ကြယ်အချုပ်အနှောင်ပညာရပ်
Vol. 73 Ch. 1013
ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်နေရပြီ ဖြစ်သည်။ သို့သော် သူ မည်မျှပင် ပြန်စဉ်းစားကြည့်စေကာမူ မည်သည့် ဟာကွက်မှ ရှာမတွေ့ခဲ့ပေ။ သူ၏ ဆရာဖြစ်စေ၊ ဂိုဏ်းတူအစ်ကိုအစ်မများဖြစ်စေ၊ သူတို့အားလုံး၏ စကားများနှင့် အပြုအမူများမှာ သဘာဝဆန်လွန်းနေသောကြောင့် သူသည် အမှားနှင့်အမှန် အလွယ်တကူ ခွဲခြားနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။
ယခု သူ ကြုံတွေ့နေရသည့် အခြေအနေကြီးမှာ မမလေးပြောခဲ့သည့် မီးတောက်ခေါင်းဆောင်ကြီးသည် သဘောထား ကျဉ်းမြောင်းသည့် လူတစ်ယောက်ဖြစ်သည်ဆိုသော စကားများနှင့် ကိုက်ညီမှုရှိနေသည်ဟု ခံစားနေရ၏။ မီးတောက်ခေါင်းဆောင်ကြီးမှာ သူ ပြောခဲ့သည့် စကားများကြောင့် သူ့အား အလုပ်ကြမ်းပြစ်ဒဏ်ပေးလိုက်သကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ သို့သော် တစ်ချိန်ထဲမှာပင် သူသည် ထိုတာဝန်မှာ အမှန်တကယ်ပင် ထုံးတမ်းစဥ်လာတစ်ခု ဖြစ်နိုင်ကြောင်း ခံစားနေရ၏။
သူသည် ဒွိဟဖြစ်နေရပြီ ဖြစ်သည်။ အကယ်၍ မမလေးသာ ထို စကားများကို ပြောခဲ့ခြင်းမရှိပါက ကိစ္စမရှိပေ။ သို့သော် သူသည် ထိုစကားများကို ကြားခဲ့ရပြီးနောက် အမှားနှင့်အမှန် ခွဲခြားနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်၏။
" ထားလိုက်ပါတော့။ အခုလို ဆက်ပြီးတော့ ချီတုံချတုံ ဖြစ်နေမယ်ဆိုရင် နောက်ကျရင် ပြဿနာတွေ ပိုတက်လိမ့်မယ်။ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေ အကုန်လုံးကို ငါ့ရဲ့ဆရာလို သဘောထားဆက်ဆံလိုက်ရုံပဲ။ ဟို ပိုးတောင်မာလေးကလည်း ငါ့ရဲ့ဆရာ။ ဒီ နွားထီးအိုကြီးကလည်း ငါ့ရဲ့ ဆရာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီးနောက် အံကြိတ်ကာ စိတ်ပိုင်းဖြတ်လိုက်၏။ ထို့နောက် သူသည် ဧရာမ နွားထီးအိုကြီးအား ပြန်ကြည့်လိုက်သည်။ ၎င်းအပေါ် ထားရှိသည့် သူ၏ သဘောထားများမှာ ပြောင်းလဲသွားပြီဖြစ်သည်။
" ဒီ နွားထီးအိုကြီးကို ငါ့ရဲ့ ဆရာလို သဘောထားဆက်ဆံလိုက်မယ်။ ငါ ပြောခဲ့တဲ့စကားတွေကို ဆရာကြားသွားလို့ အခုလို အပြစ်ပေးခံနေရတာပဲ။ သူ့ကို ရေချိုးပေးရုံပါပဲလေ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ရိုကျိုးစွာ ပြုံးလိုက်၏။ ထို့နောက် သူသည် နွားထီးအိုကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးဆီသို့ ပျံသန်းသွားလိုက်ပြီး ၎င်း၏ ခွာများကို စတင် ဆေးကြောသန့်စင်ပေးနေလိုက်တော့သည်။
" မဆိုးဘူးဘဲကွ။ ညီလေးဆယ့်ခြောက်။ ဒီ နွားထီးအိုကြီးရဲ့ လက်သည်းခြေသည်းတွေကိုပါ ပြောင်အောင်တိုက်ပေးနော် "
" ညီလေးဆယ့်ခြောက်။ မင်းကလည်း အားပျော့လိုက်တာကွာ။ အားစိုက်ပါဦးကွ "
" အင်း... ဟုတ်တယ်။ အခုမှ ပိုပြီးတော့ ဇိမ်ရှိသွားတာ "
ဝမ်ပေါင်လဲ့တစ်ယောက် အစွမ်းကုန်ကြိုးစား၍ ဆေးကြောသန့်စင်ပေးနေစဉ် နွားထီးအိုကြီးမှာ ကျေနပ်အားရမှုအပြည့် ရှိနေသည်လေသံဖြင့် တစ်ကိုယ်လုံး အဆက်အပြတ် တုန်ရီနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ လက်နှစ်ဖက်ဖြင့် နွားထီးအိုကြီးအား ဆေးကြောသန့်စင်ပေးနေစဉ် သူ၏ ပါးစပ်ကိုလည်း အနားပေးထားခြင်းမရှိဘဲ ၎င်းအား အဆက်အပြတ် မျက်နှာချိုသွေးနေသေးသည်။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး ခဏအကြာတွင် လဝက်တိတိ ကုန်ဆုံးသွားတော့သည်။ ထို လဝက်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့၏။ သူသည် မဆိုစလောက်သာ အနားယူခဲ့ပြီး အချိန်အများစုတွင် နွားထီးအိုကြီး ဇိမ်ရှိရှိနေနိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့သည်သာ ဖြစ်သည်။
ထို လဝက်အတွင်းတွင် မီးတောက်ခေါင်းဆောင်ကြီးမှာလည်း သူတို့ဆီသို့ တစ်ကြိမ် ရောက်ရှိလာခဲ့၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့နှင့် နွားထီးအိုကြီးတို့၏ ရှေ့တွင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မီးတောက်ကြယ်စင်စုထဲမှ ထွက်ခွာသွား၏။ သူသည် မိတ်ဆွေဟောင်းတစ်ယောက်နှင့် သွားတွေ့မည်ဖြစ်ကြောင်း သူတို့အား ပြောပြခဲ့သည်။
မီးတောက်ခေါင်းဆောင်ကြီး ထွက်ခွာသွားပြီးနောက် နွားထီးအိုကြီးမှာ မကြာခဏဆိုသလို မေးခွန်းအချို့အား အစ်အောက်မေးမြန်းခဲ့၏။
" ညီလေးဆယ့်ခြောက်။ မင်းရဲ့ ဆရာက ငါ့ကို ရေချိုးပေးဖို့ မင်းကို မှာခဲ့ပေမဲ့ ဒီ နွားထီးအိုကြီးက ကိုယ့်ဘာသာ ရေချိုးတတ်ပါတယ်ကွ။ မင်း ငါ့ကို တစ်ကိုယ်လုံး ရေချိုးပေးစရာ မလိုပါဘူး "
" အစ်ကိုနွားထီး။ မဟုတ်ဘူးလေဗျာ။ ကျွန်တော့်ရဲ့ ရင်ထဲမှာ ဆရာက အဖေတစ်ယောက်လိုပါပဲ။ အဲတာမလို့ သူ့ရဲ့အမိန့်တွေကို မြေဝယ်မကျ နာခံမှ ရမှာပေါ့ဗျ။ သူက အစ်ကိုနွားထီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးကြောသန့်စင်ခိုင်းခဲ့တာဆိုတော့ ကျွန်တော်လည်း အစ်ကို့ကို တစ်ကိုယ်လုံး ပြောင်နေအောင် လုပ်ပေးရမှာပေါ့ " ဝမ်ပေါင်လဲ့မှာ စိတ်အားထက်သန်မှုအပြည့်ဖြင့် ပြန်ပြောလိုက်၏။
" စိတ်ထဲမပါတဲ့ စကားတွေ ပြောမနေပါနဲ့။ မင်းရဲ့ ဆရာက မီးတောက်ကြယ်စင်စုထဲမှာမှ မရှိတော့ဘဲ။ မင်းရဲ့စကားတွေကို သူ ကြားနိုင်မှာမဟုတ်ပါဘူး " နွားထီးအိုကြီးမှာ ရယ်မောကာဆိုလိုက်၏။ သူသည် ဝမ်ပေါင်လဲ့အကြောင်း ကောင်းကောင်းနားလည်ထားသည့် ပုံပင်။
ဝမ်ပေါင်လဲ့မှာမူ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်စိပေကလတ်ပေကလတ် ဖြစ်သွား၏။ ထို့နောက် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း တည်ကြည်သွားသည်။
" အစ်ကိုနွားထီး။ မဟုတ်သေးဘူးဗျ။ ဆရာ့ရဲ့ အမိန့်နဲ့ မီးတောက်ကြယ်စင်စုရဲ့ ထုံးတမ်းစဉ်လာက တစ်ပိုင်း အစ်ကို ဆရာ့ရဲ့ စီးတော်ယာဥ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ပြီးခဲ့တဲ့အတွက် ကျွန်တော် အစ်ကို့ကို ကျေးဇူးတင်နေတာက တစ်ပိုင်းပါ။ အစ်ကိုက သူ့အပေါ်မှာ နှစ်ပေါင်းများစွာ သစ္စာရှိခဲ့တာလေ။ အရင်တုန်းက ကျွန်တော် ဒီ ကြယ်စင်စုထဲကို မရောက်ဖူးပေမဲ့ အခု ရောက်လာခဲ့ပြီဆိုမှတော့ အစ်ကို့ကိုလည်း ရိုရိုသေသေ ဆက်ဆံမှ ရမှာပေါ့ "
" လာပါ အစ်ကိုနွားထီးရ။ ငြိမ်ငြိမ်နေ။ ကျွန်တော် သန်းတစ်ကောင် တွေ့ထားလို့။ ဖယ်ပေးမယ်။ ဒီလို မလောက်လေးမလောက်စား သတ္တဝါမျိုးကများ ငါ့ရဲ့ အစ်ကိုကြီးကို ကိုက်ရဲရတယ်လို့။ လုံးဝ ခွင့်မလွှတ်နိုင်ဘူးဟေ့ "
" အစ်ကိုနွားထီး။ ခြေထောက်လေး ခဏလောက်မြှောက်လိုက်။ ကျွန်တော် အစ်ကို့ရဲ့ ခြေဖဝါးတွေကို ဆေးကြောသန့်စင်ပေးချင်လို့ "
နွားထီးအိုကြီးမှာ ဝမ်ပေါင်လဲ့၏ အပြုအမူများကို မြင်လိုက်ရသောအခါ ပို၍ပင် ပျော်ရွှင်ကျေနပ်သွားပြီး ရယ်မောနေလိုက်တော့သည်။ တစ်ချိန်ထဲမှာပင် သူသည် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ဝမ်ပေါင်လဲ့အား စမ်းသပ်ကြည့်ခဲ့၏။ သို့သော် ဝမ်ပေါင်လဲ့မှာ သတိဝီရိယအပြည့် ရှိနေသည်ဖြစ်ရာ အကြိမ်တိုင်း အကြိမ်တိုင်းတွင် ရိုးသားမှု အပြည့်ရှိသော စကားများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်သာ ဖြစ်သည်။ သူသည် စကားတစ်ခွန်းပြောတိုင်း သူ၏ ဆရာအပေါ် ထားရှိသည့် ရိုသေလေးစားမှုအကြောင်း ထည့်သွင်းပြောဆိုခဲ့သည်သာ ဖြစ်သည်။
ဆယ့်ငါးနှင့် အခြားဂိုဏ်းတူအစ်ကိုအစ်မများမှာလည်း ထိုနေရာသို့ အခါအားလျော်စွာ ရောက်လာတတ်ကြပြီး အခြေအနေများကို လာရောက် အကဲခတ်ခဲ့ကြ၏။ သူတို့ ရောက်ရှိလာပြီး မေးခွန်းများ မေးမြန်းခဲ့သည့် အချိန်တိုင်း ဝမ်ပေါင်လဲ့မှာ စိတ်အားထက်သန်မှုအပြည့်ဖြင့် သူ၏ ဆရာအား ရိုသေလေးစားမှု အပြည့်ရှိကြောင်း ပြန်ဖြေခဲ့သည်သာ ဖြစ်သည်။ ဆယ့်ငါးမှာဆိုလျှင် ပျို့အန်လုမတတ် ဖြစ်နေသည့်ပုံ ပေါက်နေခဲ့သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ သည်းညည်းခံကာ သူ့အား မျက်နှာချိုသွေးခဲ့ဆဲပင်။
ထိုသို့ဖြင့် အချိန်များ ထပ်၍ ကုန်လွန်သွားပြီး ခဏအကြာတွင် တစ်လတိတိ ကုန်ဆုံးသွားပြန်သည်။ ထို တစ်လအတွင်းတွင် ဝမ်ပေါင်လဲ့မှာ နွားထီးအိုကြီး၏ ခန္ဓာကိုယ်ပေါ်တွင်သာ ရှိနေခဲ့၏။ သူသည် ထို နွားထီးအိုကြီးအား ဆေးကြောသန့်စင်ပေးနေခဲ့သလို မီးတောက်ခေါင်းဆောင်ကြီး သူ့အား ပေးခဲ့သည့် ကြယ်အချုပ်အနှောင်ပညာရပ်ကိုလည်း လေ့လာနေခဲ့သေးသည်။
ထို ကြယ်အချုပ်အနှောင်ပညာရပ်မှာ အလွန်အင်မတန်မှ ထူးဆန်း၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား တဖြည်းဖြည်းနှင့် ပို၍ နားလည်လာသည့်အပြင် နွားထီးအိုကြီးဆီမှလည်း လမ်းညွှန်ချက်များအား အခါအားလျော်စွာ ရရှိခဲ့သည်ဖြစ်ရာ ပို၍ပင် ဗဟုသုတ ကြွယ််ဝလာတော့သည်။ သူ ထို ကြယ်အချုပ်အနှောင်ပညာရပ် တစ်ခုလုံးအား နားလည်သွားသည့် အချိန်တွင် ထိုပညာရပ်ကြောင့် သူ၏ နှလုံးသားမှာ ဗြောင်းဆန်သွားရ၏။
ထို ကြယ်အချုပ်အနှောင်ပညာရပ်အား စိတ်ကူးနှင့် မမှန်းဆနိုင်လောက်အောင် ခက်ခဲနက်နဲသည့် ပညာရပ်တစ်ခုဟုပင် သတ်မှတ်နိုင်ပေသည်။
ရိုးရှင်းစွာ ဖော်ပြရမည်ဆိုပါက ၎င်းမှာ အချုပ်အနှောင်တစ်ခု ဖြစ်၏။
ထို ကျင့်ကြံခြင်းပညာရပ်အား အဆင့်လေးဆင့် ခွဲထားသည်။ ထို အဆင့်တစ်ဆင့်ချင်းစီတိုင်းမှာ အစောပိုင်း ဂြိုဟ်အဆင့်၊ အလယ်အလတ် ဂြိုဟ်အဆင့်၊ နှောင်းပိုင်း ဂြိုဟ်အဆင့်နှင့် ဂြိုဟ်ထိပ်ဆုံးအဆင့်တို့အား အသီးသီးကိုယ်စားပြုသည်။ အစောပိုင်း ဂြိုဟ်အဆင့်အား ကိုယ်စားပြုသည့် ပညာရပ်အား ဥက္ကာပျံအချုပ်အနှောင်ပညာရပ်ဟု ခေါ်သည်။ ယေဘုယျအားဖြင့် ဆိုရလျှင် ၎င်းမှာ ဥက္ကာပျံများကို ချုပ်နှောင်နိုင်စွမ်း ရှိပေသည်။ နောက်ဆုံးတွင် ဥက္ကာပျံ အမြောက်အမြားကို အသုံးပြု၍ စိတ်ကူးထဲ၌ မှန်းဆထားသည့် ပုံရိပ်ယောင်တစ်ခုကို ဖန်တီးတည်ဆောက်နိုင်သွားမည်ဖြစ်သည်။
ထိုပုံရိပ်ယောင်မှာ မည်သည့်အရာမဆို ဖြစ်နိုင်ပေသည်။ ၎င်းအား အတည်တကျ သတ်မှတ်ပြီးသွားပါက ပြောင်းလဲနိုင်တော့မည် မဟုတ်ပေ။ တစ်ချိန်ထဲမှာပင် ထို ပုံရိပ်ယောင်မှာ ပို၍ အသက်ဝင်လေလေ ပို၍ အစွမ်းထက်လေလေ ဖြစ်နေမည် ဖြစ်သည်။ ထို့အပြင် ၎င်းအား ဖန်တီးရာ၌ အသုံးပြုထားသည့် ဥက္ကာပျံအရေအတွက် ပိုများလေလေ ၎င်းမှာ ပိုအစွမ်းထက်လာလေလေ ဖြစ်နေဦးမည်လည်း ဖြစ်သည်။
သို့ဖြစ်ရာ သူ ရင်ဆိုင်ရမည့် အဓိကပြဿနာနှစ်ခု ရှိပေသည်။ တစ်ခုမှာ သူသည် ဥက္ကာပျံ အမြောက်အမြားအား ချုပ်နှောင်ရမည် ဖြစ်သည်။ အခြား ပြဿနာတစ်ခုမှာမူ... သူ ထုံးလိုချေ ရေလိုနှောက်နားလည်ထားသည့် ပုံရိပ်ယောင်တစ်ခုအား ရွေးချယ်ရန် လိုအပ်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နွားထီးအိုကြီး၏ ခန္ဓာကိုယ်အား ဆေးကြောသန့်စင်ပေးနေရင်း သူ၏ ဥက္ကာပျံအချုပ်အနှောင်ပညာရပ်အတွက် လိုအပ်သည့် ပုံရိပ်ယောင်အဖြစ် နွားထီးအိုကြီး၏ ခန္ဓာကိုယ်အား ရွေးချယ်လိုက်တော့သည်။
သူသည် နွားထီးအိုကြီး၏ ခန္ဓာကိုယ်အား တစ်လက်မလေးပင် မကျန်အောင် ဆေးကြောသန့်စင်ပေးနေရသည်ဖြစ်ရာ ၎င်းအား ခေါင်းထဲ၌ စွဲနေအောင် မှတ်မိနေပြီ မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုပညာရပ်ကြောင့် ပေါ်ပေါက်လာမည့် ပုံရိပ်ယောင်မှာ အလွန်အင်မတန်မှ အသက်ဝင်နေမည်သာ ဖြစ်သည်။
ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွလာရပြီး ပို၍ပင် အင်အားစိုက်ထုတ်ကာ နွားထီးအိုကြီး၏ ခန္ဓာကိုယ်အား သန့်စင်ပေးနေလိုက်တော့သည်။ ကြယ်အချုပ်အနှောင်ပညာရပ်မှာမူ ဒုတိယအဆင့်ဖြစ်သည့် အလယ်အလတ် ဂြိုဟ်အဆင့်အား ကိုယ်စားပြု၏။ ၎င်း၏ စွမ်းအားမှာဆိုလျှင် ပို၍ပင် အစွမ်းထက်ပေသည်။
ထိုအဆင့်တွင် သူသည် ဥက္ကာပျံများကို မဟုတ်ဘဲ သာမန်ဂြိုဟ်များကို ချုပ်နှောင်ကာ ၎င်းတို့အား အသုံးပြု၍ နွားထီးအိုကြီး၏ ပုံရိပ်ယောင်အား ဖန်တီးနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ခန့်မှန်းချက်များအရဆိုလျှင် ထိုပုံရိပ်ယောင်မှာ ကြောက်ခမန်းလိလိ အစွမ်းထက်နေမည်ဖြစ်သည်။
တတိယအဆင့်မှာ ဒုတိယအဆင့်နှင့် ဆင်တူပေသည်။ ၎င်းမှာ ဝိညာဉ်ဂြိုဟ်နှင့် အင်မော်တယ်ဂြိုဟ်များကို ချုပ်နှောင်ကာ ပုံရိပ်ယောင်များ ဖန်တီးပေးနိုင်စွမ်းရှိ၏။ သို့သော် ထို အဆင့်နှစ်ဆင့်၏ စွမ်းအားမှာ မိုးနှင့်မြေလို ကွာခြားနေမည်ဖြစ်သည်။ ထို ကျင့်ကြံခြင်းပညာရပ်ထဲပါသည့် ဖော်ပြချက်များအရဆိုလျှင် ထိုပညာရပ်ဖြင့် ဝိညာဉ်ဂြိုဟ်များနှင့် အင်မော်တယ်ဂြိုဟ်များအား အလုံအလောက် ချုပ်နှောင်ထားနိုင်မည် ဆိုပါက အထူးဂြိုဟ်များနှင့် ပေါင်းစည်းထားသည့် အဆင့်မြင့် ဂြိုဟ်အဆင့်ကျင့်ကြံသူများကိုပင် ယှဉ်ပြိုင်တိုက်ခိုက်ကာ ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိနေမည်ဖြစ်သည်။
သို့သော် ထို ကျင့်ကြံခြင်းပညာရပ်၏ အမြင့်ဆုံး ကန့်သတ်ချက်မှာ အင်မော်တယ် ဂြိုဟ်များ ဖြစ်သည်ဟု ဖော်ပြထား၏။ ၎င်းမှာ အထူးဂြိုဟ်များကို ချုပ်နှောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သို့သော် နွားထီးအိုကြီးမှာမူ သူ၏ တွက်ချက်မှုများအရဆိုလျှင် အကယ်၍ တာအိုဂြိုဟ်အား ပိုင်ဆိုင်ထားသည့် ဝမ်ပေါင်လဲ့သာ ထို ပညာရပ်အား လေ့ကျင်လိုက်မည်ဆိုပါက ၎င်း၏ ကန့်သတ်ချက်များကို ဖောက်ထွက်ကာ မည်သူမှ မရောက်ဖူးသည့် အဆင့်တစ်ခုအား ရောက်သွားနိုင်သည်ဟု ပြောပြခဲ့၏။
ဝမ်ပေါင်လဲ့မှာ တာအိုဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းနိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူ၏ အဆင့်အတန်းမှာ သာမန်ကျင့်ကြံသူများနှင့် မတူပေ။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ကြယ်အချုပ်အနှောင်ပညာရပ်၏ စတုတ္ထအဆင့်မှာ ထာဝရကြယ်အဆင့်သို့ ဖောက်ထွက်နိုင်သည့် နည်းလမ်းအား ဖော်ပြထား၏။ အကယ်၍ ထို ကြယ်အချုပ်အနှောင်ပညာရပ်ကိုသာ တစ်ဆင့်ချင်းစီ လေ့ကျင့်မည်ဆိုပါက ဂြိုဟ်အဆင့်မှ ဖောက်ထွက်ကာ ထာဝရကြယ်အဆင့်သို့ တက်လှမ်းနိုင်ရန်မှာ ပို၍ပင် လွယ်ကူသွားမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့အား အံ့ဩတုန်လှုပ်သွားစေခဲ့သည့် အချက်မှာ... ဤ ကျင့်ကြံခြင်းပညာရပ်မှာ ဂြိုဟ်အဆင့်စွမ်းရည်များသာ ပိုင်ဆိုင်ထားသည့်ပုံ ပေါက်နေပါသော်လည်း သူ၏ ခန့်မှန်းချက်များအရဆိုလျှင် နွားထီးအိုကြီး၏ ပုံရိပ်ယောင်အား ဖန်တီးတည်ဆောက်ပေးမည့် ဂြိုဟ်များကို ထာဝရကြယ်များဖြင့် အစားထိုး၍ ရနေခြင်းပင်...
ဝမ်ပေါင်လဲ့မှာ ထာဝရကြယ် အမြောက်အမြားဖြင့် ဖန်တီးတည်ဆောက်ထားမည့် နွားထီးအိုကြီး၏ ပုံရိပ်ယောင်ကြီးသည် နွားထီးအိုကြီးအစစ်နှင့်ပင် ယှဉ်နိုင်စွမ်းရှိလောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းနေမည်ဖြစ်ကြောင်း တွေးမိလိုက်သောအခါ ဆွံ့အမှင်တက်သွားရ၏။ ၎င်းတို့၏ ကြားတွင် ခြားနားချက်အချို့ ရှိနေလျှင်တောင် ထာဝရကြယ်များကိုသာ အလုံအလောက် ပိုင်ဆိုင်ထားမည်ဆိုပါက ထို ခြားနားချက်များအား လျစ်လျူရှုနိုင်လောက်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထို အခြင်းအရာများအားလုံးကို နားလည်သွားသည်နှင့် သူ၏ ဆရာဖြစ်သူ မီးတောက်ခေါင်းဆောင်ကြီး သူ့အား နွားထီးအိုကြီးကို ရေချိုးပေးရန် အမိန့်ပေးခဲ့သည့် အကြောင်းရင်း အစစ်အမှန်ကိုလည်း နားလည်သွားတော့သည်။
ဤ နွားထီးအိုကြီး မီးတောက်ခေါင်းဆောင်ကြီး၏ ကိုယ်ပွားတစ်ခု ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူ့ဆရာ၏ ရည်ရွယ်ချက်မှာ သိသာထင်ရှားပေသည်။ သူသည် ဝမ်ပေါင်လဲ့ နွားထီးအိုကြီးအား ရေချိုးပေးရင်း ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးအား အမွေးတစ်မွေးပင် မကျန်အောင် အသေးစိတ် နားလည်သွားနိုင်အောင် ထိုကဲ့သို့ စေခိုင်းခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူသာ ထိုကဲ့သို့ နားလည်သွားမည်ဆိုပါက ကြယ်အချုပ်အနှောင်ပညာရပ်အား ပိုမိုလွယ်ကူစွာ လေ့ကျင့်နိုင်သွားမည်ဖြစ်သလို ၎င်း၏ အစွမ်းမှာလည်း သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။
နွားထီးအိုကြီးမှာ ကြယ်နယ်မြေအဆင့် အစွမ်းထက် ကျင့်ကြံသူကြီးတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။
ကြယ်နယ်မြေအဆင့် ကျင့်ကြံသူကြီးတစ်ယောက် စိတ်လွတ်လက်လွတ်နေကာ သူ၏ ခန္ဓာကိုယ်အား လွတ်လွတ်လပ်လပ် လေ့လာခွင့်ပေးထားခြင်းမှာ ရှားပါးအခွင့်အရေးတစ်ခု ဖြစ်ပေသည်။ အင်အားကြီးဂိုဏ်းများနှင့် မျိုးနွယ်စုများပင်လျှင် ၎င်းတို့၏ ဂိုဏ်းသားများနှင့် မျိုးနွယ်စုဝင်များအား ထိုကဲ့သို့သော အခွင့်အရေးမျိုး အလွယ်တကူ ပေးစွမ်းနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် လွန်ခဲ့သည့် တစ်လအတွင်းတွင် ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းစွမ်းအားအပိုင်းတွင် တိုးတက်လာခဲ့ခြင်း မရှိသည့်တိုင်အောင် သူ၏ ကြယ်အချုပ်အနှောင်ပညာရပ်မှာမူ ကြောက်ခမန်းလိလိ တိုးတက်သွားခဲ့ပြီ ဖြစ်သည်။