← Chapters

ကျုပ် လုပ်နိုင်တယ်

Vol. 38 Ch. 522

ကျုပ် လုပ်နိုင်တယ်

Vol. 38 Ch. 522

စာအုပ်များ ထပ်မံပျက်စီးကုန်သဖြင့် ချင်မူ့ဒေါသ ငယ်ထိပ်အထိ ဆောင့်တက်သွားတော့သည်။ ပထမဆုံးလူသားဧကရာဇ်သည် လူသားဧကရာဇ်ဟောင်းများ၏ ကြိုးစားအားထုတ်မှုများအား တန်ဖိုးထားမည်မရှိ‌ပေ။ ရွာလူကြီး၊ လူသားဧကရာဇ်ချီကန်းနှင့် ကျန်ရှိသူများ၏ တစ်ဘဝလုံးစာ ကြိုးစားအားထုတ်မှုများသည် သူ့လက်ထဲတွင် မည်သို့မျှအဖိုးတန်သည့်အလား ဖျက်စီးခံနေရ၏။

ချင်မူ့ချီစွမ်းအင်က လှုပ်ခါလာပြီး ဝုန်းခနဲ ပေါ်ထွက်လာသည်။ သွေးကဲ့သို့ နီစွေးနေသော ချီစွမ်းအင်က သွေးပင်လယ်တစ်စင်းကို ဖွဲ့တည်လိုက်ပြီး သွေးပင်လယ်ထဲ၌ နတ်ဘုရား၊ မိစ္ဆာနတ်ဆိုးများ၏အလောင်းများ လွင့်မျောနေကြသည်။

ရွာလူကြီး၏ ဓားပန်းချီမှ ဒုတိယဓားကွက် ... ခိုင်ဧကရာဇ်၏ ဓားတွင် သွေးပင်လယ်ဖြာသည်။

ချင်မူ၏ဓားကွက်က ရွာလူကြီး၏ဓားကွက်နှင့် မတူပေ။ အခြေခံဓားချက်ဆယ့်လေးချက်အား ဓားချက်ဆယ့်ရှစ်ချက်ဖြင့် ပြန်လည်မွမ်းမံထားခြင်းဖြစ်၏။ ဝမ်းနည်းကြေကွဲသည့် ခံစားချက်နှင့် သူရဲကောင်းတစ်ယောက်၏ စိတ်ထားက ရွာလူကြီးလောက် မပြင်းထန်သေး၍ ဟာကွက်တချို့ ရှိနေသေးသော်လည်း သူ၏ဓားကွက်က ရွာလူကြီး၏ ဓားကွက်ထက် သာနေခဲ့ချေပြီ။

သူ ဓားကွက်ကို ထုတ်ဖော်လိုက်သည့်အချိန်မှာပဲ ပထမဘိုးဘေးကြီးက သွေးပင်လယ်ထဲမှ ထလာသည်။ ပထမဘိုးဘေးကြီး၏ ဓားကွက်က သွေးပင်လယ်ကို နှစ်ခြမ်းခွဲကာ သူ့အတွက် လမ်းဖော်ပေးလိုက်သည်။ နတ်ဘုရားများ၊ မိစ္ဆာနတ်ဆိုးများက သူ့လက်‌အောက်သို့ ကျရောက်သွားပြီး ချင်မူ့အပေါ် ခုန်အုပ်လိုက်ကြ၏။

ဘုန်း ဘုန်း ဘုန်း

ချင်မူ နောက်လွင့်ထွက်သွားပြီး ခန္ဓာကိုယ်မှ သွေးများ စီးကျနေသည်။ ၎င်းတို့က ပထမဘိုးဘေးကြီး၏ ဓားချက်များကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာများ ဖြစ်သည်။

ချင်မူမှာ လူသားဧကရာဇ်ခန်းမ၏ နံရံတစ်ခုကို ပြင်းပြင်းထန်ထန် ဝင်တိုက်ကာ မြေပြင်ပေါ် လျှောကျသွားသည်။

နဂါးချီလင်က ဒေါသထွက်သွားပြီး ကျယ်လောင်စွာ ဟိန်းဟောက်ကာ ပထမဘိုးဘေးကြီးဆီသို့ ခုန်လိုက်၏။

ပထမဘိုးဘေးကြီး၏လက်ချောင်းငါးချောင်း လှုပ်ရှားသွားသည်။ လက်ချောင်းငါးချောင်း ဖြန့်ကားလိုက်သောအခါ မှော်သင်္ကေတများ ထွက်ပေါ်လာပြီး သုံးကိုက်ခန့် ကြီးမားသော အတားအဆီးတစ်ခုအဖြစ် ဖွဲ့တည်သွားကာ နဂါးချီလင်၏ ပါးစပ်အား ချုပ်လိုက်သည်။

နဂါးချီလင်၏ပါးစပ်ထဲရှိ ချီလင်မီးလျှံမှာ တမုဟုတ်ချင်း ပိတ်ဆို့ခံလိုက်ရပြီး ပထမဘိုးဘေးကြီး အင်္ကျီလက်အိုးတစ်ချက် ခါလိုက်သည့်အခါ နဂါးချီလင်မှာ နံရံတစ်ခုဆီ လွင့်ထွက်ဝင်တိုက်သွားတော့သည်။

သေတ္တာကြီးက ပထမဘိုးဘေးကြီးကို မြိုချရန် အဖုံးဟလျက် ပြေးလာသည်။ ပထမဘိုးဘေးကြီးက ခြေထောက်ကို အသာအယာ မြှောက်၍ သေတ္တာကြီးအား နံရံပေါ်မှ လျှောကျလာသည့် နဂါးချီလင်ဆီသို့ ကန်ထုတ်လိုက်သည်။ နှစ်ကောင်သား လူသားဧကရာဇ်ခန်းမအပြင်သို့ လွင့်ထွက်သွားပြီး လှေကားထစ်များအတိုင်း ဒလိမ့်ခေါက်ခွေး ပြုတ်ကျသွားကြ၏။

“မင်း အခုလောက်ဆို မြင်သင့်ပါပြီ... မင်းရဲ့ လောကသခင်ခန္ဓာ၊ ခိုင်ဧကရာဇ်ရဲ့ သွေးဆက်ဆိုတာက ... အနှစ်မရှိတဲ့ နာမည်တွေသက်သက်ပဲ”

ပထမဘိုးဘေးကြီးက လက်ဝှေ့ယမ်းလိုက်ရာ စာအုပ်စင်တစ်စင် လေပေါ် မြောက်တက်သွား၏။ စာအုပ်များ ပြုတ်ကျလာပြီး သူ အင်္ကျီလက်အိုးခါလိုက်သည်နှင့် လူသားဧကရာဇ်ဟောင်းများ၏ ကြိုးစားအားထုတ်မှုအားလုံး စက္ကူလိပ်ပြာများအဖြစ် ပျံ့လွင့်သွားကြသည်။

ပထမဘိုးဘေးကြီး၏မျက်နှာတွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။ “ဒီစာအုပ်တွေက မင်းလိုပဲ ဘာမှအသုံးမဝင်ဘူး... မင်း ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ကြိုးစားကြိုးစား... အလကားပဲ... ဒီတော့ ဘာလို့ ရုန်းကန်နေဦးမလဲ.... ရယ်စရာကောင်းတဲ့ မင်းအိပ်မက်အတွက် ဘာလို့ရုန်းကန်တိုက်ခိုက်နေဦးမလဲ”

ချင်မူ ထရပ်လိုက်ပြီး သူ့လက်ချောင်းများက အပ်ချုပ်နေသကဲ့သို့ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက် ရွေ့လျားရင်း ဒဏ်ရာများကို ထိကာ ချုပ်လိုက်သည်။ ထို့နောက် သူက ပထမဘိုးဘေးကြီးဆီသို့ နောက်တစ်ကြိမ် ပြေးဝင်သွား၏။ “ခင်ဗျား ဘာမှမလုပ်နိုင်တိုင်း ကျုပ်လည်း မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး... ချုပ်”

“တား”

“ရပ်”

“မြစ်”

“တောင်”

ချင်မူက လေအလျဉ်ကဲ့သို့ ပြေးဝင်သွားပြီး လူသားဧကရာဇ်ခုံးရှန်း၏ စာလုံးအစီအရင်များကို အသုံးပြုလိုက်သည်။ ပထမဘိုးဘေးကြီး၏ ခြေထောက်အောက်၌ ‘ချုပ်’ စာလုံး ဖွဲ့တည်လာပြီး ‘တား’ စာလုံးက သူ့ကို စည်းအတွင်း ဆွဲသွင်းလိုက်သည်။ ‘ရပ်’ စာလုံးက အရှေ့၌ ပေါ်လာပြီး ‘မြစ်’ စာလုံးက ရေနဂါးတစ်ကောင်သဖွယ် သူ့အား ရစ်ခွေလိုက်၏။ ‘တောင်’ စာလုံးက သူ့ခေါင်းပေါ်မှ ကျဆင်းလာသည်။

စာလုံးအစီအရင်သည် စာလုံးငါးလုံးကို တစ်ပြိုင်တည်း ထုတ်လွှတ်ပေးနိုင်၏။ ၎င်းက လူသားဧကရာဇ်ချီကန်း တီထွင်ခဲ့သော အံ့ဖွယ်သိုင်းကွက်တစ်ကွက် ဖြစ်သည်။

သို့တိုင်အောင် စာလုံးတစ်လုံးပြီးတစ်လုံး ကြေမွပြိုကွဲကုန်သည်။ ပထမဘိုးဘေးကြီး၏ လက်ဝါးက ကောင်းကင်ဘုံနှင့် မြေကြီးကို မှောက်ခုံလှန်၍ ရိုက်ချလိုက်သည့်အလား ထင်ရ၏။

ချင်မူ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏လှုပ်ရှားမှုတိုင်းက ရန်လိုကြမ်းတမ်းနေသည်။ သူ၏အရွတ်များက နဂါးများသဖွယ် သူ၏အရိုးများကို ရစ်ခွေထားပြီး သူ့ကျောရိုးက ဝေဟင်၌ ပျံဝဲတော့မည့် အစစ်အမှန်နဂါးတစ်ကောင်ပမာ မြင့်မားလာသည်။

အစစ်အမှန်နဂါး လောကသခင်ခန္ဓာ

အစစ်အမှန်နဂါးသိုက်မှ ကျင့်စဉ်ကို လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နှင့် ပေါင်းစည်း၍ ကျင့်ကြံခဲ့ခြင်းက သူ၏ရုပ်ခန္ဓာကို တောင့်တင်းခိုင်မာလာစေပြီး အရပ်အမောင်း မြင့်မားလာစေခဲ့၏။

၎င်းက သူ၏အသန်မာအားဆုံး ရုပ်ခန္ဓာကောင်းကင်နတ်သိုင်း ဖြစ်သည်။

ဘယ်လက်ဖဝါးက ယင်အဖြစ် ပြုမူ၍ ညာလက်ဖမိုး ယန်အပေါ် ထပ်သွားပြီး ထပ်နေသော လက်နှစ်ဖက်က ပထမဘိုးဘေးကြီး၏ လက်သီးချက်အား ရင်ဆိုင်လိုက်သည်။

ကောင်းကင်ဘုံကို ‌မှောက်ခုံလှန်မည့် ယင်ယန်လက်များ

တတိယဘိုးဘေးကြီး သူ့အား သင်ပြပေးခဲ့သည့် သိုင်းကွက်တစ်ကွက် ဖြစ်သော်လည်း ‘ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များ’၏ အစပိုင်းကိုသာ သင်ပေးခဲ့ခြင်းဖြစ်၏။ ချင်မူက သူ့နည်းသူဟန်ဖြင့် လက်ဝါးထပ်ရိုက်ချက်ကို စဉ်းစားမိသွားခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူက သန့်စင်ယင်လက်ဝါးအားလှိုင်းနှင့် သန့်စင်ယန်လက်ဝါးအားလှိုင်း ထပ်လိုက်သည်။ ယင်နှင့်ယန် တစ်ပြိုင်တည်း ထွက်ပေါ်လာသည့်အခါ လက်ဝါးထပ်ရိုက်ချက်၏ ခွန်အားက အဆမတန် မြင့်မားသွား၏။

ဘုန်း

ချင်မူ နောက်လွင့်ထွက်သွားသည်။ သူ့ဘယ်လက်က ယန်၊ ညာလက်က ယင်ဖြစ်ခဲ့သော်လည်း လက်နှစ်ဖက်ကို ထပ်၍ ပထမဘိုးဘေးကြီး၏ လက်သီးချက်ကို ရင်ဆိုင်လိုက်သည့်အချိန်တွင် လက်သီးအားလှိုင်းက ယင်နှင့်ယန်ကို ဖြိုခွဲဖျက်စီးလိုက်သည်။ သူ့မှာ ထိုအတိုင်း လွင့်ထွက်သွား၏။

“တတိယမျိုးဆက် လူသားဧကရာဇ်လည်း အရှုံးသမားပဲ... သူ့သိုင်းကွက်တွေကို သုံးရင် မင်း ရှုံးနေပြီးသားဖြစ်နေပြီ”

ပထမဘိုးဘေးကြီးက လက်ဝါးအားလှိုင်းဖြင့် မြေပြင်အား ရိုက်ချလိုက်သည်။ ယခင်လေးမှ မြေပြင် ကျလာသည့် ချင်မူမှာ တုန်ခါလှိုင်းများကြောင့် ပြန်မြောက်တက်သွား၏။ နောက်တခဏတွင် မုဒြာသိုင်းကွက်တစ်ကွက်ဖြင့် အောက်သို့ ရိုက်ချခံလိုက်သည်။

ဝှမ်

ကောင်းကင်အလင်းတန်းနှစ်တန်းက ပထမဘိုးဘေးကြီး၏မျက်လုံးများမှ ဖြာထွက်လာပြီး ချင်မူ့ဆီ လှမ်းကြည့်သည်။ အားကောင်းလှသည့် အကြည့်က သူ့ကျောရိုးကို ချိုးပစ်ရန် အသင့်ဖြစ်နေသည့်အပြင် ပတ်ပတ်လည်ရှိ မြေကြီးမှာ ခြစ်ဖြစ်တောက် ပူပြင်းလာ၏။

ချင်မူ ပြန်ထပြီး သူ့အကြည့်နှင့်ဝေးရာသို့ ထွက်ပြေးသည်။ သူက ခန်းမကို ပတ်၍ ခုန်ပျံပြေးလွှားရင်း သူ့မျက်လုံးထဲ၌ ဝင်္ကပါအမှတ်အသားများ ဖွဲ့တည်နေသည်။ ထို့နောက် သူ့မျက်လုံးများဆီမှ အလင်းတန်းနှစ်တန်း ထွက်လာပြီး ပထမဘိုးဘေးကြီး၏အကြည့်နှင့် ဝင်တိုက်သွားသည်။

ဘန်း

သူ၏ကောင်းကင်မျက်လုံးများ ရှုံးနိမ့်သွား၍ နံရံတစ်ခုနှင့် သူ မိတ်ဆက်သွားသည်။

“မင်း သူနဲ့ တွေ့ပြီးပြီလား” ပထမဘိုးဘေးကြီးက အကြည့်ပြန်ရုတ်ပြီး တတိယဘိုးဘေးကြီး၏ စာအုပ်စင်ဆီသို့ လျှောက်သွားသည်။ ထို့နောက် စာအုပ်တစ်အုပ် ထုတ်လိုက်၏။ ၎င်းက တတိယဘိုးဘေးကြီး၏ ကျင့်စဉ်မှတစ်ပါး အခြားမဟုတ်ပေ။ “အခု သူ့တစ်ဘဝလုံး ပြုပြင်မွမ်းမံခဲ့ရတဲ့ သိုင်းကွက်က အသုံးမဝင်မှန်း မင်း သိပြီမလား... အသုံးမဝင်လွန်းလို့ အိမ်သာထဲ ပစ်ချခဲ့သင့်တာ ကြာပြီ.... သူ ရေးခဲ့တဲ့ စာအုပ်က ဖင်သုတ်ဖို့‌တောင် မတန်ဘူး”

ချင်မူမှာ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလျက် နံရံမှ လျှောကျလာသည်။ သူ့မှာ စာအုပ်များကို စုတ်ဖြဲပစ်နေသည့် ပထမဘိုးဘေးကြီးကို ကြည့်ကာ ကူကယ်ရာမဲ့ ဖြစ်နေ၏။

ထိုကဲ့သို့ ပြိုင်ဘက်တစ်ယောက်ကို သူ ပထမဆုံးအကြိမ် ဆုံတွေ့ရခြင်း ဖြစ်သည်။ ပထမဘိုးဘေးကြီးသည် သူနှင့် အဆင့်တူအောင် ကောင်းကင်ရတနာများ ပိတ်ထားသဖြင့် နှစ်ယောက်လုံး ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာဖြင့် တိုက်ခိုက်နေကြခြင်း ဖြစ်၏။ သို့သော် ချင်မူ့ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာက အရပ်ခြောက်မျက်နှာအဆင့်နှင့် တစ်သားတည်း ပေါင်းစည်းသွား၍ ကြားတွင် အတားအဆီးနံရံ မရှိတော့သော်လည်း ပထမဘိုးဘေးကြီး၏ ကောင်းကင်ရတနာများကြားတွင် အတားအဆီးနံရံ ရှိနေသေးသည်။

ဤအချက်တစ်ချက်တည်းဖြင့် ချင်မူ၏ချီစွမ်းအင်က ပထမဘိုးဘေးကြီးထက် များစွာသိပ်သည်းနေပြီဖြစ်သော်လည်း တိုက်ခိုက်သည့်အချိန်တွင် ထိုသို့မထင်ရပေ။

ပထမဘိုးဘေးကြီးသည် အားနည်းချက်မရှိသော လူတစ်ယောက် ဖြစ်၏။ ကောင်းကင်ရတနာများကို မပေါင်းစည်းထားသော်လည်း သူ၏ရုပ်ခန္ဓာက ချင်မူ့ထက် များစွာ သန်မာအားကောင်းသည်။

သူက အစစ်အမှန်နတ်ဘုရားငယ်တစ်ပါးကဲ့သို့ ဖြစ်နေသည်။ သူ၏လက်သီးများ၊ ခြေထောက်များ၊ ကြွက်သားများ၊ အရေပြား၊ ဆံပင်၊ အရိုးများနှင့် အရွတ်အားလုံးက ချင်မူ့ထက် များစွာသန်မာ၏။

သူ၏အတွင်းကလီစာများနှင့် အူများကလည်း ထူးဆန်းစွာ အဆင့်မြင့်မားနေပြီး ခန္ဓာကိုယ်၏ သွေးလည်ပတ်မှုကို လုပ်ဆောင်ပေးနေသော နှလုံးကလည်း သန်မာအားကောင်းသည်။ နှလုံးခုန်သံက ခေါင်းလောင်းကြီးတစ်လုံး မြည်ဟည်းနေသကဲ့သို့ ထင်ရပြီး ချီနှင့်သွေးတို့အား ခန္ဓာကိုယ်၏နေရာအနှံ့အပြားသို့ လျင်မြန်စွာ ပို့လွှတ်ပေးနိုင်ရာ သူ၏မှော်စွမ်းအင်ကို ပို၍ပင်မြန်မြန်ဆန်ဆန် ရွေ့လျားစေနိုင်သည်။

အသက်ရှူသွင်းရှူထုတ်လည်း ကြာကြာလုပ်နိုင်သည်။ သူ ရှူသွင်းလိုက်သည့်အခါ လေများ၊ တိမ်တိုက်များပင် ရွေ့လျားသွားပြီး သူ့အဆုတ်ထဲ၌ လေများစွာပြည့်လာ၏။ ထိုအခါ ကျောက်ကပ်က ရုပ်ခန္ဓာ၏ခွန်အားကို တည်ငြိမ်နေအောင် ထိန်းထားပေးနိုင်သွားသည်။

သူ၏ကလီစာငါးခုနှင့် အူခြောက်ခွေသည်လည်း ဓာတ်ကြီးငါးပါးနှင့် အရပ်ခြောက်မျက်နှာဖြင့် တိုက်ရိုက်ဆယ်သွယ်နေကာ ကောင်းကင်ရတနာများနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းနေ၏။

သူ့မျက်လုံးများကလည်း နေနှင့်လသဖွယ် ပြုမူကာ ကြယ်ခုနစ်စင်းကို ဖော်ဆောင်ပေးထားသည်။

သူ၏စိတ်အခြေအနေအဆင့်သည် ချင်မူ တစ်ခါမှ မမြင်ဖူးသောအဆင့်အထိ ရောက်ရှိနေ၏။

သူ၏တန်ထျန်းက ရွှေအ၏ တန်ထျန်းကဲ့သို့ မဟာမီးဖိုကြီးပမာ လောင်ကျွမ်းတောက်လောင်နေသည်။ အလျှံတညီးညီး တောက်ပနေသော နေလုံးကြီးသဖွယ် ရုပ်ခန္ဓာကို ရွေ့လျားပေးနေပြီး ခွန်အားကို အမြင့်ဆုံးအခြေအနေတွင် ထိန်းသိမ်းပေးထားသည်။

ဤရုပ်ခန္ဓာမျိုးသည် ရှင်းအန်း၏ရုပ်ခန္ဓာနှင့် တူ၏.... ဟာကွက် ကင်း၍ အားနည်းချက်မရှိဘဲ ပို၍ပင် သန်မာအားကောင်းသေးသည်။

သူ၏မူလဝိညာဉ်ကလည်း စဉ်းစားမရသော အဆင့်တစ်ခုအထိ ရောက်နေခဲ့ချေပြီ။

မူလဝိညာဉ်သည် ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်ပေါင်းစည်းမှု ဖြစ်၏။ ချင်မူမှာ အခြားသူများထက်ပို၍ သန်မာသော သူ၏မူလဝိညာဉ်နှင့် များစွာတည်ငြိမ်ခိုင်မာသော ဝိညာဉ်ကြောင့် များစွာဂုဏ်ယူခဲ့ဖူးသည်။ ထို့ကြောင့် အရပ်ခြောက်မျက်နှာအဆင့်တွင် မူလဝိညာဉ်ဖြင့် ကမ္ဘာတစ်ခွင် လှည့်ပတ်သွားနိုင်ခဲ့ခြင်းဖြစ်သည်။

မူလဝိညာဉ်တူနှစ်ကိုယ်တွဲလျက် ကျင့်ကြံခဲ့ပြီး မူလဝိညာဉ်လမ်းညွှန်ကိုပင် တီထွင်နိုင်ခဲ့သေးသည်။ အရပ်ခြောက်မျက်နှာအဆင့်တွင် အချိန်တစ်ခုအထိ ကျင့်ပြီးနောက်တွင် သူ၏မူလဝိညာဉ်မှာ သန်မာလာခဲ့ကာ ရွယ်တူများအကြား ပြိုင်ဘက်ကင်းလာခဲ့၏။ ရှုရှန်းဟွာ၏ မူလဝိညာဉ်ပင် သူ့မူလဝိညာဉ်အောက် မျဉ်းတစ်ကြောင်း အားနည်းလေသည်။

သို့တိုင်အောင် ပထမဘိုးဘေးကြီးနှင့် ယှဉ်သည့်အခါ သူ၏မူလဝိညာဉ်မှာ များစွာ နိမ့်ကျနေသည်။

ပထမဘိုးဘေးကြီး၏ မူလဝိညာဉ်နှင့် ရုပ်ခန္ဓာမှာ ပြီးပြည့်စုံစွာ တစ်သားတည်း ဖြစ်နေ၏။ သူ့နှလုံးသား၏ လှုပ်ရှားမှုများက ရုပ်ခန္ဓာသိုင်းကွက်များကို ထုတ်ဖော်ပေးနိုင်ပြီး ဝိညာဉ်လှုပ်ရှားမှုတိုင်းက ချီစွမ်းအင်ကောင်းကင်နတ်သိုင်း ဖြစ်လာသည်။ စိတ်အာရုံလှုပ်ရှားမှုက ထိုသိုင်းကွက်နှစ်ခုကို တစ်ခုတည်း ပေါင်းစည်းပေးလိုက်သည်။

ရလဒ်အနေဖြင့် ပထမဘိုးဘေးကြီး၏ သိုင်းကွက်များက တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် မြန်လာ၍ ချင်မူ လုံးဝတောင့်မခံနိုင်တော့ပေ။ သိုင်းကွက်များက မုန်တိုင်းတိုက်နေသကဲ့သို့ သူ့ဆီသို့ ဆက်တိုက်လာနေသည်။

ပထမဘိုးဘေးကြီး၏ ရုပ်ခန္ဓာသိုင်းဖြစ်စေ၊ ကောင်းကင်နတ်သိုင်းဖြစ်စေ အားလုံးက ပြီးပြည့်စုံစွာ ပေါင်းစည်းနေသည်။

သူက ဟာကွက်မရှိသော ကောင်းကင်နတ်သိုင်းပညာရှင် တစ်ယောက် ဖြစ်၏။ အစစ်အမှန်နတ်ဘုရားငယ်တစ်ပါး ဖြစ်၏။

သို့တိုင်အောင် ထိုမျှသန်မာအားကောင်းသော လူတစ်ယောက်ပင်လျှင် ခိုင်ဧကရာဇ်ခေတ်ကို အဆုံးသတ်စေခဲ့သည့် စစ်ပွဲတွင် တပ်ပြေးတစ်ယောက် ဖြစ်လာခဲ့ရသည်။

အနိုင်ယူမရလောက်အောင် သန်မာအားကောင်းသော လူတစ်ယောက်ပင် သွေးသောက်ရဲဘော်များနှင့်အတူ သေရမည်စိုး၍ တပ်ပြေးတစ်ယောက် ဖြစ်လာခဲ့ရာ... ရန်သူက မည်မျှသန်မာအားကောင်းခဲ့မည်နည်း။

“မဖြဲနဲ့တော့...” ချင်မူ အသက်ကို ရှိုက်၍ ရှူနေရသည်။

ပထမဘိုးဘေးကြီးက စာအုပ်ကို တစစီ ဖြဲရင်း တတိယဘိုးဘေးကြီး၏ ကြိုးစားအားထုတ်မှုများကို ဖျက်စီးပစ်လိုက်သည်။ ထို့နောက် မှင်သေသေ ပြောလိုက်၏။ “ထား‌တော့ရော ဘာအသုံးဝင်မှာလဲ.... ဒီစာအုပ်တွေကို ရေးခဲ့တဲ့လူတွေက အသုံးမကျဘူးလေ... ဒီတော့ ဒီစာအုပ်တွေကလည်း အမှိုက်သက်သက်ပဲ။ အလကား နေရာယူတယ်... ဖြဲပစ်လိုက်တာပဲ ကောင်းတယ်... ပြီးတော့ မင်းလည်း ဘာမှမထူးဘူး... မင်းလည်း နောင်တစ်ချိန်မှာ သူတို့လို အသုံးမကျတဲ့လူ ဖြစ်လာလိမ့်မယ်... ငါ့အဆင့်အထိ ကျင့်ကြံရင်တောင်မှ မင်းက အသုံးမကျတဲ့အမှိုက် ဖြစ်နေဦးမှာပဲ”

သူ၏သရော်နေသောအမူအရာက ပိုမိုလွန်ကျူးလာပြီး သူက ဒုတိယဘိုးဘေးကြီး၏ စာအုပ်စင်ဆီသို့ လျှောက်သွားကာ စာအုပ်တစ်အုပ်ထုတ်၍ ဖြဲလိုက်သည်။ “သူတို့က အထက်ကောင်းကင်ဘုံကို ပြိုင်ဘက်လို့ သဘောထားခဲ့တယ်.. ဟီးဟီး အထက်ကောင်းကင်ဘုံကိုတဲ့‌လေ.... အထက်ကောင်းကင်ဘုံဆိုတာ အစောင့်ခွေးတွေသက်သက်ပဲ... ဒါပေမဲ့ ခွေးကိုတောင် အနိုင်မယူနိုင်မှတော့ ပြန်တိုက်ခိုက်တော့ရော ဘာထူးလိမ့်မှာလဲ... မင်းကလည်း အသုံးမကျဘူး... ငါ့ကိုတောင် အနိုင်မယူနိုင်ဘဲ သောက်ရည်မှန်းချက်တွေ ထားနေသေးတယ်... သောက်အိပ်မက်တွေ မက်နေသေးတယ်.. မြန်မြန် အိမ်ပြန်လိုက်တော့.... မိန်းမယူပြီး ကလေးသာ မွေး...”

ချင်မူ ခုန်ထလာပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့မျက်ခုံးနှစ်ဖက်ကြား နေရာရှိ ဝိညာဉ်သန္ဓေသားက ဝိညာဉ်နှင့် ပေါင်းစည်းသွားကာ မူလဝိညာဉ်အား ဖွဲ့တည်လိုက်သည်။ ထို့နောက် ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ပေါင်းစည်းလိုက်၏။ ပထမဘိုးဘေးကြီး ဤမျှသန်မာအားကောင်းနေသည့် အကြောင်းရင်းကို သူ သတိထားမိ၍ ထိုနည်းလမ်းအတိုင်း အသုံးပြုလိုက်ခြင်းဖြစ်သည်။

“မဖြဲနဲ့တော့လို့ ကျုပ် ခင်ဗျားကို ပြောနေတယ်လေ”

သူ့အမြန်နှုန်းက ကြောက်ခမန်းလိလိ မြင့်တက်လာပြီး လက်ဝါးအားလှိုင်းကလည်း အနှိုင်းအဆမဲ့ကာ ကြောက်မက်ဖွယ်ကောင်းလာ၏။ သို့သော် နောက်တခဏတွင် ပထမဘိုးဘေးကြီးကြောင့် လွင့်ထွက်သွားပြန်သည်။

“မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း”

ချင်မူ ပြန်ခုန်ထသည်။

ဘုန်း

လွင့်ထွက်သွားပြန်၏။

ဘန်း

အုန်း ဒုန်း

လူသားဧကရာဇ်ခန်းမဆီမှ လေးလံလှသော ရိုက်ချက်များ ကြားလိုက်ရသည်။ အတန်ကြာမှ ရပ်သွား၏။

ပထမဘိုးဘေးကြီးက ကုန်းရုန်းထနေသော ချင်မူ့ကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ “လက်မလျှော့သေးဘူးလား... မင်းက မျိုးဆက်ဟောင်းလူသားဧကရာဇ်တွေနဲ့ မတူဘူး... သူတို့က သူတို့ဆရာ လိမ်တာခံရလို့ လူသားဧကရာဇ် လုပ်ခဲ့ကြရတာ... လူသားဧကရာဇ်မလုပ်နဲ့တော့လို့သာ ငါ ပြောလိုက်ရင် ဝမ်းသာလုံးဆို့ပြီး ထကကြလိမ့်မယ်.. မင်းကရော ... မင်းလည်း အလိမ်ခံခဲ့ရတယ်မဟုတ်လား”

ချင်မူ တုန်ရီစွာ ထရပ်ပြီး ကိုယ်ပေါ်ရှိ ဒဏ်ရာများအား ချုပ်လိုက်သည်။ သူက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်၍ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေ၏။ “ရွာလူကြီးက ကျုပ်ကို မလိမ်ခဲ့ဘူး... လူသားဧကရာဇ်ဖြစ်လာလို့ ဘာအကျိုးမှ ခံစားရမှာ မဟုတ်တဲ့အပြင် လူတိုင်းရဲ့ ပစ်မှတ်ထားခံရပြီး ဒုက္ခရောက်လိမ့်မယ်လို့ ပြောခဲ့တယ်...”

“ဒါဆို မင်း ဘာလို့ ခေါင်းမာနေသေးတာလဲ” ပထမဘိုးဘေးကြီးမှာ ဇဝေဇဝါ ဖြစ်သွားသည်။ “ဘာလို့ လက်မလျှော့သေးတာလဲ... အကျိုးမရှိတဲ့အရာကို ဘာလို့ လိုချင်တာလဲ....မင်းက တုံးနေတာလား”

ချင်မူ ပြုံးလိုက်သည်။ သူ့သွားများမှာ သွေးတို့ကြောင့် နီရဲနေပြီဖြစ်၏။ “ဘယ်သူမှ မရှိရင် မျှော်လင့်ချက်ရှိပါတော့မလား.... ခင်ဗျား မလုပ်ချင်ရင်လည်း ဘာလို့ ကျုပ်ကို မလုပ်ခိုင်းတာလဲ”

“မင်းက တုံးလို့ပေါ့ကွ”

ပထမဘိုးဘေးကြီးက သူ့ကို တိုက်ခိုက်သည်။ သူ၏လက်သီးချက်များက ပို၍လေးလံပြင်းထန်လာ၏။ သူက ဒေါသတကြီး အော်ဟစ်နေသည်။ “မင်းက ဘယ်လိုလက်လျှော့ရမှန်း မသိတဲ့ ငတုံးကောင်ပဲ... မင်း အသက်ကိုပဲ ပေးလိုက်ရလိမ့်မယ်... နောင်ကျရင် ငါ့လို ရန်သူတွေ အများကြီးနဲ့ ရင်ဆိုင်ရမှာကွ.. မင်း ငါ့ကိုမှ မနိုင်ရင် သူတို့နဲ့ ဘယ်လိုတိုက်ခိုက်မလဲ... ငါ့အမှားကို နောက်မျိုးဆက်တွေ မဆက်ခံသင့်တော့ဘူး... အခု လက်လျှော့လိုက်တော့”

ဘုန်း

ချင်မူက သူ့လက်သီးကို ထိပ်တိုက်ရင်ဆိုင်လိုက်၍ နောက်လွင့်ထွက်သွားသည်။ ပထမဘိုးဘေးကြီး၏ တိုက်ကွက်များက မုန်တိုင်းကြီးသဖွယ် သူ့ကို တစ်ချက်ပြီးတစ်ချက် ထိမှန်နေ၏။ ရိုက်ချက်တိုင်းက တောင်ကြီးသဖွယ် လေးလံလှပြီး ဓားသွားသဖွယ် ချွန်ထက်နေသည်။ “လက်လျှော့လိုက်တော့ .. လက်လျှော့လိုက်တော့... မင်း အခု လက်လျှော့လိုက်တာ ပိုကောင်းတယ်”

ချင်မူ လူသားဧကရာဇ်ခန်းမထဲမှ လိမ့်ထွက်သွားသည်။ ပြန်ထတော့မည့်အချိန်မှာပဲ ပထမဘိုးဘေးကြီးက သူ့အနား ရောက်လာ၏။ သူက ကောင်းကင်မုဒြာ၊ ကမ္ဘာမြေမုဒြာသိုင်းကွက်ဖြင့် သူ့အား ကိုင်ပေါက်ပြန်သည်။

ချင်မူ သင်္ချိုင်းမြေပုံနှစ်ခုကြားထဲ ကျသွားသည့်အခါ ပထမဘိုးဘေးကြီးက ဖျတ်ခနဲ ပေါ်လာပြီး သူ့ရင်ဘတ်အပေါ် နင်းသည်။ “လက်လျှော့ပြီလား”

ချင်မူက ပထမဘိုးဘေးကြီး၏ ခြေကျင်းဝတ်ကို လှည့်၍ ကိုင်ပေါက်လိုက်သည်။ သူက ပြန်ထပြီး ပထမဘိုးဘေးကြီးနောက် တရှိန်ထိုး ပြေးလိုက်ကာ အော်ဟစ်လိုက်၏။ “လူသားဧကရာဇ်ဘွဲ့က ခင်ဗျားကိုယ်ခင်ဗျား ပေးထားတာ မဟုတ်ဘူး... မျိုးနွယ်အားလုံးက ပေးထားတဲ့ ဘွဲ့... ခင်ဗျား ပြန်ယူလို့မရဘူး”

“လူသားဧကရာဇ်ဆိုတာ အတုကြီးကွ... မင်းရင်ထဲက အမြင်မှားတွေကို ငါ ဖျက်စီးပစ်မယ်”

ပထမဘိုးဘေးကြီးက အေးစက်နေသော မျက်ဝန်းများဖြင့် ချင်မူ့လည်ပင်းကို ဖမ်းဆုပ်ကာ လေပေါ် ပင့်မြှောက်လိုက်သည်။ ချင်မူက သူ့လက်ကို ဆုပ်ကိုင်၍ မြွေတစ်ကောင်လို ရစ်ပတ်လိုက်ကာ သူ့အား မှောက်ချလိုက်သည်။

ဘုန်း

ပထမဘိုးဘေးကြီးက သူ့ကို ကန်ထုတ်လိုက်၍ သူ မြောက်တက်သွားပြီး မြေကြီးပေါ် ပြန်ကျသွား၏။

ပထမဘိုးဘေးကြီးက ထပြီး ကောက်ရိုးတဲဆီ လျှောက်သွားသည်။ သူက သရော်တော်တော် ပြောလိုက်သည်။ “ဒီအသုံးမကျတဲ့ကောင်တွေက လူသားဧကရာဇ်ဆိုတာ ပြည်သူပြည်သားတွေအတွက် စတေးပေးရမယ့်လူ၊ ရုန်းကန်ပေးရမယ့်လူလို့ ပြောပြီး မင်းတို့လို သွေးဆူလွယ်တဲ့ လူငယ်တွေကို တာဝန်ပေးခဲ့တယ်... သူတို့အလောင်းတွေကို ဖျက်စီးပစ်မယ်... ဒီအရိုးစုတွေကို အမှုန့်ခြေပစ်မယ်”

သူက အနီးဆုံးရှိ ကောက်ရိုးတဲထဲ ဝင်၍ ဒုတိယဘိုးဘေးကြီး၏ ကမ္ဗည်းကျောက်စာတိုင်အား အမှုန့်ခြေပစ်လိုက်၏။ ထို့နောက် ဒုတိယဘိုးဘေးကြီး၏ အရိုးစုကို ဆွဲယူလိုက်သည်။

“လုပ်ရဲ လုပ်ကြည့်စမ်း”

ချင်မူက ဝုန်းခနဲ ထလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ပထမဘိုးဘေးကြီးက တစ်ဖက်လှည့်၍ သူ့ဆီ လာနေသော လက်သီးကို လက်ဝါးဖြင့် ခုခံလိုက်သည်။

လက်သီးက သွေးတို့စိုရွှဲနေသည့် လက်သီး... အမျက်တချောင်းချောင်းထွက်လွန်း၍ လက်ချောင်းများ တဆတ်ဆတ် တုန်နေသော လက်သီးဖြစ်၏။

ဘုန်း

မိုးကြိုးများက ပထမဘိုးဘေးကြီး၏မျက်နှာကို ထိမှန်ပြီး သူ့အား တွန်းထုတ်ပစ်လိုက်သည်။

ကောက်ရိုးတဲ ပေါက်ကွဲသွား၍ သွေးအလိမ်းလိမ်းပေကျံနေသော ကောင်လေးက ဒုတိယဘိုးဘေးကြီး၏ အရိုးစုကို ဖမ်းကာ နေရာတကျ ပြန်ထားပြီး အရို‌အသေပေးလိုက်သည်။ ထို့နောက် သူက လေးညှို့မှ ပစ်လိုက်သော မြားတစ်စင်းသဖွယ် လေလယ်ရှိ ပထမဘိုးဘေးကြီးဆီ ပြေးဝင်သွား၏။

“ခင်ဗျားမလုပ်နိုင်ရင် ကျုပ်ကို လုပ်ခွင့်ပေး၊ ကျုပ် လုပ်နိုင်တယ်”

အဝေးမှ ဘုန်းခနဲ မြည်သံကြီး ကြားလိုက်ရပြီး မီးခိုးငွေ့များ တထောင်းထောင်း ထသွားသည်။

All Chapters