ငါး ဝန်မင်းအဆင့်သို့ လျှော့ချတော်မူခဲ့သည်’ ဟူသော မှတ်တမ်းကိုသာ အကျယ်တဝင့် စီကာပတ်ကုံး ရေးထားခဲ့သည်။

နန်းတွင်းသူများ၏ ပြောစကားအရ ထိုရက်၏ မနက်စောစောတွင် အလွန်ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးကြောင့် ဧကရာဇ်မင်းမြတ်မှာ စက်တော်ခေါ်နေရာမှ လန့်နိုးလာ၏။ အသံလာရာသို့ ကပျာကယာ သွားကြည့်တော်မူသည့်အခါ ပေါက်ကွဲမှုဖြစ်ပွားရာနေရာက ကျောက်စိမ်းနဂါးရေကန်ဖြစ်ကြောင်း တွေ့မြင်ခဲ့ရသည်။ ပေါက်ကွဲအားလှိုင်းများက ကန်ထဲရှိ နဂါးနီငါးကြင်းများစွာကို ထိမှန်ခဲ့၍ ငါးအလောင်းများ ပေါလောမျောနေခဲ့၏။ ကျောက်စိမ်းရေကန်မှာလည်း ပုံမှန်ထက် အဆများစွာကျယ်ဝန်းသွားပြီး နက်စောက်သွားခဲ့သည်။

ဧကရာဇ် မီးပုံယမ်းကျ ပေါက်ကွဲခဲ့ချေသည်။

သတင်းစကားများအရ ဧကရာဇ် ဒေါသတချောင်းချောင်း ထွက်နေပြီး တစ်စုံတစ်ယောက်ကို ခေါင်းဖြတ်သတ်မည်ဟု အော်ဟစ်နေစဉ် သူ့လက်ချောင်းတစ်ချောင်းပေါ်၌ ဒဏ်ရာရှိနေခဲ့၏။

ထိုစဉ်အခါက ဧကရာဇ်မှာ ဓားမကြီးဆွဲလျက် တောင်တစ်တောင်လုံးအနှံ့ လိုက်ရှာခဲ့သော်လည်း ထိုတစ်စုံတစ်ယောက်ဆိုသူကို မတွေ့ခဲ့ပေ။ အိပ်နေသော နဂါးချီလင်နှင့် သေတ္တာကြီးကိုသာ ခလုတ်တိုက်ခဲ့ရသည်။ သူတို့အနားတွင် သူ စောင့်နေခဲ့သော်လည်း နေ့လည်ရောက်သည့်တိုင်အောင် ထိုတစ်စုံတစ်ယောက်အား မတွေ့ရသေးသဖြင့် လက်လျှော့သွားခဲ့၏။

ကောလဟာလများအရ ထိုတစ်စုံတစ်ယောက်က မနက်အစောကြီးကတည်းက ထွက်ပြေးသွားပြီး မိုင်တစ်ထောင်အကွာသို့ ရောက်နေခဲ့သောကြောင့် နဂါးချီလင် နေ့လည်တွင် နိုးလာသောအခါ သေတ္တာကြီးကို စီး၍ နှစ်ရက်နှစ်ညတိုင် မှီအောင် လိုက်ခဲ့ရသည်ဟု ဆိုသည်။

အခြားကောလဟာလများအရ ဧကရာဇ်က စစ်တပ်ဆီသို့ သွား၍ နေသူရိန်ခွင်းအမြှောက်ဖြင့် နေ့တစ်ဝက်လုံး လှည့်ပတ်ရှာခဲ့သော်လည်း မတွေ့သောကြောင့် သက်ပြင်းချကာ မိန့်ကြားတော်မူခဲ့သည်ဟု ဆို၏။ “သူ့ကောင်းမှုက အပြစ်ထက် များပါတယ်လေ... ခေါင်းဖြတ်သတ်လို့ မဖြစ်သေးဘူး... ရာထူးချပြီး လစာပဲ ဖြတ်လိုက်မယ်” ထို့နောက် သူက ဓားမကြီးကို သိမ်း၍ လှည့်ထွက်သွားခဲ့သည်။

မှန်ပါသည်.. ကောလဟာလများသာ ဖြစ်သည့်အတွက် မှန်၊မမှန် အတပ်မပြောနိုင်ပေ။ နန်းတွင်းမှတ်တမ်းများတွင်လည်း ထိုကဲ့သို့အဖြစ်အပျက်များအား အကျယ်တဝင့် ဖော်ပြနေမည်မဟုတ်ပေ။

ဆယ်ရက်ကြာသော် ချင်မူက မဟာမြို့ပျက်၏ နယ်စပ်နဂါးမြို့တော်တွင် သေခြင်းရှင်ခြင်းကြားရတနာကို နေရာချလိုက်သည်။ တံတားရှည်ကြီးသည် ကောင်းကင်ကို ခွင်းလျက် သွယ်တန်းသွား၏။ နယ်စပ်နဂါးမြို့တော်မှာ ဖုန်းတုနှင့် ဆက်သွယ်နေသော နေရာတစ်နေရာ ဖြစ်လာခဲ့ပြီး တရုန်းရုန်း စည်ကားနေတော့သည်။

နယ်စပ်နဂါးမြို့သည် အစကတည်းက ချင်မူ့မိသားစု၏အပိုင် ဖြစ်သလို၊ ဆိုင်ခန်းအများစုကလည်း ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနှင့် သက်ဆိုင်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာက မဟာမြို့ပျက်ဆီသို့ ရောင်းချရန် ကုန်ပစ္စည်းများကို နယ်စပ်နဂါးမြို့ထံ လေသင်္ဘောများဖြင့် တင်ပို့တတ်ပြီး မဟာမြို့ပျက်ဆီမှ ကုန်ပစ္စည်းများကိုလည်း နယ်စပ်နဂါးမြို့မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲသို့ တင်သွင်းလေသည်။

နယ်စပ်နဂါးမြို့သည် မဟာမြို့ပျက်သို့ မဝင်ခင်တွင် တည်ဆောက်ထားသော မြို့ဖြစ်သည့်အတွက် ကောင်းကင်နတ်သိုင်းပညာရှင်များ အခြေချနေထိုင်လေ့ရှိ၏။ ချင်မူ ရောက်လာသည့်အခါ နယ်စပ်နဂါးမြို့ရှိ ကောင်းကင်နတ်သိုင်းပညာရှင်အရေအတွက်လည်း တိုးပွားလာခဲ့၍ စီးပွားရေးလုပ်ငန်းများ ရွှင်နေတော့သည်။ စစ်ယွင်ရှန်းနှင့် ဟူလင်းအာမှာလည်း ဝမ်းသာလုံးဆို့ကာ ပျော်ရွှင်နေကြ၏။

ရက်ပိုင်းအနည်းငယ်မျှ ကြာသော် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အရာရှိတစ်ယောက်က အခွန်ကောက်ခံရန် မဟာမြို့ပျက်ဆီသို့ ရောက်လာသော်လည်း ချင်မူ ပြောလွှတ်လိုက်၍ ပြန်သွားခဲ့ရသည်။ ဘဏ္ဍာရေးဝန်ကြီး ဧကရာဇ်ယန်ဖုန်းအား တိုင်တန်းသောအခါ ဧကရာဇ်ယန်ဖုန်းမှာ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ “မဟာမြို့ပျက်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အပိုင် မဟုတ်ဘူး... သူ မောင်မင်းကို သတ်မလွှတ်လိုက်တာကပဲ ကိုယ်တော့်မျက်နှာကို ထောက်ထားတယ် ဆိုရမယ်။ မဟာမြို့ပျက်ရဲ့ စည်းမျဉ်းအရဆို မောင်မင်း ခေါင်းဖြတ်သတ်ခံရမှာ... ပြဿနာမရှာနဲ့တော့... မဟာမြို့ပျက်က ကိုယ်တော်တို့အပိုင် မဟုတ်ဘူး”

“အရှင်မင်းကြီး... ပါမောက္ခချုပ်ချင်က ငွေအရှာကြမ်းလွန်းပါတယ်... နယ်စပ်နဂါးမြို့ရဲ့ ကူးသန်းရောင်းဝယ်ရေးက စီးပွားရေးလုပ်ငန်းအကြီးကြီးပါဘုရား” ဘဏ္ဍာရေးဝန်ကြီးက လက်မလျှော့သေးပေ။ “ဒါ့အပြင် အရှင်မင်းကြီး အနောက်ကမ္ဘာမြေနဲ့ ထာဝရငြိမ်းချမ်းရေးကို ဆယ်သွယ်ပေးမယ့် လမ်းတွေ ဖောက်လုပ်ရင် နယ်စပ်နဂါးမြို့ကို ဖြတ်သွားရမှာပါ။ ပါမောက္ခချုပ်ချင်ရဲ့ လမ်းနှစ်လမ်းလုံး အဲဒီကနေ ဖြတ်သွားရမှာပါ

“နယ်စပ်နဂါးမြို့က မဟာမြို့ပျက်ရဲ့ ဗျူဟာအကျဆုံးမြို့ ဖြစ်လာပါလိမ့်မယ်.. နယ်စပ်နဂါးမြို့ရဲ့ ကြွယ်ဝချမ်းသာမှုက ရှေ့ဆုံးကနေ ဦးဆောင်နေပါလိမ့်မယ်... ပါမောက္ခချုပ်ချင်က သူ့မွေးရပ်မြေအတွက် မင်းဘဏ္ဍာနဲ့ လမ်းဖောက်ချင်နေတာဟာ တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့ ဒီဝန်မင်း ထင်ပါတယ်ဘုရား”

ဧကရာဇ်ယန်ဖုန်းက ဘဏ္ဍာရေးဝန်ကြီး၏မျက်လုံးများအား လေးနက်စွာ ကြည့်လိုက်တော်မူသည်။ ထို့နောက် အဓိပ္ပါယ်ပါပါ မိန့်တော်မူလိုက်၏။ “အနောက်ကမ္ဘာမြေကို သူ သိမ်းပိုက်ပေးခဲ့တာ မဟုတ်ပေလား... သူ့ကြောင့် စစ်သည်တော်တွေအတွက် ကုန်ကျမယ့် အသုံးစရိတ်တွေ ချွေတာပြီးသား ဖြစ်သွားတယ်.... တိုက်ပွဲကျသေဆုံးရမယ့် စစ်သည်တော်အသက်တွေကိုလည်း ကယ်တင်ပေးနိုင်ခဲ့တယ်”

“ဒါပေမဲ့ နယ်စပ်နဂါးမြို့ဆီ သွားတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေဟာ ကျွန်တော်မျိုးတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြည်သူတွေပါဘုရား... သူတို့က အဲဒီနေရာမှာ ငွေသုံးစွဲကြပြီး ကျွန်တော်မျိုးတို့အနေနဲ့ အခွန်အခကောက်ခံပိုင်ခွင့် မရှိရင် အဲဒီမြို့ဟာ နိုင်ငံတစ်နိုင်ငံထဲက နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါလိမ့်မယ်... ကျွန်တော်မျိုးတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဘဏ္ဍာတွေအားလုံး ဆုံးရှုံးလိုက်ရပါလိမ့်မယ်။ ဒီအတိုင်း ဆက်သွားနေရင် ကြောက်စရာကောင်းလွန်းပါတယ်.... ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ သုံးစရာ ငွေမရှိဘဲ နေပါလိမ့်မယ်” ဝန်မင်းက လျှောက်တင်သည်။

ဧကရာဇ်ယန်ဖုန်းမှာ ရယ်ရမယ်လား၊ ငိုရမည်လား မသိတော့ပေ။ “တာအိုရသေ့ယွမ်ဖုန်း ၊ မောင်မင်းက သင်္ချာကျွမ်းတဲ့ တာအိုရသေ့တစ်ယောက်ပါ .. ဘာကြောင့် နားမလည်သေးတာလဲ”

ဘဏ္ဍာရေးဝန်ကြီး ဇဝေဇဝါ ဖြစ်သွားသည်။ “ဒီဝန်မင်းလေးက ဉာဏ်ထိုင်းပါတယ်... ကျေးဇူးပြုပြီး အရှင်မင်းကြီးကပဲ အလင်းပြပေးတော်မူပါ”

ဧကရာဇ်ယန်ဖုန်းက သူ့ကို ပြုံးပြသည်။ “နယ်စပ်နဂါးမြို့ကို သွားတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေဟာ ကိုယ်‌တော့်ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တဖုန်းကြေးပြားတွေကို သုံးစွဲရတယ်... ငွေသုံးချင်ရင် ငွေရှာရမယ် မဟုတ်ပေလား... ဒါကြောင့် သူတို့ ပြန်လာကြရလိမ့်မယ်”

ဘဏ္ဍာရေးဝန်ကြီး မျက်မှောင်ကြုတ်သွား၏။ “သို့ပေမယ့်... တဖုန်းကြေးပြားတွေက မဟာမြို့ပျက်ထဲမှာပဲ လည်ပတ်နေပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်မရောက်လာရင်ရောဘုရား”

ဧကရာဇ်ယန်ဖုန်းက ပြုံးလိုက်၏။ “မဟာမြို့ပျက်ထဲမှာ လည်ပတ်နေတဲ့ ရွှေ၊ ငွေနဲ့ ရတနာတွေနေရာမှာ တဖုန်းကြေးပြားတွေကို အစားထိုးနိုင်လို့က‌တော့ ပိုလို့တောင် ကောင်းတာပေါ့ကွယ့်... တွေးကြည့်၊ နန်းတွင်းက တဖုန်းကြေးပြား ထုတ်ပေးနေတဲ့ နေရာပဲ... ဒီတော့ ကိုယ်ပိုင်ငွေကြေးစနစ် မထုတ်လုပ်နိုင်တဲ့ မဟာမြို့ပျက်ကို မထိန်းချုပ်နိုင်သွားဘူးလား.... မဟာမြို့ပျက် ဘယ်လောက်ကြွယ်ဝချမ်းသာတဲ့အကြောင်း ပြောနေစရာလိုပါတော့မလား

“တဖုန်းကြေးပြားတွေကိုသာ ရွှေ၊ငွေတွေနေရာမှာ အစားထိုးနိုင်သွားရင် နန်းတွင်းအနေနဲ့ တဖုန်းကြေးပြားတွေ သုံးပြီး သတ္တုတွင်းတွေ၊ မြစ်တွေအထိ ဝယ်ယူနိုင်သွားမယ်... တဖုန်းကြေးပြားသာ ဘုံငွေကြေးစနစ်ဖြစ်လာခဲ့ရင် မဟာမြို့ပျက်နဲ့ ပေါင်းစည်းနိုင်ဖို့က လက်တစ်ကမ်းပဲ လိုလိမ့်မယ်”

ဘဏ္ဍာရေးဝန်ကြီး ချေပစရာစကား ရှာမတွေ့တော့ပေ။

ဧကရာဇ်ယန်ဖုန်းက အစီအရင်ခံစာကို ချ၍ မတ်တပ်ထရပ်ကာ အပြင်သို့ လေးနက်စွာ ကြည့်နေသည်။ “စစ်သည်တစ်ယောက်မှ အသုံးချစရာမလိုဘဲ တဖုန်းကြေးပြားတွေနဲ့တင် မဟာမြို့ပျက်လို အပြောကျယ်တဲ့ မြေတစ်မြေကိုသာ သိမ်းပိုက်လိုက်နိုင်ရင် ... ကိုယ်တော်တို့ အမြတ်ထွက်မသွားဘူးလား။ မောင်မင်းက စာအုပ်ကြီးဆန်လွန်းပြီး ရှေ့တည့်တည့်ပဲ ကြည့်တတ်တယ်... မဟာမြို့ပျက်ထဲ ငွေစီးဆင်းနေတာက မကောင်းဘူးလို့ ထင်နေတယ်... ငွေနဲ့ နယ်မြေတွေကို ဘယ်လိုပေါင်းစည်းရမလဲ နားမလည်ဘူး... မှတ်ထား မောင်မင်း၊ ငွေနဲ့ နယ်မြေပေါင်းစည်းနိုင်ခြင်းဆိုတာ မဟာဗျူဟာအမြောက်ဆုံး သိမ်းပိုက်မှုပေပဲ

“တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်နေတဲ့ မင်းတစ်ပါးဟာ အမြတ်၊ အရှုံးကိုပဲ တွေးနေလို့ မဖြစ်ဘူး... ရေရှည်ကြည့်ရတယ်... နှစ်တစ်ရာကျော် ကြိုမြင်တတ်ရတယ်။ ပါမောက္ခချုပ်ချင် ငွေရှာချင်တယ်ဆိုတာက ရွှေတစ်ပြား၊ ငွေတစ်ပြားလောက်ပဲ... ကိုယ်တော် ငွေရှာချင်တယ်ဆိုတာကတော့ သွေးမြေမကျစေမယ့် နည်းလမ်းနဲ့ တောင်တန်းမြစ်ပြင်တွေကို သိမ်းပိုက်ပြီး ပြည်သူတွေ အဆင့်အတန်းမြင့်မားလာအောင် လူမှုစီးပွားရေးတိုးတက်စေဖို့နဲ့ ပတ်သက်တယ်”

ဘဏ္ဍာရေးဝန်ကြီး သဘောပေါက်နားလည်သွားသည်။ “အရှင်မင်းကြီးရဲ့ စကားတွေဟာ နောက်လာနောက်သားတွေအတွက် စံနမူနာယူစရာပါပဲ”

နယ်စပ်နဂါးမြို့တွင် ချင်မူက လမ်းများ၌ ပြည့်နေသော ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် ဝင်ချည်၊ ထွက်ချည် သွားလာနေကြသော ကုန်သည်များကို ကြည့်နေသည်။ ထိုလူများကြောင့် နယ်စပ်နဂါးမြို့မှာ များစွာစည်ကားတိုးတက်လာခဲ့၏။

“ဧကရာဇ်အတိုင်ပင်ခံ အ‌နောက်ကမ္ဘာမြေက ကောင်းကင်နတ်သိုင်းပညာရှင်တွေကို ခေါ်လာနိုင်ပြီး အနောက်ကမ္ဘာမြေနဲ့ မဟာမြို့ပျက်ကြားမှာ လမ်းဖွင့်နိုင်လို့ကတော့ မဟာမြို့ပျက်သားတွေ ဆင်းဆင်းရဲရဲ နေစရာ မလိုတော့ဘူး”

ချင်မူ တွက်ချက်ကြည့်လိုက်သည်။ ဧကရာဇ်အတိုင်ပင်ခံ စက်မှုစံအိမ်မှလူများနှင့် အနောက်ကမ္ဘာမြေသို့ ထွက်သွားခဲ့သည်မှာ တစ်လကျော် ကြာပြီဖြစ်၍ မီးကန္တာရအား စိမ်းစိုနေသော လွင်ပြင်အဖြစ် ပြောင်းလဲပြီးသင့်ချေပြီ။

အနောက်ကမ္ဘာမြေ၏ နဂါးစိမ်းပုတီးစေ့ကို သုံးခြင်းဖြင့် သိပ်အပင်ပန်းခံစရာ လိုမည်မဟုတ်ပေ။ ထို့နောက် နှင်းတောင်တန်းဆီမှ ရေလမ်းကြောင်းများအား ကန္တာရထဲသို့ ဖောက်ချရလိမ့်မည်။ ထိုမှသာ သစ်ပင်များ ရှင်သန်ပေါက်ရောက်လာမည်ဖြစ်သည်။

စက်မှုစံအိမ်သာ ကန္တာရ၏တောင်ဘက်ရှိ တောင်များတွင် အပေါက်ဖောက်နိုင်လျှင် တောင်ပင်လယ်မှ ရေငွေ့များကို အနောက်အရပ်ဆီသို့ ယူဆောင်နိုင်မည်။ ထိုအခါ ကန္တာရ၌ ရေပြတ်လပ်တော့မည်မဟုတ်၍ နှင်းများ၊ မိုးများ ရွာကျစေရန်အတွက်လည်း စိတ်ပူစရာမလိုတော့ပေ။

နှစ်အနည်းငယ်အတွင်း မီးကန္တာရဆိုသည်က သမိုင်းထဲတွင်သာ ကျန်ခဲ့လိမ့်မည်။

လမ်းဖောက်ပြီးသည်နှင့် အနောက်ကမ္ဘာမြေနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအား ညီညာဖြောင့်ဖြန်းနေသော လမ်းမကြီးက အတားအဆီးမရှိ ဆက်သွယ်ပေးထားလိမ့်မည်။ ကုန်သည်များသည် လမ်းမကြီးမှတစ်ဆင့် မဟာမြို့ပျက်၏ မြို့များ၊ ရွာများကို ဖြတ်သွားရမည်ဖြစ်ရာ မဟာမြို့ပျက်၏လူများလည်း ချမ်းသာလာလိမ့်မည်။

“နတ်ဆေးသမားတော်ချင်... မင်းက မဟာမြို့ပျက်ရဲ့ လူတစ်ယောက်လို့ ကြားထားတယ်” သူ့ဘေးတွင် ရပ်နေ‌သော ရှင်းအန်းမှာ အတွေးထဲ မျောနေ၏။ “မဟာမြို့ပျက်ရဲ့လူတစ်ယောက် ဖြစ်တာတောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အင်အားကို မဟာမြို့ပျက်ထဲ ယူလာခဲ့တယ်... ဒါ သစ္စာဖောက်တာပဲ”

“မဟာမြို့ပျက်ထဲမှာ နိုင်ငံမှ မရှိတာ ကျွန်တော်က ဘယ်လိုလုပ် သစ္စာဖောက် ဖြစ်မှာလဲ” ချင်မူ စိတ်ရှုပ်ထွေးသွားသည်။ “မဟာမြို့ပျက်ရဲ့လူတွေက ‌ဒေသထွက်ပစ္စည်းတွေနဲ့ အရောင်းအဝယ် လုပ်ကြတာပါ... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဒီကို ရောက်လာရင်တောင်မှ မဟာမြို့ပျက်ရဲ့လူတွေ ဖြစ်လာရလိမ့်မယ်... ဧည့်သည်က အိမ်ရှင်မဖြစ်နိုင်ဘူး... မဟာမြို့ပျက်ရဲ့ စည်းကမ်းတွေကို သူတို့ လိုက်နာကို လိုက်နာရလိမ့်မယ်... ဧကရာဇ်ရဲ့ ဥပဒေအစား ဒီနေရာမှာ အဲဒီစည်းကမ်းတွေကပဲ အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ”

ရှင်းအန်းက ခေါင်းယမ်းသည်။ “ငါ ဧကရာဇ်ယန်ဖုန်းအကြောင်း ကောင်းကောင်းမသိပေမယ့် သူ့အရည်အချင်းနဲ့ ဗျူဟာတွေကို မြင်နိုင်တယ်... သူက နောက်ကျရင် မဟာမြို့ပျက်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ပေါင်းစည်းလိမ့်မယ်... အဲဒီအချိန်ရောက်လာရင် မင်း နောင်တရလိမ့်မယ်”

ချင်မူ ပြုံးလိုက်သည်။ “ဧကရာဇ်သာ မဟာမြို့ပျက်ကို လာထိရဲရင် ပလ္လင်ပေါ်မှာ ကြာကြာထိုင်ရမှာမဟုတ်ဘူး... မဟာမြို့ပျက်က ဘယ်လောက်ကြောက်စရာကောင်းမှန်း နောင်ကြီးလည်း သိပါတယ်... ဒီကျောက်ရုပ်တုတွေက...” သူက နယ်စပ်နဂါးမြို့ထဲရှိ ဘုရားကျောင်းများဆီသို့ လက်ညှိုးထိုးလိုက်သည်။

“သူတို့က ပြန်ရှင်သန်လာဖို့ ဆင့်ခေါ်သံကို စောင့်နေကြတာ... သူတို့ ပြန်ရှင်သန်လာတာနဲ့ ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးကျွမ်းပြန် ဖြစ်သွားလိမ့်မယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဒီမြေရဲ့ ပိုင်ရှင် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး... ဒီမြေက အစကတည်းက ပိုင်ရှင် ရှိနေပြီးသားမလို့ပဲ”

သူ့အကြည့်က လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်။ “ကျွန်တော် ဘဏ္ဍာရေးဝန်ကြီးကို မောင်းထုတ်လိုက်ပေမယ့် ဧကရာဇ် ပြဿနာလာမရှာသေးတာ ကြည့်ရရင် သူ့အစီအစဉ်တွေကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်... ဒါပေမဲ့ သူ့အတွေးတွေက အခွံသက်သက် ဖြစ်နေတာ တစ်ခုပဲ... ဧကရာဇ်အနေနဲ့ ခိုင်ဧကရာဇ်ကို‌ ကျော်တက်နိုင်ရင်တော့ အခွင့်အရေးရကောင်း ရလိမ့်မယ်... မဟုတ်ရင်ကတော့ သူတို့က အတုတွေထက် မပိုဘူး... ကဲ ‌နောင်ကြီးရှင်းအန်း၊ ကျွန်တော် သင်္ချိုင်းသန့်ရှင်းရေး သွားလုပ်မလို့ လိုက်ခဲ့မှာလား”

ရှင်းအန်းက ခြေထောက်များ ပေါက်နေသည့် သေတ္တာကြီးကို ကြည့်ကာ အကြည့်လွှဲလိုက်သည်။ “မင်း ဘယ်သွားသွား ငါလိုက်မယ်... ငါ လိုချင်တဲ့ သူကို ရှာတွေ့မှ ထွက်သွားမှာ”

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ “ဒါဆိုလည်း ပြီးမှပဲ သွားတော့မယ်”

လူသားဧကရာဇ်ခန်းမသည် လူသားဧကရာဇ်များသာ သိသော လျှို့ဝှက်ချက် ဖြစ်၏။ ရှင်းအန်း သူ့ဘေးတွင် ရှိနေသရွေ့ လူသားဧကရာဇ်ခန်းမဆီ မသွားနိုင်ပေ။ မဟုတ်ပါက မလိုလားအပ်သော ပြဿနာများဖြစ်လာလိမ့်မည်။

ထို့အပြင် ရှင်းအန်းက လူသားဧကရာဇ်ဟောင်းများ၏ အလောင်းများကို တူးဖော်၍ ယူမသွားဘူးဟု မည်သူ အာမခံနိုင်မည်နည်း။

ဆယ်ရက်ကြာသော် နန်းတွင်း၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၊ တာအိုဂိုဏ်း၊ မဟာမိုးခြိမ်းသံကျောင်းတော်နှင့် ကျန်ရှိသူများက ဆယ့်နှစ်လပိုင်း ၊ ၈ ရက်နေ့တွင် မွေးဖွားသူအားလုံး၏ စာရင်းကို ရေးသားပြီးသွားသည်။ စုစုပေါင်း အယောက်သုံးသောင်းကျော်သည်။

သတင်းလာပို့‌သော အရာရှိက ပြော၏။ “မြက်ခင်းလွင်ပြင်၊ နှင်းတောင်တန်းနဲ့ အနောက်ကမ္ဘာမြေဆီကတော့ စာရင်း မကောက်ရသေးပါဘူး”

ရှင်းအန်းမှာ စာလိပ်သုံးသောင်းကို ကြည့်ရင်း ပခုံးပေါ်၌ ကျောက်တုံးကြီးများ ပိလာသလို ခံစားလိုက်ရသည်။ တခဏကြာသော် သူက ပြောလိုက်၏။ “ငါ ရှာချင်တဲ့လူက ယောက်ျားလေး... မိန်းကလေးတွေကို နှုတ်လိုက်”

အရာရှိက သူပြောသည့်အတိုင်း လုပ်လိုက်သည်။ “စုစုပေါင်း အယောက်တစ်သောင်းခုနစ်ထောင် ကျန်ပါတယ်... ဒါပေမဲ့ သက်ရှိထင်ရှားရှိနေတာကတော့ အယောက်ရှစ်ထောင်ပဲ ရှိတယ်။ အများစုက တိုက်ပွဲတွေနဲ့ ကပ်ဘေးတွေကြောင့် သေသွားကြပါပြီ”

ခဏကြာသည့်အခါ ရှင်းအန်းက ပြောလိုက်၏။ “ကောင်းကင်နတ်သိုင်းပညာရှင်မဟုတ်တာတွေ နှုတ်လိုက်”

အရာရှိက သူ့အမိန့်အတိုင်း ခိုင်းစေလိုက်သည်။ တခဏကြာသော် တင်ပြ၏။ “ကောင်းကင်နတ်သိုင်းပညာရှင်အယောက်လေးရာ ကျန်ပါတယ်”

ရှင်းအန်း တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ “ဒီအယောက်လေးရာ မွေးလာတဲ့အချိန်မှာ ထူးထူးခြားခြား ဖြစ်တာတွေ ရှိလား စုံစမ်းလိုက်... ငါက ကျောက်စိမ်းလည်ဆွဲ ဆွဲထားတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ကို ရှာနေတာ”

ထို့နောက် အရာရှိက လူအယောက်လေးရာကို စုံစမ်းရန် ညွှန်ကြားလိုက်သည်။

ချင်မူမှာ စောင့်ကြည့်နေရင်း သံသယရှိလာ၏။ ‘ရှင်းအန်း အမိန့်တစ်ခု ပေးတိုင်း... အမိန့်ပေးနေတာက သူမဟုတ်သလို ခဏရပ်နေတတ်တယ်။ တစ်ယောက်ယောက်ရဲ့ အမိန့်တွေကို နားထောင်နေတဲ့အတိုင်းပဲ’

‘ဟုတ်သား .... သူ ကူရာမဲ့တံတားပေါ်ကနေ ခုန်ဆင်းပြီး ယိုတုကမ္ဘာထဲ ကျသွားတာက ဖုန်းတုထက်တောင် ပိုအန္တရာယ်များသေးတယ်။ အဲဒီမှာ ပူဆွေးနေတဲ့ မကောင်းဆိုးဝါးတွေ ပြည့်နေတာကို .. သူ ဘယ်လို ပြန်လာနိုင်တာပါလိမ့်.... မဟုတ်မှ”

သူ့အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး သူ့အနောက်၌ ကောင်းကင်အလိုတော်မုခ်ဝ ဖွဲ့တည်လာသည်။ မုခ်ဝပေါ်လာသည်နှင့် ချင်မူသည် စနေဂြိုဟ်အရှင်သခင်အသွင် ပြောင်းသွားပြီး သူ၏မျက်ခုံးနှစ်ဖက်ကြား၌ ဒေါင်လိုက်မျက်လုံးတစ်လုံး ပွင့်လာ၏။

ရှင်းအန်းလည်း ရုတ်ခြည်း သတိထားမိသွားပြီး သူ့ကို လှည့်ကြည့်သည်။ သူ့မျက်လုံးများမှ ကောင်းကင်အလင်းတန်းများက ချင်မူ့အမြင်ကို ကာဆီးလိုက်သည်။ သူက မှင်သေသေ ပြောလာ၏။ “နတ်ဆေးသမားတော်ချင်... တချို့ကိစ္စတွေက မသိတာပဲ ကောင်းတယ်”

ချင်မူ ရယ်လျက် စနေဂြိုဟ်အရှင်သခင်အသွင်ကို ဖယ်ခွာလိုက်သည်။ စိတ်ထဲတွင် သူ အကြီးအကျယ် တုန်လှုပ်နေ၏။ ရှင်းအန်း သတိလက်လွတ် ဖြစ်နေစဉ် သူ ကြည့်လိုက်တုန်းက ရှင်းအန်း၏ သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲတွင် ပုန်းကွယ်နေသော ကြောက်မက်ဖွယ် မျက်လုံးကြီးတစ်လုံးကို မြင်ခဲ့ရလေသည်။

ထိုမျက်လုံးကြီးက သူ့အကြည့်ကို သတိထားမိ၍ လှမ်းကြည့်တော့မည့်အချိန်မှာပဲ ရှင်းအန်းက သတိပြန်ဝင်သွားခြင်းဖြစ်သည်။

အရာရှိက သတင်းလာပို့သည်။ “ကျောက်စိမ်းလည်ဆွဲနဲ့ မွေးလာတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်မှ ရှာမတွေ့ပါဘူး... ကျောက်စိမ်းကို ငုံပြီး မွေးလာတယ်ဆိုတာကလည်း ဒဏ္ဍာတစ်ပုဒ် ဖြစ်နေတော့....”

“အဲဒီလူက ကျောက်စိမ်းကို ငုံပြီး မွေးလာတာ မဟုတ်ဘူး” ရှင်းအန်းက တခဏ တိတ်ဆိတ်သွားပြီးနောက် ရုပ်ပုံတစ်ခု ထုတ်လိုက်သည်။ “သူ့ကျောက်စိမ်းလည်ဆွဲက မိစ္ဆာသဘာဝကို ချုပ်ထားဖို့ သုံးတာပဲ။ ဒီမှာ ပုံဆွဲထားတာ ရှိတယ်... ၁၂ လပိုင်း ရှစ်ရက်နေ့ မွေးတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်ကို ရှာမတွေ့ဘူးဆိုတော့ ဒီကျောက်စိမ်းလည်ဆွဲပုံကို မြို့တိုင်းမှာ ချိတ်ပြီး ရှာကြ... နတ်ဆေးသမားတော်ချင်၊ ဒီပုံကို အရွက်တစ်ထောင်ပွားခိုင်းလိုက်ပါ”

ချင်မူ ပန်းချီကားကို ယူကြည့်လိုက်သည့်အခါ ကျောက်စိမ်းလည်ဆွဲအား မြင်သွား၏။

ရှင်းအန်းက သူ အသေးစိတ်ကြည့်နေသည်ကို မြင်၍ မေးလိုက်သည်။ “နတ်ဆေးသမားတော်ချင် ဒီလိုကျောက်စိမ်းလည်ဆွဲမျိုး မြင်ဖူးလို့လား”

ချင်မူက ခေါင်းယမ်းလိုက်သည်။ “တစ်ခါမှ မမြင်ဖူးပါဘူး”

ရှင်းအန်း၏အကြည့်က လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး မှန်တစ်ချပ် ထုတ်လိုက်၏။ “မေးဖို့ မေ့နေတယ်... နတ်ဆေးသမားတော်ချင်က အခု အသက်ဘယ်နှနှစ်လဲ”

All Chapters