အပြင်ထွက်လည်ကြခြင်း
Vol. 31 Ch. 452
“ ဟူး ထားလိုက်တော့… “ လင်းရီ လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်ပြီး “ မင်းကိုက အရမ်း ရိုးအလွန်းနေတာ….”
“ သူများက နင့်ကို အန္တရာယ်မဖြစ်စေချင်လို့ပဲဟာကို….” ကျီချင်းရန် မျက်နှာငယ်လေးဖြင့် ပြောလိုက်၏။
“ ကျောက်ကျိန်းရန်နဲ့ ပေါင်းတဲ့ကောင်တွေက ငပိန်းတွေချည်းပဲ…. ငါကဘယ်လိုလုပ် ဒုက္ခရောက်နိုင်မှာ….”
“ နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်လာခဲ့ရင် နင့်ဆီ ဖုန်းဆက်လိုက်မယ်လေနော်…” ကျီချင်းရန် နှုတ်ခမ်းစူပြီး ပြောလိုက်၏။
“ ကောင်းပြီ ….. မင်းဒီမှာ နေရစ်ခဲ့လိုက်တော့… ငါသွားတော့မယ်…”
“ နင်နေ့လည်စာ မစားရသေးဘူးမလား…. စားပြီးမှ သွားပါလားလို့….” ကျီချင်းရန် လင်းရီ လက်မောင်းကို ဖက်၍ ချွဲနွဲ့စွာ ပြောဆိုလိုက်သည်။
“ တော်ပြီ.. ငါခုလောလောဆယ် ဗိုက်မဆာသေးဘူး…”
“ ငါဗိုက်နည်းနည်းဆာလို့….. ငါနဲ့အတူ စားပေးပါလားလို့ နော်လို့…”
“ မင်းက စားချင်နေသေးတယ်ပေါ့… ကိုယ့်ကိုယ်ကိုလည်း အရင်ဆုံးပြန်ကြည့်လိုက်ဦး….”
ထွက်ခွာသွားသည့် လင်းရီ၏ နောက်ကျောကိုကြည့်ရင်း ကျီချင်းရန် တီးတိုးရေရွတ်လိုက်၏။
“ ငါက နင့်ကို နေ့လည်စာ စားစေချင်ရုံပဲဟာကို….”
ချောင်ရန်အုပ်စုမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ကားထဲသို့ဝင်ကာ လျန်ရူရွှယ်ထံ ဖုန်းခေါ်လိုက်သည်။
“ မင်းအခု ဘယ်မှာလဲ….”
“ ငါလား … ရုံးပြန်ရောက်နေပြီလေ….”
“ မင်း ဟိုကောင်တွေကို ဘယ်လိုစီစဉ်လိုက်လဲ…”
“ဒီကိစ္စက ခြိမ်းခြောက်တဲ့အမှုမြောက်တော့ ချင်းဟန်က စီနိုဟန်ကုမ္ပဏီရဲ့ ရှေ့နေဌာနကို ကျောက်မိသားစုနဲ့ ဖန်မိသားစုဆီ စာတွေ ပို့ပေးခိုင်းလိုက်ပြီ… ပြီးတော့ ငါလည်း သူတို့မိသားစု နှစ်ခုကို တိတ်တိတ်လေး သတိပေးစာ ပို့ပေးထားတယ်… သူတို့လည်း သူတို့အမှားဆိုတာ နားလည်မှာပါ…. ခုကိစ္စကတော့ ပြီးသွားပြီ… ဒါပေမယ့် ဒီကိစ္စပြီးရင် မိသားစုကြီးနှစ်ခုက အရှုံးပေးမလား… ဒါမှမဟုတ် နောက်တစ်ကြိမ်ပြန်တိုက်ခိုက်မလားဆိုတာတော့ ငါလည်း မပြောတတ်ဘူး….” လျန်ရူရွှယ်မှ ပြောလိုက်၏။
“ နောက်ပြီး ငါ ဝမ်ပင်းနဲ့ ကျန်တဲ့သူတွေကိုလည်း ကိုင်တွယ်ပြီးသွားပြီ… နင်သူတို့ကို ကျိုးဟိုင်မှာ ထပ်တွေ့ရမှာ မဟုတ်တော့ဘူး….”
“ ကောင်းပြီ…. ငါနားလည်ပြီ….”
“ အဲ့တာဆို ဒါပဲနော်… တကယ်လို့ နင်မကိုင်တွယ်နိုင်တဲ့ ကိစ္စရှိရင် ငါ့ကို အချိန်မှီ ဖုန်းဆက်ပေးဖို့ မမေ့နဲ့…..”
“ အင်း….”
“ ကောင်းပြီလေ… ငါအရင် ဖုန်းချလိုက်တော့မယ်…..”
ဖုန်းချပြီးနောက် လျန်ရူရွှယ် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။
သူမ စောနလေးတင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ဆက်တိုက် တွေးတောနေလေသည်။ သူမကို ပဟေဠိအဖြစ်ဆုံးကတော့ အန်ကယ်မို၏ သဘောထားပင်။
ဤကိစ္စတွင် ပါဝင်ပတ်သက်မနေသော်လည်း ကူညီပေးရန် စကားကမ်းလှမ်းလာခဲ့လေသည်။
ယင်းက တကယ့်ကို ထူးဆန်း၏။
အကယ်၍ လင်းရီမှာ အဘိုးရန်ခွဲစိတ်မှု၏ခေါင်းဆောင်ဖြစ်ခဲ့လျှင်တောင် နှစ်ယောက်ကြားတွင် မည်သည့်အဆက်အသွယ်တို့မျှ ထပ်မရှိခဲ့ပေ။
သို့မဟုတ် လင်းရီက အဘိုးရန်ရဲ့ ကယ်တင်ရှင် ဖြစ်နေသောကြောင့်လော။
ထိုအရာကလည်း မဖြစ်နိုင်ချေ။ နိုင်ငံတစ်ဝန်းတွင် အမျိုးမျိုးသော ခေါင်းဆောင်များကို ခွဲစိတ်ပေးခဲ့သည့် ဆရာဝန်များမှာရေတွက်၍ပင် မရနိုင်အောင်ပင်။ အကယ်၍ ထိုအခြင်းအရာကြောင့် အလေးပေး ဆက်ဆံခံရမည်ဆိုပါက ထိုခွဲစိတ်ဆရာဝန်များအားလုံး သူဌေးဖြစ်ပြီးနေလောက်ချေပြီ။
အန်ကယ်မိုရဲ့ သဘောထားတွေက တကယ့်ကို ထူးဆန်းလွန်းတယ်….
…….
ချောင်ရန်အုပ်စု၏ မြေအောက်ကားပါကင်တွင်တော့ လင်းရီ ထိုင်ခုံနောက်သို့ မှီရင်း မိသားစုနှစ်ခုအကြောင်းကို စဉ်းစားနေလေသည်။
လင်းယွမ်အုပ်စု၏ အလုံးစုံအင်အားတို့မှာ မိသားစုကြီးနှစ်ခုနှင့် မယှဉ်ပြိုင်နိုင်သော်လည်း စီးပွားရေးနယ်ပယ်တွင်တော့ ၎င်းတို့မှာ လင်းယွမ်အုပ်စု၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။
ဆေးနယ်ပယ်အတွက်ကတော့ အနာဂတ်တွင် ကြီးမားသည့် ပြုပြင်ပြောင်းလဲမှုများ ရှိလာမည်ဖြစ်ပြီး ဖန်မိသားစုလည်း အရမ်းကာရော လုပ်ဆောင်ဝံ့လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ကျောက်မိသားစုတစ်ခုတည်းအတွက်နှင့်တော့ လင်းရီ စိတ်ပူနေစရာ မလိုအပ်ပါ။
ကလင် ကလင် ….
လင်းရီ ဖုန်းသံ မြည်လာခဲ့ပြီး ပီစုန့်ကျန်းထံမှ ဖြစ်၏။
“ ဘော့စ်လင်း…. ဆိပ်ကမ်းရဲ့ ပထမအကျော့ ပြုပြင်မွန်းမံမှုကတော့ ပြီးမြောက်အောင်မြင်သွားပါပြီဗျ…. မကြာခင် ဒုတိယအဆင့်ကို သွားဖို့ စီစဉ်ထားပါတယ်… ဘော့စ်အားတဲ့အချိန်ကျရင် တစ်ချက်လောက် လာကြည့်ပါဦး….”
“ ဒီလောက်မြန်မြန်နဲ့ ပြီးသွားခဲ့တာလား….”
ယခုရက်ပိုင်းတွင် လင်းရီ Cisco နှင့် အဓိက ဆေးကုမ္ပဏီခြောက်ခုကိစ္စများကို ကိုင်တွယ်ဖြေရှင်းရင်း အလုပ်ရှုပ်နေသောကြောင့် ဝမ်ကျန်းဆိပ်ကမ်းကိုပင် မေ့တေ့တေ့ ဖြစ်နေပြီဖြစ်နေလေသည်။
ယခု ဆိပ်ကမ်း၏ ပထမအကျော့ မွမ်းမံပြင်ဆင်မှုမှာ ပြီးဆုံးသွားသောကြောင့် သူတစ်ခေါက်လောက်တော့ သွားကြည့်ရပေမည်။
တစ်ချိန်တည်းတွင် သူ Cisco ကို ပြောထားသည့် သုံးဘီလီယမ် အော်ဒါမှာလည်း ပြီးမြောက်လုနီးနီး ဖြစ်နေလောက်ချေပြီ။
အချိန်တစ်ချို့ရှာ၍ ချောင်ရှန့်ယွီဆီ အလည်သွားသင့်၏။ မဟုတ်ပါက သူကြိုးစားထားသမျှ ဘာမျှ မရလိုက်ပဲ အဆုံးသတ်သွားနိုင်လေသည်။
ထိုအကြောင်းတွေးတောရင်း လင်းရီ ပျင်းရိစွာဖြင့် ခါးကြောဆန့်ကာ ကျီချင်းရန်၏ ရုံးခန်းထဲသို့ပြန်သွားလိုက်သည်။
ခရက် ….
ခရက်…..
တံခါးဖွင့်လိုက်သောအခါ ကျီချင်းရန် တိတ်တိတ်လေး ဘီစကစ်များ ခိုးစားနေကြောင်း လင်းရီ မြင်တွေ့လိုက်ရ၏။
လင်းရီဝင်လာသည်ကိုမြင်တော့ ကျီချင်းရန် သူမ၏ ဘီစကစ်များကို နောက်ကျောသို့ ကမန်းကတမ်း သိုဝှက်လိုက်သည်။
“ နင်… နင်ဘာလို့ ပြန်လာခဲ့တာ….”
“ ပစ္စည်းတွေသိမ်းလိုက်တော့…. ငါမင်းကို ညနေစာ လိုက်ကျွေးမယ်….”
“ နင်ပဲ ခုနကပြောတော့ ငါအစားစားရမှာ ရှက်သင့်တယ်ဆို… မစားတော့ဘူး….”
“ ငါ့ကို အပိုတွေ လာမပြောနဲ့… မင်းစားမှာလား မစားဘူးလား….”
“ စားမယ်….”
ကျီချင်းရန် သူမ၏ ဘီစကစ်ကို လက်မှချလိုက်ပြီး “ ငါအဝတ်အစားသွားလဲလိုက်ဦးမယ်….”
ဆယ်မိနစ်ကြာပြီးနောက် ကျီချင်းရန် အဝတ်စားလဲ၍ ပြီးသွားခဲ့ပြီး လင်းရီနှင့်အတူ ထွက်လာခဲ့၏။
ရိုးရှင်းသည့် ညနေစာစားသောက်ပြီးနောက် နှစ်ယောက် ကျိုကျုံးအဆောက်အဦးထံသို့ ပြန်လာခဲ့ကြသည်။
ဆိုဖာပေါ်တွင် ကျီချင်းရန် လင်းရီ၏ လက်မောင်းကို တွယ်ဖက်ထားပြီး ခေါင်းမှီထား၏။
“ ရီ… နင်လုပ်ခဲ့တာတွေက ငါကောင်းဖို့အတွက်ဆိုတာ ငါနားလည်ပါတယ်… ဒါပေမယ့် နင် နောက်ဆို အဲ့လိုအန္တရာယ်များတာတွေ ထပ်မလုပ်နဲ့တော့နော်….” ကျီချင်းရန်၏ မျက်လုံးများမှာ နေ့လည်ခင်းတုန်းက အဖြစ်အပျက်များကို ပြန်လည်မြင်ယောင်ရင်း မျက်ရည်များ ဝေ့သီနေလေသည်။
“ ငါလည်း မလုပ်ချင်ပါဘူး… ဒါပေမယ့် ကျန်တဲ့သူတွေကကော မင်းကို ညှာတာလိမ့်မယ်လို့ထင်လား…” လင်းရီ ပြောလိုက်ပြီး “ လူသားဆန်တာက ရက်စက်ကြမ်းကြုတ်တာကို အောင်မြင်နိုင်တယ်လို့ပြောကြတယ်…. ဒါပေမယ့် ရက်စက်ကြမ်းကြုတ်တာကိုက လူသားတွေရဲ့စရိုက်သဘာဝပဲ…”
“နင်ဆိုလိုချင်တာကို ငါနားလည်တယ်… အဲ့လိုဆိုလည်း အနာဂတ်ကျရင် အဲ့လိုလူမျိုးတွေကို ဝေးဝေးရှောင်လေနော်…..” ကျီချင်းရန် ပြောလိုက်၏။
“ ငါဘာလုပ်နေလဲဆိုတာ ငါနားလည်တယ်….”
“ အွန်း…..”
ကျီချင်းရန် နောက်ထပ်ဘာမျှ ဆက်မပြောဝံ့ချေ။ အမျိုးသမီးတစ်ယောက်အနေဖြင့် သူမလင်းရီ၏ ကိစ္စများကို လိုက်ဝင်ရောက်စွက်ဖက်နေ၍ မသင့်တော်ပေ။
နောက်တစ်နေ့နံနက်တွင်တော့ အပြစ်ရှိသလို ခံစားနေရသည့် ကျီချင်းရန်မှာ တာဝန်ကျေပွန်သည့် အိမ်ထောင်ရှင်မတစ်ဦးကဲ့သို့ နံနက်လေးနာရီထပြီး လင်းရီအတွက် နံနက်စာ ပြင်ပေး၏။
လင်းရီ နှိုးလာသည့်အချိန်တွင်တော့ ဟွာရှနှင့် အနောက်တိုင်း ပေါင်းစပ်ထားသည့် ဟင်းအမျိုးပေါင်း ခြောက်မျိုးခန့် စားပွဲပေါ်တွင် ရောက်ရှိနေလေသည်။
“ ဝိုး…. ဒီနေ့တော့ ချင်းရန်က ရှယ်တွေ လက်စွမ်းပြထားတာပဲ….”
“ နင်က အလုပ်မှာ ပင်ပန်းတယ်ဆိုတော့ များများစားပေးသင့်တယ်လေ….” ကျီချင်းရန် အေပရွန်ချွတ်ရင်း ပြောလိုက်ပြီး “ နေ့လည်ကျရင်ကော ဘာစားချင်လဲ… ငါလာပို့ပေးမယ်…”
“ မင်းအလုပ်ကိုပဲ မင်းအာရုံစိုက်… ငါ့အတွက် စိတ်ပူမနေနဲ့..” လင်းရီပြောလိုက်ပြီး “ လာလေ အတူစားစို့…. ပြီးရင် အလုပ်လိုက်ပို့ပေးမယ်….”
“ ကိုယ့်ဘာကိုယ်ပဲ မောင်းသွားလိုက်တော့မယ်…” ကျီချင်းရန် တိုးညှင်းစွာ ပြောလိုက်၏။
“ ပြီးတာပဲလေ….”
မနက်စာစားပြီးနောက် လင်းရီ ကျီချင်းရန်ကို ရုံးခန်းသို့ လိုက်ပို့ပေးလိုက်ပြီး ဆေးရုံသို့ ဦးတည်လိုက်သည်။
“ အစ်ကိုရီ.. ညီမမှာ သတင်းကောင်းတစ်ခု ရှိတယ်…”
လင်းရီ ဌာနသို့ ရောက်လျှင်ရောက်ချင်း ချောင်ရှင်းမှ စကားပြောလာခဲ့သည်။
“ နေ့လည်ကျရင် ကိုရိုနယ်ရီအာထရီမှာ ပြွန်ထည့်မယ့် လူနာတစ်ယောက်ရှိတယ်…. ဒါရိုက်တာလီပြောတာတော့ သူ ညီမတို့နောက် ဆက်မလိုက်ပေးနိုင်တော့ဘူးတဲ့ .. ပြီးတော့ အစ်ကိုရီကိုပဲ ဦးဆောင်ခိုင်းလိုက်ပြီးတော့ ညီမကို လက်ထောက်လုပ်ခိုင်းလိုက်တယ်… ဒါသတင်းကောင်းကြီးပဲ မဟုတ်လား ဟီးဟီး….”
“ခဏလောက်…”
ခေတ်သစ်ဆေးနည်းပညာဖြင့် ကိုရိုနရီအာထရီတွင် ပြွန်ထည့်ရသည်မှာ မခက်ခဲချေ။
ယင်းက သူ၏ မစ်ရှင်ကို ပြီးမြောက်စေမည့် ခွဲစိတ်မှုတစ်ခုလည်းဖြစ်၏။
“ ဒေါက်တာလီက တခြားခွဲစိတ်မှု လုပ်ရမှာမို့လို့လား…”
“ လွန်ခဲ့တဲ့ ရက်တွေတုန်းက ညီမတို့ဌာနမှာ လူအင်အားမလောက်လို့ ဒါရိုက်တာလီက သိပ်အရေးမကြီးတဲ့ ခွဲစိတ်မှုတစ်ချို့ကို အချိန်ရွေ့ထားတယ်လေ…. နောက်သုံးရက်နေရင် နောက်ထပ်ခွဲစိတ်မှုတစ်ခုလည်း ရှိသေးတယ်… ညီမတို့ နောက်သုံးရက်အထိ လူနာရဲ့အခြေအနေကို စောင့်ကြည့်ရုံပဲ….”
“ ရတာပေါ့…” လင်းရီ ခေါင်းငြိမ့်လိုက်၏။ ယနေ့ သွေးလွတ်ကြောထဲပြွန်ထည့်မည့် ခွဲစိတ်မှုပြီးနောက် မစ်ရှင် ပြီးမြောက်မှုမှာ 2/5 ဖြစ်သွားပေလိမ့်မည်။ ကျန်သည့် ခွဲစိတ်မှုများကတော့ ပြီးမြောက်ရန် တစ်ပတ်ခန့် ကြာနိုင်ပေသည်။
“ အားလုံးပဲ....ကျုပ် အကြံပြုစရာတစ်ခု ရှိတယ်…. ဆေးရုံက နောက်သုံးလေးရက်လောက်အထိ အားနေမှာဆိုတော့ အနားယူတဲ့အနေနဲ့ အပြင်ထွက်ပြီး လျှောက်လည်ကြရင် မကောင်းဘူးလား…” ဝမ်ဇီရီ ပြောလိုက်ပြီး “ ကြားတာတော့ ဝမ်ကျင်းဆိပ်ကမ်းက အသစ်တိုးချဲ့လိုက်ပြီဆိုပဲ…. အရင်ကထက်တောင်ပိုကောင်းသွားသေးတယ်…..”
၎င်းကိုကြားတော့ ဌာနရှိ ဆရာဝန်အငယ်စားလေးများမှာ သွားကြည့်ရန် စိတ်အားထက်သန်သွားကြတော့၏။
သို့သော်လည်း မည်သူမျှ အသံမထွက်ဝံ့ကြချေ။ သူတို့အားလုံး လီချူးဟန်၏ အမူအရာကိုသာ အကဲခတ်လိုက်ကြလေသည်။
သူမက ဌာန၏ ဘော့စ်ဖြစ်၏။ သူမသာ ခွင့်မပြုပါက သူတို့သွားနိုင်လိမ့်မည်မဟုတ်ချေ။
“ တစ်နေ့လုံး အပမ်းဖြေဖို့တော့ စိတ်တောင်မကူးနဲ့….” လီချူးဟန် ပြောလိုက်ပြီး “ ဒါပေမယ့် နင်တို့ကိုအနားယူချင်ရင် နေ့တစ်ဝက်တော့ ခွင့်ပေးလို့ရတယ်… ပျော်ချင်ရင် သွားပျော်ကြလေ….”
“ ဒါရိုက်တာလီ… ကျွန်မတို့တကယ်ကြီး စောစောအလုပ်နားလို့ရတယ်ပေါ့နော်…”
“ ဌာနက လူနာတွေကို ငါကြည့်ထားလိုက်မယ်… နင်တို့ သွားပြီး အနားယူကြချည်….”
လီချင်းဟန်မှာ အေးတိအေးစက် နိုင်လှသော်လည်း ပြောရဆိုရ လွယ်ကူသည့်သူပင်။ သူမ၏ စည်းမျဉ်းစည်းကမ်းများကို စိန်မခေါ်သေးသရွေ့တော့ ဆွေးနွေးညှိနှိုင်း၍ ရသေး၏။
“ အာ….”
လီချူးဟန် ဌာနတွင် ကျန်နေရစ်ခဲ့မည်ဟုဆိုတော့ ဝမ်ဇီရီ၏ အမူအရာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
“ ဒါရိုက်တာလီက မသွားဘူးဆိုမှတော့ ကျုပ်တို့ချည်းသပ်သပ်သွားလို့လည်း ဘယ်ကောင်းမှာ…ဒါရိုက်တာလီက ပိုက်ဆံကိစ္စ စိုးရိမ်နေတာလား... မပူနဲ့ … ကျုပ်က ထွက်လည်ဖို ဖိတ်ခေါ်တာဆိုတော့ ကျသမျှ အကုန်တာဝန်ယူတယ်…”
ဌာနရှိ ဒေါက်တာများနှင့် နာစ့်များအားလုံး ယခု ခရီးစဉ်မှာ လီချူးဟန်ကို ဖိတ်ခေါ်ချင်၍သာ စီစဉ်လိုက်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
“ ပိုက်ဆံကြောင့်မဟုတ်ဘူး… တကယ်လို့ ကျွန်မ မနေရစ်ခဲ့ဘူးဆိုရင် လူနာတွေကို ဘယ်သူက စောင့်ကြပ်ပေးမှာ… ရှင်လား….”
“ ဒါရိုက်တာလီ.. ဒီလိုဆိုရင်ကော….ခင်များတို့ သွားလိုက်ကြ… ကျုပ်ဒီမှာနေပြီး လူနာတွေကို စောင့်ကြည့်ထားလိုက်မယ်…” လက်ထောက်ဒါရိုက်တာအသစ် ကျိန်းပင်းကျန်းမှ ပြောလိုက်ပြီး “ ကျုပ်က အသက်လည်းရလာပြီဆိုတော့ လူငယ်တွေလို မပျော်နိုင်တော့ဘူး…. ကျုပ်ဒီမှာနေသင့်တာ အမှန်ပဲ…”
“ ဒါရိုက်တာကျိန်း…. ကျေးဇူးပါ…” ဝမ်ဇီရီ အပြုံးလေးဖြင့် ပြောလိုက်၏။
“ အစ်ကိုရီ ညီမတို့ အတူသွားလည်ကြရအောင်လေ… နေ့တိုင်း ဌာနမှာပဲ နေနေရတော့ မွန်းကြပ်လွန်းလို့ လူက ရူးချင်သလိုလိုတောင် ဖြစ်လာပြီ….”
“ ကောင်းပြီလေ… သွားလည်ရင်း ဘာတွေပြောင်းလဲသွားလဲဆိုတာ ကြည့်ကြတာပေါ့…”
တိုက်ဆိုင်စွာဖြင့် ပရောဂျက်၏ ပထမအကျော့မှာ ပြီးမြောက်သွားပြီး လင်းရီလည်း ယခု အခွင့်အရေးကို အသုံးချကာ အခြေအနေကို တစ်ချက်ရှိုးကြည့်ပေမည်။
“ ဒါရိုက်တာလီ…. အစ်ကိုရီလည်း သွားမှာ…. ကျွန်မတို့နဲ့ လိုက်ခဲ့လေ….”
လီချူးဟန် စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ငြိမ်သက်ပြီးနောက် “ ကောင်းပြီလေ…. ခဏလောက် အတူ လမ်းလျှောက်ကြတာပေါ့…..”