← Chapters

ကြီးမြတ်လှပါသော သခင်လေး

Vol. 73 Ch. 1015

ကြီးမြတ်လှပါသော သခင်လေး

Vol. 73 Ch. 1015

မီးတောက်ကြယ်စင်စုကြီးမှာ အလွန်အင်မတန်မှ ကြီးမားလှ၏။ ရှဲ့ဟေးရန်၏ လွန်းပြန်ယာဉ်မှာ နှေးကွေးနေခြင်း မရှိပါသော်လည်း မီးတောက်ကြယ်စင်စုထဲသို့ ရောက်ရှိလာပြီးနောက် အခက်အခဲအချို့နှင့် ကြုံတွေ့ခဲ့ရဆဲပင်။ သူသည် အရှိန်မြှင့်တင်လိုက်မည်ဆိုပါက မီးတောက်ခေါင်းဆောင်ကြီး သူ့အား အမြင်စောင်းသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် အရှိန်မြှင့်တင်ခဲ့ခြင်းမရှိဘဲ ပုံမှန်အမြန်နှုန်းနှင့်သာ သူ၏ လွန်းပြန်ယာဉ်အား မောင်းနှင်နေခဲ့၏။ သူ၏ ခန့်မှန်းချက်များအရဆိုလျှင် သူသည် အများဆုံး လေးလအတွင်းတွင် မီးတောင်ပင်မဂြိုဟ်ဆီသို့ အရောက်သွားနိုင်မည် ဖြစ်သည်။

" မီးတောက်ခေါင်းဆောင်ကြီးက ပြောင်းလဲမှုကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာ။ သူက အဆုံးမဲ့မျိုးနွယ်စုကို အရိုးထဲအထိစွဲအောင် မုန်းနေတာဆိုတော့ သူ့ရဲ့ အမူအကျင့်တွေက မူမမှန်ဘူး။ ငါ သူနဲ့ အဆက်အသွယ်တွေ လုပ်ခဲ့ဖူးတယ်ဆိုပေမယ့် သူ့လို စိတ်ဆတ်တဲ့ အဘိုးကြီးတစ်ယောက်ကို အပေါ်ယံလောက်ပဲ ကြည့်ပြီး ဆုံးဖြတ်လို့မရလောက်ဘူး " ရှဲ့ဟေးရန်မှာ လွန်းပြန်ယာဉ်ထဲ၌ ရပ်နေရင်း အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် လက်ဆောင်ကြီးတစ်ခုပင် ပြင်ဆင်လာခဲ့သည်ဖြစ်ရာ မီးတောက်ခေါင်းဆောင်ကြီး သူ့အား တပည့်အဖြစ် လက်ခံနိုင်ခြေမှာ မြင့်မားနေလိမ့်မည်ဟု ယုံကြည်နေသည်။ သို့သော်လည်း သူသည် အကျိုးအမြတ်များကို ထည့်သွင်းစဉ်းစားကြည့်လိုက်ပြီးနောက် စိုးရိမ်စိတ်များ ကြီးထွက်လာရဆဲပင်။

သူ၏ ဖခင်၏ သေရေးရှင်ရေးမှာ ဤ ကိစ္စကြီးအပေါ် မူတည်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ စိုးရိမ်တကြီး ဖြစ်နေရသည်မှာ မထူးဆန်းပေ။ သူသည် သူ၏ စီးပွားရေးလုပ်ငန်းများကိုပင် ရပ်တန့်ထားခဲ့ရ၏။

" မီးတောက်ခေါင်းဆောင်ကြီးအကြောင်း ကောလာဟလတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ငါ့ရဲ့ ခန့်မှန်းချက်အတိုင်းသာ ဆိုရင်တော့ မီးတောက်ခေါင်းဆောင်ကြီးရဲ့ တပည့်တွေက တိုက်ပွဲထဲမှာ ကျသွားခဲ့ပေမယ့် အပြီးတိုင် သေမသွားခဲ့ဘူး။ သူတို့က ဝိညာဉ်အကြွင်းအကျန်တွေ ချန်ရစ်ထားခဲ့ကြတာ... အခု မီးတောက်ခေါင်းဆောင်ကြီးက သူတို့ကို သူ့ရဲ့ ကြယ်စင်စုထဲမှာ ထားထားပြီးတော့ ကာကွယ်ပေးထားတာ "

" ငါ လိုက်ရှာရမယ့် အစွမ်းထက်ကျင့်ကြံသူက သူတို့ထဲကတစ်ယောက် ဖြစ်နေလောက်တယ်။ အဲဒီ ကျင့်ကြံသူက သူ့ရဲ့ ဒုတိယမြောက်တပည့်ဖြစ်တဲ့ ဝိညာဉ်နတ်ဘုရားသားတော် ဖြစ်နိုင်ခြေ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ရှိတယ် " ရှဲ့ဟေးရန်မှာ အတွေးများထဲ၌ နစ်မျောသွားကာ တစ်အောင့်ခန့်ကြာပြီးနောက် သက်ပြင်းချလိုက်၏။

" ငါ လုပ်ရမယ့်တာဝန်တွေက ခက်ခဲပေမဲ့ ငါ့ကို ကူညီပေးနိုင်တဲ့လူ မရှိတာတော့ မဟုတ်ပါဘူး။ ဝမ်ပေါင်လဲ့က မီးတောက်ခေါင်းဆောင်ကြီးကို သူ့ရဲ့ဆရာအဖြစ် လက်ခံလိုက်ပြီလို့ ငါ ကြားထားတယ်။ အဲဒီ ဖက်တီးကောင်က အရမ်းကို လောဘကြီးတာဆိုတော့ သူ့ကို ငါ့ဘက်ပါလာအောင် သိမ်းသွင်းလို့ ရလောက်မှာပါ။ သူဆိုရင် အတွင်းသတင်းတွေကို သိထားလောက်တယ် " ရှဲ့ဟေးရန်မှာ ထိုသို့တွေးလိုက်ပြီးနောက် စိတ်ဓာတ်များ တက်ကြွလာ၏။ သူသည် သူ၏ အကြံအစည်အား အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ခံစားနေရသည်။

ရှဲ့ဟေးရန်တစ်ယောက် ဝမ်ပေါင်လဲ့အကြောင်း တွေးနေစဉ် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး မီးတောက်ပင်မဂြိုဟ်ပေါ်မှ ထွက်ခွာလာခဲ့သည့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး နှာချေမိလိုက်သည်။

" တစ်ယောက်ယောက် ငါ့အကြောင်း တွေးနေတာပဲဖြစ်ရမယ် " ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရပြီး မယုံသင်္ကာဖြစ်နေသည့် မျက်လုံးများဖြင့် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထိုအခါ သူသည် မည်သည့်အရာမှ ထူးဆန်းနေခြင်းမရှိကြောင်း သိလိုက်ရသဖြင့် ခေါင်းကုတ်မိသွားသည်။ သူသည် သူ၏ ဆရာ၏ ပိုင်နက်ဖြစ်သော မီးတောက်ကြယ်စင်စုထဲတွင် ရှိနေသေးသည်ဖြစ်ရာ မည်သူကမှ သူ့အား ရန်မစရဲလောက်ပေ။

" ကိုယ့်အခြေအနေ ကိုယ်မသိတဲ့ကောင်တွေ ရှိသေးတာပဲ။ ဟွန်း။ ဒီနေရာမှာ ရှိသမျှလူတိုင်းက ငါ့ရဲ့ ဆရာကွ " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ ချောင်းဟန့်လိုက်၏။ ထို့နောက် သူသည် သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာသည့် ခံစားချက်အား ဂရုစိုက်မနေတော့ဘဲ အလင်းတန်းတစ်ခုအသွင် ပြန်လည်ပြောင်းလဲသွားလိုက်ပြီး အရှိန်မြှင့်တင်ကာ အဝေးသို့ ထွက်ခွာသွားတော့သည်။

သူ၏ ခရီးပန်းတိုင်မှာ မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း၏ ထာဝရကြယ်ဘေးတွင် ရှိသော ဥက္ကာပျံခါးပတ်ကွင်း ဖြစ်ပေသည်။ ထို ထာဝရကြယ်ကြီးမှာမူ မီးတောက်ကြယ်စင်စု၏ အရှေ့တောင်ဘက်ခြမ်းရှိ တစ်ရာသုံးဆယ့်ခုနစ်ခုမြောက် ခရိုင်ထဲတွင် တည်ရှိသည်။

မီးတောက်ကြယ်စင်စုအကြောင်း ရေးသားဖော်ပြထားသည့် ကျောက်စိမ်းပေလွှာအရဆိုလျှင် ထို ဥက္ကာပျံ ခါးပတ်ကွင်းထဲ၌ သူ စိတ်ကြိုက်ရွေးချယ်နိုင်မည့် ဥက္ကာပျံ အလုံအလောက်ရှိပေသည်။

" မီးတောက်ကြယ်စင်စုရဲ့ တစ်ရာသုံးဆယ့်ခုနစ်ခုမြောက် ခရိုင်... " ဝမ်ပေါင်လဲ့မှာ အာကာသထဲ၌ အရှိန်အဟုန်ဖြင့် ပျံသန်းနေရင်း မီးတောက်ကြယ်စင်စုထဲ၌ စုစုပေါင်း ထာဝရကြယ် လေးရာလေးဆယ့်ကိုးလုံးတိတိ ရှိနေသည့်အချက်အား ပြန်၍ မှတ်မိသွားသည်။

ထို ထာဝရကြယ် တစ်လုံးချင်းစီတိုင်းမှာ သက်ရှိများ ရှင်သန်နေထိုင်ကြသည့် လူမှုအဖွဲ့အစည်း တစ်ခုစီ ဖြစ်ပေသည်။ ထို လူမှုအဖွဲ့အစည်းများမှာ မီးတောက်ခေါင်းဆောင်ကြီးအား သူတို့၏ သခင်အဖြစ် သတ်မှတ်ကာ တရိုတသေ ဆက်ဆံရသလို မီးတောက်ခေါင်းဆောင်ကြီး၏ ကာကွယ်စောင့်ရှောက်မှုအတွက်လည်း နှစ်စဉ်နှစ်တိုင်း လက်ဆောင်ပဏ္ဏာများ ဆက်သရ၏။

မီးတောက်ကြယ်စင်စု၏ တစ်ရာသုံးဆယ့်ခုနစ်ခုမြောက် ခရိုင်ထဲရှိ မီးလျှံဝိညာဉ်လူမှုအဖွဲ့အစည်းမှာလည်း ထိုနည်းတူပင်။ ထို လူမှုအဖွဲ့အစည်းထဲရှိ အစွမ်းအထက်ဆုံး ကျင့်ကြံသူမှာ နှောင်းပိုင်း ထာဝရကြယ်အဆင့်တွင် ရှိနေ၏။ ထို့အပြင် ထို လူမူအဖွဲ့အစည်းမှာ ဂြိုဟ်အဆင့်ကျင့်ကြံသူများကိုလည်း ပိုင်ဆိုင်ထားပြီး သူတို့၏ အင်အားအဆင့်အတန်းမှာ မီးတောက်ကြယ်စင်စုထဲ၌ ပျမ်းမျှအဆင့်၏ အထက်တွင် ရှိနေသည့်တိုင်အောင် သူတို့မှာ မီးတောက်ပင်မဂြိုဟ်ဆီသို့ လာရောက်လည်ပတ်ခွင့် မရှိကြပေ။ ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်သာ ကျင်းပလေ့ရှိသော မီးတောက်ခေါင်းဆောင်ကြီး၏ မွေးနေ့ပွဲတွင်သာ သူတို့မှာ ထိုဂြိုဟ်ဆီသို့ သွားရောက်ခွင့်ရှိပေသည်။

ထို လက်အောက်ခံ လူမှုအဖွဲ့အစည်းများအတွက်မူ မီးတောက်ပင်မဂြိုဟ်မှာ အထွတ်အမြတ်နယ်မြေတစ်ခုဖြစ်၏။ မီးတောက်ခေါင်းဆောင်ကြီးမှာ နတ်ဘုရားတစ်ပါးနှင်တူပြီး သူ၏ တပည့်များမှာ တာအိုဂိုဏ်းသားများ ကဲ့သို့ပင်။ ထို လူမှုအဖွဲ့အစည်းများမှာ သူတို့အား အနည်းငယ်လေးပင် အပြစ်မလုပ်ရဲကြပေ။ မီးတောက်ကြယ်စင်စုထဲတွင် ထို တပည့်ဆယ့်ခြောက်ယောက်၏ နှုတ်မှ ထွက်လာသော စကားတစ်ခွန်းမှာ လူမှုအဖွဲ့အစည်း တစ်ခုလုံး၏ ကံကြမ္မာအား အဆုံးအဖြတ်ပေးနိုင်စွမ်းရှိပေသည်။

မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏ တပည့်များအား ရင်အုပ်မကွာ ကာကွယ်စောင့်ရှောက်ပေးတတ်သောကြောင့်သာ နာမည်ကြီးသည် မဟုတ်ပေ...

ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့တစ်ယောက် မီးတောက်ကြယ်စင်စုထဲသို့ ရောက်ရှိလာခဲ့သည်မှာ သိပ်မကြာသေးသလို သူ ထွက်ခွာလာသည့် အကြောင်းကိုလည်း မည်သူ့ကိုမှ အသိမပေးခဲ့သည့်တိုင်အောင် သူ လူမှုအဖွဲ့အစည်းတစ်ခု၏ ဘေးမှ ဖြတ်သန်းသွားတိုင်း ထို လူမှုအဖွဲ့အစည်းထဲမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူများမှာ ချက်ချင်းဆိုသလိုပင် ပျံထွက်လာကြပြီး အဝေးမှနေ၍ သူ့အား အရိုအသေပေးလိုက်ကြသည်သာ ဖြစ်သည်။

ထို ကျင့်ကြံသူများထဲမှ အများစုမှာ ထာဝရကြယ်အဆင့်တွင် ရှိနေကြသည်သာ ဖြစ်သည်။ သူတို့ ပုံပန်းသွင်ပြင်များမှာ တစ်ယောက်နှင့် တစ်ယောက် မတူကြပါသော်လည်း သူတို့၏ နတ်ဘုရားစွမ်းရည်များနှင့် အသက်စွမ်းအားများမှာ မီးစည်းမျဉ်းဥပဒေသနှင့် ဆက်နွှယ်နေကြ၏။ ဝမ်ပေါင်လဲ့မှာ သူတို့အား မမြင်ဖူပါသော်လည်း သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အကြောင်း တစ်နည်းမဟုတ်တစ်နည်း သိရှိထားကြပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးမှာ တရိုတသေ ဦးညွှတ်ကာ သူ့အား ဂါရဝပြုခဲ့ကြ၏။

အစတွင် ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းများကြောင့် အံ့ဩတုန်လှုပ်သွားရသည်။

သူသည် မမလေး၏ ရှင်းပြချက်အား နားထောင်ခဲ့ပြီးနောက် သူ မြင်ခဲ့ရသမျှ လူတိုင်းမှာ သူ၏ ဆရာဖြစ်နေကြောင်း မှတ်ယူထားသည်ဖြစ်ရာ ယခုလို သူ့အား အရိုအသေပေးရန် ထွက်လာသည့် ပထမဆုံး ထာဝရကြယ်အဆင့် ကျင့်ကြံသူအား မြင်လိုက်ရသောအခါ ထိုကျင့်ကြံသူသည်လည်း သူ၏ ဆရာ၏ ကိုယ်ပွားတစ်ခု ဖြစ်နေမည်လောဟု သံသဝင်သွား၏။

သို့သော် ထိုဖြစ်နိုင်ခြေမှာ အလွန်မတန်မှ နည်းပါးပေသည်။ သူ၏ ဆရာမှာ ရာပေါင်းများစွာသော လူမှုအဖွဲ့အစည်းများဆီသို့ သူ၏ ကိုယ်ပွားများကို စေလွှတ်ကာ ဟန်ဆောင်ထားခိုင်းစရာအကြောင်း မရှိပေ။

သို့သော် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စိုးရိမ်မှုလွန်ကဲနေဆဲပင်။ သို့သော် သူသည် ထို ကျင့်ကြံသူမှာ သူ့အား ရိုသေလေးစားမှုအပြည့်ဖြင့် ဂါရဝပြုနေသည်ဖြစ်ကြောင်း သတိထားမိလိုက်သဖြင့် နောက်ဆုံးတွင် စိတ်အေးသွားရပြီး သက်ပြင်းချမိသွားတော့သည်။

" ငါ့ရဲ့ဆရာ မဟုတ်လောက်ပါဘူး။ သူ့လို စရိုက်မျိုးနဲ့ဆိုရင် မာနကြီးလွန်းလို့ ငါ့ကို ဂါရဝပြုမှာတောင် မဟုတ်ဘူး... သူ့ကိုယ်သူ ပြန်ပြီးတော့ ဂါရဝပြုရတာမျိုးထက် ပိုပြီးတော့ အောက်မကျို့နိုင်လောက်ပါဘူးလေ "

ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သောအခါမှ စိတ်အေးသွားရ၏။ သို့သော် သူသည် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် သူ့အား ဂါရဝပြုနေသည့် မြင်ကွင်းအား ကျင့်သားမရသေးပေ။ သို့သော်လည်း သူ လူမှုအဖွဲ့အစည်း တစ်ခုပြီးတစ်ခု ဖြတ်သန်းလာသည်နှင့်အမျှ ထိုကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်ကြီးများမှာလည်း အဆက်မပြတ် ထွက်ပေါ်လာကြပြီး သူ့အား ဂါရဝပြုခဲ့ကြသည်သာ မဟုတ်ပါလော။ ထို့ကြောင့် သူသည်လည်း တဖြည်းဖြည်းနှင့် ကျင့်သားရလာတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်၏။

" အခုလို အရိုအသေပေးခံနေရတာ ကောင်းပေမဲ့ ဒါတွေအားလုံးက ငါ့ရဲ့ ဆရာကြောင့်ပဲ။ အဲတာမလို့ ဒီ ခံစားချက်ကြီးထဲမှာ ပျော်မွေ့နေလို့ မဖြစ်ဘူး "

" ကိုယ့်ရဲ့ ကိုယ်ပိုင် အစွမ်းအစတွေကြောင့် တခြားသူတွေ ကိုယ့်ကို အရိုအသေပေးတဲ့အခါမှပဲ ဂုဏ်ယူသင့်တယ် " ဝမ်ပေါင်လဲ့မှာ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲ၌ သူ ဖတ်ရှုဖူးခဲ့သည့် စာကြောင်းအား ပြန်၍ မှတ်မိသွားသဖြင့် မျက်ဝန်းများ အရောင်လက်သွားရ၏။ ထိုသို့ဖြင့် သူသည် တစ်ရာသုံးဆယ့်ခုနစ်ခုမြောက် ခရိုင်၏ အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာတော့သည်။

လဝက်တိတိ ကုန်ဆုံးသွားပြီး သူ တစ်ရာသုံးဆယ့်ခုနစ်ခုမြောက် ခရိုင်ဆီသို့ ရောက်ရှိသွားချိန်တွင် သူသည် မီးလုံးကြီးတစ်လုံးကဲ့သို့ လောင်ကျွမ်းနေသည့် ထာဝရကြယ်ကြီးနှင့် ၎င်း၏ ပတ်ပတ်လည်ရှိ ဥက္ကာပျံများကို မြင်လိုက်ရ၏။

သူ၏ရှေ့တွင် လူသားများနှင့် မတူဘဲ ကွဲထွက်နေသည့် အရိပ်ခြောက်ခုတိတိလည်း ရှိနေသေးသည်။ ၎င်းတို့မှာ မီးဝိညာဉ်များနှင့် တူ၏။ ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူမှာ နဖူးပေါ်တွင် ခရမ်းရောင်အမှတ်အသားတစ်ခု ပိုင်ဆိုင်ထားသလို ၎င်း၏ ထာဝရကြယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကိုလည်း ဖိနှိပ်ချုပ်တည်းထားသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် ချက်ချင်း ဒူးထောက်ချကာ အရိုအသေပေးလိုက်၏။

ထိုအခါ ၎င်း၏ နောက်တွင် ရှိနေသည့် အခြားဝိညာဉ်ငါးခုမှာလည်း ထိုနည်းတူပင်။ သူတို့ အားလုံးမှာ ထိုကဲ့သို့ အရိုအသေပေးလိုက်ကြပြီးနောက် သူတို့၏ နတ်ဘုရားအာရုံများကို ဝမ်ပေါင်လဲ့ဆီသို့ စေလွှတ်လိုက်ကြ၏။

" မင်္ဂလာပါ နံပါတ်ဆယ့်ခြောက်သခင်လေး "

ဝမ်ပေါင်လဲ့မှာလည်း ခြေလှမ်းများရပ်တန့်သွားပြီ ထိုမီးဝိညာဉ်များအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ၎င်းတို့၏ နောက်ရှိ ဥက္ကာပျံများကို လှမ်းကြည့်ကာ ဆိုလိုက်သည်။

" ငါ့ကို ကာကွယ်စောင့်ရှောက်ပေးထား "

ဝမ်ပေါင်လဲ့မှာ စကားအများကြီး ပြောနေခြင်းမရှိဘဲ လှစ်ခနဲလှုပ်ရှားကာ ထို မီးဝိညာဉ်ခြောက်ခုအား ကျော်ဖြတ်သွားလိုက်ပြီးနောက် ထာဝရကြယ်ကြီးဆီသို့ ဦးတည်သွား၏။ ထို့နောက် သူသည် ၎င်း၏ အပြင်ဘင်ရှိ ဥက္ကာပျံခါးပတ်ကွင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

သို့သော် မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်းအတွက်မူ သူ၏ စကားများမှာ မိုးကောင်းကင်ကြီး၏ အမိန့်တော်တစ်ခု ကဲ့သို့ပင်။ ထို့ကြောင့် သူတို့မှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီး၏ ဦးဆောင်မှုနှင့်အတူ လူမှုအဖွဲ့အစည်းတစ်ခုလုံးအား အလုံပိတ်လိုက်၏။ ဘေးနားတစ်ဝိုက်ရှိ လူမှုအဖွဲ့အစည်းများပင်လျှင် ထိုအကြောင်း ကြားသိသွားကြသဖြင့် ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ သူတို့မှာ သူတို့၏ လူမှုအဖွဲ့စည်းများအားလုံးကို တစ်ခုပြီးတစ်ခု အလုံပိတ်လိုက်ကြသည်သာ ဖြစ်သည်။ ထို့နောက် ထာဝရကြယ်အဆင့်ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော်မှာ စကြဝဠာကြီးထဲ၌ တင်ပျဉ်ခွေထိုင်ကာ ဝမ်ပေါင်လဲ့အား ကာကွယ်စောင့်ရှောက်ပေးနေကြ၏။

တစ်ချိန်ထဲမှာပင် အနီးအနားရှိ လူမှုအဖွဲ့အစည်းများဆီမှ ဂြိုဟ်အဆင့်ကျင့်ကြံသူများနှင့် လွန်းပြန်ယာဉ်အမြောက်အမြား ပျံထွက်လာကြပြီး ထိုနေရာအား ဝန်းရံထားကြ၏။ ထို့ကြောင့် စကြာဝဠာကြီးထဲရှိ အစိတ်အပိုင်းတစ်ခုမှာ သံရေပုံးတစ်ပုံးဖြင့် အုပ်မိုးခံထားရသလို ဖြစ်နေတော့သည်။ သို့သော် ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်း မရှိသေးပေ။ ခဏအကြာတွင် ထိုအကြောင်း ကြားသိလိုက်ရသည့် လူမှုအဖွဲ့အစည်းအရေအတွက်မှာ ပိုမိုများပြားလာသဖြင့် ၎င်းတို့မှာလည်း သူတို့၏ လူမှုအဖွဲ့အစည်းများကို အလုံပိတ်ကာ ထွက်ခွာလာကြသည်သာ ဖြစ်သည်။ ထို့ကြောင့် သူတို့ အကာအကွယ်ပေးထားသည့် နေရာကြီးမှာ တဖြည်းဖြည်းနှင့် ပိုမိုကြီးမားလာပြီး တစ်လတိတိ ကုန်ဆုံးပြီးသွားချိန်တွင် မီတောက်ကြယ်စင်စုကြီး တစ်ခုလုံး၏ တစ်ဝက်နီးပါးအထိ ရှိလာတော့သည်။

ထို လူမှုအဖွဲ့အစည်းများ၏ စိတ်အားထက်သန်မှုအား အပြစ်မဆိုသာပေ။ နှစ်ပေါင်းများစွာအတွင်းတွင် ပင်မဂြိုဟ်ပေါ်မှ ထွက်ခွာလာခဲ့သည့် သခင်လေးများအား မည်သူကမှ သတိထားမိခဲ့ခြင်း မရှိချေ။ ထိုကြောင့်လည်း ယခုတွင် သူတို့မှာ ထို သခင်လေးများထဲမှ တစ်ယောက်အား ရှားရှားပါးပါး မြင်တွေ့လိုက်ရသဖြင့် အလုအယက်နှင့် ဟိတ်ဟန်ထုတ်နေကြတော့သည်။

ထို့ကြောင့် မီးတောက်ပင်ပဂြိုဟ်ဆီသို့ ဦးတည်ပျံသန်းလာနေသည့် ရှဲ့ဟေးရန်၏ လွန်းပြန်ယာဉ်မှာ ဝမ်ပေါင်လဲ့ ကျင့်ကြံခြင်းလေ့ကျင့်နေသည့် နေရာနှင့် အဝေးကြီးတွင် ရှိနေသေးသည့်တိုင်အောင် ရပ်တန့်ခံလိုက်ရ၏။

" သခင်လေးရဲ့ အမိန့်အရ လမ်းတွေအကုန်လုံးကို ပိတ်ထားတယ်။ ကျူးကျော်လာတဲ့ သူတွေကို မဆိုင်းမတွ သတ်ဖြတ်ပစ်မှာမလို့ အခုချက်ချင်း ရပ်လိုက်ပါ “

All Chapters