← Chapters

ပထမဆုံး လူသားဧကရာဇ်

Vol. 38 Ch. 521

ပထမဆုံး လူသားဧကရာဇ်

Vol. 38 Ch. 521

‌ရှေ့တူရူတွင် အရပ်ထောင်ထောင်မောင်းမောင်း လူတစ်ယောက် ရှိနေသည်။ ချင်မူ ခန်းမ၏ လှေကားထစ်များအတိုင်း တက်သွားလိုက်၏။ သေတ္တာကြီးကလည်း သူ့‌နောက်မှ လိုက်လာ၍ တဂျောင်းဂျောင်းမြည်သံများ ထွက်နေသည်။ ချင်မူ လက်ကာပြလိုက်သည့်အခါ သေတ္တာကြီးက ရပ်ပြီး ကြမ်းပြင်ပေါ် ပြန်ဆင်းလိုက်သည်။

ထို့နောက် အဖုံးက ကျွီခနဲ ဟလာ၏။ နဂါးချီလင် အပြင်သို့ ချောင်းကြည့်လိုက်ပြီး ကမ္ဗည်းကျောက်စာတိုင်များအား နေရာတိုင်းလိုလိုတွင် မြင်လိုက်ရသည်။ သူက အတန်ငယ် တွေးပြီးနောက် သေတ္တာကြီးထဲမှ ပြန်ထွက်လိုက်သည်။ သူ့ဗိုက်က ကြမ်းပြင်နှင့် နီးကပ်နေပြီး အမြီးလည်း နိမ့်နေသည်... သို့သော် ကြမ်းပြင်နှင့် မထိသေးပေ။ သူက အသံတစ်ချက်မှ မထွက်ရဲဘဲ ချင်မူ့နောက် လိုက်သွား၏။

ရုတ်တရက် နဂါးချီလင်မှာ တစ်စုံတစ်ခု သူ့အမြီးအား တက်နင်းလိုက်သည်ကို ခံစားလိုက်ရသဖြင့် ‘အမလေး’ ထအော်သည်။ သူ့ကိုယ်ပေါ်ရှိ အမွှေးများနှင့် အကြေးခွံအားလုံး ထောင်မတ်သွား၏။

ချင်မူ နောက်လှည့်ကြည့်သည့်အခါ အသံမထွက်အောင် ပါးစပ်ထဲ လက်နှစ်ဖက်လုံး ထည့်၍ ဖိကိုက်ထားသော နဂါးချီလင်အား မြင်လိုက်ရသည်။ နဂါးချီလင်မှာ နောက်လှည့်ကြည့်လိုက်ပြီး သူ့နောက်တွင် ခြေဖျားထောက်လျက် လိုက်လာသော သေတ္တာကြီးအား တွေ့သွားသည်။ သူ့အမြီးကို တက်နင်း၍ သူ့ကို လိပ်ပြာလွင့်မတတ် ကြောက်သွားစေခဲ့သော တရားခံမှာ ထိုသေတ္တာကြီးပင် ဖြစ်၏။

ချင်မူ ခေါင်းကိုက်လာသည်။ ထိုနှစ်ကောင်ကို မောင်းထုတ်ချင်သော်လည်း ယခုကဲ့သို့ လေးနက်သောနေရာတစ်နေရာတွင် ထိုသို့ပြုမူရန် မသင့်တော်သလို ခံစားရ၍ စိတ်ထိန်းပြီး လိုက်ခွင့်ပြုထားလိုက်သည်။ “မင်းတို့နှစ်ကောင် ပေါက်ကရထပ်လုပ်ရင် တစ်ကောင်ကို ထင်းလုပ်ပစ်မယ်၊ တစ်ကောင်ကို ညစာချက်ပစ်မယ်”

လူရိပ်၏နောက်ကျောဆီသို့ သူ ‌ရောက်သွားသောအခါ ထိုလူ့ထက် များစွာအရပ်ပုသွားသည့်အလား ခံစားလိုက်ရသည်။ အမှန်တွင် ထိုလူသည် သူ့ထက် တစ်လက်မသာ ပိုရှည်၏။ သို့သော် ထိုလူ၏အရှိန်အဝါနှင့် အဟန့်အထည်က သူ့ထက် များစွာမြင့်မားနေသယောင် ထင်ရစေသည်။

ထိုလူမှာ ကျောက်စိမ်းမြို့တော်ငယ်တွင် ချင်မူ မြင်ခဲ့ရသော ကျောက်ရုပ်တုကြီး၏ ပိုင်ရှင် ၊ ပထမဆုံးလူသားဧကရာဇ်ပင် ဖြစ်သည်။

“မင်းက သုံးဆယ့်ခြောက်ယောက်မြောက် လူသားဧကရာဇ်မဟုတ်လား”

ပထမဆုံးဘိုးဘေးကြီးက သူ့ကို ခေါင်းလှည့်ကြည့်သည်။ သူသည် အသက်သုံးဆယ်ဝန်းကျင် အသွင်အပြင်ရှိသော ယောက်ျားတစ်ယောက်ဖြစ်၏။ သူ၏ သန်စွမ်းလှသော ပါးသိုင်းမွှေးများကြောင့် ယောက်ျားဆန်ပြီး အားကိုးချင်ဖွယ်ကောင်းနေသည်။

“ကျွန်တော်က သုံးဆယ့်ခုနစ်ယောက်မြောက်ပါ” ချင်မူ ဖြေလိုက်၏။ “ရွာလူကြီးက ကျွန်တော့်ဆရာ ၊ ကျွန်တော့်ကို အမွှေလွှဲပေးခဲ့တဲ့လူပါ။ ကျွန်တော် ဒီကို အခုမှ ပထမဆုံးရောက်ဖူးတာပါဗျ”

သူ ရှေ့သို့ လှမ်းကြည့်လိုက်ရာတွင် အနည်းငယ် မှင်သက်သွား၏။ ပထမဆုံးလူသားဧကရာဇ် ကြည့်နေသည်မှာ မရေမတွက်နိုင်သော စာအုပ်များအား ထိန်းသိမ်းလျက် စီတန်းထားသည့် စာအုပ်စင်များ ဖြစ်သည်။ လူသားဧကရာဇ်ခန်းမမှာ အလွန်ကြီးမားကျယ်ဝန်းသော်လည်း ချင်မူ ထင်ထားခဲ့သလို ရွှေများ၊ ကျောက်စိမ်းရတနာများ ရှိမနေပေ။ မြင့်မားထည်ဝါသည့် နတ်ဘုရားရုပ်တုကြီးများသော်လည်းကောင်း၊ ခမ်းနားထည်ဝါသော အဆင်အပြင်များသော်လည်းကောင်း မတွေ့ရပေ။ တန်းစီနေသည့် စာအုပ်စင်များသာ ရှိနေ၏။

သူက ရှေ့သို့ လျှောက်သွားပြီး စာအုပ်တစ်အုပ် ရွေးလိုက်သည်။ စာအုပ်ပေါ်တွင် ရေးထားသော လက်ရေးများက သူနှင့် မရင်းနှီးသော်လည်း စာလုံးများမှတစ်ဆင့် ရင်းနှီးကျွမ်းဝင်နေသည့် ဓားအာရုံတစ်မျိုးကို သူ ခံစားလိုက်ရသည်။

ဤစာအုပ်သည် ရွာလူကြီး ရေးခဲ့သော စာအုပ်ဖြစ်၏။ စာအုပ်ထဲတွင် အထက်ကောင်းကင်ဘုံမှ ကြယ်ဧကရာဇ်ချောင်၏ ကောင်းကင်နတ်သိုင်းများနှင့် ကျင့်စဉ်ပညာရပ်များအား ပြောထားသည်။ ၎င်းတို့၏ အားနည်းချက်များစွာကို ချရေးထားခဲ့ပြီး ဟာကွက်များအား ပြုစုခဲ့၏။

ချင်မူ စာအုပ်ကို နေရာတကျ ပြန်ထားလိုက်ပြီး ‌နောက်တစ်အုပ် ရွေးလိုက်သည်။ စာအုပ်တွင် ကျောက်စိမ်းဧကရာဇ်၏ ကောင်းကင်နတ်သိုင်းများနှင့် ကျင့်စဉ်ပညာရပ်များ၏ ကောင်းကွက်၊ ဆိုးကွက်များအား ရေးသားထား၏။ သူ ကျန်စာအုပ်များကို လှန်လှောကြည့်သောအခါ အများစုမှာ အထက်‌ကောင်းကင်ဘုံမှ နတ်ဘုရားများ၏ ကျင့်စဉ်သိုင်းကွက်များကို ရင်ဆိုင်ခဲ့ရသော အတွေ့အကြုံများဖြစ်သည်။

ဓားပန်းချီကိုပင် ချင်မူ တွေ့လိုက်ရသည်။ ရွာလူကြီးက ဓားပန်းချီကျင့်ကြံပုံကို စာလိပ်အထပ်လိုက်ဖြင့် မှတ်တမ်းတင်ထားခဲ့၏။ သူ၏ဓားကွက်တိုင်း၊ ဓားခံစားချက်တိုင်းကို အထဲ၌ မှတ်တမ်းတင်ထားခဲ့ရာ နောက်လာနောက်သားများအတွက် ပြင်ဆင်ထားကြောင်း ထင်ရှားသည်။

ချင်မူက ဒုတိယစာအုပ်စင်သို့ ရောက်သွားသည်။ ဒုတိယစာအုပ်စင်ရှိ စာလုံးများတွင် အဆုံးမဲ့သောအငွေ့အသက်များ ပြည့်နှက်နေသည်။ မီးတောက်များ ပေါက်ကွဲနေသကဲ့သို့ စိတ်အားထက်သန်မှုမျိုး ကိန်းဝပ်နေသည့်အတွက် ဤစာအုပ်များမှာ လူသားဧကရာဇ်ချီကန်း ရေးခဲ့ခြင်း ဖြစ်လောက်သည်။

သို့သော် သူက သူ့ကျင့်စဉ်သိုင်းကွက်များကို ကျင့်ကြံသူက အရူးဖြစ်သည်ဟု ရေးထား၏။ အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများကို သူ တစ်ခါမှ မနိုင်ခဲ့ဖူးသောကြောင့် သူ၏ကျင့်စဉ်သိုင်းကွက်များအား ကျင့်ကြံလျှင် သူ့လိုသာ အဆုံးသတ်လိမ့်မည်ဟု ပြောဆိုထားသည်။ သူ့စကားတွင် စိတ်ပျက်နေသောအငွေ့အသက်အား ခံစားမိ၏။

‘လူသားဧကရာဇ်တိုင်း ဆရာ့ကျင့်စဉ်အတိုင်း မကျင့်ဘဲ ကျင့်စဉ်အသစ်တွေပဲ တီထွင်ခဲ့တာ အံ့ဩစရာမရှိဘူး’ လူသားဧကရာဇ်ဟောင်းများ၏ စိတ်ခံစားချက်တို့ကို ချင်မူ နားလည်သွားသည်။

လူသားဧကရာဇ်‌ဟောင်းများသည် အရှုံးသမားများဖြစ်၍ တပည့်ဖြစ်သူကို သူတို့လမ်းအတိုင်း မလျှောက်စေချင်ခဲ့ပေ။ သူတို့ကျင့်စဉ်သိုင်းကွက်များကို ချန်ထားခဲ့သည့် အကြောင်းရင်းမှာလည်း တစ်ဘဝလုံး ကြိုးစားအားထုတ်ခဲ့မှုများကို အလဟဿမဖြစ်စေချင်၍သာ ဖြစ်သည်။ သူတို့က ဆက်ခံသူ လိုချင်သော်လည်း တပည့်ဖြစ်သူကိုတော့ မဆက်ခံခိုင်းပေ။

ယင်းက သူတို့၏ အကြီးမားဆုံး‌ နောင်တဖြစ်လောက်သည်။

“ဒီစာအုပ်တွေက အထက်ကောင်းကင်ဘုံကို တွန်းလှန်ဖို့ ဗျူဟာတွေပဲ” ပထမဆုံးလူသားဧကရာဇ်က ‌လျှောက်လာပြီး စာအုပ်စင်ပေါ်ရှိ စာအုပ်များကို ပွတ်သပ်လိုက်သည်။ “သူတို့က အထက်ကောင်းကင်ဘုံကို သူတို့ရဲ့ အကြီးမားဆုံးရန်သူလို့ ထင်ပြီး ဖျက်စီးပစ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်.... ဒါပေမဲ့ တစ်ယောက်မှ မအောင်မြင်ခဲ့တာ နှမြောစရာပဲ... မင်း ဒီမှာ နေပြီး ခဏလောက် လေ့လာလိုက်... ငါ မင်းကို မင်းရဲ့လမ်းစဉ် ရှာတွေ့အောင် ကူညီပေးမယ်”

ချင်မူ ခေါင်းယမ်းလိုက်သည်။ “အထက်ကောင်းကင်ဘုံက နတ်ဘုရားအားလုံးနီးပါး သေသွားပါပြီ.. ဧကရာဇ်လေးပါးလည်း မရှိတော့ဘူး... အခုအချိန်မှာ အထက်ကောင်းကင်ဘုံက ပြဿနာမဟုတ်တော့ပါဘူး။ ဒီစာအုပ်စင်ပေါ်က စာအုပ်တွေကလည်း သိပ်အသုံးမဝင်တော့ဘူး... ကျွန်တော့်ပန်းတိုင်က အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေ မဟုတ်သလို ၊ အဲဒီနေရာကို အုပ်စိုးနေတဲ့သူလည်း မဟုတ်ဘူး”

ပထမဆုံးလူသားဧကရာဇ်က သူ့အား တအံ့တဩ ကြည့်သည်။ “ဒါဆို မင်းရဲ့ ပန်းတိုင်က ဘာလဲ”

ချင်မူက ပထမဆုံးဘိုးဘေးကြီးကို စိုက်ကြည့်ကာ လေးနက်စွာ ဖြေလိုက်၏။ “ကျွန်တော့်ပန်းတိုင်က ဒီကောင်းကင်အတုကို စုတ်ဖြဲပစ်ဖို့၊ ဒီမမျှတတဲ့ လောကကြီးကို ပြန်တည်ဆောက်ဖို့၊ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ တိုးတက်အောင် လုပ်ဖို့၊ ခိုင်ဧကရာဇ်အပိုင် မဟုတ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ခေတ်တစ်ခေတ်ကို ထူထောင်ဖို့ပဲ” သူ့အကြည့်၌ စိတ်အားထက်သန်မှုတို့ ပြည့်နှက်တောက်လောင်နေပြီး သူက ကျယ်လောင်စွာ မေးလိုက်သည်။ “ပထမဘိုးဘေးကြီး၊ ဒါကလည်း ဘိုးဘိုးရဲ့ ပန်းတိုင်မဟုတ်လား”

“မဟုတ်ဘူး” ပထမဘိုးဘေးကြီး၏မျက်လုံး မှိန်ကျသွားပြီး ခေါင်းယမ်းလိုက်သည်။ “ငါက မင်းလောက် ရည်မှန်းချက်မကြီးဘူး... ရန်သူတွေကြောင့် ငါ စိတ်ဓာတ်တွေ ရိုက်ချိုးခံလိုက်ရပြီး ပင်ပန်းနေပြီ... မင်းကတော့ ငယ်သေးတယ်၊ တက်ကြွနေသေးတယ်... ငါကတော့ စိတ်ပျက်အားလျော့နေတဲ့ လူအိုကြီးတစ်ယောက်ပဲ... တစ်နေ့ကျ မင်းလည်း မင်းရဲ့ရန်သူတွေကြောင့် ပင်ပန်းလာလိမ့်မယ်

“အဲဒီအချိန်ကျရင် မင်းလည်း လူသားဧကရာဇ်ခန်းမဆီ လာပြီး ကျန်တဲ့လူသားဧကရာဇ်တွေလို စာအုပ်တစ်အုပ် ထားခဲ့လိမ့်မယ်... မင်းရဲ့ ရှုံးနိမ့်မှုတွေကို ချရေးပြီး မင်းရဲ့တပည့် မင်းမလုပ်နိုင်တာကို လုပ်နိုင်ဖို့ မျှော်လင့်နေရလိမ့်မယ်”

သူ့အသံက အေးစက်နေပြီး တစထက်တစ် ခက်ထန်မာကြောလာသည်။ “မင်းက သူတို့လို အရှုံးသမားတစ်ယောက်ပဲ.... တိတ်တိတ်လေး ကောက်ရိုးတဲလေးတစ်လုံး ဆောက်ပြီး စိတ်ပျက်လက်ပျက် ငုတ်တုတ်ထိုင်နေရလိမ့်မယ်... မင်းရဲ့လမ်းအတိုင်း ဘယ်သူ့ကိုမှ မလျှောက်စေချင်ပေမယ့် လူသားဧကရာဇ်ရဲ့ တာဝန်ကြောင့် မဖြစ်မနေ ဆက်ခံသူတစ်ယောက် ရွေးရလိမ့်မယ်... ကောက်ရိုးတဲထဲမှာ မင်း နောင်တတွေနဲ့ ငိုနေရလိမ့်မယ်... မင်းလေးစားတဲ့ ဆရာကို မင်း မုန်းလာမယ်... မင်းအတွက်မင်း ကမ္ဗည်းကျောက်စာတိုင် ထူပြီး မင်းရဲ့ရှုံးနိမ့်မှုတွေကို ချရေးရလိမ့်မယ်”

သူက သရော်‌တော်တော် ဆက်ပြော၏။ “သင်္ချိုင်းဂူနဲ မထိုက်တန်ဘူး၊ ကိုယ့်ဆရာနဲ့ တွေ့ဖို့ မထိုက်တန်ဘူးလို့ မင်း ခံစားရလိမ့်မယ်၊ ဒါကြောင့် ‌ကောက်ရိုးတဲထဲက အရိုးစုတွေလိုပဲ မင်းလည်း သေဆုံးရလိမ့်မယ်”

ချင်မူ မျက်လုံးပြူးလျက် မယုံနိုင်ဖြစ်နေမိသည်။ သူ့ရင်ထဲရှိ ပထမဆုံးလူသားဧကရာဇ်၏ ရဲဝံ့ခံ့ညားပြီး အမြော်အမြင်ရှိသော ပုံရိပ်မှာ ပျက်စီးသွားချေပြီ။

“မင်း လူသားဧကရာဇ် ဖြစ်လာချင်သေးလား... ငါ မင်းကို ရက်စက်တဲ့ အမှန်တရားတစ်ခု ပြောပြမယ်... ဒီကမ္ဘာပေါ်မှာ လူသားဧကရာဇ် မရှိဘူး” သူ့အသံသည် အဆုံးစွန်ထိ အေးစက်တင်းမာနေ၏။ “တကယ်တော့ ပြည်သူတွေကို ကပ်ဘေးကြီးကနေ ကယ်တင်ခဲ့တဲ့အချိန်ကတည်းက ငါက အရှုံးသမား ဖြစ်နေပြီးသားပဲ.... ငါ သူတို့ကို ကယ်ပေးခဲ့တဲ့ အကြောင်းရင်းက ... သာမန်လူတွေ ငါ့မျက်စိရှေ့မှာ သေနေတာကို မကြည့်ရက်ခဲ့လို့ပဲ... ဒါပေမဲ့ ငါကိုယ်တိုင်ကတော့ အားနည်းတဲ့ တပ်ပြေးတစ်ယောက်ထက် မပိုဘူး”

သူက တဟားဟား ရယ်ရင်း လူသားဧကရာဇ်ခန်းမအပြင်ရှိ မြူခိုးများကြားက မြေပုံများဆီသို့ လက်ညှိုးထိုးလိုက်သည်။ “ငါ... ထွက်ပြေးလာတုန်းက ငါ့ခေါင်းထဲမှ အဲဒီငရဲကနေ ဘယ်လိုလွှတ်အောင် ပြေးရမလဲဆိုတဲ့ အတွေးပဲ ရှိတယ်... သူတို့နဲ့အတူ မတိုက်ခိုက်ခဲ့ဘဲ တစ်ယောက်တည်း ထွက်ပြေးလာခဲ့မိတယ်... ငါ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် တွေးခဲ့ဖူးတယ်... အဲဒီချိန်တုန်းကသာ သူတို့နဲ့အတူ နေခဲ့ရင် ဘာဖြစ်မလဲပေါ့.... အဖြေတစ်ခုပဲ ရှိတယ်... ငါလည်း သူတို့လို အလောင်းတစ်လောင်း ဖြစ်သွားလိမ့်မယ်”

သူက အရူးကြီးပမာ တဟားဟား ရယ်နေသည်။ “သူတို့ သေသွားတဲ့အချိန် ငါက အသက်ရှင်ပြီး တစ်ကမ္ဘာလုံး လေးစားတဲ့ လူသားဧကရာဇ်ဖြစ်လာတယ်တဲ့... လူတွေက အသက်ရှင်နိုင်မယ့် နေရာဆီ လိုက်ပို့ပေးလို့ ငါ့ကို လေးစားခဲ့ကြတယ်... ဒါပေမဲ့ ဘာဖြစ်သွားလဲ... ငါ့ကြောင့် အကျဉ်းသားတွေ ဖြစ်ကုန်တယ်လေ... ဟော့ဒီလှောင်ချိုင့်ကြီး၊ ထွက်ပြေးလို့မရတဲ့ ဟော့ဒီအကျဉ်းထောင်ထဲမှာ ကောင်းကင်ကတောင် အတုပဲ... အားလုံးက လှောင်ချိုင့်ထဲက အကျဉ်းသားတွေပဲ... ငါက သူတို့ကို ခေါ်ထုတ်လာနိုင်ခဲ့တာ မဟုတ်ဘူး... နတ်ဘုရားတွေရဲ့ ဒီအကျဉ်းထောင်ထဲကိုမှ ပို့ပေးခဲ့မိတာ

“လူသားဧကရာဇ်တဲ့.... ဟားဟားဟား လူသားဧကရာဇ်တဲ့... ဒီကမ္ဘာပေါ်မှာ လူသားဧကရာဇ်ဆိုတာ မရှိဘူး”

ဒေါသကြောင့် သူ့ဆံပင်များ ဖွာလန်လွင့်ပျံ့နေပြီး သူက ရှေ့တစ်လှမ်းတက်လိုက်သည်။ ချင်မူ့အနားရောက်လာသည့်အခါ သူ၏ ကြောက်မက်ဖွယ်ရာ အရှိန်အဝါကြောင့် လူငယ်လေးမှာ နောက်ဆုတ်နေရ၏။ “မင်းရဲ့ ရယ်စရာကောင်းတဲ့ အိပ်မက်တွေကို လွှင့်ပစ်လိုက်တော့... မင်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ပစ်ချလိုက်တော့... မင်းက လူသားဧကရာဇ်မဟုတ်ဘူး... အစကနေ အဆုံးအထိ လူသားဧကရာဇ်ဆိုတာ အတုပဲ... ဒီကမ္ဘာသားတွေကို နတ်ဘုရားတွေရဲ့ လှောင်ချိုင့်ထဲ ပို့ပေးမိခဲ့တဲ့ လူသတ်သမားတစ်ယောက်ထက် မပိုဘူး”

သူ့အရှိန်အဝါကြောင့် ချင်မူ အသက်ရှူ၍ပင် မရတော့သဖြင့် ချီစွမ်းအင်ကို လှည့်ပတ်ပြီး ပြန်တွန်းလှန်နေရသည်။

“ဒါဆို ခင်ဗျား ဘာလို့ ပြန်လာတာလဲ” ချင်မူမှာ ရင်ဘတ်အား တွန်းဖိခံနေရ၍ အသက်ရှူရခက်နေသေးသော်လည်း အော်လိုက်သေး၏။ “တိုက်ပွဲကျသွားတဲ့လူတွေအတွက် ကမ္ဗည်းကျောက်စာတိုင်တွေ စိုက်ထူပေးဖို့ ခင်ဗျား ဘာလို့ပြန်လာခဲ့တာလဲ... ဘာလို့ သူတို့ကို မြှုပ်နှံပေးခဲ့တာလဲ... ဘာလို့ သူတို့ကမ္ဗည်းကျောက်စာတိုင်တွေအောက်မှာ သူတို့သုံးခဲ့တဲ့ လက်နက်တွေ ထားခဲ့တာလဲ”

ပထမဘိုးဘေးကြီး၏ အရှိန်အဝါမှာ ရုတ်တရက် ငြိမ်သက်သွားပြီး သူက ခေါင်းငုံ့သွားသည်။ “ငါ သူတို့ကို မြှုပ်ပေးဖို့ ဒီစစ်မြေပြင်ဆီ ပြန်လာခဲ့တဲ့ အကြောင်းအရင်းက လိပ်ပြာမလုံလို့ပဲ... ငါက လူသားဧကရာဇ်ဖြစ်ဖို့ မထိုက်တန်မှန်း သိတာကြောင့် ငါ့အပြစ်တွေကို ပြန်ဆေးကြောဖို့ လာခဲ့တာ”

ချင်မူ မယုံပေ။ “ခင်‌ဗျားရင်ထဲမှာ မျှော်လင့်ချက်တစ်စက်မှ မရှိတော့ဘူးလား”

ပထမဘိုးဘေးကြီး၏မျက်နှာက ခံစားချက်မဲ့နေသည်။ “မရှိဘူး၊ လူလေး မင်း ရင်ထဲက အိပ်မက်ကို လက်လျှော့လိုက်တော့... ဒီလူသားဧကရာဇ်ဇာတ်လမ်းက အဆုံးသတ်ခဲ့သင့်တာ ကြာပြီ”

ချင်မူမှာ ခေါင်းငုံ့သွားသော်လည်း အတန်ကြာသော် ကလေးကြီးတစ်ယောက်လို တောက်ပစွာ ပြုံးရင်း ခေါင်းမော့လာသည်။ “ခင်ဗျား ရှုံးနိမ့်ခဲ့တယ်... သူတို့လည်း ရှုံးနိမ့်ခဲ့တယ်... ဒါပေမဲ့ ကျွန်တော်ကတော့ တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးဘူး... ခင်ဗျား လူသားဧကရာဇ် မလုပ်နိုင်ရင် ကျွန်တော် လူသားဧကရာဇ်လုပ်မယ်”

ပထမဘိုးဘေးကြီးက သူ့ကို သရော်တော်တော် ကြည့်၏။ “မင်းက ဘယ်လိုအစွမ်းအစနဲ့ လုပ်နိုင်မယ် ထင်နေတာလဲ”

“ကျွန်တော့်မျိုးရိုးက ချင်... ကျွန်တော့်ဘိုးဘေးကြီးက ခိုင်ဧကရာဇ်။ ကျွန်တော်က ရွှင်ပျော်ပျော်ကျေးရွာရဲ့ ချင်မိသားစုကနေ ဆင်းသက်လာတာ... ပြီးတော့ လောကသခင်ခန္ဓာလည်း ဟုတ်တယ်။ ပြဿနာရှိမယ် ထင်လို့လား” ချင်မူက ကျယ်လောင်စွာ မေးလိုက်သည်။

ပထမဘိုးဘေးကြီးက ခေါင်းငှဲ့စောင်းကြည့်ကာ အထင်သေးနေ၏။ “မင်းရဲ့ ဘွဲထူးဂုဏ်ထူးတွေက များလွန်းတယ်... ကိုယ့်ကိုယ်ကိုလည်း အထင်ကြီးလွန်းနေတယ်... မင်းက ခိုင်ဧကရာဇ်ရဲ့ သွေးဆက်ဖြစ်တော့ရော ဘာလုပ်ရမှာလဲ... ခိုင်ဧကရာဇ် အစအနမကျန်အောင် ပျောက်သွားတာဖြင့် နှစ်နှစ်သောင်းတိုင်ခဲ့ပြီ... လောကသခင်ခန္ဓာကရော ဘာလုပ်နိုင်မှာလဲ... ငါ လောကသခင်ခန္ဓာရဲ့ ဒဏ္ဍာရီကို ကြားဖူးပါတယ်... ဒါပေမယ့် အဲဒီခန္ဓာရဲ့ အောင်မြင်မှုတွေကို‌တော့ မကြားခဲ့ရဘူး... မင်းက ဂေါက်ကြောင်ကြောင် ကောင်လေးတစ်ယောက်၊ ကလေးတစ်ယောက်ပဲ ရှိသေးတယ်... မင်း အမြင်တွေ ဘယ်လိုမှားနေလဲ ပြပေးရတာပေ့ါ”

သူက အင်္ကျီလက်အိုးများကို‌ ခေါက်တင်၍ မပြောမဆို တိုက်ခိုက်သည်။

ချင်မူ အလျင်အမြန် ခုခံလိုက်သည်။ သို့သော် အားလှိုင်းက သိပ်မပြင်းထန်ကြောင်း ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားမိ၏။

ပထမဘိုးဘေးကြီး၏စွမ်းအား တရှိန်ထိုး ထွက်ပေါ်လာ၍ စာအုပ်စင်များအပေါ်ရှိ စာအုပ်အားလုံး လေပေါ်မြောက်တက်ကုန်သည်။

“ဒီစာအုပ်တွေကို မဖျက်စီးစမ်းနဲ့” ချင်မူ သူ့ကို ဒေါသတကြီး အော်ငေါက်၍ လက်သီးဖြင့် ထိုးချလိုက်သည်။ သူ့အနောက်၌ ဧရာမဗုဒ္ဓရုပ်ပွားတော်ကြီး ဖွဲ့တည်လာပြီး ကောင်းကင်ဘုံဆယ့်လေးဆင့်က နတ်ဘုရားများ၊ ဗုဒ္ဓများနှင့်အတူ သူ့အနား ဝန်းရံကာ ရောင်ခြည်တော်ဆယ့်လေးတန်းအား ဖြန့်ကျက်လိုက်၏။

“မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ကျင့်စဉ်.... ပမွှားလေးပဲ” ပထမဘိုးဘေးကြီးက အလွယ်တကူ ထိုးဖောက်လာပြီး ချင်မူ့ရင်ဘတ်အား လက်သီးဖြင့် ထိုးကာ မှင်သေသေ ပြောလိုက်သည်။ “ဒီလောက်လေးနဲ့ စာအုပ်တွေမပြောနဲ့ မင်းကိုယ်မင်းတောင် မကာကွယ်နိုင်ဘူး”

ချင်မူ နောက်လွင့်သွားသော်လည်း သူ၏ခန္ဓာကိုယ်က အနက်ရောင်အရိပ် အသွင်ပြောင်းကာ မြေကြီးထဲ ဝင်သွားသည်။ ပထမဘိုးဘေးကြီးက မြေကြီးကို ဆောင့်နင်း၍ သူ့အား ခါထုတ်လိုက်သည်။ ထို့နောက် ချီစွမ်းအင်ကို ဓားအသွင်ဖွဲ့လျက် ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးသွင်းလိုက်၏။

“ဒီလောက်အားနည်းနေမှတော့ မင်းရဲ့အနာဂတ်မှာ သေမင်းကပဲ စောင့်ကြိုနေလိမ့်မယ်” ပထမဘိုးဘေးကြီးက သရော်လိုက်သည်။ “မင်းလည်း အရှုံးသမားတစ်ယောက်ပဲ”

ချင်မူလည်း မီးပုံယမ်းကျ ပေါက်ကွဲသွားပြီး ချီစွမ်းအင်ကို ဓားတစ်လက်အသွင် ဖွဲ့တည်လိုက်သည်။ သူ့လက်ချောင်း ညွှန်လိုက်သည့်အခါ ချီစွမ်းအင်ဓားနှစ်လက်က အချင်းချင်း ထိခတ်ပြီး တဝှမ်ဝှမ် မြည်လာကြသည်။ ဓားလှိုင်းများကြောင့် စာအုပ်များ ပြုတ်ကျလာပြီး စုတ်ပြတ်ကုန်၏။

ချင်မူက စာရွက်အပိုင်းအစများကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲ၌ မုန်းတီးမှုအပြည့် တောင်လောင်လာသည်။ “သူတို့ရဲ့ သွေး၊ ချွေး၊ မျက်ရည်တွေကို မဖျက်စီးနဲ့”

“ဒါဆိုလည်း ငါ့ လာတားပေါ့” ပထမဘိုးဘေးကြီးက ဟက်ခနဲ ရယ်လိုက်သည်။ “ငါ့ကိုမှ အနိုင်မယူနိုင်ရင် မင်းကလည်း လူ့အမှိုက်နောက်တစ်ခုပဲ”

All Chapters