အမည်ခံတပည့်တစ်ယောက် ဖြစ်လာနိုင်ရန် အပြေးရောက်လာခြင်း
Vol. 73 Ch. 1014
ဝမ်ပေါင်လဲ့ ကြယ်အချုပ်အနှောင်ပညာရပ်အား လေ့ကျင့်နေရင်း အချိန်များ ဖြည်းညင်းစွာ ကုန်လွန်သွား၏။ ခဏအကြာတွင် နောက်ထပ်တစ်လတိတိ ကုန်ဆုံးသွားတော့သည်။
ထို ဒုတိယလအတွင်းတွင် ဝမ်ပေါင်လဲ့မှာ နွားထီးအိုကြီးအား ဆေးကြောသန့်စင်ပေးရင်း ကြယ်အချုပ်အနှောင်ပညာရပ်အား လေ့လာနေခဲ့၏။ သူသည် နွားထီးအိုကြီးအား အမြဲမပြတ် မျက်နှာချိုသွေးနေခဲ့သောကြောင့် နွားထီးအိုကြီးမှာလည်း နေ့စဉ်နေ့တိုင်း စိတ်ကျေနပ်နေခဲ့ရသည်သာ ဖြစ်သည်။ သူ၏ ရယ်မောသံများမှာ မီးတောက်ပင်မဂြိုဟ်ပေါ်၌ မကြာခဏဆိုသလို ပဲ့တင်ထပ်နေတတ်၏။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့ ပြန်လည်ရရှိခဲ့သည့် အကျိုးကျေးဇူးများမှာလည်း ရပ်တန့်သွားခြင်းမရှိပေ။ သူသည် နွားထီးအိုကြီး၏ ညွှန်ကြားချက်များအတိုင်း လိုက်နာ၍ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ သန်းများအား လိုက်ဖမ်းခဲ့၏။
" ညီလေး ဆယ့်ခြောက်။ ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ သန်းတွေက နှယ်နှယ်ရရ မဟုတ်ဘူးနော်။ ဒီအတောအတွင်းမှာ မင်း အစွမ်းကုန် ကြိုးစားခဲ့တာဆိုတော့ ငါ မင်းကို အဲဒီသန်းတွေ ဖမ်းခွင့်ပေးလိုက်မယ် "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ နွားထီးအိုကြီး ဆိုလိုချင်သည့် အဓိပ္ပါယ်အား နားမလည်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် နွားထီးအိုကြီး မမြင်အောင် နှုတ်ခမ်းစူ လိုက်၏။
၎င်းတို့အား သန်းများဟု ခေါ်ပါသော်လည်း အမှန်တကယ်တွင်မူ ၎င်းတို့မှာ ပိုးကောင်တစ်မျိုး ဖြစ်သည်။ ထို ပိုးကောင်များမှာ တစ်ကိုယ်လုံး နီမြန်းနေပြီး ခန္ဓာကိုယ်ထဲတွင် မီးတောက်များ ရှိနေကြ၏။ ၎င်းတို့မှာ ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါ်ပြီး အသွားချွန်ထက်သည့် ပါးစပ်ပေါက်များ ပါကြသည်။ ထို ပါးစပ်ပေါက်များမှာ သွေးများ စုပ်ယူရာ၌ အလွန်အင်မတန်မှ အသုံးဝင်ပြီး ၎င်းတို့ တစ်ကောင်ချင်းစီတိုင်း၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာလည်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်နိုင်စွမ်းရှိပေသည်။
သူတို့၏ ခုခံကာကွယ်ရေး စွမ်းအားများမှာဆိုလျှင် ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းသေးသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များ ကျုံ့ဝင်သွားကြပြီး အလုံးတစ်လုံးအသွင် ပြောင်းလဲသွားသည်နှင့် ဝမ်ပေါင်လဲ့မှာ အစွမ်းကုန်ထုတ်၍ တိုက်ခိုက်လျှင်တောင် ၎င်းတို့အား ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ၎င်းတို့၏ ဒဏ်ရာပျောက်ကင်းမှုနှုန်းမှာလည်း အလွန်အင်မတန်မှ မြန်ဆန်၏။ ၎င်းတို့မှာ ဒဏ်ရာရနေလျှင်တောင် သွေးများ စုပ်ယူပြီးသွားပါက အလျင်အမြန် ပြန်လည်သက်သာလာမည် ဖြစ်သည်။
၎င်းတို့၏ အရွယ်စားများမှာလည်း အလွန်အင်မတန်မှ ထူးဆန်းသည်။ ၎င်းတို့မှာ ၎င်းတို့၏ ခန္ဓာကိုယ် အရွယ်အစားများကို ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။ နွားထီးအိုကြီး၏ ခန္ဓာကိုယ် အကြီးမားဆုံးအချိန်တွင် ထို သန်းတစ်ကောင်ချင်းစီတိုင်း၏ အရွယ်အစားမှာ ဧရာမ သားရဲကြီးတစ်ကောင်ကဲ့သို့ပင်။ သို့သော် နွားထီးအိုကြီး အရွယ်အစား ပြန်လည်သေးငယ်သွားသည့် အချိန်တွင် ထို သန်းများမှာလည်း ၎င်းနှင့်အတူ လိုက်၍ အရွယ်အစား သေးငယ်သွားသည်သာ ဖြစ်သည်။
ထို သန်းများမှာ သူတစ်ပါး၏ ခန္ဓာကိုယ်ပေါ်၌ ကပ်ပါးကောင်များအဖြစ် ရှိနေကြပါသော်လည်း နွားထီးအိုကြီး၏ စကားများကိုလည်း အတိုင်းအတာတစ်ခုအထိ နားထောင်ကြသည့်ပုံပင်။ ထို အချက်မှာ မထူးဆန်းပေ။ ထိုသို့သာမဟုတ်ပါက နွားထီးအိုကြီး၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ၎င်းမှာ တစ်ချက် တွေးလိုက်ရုံမျှဖြင့် ထိုသန်းများအားလုံးကို သတ်ဖြတ်ဖြစ်နိုင်သည် မဟုတ်ပါလော။
နွားထီးအိုကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ထိုကဲ့သို့သော သန်းများ အမြောက်အမြားရှိနေကြ၏။ ဝမ်ပေါင်လဲ့မှာ အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ပြီးနောက် ၎င်းတို့၏ အရေအတွက်မှာ ဆယ်သန်းထက် မနည်းနိုင်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။ တစ်ချိန်ထဲမှာပင် သူသည် နွားထီးအိုကြီး ပြောခဲ့သည့် " ဖမ်းခွင့်ပေးမည် " ဆိုသည့် စကားကြောင့် အတွေးများထဲ၌ နစ်မျောသွားရသည်။
သို့သော် ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ နွားထီးအိုကြီး ဆိုလိုချင်သည့် အဓိပ္ပါယ်အား နားလည်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ထိုသန်းများအား သာမန်နည်းလမ်းများဖြင့် လိုက်လံဖမ်းဆီးရန်မှာ မလွယ်ကူကြောင်း သိလိုက်ရသောကြောင့်ပင်။ သို့သော် အကယ်၍ သူ လေ့လာထားခဲ့သည့် ကြယ်အချုပ်အနှောင်ပညာရပ်အား လေ့ကျင့်ကာ ၎င်းတို့အား ချုပ်နှောင်လိုက်မည်ဆိုလျှင်မူ အလွန်အင်မတန်မှ မြန်ဆန်နေမည် ဖြစ်သည်။
သို့ဖြစ်ရာ သူသည် သူ၏ ကြယ်အချုပ်အနှောင်ပညာရပ်၌ အလျင်အမြန် တိုးတက်လာနိုင်ပေသည်။ စကြဝဠာကြီးထဲတွင် ဥက္ကာပျံ အမြောက်အမြား ရှိနေသည့်တိုင်အောင် ၎င်းတို့၏ အရွယ်အစားများမှာ ကြီးမားလွန်းနေသည် မဟုတ်ပါလော။ သူသည် ယခုမှ ကြယ်အချုပ်အနှောင်ပညာရပ်အား စတင်လေ့ကျင့်သည့် လူတစ်ယောက်ဖြစ်ရာ ဥက္ကာပျံတစ်လုံးအား ချုပ်နှောင်နိုင်ရန်အတွက် အင်အားအများကြီး စိုက်ထုတ်ရမည်သာ ဖြစ်သည်။ ထို့အပြင် ၎င်းတို့အား ချုပ်နှောင်ရသည်မှာ ဤ သန်းများအား ချုပ်နှောင်ရခြင်းလောက် မြန်ဆန်နေမည်မဟုတ်ပေ။
ထို့ကြောင့် သန်းများအား လိုက်လံချုပ်နှောင်ခြင်းမှာ သူ့အတွက် ပို၍အကျိုးရှိပေသည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ကြယ်အချုပ်အနှောင်ပညာရပ် အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလောက်အောင် တိုးတက်လာသည်ကို သိလိုက်ရသဖြင့် ပျော်ရွှင်ကျေနပ်သွားရ၏။
ထို့ကြောင့်လည်း သူသည် ပို၍ပင် ကြိုးစားအားထုတ်ကာ သန်းများအား လိုက်လံဖမ်းဆီးချုပ်နှောင်နေတော့သည်။
သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ နွားထီးအိုကြီးအား ရေချိုးပေးနေရင်း ကြယ်အချုပ်အနှောင်ပညာရပ်အား ခွဲခြမ်းစိတ်ဖြာလေ့လာသည့် အဆင့်မှ လက်တွေ့လေ့ကျင့်သည့် အဆင့်သို့ ရောက်သွား၏။
ထိုသို့ဖြင့် သုံးလတိတိ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ နွားထီးအိုကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဆေးကြောသန့်စင်ပေးပြီးသွားပြီ ဖြစ်သည်။ သူ ဖမ်းဆီးရမိခဲ့သည့် သန်းအရေအတွက်မှာလည်း သောင်းဂဏန်းအထိ ရှိလာ၏။ ထို့အပြင် သူသည် ကြယ်အချုပ်အနှောင်ပညာရပ်အား အဆက်မပြတ်လေ့ကျင့်နေခဲ့သဖြင့် ထိုပညာရပ်၌ ပိုမိုကျွမ်းကျင်လာခဲ့သည်။ သူသည် ပထမဆုံးအဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန်ပင် သိပ်မလိုတော့ပေ။
နွားထီးအိုကြီးမှာလည်း ဝမ်ပေါင်လဲ့၏ မြှောက်လုံးပင့်လုံးများကို နားထောင်ရင်း ဇိမ်ကျနေခဲ့၏။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာလည်း အလွန်အင်မတန်မှ ဉာဏ်ပြေးပေသည်။ သူသည် ခဏတစ်ဖြုတ်ကာ အနားယူကာ သူ၏ မျှော်စင်ဆီသို့ ပြန်သွားခဲ့သည့် အချိန်တိုင်း ဂိုဏ်းတူအစ်ကိုအစ်မများနှင့် ကြုံခဲ့ရပါက အကြောင်းမရှိ အကြောင်းရှာ၍ သူ၏ ဆရာအကြောင်း မြှောက်ပင့်ပြောဆိုခဲ့သည်သာ ဖြစ်သည်။
ထို့ကြောင့် သူသည် လမ်း၌ လူတစ်ယောက်ယောက်နှင့် ဆုံလိုက်ရသည်နှင့် သူ၏ဆရာ ကောင်းကြောင်းများကိုသာ ပြောနေသည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို အချက်ကြောင့်လားတော့ မသိပေ။ နွားထီးအိုကြီး၏ ခန္ဓာကိုယ် အရွယ်အစားမှာ တဖြည်းဖြည်းနှင့် သေးငယ်သွားခဲ့သဖြင့် ဝမ်ပေါင်လဲ့ အလုပ်လုပ်ရမည့် ပမာဏမှာလည်း လျော့ကျလာခဲ့၏။ ထို့ကြောင့် သူသည် မီးတောက်ကြယ်စင်စု၏ ထုံးတမ်းစဉ်လာအား သုံးလအတွင်း ပြီးစီးသွားခဲ့ခြင်း ဖြစ်သည်။
ထို အခြင်းအရာများကြောင့် ဝမ်ပေါင်လဲ့မှာ မမလေး ပြောခဲ့သည့်စကားများအား သံသယဝင်နေခဲ့ရာမှ ကိုးဆယ်ရာခိုင်နှုန်းတိတိ ပြန်၍ ယုံကြည်သွား၏။ လွန်ခဲ့သည့် လအနည်းငယ်အတွင်းတွင် သူသည် သူ၏ နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီး ကြိမ်ဖန်များစွာ ရိုက်နှက်ကန်ကျောက်ခံခဲ့ရသည်ကို မြင်ခဲ့ရသလို နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး အပြစ်ပေးခံခဲ့ရသည်ကိုလည်း မြင်ခဲ့ရသည့်တိုင်အောင် စိတ်ပိုင်းဖြတ်လိုက်ပြီး သူ၏ ဆရာအား ဆက်၍ မြှောက်ပင့်ပြောဆိုနေဆဲပင်။
သူ၏ ကြိုးစားအားထုတ်မှုများကြောင့် လွန်ခဲ့သည့် လအနည်းငယ်အတွင်းတွင် မီးတောက်ကြယ်စင်စုကြီးမှာ အေးအေးချမ်းချမ်း ရှိနေခဲ့၏။ ဝမ်ပေါင်လဲ့မှာလည်း မီးတောက်ကြယ်စင်စုထဲ၌ ဖြတ်သန်းရသည့် နေ့စဉ်ဘဝအား ကျင့်သားရလာပြီဖြစ်သည်။
တစ်ချိန်ထဲမှာပင် သူ နွားထီးအိုကြီးအား ရေချိုးပေးနေခဲ့စဉ်တုန်းက ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ နစ်နာကြေးပေးသည့် အနေဖြင့် လက်ဆောင်တစ်ခု ပေးပို့ခဲ့သေးသည်။ ထို လက်ဆောင်ပုံးမှာ အလွန်အင်မတန်မှ လေးလံ၏။ ၎င်းထဲတွင် ပါသည့် သလင်းကျောက်နီများ၏ အရေအတွက်ပင်လျှင် ကြောက်ခမန်းလိလိ များပြားနေသည်။ ထို့အပြင် ဆေးလုံးများနှင့် ဓမ္မအဆောင်ပစ္စည်း အမြောက်အမြားလည်း ပါ၏။ ထိုမျှသာမက အင်မော်တယ်ဂြိုဟ်ဆယ်လုံးနှင့် သာမန်ဂြိုဟ် အလုံးတစ်ရာကျော်လည်း ပါသေးသည်။
ထို ဂြိုဟ်များမှာ သန့်စင်ထားပြီးသား ဖြစ်၏။ သို့ဖြစ်ရာ ထာဝရဝိညာဉ် ထိပ်ဆုံးအဆင့်တွင်ရှိနေသည့် ကျင့်ကြံသူများမှာ ၎င်းတို့နှင့် အလွယ်တကူ ပေါင်းစည်းနိုင်ပေသည်။ ထို လက်ဆောင်များမှာ တန်ဖိုးကြီးမားလွန်းလှသောကြောင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ မီးတောက်ခေါင်းဆောင်ကြီး အမျက်တော်ရှမည်ကို အလွန်အင်မတန်မှ စိုးရိမ်နေကြောင်း သိနိုင်ပေသည်။
ဝမ်ပေါင်လဲ့အတွက်မူ ထို လက်ဆောင်များမှာ ရေငတ်နေတုန်း ရွာကျလာသည့် မိုးများကဲ့သို့ပင်။ ၎င်းတို့မှာ သူ၏ ကြယ်အချုပ်အနှောင်ပညာရပ်အား လေ့ကျင့်ရာ၌ အလွန်အင်မတန်မှ အသုံးဝင်နိုင်ပေသည်။ သူ သူ၏ ကြယ်အချုပ်အနှောင်ပညာရပ်အား ဒုတိယအဆင့်သို့ရောက်အောင် လေ့ကျင့်နိုင်သည်နှင့် ထို သာမန်ဂြိုဟ် အလုံးတစ်ရာအား ချုပ်နှောင်ကာ နတ်ဘုရားစွမ်းရည်တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်မည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ထိုဂြိုဟ်များအား အချိန်ကုန်ခံ၍ လိုက်လံရှာဖွေနေစရာ လိုတော့မည်မဟုတ်ပေ။
ထို့အပြင် သူ ထိုပညာရပ်အား တတိယအဆင့်အထိ လေ့ကျင့်ပြီးသွားသည့်အချိန်တွင်လည်း လက်ထဲတွင် အင်မော်တယ်ဂြိုဟ် ဆယ်လုံးအား အဆင်သင့် ပိုင်ဆိုင်ထားဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ ကြယ်အချုပ်အနှောင်ပညာရပ်မှာ ပို၍ အစွမ်းထက်လာမည် ဖြစ်သည်။ ထိုကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ထိုလက်ဆောင်များအား လက်ခံရရှိလိုက်သည်နှင့် သူ၏ ဆရာမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအား ထိုလက်ဆောင်များ ပို့ပေးရန် စေခိုင်းခဲ့ခြင်း ဖြစ်ရမည်ဟု ချက်ချင်းရိပ်မိလိုက်၏။
" ငါ လုံလုံလောက်လောက် ပြင်ဆင်ပြီးသွားပြီဆိုတော့... ကြယ်အချုပ်အနှောင်ပညာရပ်ရဲ့ ပထမအဆင့်ကို အစွမ်းကုန် လေ့ကျင့်ပြီး ကျွမ်းကျင်တတ်မြောက်လာအောင် လုပ်ရမယ် " ဝမ်ပေါင်လဲ့မှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ပေးပို့လိုက်သည့် လက်ဆောင်များကို သိမ်းဆည်းလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ မီးတောက်ကြယ်စင်စုဆီသို့ ရောက်ရှိလာပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တံခါးပိတ်လေ့ကျင့်လိုက်တော့သည်။
ထို တံခါးပိတ်ကျင့်စဉ်မှာ နောက်ထပ် သုံးလတိတိ ထပ်၍ ကြာမြင့်သွား၏။
ထို သုံးလအတွင်းတွင် ဝမ်ပေါင်လဲ့မှာ မျှော်စင်ထဲမှ အပြင်သို့ လုံးဝမထွက်ခဲ့ပေ။ သူသည် အစွမ်းကုန် လေ့ကျင့်ခဲ့ပြီးနောက် ကြယ်အချုပ်အနှောင်ပညာရပ်၏ ပထမဆုံးအဆင့်အား ထိပ်ဆုံးအဆင့်အထိရောက်အောင် လေ့ကျင့်နိုင်သွားတော့သည်။
မျှော်စင်ထဲရှိ သိုင်းပညာလေ့ကျင့်ရေးအခန်းထဲတွင် ဝမ်ပေါင်လဲ့မှာ သူ၏ လက်အား ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မန္တန်အစီအရင်ကြီး၏ အကူအညီများနှင့်အတူ လေ့ကျင့်ရေးအခန်းမှာ အဆုံးအစ မရှိလောက်အောင် ကျယ်ပြန့်သွား၏။ ထို့နောက် သောင်းနှင့်ချီသည့် သန်းများ ပျံထွက်လာကြကာ သူ၏ရှေ့၌ အတူတကွ စုစည်းသွားကြပြီး နွားထီးအိုကြီး၏ ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
မီးတောက်များဖြင့် ဝန်းရံနေသည့် ထို နွားထီးပုံရိပ်ယောင်ကြီးမှာ အစစ်နှင့်တူပြီး အလွန်အင်မတန်မှ အသက်ဝင်၏။ ၎င်းမှာ ပေါ်ပေါက်လာပြီးနောက် အော်ဟစ်မြည်တမ်းကာ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုအား ထုတ်လွှတ်လိုက်သည်။ ၎င်း၏ ဖိနှိပ်အားများမှာလည်း အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွား၏။
ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား အာရုံခံမိလိုက်သောအခါ စိတ်နှလုံး လှုပ်ရှားသွားရသည်။
" ဒီ အငွေ့အသက်နဲ့ ဖိအားတွေက... ဝိညာဉ်ဂြိုဟ်တွေနဲ့ ပေါင်းစည်းထားတဲ့ ဂြိုဟ်အဆင့် ကျင့်ကြံသူတွေအကုန်လုံးကို ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိနေပြီပဲ " ထို နွားထီးပုံရိပ်ယောင်ကြီးအား ဥက္ကာပျံများဖြင့် မဟုတ်ဘဲ သန်းများဖြင့်သာ ဖွဲ့စည်းထားသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံးလှုပ်ရှားသွားရခြင်း ဖြစ်၏။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ တာအိုဂြိုဟ်ဖြင့် ၎င်း၏ စွမ်းအားများကို မြှင့်တင်ပေးထားခြင်း မရှိသေးပေ။ သို့ဖြစ်ရာ သူ အသုံးပြုခဲ့ရသည့် ကျင့်ကြံခြင်းစွမ်းအား ပမာဏမှာ မဆိုစလောက်သာ ရှိပေသည်။
" ပြီးရင်... သန်းတွေ ပုန်းကွယ်နိုင်မယ့် နေရာတစ်ခုရအောင် သန်းတစ်ကောင်ချင်းစီတိုင်းရဲ့ အပြင်ဘက်မှာ ဥက္ကာပျံတွေနဲ့ ခြံရံပေးရမယ်။ အဲတာဆိုရင်... ဥက္ကာပျံတွေနဲ့ ဖွဲ့စည်းထားတဲ့ နွားထီးပုံရိပ်ယောင်ကြီးက ပိုပြီးတော့ကို အစွမ်းထက်လာမှာပဲ။ အထူးဂြိုဟ်တွေနဲ့ ပေါင်းစည်းထားတဲ့ ကျင့်ကြံသူတွေကိုတောင် အန္တရာယ်ပြုနိုင်စွမ်း ရှိသွားလောက်တယ်။ အဲတာကိုမှ ငါ့ရဲ့ တာအိုဂြိုဟ်နဲ့ ထပ်ပြီးတော့ အားဖြည့်ပေးလိုက်မယ်ဆိုရင် ... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်ဝန်းများထူးဆန်းစွာ တောက်ပသွား၏။ သူသည် ဂြိုဟ်အဆင့်ရှိ ကျင့်ကြံသူများအားလုံး၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းခန့်အား လျစ်လျူရှုနိုင်စွမ်းရှိနေပြီဟု ခံစားနေရသည်။
ရှေးဟောင်းဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းနိုင်ခဲ့ပြီး ဂြိုဟ်ထိပ်ဆုံးအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူများသာလျှင် သူ့အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိတော့မည်ဖြစ်သည်။
" ဒါ ဘာမှမဟုတ်သေးဘူး... ဥက္ကာပျံ အလုံးတစ်သောင်းကို ချုပ်နှောင်ပြီးသွားရင် သာမန်ဂြိုဟ်တွေကို ထပ်ပြီးတော့ ချုပ်နှောင်ရဦးမယ်။ အဲတာမှ အဲဒီ ဂြိုဟ်တွေကိုသုံးပြီး ငါ့ရဲ့ ကြယ်အချုပ်အနှောင်ပညာရပ်ရဲ့ စွမ်းအားကို ထပ်ပြီးတော့ မြှင့်တင်နိုင်မှာ... ဒါပေမဲ့ အဲဒီ ဥက္ကာပျံတွေ အကုန်လုံးကို သာမန်ဂြိုဟ်တွေနဲ့ အစားထိုးနိုင်ဖို့အတွက် အများကြီး ပေးဆပ်ရမှာ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
သူသည် ထိုကဲ့သို့ အများကြီး ပေးဆပ်ရမည်ဖြစ်ကြောင်း သိထားပါသော်လည်း ကြိုးစားကြည့်ချင်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော သူသည် သူ လေ့ကျင့်နေသည့် ကြယ်အချုပ်အနှောင်ပညာရပ်မှာ ထို ကျင့်ကြံခြင်းပညာရပ်ထဲ၌ ရေးသားထားသည့် ဖော်ပြချက်များနှင့် မတူဘဲ အနည်းငယ်ခန့် ကွဲလွဲနေကြောင်း ခံစားနေရသောကြောင့်ပင်။
ပုံမှန်အတိုင်းသာဆိုပါက သူ ပထမအဆင့်အထိ လေ့ကျင့်ပြီးသွားချိန်တွင် ဥက္ကာပျံများကိုသာ ချုပ်နှောင်နိုင်စွမ်း ရှိဦးမည်ဖြစ်သည်။ ဒုတိယအဆင့်သို့ ရောက်မှသာလျှင် သာမန်ဂြိုဟ်များအား ချုပ်နှောင်နိုင်မည် ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သူသည် ပထမအဆင့်အထိသာ လေ့ကျင့်ထားလျှင်တောင် သူ၏ တာအိုဂြိုဟ်၏ အားဖြည့်မှုများကို ရယူလိုက်မည်ဆိုပါက သာမန်ဂြိုဟ်များကို ချုပ်နှောင်ရန် ကြိုးစားကြည့်နိုင်လိမ့်မည်ဟု ခပ်ရေးရေးမျှ ခံစားနေရ၏။
ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ ထိုအတွေး ပေါ်ပေါက်လာသည်နှင့် မျက်လုံးများ မှေးသွားပြီး လေ့ကျင့်ရေးအခန်းထဲမှ ချက်ချင်းထွက်ခွာလာ၏။ သူသည် မျှော်စင်အပြင်ဘက်သို့ ရောက်သွားသည်နှင့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးအား အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သည်။ ထို့နောက် သူသည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီးကောင်းကင်ယံထဲသို့ တန်းတန်းမတ်မတ် ထိုးတက်သွား၏။
သူသည် သူ၏ ကြယ်အချုပ်အနှောင်ပညာရပ်အား အဆင်မြှင့်တင်နိုင်ရန် မီးတောက်ပင်မဂြိုဟ်ပေါ်မှ ထွက်ခွာပြီး မီးတောင်ကြယ်စင်စုထဲ၌ ဥက္ကာပျံများ ရှာဖွေတော့မည်ဖြစ်သည်။ သူ ထိုသို့ ထွက်ခွာသွားစဉ်မှာပင် ဓမ္မစွမ်းအင်လှိုင်းများ ထုတ်လွှတ်နေသည့် လွန်းပြန်ယာဥ်တစ်စင်းမှာ မီးတောက်ကြယ်စင်စု၏ အပြင်ဘက်၌ ပေါ်ပေါက်လာ၏။ ၎င်းမှာ မီးတောက်ကြယ်စင်စုဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်။
ထို လွန်းပြန်ယာဉ်ထဲတွင် ရှဲ့ဟေးရန်မှာ ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် မတ်တတ်ရပ်နေ၏။
" ငါ မီးတောက်ခေါင်းဆောင်ကြီးရဲ့ အမည်ခံတပည့်တစ်ယောက် ဖြစ်လာနိုင်ရင်ကို ရပြီကွာ။ အဲတာဆိုရင် ငါ အဲဒီ အမည်အသိ အစွမ်းထက်ကျင့်ကြံသူကြီးနဲ့ တစ်ဂိုဏ်းတည်း ဖြစ်သွားမှာဆိုတော့ သူ့ဆီကနေ အကူအညီတောင်းရတာ ပိုလွယ်သွားမှာ “