← Chapters

ခွင့်လွှတ်မှု

Vol. 38 Ch. 523

ခွင့်လွှတ်မှု

Vol. 38 Ch. 523

ချင်မူ မြေပေါ် ဆင်းသက်လိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ ရွှံ့မြေများ မြောက်တက်သွားသည်။ သူ့တစ်ကိုယ်လုံး သွေးများစိုရွှဲနေကာ သွေးစက်များမှာ ရွှံ့များနှင့် ရောနေ၏။ ဒေါသကြောင့် သူ့ဆံပင်မှာ တဖျပ်ဖျပ် ပျံ့လွင့်လျက် ရှိပြီး သူက ယခုလေးတင်မှ ထနိုင်လိုက်သော ပထမဘိုးဘေးကြီးဆီသို့ လျှောက်သွားသည်။

“ခင်ဗျားက ဒီစစ်မြေပြင်ရဲ့ တပ်ပြေးတစ်ယောက်ပဲ... ခင်ဗျားလို တပ်ပြေးအနေနဲ့ ကျန်တဲ့လူတွေအပေါ် အထင်သေးပိုင်ခွင့်မရှိဘူး” ချင်မူက ‌အော်ဟစ်လိုက်ပြီး လေကဲ့သို့အလျဉ်ဖြင့် ပထမဘိုးဘေးကြီးဆီ ပြေးဝင်သွားသည်။

ဒဏ်ရာများက ဆိုးရွားနေသော်လည်း ချင်မူ၏အရှိန်အဝါက ကြမ်းတမ်းခက်ထန်နေပြီး လှုပ်ရှားမှုတိုင်းကလည်း ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အားကောင်းပြင်းထန်နေ၏။

သူ့ရင်ထဲ၌ ဒေါသအမျက်တို့ ပွက်ပွက်ဆူနေသည်။ ဒုတိယဘိုးဘေးကြီး၏ အရိုးစုကို ပထမဘိုးဘေးကြီး ဖျက်စီးရန် ပြင်ခဲ့တုန်းက ရင်ခေါင်းထဲရှိ နှလုံးသွေးအားလုံး ဆောင့်တက်လာသကဲ့သို့ သူ ခံစားခဲ့ရသည်။

ချင်မူ၏မူလဝိညာဉ်က ကောင်းကင်ရတနာများ  ခြံရံလျက်ရှိသော ဝိညာဉ်စင်မြင့်ထက်၌ ရပ်လျက် ရုပ်ခန္ဓာနှင့် တစ်သားတည်း ဖြစ်နေ၏။ မူလဝိညာဉ်မှ ကောင်းကင်ကို ဦးခေါင်းဖြင့် ထမ်းရွက်၍ မြေပြင်အပေါ် ခြေစုံနင်းထားစဉ် အရပ်ခြောက်မျက်နှာမှ ချီစွမ်းအင်များက မူလဝိညာဉ်ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်နေသည်။

ချီစွမ်းအင်က ရုပ်ခန္ဓာနှင့် တစ်သားတည်း ဖြစ်နေသော မူလဝိညာဉ်ဖြင့် ပေါင်းစည်း၍ ခန္ဓာကိုယ်နေရာအနှံ့အပြားသို့ ဖြာထွက်ပျံ့နှံ့သွား၏။

ရုတ်တရက် ပထမဘိုးဘေးကြီး၏ မူလဝိညာဉ်-ရုပ်ခန္ဓာပေါင်းစည်းမှုနှင့် ပတ်သက်သည့် အရေးအကြီးဆုံးအချက်ကို သူ စဉ်းစားမိသွား၏။

ကျင့်စဉ်လှည့်ပတ်ပြီးမှ ကောင်းကင်နတ်သိုင်းများ ထုတ်ဖော်နိုင်သည့်အတွက် အချိန်လိုအပ်သည်။ အချိန်မရလျှင် သိုင်းကွက်က အားနည်းမည်၊ အချိန်ရလျှင် သိုင်းကွက်က အားကောင်းမည်။

ချီစွမ်းအင်သည် ကောင်းကင်ရတနာများကြား၌ တည်ရှိနေသော မူလဝိညာဉ်မှတစ်ဆင့် ... ရုပ်ခန္ဓာထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည့်အခါ ကျင့်စဉ်လှည့်ပတ်နေရမည့်အချိန် သက်သာသွားသည်။

ပထမဘိုးဘေးကြီး အတိုင်းထက်အလွန် မြန်ဆန်နေခြင်းမှာ သူ၏ရုပ်ခန္ဓာအစိတ်အပိုင်းတိုင်းက နတ်ဘုရားအဆင့်တွင် ဖြစ်၍သာမဟုတ်ဘဲ မူလဝိညာဉ်နှင့် ရုပ်ခန္ဓာပေါင်းစည်းမှုကြောင့်လည်း ပါ၏။

ဓာတ်ကြီးငါးပါးကောင်းကင်ရတနာထဲရှိ ကြယ်ငါးလုံးဆိုသည်မှာ ခန္ဓာဗေဒအရ နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်ဟူသော ကလီစာငါးမျိုးပင် ဖြစ်သည်။ ထိုကလီစာငါးမျိုးသည် မီး၊ သစ်သား၊ မြေ၊ သတ္တုနှင့် ရေဟူသည့် ဓာတ်ငါးပါးကို အပြန်အလှန် ကိုယ်စားပြုကြ၏။

ဤအခိုက်အတန့်တွင် ချင်မူ့ဓာတ်ကြီးငါးပါးကောင်းကင်ရတနာထဲရှိ ကြယ်ငါးလုံးက ကလီစာငါးခုအတွင်းထဲ ဝင်သွားသည်။ ကြယ်တာရာအရှင်သခင်ငါးပါးကလည်း သူ၏နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်တို့ထဲသို့ ရွေ့လျားသွား၏။ သူ၏အတွင်းကလီစာတစ်ခုချင်းစီတွင် နတ်ဘုရားတစ်ပါးစီ စံမြန်းကိန်းအောင်းနေချေပြီ။

နှလုံးတွင် နွားခေါင်းအင်္ဂါဂြိုဟ်အရှင်သခင်၊ အသည်းတွင် ငှက်ခေါင်းလူကိုယ် ကြာသပတေးဂြိုဟ်အရှင်သခင်၊ သရက်ရွက်တွင် မြေကိုယ်လူခေါင်း စနေဂြိုဟ်အရှင်သခင်၊ အဆုတ်များတွင် ကျားခေါင်း သောကြာဂြိုဟ်အရှင်သခင်၊ ကျောက်ကပ်တွင် သွေးနီရောင်မြွေခန္ဓာရှိ ဗုဒ္ဓဟူးဂြိုဟ်အရှင်တို့က အသီးသီး နေရာယူလိုက်ကြသည်။

ဓာတ်ကြီးငါးပါးနှင့် ရုပ်ခန္ဓာ အပြန်အလှန် အားဖြည့်ပေးနေမှုကြောင့် သူ၏ခွန်အားက တဖြည်းဖြည်း မြင့်တက်သွားခဲ့ကာ ဒုတိယဘိုးဘေးကြီး၏ အရိုးစုကို ဖျက်စီးရန် ပြင်နေသော ပထမဘိုးဘေးကြီးအား တစ်ချက်တည်း လွင့်ထွက်သွားအောင် ထိုးပစ်လိုက်နိုင်ခဲ့၏။

“သူတို့ ရှုံးခဲ့တယ်လေ .... ခွက်ခွက်လန်လန်ကို ရှုံးခဲ့တာ”

လက်ဝါးနှစ်ခု ရိုက်ခတ်သွား၍ ကြောက်မက်ဖွယ်ရာ အားလှိုင်းကြီး တရှိန်ထိုး လိမ့်ထွက်လာသည်။ လက်ဝါးနှစ်ခု၏ အားလှိုင်းက လေဓားသွားတစ်ခု ဖွဲ့တည်လိုက်၍ ပတ်ဝန်းကျင်ရှိ အဖြူရောင်မြူခိုးဆီမှ လေကို ဓားနှင့်ခုတ်နေသကဲ့သို့ တရွှစ်ရွှစ် မြည်သံများ ထွက်လာသည်။

လက်ဝါးအားလှိုင်းက မယုံနိုင်လောက်အောင် ထက်မြသော ဓားတစ်လက်ပမာ မြူများကို နှစ်ခြမ်းခွဲထွက်သွား၏။

“ဟုတ်တယ် ရှုံးခဲ့တယ်... ဒါပေမဲ့ ခင်ဗျားကိုယ်တိုင် ဘာမှလည်း မလုပ်ခဲ့ဘဲ ဘာအရည်အချင်းတွေနဲ့ သူတို့ကို အပြစ်တင်ဝေဖန်နေတာလဲ”

ချင်မူ ဒေါသတကြီး အော်ဟစ်လိုက်သည့်အခါ ချီစွမ်းအင်က တရှိန်ထိုး ထွက်ပေါ်လာသည်။ သူ၏အရွတ်များက အရေပြားအောက်တွင် နဂါးများပမာ လူးလွန့်လှုပ်ရှားနေပြီး သူက ပထမဘိုးဘေးကြီးကို တွန်းထုတ်လိုက်၏။

ဘုန်း ဘုန်း ဘုန်း

သူတို့ခြေထောက်ရှိ မြေပြင်မှာ ဆက်တိုက်‌ပေါက်ကွဲနေပြီး ကိုက်သုံးရာပတ်ပတ်လည်တွင် မြူခိုးများမရှိတော့ဘဲ ရှင်းလင်းနေတော့သည်။

“လူသားဧကရာဇ်ခန်းမကို တည်ထောင်ခဲ့တာအပြင် ခင်ဗျား ဘာလုပ်ခဲ့လဲ” ချင်မူက မေးလိုက်ပြီး သူ့အနောက်၌ မီးတောင်များ ဝုန်းခနဲ ဖွဲ့တည်ပေါက်ကွဲသွား၏။ မီးတောက်များက ကောင်းကင်ယံသို့ တရှိန်ထိုး မြင့်တက်သွားသည်။ ဤသည်မှာ နှလုံးမီးတောက်ကို ပေါက်ကွဲအားလှိုင်းအဖြစ် စုဝေးလိုက်သည့် လူသားဧကရာဇ်ချီကန်း၏ လက်သီးသိုင်းကွက် ဖြစ်သည်။

ပထမဘိုးဘေးကြီး၏အမူအရာ မသိမသာ ပြောင်းလဲသွားသည်။ ချင်မူ့လက်ဝါးသိုင်းအားလှိုင်းက ရုတ်တရက် ဆထက်တိုး ပြင်းထန်လာပြီး သူ့အား ရိုက်ထုတ်ပစ်လိုက်၏။

“ခင်ဗျား ဘာမှ မလုပ်ခဲ့ဘူး”

ပထမဘိုးဘေးကြီး လေပေါ် မြောက်တက်သွားသည့်အချိန် ချင်မူ ခြေတစ်ဖက်မြှောက်လိုက်သည်ကို မြင်လိုက်ရ၏။ သူ့ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည့်အခါ ချီစွမ်းအင်က ဝိညာဉ်လက်နက်များအသွင် ပြောင်းလဲ၍ ပစ်မှတ်အား ပစ်ခွင်းလိုက်သည်။

လူသားဧကရာဇ်လန်ပို၏ ဝိညာဉ်လက်နက်အစီအရင်။

ပထမဘိုးဘေးကြီးက အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ ဝိညာဉ်လက်နက်များအား ဖြိုခွဲပစ်လိုက်သည်။ သို့သော် သူ မြေပြင်‌ပေါ်သို့ မဆင်းသက်နိုင်ခင်မှာပဲ ချင်မူ သူ့ဆီသို့ လက်ညှိုးထိုးလိုက်သည်ကို တွေ့လိုက်ရသည်။ တောင်တန်းများ လျင်မြန်စွာ ဖွဲ့တည်လာပြီး သူ့ကို လွှမ်းမိုးသွား၏။

တံတိုင်းများကို ဆက်၍ တောင်ပြာများကို ထိတွေ့ခြင်း

“သူတို့က ခင်ဗျားအောက် နိမ့်ကျနေရင်လည်း သင်ပေးလိုက်လေ... ခင်ဗျား သင်ပေးလို့ ရနေတာပဲ”

ပထမဘိုးဘေးကြီးက သိုင်းကွက်ထဲ ရုန်းထွက်လိုက်သော်လည်း ဧရာမခေါင်းလောင်းကြီးတစ်လုံးက သူ့ဆီ ပြေးဝင်လာသည်။ ချင်မူက လက်သီးချက်များ၊ ကန်ချက်များဖြင့် ခေါင်းလောင်းကြီးကို မနားမနေ ထိုးနှက်နေသည်။

ခေါင်းလောင်းမှာ တဒေါင်ဒေါင် တုန်ခါနေပြီး စွမ်းအင်လည်း ပြင်းထန်သထက် ပြင်းထန်လာသည်။ ခေါင်းလောင်းအဝက တစ်ချက်တစ်ချက် စောင်းသွားပြီး တစ်ချက်တစ်ချက် အောက်သို့ မျက်နှာမူသည်။ တစ်ချက်တစ်ချက် အပေါ်သို့ မျက်နှာမူသည်။ တစ်ချက်တစ်ချက် ပထမဘိုးဘေးကြီးဆီသို့ ချိန်ရွယ်နေတတ်သည်။

ပဉ္စမဘိုးဘေးကြီး၏ မိုးကြိုးငါးသွယ်‌ ကောင်းကင်ပင့်မြှောက် ခေါင်းလောင်း။

ပထမဘိုးဘေးကြီးက ဆက်တိုက်‌ဆုတ်ခွာနေစဉ် ချင်မူက ခေါင်းလောင်းတီးရင်း သူ့ကို ဒေါသတကြီး အော်ဟစ်နေသည်။။ “ဒုတိယဘိုးဘေးကြီး ဘာလို့ သေသွားလဲ... အသက်ကြီးသွားလို့”

ဒေါင်

ပထမဘိုးဘေးကြီး၏ ခြေလှမ်းများ ယိမ်းယိုင်လာသည်။

“တတိယဘိုးဘေးကြီး ဘာလို့သေသွားလဲ... အသက်ကြီးသွားလို့”

“စတုတ္ထဘိုးဘေးကြီး ဘာလို့သေသွားလဲ... အသက်ကြီးသွားလို့”

“လူသားဧကရာဇ်အားလုံးရဲ့ တွေးတောနိုင်စွမ်းနဲ့ စိတ်နေစိတ်ထားတွေက ခင်ဗျားအောက် နိမ့်ကျနေလို့လား... ခင်ဗျား မလုပ်နိုင်ခဲ့ရင် နတ်ဘုရားဖြစ်နိုင်တဲ့ ကျင့်စဉ်ကို သူတို့ဆီ ပေးပြီး လုပ်ခိုင်းလိုက်လေ... ဘာလို့ အသက်ကြီးပြီး သေခွင့်ပေးခဲ့တာလဲ”

ချင်မူက ဖုန်းတုတွင် သင်ခဲ့ရသော လူသားဧကရာဇ် ၃၄ ယောက်၏ ကောင်းကင်နတ်သိုင်းများကို ထုတ်ဖော်တိုက်ခိုက်နေသည်။ လူသားဧကရာဇ် ၃၄ ယောက်က သူ၏စိတ်နေစိတ်ထားနှင့် အတွေးအမြင်များကို စမ်းသပ်ခဲ့သော်လည်း ကျင့်စဉ်အပြည့်အစုံ မသင်ပေးခဲ့ဘဲ လူသားဧကရာဇ်ခန်းမ၌ လေ့လာစေချင်ခဲ့သည်။

သူတို့က ချင်မူ့ကို အကြမ်းဖျင်းသာ သင်ပေးခဲ့ပြီး များများစားစား သိလိုက်မည်မဟုတ်ဟုသာ ထင်ထားကြ၏။ သို့တိုင်အောင် သူ့လက်ထဲတွင် သူတို့၏ကောင်းကင်နတ်သိုင်းများက အားမာန်အပြည့်ဖြင့် ထွက်ပေါ်လာနေ၍ ပထမဘိုးဘေးကြီးမှာ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်နေရတော့သည်။

“ခင်ဗျားမှာ နတ်ဘုရားဖြစ်စေမယ့် ကျင့်စဉ် ရှိနေရင် သူတို့ကို သင်ပေးလိုက်ပါ့လား .. ဘာလို့ မသင်ပေးခဲ့တာလဲ”

“သူတို့ ခင်ဗျားဆီက ဘာရခဲ့လဲ... သုံးစားမရတဲ့ သံတုံးကြီးကလွဲလို့.... တာဝန်ဝတ္တရားတွေ၊ ဝန်ထုပ်ဝန်ပိုးတွေက လွဲလို့ ခင်ဗျားဆီက ဘာမှမရခဲ့ဘူး

“ခင်ဗျားရဲ့ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေကိုတောင် မလေ့လာခဲ့ရပေမယ့် ခင်ဗျားဘာသာခင်ဗျား မထမ်းနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပြီး ခင်ဗျားကြောက်တဲ့ ရန်သူတွေကို တိုက်ခိုက်ပေးခဲ့တယ်... ဒါတောင် ခင်ဗျားက သူတို့ကြိုးစားအားထုတ်ခဲ့တာတွေကို ဖျက်စီးပစ်ရုံတင်မကဘူး... သူတို့အလောင်းတွေကိုပါ ဖျက်စီးပစ်ချင်နေတယ်... သူတို့အားလုံး သေပြီးတဲ့နောက်မှာတောင် ခင်ဗျားကို မျက်နှာပြရမှာ ရှက်ခဲ့ကြတယ်.... မ‌အောင်မြင်ခဲ့တာကို ရှက်ခဲ့ကြတယ်

“ဒါတောင် ခင်ဗျားက သူတို့ချန်ရစ်ခဲ့တာတွေကို ဖျက်စီးပစ်ချင်တယ်တဲ့လား... ခင်ဗျား ဘယ်မျက်နှာနဲ့ သူတို့ကို အသုံးမကျဘူးလို့ ခေါ်ရဲတာလဲ... သူတို့က အမှိုက်တွေလို့ ခင်ဗျား ဘယ်ပါးစပ်နဲ့ ပြောထွက်ရဲတာလဲ”

ချင်မူ နောက်ဆုံးတိုက်ကွက် ထုတ်ဖော်လိုက်သော်လည်း  ပထမဘိုးဘေးကြီးက သူ့လက်သီးကို ဆုပ်ကိုင်၍ သူ့အား မြေကြီးပေါ်သို့ မညှာမတာ ကိုင်ပေါက်ချလိုက်သည်။

ချင်မူ ခုန်ထလိုက်သည့်အခါ ပထမဘိုးဘေးကြီးက လက်သီးသိုင်းများ၊ ခန္ဓာကိုယ်လှုပ်ရှားမှုအမျိုးမျိုး၊ ဓားသိုင်းများ၊ ဝင်္ကပါသိုင်းများဖြင့် သူ့ကို တိုက်ခိုက်ရင်း ချင်မူ၏သိုင်းကွက်အားလုံးကို အလွယ်တကူ ဖြိုခွဲပစ်နေသည်။ ဆန်းကြယ်လှသော သူ၏သိုင်းကွက်များကြောင့် ချင်မူမှာ ခုခံနေရတော့သည်။

ပထမဘိုးဘေးကြီးသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သန်မာအားကောင်းနေဆဲ ဖြစ်ပြီး စောစောက ဆုတ်ခွာနေခဲ့ခြင်းမှာ ချင်မူ အားအင်လျော့နည်းသွားမည်ကို စောင့်နေသော လှည့်ကွက်သာ ဖြစ်ခဲ့ပုံရ၏။ ယခုတွင် သူက ချင်မူ၏ယုံကြည်မှုနှင့် ရုပ်ခန္ဓာကို တစ်ပြိုင်တည်း ဖျက်စီးပစ်ချင်နေသည်။

ပထမဘိုးဘေးကြီးက တိုက်ပွဲအတွေ့အကြုံများသည့်အပြင် ရုပ်ခန္ဓာကလည်း အပြီးပြည့်စုံဆုံး အခြေအနေတွင် ဖြစ်သည်။ ချီစွမ်းအင်ထိန်းချုပ်နိုင်စွမ်းကလည်း အလွန်မြင့်မားသေသပ်၏။ ချင်မူမှာ ခံစားချက်များ မထိန်းနိုင်ဘဲ ကမူးရှူးထိုး တိုက်ခိုက်နေခဲ့သော်လည်း ပထမဘိုးဘေးကြီးကမူ ခံစားချက်များကို ကောင်းစွာထိန်းချုပ်ထားသဖြင့် စွမ်းအင်အလဟဿ မကုန်ခဲ့ပေ။

ဘုန်း ဘုန်း ဘုန်း

ချင်မူ လက်သီးချက်များ၊ ကန်ချက်များနှင့် ကောင်းကင်နတ်သိုင်းများအား ခံစားလိုက်ရသည်။ ပထမဘိုးဘေးကြီး၏ အစစ်အမှန်နတ်ဘုရားငယ်ရုပ်ခန္ဓာနှင့် ယှဉ်လျှင် သူ့မှာ ပျော့ညံ့လွန်းနေလေသည်။

အစစ်အမှန်နဂါးလောကသခင်ခန္ဓာမှာ ဆက်လက်မတောင့်ခံနိုင်တော့၍ ပထမဘိုးဘေးကြီး သူ့မျက်ခုံးနှစ်ဖက်ကြားသို့ လက်ချောင်းတစ်ချောင်းဖြင့် ထိလိုက်သည့်အခါ ချုပ်ထားသမျှ ဒဏ်ရာအားလုံး ပွင့်ထွက်သွားတော့၏။

ချင်မူ ကောင်းကင်ပေါ် မြောက်တက်သွားပြီး အပေါက်ဗလပွဖြင့် စုတ်ပြတ်နေသော အိတ်တစ်သဖွယ် ဒုတိယဘိုးဘေးကြီး၏ ပြိုကျနေသည့် တဲရှေ့သို့ ပြုတ်ကျသွားသည်။

သူ ကုန်းရုန်းထသော်လည်း မည်မျှကြိုးစားစေကာမူ မထနိုင်ပေ။

ပထမဘိုးဘေးကြီးက အေးစက်သောအမူအရာဖြင့် လျှောက်လာသည်။ သူက ချင်မူ့ဘေး၌ ရပ်ပြီး ခံစားချက်မဲ့စွာ ပြော၏။ “မင်းက အပြောကြီးလွန်းတယ်.... အခု အဲဒီအပြောတွေက အသုံးဝင်သေးလား... မင်း ငါ့ကို အနိုင်မယူနိုင်ရင် လူသားဧကရာဇ်ဘွဲ့ကို ဘယ်တော့မှ မထမ်းဆောင်နဲ့တော့... လူသားဧကရာဇ်ဖြစ်လာတာနဲ့ မင်း ရင်ဆိုင်ရမယ့် ရန်သူတွေက ငါ့ထက် အဆများစွာ ရက်စက်တယ်၊ အဆများစွာ သန်မာအားကောင်းတယ်”

ချင်မူ သူ့ကို စိုက်ကြည့်နေစဉ် ပထမဘိုးဘေးကြီးသည် ဒုတိယဘိုးဘေးကြီး၏ ကောက်ရိုးတဲဆီသို့ လျှောက်သွားပြီး အရိုးစုကို‌ မြှောက်လိုက်၏။

“မလုပ်နဲ့...” ချင်မူ တွားသွားပြီး ပထမဘိုးဘေးကြီး၏ ခြေကျင်းဝတ်ကို ဖက်ကာ မျက်ရည်များဖြင့် ငိုရှိုက်ရင်း တောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ်”

ဖြောင်း

ဒုတိယဘိုးဘေးကြီး၏ အရိုးစုမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားကာ မြေပြင်ပေါ် ကျလာသည်။

ပထမဘိုးဘေးကြီးက ခြေထောက်မြှောက်၍ အရိုးစများကို နင်းရင်း အေးစက်စွာ ပြောသည်။ “မင်း ငါ့ကို အနိုင်မယူနိုင်ရင် သူတို့ကို ဘယ်တော့မှ အနိုင်ယူနိုင်မှာမဟုတ်ဘူး... ဒါက မင်းအတွက် ပထမအခွင့်အရေးပဲ... မင်းအနေနဲ့ ငါ့ကို နောက်ထပ် ၃၄ ကြိမ် စိန်ခေါ်ခွင့်ရှိသေးတယ်”

မျက်ရည်များကြောင့် ချင်မူ့မျက်လုံးများ ဝေဝါးနေပြီး ပါးနှစ်ဖက်လည်း ရေခဲတမျှ အေးစက်နေသည်။ ပထမဘိုးဘေးကြီးက သူ့ကို ကောက်မ၍ သေတ္တာပေါ် ပစ်တင်လိုက်သည်။ “မင်း ငါ့ကို ရှုံးတိုင်း လူသားဧကရာဇ်တစ်ယောက်ရဲ့ အရိုးစုကို ဖျက်စီးပစ်မယ်... မင်း ဆက်တိုက်ရှုံးနေရင် ဒီလူသားဧကရာဇ်အရိုးစုတွေ တစ်စုမှ မကျန်စေရဘူး ... သွားတော့”

နဂါးချီလင်က ပထမဘိုးဘေးကြီးဆီသို့ ဟိန်းဟောက်လိုက်သော်လည်း ပါးစပ်အား ပိတ်လှောင်ခံထားရ၍ အသံမထွက်နိုင်ပေ။

ပထမဘိုးဘေးကြီး လှမ်းကြည့်သည့်အခါ နဂါးချီလင် ခေါင်းငုံ့သွားသည်။ သူက ချင်မူနှင့် သေတ္တာကြီးကို ခေါ်ရင်း လှည့်ထွက်သွား၏။

“ကျုပ် ခင်ဗျားကို သတ်မယ်” ချင်မူ့အသံက သေတ္တာကြီးအပေါ်မှ လွင့်ပျံ့လာသည်။ “မရရအောင် သတ်ပစ်မယ်”

ပထမဘိုးဘေးကြီး တုန်ရီသွားသော်လည်း လှည့်မကြည့်ပေ။ နဂါးချီလင် ချင်မူနှင့် သေတ္တာကြီးကို ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ရှေးဟောင်းအစိတ်အပိုင်းတစ်ခုဖြစ်သော နယ်မြေထဲမှ ခေါ်ထုတ်သွားတော့သည်။

“ငါ တောင်းပန်ပါတယ်...”

ဒုန်း

ပထမဘိုးဘေးကြီးက ဖုန်တထောင်းထောင်း ထနေသော ဒုတိယဘိုးဘေးကြီး၏ ‌တဲပုံအရှေ့၌ ဒူးထောက်ချလိုက်သည်။ “ငါ တောင်းပန်ပါတယ်... တကယ် တောင်းပန်ပါတယ်... မင်းရဲ့ရုပ်ကြွင်းကို ငါ ဖျက်စီးချင်တာ မဟုတ်ပါဘူး.... တောင်းပန်ပါတယ်....”

“ကျွန်တော် ခွင့်လွှတ်ပေးထားပြီးသားပါ”

တစ္ဆေအရိပ်တစ်ခုက တဲပုံထဲမှ ထွက်လာသည်။ ၎င်းက ပြုံးနေသော ဒုတိယဘိုးဘေးကြီး၏ ပုံရိပ်ဖြစ်သည်။ “ကျွန်တော်  ဆရာ့ကို ခွင့်လွှတ်ပေးထားတာ ကြာပါပြီ။ ဆရာ့အတွေးကို သိပါတယ်... သူက လောကသခင်ခန္ဓာမလို့ မြန်မြန်တိုးတက်စေချင်တာ မဟုတ်လား... သူက ကျွန်တော်တို့ မထမ်းနိုင်ခဲ့တဲ့ ဝန်တွေကို ထမ်းနိုင်တယ်မလား.... ကျွန်တော် ခွင့်လွှတ်ပါတယ်... ဖုန်းတုကို ပြန်လာပါတော့... သူတို့လည်း ဆရာ့ကို ခွင့်လွှတ်ပါလိမ့်မယ်”

အရိုးစုများက ဒူးထောက်နေသော ပထမဆုံးလူသားဧကရာဇ်အား မော့ကြည့်လိုက်ကြသည်။ “ကျွန်တော်တို့အားလုံး ခွင့်လွှတ်ပါတယ်...”

သူတို့က သူတို့၏ဘိုးဘေးကြီးကို ကြည့်နေကြ၏။ ပထမဆုံးလူသားဧကရာဇ်သည် နတ်ဘုရားဖြစ်စေမည့်ကျင့်စဉ်ကို သူတို့ဆီသို့ မပေးခဲ့သော်လည်း စကားလုံးများဖြင့် မဖော်ပြနိုင်သော စိတ်ခွန်အား၊ ဘယ်တော့မှ လက်မလျှော့မည့်၊ မသေဆုံးမည့် စိတ်ခွန်အားကို ပေးခဲ့၏။

“ငါ့ကိုယ်ငါ မခွင့်လွှတ်နိုင်ဘူး”

ဒူးထောက်နေသော ပထမဘိုး‌ဘေးကြီး၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ‌ကျောက်ရုပ်တုအသွင် ပြောင်းသွားပြီး မူလဝိညာဉ်က အဝေးသို့ ထွက်သွားချေပြီ။

သေတ္တာကြီးက ချင်မူ့ကို သယ်ရင်း ပြေးနေသဖြင့် တဂျောင်းဂျောင်း တဗြုန်းဗြုန်း မြည်နေသည်။ သေတ္တာကြီး၏အရှေ့တွင် နဂါးချီလင်က တောရိုင်းထဲရှိ ဆန်းကြယ်သားရဲများ အမှတ်မထင် တိုက်ခိုက်မည်စိုး၍ အရှေ့သို့ သတိအပြည့်ဖြင့် ကြည့်နေ၏။

နှစ်ရက်ကြာသော် သူတို့ နယ်စပ်နဂါးမြို့သို့ ပြန်ရောက်သွားကြသည်။ စစ်ယွင်ရှန်းနှင့် ဟူလင်းအာမှာ ချင်မူ့ကို ပျာပျာသလဲ ပြုစုကုသပေးကြ၏။ ရက်အနည်းကြာသော် ချင်မူ ပြန်သက်သာလာပြီး အားပြန်ပြည့်လာသည်။

“ငါ သူ့ကို သတ်မယ်” မြို့ထဲရှိ နဂါးကျောက်တိုင်အပေါ်တွင် ချင်မူ ထိုင်နေသည်။ သူ့မျက်လုံးများမှာ အသက်မရှိပေ။ “ငါ သူ့ကို မရရအောင် သတ်ပစ်မယ်... ဘယ်တော့မှ ခွင့်မလွှတ်ဘူး....”သူက သူ့ကို ဤကျောက်တိုင်ပေါ်သို့ ခေါ်လာခဲ့သည့် လင်ယွိရှို့အား ပြောပြနေသည်။

လင်ယွိရှို့မှာ စိတ်ပျက်လက်မှိုင်ကျနေသော ချင်မူကို မကြည့်ရက်သလို၊ မည်သို့နှစ်သိမ့်ရမှန်းလည်း မသိသောကြောင့် အတူတူ ကစားခဲ့ဖူးသည့် နေရာသို့ စိတ်ပြေလက်ပျောက် ခေါ်လာခဲ့ခြင်းဖြစ်သည်။

“ခမည်းတော် ငါ့ကို ပြန်ခေါ်နေပြီ... အနောက်ကမ္ဘာမြေကို လွှတ်မယ်လို့ ပြောတယ်” လင်ယွိရှို့က အတန်ငယ် တွန့်ဆုတ်နေပြီးနောက် ဆက်ပြောလိုက်သည်။။ “အနောက်ကမ္ဘာမြေက ငါတို့လက်အောက် ဝင်ခဲ့ပေမယ့် နန်းတွင်းရဲ့ အာဏာ မသက်ရောက်သေးဘူး... နင် ငါနဲ့အတူ အနောက်ကမ္ဘာမြေမှာ လျှောက်လည်ချင်လား... တစ်ယောက်တည်း အဲဒီအကြောင်းတွေ တွေးမနေပါနဲ့... ငါ့ကို ပြောပြလေ... ငါလည်း အကြံလေးဘာလေးပေးလို့ ရလောက်ပါတယ်”

ချင်မူက အသက်မဲ့နေသော မျက်ဝန်းများဖြင့် သူမအား ငေးငေးငိုင်ငိုင် ကြည့်သည်။ သူ ဆွဲနှုတ်လေ့ရှိသော မုတ်ဆိတ်မွှေးတိုတိုများမှာလည်း ယခုတွင် ခပ်ရေးရေး ထွက်နေပြီဖြစ်၏။ သူက အသက်မပါစွာ မေးလိုက်သည်။ “အစစ်အမှန်နတ်ဘုရားတစ်ပါးကို ဘယ်လိုအနိုင်ယူရမလဲ”

လင်ယွိရှို့ မှင်သက်သွားမိသည်။

ချင်မူက လှဲချလိုက်၏။ “အနောက်ကမ္ဘာမြေကို သွားပါ... ဧကရာဇ်က နင့်ကို လောလောလတ်လတ် သိမ်းထားတဲ့ အနောက်ကမ္ဘာမြေဆီ သွားခိုင်းပြီး အိမ်ရှေ့မင်းသားယွိရှုကိုလည်း မြောက်ပိုင်းဆီ လွှတ်ထားတယ်... နင် အနောက်ကမ္ဘာမြေကို သူ့ထက်‌ ကောင်းကောင်းအုပ်ချုပ်ပြနိုင်ရင် အိမ်ရှေ့မင်းသမီးအရိုက်အရာ ဆက်ခံရလိမ့်မယ်... နင် လိုအပ်ရင် ငါ ကူညီပေးမယ်.... အနောက်ကမ္ဘာမြေမှာလည်း ငါ့လူတွေ ရှိတယ်.... ဒါပေမဲ့ ငါ နင်နဲ့ လိုက်လို့မရဘူး... တွေးစရာတွေ ရှိနေလို့”

လင်ယွိရှို့ သူ့ဘေးတွင် လှဲချရင်း နဖူးပေါ် လက်တင်ကာ ကောင်းကင်အား ငေးကြည့်နေမိသည်။ “လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ငါတို့ ဒီမှာ အခုလိုပဲ လှဲနေကြဖူးတယ်နော်.... အဲဒီတုန်းက ဘာအပူအပင်မှလည်း မရှိကြဘူး ပျော်စရာလည်းကောင်းခဲ့တယ်.... ငါ နင့်ကို သ‌ဘောကျခဲ့သလို၊ နင်လည်း ငါ့ကို သဘောကျခဲ့တယ်... လူကြီးဖြစ်လာတော့မှ ဘာကြောင့်ပူပင်စရာတွေ ဒီလောက်များလာတာလဲ... ငါ အဲဒီတုန်းက အချိန်တွေကို သိပ်လွမ်းမိတယ်”

“လူကြီးဖြစ်လာလို့ပဲ ပူပင်စရာတွေ များလာတာနေမှာ”  ချင်မူက ခပ်တိုးတိုး ရေရွတ်ပြီးနောက် မျက်လုံးပိတ်လိုက်သည်။

လင်ယွိရှို့က သူ့ဘက် လှည့်လာပြီး သူ့မျက်နှာကို ဘေးမှ ကြည့်နေ၏။ သူမက သူ့မေးစေ့မှ ရှည်ထွက်နေသော အမွှေးတစ်ချောင်းကို  နှုတ်ကာ မေးလိုက်သည်။ “နင်ရော... အရင်က နင် ဖြစ်နေတုန်းပဲလား”

ချင်မူ မှင်သက်သွားသည်။ “ရှင်းအန်းပြောတာတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ခုနစ်နှစ်ကြာတိုင်း ပြောင်းလဲသွားတယ်တဲ့.... အခုဆို သုံးလေးနှစ် ကြာပြီဆိုတော့ .. ငါလည်း အရင်က ငါရဲ့ တစ်ဝက်လောက်ပဲ ကျန်လောက်တယ်”

လင်ယွိရှို့မှာ တုန်ရီသွားပြီး သူ့မုတ်ဆိတ်မွှေးများကို ဆွဲ‌ဆောင့်နုတ်ကာ ‌စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။ “ငါ့ကို လန့်အောင် လုပ်ပြန်ပြီ... နင် ဘယ်တော့မှ ရှင်းအန်း ဖြစ်လာမှာမဟုတ်ဘူး” သူမက ခေါင်းကလေးစောင်းကာ စဉ်းစားနေ၏။ “နင် ငါ့ကို အနောက်ကမ္ဘာမြေဆီ မသွားစေချင်ရင် ငါ နင့်အနားမှာ နေပေးနိုင်ပါတယ်”

“သွားချင်လား” ချင်မူ မေးလိုက်မိသည်။

“သွားချင်တယ်” လင်ယွိရှို့က ထရပ်၍ မဟာမြို့ပျက်၏ တောင်တန်းမြစ်ပြင်များကို အပေါ်စီးမှ ကြည့်ကာ စိတ်အားတက်ကြွစွာ ပြောလိုက်၏။ “ငါ အမျိုးသမီးဧကရာဇ် ဖြစ်ချင်တယ်.... ခမည်းတော်ကို အနိုင်ယူချင်တယ်... ငါက သူ့သားတော်အားလုံးထက် ပို‌တော်ပြီး ၊ ပိုအင်အားကြီးကြောင်း သိအောင် လုပ်ပြချင်တယ်”

ချင်မူ၏အသက်မဲ့သော မျက်ဝန်းများ ဝင်းလဲ့သွားသည်။ လင်ယွိရှို့၏ စိတ်အားတက်ကြွဖွယ်ရာ စကားကို ကြားပြီးနောက် သူလည်း အသက်ပြန်ရှင်လာသကဲ့သို့ စိတ်အားတက်လာတော့သည်။

All Chapters