အခန်း (၄၅၁)
Vol. 31 Ch. 451
"လင်းရီ ..."
လင်းရီကို မြင်တော့ ကျီချင်းရန် မျက်ရည်များ စမ်းချောင်းသဖွယ် စီးကျလာခဲ့တော့၏။
"ရို... လင်းရီ မင်းက တယ်ဟုတ်ပါလားကွ... ဒီနေရာကိုတောင် ရှာတွေ့သွားတယ်ပေါ့.... "ကျောက်ကျိန်းရန် ရယ်မောလိုက်ပြီး "ဘာတဲ့.. ဒီနေ့ တစ်ယောက်မှ ထွက်သွားလို့ မရဘူး ဟုတ်လား... မင်းအခု ဘယ်သူ့ပိုင်နက်ထဲ ရပ်နေလဲဆိုတာလည်း တစ်ချက်ကြည့်လိုက်ဦး..."
ဘန်း...
လင်းရီ တစ်ခွန်းမျှ မပြောပဲ ကျောက်ကျိန်းရန်ကို ပစ်ကန်လိုက်သည်။
ရန်ပေါင်ကဲ့သို့ သိုင်းပညာ လေ့ကျင့်သူပင် လင်းရီ၏ ခြေကန်ချက်ကို မခံယူနိုင်ရာ အညတရ ကျောက်ကျိန်းရန်မှာ မည်သို့ ခံယူနိုင်လိမ့်နည်း။
နောက်သို့ လွင့်ထွက်သွားခဲ့ပြီး ကြီးမားသည့် လေးထောင့်စားပွဲပြီးမှာ ကျောက်ကျိန်းရန်ကြောင့် ကျိုးကြေသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ၀မ်မာဇီလည်း စားပွဲကို ပုတ်၍ မတ်တပ်ရပ်လာခဲ့ပြီး "လင်းရီ .. မင်းမလွန်လာနဲ့ဟျောင့်... ငါ ၀မ်ပင်းက မင်းကို မထိရဲဘူးလို့များ ထင်နေတာလား...ကျန်းအောက် သွားစမ်း...."
"ညီကိုတို့ သတ်....."
ယခင်တစ်ခေါက် အတွေ့အကြံမှတစ်ဆင့် ကျန်းအောက် လင်းရီ၏ လက်စကို ကောင်းမွန်စွာ သိရှိထားသောကြောင့် တစ်ယောက်တည်း မတက်သွားရဲပေ။
လင်းရီ စကေဘာ(ခွဲစိတ်ခန်းသုံးဓား) တစ်လက်ကိုထုတ်ပြီး ကျန်းအောက်ထံ ချိန်ရွယ်လိုက်၏။
"မင်းလာရဲရင် လာခဲ့စမ်း.....ဒီဓားက မင်းဗိုက်ထဲရောက်စေရမယ်လို့ အာမခံတယ်...."
ဟစ်....
အေးစက်စွာတောက်ပနေသည့် ဓားကိုမြင်တော့ ကျန်းအောက် လေးအေးတစ်ရှိုက်ရှူသွင်းမိသွားသည်။ ဘား၌ လင်းရီ ပေးခဲ့သည့်ဒဏ်ရာမှာ ယခုတိုင် ကောင်းမွန်စွာ အနာကျက်ခြင်းပင် မရှိသေးချေ။ ထို့ကြောင့် အေးစက်စွာ တောက်ပနေသည့် စကေဘာကိုမြင်တော့ ကျန်းအောက် ကြောက်ရွံ့စွာဖြင့် အသက်ဝဝ ရှုရှိုက်မိသွားလေသည်။
ဒီကောင်က မလုပ်ရဲတာ မရှိဘူး….ပြောရင်ပြောတဲ့အတိုင်း လုပ်မယ့်ကောင်…
“ ကျန်းအောက် မင်းဘာတွေစောင့်နေတာ… သတ်လေ…” ဝမ်ပင်း နောက်မှ အော်ဟစ်လိုက်၏။
ကျန်းအောက် တွန့်ဆုတ်နေလေသည်။ လင်းရီ ဒေါသထွက်နေပါက မည်မျှကြောက်ဖို့ကောင်းလဲဆိုတာ သူတစ်ဦးတည်းကသာလျှင် သိလေသည်။
“ ငိုးပဲ… အဲ့ကောင် လှုပ်ရှားရဲလားလို့ မေးကြည့်လိုက်စမ်း….”
ကျန်းအောက်တုံ့ဆိုင်းနေသော်လည်း လင်းရီကတော့ တုံ့ဆိုင်းမနေချေ။ ရုတ်ချည်းဝမ်မာဇီရှေ့သို့ ရောက်ရှိလာခဲ့ပြီး ကော်လာကိုဆွဲကာ စကေဘာဖြင့် ဝမ်းဗိုက်ထဲသို့ ထိုးသွင်းလိုက်၏။
အား…..
ကျီချင်းရန် ကြောက်လန့်စွာ အော်ဟစ်လိုက်ပြီး
“ ရီ … ရီ မလုပ်နဲ့တော့…”
“ အဲ့တာ မင်းသောက်လုပ်မဟုတ်ဘူး…”
ဝမ်မာဇီ၏ ခန္ဓာကိုယ်မှာ သွေးတို့ ဖုံးလွှမ်းနေသည်ကိုမြင်တော့ သီးသန့်ခန်းထဲရှိ လူတိုင်း ကြက်သေသေသွားခဲ့ကြသည်။ သူတို့၏ ခြေထောက်များ ချိနဲ့လာခဲ့ပြီး မြေပြင်သို့ ယိုင်လဲကျလုနီးပါး ဖြစ်သွားခဲ့ကြ၏။ မည်သူမျှ မလှုပ်ရှားဝံ့ကြချေ။ သူတို့၏ ဘော့စ်ပင် အထိုးခံလိုက်ရမှတော့ သူတို့ သွားနေပါက အသေခံရုံသာ ရှိလိမ့်မည်။ သူတို့တွင် အသက်တစ်ချောင်းလည်း အပိုမပါချေ။ ထို့ကြောင့် မစွန့်စားနိုင်ပါ။
“ မင်း… မင်း ငါ့ကို ဓားနဲ့ထိုးရဲတယ်ပေါ့လေ…” ဝမ်မာဇီ ဝမ်းဗိုက်ကို လက်တစ်ဖက်ဖြင့် အုပ်ထားရင်း လင်းရီကို တုန်လှုပ်နေဟန်ဖြင့် လက်ညိုးထိုးလိုက်၏။
ယခုထိတိုင် လင်းရီ ရှေ့နောက်မဆင်ခြင်ပဲ ပြုလုပ်ဝံ့လိမ့်မည်လို့ သူ မယုံကြည်နိုင်သေးချေ။
လင်းရီ ကြမ်းပြင်ပေါ် လဲကျနေသည့် ဝမ်မာဇီ၏ ဝမ်းဗိုက်ကို ခြေထောက်ဖြင့် တက်နင်းလိုက်ပြီး “ မင်းက ဒီလက်နဲ့ ချင်းရန်ကို ထိတယ်ပေါ့လေ ဟုတ်လား…”
“အာ့... ငါ.. ငါ မှားမှန်း သိပါပြီကွာ…. ငါ့ရဲ့ ပိုင်နက်အားလုံးကိုလည်း မင်းကိုပေးပါ့မယ်… ကျေးဇူးပြုပြီး…..”
“ မင်းအမေလင်ကိုပဲ သွားတောင်းဆိုလိုက်တော့…”
ဇွပ်…
စကေဘာမှာ ဝမ်မာဇီ၏ လက်ဝါးကို ဖျောင်ထွက်သွားခဲ့ပြီး တီဟွေ့တစ်ဆိုင်လုံး ဝမ်မာဇီ၏ မချိမဆန့်အော်ဟစ်သံမှာ ပျံ့လွင့်သွားခဲ့သည်။
ထို့နောက် နာကျင်မှုကြောင့် သတိလစ် မေ့မြောသွားတော့၏။ ကြမ်းပြင်ပေါ်၌ သတိမေ့လျက်ရှိသည့် ဝမ်မာဇီကိုကြည့်ရင်း ကျောက်ကျိန်းရန်နှင့် ဖန်ချီနန်တို့ လင်းရီကို ထိတ်လန့်တကြား ကြည့်ရှုကာ ပြေးမိပြေးရာ ပြေးကြတော့လေသည်။ သိူ့သော်လည်း ပြေးရင်းယိုင်နဲ့သည့် ခြေထောက်ကြောင့် လဲကျသွားခဲ့ပြီး လွတ်မြောက်ချင်ဇောဖြင့် ပြန်ပင်မထနိုင်ကာ ကြမ်းပြင်ပေါ်၌ တွားသွား သွား၍ အပြင်သို့ ပြေးထွက်တော့သည်။
စကေဘာကို ပြန်လည်ဆွဲထုတ်ပြီးနောက် လင်းရီ ကျောက်ကျိန်းရန်နှင့် ဖန်ချီနန်ထံ လျှောက်လာလေသည်။
တွားသွားနေသည့် ကျောက်ကျိန်းရန်၏ ဆံပင်ကိုစုကာ ခေါင်းကို အပေါ်သို့ ပင့်မြောက်လိုက်ပြီး ကြမ်းပြင်နှင့် အားပါးတရ မိတ်ဆက်ပေးလိုက်၏။
“ အမှန်အတိုင်းပြောပြရင် သောက်အလုပ်ရှုပ်မခံချင်လို့ မင်းလို သောက်ရူးကို ငါက ဘေးမဲ့ပေးထားခဲ့တာ…. အဲ့တာကို ငါ့ ပြဿနာ လာရှာတယ်ပေါ့လေ…. မင်းထင်နေတာ မင်းရဲ့ ဖြုတ်လိုခွန်အားလေးနဲ့ ငါ့ကို စိန်ခေါ်လို့ရမယ်များ ထင်နေတာလား…”
“ လင်း....လင်းရီ…. ကောင်းကောင်းမွန်မွန် ပြောရအောင်လေကွာ…. မင်း ငါတို့ ကျောက်မိသားစုက ဘယ်လောက်အင်အားကြီးမားလဲဆိုတာ မင်းနားလည်ပါတယ်….. ငါတစ်ခုခုဖြစ်သွားခဲ့ရင် မင်းလွယ်မှာ မဟုတ်ဘူးနော်….”
ကျောက်ကျိန်းရန် တုန်ခါနေသည့် လေသံဖြင့် ပြောလိုက်သည်။
“ မင်းထင်နေတာ ငါက မင်းတို့ ခွေးမျိုးတစ်သိုက်ကို ကြောက်ရွံ့လိမ့်မယ်လို့ ထင်နေတာလား… ဒါမှမဟုတ် မင်းရဲ့ ကျောက်မိသားစု အကြီးဆုံးသားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ငါ့ကို ခြိမ်းခြောက်လို့ရမယ်လို့များ ထင်နေတာလား….”
“ မ… မဟုတ်ဘူး… ငါမင်းကို ခြိမ်းခြောက်ဖို့ မရည်ရွယ်ခဲ့ပါဘူး… ငါ.. ငါ့အမှားကို နားလည်ပါပြီ… နောက်ဒီလိုမဖြစ်စေရပါဘူး… ကျေးဇူးပြုပြီး နောက်ထပ်အခွင့်အရေးလေး တစ်ခါလောက်ပဲ ထပ်ပေးပါ….”
“ ငါမင်းကို အခွင့်အရေးတွေ ပေးပေါင်း များခဲ့ပြီ… ခုတော့ ငါတို့နှစ်ယောက်ကြားထဲက ရန်ငြိုးတွေကို အဆုံးသတ်ဖို့ အချိန်ပဲ…”
လင်းရီ ကျောက်ကျိန်းရန်၏ ညာလက်ကို တက်နင်းလိုက်ပြီး “ မင်းဒီလက်နဲ့ ချင်းရန်ကို ထိလိုက်တာမလား…. အဲ့ဒါဆို ဒီလက်ကို ချန်ခဲ့လိုက်တော့….”
လင်းရီ စကေဘာကို ကိုင်ပြီး ကျောက်ကျိန်းရန်၏ ညာဘက်လက်မောင်းအုံကို စိုက်ချလိုက်၏။ ဓားမှာ သေးငယ်သော်လည်း အကြောများကို နားလည်သည့် ဆရာဝန်တစ်ဦးဖြစ်သောကြောင့် လင်းရီ လက်ပြန်မကုစားနိုင်တော့မည့် နေရာကို ချိန်၍ ထိုးစိုက်လိုက်သည်။
“ ရပ်လိုက်….”
လင်းရီ နောက်တစ်ကြိမ် ပြန်ထိုးစိုက်တော့မည့်အချိန်တွင် တံခါးအပြင်ဘက်မှ ကျယ်လောင်သည့် အော်ဟစ်တားမြစ်သံကို ကြားလိုက်ရ၏။
လင်းရီ ခေါင်းကိုတစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါ တံခါးဝ၌ ရပ်နေသူများမှာ သူဓာတ်လှေကားအပေါက်ဝတွင် ဆုံခဲ့သည့် လျန်ရူရွှယ်နှင့် သက်လတ်ပိုင်းအမျိုးသားတို့မှလွဲ၍ အခြားသူမဟုတ်ခဲ့ပေ။
တစ်ချိန်တည်းတွင် ချင်းဟန်လည်း အထဲသို့ ရောက်ရှိလာခဲ့လေသည်။
“ လင်းကြီး… မင်းစိတ်လိုက်မာန်ပါ မလုပ်နဲ့….”
ချင်းဟန်လည်း ယခုကိစ္စ၏ လေးနက်ပြင်းထန်မှုကို နားလည်ပေသည်။
ကျောက်ကျိန်းရန်နှင့် ဝမ်မာဇီတို့၏ ဇစ်မြစ်မှာ လုံးဝ မရိုးရှင်းပေ။
အကယ်၍ လင်းရီ ကျောက်ကျိန်းရန်၏လက်ကို မသန်စွမ်းဖြစ်အောင်လုပ်လိုက်ပါက ကျောက်မိသားစုမှာ သေချာပေါက် ယခုကိစ္စကို လွယ်လွယ်နှင့် အလွတ်ပေးလိမ့်မည်မဟုတ်ချေ။
လင်းရီ လျန်ရူရွှယ်ကို ဒေါသမီးတောက်လောင်နေသည့် မျက်လုံးတို့ဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ ငါဒီနေ့ ဒီ ခွေးမသား လက်ကိုယူမယ်… ဘယ်ကောင် လာတားရဲလဲ...…”
ပြောပြီးနောက် လင်းရီ စကေဘာကို အောက်သို့ ကြမ်းတမ်းစွာဖြင့် ထိုးစိုက်လိုက်တော့၏။
“အား……”
ကျောက်ကျိန်းရန် ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး သူ၏ အော်သံက လူတိုင်းကို ကြောချမ်းသွားစေသည်။
လင်းရီ သူမကို စိုက်ကြည့်လိုက်သောအခါ လျန်ရူရွှယ်၏ ကိုယ်မှာ တုန်လှုပ်သွားခဲ့သည်။ သူမ လင်းရီ၏ ကြမ်းတမ်းခက်ထန်သည့် ဘက်ခြမ်းကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်လေသည်။
ထိုအခိုက်အတန့်တွင်တော့ လင်းရီ၏ မျက်လုံးအစုံမှာ နတ်ဆိုးတစ်ကောင်ကဲ့သို့ သွေးဆာကြမ်းကြုတ်နေပြီး မည်သူကမျှ သူ့ကို မရပ်တန့်ဝံ့ပေ။
လျန်ရူရွှယ်နောက်တွင် ရပ်နေရင်း မိုဟုန်ရှန်း အရာအားလုံးကို မြင်တွေ့လိုက်ရသည်။
အစကတော့ လင်းရီမှာ ထိုပုဂ္ဂိုလ်နှင့် အနည်းငယ် ရုပ်ချင်း ဆင်တူသည်ဟု သူတွေးထားခဲ့၏။ သို့သော်လည်း ယခုတော့ သူတို့နှစ်ဦးမှာ ရုပ်ချင်း ဆင်တူရုံသာမက သွေးထဲထိ လိုက်ပါစီးဆင်းနေသည့် အကြင်နာကင်းမဲ့မှုတို့မှာလည်း တစ်ထေရာတည်းပင်။
ကျောက်ကျိန်းရန်နှင့် ဝမ်မာဇီတို့ သွေးအိုင်ထဲတွင် လဲလျောင်းနေသည်ကိုမြင်တော့ ဖန်ချီနန်၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။
“ ဒါ … ဒါ ငါနဲ့ဘာမှမဆိုင်ပါဘူး…. လင်းရီ မင်း … မင်း ငါ့ကို တိုက်ခိုက်လို့မရဘူး…..”
လင်းရီ ခံစားချက်ကင်းမဲ့စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး ဖန်ချီနန်၏စကားလုံးများကို လျစ်လျူရှုထားလိုက်၏။
“ မင်း ခုနလေးတင် ဖုန်းနဲ့ ဗွီဒီယိုရိုက်နေတာ မဟုတ်ဘူးလား..”
“ မ.. မဟုတ်ဘူး… မင်းအမြင်မှား….”
“ မင်း ငါ့ကို ကန်းနေတယ်လို့များ ထင်နေတာလား…”
ရှေ့နည်းတူ လင်းရီ ဖန်ချီနန်ကို စကေဘာဖြင့် ထိုးလိုက်၏။ သာမန်လူတို့အဖို့ ထိုနာကျင်မှုကိုပင် မတောင့်ခံနိုင်လေရာ ခုခံရန် အင်အားဆုံးရှုံးသွားခဲ့ပြီး မြေပြင်သို့ လဲကျသွားလေတော့သည်။
အားလုံးပြီးသွားသောအခါ သီးသန့်ခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သည့် လေထုက ကြီးစိုးထားသည်။ လင်းရီ စကေဘာကို ကိုင်ထားရင်း မလှုပ်မယှက် ရပ်နေကာ သူ၏ လက်တွင်လည်း သွေးတို့စွန်းနေခဲ့၏။
ချင်းဟန်ပင် ကြောက်လန့်သွားခဲ့ပြီး ဘာမျှဝင်မပြောရဲခဲ့ချေ။
လင်းရီ၏ ရက်စက်ကြမ်းကြုတ်မှုတို့က သူမျှော်လင့်ထားသည်ထက်ကို ကျော်လွန်သွားခဲ့လေပြီ။
ယခုတော့ လင်းရီနှင့် သူတို့ကြားရှိ ရန်ငြိုးမှာ တစ်ဖက်မှ မသေကြေသရွေ့ အဆုံးသတ်လိမ့်မည် မဟုတ်တော့ချေ။
“ နင် အရင်ပြန်သွားနှင့်လိုက်…. ငါ ဒီကိစ္စကို ကိုင်တွယ်ထားလိုက်မယ်…” လျန်ရူရွှယ် ပြောလိုက်သည်။
လင်းရီ မည်သို့မျှ မတုံ့ပြန်ပဲ ကျီချင်းရန်လက်ကိုစွဲကာ ထိုနေရာမှ ထွက်လာခဲ့လိုက်၏။
ထွက်ခွာသွားသည့် လင်းရီ၏ နောက်ကျောကို ကြည့်ရင်း သူမ အနည်းငယ် စိတ်ဆိုးသလို ခံစားလိုက်ရ၏။
အကယ်၍ ကျီချင်းရန်ကြောင့်သာ မဟုတ်ပါက လင်းရီ ယခုကဲ့သို့ ရူးသွပ်သွားလိမ့်မည် မဟုတ်ချေ။
တီဟွေ့စားသောက်ဆိုင်မှ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်သားချောင်ရန်အုပ်စုသို့ ဦးတည်လာခဲ့ကြသည်။ ကျီချင်းရန်ရုံးခန်းသို့ သွားနေသည့် လမ်းတစ်လျှောက် နှစ်ယောက်မှာ စကားတစ်ခွန်းမျှ မပြောပေ။
“ ရီ…. နင် နာသွားသေးလားဟင်…” ကျီချင်းရန် မဝံ့မရဲလေး မေးမြန်းလိုက်၏။ သူမ လင်းရီကြောင့် ကြောက်လန့်နေခဲ့ပြီး စကားကျယ်ကျယ် မပြောဝံ့ပေ။
“ သူတို့ကို တစ်ယောက်တည်းသွားတွေ့ရလောက်တဲ့အထိ ချင်းရန် မင်းဦးနှောက်က ဘာတွေ ဖြစ်နေတာလဲ…. ရေဝင်သွားလို့လား…” လင်းရီ ဆူငေါက်လိုက်၏။
“ ဝမ်ပင်းလို့ ခေါ်တဲ့သူက နင် သူ့ရဲ့လူကို ကားနဲ့တိုက်သတ်လိုက်တယ်ပြောတယ်….. အဲ့ဒါ နင် ထောင်ကျမှာဆိုးလို့ သူတို့လိုချင်တဲ့ ပရောဂျက်ကို လွှဲပြောင်းပေးဖို့ သွားခဲ့တာပါ…”
ထိုအချိန်တွင် လင်းရီ ဒေါသလည်းထွက်သလို ရင်ထဲတွင်လည်း နွေးထွေးနေလေသည်။ကျီချင်းရန်မှာ သူ့အတွက် တွေးပူပေးပြီး ယွမ်ဘီလီယမ်ပေါင်းများစွာ တန်ကြေးရှိသည့် ပရောဂျက်ကိုပင် မဆိုင်းမတွ လက်လွှဲပေးခဲ့သည် မဟုတ်ပါလော။
“ ငါ အဲ့ခွေးသူတောင်းစားတွေကို ရိုက်ရဲမှတော့ တာဝန်ယူရမှာ ကြောက်မယ်လို့များ မင်းထင်နေတာလား…. မင်းရဲ့ ဒီနေ့လုပ်ရပ်က ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲဆိုတာ မင်းနားမလည်ဘူးလား…တကယ်လို့ တစ်ခုခုဖြစ်တယ်ဆိုရင် ငါ့ကို အရင်အသိပေးရမှာ မဟုတ်ဘူးလား…. ဘာလို့ ကိုယ့်သဘောနဲ့ကိုယ် အဲ့လိုတွေ လျှောက်လုပ်နေတာ….”
“ ငါ… ငါမှားပါတယ်ရီရယ်… နင်.. နင်ငါ့ကို မဆူပါနဲ့တော့နော်…. ငါ နောက်ဆို အဲ့လို မလုပ်တော့ပါဝူး…”
ကျီချင်းရန် သူမနှုတ်ခမ်းကို ကိုက်ထားပြီး မျက်ရည်ကလယ်ကလယ်ဖြင့် ရှိုက်တငင်ငင် ငိုကြွေးလိုက်သည်။
“ ငါကျိန်ရဲတယ်…. မင်းငါ့ကို တစ်နေ့ ဒေါသထွက်ပြီး သေအောင် လုပ်နိုင်တယ်ဆိုတာ…..”
“ ငါ…..ငါ နောက်တစ်ခါဆို ဒီလိုမလုပ်တော့ဘူးလို့…” ကျီချင်းရန် မသဲမကွဲဖြင့် ရေရွတ်လိုက်သည်။
“ မင်း ဘာလို့ ပါးစပ်ကိုအုပ်ထားတာ….”
“ နင်ငါ့ကို နောက်တစ်ခေါက် ထပ်ဆူမှာကြောက်လို့လေ….”