ထူးဆန်းတဲ့ အသိပညာက တိုးတက်လာပြန်ပြီ
Vol. 31 Ch. 460
လင်းရီ ယခု မှတ်မိသွား၏။
နေ့လည်ခင်းတုန်းက သူတိူ့ ရေကူး၀တ်စုံ ၀ယ်စဉ်တွင် လီချူးဟန် များများမစဉ်းစားပဲ သိုင်းကြိုးများ အသုံးပြုသည့် သာမန်ရေကူး၀တ်စုံကိုသာ ၀ယ်ယူခဲ့လိုက်၏။
သူတို့ နှစ်ဦးမှာ ရေအောက်တွင် အချိန်အကြာကြီး ရှိနေသောကြောင့် ပင်လယ်ရေများက ရေကူး၀တ်စုံ၏ သိုင်းကြိုးများကို ဖြေလိုက်သည့် သဘော သက်ရောက်သွားခဲ့သည်။
လီချူးဟန်၏ အမူအရာမှာ ပို၍ပင် စိုးထိတ်လာခဲ့ပြီး မည်သို့ ပြုရနိုးနိုး ဖြစ်လာခဲ့၏။ ကြံရာမရသည့်အဆုံး သူမ၏ ရင်ဘက်ကို လင်းရီလက်မောင်းနှင့် ဖိကပ်ကာ သူမ၏ လက်များဖြင့် ကြိုးပြန်ချည်ရန် ကြိုးစားလိုက်လေသည်။ အသိစောသွား၍ တော်သေးသည်။ မဟုတ်ပါက တစ်ခုလုံး လွင့်ပါသွားပြီး လင်းရီ အရှေ့တွင် ဖော်ထုတ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။တစ်ချိန်တည်းတွင် သူမ မျက်နှာထက်၌ အရှက်တို့လည်း သည်းနေမိ၏။
ရေအောက်တွင် စကားပြော၍ မရသောကြောင့် လင်းရီ သူမကို စိတ်ငြိမ်ငြိမ်ထားရန် အချက်ပြလိုက်သည်။ ထို့နောက် သူ အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားလိုက်ပြီး လီချူးဟန်၏ ပေါင်ဘေးသို့ ရောက်သွားကာ လက်တစ်ဖက်မှ ခါးကို ပွေ့ထားရင်း ကြိုးများ ပြန်ချည်ပေးလိုက်၏။
လီချူးဟန်မှာ ရင်တလှပ်လှပ် ဖြစ်နေပြီး သူမ၏ ကိုယ်လေးပင် တသိမ့်တသိမ့် တုန်ခါနေလေသည်။ လင်းရီ သူမ ခါးကို ဖက်သည်က အဆင်ပြေနေသေး၏။ သို့သော် ယခု အနေအထားကြီးက သူမ၏ ဦးနှောက်ကို ဗလာကျင်းသွားစေသည်။ အေးစက်သည့် ပင်လယ်ရေထဲ၌ပင် သူမ၏ မျက်နှာလေးကတော့ နီစွေးသွားတော့၏။
မကြာမီ လင်းရီ ချည်တုပ်လို့ပြီးသွားခဲ့ပြီး လီချူးဟန်လည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
ငါးမိနစ်ကြာပြီးနောက် နှစ်ယောက်လုံး ရေမျက်နှာပြင်ပေါ်သို့ ပြန်ရောက်လာခဲ့လေသည်။
"အစ်ကိုရီ.. ဒီမှာ အောက်ဆီဂျင်ဘူးတွေ ရှိသေးတယ်... ဆက်သွားဦးမလား..."လှေပေါ်မှ နေရင်း ကောင်းကျုံးယွမ် အပြုံးလေးဖြင့် လှမ်းမေးလိုက်၏။
"တော်... တော်ပြီ... "လီချူးဟန် တိုးညင်းစွာဖြင့် လင်းရီ ကြားနိုင်ရုံမျှလောက်သာ ပြောဆိုလိုက်သည်။
"တော်ပြီ.. ခဏနားလိုက်ဦးမယ်...."
လှေပေါ်သို့ ပြန်ရောက်လာသောအခါ လီချူးဟန် စောနက အဖြစ်အပျက်များကို ပြန်လည် စဉ်းစားမိတိုင်း ကြောက်ရွံ့သည့်စိတ်နှင့် ရှက်ရွံ့မှုတို့ ရောပြွမ်းနေခဲ့၏။ ထို့ကြောင့် သူမ၏ မျက်နှာမှာ တစ်ဖန် ပန်းနုရောင် သန်းသွားပြန်သည်။
သူမ လက်မထပ်ရသေးသည့်သူမှ သူမ၏ အတွင်းပိုင်းအလှတရားများကို မြင်သွားလေပြီလောဟု စိတ်ထဲတွင်လည်း တုန်လှုပ်ခြောက်ခြားနေတော့၏။
"ဒါရိုက်တာလီ... ဘာလို့ မျက်နှာတွေ အရမ်း နီရဲနေတာ..."အာလူးကြော်ဝါးရင်း ချောင်ရှင်းမှ မေးမြန်းလိုက်၏။
"ခုမှ ရေငုပ်ဖူးတာဆိုတော့ နည်းနည်းစိတ်လှုပ်ရှားသွားပြီ နီရဲနေတာလေ..."လင်းရီမှ အစား၀င် ရှင်းပြလိုက်၏။
"ဪ... အဲ့လိုလား...."ချောင်ရှင်း ဆက်မစဉ်းစားတော့ပဲ လီချူးဟန်ကို အခန်းထဲသို့ ပါတီဂိမ်းကစားရန် ခေါ်သွားလိုက်၏။
ညရှစ်နာရီထိုးသောအခါ ကောင်းကင်မှာ အမှောင်အတိ ဖြစ်နေလေသည်။
"ဒီထဲမှာ ညဂျူတီ ဆင်းရမယ့်သူတွေ ပါတယ်ဆိုတော့ ပွဲသိမ်းလိုက်ရအောင်..."လင်းရီ ကောင်းကျုံးယွမ်ကို ပြောလိုက်သည်။
"အင်း... အချိန်တန်တော့လည်း နှုတ်ဆက်ကြရတာပေါ့...နောက်အားရင် ပြန်ဆုံကြမယ်...."
"အိုကေ...."
သူတိူ့ ညဂျူတီ ဆင်းရဦးမည် ဖြစ်သော်လည်း နာ့စ်ငယ်လေးများမှာ ယခုခရီးစဉ်နှင့်စပ်လျဉ်း၍ အလွန်အမင်း နှစ်ထောင်းအားရ ဖြစ်နေခဲ့ကြ၏။ သူမတို့ လိုက်လာခဲ့သည်မှာ အလဟဿ မဖြစ်ခဲ့ချေ။ ဂျူတီမရှိပါက မမောနိုင် မပန်းနိုင် တစ်ညလုံးပင် ပျော်ပါးလိုက်ချင်သည်။
ရွက်လှေမှာ ဆိပ်ကမ်းသို့ ပြန်လည် ကမ်းကပ်လာသည့်အချိန်တွင်တော့ အုပ်စု နှစ်စု ကွဲသွားခဲ့၏။
"မင်း ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ....."လင်းရီ မေးမြန်းလိုက်၏။
ကောင်းကျုံးယွမ် သူ၏ ဖုန်းကို ထုတ်လိုက်ပြီး "ဟားဟား... အစ်ကိုကြီးချင်းက ပွဲပြီးရင် သူ့ကို လာရှာဖို့ ပြောထားတယ်.... သူ ကျွန်တော့်ကို တွေ့ရင် သတ်မလားတောင် မပြောတတ်တော့ဘူး...."
"သွားလေ.. ချင်းမင် ပွဲတော်နေ့ညရင် ငါမင်းကို အမွှေးတိုင် ထွန်းပေးမယ်...ဟားဟား...."
တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စနောက်ပြီးနောက် အုပ်စုမှာ လမ်းခွဲလိုက်ကြသည်။
ထို့နောက် လင်းရီ လီချူးဟန်နှင့် ကျန်သူများကို ဆုံမှတ်သို့ ခေါ်ဆောင်လာခဲ့လေသည်။
၀မ်ဇီရီကတော့ ပစ္စည်းများ စောင့်ကြည့်ရန် ကျန်နေရစ်ခဲ့သောကြောင့် ထိုနေရာ၌ ထိုင်နေရင်း ဖုန်းဆော့နေသည်။
"ဒါရိုက်တာလီတို့ ပြန်လာကြပြီပေါ့...."
လီချူးဟန်နှင့် ကျန်သူများ ပြန်ရောက်လာသည်ကိုမြင်တော့ ၀မ်ဇီရီ ဖုန်းချ၍ နှုတ်ဆက်လိုက်သည်။
"ဒါရိုက်တာ၀မ် မလိုက်ခဲ့တာ နှမြောစရာပဲ... ဒါရိုက်တာလင်းရဲ့ လှေကြီးက အရမ်း ဇိမ်ရှိတာ... ကျွန်မတို့ဖြင့် အိုင်ဒေါဒရာမာထဲက ဇာတ်ပို့မင်းသမီးနေရာ ရောက်သွားသလားတောင် အောက်မေ့ရတယ်..."ယွမ်စီးချီမှ ပြောလိုက်သည်။
၀မ်ဇီရီ မျက်နှာ မည်းမှောင်သွားခဲ့ရသည်။
"မပြောနဲ့... ငါ မကြားချင်ဘူး....'
"ပြီးတော့ အစ်ကိုရီနဲ့ ဒါရိုက်တာလီတို့ကလည်း ရေတောင်အတူ ငုပ်လိုက်ကြသေးတယ်... တစ်ယောက်ကို တစ်ယောက် ခါးတွေဖက်ပြီး ရေထဲ ဆင်းသွားခဲ့ကြတာ... ရိုဆန်လိုက်တာနော်....အရမ်းပဲ.... အစ်ကိုရီတာ ကျွန်မကို အဲ့လို လေး တစ်ခါလောက်ဖက်ရင် နေပျော်ပါပြီ...."ချောင်ရှင်း ပြောလိုက်၏။
လင်းရီ မနေနိုင်ပဲ ရယ်မောလိုက်သည်။
'မင်း ၀မ်ဇီရီကို ဒေါသထွက်ပြီး သေအောင် သတ်နေတာလား....'
"ရေငုပ်တာလေးများ.. ကျုပ်လည်း ကျွမ်းသားပဲ.. ဒါရိုက်တာလီ ကြိုက်တယ်ဆိုရင် ကျုပ် နောက်တစ်ခါကျ ခေါ်သွားပေးမယ်... "၀မ်ဇီရီ ကိုးရို့ကားယား ဖြစ်စွာ ပြောလိုက်သည်။
"ဒါရိုက်တာ၀မ်ရဲ့ စေတနာတွေကိုတော့ ကျေးဇူးပါပဲ... ဒါပေမယ့် ကျွန်မ နောက်တစ်ခါ ထပ်သွားချင်ရင် ဒါရိုက်တာလင်းကိုပဲ တောင်းဆိုလိုက်ပါ့မယ်...."
"ဟမ်...."
လင်းရီ ကြက်သေသေသွားခဲ့၏။ လီချူးဟန်မှ ထိုသို့ ပြောလာခဲ့လိမ့်မည်လို့ သူ ထင်မှတ်မထားခဲ့ပေ။
ဒါ တစ်ခုခုကို ဆိုလိုချင်နေတာလား....
"အာ......"
လေထုမှာ အေးခဲသွားခဲ့ပြီး ၀မ်ဇီရီ မည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်နေတော့၏။
"အမ်... ဘာလဲ ဖြစ်သွားတာ..."ချောင်ရှင်း အံ့အားသင့်သည့် လေသံဖြင့် မေးမြန်းလိုက်သည်။
"ဘာလဲဖြစ်တာ... ဘာလို့ အဲ့လောက်တောင် ရှော့ခ်ရနေတဲ့ ပုံစံ ပေါက်နေတာလဲ...."လင်းရီ မေးလိုက်၏။
"အစ်ကိုရီ.. ညီမကမှ အဲ့မေးခွန်း မေးရမယ့်သူပါနော်...."
"ငါက အဆင်ပြေပြေပဲလေ... အားလုံး ပုံမှန်ပဲ မဟုတ်ဘူးလား..."
"အစ်ကိုရီကတော့ ပုံမှန်ပါပဲ.. ဒါပေမယ့် ဒါရိုက်တာလီကတော့ ပုံမှန်မဟုတ်ဘူး...."
"ငါလား...."လီချူးဟန် အံ့အားသင့်ကလှည့်ပင်။
"ငါက ဘာလို့ ပုံမှန် မဖြစ်ရမှာ..."
"ဒါရိုက်တာလီ... ကျွန်မက ရှင့်ရဲ့ ရေကူး၀တ်စုံကို ကြိုးချည်ပေးထားတဲ့သူနော်... ကျွန်မ မှတ်မိသာ မှန်မယ်ဆိုရင် အဲ့ဒီတုန်းက နှစ်ဖက်လူံးကို သေချာပေါက် ဖဲပြားပုံစံ ချည်ထားပေးတာ.. ခုကျတော့ တစ်ဖက်က ဖဲပြားပုံစံချည်ထားပြီးတော့ နောက်တစ်ဖက်က အသေချည်ထားတဲ့ပုံစံကြီး....ဘာတွေလဲ ဖြစ်နေတာ...တစ်ဖက်က ပြန်ပြေသွားလို့များလား...."
"တကယ်ကြီးလား...."
နာ့စ်ငယ်လေးများလည်း အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့ပြီး လီချူးဟန်၏ ရေကူး၀တ်စုံကို သေချာလေး စူးစမ်းကြည့်လိုက်ကြ၏။ ချောင်ရှင်း ပြောသကဲ့သို့ပင်။ တစ်ဖက်မှာ ဖဲပြားပုံစံ လှပစွာ ချည်နှောင်ထားပြီး အခြားတစ်ဖက်ကိုတော့ ဖြစ်ကတတ်ဆန်း အသေထုံးထားလေသည်။ ဒါရိုက်တာလီ၏ အကျင့်စရိုက်နှင့်ဆိုပါက ရေကူး၀တ်စုံ သိုင်းကြိုးများကို ထိုသို့ ချည်နှောင်လိမ့်မည် မဟုတ်ချေ။
"မဟုတ်သေးဘူး... ဒါရိုက်တာလီနဲ့ အစ်ကိုရီ ရေငုပ်သွားတုန်းကတောင်မှ နှစ်ဖက်လုံးက ဖဲပြားပုံစံပဲ... နှစ်ယောက် ပြန်တက်လာပြီးတော့ ပါတီဂိမ်းဆော့တုန်းကတောင် ကြိုးတွေကို ထိတာမဟုတ်ဘူး... ဟင်.. အဲ့ဆို ဘာတွေလဲ ဖြစ်နေတာ...."
ချောင်ရှင်း သူမရင်ဘက်ရှေ့တွင် လက်တစ်ဖက်ပိုက်ထားပြီး ကျန်လက်တစ်ဖက်ကိုတော့ မေးဖြင့်ထိကာ "ရေကူး၀တ်စုံရဲ့ ပုံစံက ထူးထူးဆန်းဆန်း ပြောင်းလဲသွားတယ်.. ဒါရိုက်တာလီက ကိုယ့်ဘာကိုယ် ပြန်ဖြေလိုက်တာလား.. ဒါမှမဟုတ် တစ်ခြားတစ်ယောက်က ဖြေလိုက်တာများလား.... "
"တကယ်ပဲ ဘာတွေများ ဖြစ်ခဲ့လို့ပါလိမ့်... သဲလွန်စတွေက ဟိုတစ်ခု ဒီတစ်ခု ဖြစ်နေပြီးတော့ အပြစ်ကင်းစင်တဲ့ အလှလေးကပဲ ဒီလိုဖြစ်တာကို မြင်လိုက်ရတယ်... ဒါပေမယ့် လက်တွေမှာကျတော့....."
ဂွက်...
လင်းရီ ချောင်ရှင်း၏ နှဖူးပြင်ကြီးကို ခေါက်ထည့်လိုက်၏။
"ပေါက်တတ်ကရတွေ လျှောက်ခန့်မှန်းမနေနဲ့...."
"အဟင့်....အစ်ကိုရီက ညင်ညင်သာသာလေးလည်း မလုပ်ဘူး...... အရမ်းနာတာပဲ...."
"ဘာဖြစ်ခဲ့လဲ ဆိုတာ ငါသိတယ်ထင်တယ်..."ယွမ်စီးချီ လက်မြှောက်လိုက်၏။
"ဒါရိုက်တာလင်းနဲ့ ဒါရိုက်တာလီက ရေငုပ်တုန်း ကြိုးတွေ ဖြေလိုက်တာ ဖြစ်ရမယ်..."
"အိုး.... အဲ့လိုပုံစံမျိုးနဲ့ဆို အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းမှာပဲနော်...."ချောင်ရှင်း ပြောလိုက်ပြီး
"ဌာနမှာဆို ဒါရိုက်တာလင်းနဲ့ ဒါရိုက်တာလီက အရမ်းကို အရည်အချင်း ရှိတဲ့သူတွေပဲ...သူတိူ့က ဒီလိုကိစ္စမျိုးမှာလည်း အရမ်း ကျွမ်းကျင်နေမယ်လို့တောင် ထင်မထားဘူး... ငါတော့ အသိပညာတွေ အများကြီး ရလိုက်ပြီ...."
"အွန်း အွန်း... ငါတို့က မသိလိုက်ပဲနဲ့တောင် ထူးဆန်းတဲ့ ကိစ္စတွေမှာ ပိုပြီး ကျွမ်းကျင်လာသလိုပဲနော်...."
"တော်လိုက်တော့... ပေါက်တတ်ကရတွေ လျှောက်မပြောနဲ့... နင်တို့ ထင်နေတာတွေ တစ်ခုမှ မဟုတ်ဘူး..."လီချူးဟန် ရှင်းပြလိုက်ပြီး "ဘာလို့ဆို ရေအောက်ရောက်နေတော့ ဖြစ်သလိုပဲ ထုံးလိုက်ရတာ... နင်တို့တွေ မဟုတ်တာ ဆက်ပြောရဲ ပြောကြည့်... နင်တို့အားလုံးရဲ့ အလုပ်ဆင်းတဲ့မှတ်တမ်းကို D တွေ ပေးပစ်လိုက်မယ်."
"အိုကေ အိုကေ.. ကျွန်မတို့ ထပ်မပြောတော့ဘူး..."
ချောင်ရှင်းနှင့် နာ့စ်ငယ်လေးများမှ ဆွေးနွေးနေတာကို ရပ်တန့်လိုက်ကြပြီး သိနေတယ်ဟူသော မျက်နှာပေးတို့ လုပ်နေကြ၏။
"ကောင်းပြီ... နင်တို့မှာ ညဂျူတီ မရှိရင် အိမ်ပြန်ကြတော့.. ရှိရင် ငါ့ကားနဲ့ ဆေးရုံပြန်လိုက်ခဲ့ကြ..."
"အမှန်ပဲ အမှန်ပဲ.. ဒီနေ့က ငါနဲ့ ဒါရိုက်တာလီ ဂျူတီ ဆင်းရမယ့် အလှည့်ပဲ... လူတိုင်း ကျုပ်တို့နှစ်ယောက်ရဲ့ကားကို စီးပြီး ပြန်လိုက်ခဲ့လို့ရတယ်နော်..."၀မ်ဇီရီ အလျော့မပေးသေးပဲ ပြော လိုက်၏။
"ဒါရိုက်တာ၀မ်.. ရှင်က ဒီတစ်နေ့ခင်းလုံး ပင်ပန်းထားတာဆိုတော့ သွားနားလိုက်... ကျွန်မ လင်းရီကို ရှင့်ကိုယ်စား ညဂျူတီ ဆင်းလိုက်လိုက်မယ်...."လီချူးဟန် ပြောလိုက်သည်။