နတ်ဘုရားစွမ်းရည် ပထမအဆင့်
Vol. 73 Ch. 1016
ဝမ်ပေါင်လဲ့ လေ့ကျင့်နေသည့် နေရာနှင့် အတော်အသင့်ကွာဝေးသော စကြဝဠာကြီးထဲတွင် ရှဲ့ဟေးရန်အား ရပ်တန့်လိုက်သည့်လူမှာ အနီးအနားရှိ လူမှု့အဖွဲ့အစည်းတစ်ခုမှ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်သာဖြစ်သည်။
ထို ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ လူသားတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ဆင်တူပါသော်လည်း သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများမှာ မတူပေ။ ၎င်းတို့အား ကျောက်ရည်ပူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ သူသည် မွေးရာပါ မီးစည်းမျဥ်းဥပဒေသစွမ်းအားများကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူ မီးတောက်ကြယ်စင်စုထဲတွင် ရှိနေမည်ဆိုပါက သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ ပြင်ပကမ္ဘာထဲ၌ ရှိနေခြင်းထက် အများကြီးပို၍ သာလွန်နေမည် ဖြစ်သည်။ သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင်ရှိနေသည့် အခြားကျင့်ကြံသူများပင်လျှင် သူ့အား အန္တရာယ်ပြုနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူသည် ရှဲ့ဟေးရန်၏ လွန်းပြန်ယာဉ်မှာ တမူထူးခြားပြီး ရှဲ့ဟေးရန်ကိုယ်တိုင်သည်လည်း စိတ်ကူးနှင့် မှန်းဆ၍မရနိုင်သည့် ကျင့်ကြံခြင်းစွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားကြောင်း အာရုံခံမိလိုက်သည့်တိုင်အောင် သူ၏ အမူအရာမှာ အေးတိအေးစက်နှင့် မောက်မာဝင့်ကြွားမှုအပြည့် ရှိနေဆဲပင်။
အဘယ်ကြောင့်ဆိုသော် သူသည် ရှဲ့ဟေးရန်၏ အတွေးများအား လုံးဝဂရုမစိုက်သောကြောင့်ပင်။ ယခုတွင် သူသည် သခင်လေးအတွက် အလုပ်လုပ်ပေးနေသည် မဟုတ်ပါလော။ အကယ်၍ သူ၏ ရှေ့တွင် ရှိနေသည့်ကျင့်ကြံသူမှာ အင်အားကြီးမားသည့် ကျောထောက်နောက်ခံ တစ်ခုခုကို ပိုင်ဆိုင်ထားမည်ဆိုပါက ထုတ်ပြောမည်သာ ဖြစ်သည်။ သို့သော် အကယ်၍ ထို ကျင့်ကြံသူသာ ထိုကဲ့သို့သော ကျောထောက်နောက်ခံမျိုးကို ပိုင်ဆိုင်ထားခြင်းမရှိဘဲ အတင်းအဓမ္မ ဝင်ရောက်လာခဲ့မည်ဆိုပါက သူသည် ထိုကျင့်ကြံသူအား တားဆီးကာ သခင်လေးကို မျက်နှာလုပ်နိုင်မည့် အခွင့်အရေးအား လက်လွှတ်ဆုံးရှုံးလိုက်ရမည်ကို စိုးရိမ်နေသည်။
ထို့ကြောင့် သူသည် ထိုသို့ လှမ်းတားလိုက်ပြီးနောက် မလှုပ်မယှက်ရပ်ကာ အေးစက်စက် မျက်ဝန်းများဖြင့် လွန်းပြန်ယာဉ်အား အကဲခတ် ကြည့်ရှုနေလိုက်၏။
" သခင်လေး ဟုတ်လား " ရှဲ့ဟေးရန်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ အံသြတုန်လှုပ်သွား၏။ ထို ဂြိုဟ်အဆင့် ကျင့်ကြံသူ၏ ပြောစကားများအရဆိုလျှင် သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ တပည့်တစ်ယောက်အကြောင်း ပြောနေခြင်းဖြစ်ရပေမည်။ ထို တပည့်မှာ ဤနေရာတစ်ဝိုက်တွင် ရှိနေပြီး အရေးကြီးကိစ္စအချို့အား ဆောင်ရွက်နေခြင်းဖြစ်၏။ ထို့ကြောင့် သူသည် အပြင်လူများ မချဉ်းကပ်လာနိုင်စေရန် အလို့ငှာ စကြဝဠာကြီးအား ပိတ်ဆို့ထားရန် မှာကြားထားခြင်း ဖြစ်သည်။
" မီးတောက်ခေါင်းဆောင်ကြီးရဲ့ ဘယ်တပည့်များ ဖြစ်နေမလဲမသိဘူး... ဒါ ငါ့အတွက် အခွင့်အရေးတစ်ခုများ ဖြစ်နေမလား " ရှဲ့ဟေးရန်တစ်ယောက် ချီတုံချတုံဖြစ်သွားသည်ကို သူ့အား တားဆီးခဲ့သည့် ကျင့်ကြံသူမှာ ချက်ချင်း သတိထားမိသွား၏။ ထို့ကြောင့် သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်သည်။ သူသည် ဤ အခွင့်အရေးကို အသုံးချကာ မျက်နှာလုပ်၍ ရတော့မည်မဟုတ်ကြောင်း နားလည်သွားခြင်းဖြစ်၏။ သူ၏ ရှေ့တွင် ရှိနေသည့် ပုဂ္ဂိုလ်မှာ အင်အားကြီး ကျောထောက်နောက်ခံ တစ်ခုခု ပိုင်ဆိုင်ထားလျှင်တောင် အတင်းအဓမ္မ ဝင်လာရဲမည့်ပုံ မပေါ်ပေ။
ထို ကျင့်ကြံသူမှာ သခင်လေးအား မျက်နှာလုပ်ခွင့် ရှိတော့မည်မဟုတ်ကြောင်း သိလိုက်ရသည်နှင့် စိတ်မရှည်သည့် အမူအရာဖြင့် သူ၏လက်အား ဝှေ့ယမ်းလိုက်၏။
" မင်း ဘာလို့ နောက်ပြန်မလှည့်သေးတာလဲ " သူ ထိုသို့ဆိုကာ သူ၏ လက်အား ဝှေ့ယမ်းလိုက်သည်နှင့် မီးမုန်တိုင်းတစ်ခု ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာ၏။ ၎င်းမှာ သူ၏ရှေ့၌ မီးပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ရှဲ့ဟေးရန်၏ လွန်းပြန်ယာဉ်အား နောက်သို့ တွန်းထုတ်နိုင်ရန် ၎င်းဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားသည်။
အကယ်၍ အခြား အခြေအနေ အချိန်အခါမျိုးတွင်သာ ဆိုပါက ရှဲ့ဟေးရန်မှာ ထိုကျင့်ကြံသူ သူ၏ရှေ့၌ ယခုလို မောက်မာဝင့်ကြွားစွာ ပြုမူနေသည်ကို လက်ခံနိုင်မည်မဟုတ်ပေ။ သို့သော် ယခုတွင် သူသည် အကူအညီတောင်းရန် မီးတောက်ကြယ်စင်စုထဲသို့ ရောက်လာခြင်း မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏ ဒေါသစိတ်များကို ချုပ်တည်း၍ လွန်းပြန်ယာဉ်လေးအား ထိန်းချုပ်လိုက်ပြီးနောက် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်ပြီး မီးပင်လယ်ကြီးအား ရှောင်တိမ်းလိုက်၏။ ထို့နောက် သူသည် လှစ်ခနဲလှုပ်ရှားကာ လွန်းပြန်ယာဉ်၏ အပြင်ဘက်၌ ပေါ်ပေါက်လာသည်။
" တာအိုရောင်းရင်း။ အဲဒီ သခင်လေးက မီးတောက်ခေါင်းဆောင်ကြီးရဲ့ ဘယ်တပည့်လဲဆိုတာ သိခွင့်ရှိမလား။ ကျွန်တော်က ရှဲ့မိသားစုက ရှဲ့ဟေးရန်ပါ။ မီးတောက်ခေါင်းဆောင်ကြီးဆီ လာလည်တာပါ "
ဂြိုဟ်အဆင့်ကျင့်ကြံသူမှာ ထိုစကားများကိုကြားလိုက်ရသောအခါ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ ထို့နောက် သူသည် သူ၏ နတ်ဘုရားစွမ်းရည်ကို ပြန်လည်ရုပ်သိမ်းကာ ရှဲ့ဟေးရန်အား ခေါင်းအစခြေအဆုံး သေသေချာချာ အကဲခတ်လိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်လျက် ပြန်၍ အရိုအသေပေးလိုက်၏။
" ဪ။ တာအိုရောင်းရင်းရှဲ့ကိုး။ တာအိုရောင်းရင်း မီးတောက်ခေါင်းဆောင်ကြီးနဲ့ သွားတွေ့ဖို့ဆိုရင် တခြားလမ်းကနေ သွားမှရလိမ့်မယ်။ နံပါတ်ဆယ့်ခြောက် သခင်လေးက ကျွန်တော်တို့ရဲ့ရှေ့မှာ ကျင့်ကြံခြင်း လေ့ကျင့်နေတာမလို့ ကျွန်တော်တို့လည်း တာဝန်အရ လုပ်နေရတာပါ။ အပြင်လူတွေကို ဝင်ခွင့်ပေးလို့မရတာမလို့ တောင်းပန်ပါတယ် "
" နံပါတ်ဆယ့်ခြောက် သခင်လေး ဟုတ်လား " ရှဲ့ဟေးရန်မှာ မှင်တက်သွား၏။ သူသည် သတင်းအချက်အလက်များ စုဆောင်းရရှိထားပြီးဖြစ်ရာ ချက်ချင်းပြန်မေးလိုက်သည်။
" နံပါတ်ဆယ့်ခြောက် သခင်လေးက ဝမ်ပေါင်လဲ့လား "
" အတင့်ရဲလှပါလားကွ။ မီးတောက်ကြယ်စင်စုထဲမှာ ငါတို့ရဲ့ သခင်လေးကို သူ့ရဲ့ နာမည်တပ်ပြီး ခေါ်ရဲရတယ်လို့ " ထို ဂြိုဟ်အဆင့် ကျင့်ကြံသူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြန်လည်တည်ကြည်သွား၏။ ထို့နောက် သူသည် အော်ဟစ်ကာ သူ၏ ကျင့်ကြံခြင်းစွမ်းများကို ထုတ်လွှတ်လိုက်သည်။ သူသည် သူ၏ သခင်လေး စော်ကားခံလိုက်ရခြင်း ဖြစ်သည်ဟု မှတ်ယူလိုက်သည့်ပုံပင်။ ရှဲ့ဟေးရန််မှာမူ ထိုမြင်ကွင်းအား ကြည့်ရင်း စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲမိလိုက်၏။ သို့သော် အပေါ်ယံတွင်မူ သူသည် လေသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
" နားလည်မှုလွဲသွားတာပါ တာအိုရောင်းရင်း။ ညီကိုပေါင်လဲ့နဲ့ ကျွန်တော်က သေရေးရှင်ရေး အခိုက်အတန့်တွေ အများကြီးကို အတူတူ ကျော်ဖြတ်ခဲ့ဖူးပါတယ်။ ကျွန်တော်က မီးတောက်ခေါင်းဆောင်ကြီးနဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ဆီ လာလည်ချင်လို့ ဒီနေရာကို ရောက်လာရတာပါ။ ကျေးဇူးပြုပြီးတော့ ရှဲ့ဟေးရန် ရောက်နေတယ်လို့ သူ့ကို ပြောပေးလို့ရမလား။ ညီကိုပေါင်လဲ့လည်း ကျွန်တော်နဲ့ တွေ့ချင်နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် " ရှဲ့ဟေးရန်မှာ ရယ်မောကာ ပြန်ပြောလိုက်၏။ သူ၏ အမူအရာမှာ တည်ကြည်မှုအပြည့် ရှိနေသလို သူ၏ စကားများမှာလည်း စည်းရုံးသိမ်းသွင်းနိုင်စွမ်းအပြည့် ရှိနေ၏။
ထို့ကြောင့် ဂြိုဟ်အဆင့်ကျင့်ကြံသူမှာ ချီတုံချတုံဖြစ်သွားရ၏။ သူသည် ရှဲ့ဟေးရန်အား စိုက်ကြည့်နေလိုက်ပြီးနောက် သူ့အား မောင်းထုတ်နေခြင်းမရှိတော့ဘဲ ဤနေရာ၌ စောင့်ဆိုင်းနေရန် အသိပေးလိုက်သည်။ ထို့နောက် သူသည် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူ၍ သူ၏ လူမှုအဖွဲ့အစည်းထဲမှ ခေါင်းဆောင်ကြီးဆီသို့ အသံလွှင့် အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။
သို့သော် ထို ခေါင်းဆောင်ကြီးပင်လျှင် ဝမ်ပေါင်လဲ့အား တိုက်ရိုက်ဆက်သွယ်ခွင့်မရှိပေ။ သူတို့၏ လူမှုအဖွဲ့အစည်းမှာ ဝမ်ပေါင်လဲ့ အမှန်တကယ် လေ့ကျင့်နေသည့်နေရာနှင့် အလွန်အင်မတန်မှ ဝေးကွာလွန်းနေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ရှဲ့ဟေးရန် ရောက်ရှိလာသည့် သတင်းအား တစ်ဆင့်ပြီးတစ်ဆင့် ပေးပို့ခဲ့ရ၏။ မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်းပင်လျှင် ဝမ်ပေါင်လဲ့ဆီသို့ အကြောင်းကြားစာတစ်စောင် ချက်ချင်းပေးပို့ နိုင်စွမ်းမရှိပေ။
လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ဥက္ကာပျံခါးပတ်ကွင်းထဲ၌ တင်ပျဥ်ခွေထိုင်နေပြီး ပြင်ပကမ္ဘာကြီးနှင့်လုံးဝ အဆက်အသွယ်ဖြတ်ထားသည် မဟုတ်ပါလော။ သူသည် အာရုံအပြည့် စူးစိုက်ကာ ကြယ်အချုပ်အနှောင်ပညာရပ်၏ ပထမအဆင့်အား ကျင့်ကြံနေ၏။
သူ၏ ကျင့်ကြံခြင်းစွမ်းအားများ လည်ပတ်သွားပြီး ကြယ်အချုပ်အနှောင်ပညာရပ် စတင်အသက်ဝင်လာသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအင်လှိုင်းများမှာလည်း ပို၍အားကောင်းလာ၏။ နောက်ဆုံးတွင် သူ၏ ဘေး၌ ရှေးဟောင်းဂြိုဟ်ကိုးလုံး ပေါ်ပေါက်လာပြီး တာအိုဂြိုဟ်တစ်လုံးအား ဖန်တီးပေးလိုက်သည်။ ထို့ကြောင့် ဖိနှိပ်ချုပ်တည်းမှုစွမ်းအားများမှာ ဥက္ကာပျံခါးပတ်ကွင်းထဲ၌ ပျံ့နှံသွားသဖြင့် အရပ်မျက်နှာအနှံ့တွင် ထစ်ချုန်းသံများ ထွက်ပေါ်လာတော့သည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့၏ ကြယ်အချုပ်အနှောင်ပညာရပ်ထဲမှလည်း တုန်ခါမှုလှိုင်းများ အဆင်မပြတ် ထွက်ပေါ်လာနေသေးသည်။ ထိုသို့ဖြင့် လဝက်တိတိကုန်ဆုံးသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများ ဥက္ကာပျံခါးပတ်ကွင်း တစ်ခုလုံးအား လွမ်းခြုံပြီးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာတော့သည်။
" အချိန်ကျပြီ။ ငါ့ရဲ့ ကြယ်အချုပ်အနှောင်ပညာရပ် ပထမအဆင့်ကို အပြီးအထိ လေ့ကျင့်နိုင်ဖို့အတွက် ငါ့အတွက် သင့်တော်တဲ့ ဥက္ကာပျံတွေကို ရွေးချယ်ဖို့ပဲကျန်တော့တယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြောက်ကာ သူ၏ရှေ့၌ လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုအခါ သူ၏ ရှေ့တွင် ရှိနေသည့် ဥက္ကာပျံများထဲမှ တစ်လုံးမှာ ထာဝရကြယ်ကြီး၏ ဆွဲငင်အားထဲမှ ရုန်းထွက်လာပြီး သူ့ဆီသို့ ဦးတည်လာတော့သည်။
ထို ဥက္ကာပျံ သူ၏အနီးသို့ ရောက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ သူ၏ ပတ်ပတ်လည်တွင် ဧရာမ ကြယ်မြေပုံကြီးတစ်ခု ပေါ်ပေါက်လာသည်။
ထို ကြယ်မြေပုံကြီးအား အလင်းရောင် အစက်အပြောက် ထောင်သောင်းများစွာဖြင့် ဖွဲ့စည်းထား၏။ ထို အလင်းရောင် အစက်အပြောက် တစ်ခုချင်းစီတိုင်းမှာ စက်လုံးတစ်လုံးအသွင် ကျုံ့ဝင်သွားခဲ့ကြသည့် သန်းတစ်ကောင်းချင်းစီအား ကိုယ်စားပြု၏။ ၎င်းတို့အား နတ်နွားကြီး၏ ပုံစံအတိုင်းဖြစ်အောင် စီစဥ်ထားခြင်း ဖြစ်သည်။ ထို နတ်နွားကြီး၏ နဖူးထဲတွင် တာအိုဂြိုဟ် ရှိနေ၏။ ထို တာအိုဂြိုဟ်ထဲတွင်မူ ဝမ်ပေါင်လဲ့မှာ တရားထိုင်နေသည်။
ထို ကြယ်မြေပုံကြီး ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့ ဆွဲငင်လိုက်သည့် ဥက္ကာပျံကြီးမှာ ကြယ်မြေပုံ၏ စွမ်းအားများကြောင့် ချက်ချင်း အရွယ်အစား သေးငယ်သွား၏။ နောက်ဆုံးတွင် ၎င်းမှာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားကာ ဝမ်ပေါင်လဲ့၏ ကြယ်မြေပုံထဲသို့ ဝင်ရောက်သွားပြီး ထိုမြေပုံပေါ်ရှိ အလင်းရောင်အစက်အပြောက်များနှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။
၎င်း ထိုကဲ့သို့ ပေါင်းစည်းပြီးသွားသည်နှင့် အလင်းရောင် အစက်အပြောက်များထဲ၌ ရှိနေခဲ့ကြသည့် သန်းတစ်ကောင်မှာလည်း ထိုဥက္ကာပျံ၏ အတွင်းပိုင်းကဲ့သို့ ဝင်ရောက်သွားသည်။ ၎င်းတို့ တစ်သားတည်း ပေါင်းစည်းသွားကြချိန်တွင် ဝမ်ပေါင်လဲ့၏ ကြယ်မြေပုံထဲမှ ထွက်ပေါ်လာနေသည့် ဖိနှိပ်ချုပ်တည်းမှုစွမ်းများမှာ ပို၍ အားကောင်းလာတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို အာရုံခံမိလိုက်သည်နှင့် စိတ်ဓာတ်များတက်ကြွသွား၏။ ထို့နောက် သူသည် နောက်ထပ် မန္တန်လက်ကွက်တစ်ခု ထပ်ဖော်လိုက်သဖြင့် သူ ရွေးချယ်ထားခဲ့သည့် ဥက္ကာပျံများမှာ အရပ်မျက်နှာ အနှံ့မှနေ၍ သူ့ဆီသို့ တရွှီးရွှီးမြည်အောင် ဦးတည်လာကြတော့သည်။ ၎င်းတို့မှာ သူ၏အနီးသို့ ရောက်လာသည်နှင့် ကြယ်မြေပုံထဲမှ အလင်းရောင်များကြောင့် အရွယ်အစား ပိုမိုသေးငယ်လာကြ၏။ နောက်ဆုံးတွင် ၎င်းတို့မှာ အလင်းရောင် အစက်အပြောက်များအဖြစ် ပြောင်းလဲသွားကြပြီး နတ်နွားကြီးပုံစံ ဖြစ်နေသည့် ကြယ်မြေပုံထဲ၌ ရှိနေပြီးသားဖြစ်သော အလင်းရောင် အစက်အပြောက်များနှင့် တစ်သားတည်း ပေါင်းစည်းသွားကြတော့သည်။
ထိုသို့ဖြင့် အချိန်များ ဖြည်းညင်းစွာကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာမူ အလျင်အမြန် တိုးတက်လာခဲ့သည်။ သူ ပေါင်းစည်းနိုင်ခဲ့သည့် ဥက္ကာပျံ အရေအတွက်မှာ အစတွင် နှစ်လုံး၊ သုံးလုံးမှနေ၍ အလုံးတစ်ရာ၊ ထို့နောက် အလုံးတစ်ထောင်အထိ ရှိလာပြီ ဖြစ်သည်။ နောက်ထပ် လဝက်တိတိ ကုန်ဆုံးပြီးသွားချိန်တွင် သူ ပေါင်းစည်းနိုင်ခဲ့သည့် ဥက္ကာပျံအရေအတွက်မှာ အလုံးခြောက်ထောင် ကျော်နေပြီဖြစ်သည်။
သူ၏ နတ်နွားကြယ်မြေပုံကြီးထဲမှ ထွက်ပေါ်လာနေသည့် ဖိအားများမှာလည်း ပို၍အားကောင်းလာ၏။ ယခုတွင် ထို ကြယ်မြေပုံကြီးတစ်ခုလုံးမှာ ဥက္ကာပျံအပြင်ဘက်ရှိ မီးလျှံဝိညာဉ်လူမှုအဖွဲ့အစည်း၏ ထာဝရကြယ်အဆင့် ဘိုးဘေးကြီးကိုပင် တုန်လှုပ်ချောက်ချားသွားစေနိုင်သည့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေပြီ ဖြစ်သည်။
သူသည် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ဥက္ကာပျံခါးပတ်ကွင်းထဲ၌ တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာနေသည့် အငွေ့အသက်တစ်ခုအား အာရုံခံမိနေဆဲပင်။ သူသည် ထို အငွေ့အသက်များကြောင့် အန္တရာယ်နှင့်ပင် ကြုံတွေ့ရတော့မည့်အလား ခံစားနေရသေးသည်။ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့နေ၏။
ထိုသို့ဖြင့် နောက်ထပ်် လဝက်တိတိ ထပ်၍ ကုန်ဆုံးသွားပြန်သည်။ ရှဲ့ဟေးရန်တစ်ယောက် သက်ပြင်းများချကာ စောင့်ဆိုင်းနေစဉ် တရားထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွား၏။ သူ မျက်လုံးများပြန်ပွင့်လာချိန်တွင် အလင်းရောင် အစက်အပြောက်များအဖြစ် ပြောင်းလဲသွားပြီဖြစ်သည့် နောက်ဆုံး ဥက္ကာပျံဆယ်လုံးမှာ သူ့ဆီသို့ ဦးတည်လာနေကြသည်။ ၎င်းတို့မှာ သူ၏ ကြယ်မြေပုံထဲရှိ နောက်ဆုံး အလင်းရောင် အစက်အပြောက်ဆယ်ခုနှင့် ချက်ချင်း တစ်သားတည်း ပေါင်းစည်းသွားကြသဖြင့်... သူ၏ ကြယ်အချုပ်အနှောင်ပညာရပ် ပထမအဆင့်မှာလည်း ပြီးပြည့်စုံသွားတော့သည်။
ထိုအခါ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ဥက္ကာပျံအလုံးတစ်သောင်းဖြင့် ဖွဲ့စည်းထားသည့် နတ်နွားကြီး၏ ပုံရိပ်ယောင်ကြီးမှာ စတင်အသက်ဝင်လာတော့သည်။ ဝမ်ပေါင်လဲ့ မတ်တပ်ထလာသည့်အချိန်တွင် ၎င်းမှာလည်း စကြဝဠာကြီးထဲ၌ မတ်တတ်ထလာပြီး အရပ်ရှစ်မျက်နှာတစ်ခွင် အပြင်းအထန် တုန်ရီသွားအောင် အသံကုန်အော်ဟစ်လိုက်၏။
၎င်း၏ အော်ဟစ်သံပင်လျှင် လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည့် တုန်ခါမှုလှိုင်းများအား ဖန်တီးပေးနိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် ပြင်ပကမ္ဘာထဲရှိ ထာဝရကြယ်အဆင့် အောက်တွင်ရှိနေကြသော ကျင့်ကြံသူများ အားလုံးမှာ နောက်သို့ ဆုတ်ခွာသွားလိုက်ရသည်သာဖြစ်သည်။ ထာဝရကြယ်အဆင့် ကျင့်ကြံသူများပင်လျှင် အံသြတုန်လှုပ်သွားကြပြီး ဥက္ကာပျံခါးပတ်ကွင်းနှင့် အသံကုန်အော်ဟစ်နေသည့် ဧရာမ နတ်နွားပုံရိပ်ကြီး ရှိရာဘက်သို့ လှမ်းကြည့်မိလိုက်ကြ၏။ ထို့နောက် သူတို့အားလုံးမှာ ဦးညွှတ်လိုက်ကြတော့သည်။
" နတ်ဘုရားပညာရပ် ပထမအဆင့်ကို တတ်မြောက်သွားခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် သခင်လေး “