ရွာလူကြီး ပြန်ရောက်လာခြင်း
Vol. 38 Ch. 519
“ဒီနှစ်ဆို နှစ်ဆယ့်သုံးနှစ် ပြည့်ပါပြီ” ချင်မူက ရိုးသားစွာ ပြောလိုက်သည်။ “နှစ်ဆယ့်သုံးနှစ်ကို အလကား ဖြုန်းတီးမိခဲ့တယ်... ဖြစ်ဖြစ်မြောက်မြောက်လည်း ဘာမှမလုပ်နိုင်ခဲ့ပါဘူး”
“နတ်ဆေးသမားတော်ချင်က နှစ်ဆယ့်သုံးနှစ်တည်းနဲ့ အများကြီး လုပ်ခဲ့ပြီးပါပြီ.. ဒီလောက်နဲ့တင် ထူးချွန်ပြောင်မြောက်လှပါတယ်” ရှင်းအန်းက တစ်ဖက်လှည့်၍ မှန်ကို မြှောက်လိုက်သည်။ ပါးစပ်မှလည်း ရိုးရိုးသားသား ချီးကျူးနေ၏။ “အသက်နှစ်ဆယ့်သုံးနှစ်အရွယ်မှာ ကောင်းကင်နတ်သိုင်းပညာရှင်တစ်သန်းကို အုပ်ချုပ်နေတဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်နေရုံတင်မကဘူး.. ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်နဲ့ လူသားဧကရာဇ်တို့လို အဆင့်အတန်းမြင့်မားတဲ့ ရာထူးတွေလည်း ပိုင်ဆိုင်ထားသေးတယ်
“တစ်လောကလုံးမှာ အချမ်းသာဆုံးဖြစ်သလို၊ မိတ်ဆွေအပေါင်းအသင်းလည်း များတယ်။ ဘယ်သူကများ အသက်နှစ်ဆယ့်သုံးနှစ်တည်းနဲ့ မင်းလို လုပ်နိုင်ပါ့မလဲ... မင်းတစ်ယောက်ပဲ လုပ်နိုင်တယ်”
သူက လူငယ်ကို ကြည့်ရန် မှန်မြှောက်လိုက်သော်လည်း မမြင်လိုက်ရပေ။ သူ မှင်သက်နေစဉ် ချင်မူ့အသံက အဝေးမှ ထွက်လာသည်။ “ဖက်တီးနဂါး၊ ဖက်တီးနဂါး... အခုတင် ရောက်လာတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေကို ညဘက်တွေ လျှောက်မသွားဖို့ ပြောလိုက်ဦး... ဒါက မဟာမြို့ပျက် ... သူတို့ သေကုန်ဦးမယ်။ အသံကျယ်တဲ့ လူတွေ လာကြစမ်း... ညဘက်ဆို မြို့ပြင်မထွက်ဖို့ အော်ပြောကြပါဦး”
ရှင်းအန်း မှန်ကို သိမ်း၍ သူ့နောက် လိုက်သွားသည်။ ချင်မူ ရပ်လိုက်သည့်အခါ သူ မှန်ကို ထုတ်၍ သူ့ပုံရိပ်ကို ဖမ်းရန် ကြိုးစားသော်လည်း ချင်မူ့ပုံရိပ်အား မတွေ့ရပြန်ပေ။
လူငယ်၏အသံက အဝေးမှ ထွက်လာ၏။ “ယွိရှို့... နန်းတွင်းကနေ ပန်းချီဆရာတွေ လှမ်းခေါ်ပေးလို့ရလား... နောင်ကြီးရှင်းအန်းက ငါ့ကို ပန်းချီကားတစ်ခုပေးပြီး အရွက်တစ်ထောင် ပွားခိုင်းထားလို့... ပြီးရင် အင်ပါယာတစ်ခွင်လုံး ပျံ့အောင် ဖြန့်ပေးရဦးမယ်”
ရှင်းအန်း မျက်ခုံးပင့်လျက် သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘လုလီ ရှာနေတဲ့လူက သူ ဆိုရင် ကျောက်စိမ်းလည်ဆွဲကို အသေးစိတ်ကြည့်နေမှာ မဟုတ်ဘူး... ငါကပဲ သံသယများနေတာများလား... ဒါမဲ့ သူ ဘာလို့ ငါ့ကို ရှောင်နေတာလဲ”
သူ ချင်မူကို မှီအောင် ထပ်လိုက်၏။ ‘ထပ်ပြေးရင် ငါ့မှော်စွမ်းအင်နဲ့ ချုပ်ထားမယ်’
ထိုအခိုက်အတန့်တွင် လင်မိသားစု၏ ပြည့်ပြည့်ဖြိုးဖြိုး မိန်းကလေးတစ်ယောက်က ပန်းချီကားကို ကြည့်ကာ တအံ့တဩ ပြောလိုက်သည်။ “ဒီကျောက်စိမ်းလည်ဆွဲကို မြင်ဖူးနေသလိုပဲ”
ရှင်းအန်း၏အာရုံ ဖမ်းစာခံလိုက်ရပြီး ချင်မူ့အနောက် မလိုက်တော့ပေ။ သူက ကပျာကယာ မေးလိုက်သည်။ “လင်မိသားစုရဲ့ မင်းသမီး ... ဒါကို တကယ် မြင်ခဲ့ဖူးတာလား”
လင်ယွိရှို့မှာ မြောက်ပိုင်းနယ်စပ် နှင်းတောင်တန်းများ၏ စစ်ရေးအခြေအနေကို တာဝန်ယူခဲ့ရသဖြင့် ရေခံမြေခံကြောင့် အလွန်အသားဖြူလာခဲ့သည်။ ပျိုဖော်လည်း ဝင်လာသောကြောင့် မျက်နှာလေးမှာ သွယ်လာခဲ့ပြီး ပိုမိုလှပချောမောလာ၏။ သို့သော် ခန္ဓာကိုယ်မှာတော့ ပြည့်ပြည့်ဖြိုးဖြိုး ရှိနေဆဲပင်။
တာဝန်ပြီးဆုံး၍ သူမ မြို့တော်သို့ ပြန်လာသည့်အချိန်က သေခြင်းရှင်ကြားရတနာဖြင့် ချင်မူ စီးပွားရေးစတော့မည့်အချိန်နှင့် တိုးသွား၍ နယ်စပ်မြို့တော်သို့ လိုက်လာခဲ့ခြင်းဖြစ်သည်။ ချစ်ရသူနှင့် မခွဲခွာရန်အပြင် လေ့ကျင့်ရေးအတွက်လည်း ပါ၏။
“တစ်ခါတော့ မြင်ခဲ့ဖူးတယ်” လင်ယွိရှို့သည် စစ်တပ်ထဲတွင် လေ့ကျင့်ခဲ့ရသောကြောင့် များစွာ ရင့်ကျက်လာခဲ့၏။ သို့သော် ယောက်ျားတစ်ယောက်ကဲ့သို့ ဝတ်စားရသည်ကို ကြိုက်သေး၍ အလွန်ခံ့ညားသောအသွင်အပြင် ရှိနေချေသည်။ “မဟာမြို့ပျက်ရဲ့ မြို့ပျက်တစ်ခုမှာ မြင်ခဲ့ဖူးတာ”
“မဟာမြို့ပျက် ဟုတ်လား” ရှင်းအန်း ရင်ထဲတွင် ပြင်းထန်စွာ တုန်ခါသွားပြီး အလျင်အမြန် မေးလိုက်မိသည်။ “အဲဒီလူက လူငယ်လား”
“မဟုတ်ဘူး... ဒီလိုသင်္ကေတမျိုးကို မြို့ပျက်ထဲမှာ မြင်ခဲ့တာလောက်ပဲ... အဲဒီမှာ ကလေးပုခက်နဲ့ သစ်သားမြင်းတစ်ရုပ်လည်း ရှိတယ်... ကြည့်ရတာ ကလေးတစ်ယောက် နေခဲ့ဖူးတဲ့ပုံပဲ”
ချင်မူ တိတ်ဆိတ်သွားသော ရှင်းအန်းကို ကြည့်လိုက်သည်။ သူ၏သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲရှိ ထူးဆန်းသည့် မျက်လုံးကြီးနှင့် ဆက်သွယ်နေခြင်း ဖြစ်လိမ့််မည်။
သူက ရှင်းအန်းလက်ထဲရှိ မှန်ကို စပ်စပ်စုစု ကြည့်လိုက်သည်။ ရှင်းအန်းက ထိုမှန်ဖြင့် သူ့ကို ကြည့်ရန် ကြိုးစားနေခဲ့သောကြောင့် သူ ရှောင်ပြေးနေခဲ့ခြင်းဖြစ်သည်။
“နောင်ကြီးရှင်းအန်းလည်း မှန်ဆောင်ထားတာပဲလား... ဒီမှန်က အဖိုးတန် ရတနာများလား” ချင်မူ့အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး မှန်အား လှမ်းဆွဲလိုက်သည်။။ “ကျွန်တော့်ကို ငှားလို့ရလား.. မျက်နှာမှာ ဝက်ခြံပေါက်နေလား ကြည့်ချင်လို့...”
ဖြန်း
ရှင်းအန်းက သူ့လက်ကို ရိုက်ထုတ်ပြီး မှန်ကို ထောင်ကျယ်အိတ်ထဲ ထိုးထည့်ကာ မှင်သေသေ ပြောလိုက်သည်။ “ငါ့ပစ္စည်းကို လာမထိနဲ့ ... မင်းက အဆိပ်ပြင်းတယ်.. မင်းသမီးလင် ရောက်ဖူးတဲ့ နေရာက ဘယ်မှာလဲ။ ငါ့ကို ခေါ်သွားပေးလို့ရလား”
သူက သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲရှိ ထူးဆန်းသောမျက်လုံးကြီးနှင့် ဆက်သွယ်ခဲ့သည့်အတွက် ထိုမျက်လုံးက သူ့ကို သွားစေလိုခြင်း ဖြစ်လောက်သည်။
လင်ယွိရှို့မှာ တခဏ တွန့်ဆုတ်သွားပြီးသော် ပြောလိုက်သည်။ “ကျွန်မ ဖုန်းတုကိုလည်း သွားစရာရှိသေးတော့ ရှင့်ကို လိုက်ပို့ဖို့ အချိန်မရှိဘူး... ဒါပေမဲ့ လမ်းမှတ်မိတယ်.. မြေပုံဆွဲပေးလိုက်မယ်လေ”
ရှင်းအန်းက ကျေးဇူးတင်စကား ဆိုသည်။
လင်ယွိရှို့က ချင်မူ့ဆီမှ စုတ်တံနှင့် မှင်တောင်းပြီး မြေပုံတစ်ခု ဆွဲပေးလိုက်၏။ ထို့နောက် ရှင်းအန်းက တည်ငြိမ်စွာ မေးလာသည်။ “အန္တရာယ်တွေ ဘာတွေ ရှိလား”
လင်ယွိရှို့က ပြုံး၍ သူ့ကို ကြည့်လိုက်သည်။ “အန္တရာယ်ရှိရင် ကျွန်မ ဘယ်လိုလုပ် အသက်ရှင်ဦးမှာလဲ။ ကမ္ဘာပေါ်မှာ အစ်ကိုတော်ရှင်းအန်းထက် ပိုပြီး သန်မာအားကောင်းတဲ့လူ ရှိသေးလို့လား”
ရှင်းအန်းက သူမကို ပြန်ပြုံးပြသည်။ “မင်းသမီးတောင် အသက်ရှင်လျက် ပြန်လာနိုင်ရင် ငါလည်း ပြန်လာနိုင်တာပေါ့... နတ်ဆေးသမားတော်ချင်၊ ငါနဲ့ လိုက်ခဲ့”
ချင်မူ တွန့်ဆုတ်နေသည်။ “နောင်ကြီး၊ မဟာမြို့ပျက်မှာ အဲဒီလူကို သွားရှာမယ်ဆို ကျွန်တော်က ဘာလို့လိုက်ဖို့ လိုသေးတာလဲ... ကျွန်တော် သူ့ကို ရှာတွေ့အောင်လည်း ကူညီပြီးပြီ... အခုပဲ ပန်းချီကိုလည်း ဖြန့်ပေးတော့မှာ.... သတင်းရရင် ကျွန်တော် အကြောင်းကြားပါ့မယ်.. နောင်ကြီး ကျောက်စိမ်းလည်ဆွဲကို သွားရှာနေတုန်း ကျွန်တော် လူသားဧကရာဇ်ခန်းမမှာ သင်္ချိုင်းတွေ သန့်ရှင်းရေး သွားလုပ်ရဦးမယ်... နောင်ကြီး အချိန်ဆက်ဆွဲနေရင် လူသားဧကရာဇ်တွေ ကျွန်တော့်ကို သေအောင် ကျိန်ဆဲနေကြလိမ့်မယ်ဗျ”
ရှင်းအန်းက လင်ယွိရှို့ ဆွဲပေးခဲ့သော မြေပုံကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ “မင်းသမီးလင်၊ အဲဒီနေရာမှာ ကျောက်စိမ်းလည်ဆွဲပေါ်က စာလုံးကို ရှာမတွေ့ခဲ့ရင် အကျိုးဆက်တွေကို မင်းသမီး သိမှာပါ။ လင်မိသားစုတစ်စုလုံး ဒီကမ္ဘာပေါ်က ပျောက်သွားစေရမယ်”
လင်ယွိရှို့မှာ တုန်လှုပ်သွားပြီး ဖြစ်ညစ်ပြုံးပြလိုက်သည်။ “ကျွန်မ မလိမ်ပါဘူး”
ရှင်းအန်း လှည့်ထွက်သွား၏။
ချင်မူနှင့် လင်ယွိရှို့ ဟင်းခနဲ ပြိုင်တူသက်ပြင်းချလိုက်မိကြသည်။ လင်ယွိရှို့က နဖူးပေါ်ရှိ ချွေးများကို သုတ်ကာ စကားပြောရန် ပြင်သော်လည်း ချင်မူက လက်ကာပြသည်။ သူမ ကပျာကယာ ပါးစပ်ပိတ်လိုက်ရ၏။
တစ်ယောက်၏အတွေး တစ်ယောက် သိကြ၍ သူတို့၏မူလဝိညာဉ်များက ခန္ဓာကိုယ်မှ ထွက်ခွာသွားကြသည်။
နယ်စပ်နဂါးမြို့မှ မိုင်တစ်သောင်းကျော်အကွာသို့ ရောက်သည့်အခါ လင်ယွိရှို့၏ မူလဝိညာဉ်က မေးလိုက်သည်။ “နွားကျောင်းသား... အဲဒါ ဘာနေရာလဲ။ အန္တရာယ်များလား.. လင်မိသားစုရဲ့ အသက်က အဲဒီအပေါ် မူတည်နေတာနော်”
သူမ ဤသို့ပြောရသည့်အကြောင်းရင်းမှာ ချင်မူက ရှင်းအန်း သတိလက်လွတ်ဖြစ်နေသည့်အချိန် ကောင်းကင်ငှက်မွှေးမျိုးနွယ်စု၏ ဦးနှောက်လှိုင်းစွမ်းရည်ဖြင့် သူမဆီ ဆက်သွယ်ကာ မြေပုံဆွဲခိုင်းခဲ့သောကြောင့် ဖြစ်သည်။
ကောင်းကင်ငှက်မွှေးမျိုးနွယ်အကြားတွင် စကားပြောစရာ မလိုပေ။ အကုန်လုံးက ဦးနှောက်လှိုင်းများကို အားကိုး၍ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်ပြောဆိုကြ၏။ အသံထွက်စရာမလိုဘဲ အသိစိတ်အလျဉ်ကို လှုပ်ရှားလိုက်ရုံဖြင့် သူတို့၏အတွေးအား အခြားတစ်ယောက်ဆီ ပြောပြနိုင်ချေသည်။ ထို့ကြောင့် များစွာအသုံးတည့်၏။
အသိစိတ်အလျဉ်ချင်း ဆက်သွယ်မှုတွင် ဟာကွက်ကြီးရှိသော်လည်း .. လျှို့ဝှက်ချက်များ ထိန်းသိမ်းရန်အတွက် လွန်စွာအသုံးဝင်ချေသည်။
“မပူနဲ့ နင် ပြောတာတွေအကုန်လုံးကို ရှင်းအန်း အဲဒီမှာ တွေ့လိမ့်မယ်... ဒါပေမဲ့ အသုံးဝင်တာတော့ တွေ့မှာမဟုတ်ဘူး” ချင်မူ၏ မူလဝိညာဉ်က ပြောလိုက်သည်။ “သူ အဲဒီကို သွားပြီး ချက်ချင်း ပြန်လာရင်တော့ အသက်ရှင်လျက် ထွက်လာနိုင်သေးတယ်.. ဒါပေမဲ့ သဲလွန်စတွေကို ဆက်လိုက်နေရင် သူ အသက်ရှင်လျက် ထွက်လာနိုင်မလား... မထွက်လာနိုင်ဘူးလားဆိုတာက သူ့ဉာဏ်ရည်ပေါ် မူတည်လိမ့်မယ်
“ရွာလူကြီးတို့ ဝင်သွားတုန်းကဆို ပိတ်မိသွားတော့မလိုတောင် ဖြစ်ခဲ့တာ... ဘိုးဘိုးရွှေအ ကယ်လို့ ပြန်ထွက်လာနိုင်ကြတာပဲ။ ရှင်းအန်း ပြန်ရောက်လာရင် နင် လိမ်ခဲ့တာ မဟုတ်တော့ နင်တို့ကို မသတ်ပါဘူး..”
ရှင်းအန်း ထွက်သွားသောနေရာမှာ ရွှင်ပျော်ပျော်ကျေးရွာဟု သူတို့ ထင်ခဲ့ဖူးသော နေရာ၊ စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်မှ ရွှင်ပျော်ပျော်ကျေးရွာသို့ သွားရန် တည်ဆောက်ခဲ့သော်လည်း ရွက်မလွှင့်နိုင်ခဲ့သည့် ဧရာမသင်္ဘောကြီး ဖြစ်၏။ ထိုနေရာရှိ လူများမှာ ရန်သူ၏တိုက်ခိုက်မှုကြောင့် သင်္ဘောကြီးနှင့်အတူ တုနှိုင်းမဲ့ကြီးမားသော ကုဗတုံးကြီးတစ်တုံးထဲတွင် ပိတ်မိသွားခဲ့ကြသည်။
စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်မှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ လူတစ်ယောက်ပြီးတစ်ယောက် စတေးစွန့်လွှတ်ပြီးနောက်တွင်တော့ ကလေးတစ်ယောက်အား ... ကုဗတုံး၏အပြင်သို့ လွှတ်ပေးနိုင်ခဲ့၏။ ထိုကလေးက ရွှေအ ဖြစ်မည်ဟု ချင်မူ ထင်မိသည်။။
ရွာလူကြီးတို့မှာ ရွှေအကြောင့်သာ ထွက်လာနိုင်ခဲ့ခြင်းမဟုတ်ပါ၏လော..
ရှင်းအန်းသာ ထိုနေရာထဲသို့ ဝင်ပြီးလျှင်ချင်း ပြန်ထွက်လာပါက ထွက်လာနိုင်သေးသည်။ သို့သော် ရှေ့ဆက်တိုးသွားလျှင် ဝင်္ကပါများအတွင်း ပိတ်မိသွားလိမ့်မည်။
လင်ယွိရှို့က သက်ပြင်းချကာ ပြောလိုက်၏။ “ရှင်းအန်းက ဘာလို့ နင့်ကို ရှာနေတာလဲ... အဲဒီကျောက်စိမ်းလည်ဆွဲက နင့်ဟာမှန်း အသိသာကြီးလေ”
ချင်မူ ခေါင်းယမ်းလိုက်မိသည်။ “ငါလည်း မသိဘူး.. ဒါပေမဲ့ သူ့ရဲ့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲမှာ အင်မတန် အင်အားကြီးမားတဲ့ လူတစ်ယောက် ပုန်းနေတယ်... အဲဒါကြီးက တကယ် ကြောက်စရာကောင်းတယ်။ ရှင်းအန်းလည်း ခြိမ်းခြောက်ခံထားရတာ ဖြစ်မယ်... ငါ အဲဒီလူ့ရဲ့ မျက်လုံးကိုပဲ မြင်ခဲ့ရတာ ... ခန္ဓာကိုယ်ကို မမြင်ရဘူး... ဒါပေမဲ့ ရှင်းအန်း ယိုတုထဲ ကျသွားပြီး ပြန်လာနိုင်တဲ့ ကိစ္စအရ သူ့ကောင်းကင်ရတနာထဲက အဲဒီမျက်လုံးက ယိုတုနတ်ဘုရားတစ်ပါးရဲ့ မျက်လုံး ဖြစ်လောက်တယ်”
လင်ယွိရှို့ မျက်မှောင်ကြုတ်သွား၏။ “အကယ်လို့ ရှင်းအန်း ထွက်လာနိုင်ခဲ့ရင်ရော..”
ချင်မူ ခေါင်းယမ်းလိုက်၏။ “အဲဒီကုဗတုံးက သူ့ကို နှစ်ဝက်လောက် ချုပ်ထားနိုင်ပါတယ်... သူ ထွက်လာရင် ငါတို့ အဲဒီကျောက်စိမ်းလည်ဆွဲနဲ့ လူငယ်ကို ဆက်ရှာပေးကြတာပေါ့” သူ့အကြည့်က ထူးဆန်းသွားပြီး ခပ်တိုးတိုး ပြောလိုက်၏။ “သူ ထွက်လာရင် အနောက်ကမ္ဘာမြေ၊ အလယ်ကမ္ဘာမြေ၊ မြက်ခင်းလွင်ပြင်၊ နှင်းတောင်တန်းနဲ့ မဟာမြို့ပျက်မှာပါ လည်ဆွဲကို ရှာတွေ့နေရင် ... ဘာဖြစ်သွားမယ်ထင်လဲ”
လင်ယွိရှို့က စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်လိုက်သည်။ “နင် လုပ်နိုင်မှန်း သိပါတယ် ကြွားမနေနဲ့”
ချင်မူ ရယ်လိုက်ပြီး သူတို့၏မူလဝိညာဉ်များ ရုပ်ခန္ဓာများထဲသို့ ပြန်ဝင်လိုက်ကြသည်။ မှောင်ရီပျိုးနေပြီ ဖြစ်၏။ သေခြင်းရှင်ခြင်းကြားတံတားရှိ မြစ်ထဲတွင် လှေတစ်စင်း ရွက်လွှင့်ရန် ပြင်နေသည်။ ဟူလင်းအာနှင့် စစ်ယွင်ရှန်းက ငွေပေးချေပြီးသား လူများကို လှေပေါ်သို့ တက်ခိုင်းလိုက်သည့်အခါ လှေက ကောင်းကင်ယံရှိ မြစ်ပြင်ကို ဖြတ်ကာ ဖုန်းတုဆီ ရွက်လွှင့်သွား၏။ လင်ယွိရှို့လည်း ထိုသင်္ဘောနှင့် လိုက်ပါသွားသည်။
မြို့အပြင်တွင် ချင်မူက အမှောင်ထုထဲသို့ လမ်းလျှောက်ဝင်သွားပြီး နဂါးချီလင်က သေတ္တာကြီးအပေါ်တွင် ထိုင်လျက် လိုက်လာသည်။ သေတ္တာထဲတွင် သစ်သီးဝလံများနှင့် ပူဇော်ပသရာတွင် သုံးသည့် ပစ္စည်းအသုံးအဆောင်အားလုံး ထည့်ထား၏။ သေတ္တာကြီးက ထိုပစ္စည်းများကို အထည့်မခံချင်သော်လည်း ချင်မူက ဗိုက်ထဲ အတင်းထိုးထည့်ခဲ့သဖြင့် မည်သို့မျှ မတတ်နိုင်ဘဲ လက်ခံခဲ့ရလေသည်။
‘လူသားဧကရာဇ်ခန်းမက ကျောက်စိမ်းမြို့တော်ငယ်လို... ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ အပိုင်းအစတစ်ခုပဲ”
ချင်မူ့အကြည့်များ လှုပ်ခတ်နေပြီး သူက အနက်ရောင်သံတုံးကို ကိုင်ကာ အမှောင်ထုထဲတွင် လျှောက်ရင်း တွေးနေသည်။ ‘ဒုတိယဘိုးဘေးကြီးနဲ့ ကျန်တဲ့လူတွေက ငါ့ကို ဘယ်သွားရမယ်မှန်း မပြောခဲ့ဘူး... လူသားဧကရာဇ်တံဆိပ်တုံးကိုသာ အသက်သွင်းလိုက်တဲ့.. ဒါပေမဲ့ ဒါက လူသားဧကရာဇ်ခန်းမကို ဘယ်လို ရှာပေးနိုင်မှာလဲ...’
သူ၏ချီစွမ်းအင် လူသားဧကရာဇ်ထဲသို့ ဝင်သွားသည့်အခါ သံတုံးက အသာအယာ လှုပ်ခါသွားသည်။ သူ လူသားဧကရာဇ်တံဆိပ်တုံးကို အသက်သွင်းခဲ့သည့် ပထမတစ်ခေါက်တုန်းက ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းပြီးနောက် လူသားမျိုးနွယ် နှစ်ပေါင်းများစွာ ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို မြင်ခဲ့ရသည်။ လူသားဧကရာဇ်တံဆိပ်တော်ထဲ၌ ငုပ်လျှိုးနေသော အသိစိတ်အလျဉ်က အရပ်မျက်နှာတစ်ခွင်သို့ ပျံ့နှံ့သွားပြီး တစ်လောကလုံးသို့ ဖြာထွက်သွားခဲ့၏။
သို့သော် ထိုစဉ်က ရွာလူကြီးနှင့် သိုင်းပညာရှင်များက သူ့ကို ကူညီပေးခဲ့လေသည်။ ယခုတွင်တော့ သူ တစ်ယောက်တည်း ဖြစ်သောကြောင့် သူ့အသိစိတ်အလျဉ်သက်သက်ဖြင့် လူသားဧကရာဇ်တံဆိပ်တော်၏ ဆင့်ခေါ်သံအား မထုတ်လွှတ်နိုင်ပေ။
ချင်မူ အသိစိတ်အလျဉ်ဖြင့် စမ်းကြည့်လိုက်သည့်အခါ ရင်ထဲတွင် လှုပ်ခါသွား၏။ သူ၏ချီစွမ်းအင်က လူသားဧကရာဇ်တံဆိပ်ထဲရှိ အမှတ်အသားတစ်ခုအား ထိသွားခဲ့၏။
နောက်တခဏတွင် လူသားဧကရာဇ်တံဆိပ်တော်မှာ ညင်ညင်သာသာ တုန်ခါလာပြီး အလင်းတန်းတစ်တန်း ထုတ်လွှတ်လိုက်သည်။ အလင်းတန်းက ချင်မူ့မျက်လုံးများကို ထိမှန်ကာ ပျောက်ကွယ်သွားသည်။
ချင်မူ ခေါင်းယမ်း၍ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အလင်းတန်းတစ်တန်းက တစ်နေရာမှ ကျဆင်းလာပြီး သူ့ခြေထောက်အောက်၌ တောက်ပနေသည်။
ချင်မူမှာ တအံ့တဩဖြင့် နောက်လှည့်ကြည့်လိုက်၏။ “ဖက်တီးနဂါး မင်း အလင်းရောင်ကို မြင်ရလား”
နဂါးချီလင်က အိပ်ပျော်နေသော်လည်း ဆတ်ခနဲ ခေါင်းထောင်ကြည့်သည်။ “အလင်းလဲ”
‘ငါပဲ မြင်ရတာလား’
ချင်မူ မှန်တစ်ချပ် ထုတ်၍ သူ့မျက်လုံးများအား ကပျာကယာ ကြည့်လိုက်သည်။ မျက်လုံးထဲတွင် ထူးဆန်းသော သင်္ကေတများ ရှိနေရာ ... ၎င်းတို့ကြောင့် အလင်းရောင်ကို သူ မြင်ရခြင်းဖြစ်လိမ့်မည်။
‘လူသားဧကရာဇ်ခန်းမကို ဒီလို သွားရတာကိုး’ ချင်မူ အလင်းနောက် လိုက်သွားသည်။
ထိုအချိန်တွင် ရွာလူကြီး ဖုန်းတုသို့ ပြန်ရောက်လာ၏။ ဖုန်းတုမှာ အလွန်စည်ကားသိုက်မြိုက်နေသည်။ မြို့အပေါ် ကောင်းကင်ယံတွင် မြစ်ရှည်ကြီးတစ်စင်းနှင့် တံတားတစ်စင်း ရှိနေသည်။ တံတားတွင် နတ်ဘုရားများ၊ မိစ္ဆာနတ်ဆိုးများ ကြိတ်ကြိတ်တိုးနေပြီး အရိုးစုများက အောက်ရှိ လှေပေါ်တွင် ရပ်နေကြသည်။
‘ဘာတွေ ဖြစ်နေတာတုန်းဟ’
ရွာလူကြီး အံ့အားသင့်သွားသည်။ ထိုစဉ် တံတားပေါ်၌ လူသားဧကရာဇ်ချီကန်းကို လှမ်းမြင်လိုက်ရ၍ သူ့မျက်လုံးများ တောက်ပသွား၏။ သူက လက်ဝှေ့ယမ်းရင်း လှမ်းအော်လိုက်သည်။ “အဘိုးကြီးချီကန်း ဒီကိုလာပါဦး.. ကျုပ် ပြန်လာပြီ။ လောကသခင်ခန္ဓာနဲ့ ပတ်သက်ပြီး အံ့ဩစရာသတင်းတစ်ခုလည်း ပါတယ်ဗျို့... ဟီးဟီး ခင်ဗျား ယုံမှာတောင် မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်လေးသောင်းက လောကသခင်ခန္ဓာတစ်ခု တကယ် ပေါ်လာခဲ့တယ်တဲ့လေ... မြန်မြန် ဆင်းလာခဲ့ဦး... ကျုပ်မှာ သက်သေကျောက်စာရှိတယ်”
လူသားဧကရာဇ်ချီကန်းက တံတားပေါ်မှ ဆင်းချပြီး ရွာလူကြီးကို လက်ညှိုးလှမ်းထိုးသည်။ “မလှုပ်နဲ့နော် မလှုပ်နဲ့... ငါ ဒုတိယဘိုးဘေးကြီးနဲ့ ကျန်တဲ့သူတွေကို သွားခေါ်ဦးမယ်”
ရွာလူကြီးက ပြုံးလိုက်သည်။ “အရင်ဆုံး ကျောက်စာကို ကြည့်ပါဦးလား”
“ပျော်စရာကောင်းတဲ့ကိစ္စဆိုတာ ဝေမျှမှ ပိုအရသာရှိတာလေ... စောင့်နေ ... ငါ လူသားဧကရာဇ်တွေကို သွားခေါ်ပြီး ပြန်လာမှ အတူဖတ်ကြမယ်” လူသားဧကရာဇ်ချီကန်းက သူ့ကို ရိုးသားသောအပြုံးဖြင့် လှမ်းကြည့်၏။
ရွာလူကြီး ဇဝေဇဝါ ဖြစ်နေသည်။ ‘ဒီသောက်အဘိုးကြီးရဲ့ အပြုံးက နည်းနည်းရင်းနှီးနေသလိုပဲ.... သူ ဘာလို့ ဒီနေ့ ယဉ်ကျေးနေတာပါလိမ့်...”