← Chapters

မုန်တိုင်းမျက်လုံး - ၃

Vol. 17 Ch. 252

မုန်တိုင်းမျက်လုံး - ၃

Vol. 17 Ch. 252

ဟန်ရှောင်း၏ အစစ်အမှန်ဝိသေသလက္ခဏာသည် အဓိကအဖွဲ့အစည်းများအကြား စိတ်ဝင်စားမှုများစွာကို ဖန်တီးပေးသည်။ သူသည် ဇီးရိုး၊ စစ်ပွဲ၏ ပဲ့ကိုင်ရှင်ဖြစ်ရုံသာမက Black Phantom၊ ထိပ်တန်းယန္တရားပညာရှင်နှင့် စာချုပ်လူသတ်သမားလည်းဖြစ်သည်။ တစ်ဦးသည် အထောက်အထားနှစ်ခုကို ပေါင်းစပ်လိုက်သောအခါ၊ အဖွဲ့အစည်းအားလုံးသည် ကမ္ဘာကြီးကို ရိုက်ခတ်မည့် ကြယ်ပွင့်အသစ် မြင့်တက်လာသည်ကို တွေ့နိုင်သည်။

ထိုကဲ့သို့ ဒဏ္ဍာရီဆန်ဆန် အသွင်အပြင် မပေါ်လာသည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်၏။

ယခု သူ့တွင် စစ်ပွဲ၏ ဒီရေကို ထိန်းချုပ်နိုင်သော သတင်းအချက်အလက်များရှိပြီး၊ သူသည် မုန်တိုင်း၏မျက်လုံး ဖြစ်သည်၊ သဘာဝအားဖြင့်၊ ကမ္ဘာပေါ်ရှိ လူတိုင်းထံမှ သူ့အပေါ် အာရုံစူးစိုက်မှုနှင့် မျှော်လင့်ချက်များစွာ ရှိနေသည်။

ဤသတင်းသည် ကမ္ဘာပေါ် ထွက်ပေါ်ခဲ့သည်မှာ လေးရက်ကြာပြီးနောက် ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်းတိုင်းက ဟန်ရှောင်းရဲ့ စစ်မှန်တဲ့ အထောက်အထားကို သိရှိကြပြီး၊ အာရုံစိုက်မှု အများဆုံး ရရှိသော အဖွဲ့အစည်း နှစ်ခုရှိနေသည်။

ပထမတစ်ခုမှာ ဟန်ရှောင်းမွေးဖွားရာ အလူမီရာမိသားစုဖြစ်သည်။ မြောက်ပိုင်းတိုက်ရှိ အဖွဲ့အစည်းငယ်များစွာသည် အလူမီရာမိသားစုထံ သွားရောက်လည်ပတ်ခဲ့ကြသည်။ ဟန်ရှောင်း၏ လွှမ်းမိုးမှုအောက်တွင်၊ အလူမီရာမိသားစုသည် မရေမတွက်နိုင်သော မဟာမိတ်အသစ်များ ထူထောင်ခဲ့ပြီး တစ်ချိန်တည်းတွင် ဟန်ရှောင်းသည် ရှောင်ဟိုင်၏ မွေးစားဖခင်ဖြစ်သည်ဟူသော အချက်သည်လည်း မဟာမိတ်အသစ်များဆီသို့ ပျံ့နှံ့သွားခဲ့သည်။

ဤရှက်စရာကောင်းသည့်ဟာသမှာ ရှောင်အဖွဲ့၏ နာမည်နဲ့အတူ ဘယ်တော့မှ ပျောက်ကွယ်သွားလို့မရနိုင်သည့် အမှတ်အသားတစ်ခုပင်။ လူတိုင်းက သူတို့၏ရယ်မောခြင်းကို ဖုံးကွယ်ဖို့ ကြိုးစားနေတာကိုမြင်ပြီး ရှောင်ဟိုင်သည် အလွန်စိတ်ပျက်သွားကာ သူ့အရှက်ကိုအဆုံးသတ်ဖို့ သူ့ကိုယ်သူသတ်သေချင်နေသည်။

မီးရောင်အောက် ရောက်နေသည့် အခြားအဖွဲ့အစည်းမှာ Dark Net ဖြစ်သည်။ ဟန်ရှောင်းသည် Dark Net တွင် အဆင့်မြင့်အရာရှိများထဲမှ တစ်ဦးဖြစ်သော်လည်း အဓိကအဖွဲ့အစည်းအားလုံးသည် Dark net မှ မည်သည့်တုံ့ပြန်မှုကိုမျှ မတွေ့ခဲ့ကြပေ။ ထို့ကြောင့် Black Phantom ၏ ဝိသေသလက္ခဏာကို ဖော်ထုတ်ခြင်းအပေါ် သူတို့၏သဘောထားကို မည်သူမျှမသိကြပေ။

ထိုကဲ့သို့ပင် လေးရက်သည် တခဏအတွင်း ကုန်လွန်သွားခဲ့သည်။

...

ကောင်းကင်မှ စစ်မြေပြင်ကို ငုံ့ကြည့်လိုက်လျှင် တောထဲတွင် သဲနှင့် ဖုန်များ ပြည့်နေ၏။ ထက်မြက်သော ကျည်ကာပါသည့် ဂျစ်ကားတစ်စီးသည် တောထဲ၌ ဖြတ်သန်းမောင်းနှင်နေသည်။ ဂျစ်ကားနောက်ဘက် တစ်ကီလိုမီတာအကွာတွင် ဂျာမီနယ်အဖွဲ့၏ ကားများက အမီလိုက်ရန် ကြိုးစားနေကြသည်။

"စတုတ္ထနေ့၊ ဒါက ၁၃ခုမြောက် အဖွဲ့ပဲ"

ခရီးသည်ထိုင်ခုံပေါ်တွင် ဟန်ရှောင်းသည် ဂျစ်ကားနောက်ဘက်ရှိ ကင်မရာကို ထိန်းချုပ်ထားပြီး ၎င်းတို့နောက်မှ ယာဉ်တန်း၏အခြေအနေကို စစ်ဆေးကြည့်ရှုကာ စိတ်ပျက်စွာဖြင့် ခေါင်းယမ်းလိုက်သည်။ “လူအလုံအလောက် မပို့ပြန်ဘူး။ အသုံးလိုတဲ့ အပိုအပိုပစ္စည်းအချို့ အလကားရဦးမယ် ထင်တယ်။”

ဒရိုင်ဘာထိုင်ခုံပေါ်ရှိ ဟီလာသည် ဟန်ရှောင်းကို အေးစက်စွာ စိုက်ကြည့်ပေးလိုက်သည်။ သူမသည် အလုပ်များလွန်းပြီး ဘာမှပြန်မပြောနိုင်လောက်အောင်ပင် ပင်ပန်းနေလေသည်။

ထိုအချိန်တွင် လူနှစ်ဦး၏ အသွင်အပြင်သည် တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ရန်သူများထံမှ လေးရက်ကြာ ထွက်ပြေးပြီးနောက်၊ ရန်သူများသည် နေရာတိုင်းတွင် ရှိနေကြပြီး နေ့တိုင်း ခက်ခဲသော တိုက်ပွဲများနှင့် ရင်ဆိုင်နေကြရသည်။ ဟီလာသည် စစ်တိုက်ရန် စက်ကိရိယာများနှင့် စက်ပစ္စည်းများကို တည်ဆောက်နိုင်သူ မဟုတ်ပေ။ သူမ၏ စွမ်းအားသည် စွမ်းအင်နှင့် ခွန်အားလိုအပ်သော သူမ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များမှ လာသည်။ သူမ တိုက်ခိုက်ခဲ့သော တိုက်ပွဲတိုင်းသည် ခက်ခဲကြမ်းတမ်းပြီး လွတ်မြောက်လာချိန်တွင် သူမသည် စွမ်းအားရှိသမျှ ကုန်ဆုံးသွားကာ သူမ၏ မျက်လုံးတစ်ဝိုက်တွင် မည်းမှောင်သော မျဉ်းကြောင်းများဖြင့် ချွေးများနှင့် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသည်။

တစ်ဖက်တွင်မူ ဟန်ရှောင်းသည် လုံးဝခြားနားသည်။ Viper ကို အသုံးပြု၍ ရန်သူကို တိုက်ထုတ်ခြင်းသည် သူ့အတွက် လေညင်းတိုက်သလို ဖြစ်နေသည်။ ဟန်ရှောင်းနောက်ကို လိုက်လာသော ရန်သူအများစုသည် အားနည်းပြီး မည်သို့ပင်ဖြစ်စေ အလွယ်တကူ အနိုင်ယူနိုင်ကြသည်။ သို့သော်လည်း ဟီလာသည် ဟန်ရှောင်းကဲ့သို့ ရန်သူကို အလွယ်တကူ မဟန့်တားနိုင်ပေ။

ဟီလာကားမောင်းနေစဉ် သူမ၏ ဦးနှောက်သည် အချိန်တိုင်း ပိတ်သွားတော့မလို ခံစားနေရသည်။ သူမ အလွန်ပင်ပန်းသော်လည်း၊ သူမသည် စတီယာရင်ကို ဟန်ရှောင်အား မလွှဲပေးချင်ပေ။ တစ်ဖက်က ချောက်ကမ်းပါး၊ ကျန်တစ်ဖက်မှာ ချောက်ကြီးတစ်ခုဖြစ်သည်။ အနည်းဆုံးတော့ ချောက်ကမ်းပါးမှာ အောက်ခြေရှိသေးသည်...

"ဟေ့ အစ်မ၊ ဖျော်ရည် လိုချင်လား" ပြောင်လက်နေသော မျက်လုံးကြီးများဖြင့် အနောက်တွင်ထိုင်နေသော အော်ရိုရာသည် အရည်ပါသည့် ပလပ်စတစ်အိတ်ကို ကမ်းပေးသည်။

“အဲဒါ ဖျော်ရည်မဟုတ်ဘူး။ အဲဒါက မင်းနိုးနိုးကြားကြားနဲ့ စွမ်းအင်တိုးအောင် ကူညီပေးနိုင်တဲ့ အားဖြည့်အချိုရည်၊ ဒါကြောင့်မို့..." ဟန်ရှောင်းက နောက်ပြန်လှည့်ကြည့်တော့ ထိုင်ခုံပေါ်မှ အိတ်အလွတ်များကို တွေ့လိုက်ရသည်။ သူက ဒေါသတကြီးနဲ့ ဆက်ပြောတယ်။ "... အရမ်းမသောက်နဲ့"

"ဒါပေမယ့် အရသာကောင်းတယ်။" အော်ရိုရာက သူ့မျက်နှာကို ထိုင်ခုံနောက်မှာ ဝှက်ထားလိုက်တယ်။

သူမ ထောင်ကျနေချိန်က၊ သူမနေ့စဉ်စားသည့် အစားအစာက အရသာမရှိသော အာဟာရမုန့်သာ ဖြစ်သည်။ အားဖြည့်အချိုရည်သည် သူမ၏ အရသာဖုများအတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်ပြီး သူမသည် နိုးကြားလာ၏။

သူတို့လွတ်မြောက်ခြင်းအစတွင် ဟန်ရှောင်းသာ တိုက်ခိုက်နိုင်ခဲ့သည်။ သူတို့ရှာနိုင်သည့် အရင်းအမြစ်အားလုံးကို စုဆောင်းဖို့ လိုအပ်နေသည်။ ရှည်လျားစွာ လွတ်မြောက်ခြင်း လုပ်ဆောင်ချက်သည် သဘာဝအတိုင်း ယန္တရားပညာရှင်များကို ထွန်းလင်းတောက်ပစေသော အဆင့်ဖြစ်သည်။ သူတို့နောက်ကလိုက်နေသည့် စစ်သားတွေကို ဖယ်ရှားပစ်နိုင်တယ်၊ သူတို့၏ ပစ္စည်းတွေကိုယူ၊ အစိတ်အပိုင်းတွေအဖြစ် ပြောင်းလဲပြီး တိုက်ခိုက်ဖို့ လက်နက်အသစ်တစ်ခု ဖန်တီးနိုင်ခဲ့သည်။ ဆက်လက်တိုက်ပွဲဝင်ပြီး ရှင်သန်ဖို့ တိုက်ပွဲဝင်ခဲ့ကြရသည်။

ပရော်ဖက်ရှင်နယ် ဂိမ်းကစားကွက်တွင်၊ ဤအခြေအနေနှင့် ဆင်တူသော ရေရှည်ရှင်သန်နိုင်သော ဂိမ်းမုဒ်အချို့လည်းရှိပြီး ယန္တရားပညာရှင်သည် ဤအခြေအနေတွင် အကောင်းဆုံးအတန်းအစား ဖြစ်သည်။

စစ်တပ်သုံး အသင့်စားရိက္ခာများနှင့် အားဖြည့်အချိုရည်များမှအပြင် ဟန်ရှောင်းသည် ၎င်းတို့ပိုင်ဆိုင်သော ဂျစ်ကားကို မြှင့်တင်ရန် တိုက်ပွဲတွင် အနိုင်ရပြီးနောက် အစိတ်အပိုင်းများစွာ ရရှိနိုင်သည်။ သူသည် ကား၏အင်ဂျင်နှင့် ဆလင်ဒါကို ဖြည်းဖြည်းချင်း ပြုပြင်ခဲ့ပြီး ယခုအခါ ဂျစ်ကားသည် ၎င်း၏လမ်းကြောင်းတွင် မည်သည့်အရာကိုမဆို ချေမှုန်းနိုင်သည့် တောရိုင်းနွားတစ်ကောင်ကဲ့သို့ ပြေးလွှားနေသည်။ ဂျစ်ကားခွံမှာ ခြစ်ရာများ ပြည့်နှက်နေပြီး ၎င်း၏ အမိုက်စားပုံစံနှင့် ကိုက်ညီနေ၏။

နိုင်ငံ၆နိုင်ငံ တိုက်ခိုက်မှုများကြောင့် ဂျာမီနယ်အဖွဲ့၏ တပ်ဖွဲ့များသည် မလှုပ်ရှားနိုင်ဖြစ်နေပြီး ထိုအရာက ဟန်ရှောင်းအပေါ် ဖိအားထက်ဝက်နီးပါး လျော့ကျစေသည်။ နိုင်ငံ၆နိုင်ငံက ဒုံးကျည်များ၏ ခြိမ်းခြောက်မှုကိုလည်း ဖယ်ရှားနိုင်ခဲ့သည့်အတွက် နေရာတစ်ခုမှာ ကြာကြာရပ်ထားရင် ဒုံးကျည်တွေ ပေါက်ကွဲမှာကို စိုးရိမ်စရာ မလိုတော့ပေ။

ဟန်ရှောင်းက နောက်မှန်ကိုကြည့်ကာ "ကားကိုလှည့်ပြီး အားလုံးကို သတ်ပစ်လိုက်မယ်။ ဟေ့ ကောင်မလေး၊ နောက်ခုံမှာ လှဲအိပ်ပြီး ခေါင်းမထောင်နဲ့။"

အော်ရိုရာက နာခံစွာ နားထောင်သည်။

ဟီလာတွန့်ဆုတ်မနေပေ။ သူမသည် အားဖြည့်အချိုရည်ကို ဖမ်းကိုင်လိုက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။ စတီယာရင်ကို ဆွဲလှည့်လိုက်ပြီး ဂျစ်ကားက ရုတ်တရက် ဒရစ်ဖ်ဆွဲသွားသည်။ ထို့နောက် ဟီလာသည် ဂျစ်ကားကို နွားတစ်ကောင်လို ရန်သူများဆီ တိုက်ရိုက်မောင်းဝင်သည်။

ဟန်ရှောင်းသည် ပြုပြင်မွမ်းမံမှုကို လျင်မြန်စွာပြီးမြောက်ခဲ့ပြီး သူ၏ Viper ယန္တရားဝတ်စုံသည် ကြီးမားသော အဆင့်မြှင့်တင်မှုတစ်ခု ရရှိခဲ့သည်။ ရှည်လျားသော လိုက်ဖမ်းသည့်တိုက်ပွဲတွင် လိုက်လျောညီထွေဖြစ်စေရန်အတွက် သူသည် တာဝေးပစ်လက်နက်များစွာကို တပ်ဆင်ထားပြီး တာဝေးပစ်သေနတ်ဖြစ်သည့် ပြောင်းသုံးဝရှိသည့် သေနတ်နှင့် ပခုံးပေါ်တွင် လက်ပစ်ဗုံးလောင်ချာများ တပ်ဆင်ထားသည်။ သူ့ခြေထောက်နဲ့ နောက်ကျောတွင် ကျည်ကပ်အပိုများ ရှိနေပြီး အဝါရောင်ကျည်ဆန်များပါသည့် ခါးပတ်တစ်ခုကို သူ့ပခုံးပေါ်တွင် သယ်ဆောင်ထားသည်။ ဤလက်နက်များအားလုံးကို ယခင်က တိုက်ခိုက်ခဲ့သော ရန်သူများ၏ ကိရိယာများမှ ဖန်တီးထားခြင်း ဖြစ်သည်။

ယန္တရားဝတ်စုံသည် ယခင်ကထက် အနည်းဆုံး နှစ်ဆပိုကြီးပြီး တာဝေးတိုက်ပွဲအတွက် ပိုသင့်တော်၏။ ထို့ကြောင့် ၎င်းကို [Viper – တာဝေးပုံစံ] ဟုခေါ်သည်။

အင်တာဖေ့စ်သည် ရန်သူများ၏ ဖွဲ့စည်းပုံကို ပိုင်းခြားစိတ်ဖြာပြနေသည်။

“အမှုဆောင်အရာရှိလေးဦး၊ ဗယ်ခရီအသင်းသား အယောက်သုံးဆယ်နဲ့ ကစားသမား ဆယ်ယောက်။ စုစုပေါင်း ကားဆယ်စီး… အိုး၊ ဖွဲ့စည်းထားတဲ့ ပုံစံပြောင်းသွားကြပြီ”

ယာဉ်တန်းသည် ဖြန့်ကျက်ပြီး ဝိုင်းဖွဲ့သည့်ပုံစံ ဖွဲ့စည်းထားသည်။ သူတို့သည် တိုက်ရိုက်တိုက်ပွဲများကို ရှောင်လွှဲကာ စစ်ကူစောင့်ရင်း ဟန်ရှောင်းကို အတတ်နိုင်ဆုံး နှောင့်နှေးချင်ကြသည်။ ဟန်ရှောင်းကို တားနိုင်တဲ့ စွမ်းအား မရှိဘူးဆိုတာ သူတို့သိနေ၏။

ဟန်ရှောင်းက မအံ့သြပေ။ သူသည် ယာဉ်တန်းငါးစီးကို တစ်ယောက်တည်း ဖျက်ဆီးပြီးနောက် ကျန်ရန်သူများအားလုံးသည် တူညီသောနည်းဗျူဟာကို အသုံးပြုခဲ့ကြသောကြောင့်၊ ၎င်းကို အကျင့်ရနေပြီဖြစ်သည်။

ဒိုင်း! ဒိုင်း! ဒိုင်း!

စက်သေနတ် တပ်ဆင်ထားသော ယန္တရားလက်များမှ လောင်ကျွမ်းနေသော သံမဏိကျည်ဆန်များသည် ရန်သူများဆီသို့ ဟိန်းဟောက်ရင်း ဝင်ရောက်သွားသည်သည်။ သူပစ်လိုက်တဲ့ ကျည်ဆံတိုင်းကြောင့် သူ့နှလုံးသားကို ဖိနှိပ်နေသည့် အားကောင်းသည့် ကျည်ကန်အားကို ခံစားလိုက်ရသည်။

နက်ပြာရောင် လျှပ်စစ်စက်မှုစွမ်းအားသည် ပြောင်းဝပတ်ပတ်လည်တွင် ရစ်ပတ်ကာ ထိခိုက်နိုင်မှုကို ရုတ်တရက် မြှင့်တင်လိုက်သည်။ သံချပ်ကာကားတစ်စီးသည် စက္ကန့်အနည်းငယ်အတွင်း ပျက်စီးသွား၏။

ယာဉ်တန်းက ပြန်စပစ်သည်။ သူတို့သည် ဟန်ရှောင်းဘက်ခြမ်းနှင့် ယှဉ်လျှင် ပိုမိုပြင်းထန်သော ပစ်အားများရှိပြီး ဝေဟင်၌ လိမ္မော်ရောင်လမ်းကြောင်းပါရှိသည့် ကျည်ဆန်များနှင့် ဒုံးကျည်များသည် နေရာတိုင်းမှ ဟန်ရှောင်းထံ ရောက်ရှိလာသည်။

ဟန်ရှောင်း၏ နည်းပညာဆိုင်ရာ အင်တာဖေ့စ်သည် အပေါ့စားဒုံးပျံများ၏ လမ်းကြောင်းကို ပစ်မှတ်ကို မထိမီ ဟန်ရှောင်းပစ်ချရန်အတွက် ပိုင်းခြားစိတ်ဖြာပေးထားသည်။ စက်သေနတ်ကျည်ဆန်များအတွက်မူ သူတို့အား ကာကွယ်ရန် ဂျစ်ကား၏ သံချပ်ကာကိုသာ အားကိုးနိုင်မည်ဖြစ်သည်။

ဂျာမီနယ်အဖွဲ့အစည်း၏ ပစ်ခတ်နိုင်စွမ်းသည် အားကောင်းလွန်းသောကြောင့်၊ ဟန်ရှောင်းသည် အဝေးမှ တိုက်ခိုက်ခံရခြင်းက မည်မျှခက်ခဲသည်ကို သူသိသောကြောင့် ဟန်ရှောင်းသည် ယန္တရားဝတ်စုံ၏ တာဝေးဗားရှင်းကို မွမ်းမံပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဘုန်း!

ပေါက်ကွဲသံများ ဆက်လက်ထွက်ပေါ်လာသည်။

ဟန်ရှောင်းသည် ယာဉ်အများအပြားနှင့် စစ်သားဒါဇင်ပေါင်းများစွာကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲသည် မတိုးသာမဆုတ်သာ ဖြစ်နေသည်။ ရုတ်တရက် ဟန်ရှောင်းသည် ဟီလာကို အချက်ပြလိုက်သည်။

ဟီလာက သူမ တိုက်ခိုက်ချိန်ရောက်ပြီဆိုတာ သိသည်။ သူမ၏ မျက်လုံးများသည် အနီရောင် အလင်းတန်းများ နှင့် ပြည့်နှက်လာပြီး သူမ၏ မျက်လုံးထောင့်မှ တောက်လောင်နေသော အလင်းရောင် ထွက်ပေါ်လာသည်။ သူမသည် ပြတင်းပေါက်ကိုဖွင့်ကာ လက်ကိုအပြင်သို့တွန်းထုတ်ကာ အနီရောင်အဖျော့ရောင်မျဉ်းကွေးတစ်ခုသည် မတူညီသောယာဉ်သုံးစီးကို ထိုးဖောက်ဝင်ရောက်ကာ ရုပ်ပိုင်းဆိုင်ရာသံချပ်ကာကို လျစ်လျူရှုနိုင်သည့် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ဖြစ်စေသည်။

ဟမ်!

ပေါက်ကွဲမှုလှိုင်းဂယက်လုံးများသည် သူတို့၏ နှလုံးသားများနှင့် ဝိညာဉ်များတွင် ပေါက်ကွဲသွားကြသည်။

ကားပေါ်ရှိလူအားလုံး ရုတ်တရက် သွေးများအန်ထွက်ပြီး ဒဏ်ရာ ပြင်းထန်စွာ ရကုန်၏။

“အဟွတ် အဟွတ်…” ဟီလာသည် ရုတ်တရက် ချောင်းဆိုးလိုက်ပြီး သူမ၏ မျက်နှာသည် ပို၍ပင် ညှိုးနွမ်းလာ၏။

ထိုသို့သော ပါဝါကို မကြာခဏ အသုံးပြုခြင်းသည် သူမ၏ စွမ်းအင်အဆင့်ကို အောက်ခြေထိ ကျဆင်းသွားစေသော်လည်း တစ်ချိန်တည်းတွင် သူမ၏ စွမ်းအားသည် အနည်းငယ် တိုးတက်လာခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူမသည် ဤတိုက်ခိုက်မှုကို အသုံးပြုလိုပါက စက္ကန့်အနည်းငယ်မျှ အရှိန်ယူရလိမ့်မည်၊ သို့သော် ယခုအခါတွင် သူမသည် ချက်ချင်းပင် တိုက်ခိုက်နိုင်ပြီဖြစ်သည်။ လူများသည် ဖိအား အလွန်အမင်း ကြုံလာမှသာ သူတို့၏ လျှို့ဝှက်ထားသည့် စွမ်းရည်များကို ထုတ်ယူနိုင်မှာဖြစ်၏။ ဟီလာ၏ အလားအလာသည် S အဆင့်အထိ မြင့်မားပြီး၊ တိုက်ပွဲတစ်လျှောက်တွင် သူမသည် ထူးခြားသော တိုးတက်မှုတစ်ခု ရရှိခဲ့သည်။

လူနှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုက်ပွဲသည် လျင်မြန်စွာ ပြီးဆုံးသွားသည်။ အမှုဆောင်အရာရှိလေးဦးသည် အဆင့် ၃၀ ဝန်းကျင်သာရှိသော်လည်း ဟန်ရှောင်းသည် စမ်းသပ်အမှတ်များ၂မှတ်ကို ပေးခဲ့သည်။ အဆင့် ၄၀ အထက်ရှိ ရန်သူများကို စမ်းသပ်အမှတ်များပေးရုံသာမက အဆင့်နိမ့်သောရန်သူများသည်လည်း အမှတ်တစ်ချို့ကို ပေးနိုင်သည်။ သို့သော်လည်း တစ်မှတ်အောက်ဖြစ်နေပါက စနစ်က ပြသမည်မဟုတ်ကြောင်း သူနားလည်ခဲ့သည်။ ၎င်းသည် စနစ်တွင် စုဆောင်းထားသော အမှတ်များကို ပေါင်းထည့်နေသေးသည်။

_________________________________

[အန္တိမစမ်းသပ်မှု] - လက်ရှိတိုးတက်မှု ၇၂၃/၂၀၀၀

_________________________________

အမှတ် ခုနစ်ရာကျော်၊ ငါမျှော်လင့်ထားတာထက် ပိုမြန်တယ်။ ဟန်ရှောင်းသည် တိုက်ပွဲအင်တာဖေ့စ်ကိုကြည့်ကာ မက်ဆေ့ခ်ျအသစ်တစ်ခုပေါ်လာသည်။

_________________________________

တိုက်ပွဲ ပြီးသွားပါပြီ။ နှစ်ဖက်တပ်ဖွဲ့များကြား ကွာခြားချက်မှ၊ သင်သည် အပို စမ်းသပ်အမှတ်များ၁၅မှတ် ရရှိမည်ဖြစ်သည်။

_________________________________

ဤလေးရက်အတွင်း၊ ဟန်ရှောင်းသည် မစ်ရှင်ရှေ့ဆက်ရန် လိုအပ်ချက်အသစ်တစ်ခုကို တွေ့ရှိခဲ့သည်။

များပြားလှသော ရန်သူများကို ခုခံတိုက်ခိုက်ရာတွင် စမ်းသပ်အမှတ်များများ ပိုမိုထုတ်ပေးမည်ဟု ထင်ရပြီး အပို စမ်းသပ်အမှတ်များများကို တိုက်ပွဲအပြီးတွင် တွက်ချက်ပေးသည်။ သူသည် ဌာနချုပ်မှ လွတ်မြောက်လာစဉ် ရန်သူတပ်များကို ဝင်တိုက်သောအခါတွင် အပို စမ်းသပ်အမှတ်များ၈၀ကို ရရှိခဲ့သည်။ သူ့တွင် အန္တရာယ်ရှိနေသောကြောင့် စစ်ဆေးရန် အချိန်မရှိဘဲ နောက်ပိုင်းတွင်လည်း မစ်ရှင်များစွာရှိသောကြောင့် စစ်ဆေးရန် မေ့သွားခဲ့သည်။ တိုက်ပွဲအပြီး ဆုကြေးငွေကို ယခုအချိန်အထိ သတိပြုမိခြင်း မရှိသေးပေ။

[အန္တိမစမ်းသပ်မှု] တွင် ပါဝင်သော ဖော်ပြချက်မှာ 'အောင်ပွဲသည် ပိုခက်ခဲလေ (သွေးအမှတ် ဆုံးရှုံးသွားသော ပမာဏဖြင့် တွက်ချက်သည်)၊ စမ်းသပ်အမှတ်များများ များလေဖြစ်သည်။' ဟန်ရှောင်းသည် သွေးအမှတ် နိမ့်ကျနေချိန်တွင် တိုက်ပွဲကို အနိုင်ရပါက အမှတ်များများရမည်ဟု တွေးထားခဲ့သည်။ သို့သော်လည်း ရေရှည်ကို စဉ်းစားကာ၊ သူ့သွေးအမှတ်ကို မြင့်မားတဲ့အဆင့်တွင် ထိန်းထားရသောကြောင့် သွေးအမှတ်ကို ဆုံးရှုံးဖို့ စိတ်မဝင်စားနိုင်ဘဲ သေးငယ်သည့် အမြတ်အစွန်းအတွက် အသက်ရှင်နိုင်ခြေကို မလျှော့ချနိုင်ပေ။

သို့သော်လည်း ယခုဖော်ပြချက်အရ ဘာကိုဆိုလိုတယ်ဆိုတာ သူသဘောပေါက်သွားသည်။ 'သွေးအမှတ်များဖြင့် တွက်ချက်သည်' သည် မဟာမိတ်များနှင့် ရန်သူများအကြား စုစုပေါင်း သွေးအမှတ် ကွာခြားချက်ကို တွက်ချက်ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူ့မှာ မဟာမိတ်နည်းပြီး ရန်သူပိုများလာတဲ့အခါ မြင့်မားတဲ့ ဆုလာဘ်ကို ရရှိနိုင်၏။ ဆိုလိုသည်မှာ မစ်ရှင်သည် ကစားသမားများအား အုပ်စုငယ်တစ်ခုအနေဖြင့် ကြီးမားသောအင်အားနှင့် တိုက်ခိုက်ရန် အားပေးခဲ့ပြီး၊ ၎င်းသည် အသင်းတွင်ပါဝင်ရန် ကစားသမားများကို ငှားရမ်းထားသည့် ချမ်းသာသောကစားသမားများအတွက် ဆုကြေးကို နည်းပါးသွားစေနိုင်သည်။ ထို့ကြောင့် ကျွမ်းကျင်မှု မြင့်မားသူများသည် မစ်ရှင်ကို ပြီးမြောက်စေပြီး အတန်းအစား တိုးတက်မှုကို ပိုမိုမြန်ဆန်စွာ ရရှိမည်ဖြစ်သည်။ ဤစနစ်သည် ချမ်းသာသော ကစားသမားများနှင့် ကျွမ်းကျင်သော ကစားသမားများကြား ဟန်ချက်ညီစေရန်ဖြစ်ပြီး ၎င်းတို့ကြား ကွာဟချက်ကို လျော့ပါးစေသည်။

ဟန်ရှောင်းသည် သူရထားခဲ့သော ပစ္စည်းမှ အစိတ်အပိုင်းများကို စတင် ခွဲထုတ်လိုက်သည်။ ဖျက်ဆီးခြင်းသည် ဖန်တီးခြင်းထက် အမြဲလွယ်ကူသည်။ ဟန်ရှောင်းသည် ပစ္စည်းမှ အစိတ်အပိုင်းများကို ဖယ်ထုတ်လိုက်သော အရှိန်ကြောင့် ဘေးမှကြည့်နေသူမှာ ခေါင်းမူးသွားနိုင်သည် ။

"င့ါတွက်ချက်မှုအရ ရန်သူ့အင်အားက ခုနစ်မိနစ်ကနေ ဆယ့်နှစ်မိနစ်အတွင်း ရောက်လာလိမ့်မယ်ထင်တယ်" ဟန်ရှောင်းက ပြောသည်။ “ဒါဆို ငါတို့ဒီမှာ နောက်ထပ်ငါးမိနစ်ပဲနေနိုင်တယ်။ မောင်းလို့ရသေးလား။ မဟုတ်ရင် ငါမောင်းမယ်။"

"ကောင်းပါတယ်။" ဟီလာသည် နောက်ထပ် အားဖြည့်အချိုရည်ကို စုပ်လိုက်ပြီး စွမ်းအင်အဆင့်ကို မြှင့်တင်လိုက်သည်။

ဟန်ရှောင်းသည် သူ တပ်ဆင်ထားသော အပိုပစ္စည်းများကို လျင်မြန်စွာ ကြည့်လိုက်ကာ အသုံးဝင်သော ပစ္စည်းများကို ယူသွားသည်။ ထို့နောက် ၎င်းတို့အပေါ်တွင် ရေဒါဆန့်ကျင်ရေးအလွှာတစ်ခု တင်လိုက်ပြီး မောင်းထွက်သွားသည်။ ဂျာမီနယ်အဖွဲ့အစည်းမှ ၎င်းတို့ကို ထပ်မံဖမ်းဆီးရန် တစ်ခုတည်းသောနည်းလမ်းမှာ စေ့စေ့စပ်စပ် ရှာဖွေခြင်းသာဖြစ်သည်။

ဆယ်မိနစ်အကြာတွင် ဂျာမီနယ်အဖွဲ့အစည်း၏ စစ်ကူများရောက်ရှိလာပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အစိတ်အပိုင်းများကိုသာ မြင်နိုင်ကြသည်။ ဟန်ရှောင်းသည် သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြန်သည်။

All Chapters