လီချူးဟန်အတွက် ရေကူးဝတ်စုံ ဝယ်ပေးခြင်း
Vol. 31 Ch. 453
လင်းရီလည်း လိုက်ခဲ့မည်ဟုကြားတော့ ဝမ်မာဇီ ကောက်ကျစ်စွာပြုံးလိုက်ပြီး မိမိကိုယ်ကို တီးတိုးရေရွတ်လိုက်သည်။
“ ဒီတစ်ကြိမ်တော့ လောကကြီးမှာ ရုပ်ချောတာက ဘာမှသုံးစားမရဘူး… ငွေသည်သာ အရာရာပဲ ဆိုတာ လူတိုင်းကို သိအောင်လုပ်ပြမယ်…”
လီချူးဟန်မှ နေ့တစ်ဝက် အနားပေးမည်ဟု ကြားသိတော့ နှလုံးအထူးကုဌာနတစ်ခုလုံး ဟေးခနဲ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
ထို့ပြင် သူမတို့ကိုလည်း အပြင်သို့ ခေါ်သွားပေးဦးမည်လည်းဖြစ်၏။
ဆေးရုံဖြစ်သောကြောင့် ယခုလိုအခွင့်အရေးရသည်မှာ အင်မတန်မှရှားပါးလှပေသည်။ အထူးသဖြင့်တော့ နာ့စ်ငယ်ငယ်လေးများမှာ ထိုအခြင်းအရာကြောင့် မနက်ပိုင်းအလုပ်လုပ်ရန်ပင် အာရုံ မရှိကြတော့ချေ။
ပျော်ရွှင်ဖို့တစ်ခုတည်းသာ စိတ်ထဲ၌ ရှိနေကြလေသည်။ သို့သော်လည်း လီချူးဟန်မှ လက်ထဲရှိ အလုပ်များကို အပြတ်ဖြတ်ရမည်ဖြစ်ကြောင်း ကြိုတင်သတိပေးထားပြီးဖြစ်၏။
မနက်ပိုင်းတွင် နှလုံးအထူးကုဌာနရှိ အလုပ်လုပ်သည့် နေရာ၌ တက်ကြွသည့်လေထုက ကြီးစိုးနေသည်။ လူတိုင်းအားလပ်ရက် နေ့တစ်ပိုင်းရမည်ဟု ကြားသိရသောအခါ ပျော်ရွှင်သွားကြသော်လည်း ဆေးရုံရှိ သူမတို့၏ အလုပ်ကို ထားပစ်ခဲ့၍ မရကြောင်းလည်း နားလည်ပေသည်။
အသက်ကြီးပိုင်းနာ့စ်များမှာ လူငယ်များကို နေရာပေးရင်း ဆေးရုံတွင် ကျန်နေရစ်ခဲ့ကြ၏။ လီချူးဟန်ကလည်း သူမတို့၏ သဘောထားကို မည်သို့မျှ မှတ်ချက်မပြုချေ။ သူမဘက်ကတော့ ကျန်နေရစ်ခဲ့သည့် လူတိုင်းကို လျော်ကြေးအဖြစ် ယွမ်နှစ်ရာဆီ ချီးမြင့်လိုက်သည်။
ထို့ပြင် ညဂျူတီဆင်းရမည့် လူတိုင်းလည်း ညကိုးနာရီမတိုင်မီ ပြန်ရောက်လာရမည်ဟု အသိပေးထားသေး၏။ သို့သော်လည်း ထိုစည်းမျဉ်းက သူမတို့သွားလည်မည့် အစီအစဉ်ကို မည်သည့်အကျိုးသက်ရောက်မှုတို့မျှ မရှိခဲ့ချေ။
ညကိုးနာရီမထိုးခင်ပင် လူတိုင်းလည်ပတ်၍ ပြီးနိုင်လေသည်။ ထို့ကြောင့် ပြန်လာပြီး အလုပ်လာဆင်းရန် ပြဿနာရှိလိမ့်မည် မဟုတ်ချေ။
အချူပ်အားဖြင့် ဆိုရသော် အားလုံးက အဆင်ပြေပြေပင်။
နေ့လည် ဆယ့်တစ်နာရီခွဲသို့ ရောက်သောအခါ နှလုံးအထူးကုဌာနရှိလူတိုင်း ပျော်ပွဲစားခရီးအတွက် လိုအပ်မည့် အရာများကို ပြင်ဆင်ကြလေသည်။
နေ့လည်တစ်နာရီထိုးသောအခါ ဆေးရုံကားပါကင်၌ လူစုကြပြီး လူတိုင်းနီးပါးက ကားရှိကြသောကြောင့် ထိုနေရာသို့ ကိုယ်တိုင်မောင်းသွားးလိုက်ကြပေမည်။
“ ဒါရိုက်တာလီ … သွားစို့လေ… ကျွန်မတော့ ကမ်းခြေကို သွားမလည်ရတာ ဘယ်လောက်တောင်ကြာနေပြီလဲ မသိတော့ဘူး… ရေကူးဝတ်စုံ အသစ်လေး ဝယ်ထားတာတောင်မှ မဝတ်ရတာ လချီနေပြီ….”
ချောင်ရှင်း အပြုံးလေးဖြင့် ပြောလိုက်၏။
“ရှင်းရှင်း…. တကယ်လို့ နင်သာ နင့်ရဲ့ အာရုံတွေကို လေ့လာတဲ့ နေရာမှာသာ အာရုံစိုက်လိုက်လို့ကတော့ လင်းရီထက် ဆိုးရွားမှာတောင် မဟုတ်ဘူး သိလား…”
“ ကျွန်မက အစ်ကိုရီကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲလို့…. အစ်ကိုရီက ဂျီးနီးယပ်စ်လေ…”
“ဒါနဲ့ ဒါရိုက်တာလီရဲ့ရေကူးဝတ်စုံကကော…. ဘယ်လိုစတိုင်မျိုးလဲ ကြည့်ကြည့်ရအောင်လေ… ဝမ်းပိစ်လား…. တူးပိစ်လား….”
“ ဟုတ်တယ် ဟုတ်တယ်… ဒါရိုက်တာလီက ဘယ်လို ရေကူးဝတ်စုံမျိုးကို ယူလာခဲ့တာ… ဒါရိုက်တာလီရဲ့ ကိုယ်လုံးကိုယ်ပေါက်က အရမ်းကိုလှတာ… ပြီးတော့ အမြဲတမ်းလည်း တင်းတင်းစီးထားတော့ သိပ်မသိသာဘူး… ဒီနေ့တော့ ဒါရိုက်တာလီ ဘယ်လောက်လှလဲဆိုတာ မြင်တွေ့ရတော့မယ်…..”
နာ့စ်အငယ်လေး၊ ယွမ်စီးချီမှ ပြောလိုက်သည်။
“ ဘာရေကူးဝတ်စုံမှ ပါမလာဘူး… ငါက ဒီတိုင်းပဲလာပြီး အပန်းဖြေတာ…. ရေကူးဝတ်စုံ ဝယ်စရာအကြောင်းလည်းမရှိဘူး…”
လီချူးဟန်၏ စရိုက်မှာ အေးတိအေးစက်နိုင်သော်လည်း ရှေးရိုးမဆန်ပေ။ ရေကူးဝတ်စုံဝတ်သည်ကို မဆန့်ကျင်သော်လည်း မလိုအပ်ဟု ထင်နေသောကြောင့်သာ မယူလာခဲ့ခြင်းဖြစ်၏။
“ အာ... ဒါရိုက်တာလီကလည်း... ကျွန်မတို့ ဒီလိုမျိုး အတူထွက်လည်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ… ပြီးတော့ ကမ်းခြေရောက်ပြီး ရေမကစားရင်လည်း နှမြောစရာကြီးလေ…လုပ်ပါနော် ….. ရေကူးဝတ်စုံလေး ဝတ်လိုက်ပါနော်……” ချောင်ရှင်းမှ ဆိုးနွဲ့သည့် လေသံဖြင့် ပြောလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ် အဲ့ဒီ အကြံမဆိုးဘူး… သူတို့ ကမ်းခြေမှာလည်း ရေကူးဝတ်စုံတွေရောင်းတယ်လေ… ဒါရိုက်တာလီအတွက် တစ်စုံဝယ်ပေးကြရအောင်…”
“ ထားလိုက်တော့…. နင်တို့ ကိုယ့်ဘာကိုယ်ပဲ ပျော်ကြ… ငါ့ကို ထည့်တွက်မနေနဲ့….”
“ အဲ့လိုလုပ်လို့ ဘယ်ရမှာ…. ဒါရိုက်တာလီက ကျွန်မတို့ရဲ့ ဌာနခေါင်းဆောင်လေ… ဒါရိုက်တာလီမှ မပျော်ပေးရင် ကျွန်မတို့သပ်သပ်ကြီးကျတော့ ဘယ်ပျော်လို့ ကောင်းတော့မှာ….” ချောင်ရှင်း လက်ဝှေ့ယမ်း၍ ပြောလိုက်ပြီး လီချူးဟန်နားသို့ ကပ်၍ လေသံတိုးတိုးလေးဖြင့် “ ပြီးတော့လေ ဒါရိုက်တာလီ… မနေ့တုန်းက ကျွန်မတို့ ဌာနကိုလာတဲ့ အစ်မကြီးရဲ့ ကိုယ်လုံးကိုယ်ပေါက်က ဘယ်လောက်လှလည်းဆိုတာ ဒါရိုက်တာလီလည်း အမြင်ပဲ… လူတိုင်းကလည်း အစ်ကိုရီ လူရွေးဘယ်လောက်တော်ကြောင်းပဲ ပြောနေကြတာ… ကျွန်မတို့ အပြင်လူကို အနိုင်ယူခွင့်ပေးလို့ ဘယ်ဖြစ်မှာလဲ... ဟုတ်တယ်မလား…..”
“ ဟင်း…. ငါလေ နင်တို့ကိုတော့ တကယ်မနိုင်တော့ဘူး သိလား….”
“ ခစ်ခစ်… အဲ့ဒါဆို အတည်ဖြစ်ပြီနော်… ဒါရိုက်တာလီကို ဘစ်ကနီ လှလှလေး ရွေးပေးရမယ်…… အဲ့ဒီ မိန်းကလေးတွေထက် သာတယ်ဆိုတာ လူတိုင်းသိအောင် ပြပေးရမယ်….”
“ တော်ပြီ… သာမန်ရေကူးဝတ်စုံဆိုရပြီ… ဘစ်ကနီတွေ မေ့လိုက်တော့….”
“ ခစ်ခစ်… သိပါတယ်လို့…”
မကြာမီ လူတိုင်း စုဝေးလာကြပြီး ဌာနမှ အယောက်နှစ်ဆယ်ကျော်ပါဝင်သော လူစုကြီးမှာ သူတို့၏ကားများကို ဝမ်ကျန်းဆိပ်ကမ်းသို့ ဦးတည်လိုက်ကြလေသည်။
ထို့ပြင် သူတို့နောက်၌လည်း နောက်တွဲဗန်တစ်စီးရှိနေသေးသည်။ ယင်းကို ဝမ်ဇီရီမှ ယူလာခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင်တော့ ဆော့စရာ ရေကူးကွင်းများနှင့် သားရေစာမုန့်များ၊ စားစရာ သောက်စရာများထည့်ထား၏။
မိနှစ်နှစ်ဆယ်ကြာပြီးနောက် လူတိုင်း ကားပြတင်းပေါက်ဖွင့်လိုက်သောအခါ လတ်ဆတ်သည့် ပင်လယ် လေညင်းရနံ့နှင့် ရေလှိုင်းများရိုက်ခတ်သံကို ကြားနေရပြီး ပြာလဲ့သည့် ရေပြင်မှာ လူတိုင်း၏ နွမ်းနယ်နေမှုများကို စွဲယူပစ်လိုက်သည့်အတိုင်းပင်။
ကားပါကင်ကို ရောက်သည့် အချိန်၌ လူတိုင်း အစီအရီ ကားပါကင်ထိုးလိုက်ကြသည်။
ဝမ်ကျန်းဆိပ်ကမ်း၏ ခန်းနားကြီးကျယ်မှုကို တွေ့မြင်လိုက်ရသောအခါ ချောင်ရှင်းနှင့် နာ့စ်အငယ်လေးများ အံ့အားတကြီးနှင့် ရေရွတ်မိသွားကြ၏။
“ ဘုရား ဘုရား… ဝမ်ကျန်းဆိပ်ကမ်းက ဒီလောက်တောင်လှတာပါလား… “ ယွမ်စီးချီမှ အာမေဋိတ်သံဖြင့် ပြောလိုက်သည်။
“ ငါအရင်တုန်းက ဒီကိုတစ်ခေါက်ရောက်ဖူးသေးတယ်… ဒါပေမယ့် အဲ့ဒီတုန်းက အရမ်းလှနေပြီထင်နေတာ… ခုလိုထပ်ပြီး မွမ်းမံလိုက်တော့ ပိုပြီး ကမ္ဘာ့အဆင့်မှီသွားလိမ့်မယ်လို့တောင် ထင်မထားဘူး….”
“ အမှန်ပဲ…. ဈေးလည်း ပိုကြီးလာတဲ့ပုံပဲ….”
“ အားလုံး သိကြသေးမှာတော့ မဟုတ်လောက်ဘူး…” ဝမ်ဇီရီ အပြုံးဖြင့် ပြောလိုက်ပြီး “ ဟိုးတလောလောက်တုန်းကမှ ဝမ်ကျန်းဆိပ်ကမ်းရဲ့ သူဌေးကြီးက ယွမ် သန်း ၈၀၀ ကျော် အကုန်ကျခံပြီးတော့ ဒီရဲ့ဆိပ်ကမ်းကို ကမ္ဘာ့အဆင့်မှီ ရွက်လှေစင်တာကြီးဖြစ်အောင် ပြောင်းလဲပစ်ခဲ့တာ.. ဒါကြောင့်မို့လည်း ခု ဒီလိုခမ်းနားကြီးကျယ်သွားတာလေ… ဒါတောင်မှ ပထမအကျော့ပဲ ရှိသေးတယ်နော်…. နောက်ထပ် ဒုတိယ တတိယ အကျော့တွေကျန်နေသေးတယ်….အဲ့တာတွေပြီးသွားရင်တော့ ဝမ်ကျန်းဆိပ်ကမ်းက ပိုပြီး အဆင့်မြင့်သွားတော့မှာ…”
“ ဒါရိုက်တာဝမ်က ဒီအကြောင်းတွေလည်း သိတယ်ပေါ့နော်….” ယွမ်စီးချီ မေးမြန်းလိုက်၏။
“ ဒါပေါ့.. ကျုပ်သူငယ်ချင်းက ရွက်လှေကလပ်ရဲ့ မန်ဘာပဲလေ…. ဒီကိုလာပြီး အမြဲတမ်း လာတတ်တော့ ဒီအကြောင်းတွေ အကုန် သိနေတာ…” ဝမ်ဇီရီ ဂုဏ်ယူစွာဖြင့် ခေါင်းမော့ရင်ကော့၍ ပြောလိုက်၏။
“ ဒါရိုက်တာဝမ်…. ကျွန်မကြားတာတော့ ရွက်လှေစီးနိုင်တဲ့လူတွေက ချမ်းသာပြီး အဆင့်အတန်းမြင့်တယ်ဆိုပဲ… ရှင့်မှာ အဲ့လိုသူငယ်ချင်းမျိုးရှိတယ်ဆိုတော့ ဒါရိုက်တာဝမ်ရဲ့ နောက်ခံလည်း မသေးလောက်ဘူး….”
“ မြှောက်ပင့်နေပါပြီ… ကျုပ်မိသားစုက သာမန်အလယ်လတ်တန်းစား မိသားစုလေးပါ… အားလုံးထင်နေသလို အံအားသင့်ဖို့မကောင်းပါဘူး…”
“ ကျိုးဟိုင်လိုနေရာမျိုးမှာ အလယ်အလတ်တန်းစား မိသားစု ဖြစ်ရတာကိုပဲ ကောင်းမွန်လှပြီ… အဲ့လိုဖြစ်ဖို့ဆိုရင် အနည်းဆုံး 18မီလီယမ်လောက် ရှိမှရမှာလေ…”
“ ဟားဟား....အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးဗျာ.. ဒါပေမယ့်စိတ်မပူနဲ့… ကျုပ်စုထားတဲ့ ပမာဏက လူတိုင်း စိတ်ကြိုက်ပျော်ဖို့တော့ လုံလောက်တယ်… ဆိုတော့ အားလုံးပဲ စိတ်လိုလက်ရတာ ပျော်ကြ ရွှင်ကြ…. ဘာမှအားနာမနေကြနဲ့… ကျုပ်က ဒီပမာဏလောက်လေးကတော့ တတ်နိုင်ပါသေးတယ်…”
“ ခစ်ခစ်…. အဲ့လိုဆိုလည်း ကျွန်မတို့ အားမနာတော့ဘူးနော်…”
“ အသေးမွှားလေးပါ…” ဝမ်ဇီရီ လက်ကို ဝှေ့ယမ်းလိုက်ပြီး “ ခု ပစ္စည်းတွေချပြီးတော့ တစ်ခုခု ကင်ကြတာပေါ့… ဗိုက်ဖြည့်ပြီးတာနဲ့ လှေတစ်စင်းလောက်ငှားပြီး ပင်လယ်ထဲ ထွက်ကြမယ်…”
“ ဟင်…. ကျွန်မတိုက ရွက်လှေစီးလို့ရမှာပေါ့နော်…”
“ ဒါပေါ့.. ဝမ်ကျန်းဆိပ်ကမ်းရောက်ပြီးတော့မှ ပင်လယ်ထဲ မသွားဖြစ်ရင် လာတာအလကားဖြစ်သွားမှာပေါ့….”
“ ဒါပေမယ့်…. လှေငှားတာက သေချာပေါက် ဈေးမပေါလောက်ဘူးနော…. ဈေးအပေါဆုံးလှေကတောင် တစ်နာရီကို ယွမ် ၁၅၀၀ ပေးရတယ်လို့ ပြောသံကြားတယ်…”
“ အဲ့လောက်လေးက ပါးပါးလေးရယ်..” ဝမ်ဇီရီ ပြောလိုက်ပြီး “ ကျုပ်က ဒီခေါ်လာခဲ့မှတော့ လူတိုင်းကို ဧည့်ဝတ်ကျေပေးရမှာပေါ့ မဟုတ်ဘူးလား…”
“ ကျေးဇူးပါ ဒါရိုက်တာဝမ်ရယ်….. အားနာလိုက်တာရှင်....”
ဌာနရှိ နာ့စ်လှလှလေးများမှ သူ့နား ဝိုင်းရံနေကြသည်ကို မြင်တော့ ဝမ်ဇီရီ ရင်ထဲမှ ထုံလွှမ်းပီတိ ဖြစ်သွားခဲ့သည်။
ဆေးရုံတွင်တော့ လူတိုင်းက ကုတ်အဖြူများသာ ဝတ်ဆင်ထားကြသောကြောင့် နာ့စ်လေးများမှာ ရုပ်ချောသည့် လင်းရီထံတွင်သာ ဝိုင်းအုံနေခဲ့ကြ၏။ ယခုတော့ သူမတို့လည်း ငွေ၏ အရေးပါပုံကို သိသွားလောက်ချေပြီ။
အနာဂတ်တွင်တော့ ဌာနရှိနာ့စ်လေးများမှ သူ၏ ကစားစရာ အရုပ်မလေးများ ဖြစ်လာပေတော့မည်။
ထိုအကြောင်းတွေးတောရင်း ဝမ်ဇီရီ တစ်ဖက်သို့ လှည့်၍ လင်းရီကို ကြည့်ရှုလိုက်၏။ ‘ မင်းက ငါနဲ့ ပြိုင်ချင်…. ဟမ်… သူတို့ ဘယ်သွားခဲ့ကြတာလဲဟ….’
ထိုအချိန်ကျမှ ဝမ်ဇီရီ လီချူးဟန်နှင့် ချောင်ရှင်းတို့ လမ်းတစ်ဖက်သို့ ရောက်နေကြပြီး ကားထဲသို့ ရောက်နေကြသည်ကို မြင်လိုက်ရ၏။
“ အစ်ကိုရီ… အနီးနားမှာ ရေကူးဝတ်စုံရောင်းတဲ့ဆိုင်တွေသိလား… ညီမတို့ ဒါရိုက်တာလီအတွက် လှလှလေးတစ်ထည်လောက် ရွေးပေးရမယ်…..”
“ ဒီတိုင်းရေကူးဝတ်စုံလေးပဲ မဟုတ်လား…. ယောကျားလေးဖြစ်တဲ့ လင်းရီကတောင် တည်ငြိမ်နေတာကို နင်က ဘာလို့ အဲ့လောက်စိတ်လှုပ်ရှားနေရတာ….” လီချူးဟန်မှ မျက်လုံးလှိမ့်လိုက်၏။
“ ဘာလို့လဲ ဆိုတော့ ဒါရိုက်တာလီရဲ့ ကိုယ်လုံးကိုယ်ပေါက်က အရမ်းလှတော့ သေချာလေးကြည့်ချင်လို့လေ….”