← Chapters

ကျောက်စိမ်းမြို့တော်ငယ်တွင် လမ်းရှာဖွေခြင်း

Vol. 38 Ch. 524

ကျောက်စိမ်းမြို့တော်ငယ်တွင် လမ်းရှာဖွေခြင်း

Vol. 38 Ch. 524

လင်ယွိရှို့က ချင်မူအား ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်သို့ လိုက်ပို့ပေးပြီး နှစ်ရက်အတွင်း မြို့တော်သို့ ပြန်သွားသည်။

ဧကရာဇ်ယန်ဖုန်း တက္ကသိုလ်လေးခုကို နန်းတွင်းကောလိပ်ပြီးလျှင် အဆင့်အမြင့်ဆုံးကျောင်းတော်များအဖြစ် ဖွင့်လှစ်ရန် လိုလားခဲ့တုန်းက ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ စံအိမ်သခင်များ၊ ဂိုဏ်းအကြီးအကဲများနှင့် ကောင်းကင်နတ်မင်းများမှာ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ် တည်ထောင်ခွင့်ရရန် အပြိုင်အဆိုင် ကြိုးစားအားထုတ်ခဲ့ကြရ၏။ သူတို့၏အားထုတ်မှုမှ အသီးအပွင့်များအနေဖြင့် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ် တည်ထောင်ရန် ခွင့်ပြုချက်ရခဲ့သည်။

ကောင်းကင်တန်ခိုးရှင်တက္ကသိုလ် တည်နေရာအဖြစ် အဘွားစစ်၏နန်းတော်ကို ရွေးချယ်ခဲ့ပြီး ရှင်းအန်းနှင့် တိုက်ခိုက်ပြီးကတည်းက အဘွားစစ်၊ ရွှေအ၊ မျက်ကန်းနှင့် ဆေးဆရာတို့က ထိုနေရာတွင် နေထိုင်ခဲ့ကြသည်။

နန်းတွင်းတွင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသားများစွာ ရှိ၏။ ရာထူးအမြင့်ဆုံးက ဧကရာဇ်အတိုင်ပင်ခံနှင့် နယ်စားဝေ့ဖြစ်ကာ အနိမ့်ဆုံးကမူ စစ်သည်တော်များနှင့် စာရေးများ ဖြစ်ကြသည့်အတွက် ချင်မူအနေဖြင့် တက္ကသိုလ်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ရန် မလိုအပ်ပေ။ အခြားသူများက သူ့နာမည်ခံ၍ ယှဉ်ပြိုင်ပေးကြလိမ့်မည်။

အဘွားစစ်၊ ရွှေအနှင့် မျက်ကန်းတို့က ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ အဆောင်မှူးများ ဖြစ်လာကြပြီး ကျန်အဆောင်မှူးအများစုကလည်း နတ်ဂိုဏ်းသားများသာ ဖြစ်ကြ၏။

ချင်မူ ပြန်ရောက်လာသည့်အချိန်က အတန်းတက်နေသည့်အချိန် ဖြစ်၍ တက္ကသိုလ်ထဲတွင် မည်သူကိုမျှ မမြင်ရပေ။ ကန်ထဲ၌ ဆော့ကစားနေသော ရေနဂါးအုပ်ကိုသာ မြင်ရသည်။ ရေနဂါးများမှာ ချင်မူ့ကို မြင်လျှင် စစချင်း မှင်သက်သွားကြပြီး တခဏကြာသော် ကန်ထဲမှ ဝရုန်းသုန်းကား တက်လာကြသည်။

အခြေအနေမဟန်တော့မှန်း သိသဖြင့် ချင်မူမှာ လှည့်ပြေးတော့သည်။ ‘ဒီရေနဂါးတွေကို ကောင်းကင်နတ်မယ်ရှန်း တန်ခိုးရှင်သက်ဆင်းတောင်ဆီ ခေါ်သွားတာမဟုတ်ဘူးလား... ဘာလို့ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်မှာ ရောက်နေတာတုန်း’

“မာ ဟာ မာ ဟာ မာ ဟာ”

ရေနဂါးအုပ်က နဂါးချီလင်နှင့် သေတ္တာကြီးကို ကျော်သွားသည်။ တခဏကြာသော် ချင်မူ့အား ရေနဂါးများ လိုက်မှီသွား၏။ သူတို့အားလုံးက သူ့အပေါ် ကုပ်တွယ်တက်ပြီး ခေါင်းများဖြင့် တိုးဝှေ့နေကြသဖြင့် သူတို့၏ချိုများကြောင့် သူ့လည်ပင်းပေါ်ရှိ ဒဏ်ရာများ ပွင့်လာသည်။

“မာဟာ...” ရေနဂါးသေးသေးလေးများက သူ့ကို ကုပ်တွယ်ထားရင်း အိပ်တော့မည့်အလား မျက်လုံးများမှေးစင်းသွားကြသည်။

ချင်မူမှာ ရေကန်ထဲက ထွက်လာသကဲ့သို့ ရွှဲရွှဲစိုနေတော့သည်။

ထိုစဉ် နဂါးချီလင်က သက်ပြင်းအရှည်ကြီး ချလိုက်၍ ရေနဂါးများက သူ့ကို တစ်ပြိုင်တည်း လှည့်ကြည့်ကြ၏။ နဂါးချီလင်မှာ ဒုက္ခရောက်တော့မည်မှန်း သိသည်နှင့် ထွက်ပြေးတော့သည်။

“မာ ဟာ မာ ဟာ မာ ဟာ”

ရေဂါးအုပ်က သေတ္တာကြီးအား ကျော်သွားပြီး တခဏကြာသော် နဂါးချီလင် တွားသွားနေရသည်ကို ချင်မူ မြင်လိုက်ရ၏။ သူ့လည်ပင်း၊ ခန္ဓာကိုယ်နှင့် ခြေလေးချောင်းလုံးတွင် ရေနဂါးများ ကပ်တွယ်နေသည်။

“မာဟာ” ရေနဂါးများက နဂါးချီလင်၏ကိုယ်လုံးကြီး သွေးထွက်လာသည့်တိုင်အောင် တိုးဝှေ့ပွတ်သပ်နေကြသည်။

“မာ ဟာ?” ရေနဂါးအုပ်က သေတ္တာကြီးကို စပ်စပ်စုစု ကြည့်ကြသည်။

သေတ္တာကြီးက ချင်မူနောက် လိုက်ရန် ပြင်နေသော်လည်း တခဏကြာသော် ၎င်းလည်း ဒုက္ခရောက်တော့မည်မှန်း သိ၍ ထွက်ပြေးတော့၏။

ရေနဂါးများက နဂါးချီလင်အပေါ်မှ လျှောဆင်းသွားကြပြီး ဝမ်းသာအားရ အော်ဟစ်ကာ သေတ္တာကြီးနောက်သို့ ပြေးလိုက်သွားကြသည်။ “မာ ဟာ မာ ဟာ မာ ဟာ”

နဂါးချီလင်မှာ ဟင်းခနဲ သက်ပြင်းချရင်း တုံးလုံးပက်လက် လဲကျသွားသည်။ တခဏကြာသော် သေတ္တာကြီး ပြန်ရောက်လာသည့်အခါ ချင်မူနှင့် နဂါးချီလင် မျက်လုံးပြူးသွား၏။ သေတ္တာပေါ်တွင် နဂါးတစ်ကောင်မှ ရှိမနေပေ....

“မာဟာ....” သေတ္တာအဖုံး ပွင့်သွားပြီး ရေနဂါးဆယ်ကောင်ကျော်၏ ခေါင်းများ ထွက်လာသည်။ သူတို့က တစ်ပြိုင်တည်း အော်ဟစ်ရင်း ပျော်နေကြ၏။

သေတ္တာကြီးကလည်း သဘောကျနေပြီး ရေနဂါးများမှာ အနည်းငယ်မျှ မ,လေးသည့်အလား သယ်ရင်း ပြေးလွှားဆော့ကစားနေသည်။

“မူအာ ပြန်လာတာလား”

အတန်းဆင်းခေါင်းလောင်းထိုးသံနှင့်အတူ အဘွားစစ်က ခန်းမတစ်ခုထဲမှ ထွက်လာသည်။ ချင်မူ့ကို မြင်လျှင် ပြုံးရွှင်သွားပြီး အ‌ပြေးလာကြို၏။ “မင်းကွယ် မတွေ့ရ‌တာတောင် ကြာပြီ... ပါမောက္ခချုပ် ဖြစ်ကတည်းက တက္ကသိုလ်မှာ ကပ်တယ်ရယ်လို့ မရှိဘူး... ဒီကျောင်းသားတွေအားလုံးကို ဘွားဘွားတို့နဲ့ ပစ်ထားပြီး လျှောက်သွားနေတာချည်းပဲ”

ချင်မူက သူမကို တင်းတင်းကြပ်ကြပ် ဖက်လိုက်မိပြီး မျက်ရည်များက အတားအဆီးမရှိစွာ ကျလာတော့သည်။ “ဘွားဘွား”

အဘွားစစ်မှာ အံ့အားသင့်သွားပြီး သူ့ကို နူးညံ့ကြင်နာစွာ ပြုံးပြ၏။ “အနိုင်ကျင့်ခံလာရတလား... ဘယ်သူက မဟာနတ်ဂိုဏ်းသခင်ကြီးကို ဒီလိုငိုရအောင် လုပ်လိုက်တာလဲ.... ကဲ ကဲ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ကြီးရယ်... မငိုပါနဲ့တော့... ကျောင်းသားတွေ မြင်သွားရင် ဘယ်ကောင်းပါ့မလဲ... ဘွားဘွားကို ဘာဖြစ်ခဲ့တာလဲ ပြောစမ်း... မင်းအတွက် ဘွားဘွား သွားရိုက်ပေးမယ်”

ချင်မူ စိတ်ငြိမ်အောင် ပြန်ထိန်း၍ သူမအား လွှတ်ပေးလိုက်သည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “ဒီရေနဂါးတွေက ဘယ်လိုလုပ် ဒီရောက်နေတာလဲ... တန်ခိုးရှင်သက်ဆင်းတောင်မှာ ရှိနေရမှာ မဟုတ်ဘူးလား”

“စပ်စလူးမလေးရှန်းက တန်ခိုးရှင်သက်ဆင်းတောင်ကို ပို့ချင်ပေမယ့် သူတို့အစားကြီးတာ သိတာနဲ့ မခေါ်ထားချင်တော့ဘူး။ အကုန်အကျလို့တဲ့လေ... အခုလို  ပြန်ပို့လိုက်တာပဲ” အဘွားစစ်က ရှင်းပြသည်။

“စပ်စလူးမလေးရှန်းက တကယ် ကပ်စေးနဲကော်တရာလေး.... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ကို မျက်စိဒေါက်ထောက် ကြည့်နေတာ... ဒါပေမဲ့ သူတို့ကို တက္ကသိုလ်မှာ ထားတာလည်း ကောင်းပါတယ်။ ကျောင်းသားတွေက မင့်ဘိုးဘိုးဆေးဆရာဆီကနေ ဆေးဖော်နည်းတွေ သင်တယ်လေ... သူတို့ဖော်တဲ့ ဆေးလုံးတွေက ဒီရေနဂါးတွေ စားဖို့ အနေတော်ပဲ

“တကယ်တော့ ဒီကောင်လေးတွေက တက္ကသိုလ်မှာ အတော်လေး နာမည်ကြီးတယ်ကွဲ့... ကျောင်းသားတွေ နဂါးပုံဆွဲချင်ရင်တို့၊ နဂါးသဏ္ဍာန် ဝိညာဉ်လက်နက်တွေ သွန်းလုပ်ချင်ရင်တို့၊ နဂါးအခြေခံကောင်းကင်နတ်သိုင်းတွေ ကျင့်ချင်တို့... အဲဒီလိုနေရာတွေမှာ သူတို့ကို လိုတယ်

“ပြောစမ်း ဘွားဘွား.. ဘာဖြစ်ခဲ့တာလဲ... ဘယ်သူက ရန်စလိုက်တာလဲ... ထော့ကျိုး၊ ဆေးဆရာ၊ မျက်ကန်း လာကြဦး... မူအာ အနိုင်ကျင်ခံတာ ခံလိုက်ရတယ်”

ဘုန်း

ထော့ကျိုးက ချင်မူ့ဘေးသို့ ခုန်ချလိုက်ပြီး မေးလိုက်သည်။ “ဘယ်သူက ငါတို့မူအာကို အနိုင်ကျင့်လိုက်တာလဲ.... အဲဒီကောင် သေချင်နေတာလား”

“သူက ပထမဆုံးလူသားဧကရာဇ် နတ်ဘုရားအစစ်ပါ ဘိုးဘိုးထော့ကျိုး....” ချင်မူ ပြောလိုက်သည်။

ထော့ကျိုး တုန်ရီသွားပြီး လှည့်ထွက်သွား၏။ မျက်ကန်းက သူ့ကို လှမ်းဆွဲကာ ပြုံးလျက် မေးလိုက်သည်။ “ထော့ကျိုး ကြောက်နေတာလား”

“မကြောက်ဘဲ နေမလားဟ” ထော့ကျိုးက ညည်းသည်။ “ဟိုခွေးသား ရှင်းအန်းက နတ်ဘုရားအစစ်တောင် မဟုတ်သေးဘူး... ငါတို့ကို ပက်ပက်စက်စက် သမ,သွားတယ်လေ။ ပထမဆုံးလူသားဧကရာဇ်က နတ်ဘုရားအစစ်ကြီးလေ... သူ့ကို ရန်သွားလုပ်တာက ကိုယ့်သေတွင်းကိုယ်တူးသလို မဖြစ်ဘူးလား”

ဆေးဆရာက လျှောက်လာသည်။ “ပထမဆုံးလူသားဧကရာဇ်ဟုတ်လား... နတ်ဘုရားအစစ်တဲ့လား... အဆိပ်နဲ့ ရှင်းပစ်လို့ မရဘူးလား”

ချင်မူ ခေါင်းယမ်းလိုက်မိသည်။ “သူ့ကို အဆင့်တူမှာ တိုက်ခိုက်ပြီး မျှမျှတတ အနိုင်ယူချင်တယ်။ ကျွန်တော့်လက်နဲ့ ရှင်းပစ်ချင်တာ”

ဆေးဆရာက ပခုံးတွန့်လိုက်၏။ “ဒါဆိုရင်တော့ ငါ့စွမ်းရည်တွေ အသုံးမဝင်ဘူး”

ထော့ကျိုးက သက်ပြင်းချသည်။ “ငါလည်း ဘာမှမတတ်နိုင်ဘူး... ရွှေအ ဘယ်ရောက်နေတုန်း”

“ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ထွက်သွားပြန်တယ်” သားသတ်သမားက အင်္ကျီကို ပခုံး‌ပေါ် တင်ထားလျက် လျှောက်လာပြီး ကျယ်လောင်လှသော အသံကြီးဖြင့် ပြော၏။ “အဲဒီကောင်က အမြဲတမ်း ခိုးခိုးပြီး ထွက်သွားတာလေ... သူ ဘယ်မှာရှိလဲ ဘုရားပဲ သိလိမ့်မယ်... မူအာ နတ်ဘုရားအစစ်တစ်ပါးရဲ့ အစွမ်းအစတွေက ဘယ်လိုရှိသလဲ”

“သူက ဘယ်နယ်ပယ်မှာမဆို ကျွန်တော့်ထက် သာတယ်... ကျွန်တော့်ထက် အပြေးမြန်တယ်..  ခွန်အားလည်း ပိုကြီးတယ်... သူ့မူလဝိညာဉ်နဲ့ ရုပ်ခန္ဓာက တစ်သားတည်း ဖြစ်နေတယ်... သူ့ကောင်းကင်မျက်လုံးတွေကလည်း ကျွန်တော့်ကောင်းကင်မျက်လုံးတွေထက် သာတယ်... သူ့လက်သီးသိုင်းက ကြောက်စရာကောင်းတယ်... ပြီးတော့ သူ့လမ်းစဉ်တွေ၊ ကျင့်စဉ်ပညာရပ်တွေနဲ့ ကောင်းကင်နတ်သိုင်းအားလုံးက ရုပ်ခန္ဓာနဲ့ ပေါင်းစည်းနေတယ်”

ချင်မူ့မျက်နှာ ညှိုးကျသွားသည်။ “သူက ဘယ်နယ်ပယ်မှာမဆို လမ်းစဉ်အဆင့် ရောက်နေပြီ.... ကျွန်တော် ပိုအားကောင်းတဲ့နေရာဆိုလို့ မှော်စွမ်းအင်ပဲ ရှိတယ်”

မျက်ကန်းက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ “သူက ငါ့ကောင်းကင်မျက်လုံးတွေထက် သာတယ်လား”

ချင်မူ အသာအယာ ခေါင်းညိတ်လိုက်၏။

တစ်လောကလုံးကို မကြောက်သည့် သားသတ်သမားလည်း မျက်မှောင်ကြုတ်သွားသည်။ တခဏကြာသော် သူက မေးလိုက်၏။ “ငါ့ဓားမသိုင်းတွေကို....”

“သူ အလွယ်တကူ ဖျက်စီးပစ်နိုင်ခဲ့တယ် ဘိုးဘိုး”

နားကန်းက လျှောက်လာသည်။ “ပန်းချီပညာကရော”

“သုံးဖို့ အခွင့်အရေးတောင် မရဘူး”

“ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ကောင်းကင်နတ်သိုင်းတွေရော” အဘွားစစ်က မေးလိုက်သည်။

ချင်မူ ခေါင်းယမ်းလိုက်၍ အားလုံး မျက်မှောင်ကြုတ်သွားကြသည်။

“ပြေးကြည့်ဖူးလား” ထော့ကျိုးက စိုးရိမ်ထိတ်လန့်စွာ မေးလိုက်၏။

“ကျွန်တော့်ကို လိုက်မှီတယ်”

“အဆိပ်... ဘာမှမဟုတ်တော့ဘူး ဘာမှမဟုတ်တော့ဘူး” ဆေးဆရာက လက်ခါကာ ပြောလိုက်သည်။ “နတ်ဘုရားတစ်ပါးကို အဆိပ်ခတ်ဖို့ ငါ ယုံကြည်ချက် ရှိပေမယ့် အစစ်အမှန်နတ်ဘုရားက အားနည်းချက်မရှိတော့ ငါလည်း မလုပ်နိုင်ဘူးထင်တယ်”

ချင်မူ သူတို့ကို ပြုံးပြလိုက်သည်။ “ဘိုးဘိုးတို့ ၊ ဘွားဘွား ကျွန်တော့်ကိစ္စကို ခေါင်းရှုပ်ခံမနေပါနဲ့... ကျွန်တော် ဒီရက်ပိုင်း စဉ်းစားရင်း တစ်ခု သဘောပေါက်လိုက်တယ်... သူက အနိုင်ယူမရလောက်အောင် သန်မာတဲ့ပုံစံပေါ်ပေမယ့် ဟိုတုန်းက စစ်မြေပြင်ကနေ ထွက်ပြေးလာခဲ့တဲ့လူပဲ... ဒီ‌တော့ သူ့ထက် သန်မာအားကောင်းတဲ့လူတွေ ရှိလိမ့်မယ်... သူ့ကို အနိုင်ယူမရတာ မဟုတ်ဘူး... ကျွန်တော် သေချာပေါက် သူ့ထက် သာစေရမယ်”

အဘွားစစ်က ပြုံး၍ ပြောလိုက်သည်။ “မင်း ပြန်လာတာ ရှားတယ်... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ ရက်ပိုင်းလောက် နေလိုက်ပါဦး... ဘွားဘွားတို့လည်း အဖြေကူရှာပေးလို့ရတာပေါ့”

ချင်မူ ခေါင်းညိတ်ပြီး အဝတ်အစားအိတ်သိမ်းရန် ထွက်သွားသည်။

အဘွားစစ်၊ သားသတ်သမား၊ မျက်ကန်းနှင့် ကျန်ရှိသူများက ချင်မူ့ကျောပြင်အား လှမ်းကြည့်နေကြ၏။ သားသတ်သမားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ချင်မူ ယုံကြည်ချက်ပျောက်ဆုံးသွားတာ ဒါ ပထမဆုံးပဲ... အရင်တုန်းက ဒီလိုမဟုတ်ဘူး... သူ့ကိုယ်သူ အမြဲယုံတယ်... ဒါပေမဲ့ အခုတော့....” သူ ခေါင်းယမ်းလိုက်မိသည်။

မျက်ကန်းက မျက်လုံးများကို မှေးကျဉ်းလိုက်၏။ “နတ်ဘုရားအစစ်တွေက တကယ်ပဲ ကြောက်စရာကောင်းတာလား... ငါ့ကောင်းကင်မျက်လုံးထက်တောင် သာတယ်တဲ့လား... ငါတော့ မယုံဘူး”

“သူ ဒီမှာ ရှိနေတုန်း လေ့ကျင့်ပေးသင့်တယ်” နားကန်းက ပြောလိုက်သည်။ “တွေးခေါ်မှုမရှိသော သင်ယူခြင်းသည် အချည်းနှီးသာဖြစ်ပြီး သင်ယူခြင်းမရှိဘဲ တွေးခေါ်ခြင်းသည် ပျင်းရိခြင်းသာ ဖြစ်၏ တဲ့... အခု သူက သင်ယူပြီး တွေးခေါ်နေတဲ့ အဆင့်မှာပဲ... မူအာနဲ့ ပထမလူသားဧကရာဇ်ရဲ့ တိုက်ပွဲက သိုင်းတိုက်ပွဲတင်မဟုတ်ဘူး... တာအိုနှလုံးသားတိုက်ပွဲလည်း ဖြစ်တယ်

“သူ ဒီအခြေအနေကနေ ထွက်လာနိုင်ရင် တာအိုနှလုံးသားမှာ သေချာပေါက် တိုးတက်သွားလိမ့်မယ်။ စိတ်အားပြန်တက်မလာရင်တော့ လောကသခင်ခန္ဓာက အသုံးမကျတဲ့ခန္ဓာ ဖြစ်သွားမှာ ငါ စိုးရိမ်မိတယ်... သူ့ကို နာနာလေး လေ့ကျင့်ပေးရအောင် ဒါမှ အသုံးမကျတဲ့လူ ဖြစ်မသွားမှာ”

အားလုံး‌ ခေါင်းညိတ်လိုက်ကြသည်။

ချင်မူ နေရာချပြီးနောက်တွင် ဒုက္ခိတဘိုးဘွားကျေးရွာသို့ ပြန်ရောက်သွားသည့်အလား သားသတ်သမား၊ မျက်ကန်း၊ နားကန်း၊ ထော့ကျိုးနှင့် အဘွားစစ်တို့က မကြာခဏ ‌ခေါ်ကာ လေ့ကျင့်ပေးတတ်သည်။

တက္ကသိုလ်ကျောင်းသားအများစုမှာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှ ဖြစ်ကြပြီး ကျန်ရှိသူများက ပညာသင်ရန် အနယ်နယ်အရပ်ရပ်မှ ရောက်လာကြသူများ ဖြစ်သည်။ နောက်ရက်များတွင် အဆောင်မှူးအားလုံး၏ ရာဇဝင်တွင်သည့် သိုင်းကွက်များကို မြင်တွေ့ရ၍ သူတို့အားလုံး မျက်စိပွင့်နားပွင့်ကုန်ကြ၏။

ရက်အနည်းငယ်ကြာသော် အဘွားစစ်တို့ မျက်မှောင်ကြုတ်နေကြသည်။ ချင်မူက စိုးရိမ်ကြောင့်ကြနေသေး၏။ တိုက်ကွက်များ မထုတ်လွှတ်ရဲ၍ သူတို့ရိုက်နှက်ခြင်း ခံနေရ၏။ အဆိုးဆုံးက အားကောင်းပြင်းထန်စွာ တိုက်ခိုက်နေရင်းတန်းလန်း ရပ်ပစ်လိုက်ခြင်းဖြစ်သည်။

သားသတ်သမားမှာ‌ ဒေါပွပြီး သူ့ကို ရိုက်ပုတ်ကာ ဆူငေါက်နေ၏။ “ဘာလို့ ဆက်မတိုက်တာတုန်းကွ”

ချင်မူက ငြိမ်ခံနေရင်း ခေါင်းယမ်းလိုက်သည်။ “အကုန်လုံးက မှားနေတယ်...”

“မှားနေရင်တောင်မှ အပြီးသတ်ရမယ်လေ”

အဘွားစစ်က သားသတ်သမားကို လာဆွဲ၍ ဒေါသတကြီး ရန်တွေ့သည်။ “ကလေးက စိတ်အဆင်ပြေသေးတာ မဟုတ်ဘူး... မရိုက်နဲ့တော့... တော့်ကြောင့် ဉာဏ်ထိုင်းသွားရင် ဘယ့်နှယ်လုပ်မလဲ”

နားကန်းက ခေါင်းညိတ်ကာ ဝင်ပြော၏။ “သူ့ခေါင်းထဲမှာ အတွေးတွေ များနေတယ်... သူ ပြန်ထွက်မလာနိုင်သေးဘူး... မင်း ရိုက်နေလို့လည်း အသုံးမဝင်ဘူး... သူ ထွက်လာနိုင်ရင်တော့ မဟာဆရာသခင်တစ်ယောက် ဖြစ်သွားလိမ့်မယ်”

သားသတ်သမားက သူတို့ကို စိုက်ကြည့်သည်။ “မထွက်လာနိုင်ရင် ဘယ်လိုလုပ်မလဲဟ”

အားလုံး တိတ်ဆိတ်သွားကြ၏။

“မူအာ ... တက္ကသိုလ်မှာ‌ နေ,နေလို့လည်း မင်း ဘာမှမသင်ယူနိုင်မှာမဟုတ်ဘူး... စိတ်ပြေလက်ပျောက် လျှောက်သွားတာ ပိုကောင်းမယ်ထင်တယ်” အဘွားစစ်က ပြောလာသည်။

ချင်မူ ခေါင်းညိတ်ပြီး အဝတ်အစားများ ထုတ်ပိုးကာ အတွေးများစွာဖြင့် တက္ကသိုလ်မှ ထွက်လာခဲ့၏။

ထော့ကျိုးက စိတ်မချ၍ နောက်မှ လိုက်လာသော်လည်း ချင်မူ ခြေဦးတည့်ရာ လျှောက်သွားနေသည်ကိုသာ မြင်တွေ့ရသည်။ အန္တရာယ်မရှိကြောင်း မြင်မှ စိတ်ချသွားပြီး တက္ကသိုလ်သို့ ပြန်သွားသည်။

တစ်ရက်တွင် ချင်မူ မာန်ဟုန်မြစ်ဆီသို့ ရောက်လာပြီး မြစ်ကမ်းဘေးတွင် ထိုင်ချလိုက်၏။ ရုတ်ခြည်းဆိုသလို အသံတစ်သံအား အနောက်မှ ကြားလိုက်ရသည်။ “ခွေးသူတောင်းစားချင်”

ချင်မူ လှည့်ကြည့်လိုက်သည့်အခါ တောက်တောက်ပြောင်ပြောင် အဝတ်အစားများဖြင့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ သူက ကြောက်ရွံ့နေသောပုံစံ ရှိပြီး အချိန်မရွေး ထွက်ပြေးရန် အသင့်ဖြစ်နေ၏။

“မှော်ဆရာကြီးပါလား” ချင်မူက ခေါင်းပြန်လှည့်ပြီး မြစ်ကို ဆက်ငေးနေသည်။

ပန်ကုန်းစုန်မှာ ခြေတစ်ဖက်က သမင်ခြေထောက်ဖြစ်နေ၍ ကွတကွတ လျှောက်လာသည်။ ချင်မူ တိုက်ခိုက်လျှင် ထွက်ပြေးရန် ပြင်ထားသော်လည်း တိုက်ခိုက်မည့်စိတ်ကူးမရှိဘဲ ကမ်းစပ်တွင်သာ ထိုင်နေသည်ကို မြင်လျှင် သူ သတ္တိရှိလာ၏။ သူက အနားကပ်လာကာ မေးသည်။ “ဂိုဏ်းသခင်ချင် ကြည့်ရတာ စိတ်ညစ်စရာတွေ ရှိနေပုံပဲ... မင်းနဲ့ငါက မိတ်ဆွေတွေပဲလေ... စိတ်ညစ်စရာတွေ ပြောပြချင်ရင် ရတယ်နော်.. မင်းပြဿနာကို ငါ ဖြေရှင်းပေးနိုင်ရင် ဖြေရှင်းပေးနိုင်လောက်မှာပေါ့”

ချင်မူမှာ ပျင်းနေ၍ ‌ကျောက်ခဲတစ်ခဲ ‌ကောက်ကာ မြစ်ထဲ ပစ်ချလိုက်သည်။ “အဆင့်တူမှာ နတ်ဘုရားအစစ်ကို ဘယ်လို အနိုင်ယူရမလဲ တွေးနေတာပါ... ဒါပေမယ့် အဖြေရှာမတွေ့ဘူး... မှော်ဆရာကြီး... ငါ့ကို သင်ပေးလို့ရလား”

ပန်ကုန်းစုန်၏မျက်လုံးများ ဝင်းလက်သွားပြီး တဖြည်းဖြည်း အနားကပ်လာသည်။ သူက ပြုံးရယ်လျက် ပြောလိုက်၏။ “ဒါကြောင့်ကိုး... မင်း အခု သိပ်စိတ်ညစ်နေတယ်မလား... အသုံးမကျဘူးလို့ ခံစားနေရတယ်မလား... ဘဝကြီးက ပျင်းစရာကောင်းနေတယ်မလား... အဲဒါဆို ဘာလို့အသက်ရှင်နေဦးမလဲ... ငါ အဆုံးသတ်ပေးပါရစေ ဟီးဟီး...”

ဗွမ်း

မြစ်ရေများ လှုပ်ခတ်သွားပြီး နဂါးထိန်းဧကရာဇ်၏ခေါင်းကြီးက တောင်ကြီးတစ်လုံးသဖွယ် ထိုးထွက်လာသည်။ သူ၏နှုတ်ခမ်းမွှေးများက ပန်ကုန်းစုန်ဘေးနားတွင် လွင့်မျောနေ၏။

ပန်ကုန်းစုန် တစ်ကိုယ်လုံး တောင့်တင့်သွားကာ မျက်နှာတစ်ခုလုံး ဝါထိန်သွားသည်။ သူက တမုဟုတ်ချင်း လှည့်ထွက်သွားတော့သည်။ “နှောင့်ယှက်တာ တောင်းပန်ပါတယ်... သွားပြီနော်” ထိုသို့ပြောပြီးသည်နှင် ဝှစ်ခနဲ ပျောက်သွားသည်။

နဂါးထိန်းဧကရာဇ်က သူ ထွက်သွားသည်ကို ကြည့်ရင်း ခေါင်းယမ်းလိုက်သည်။ “ဒီခွေးကောင်လေးက ငါးရှဉ့်ထက်တောင် ပိုဖမ်းရခက်သေးတယ်... သခင်ကြီး၊ ငါ မင်းရဲ့ ပြဿနာကို မဖြေရှင်းပေးနိုင်ဘူး... ငါက နတ်ဘုရားဆိုပေမယ့် နတ်ဘုရားအစစ်ကို ရှင်းပစ်နိုင်တဲ့ အစွမ်းအစမရှိဘူး”

ချင်မူ သက်ပြင်းချလိုက်မိသည်။ သူ့အနောက်ရှိ တောင်ကုန်းပေါ်တွင် နတ်ဘုရားပိုင်ရှီမှာ စိတ်မသက်မသာဖြင့် အမြီးခါနေသည်။ “ငါ့မှာလည်း အစွမ်းအစမရှိဘူး... သခင်ကြီး ငါ တောင် ပြောင်းလို့ရလား... ဒီတောင်က သေးလွန်းတယ်.... ငါ့ကျောင်းဆောင်ကလည်း ဒီလောက်ပဲ မြင့်တယ်... ခွာတောင် မဆန့်ဘူး”

ချင်မူ ထပြီး နဂါးချီလင်ကို စီးလျက် အဝေးသို့ ထွက်လာခဲ့သည်။

“လူသားဧကရာဇ်ချင်၊ စွမ်းအင်ငါးရပ်စမ်းသပ်မှုနဲ့ အရပ်ခြောက်မျက်နှာစမ်းသပ်မှုကို ဆက်ဖြေဖို့ ကျောက်စိမ်းမြို့တော်ငယ်ဆီ ရောက်လာတာလား” ရသေ့ကြီးချင်းယို ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ကို ကပျာကယာ ကြိုဆိုသည်။

“ကျောက်စိမ်းမြို့တော်ငယ်ကို ဧည်သည့်မရောက်လာတာ အတော်ကြာပြီ။ စွမ်းအင်ငါးရပ်ခန်းမနဲ့ အရပ်ခြောက်မျက်နှာခန်းမကလည်း လူသားဧကရာဇ် လာမှာကို စောင့်နေကြတာ... ဟုတ်သား လူသားဧကရာဇ်ကို မပြောရ‌သေးတဲ့ ကိစ္စ ရှိသေးတယ်.. ပြီးခဲ့တဲ့ လပိုင်းလောက်က မင်းရဲ့ ပထမဆုံးဘိုးဘေးကြီးလူသားဧကရာဇ် အသက်ပြန်ဝင်လာပြီး ကျောက်စိမ်းမြို့တော်ငယ်ကနေ ထွက်သွားတယ်.. ဘယ်သွားမှန်းတော့ ငါ မသိဘူး”

ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ “ကျွန်တော် သူနဲ့ တွေ့ခဲ့ပြီးပြီ”

ရသေ့ကြီးချင်းယို အံ့အားသင့်သွား၏။ “သူနဲ့ တွေ့ပြီးပြီလား... ဒါဆို တန်ခိုးရှင်သစ်ခုတ်သမားရဲ့ ကျောက်ရုပ်တုလည်း အသက်ဝင်လာပြီး ‌ကျောက်စိမ်းမြို့တော်ငယ်ကနေ ထွက်သွားတာရော သိလား”

All Chapters